ကောင်းကင်ဖာထေးခြင်း မဟာစီမံကိန်း
Vol. 13 Ch. 123
လီချင်းချိုးက ရွှီနင်းနှင့်အတူ ကျုံးထျန်းစီရင်စုသို့ လိုက်ပါရန် မူလအားဖြည့်နယ်ပယ် တတိယအဆင့်ရှိသော တပည့်ရင်း အယောက်သုံးဆယ်ကို တစ်ရက်ကြာ အချိန်ယူ ရွေးချယ်ပေးခဲ့သည်။
နောက်တစ်နေ့တွင် ကျန်းကျောက်ရှား၊ လီတုန်းယွဲ့တို့နှင့်အတူ ထျန်းကျီတောင်သို့ လိုက်ပါရန် မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်ရှိပြီး သစ္စာရှိသော တပည့် အယောက်သုံးဆယ်ကို ထပ်မံ ရွေးချယ်လိုက်ပြန်သည်။
လက်ရှိ ချင်းရှောင်ဂိုဏ်းအတွက်မူ တပည့် ခြောက်ဆယ်ကျော် ခရီးထွက်သွားခြင်းက ဂိုဏ်း၏ အငွေ့အသက်ကို မထိခိုက်စေနိုင်ပေ။ အကြောင်းမှာ နေ့စဉ်နှင့်အမျှ တပည့်သစ်များ ဝင်ရောက်နေသောကြောင့် ဖြစ်သည်။
လူ့လောကကြီးတွင် လူဟောင်းများ ထွက်ခွာ၍ လူသစ်များ ဝင်ရောက်လာစမြဲ ဖြစ်သလို ဂိုဏ်းတွင်လည်း ထွက်ခွာသူရှိသလို ဝင်ရောက်လာသူများလည်း ရှိနေကြသည်။
နောက်ပိုင်းရက်များတွင် လီချင်းချိုးက ခရီးမသွားတော့ဘဲ ကျင့်ကြံခြင်း၌သာ အချိန်ကုန်ဆုံးနေတော့သည်။
မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်က သူ့အတွက် မလုံလောက်သေးချေ။ နဝမအဆင့်သို့ တက်လှမ်းလိုရုံ သာမက ပိုမိုမြင့်မားသော ဝိညာဉ်အာရုံခံစားမှုနယ်ပယ်ကိုပါ စူးစမ်းရှာဖွေလိုစိတ် ရှိနေပေသည်။
ပြင်ပလောကတွင် ဖရိုဖရဲ ရှုပ်ထွေးနေသော်လည်း ချင်းရှောင်တောင်ပေါ်တွင်မူ ဇာတ်လမ်းအသစ်များ ဖြစ်ပေါ်နေပြီး ပါရမီရှင်အသစ်များလည်း အဆက်မပြတ် ပေါ်ထွက်လာနေသည်။
ထိုပါရမီရှင်များ၏ ဇာတ်လမ်းများက အခြားတပည့်များကို မိမိတို့၏ စွမ်းရည်များကို သွေးတိုးစမ်းရန် တွန်းအား ဖြစ်စေခဲ့သည်။
နွေရာသီ ရောက်ရှိလာပြီး ရာသီဥတု ပူပြင်းလာပြီဖြစ်သဖြင့် ချန်စန်းတယောက် ချွေးများဖြင့် ရွှဲနစ်လျက် ခြံဝင်းထဲသို့ ပြန်ရောက်လာခဲ့သည်။
ယခုနှစ်တွင် သူသည် အသက် ဆယ့်ငါးနှစ် ပြည့်ပြီဖြစ်ပြီး တောင်ပေါ်သို့ မရောက်မီ အချိန်ကထက် များစွာ သန်မာလာခဲ့သည်။ ယခင်ကမူ ရွယ်တူများထက် ပိန်လှီပြီး အားနည်းသူ ဖြစ်ခဲ့ပေသည်။
"အစ်မ... ကျွန်တော် ပြန်ရောက်ပြီ..."
ချန်စန်းက လှမ်းအော်လိုက်တော့ ဝုန်းကနဲ အသံနှင့်အတူ တံခါးပွင့်လာပြီး နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်နှင့် အသားအရေ ဖြူဝင်းသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။
သူမက ချန်ရှို့ပင်ဖြစ်သည်။
လီစစ်ဖုန်း တီရွှမ်းဓားကို ရယူရန် တောင်အောက်ဆင်းခဲ့စဉ်က ဤမောင်နှမနှစ်ယောက်ကို ကယ်တင်ခဲ့ဖူးသည်။ ထွက်ပြေးစဉ်အတွင်း လီစစ်ဖုန်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော်လည်း မောင်နှမနှစ်ယောက်က သူ့ကို စွန့်ပစ်မသွားခဲ့ပေ။ နောက်ပိုင်းတွင် ဖေမိသားစုက သူတို့ကို လိုက်မီသွားသော်လည်း ငရဲချီလင် အချိန်မီ ရောက်လာသဖြင့် သုံးယောက်စလုံး လွတ်မြောက်ခဲ့ကြသည်။ ထို့နောက် လီစစ်ဖုန်းက သူတို့ကို ချင်းရှောင်တောင်သို့ ခေါ်ဆောင်လာခဲ့ပြီး ချင်းရှောင်ဂိုဏ်းသားများ ဖြစ်လာခဲ့ကြသည်။
ချင်းရှောင်တောင်သို့ ရောက်ရှိပြီးနောက် အဆင့်အတန်း ကွာခြားချက် ကြီးမားလာမှုကြောင့် သူတို့နှင့် လီစစ်ဖုန်းကြား ဆက်ဆံရေး ဝေးကွာသွားခဲ့ပြီး သာမန်ရက်များတွင် လီစစ်ဖုန်းကို တွေ့ရခဲ၏။
သို့သော်လည်း သူတို့၏ ကိုယ်ပိုင်ကြိုးစားမှုဖြင့် အတွင်းစည်းတပည့်များ ဖြစ်လာခဲ့ကြပြီး ဟွမ်ယွမ်ကျမ်းစာ၏ ပထမအဆင့် စိတ်စွမ်းအား ကျင့်စဉ်ကို သင်ယူနိုင်ခဲ့ကြသည်။
ချန်စန်း တစ်ကိုယ်လုံး ချွေးရွှဲနေသည်ကို မြင်သောအခါ ချန်ရှို့က မနေနိုင်ဘဲ မေးလိုက်လေသည်။
"ဘာတွေလုပ်လာတာလဲ..."
"သိုင်းပြိုင်ပွဲကွင်းကို ပြုပြင်နေကြလို့ ဝင်ကူလုပ်ပေးနေတာ... အစ်မ... ဓားနတ်ဘုရားက ဂိုဏ်းချုပ်ကို ထပ်ပြီး စိန်ခေါ်ဦးမယ်တဲ့... အတူတူ သွားကြည့်ကြရအောင်..."
ချန်စန်းက စိတ်လှုပ်ရှားစွာတော့
ထိုစကားကို ကြားသောအခါ ချန်ရှို့၏ မျက်လုံးများ အရောင်တောက်သွားပြီး…
"ဒါဆို သေချာပေါက် သွားကြည့်ရမှာပေါ့..."
မသေမျိုးလမ်းစဉ်ကို စတင် ကျင့်ကြံကတည်းက သူမ၏ စိတ်နေသဘောထား ပြောင်းလဲလာပြီး သူမ၏ အရိုးထဲတွင် ကိန်းအောင်းနေသော ကြံ့ခိုင်မှုများ ပိုမို အားကောင်းလာသည်။ ယခုဆို ချင်းရှောင်ဂိုဏ်း၏ တပည့်ရင်း ဖြစ်လာရန်ဟူသော ဘဝရည်မှန်းချက်ကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
ယခင်က သူမ လုပ်သမျှအရာရာ၌ ယုံကြည်မှုနှင့် အောင်မြင်မှု ခံစားချက် ကင်းမဲ့နေခဲ့သည်။ သို့သော် ဟွမ်ယွမ်ကျမ်းစာကို စတင်လေ့ကျင့်ကတည်းက သူမ၏ မြင့်မားသော ပါရမီကြောင့် လူများ၏ ချီးကျူးမှုကို ခံခဲ့ရပြီး သူမ၏ ခန္ဓာကိုယ်အတွင်း မူလချီများ နေ့စဉ် တိုးပွားလာသည်ကို ခံစားမိလာသည်။ ထိုအရာက သူမကို မကြုံစဖူး ကျေနပ်မှုနှင့် နေ့စဉ် တက်ကြွမှုများကို ပေးစွမ်းလျက် ရှိသည်။
ချန်စန်းက ခြံဝင်းထဲရှိ ရေတွင်းဆီသို့ လျှောက်သွားပြီး ရေငင်ရင်း သူ ကြားခဲ့ရသည်များကို ပြောပြလိုက်သည်။
"ကျီဖှာခန်းမမှာ လူချင်း ဆိုတဲ့ ပါရမီရှင်တစ်ယောက် ထပ်ပေါ်လာတယ်... သူက ဂိုဏ်းကို ရောက်တာ သုံးနှစ်ပဲ ရှိသေးပေမဲ့ ဒီနေ့ပဲ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်ကို ရောက်သွားပြီတဲ့... အစ်မ... သူ ဘယ်လောက် အောင်မြင်နေလဲသိလား... သူ သွားတဲ့နေရာတိုင်းမှာ တပည့်တွေ ဝိုင်းဝိုင်းလည်နေတာပဲ... တောင်အောက်က မျိုးကြီးဆွေကြီး မိသားစုတွေတောင် သူ့ကို စည်းရုံးချင်နေကြပြီး သမီးတွေနဲ့ ပေးစားချင်နေကြတယ်တဲ့..."
ချန်စန်းက အားကျသော လေသံဖြင့် အားရပါးရပြောပြနေရှာသည်။
ချင်းရှောင်ဂိုဏ်းသို့ ရောက်လာခြင်းက သူ့အမြင်များကို ကျယ်ပြန့်စေပြီး သူ့ရဲ့ သာမန်ဆန်မှုကို သတိပြုမိစေခဲ့သည်။
ယခင်က ဆင်းရဲနွမ်းပါးသော နောက်ခံအကြောင်းကို ညည်းတွားလေ့ ရှိသော်လည်း ချင်းရှောင်ဂိုဏ်းအတွင်း၌မူ လူတိုင်း အခွင့်အရေး ရှိကြသည်။ ဟွမ်ယွမ်ကျမ်းစာကြောင့် လူအချင်းချင်း ကွာခြားချက်များ ထင်ရှားလာပြီး မိမိတို့၏ အရည်အချင်း နိမ့်ပါးမှုကို ဝန်ခံရန် ဖိအားပေးခံရသကဲ့သို့ ဖြစ်နေသည်။
ချန်ရှို့က သက်ပြင်းချလိုက်ပြီး….
"မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ဆိုတာ လက်လှမ်းမမီနိုင်တဲ့ အရာပဲ..."
"အစ်မက မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်ကို ရောက်နေပြီပဲ... စတုတ္ထအဆင့်ကို မကြာခင် ရောက်မှာပါ... ဒါနဲ့ အစ်မ... အစ်ကိုလီကို ဖွင့်ပြောဖို့ အစီအစဉ် မရှိဘူးလား... သူနဲ့ ဖေမိသားစုက သခင်မလေးနဲ့ ကောလာဟလတွေ ထွက်နေပေမဲ့ အတည်မဖြစ်သေးပါဘူး... အစ်မမှာ အခွင့်အရေး ရှိပါသေးတယ်..."
"နင် ငါ့ကို ဘာမှတ်နေလဲ... ငါ အဲဒီလောက် အရှက်မမဲ့ပါဘူး... သူနဲ့ မတန်မှန်း သိရက်နဲ့ ဘာလို့ တွယ်ကပ်နေရမှာလဲ... ပြီးတော့ ငါက သူ့ထက် အသက်ကြီးတယ်... သူများတွေ သိသွားရင် ရယ်စရာ ဖြစ်နေမယ်... နောက်တစ်ခါ ဒီကိစ္စ မပြောနဲ့တော့... ငါတို့က သူ့ကျေးဇူးကြောင့် အသက်ရှင်ခွင့် ရထားတာ... ဒီထက်ပိုပြီး မတောင်းဆိုသင့်တော့ဘူး... နားလည်လား..."
"ဟုတ်ပါပြီ... နောက်မပြောတော့ပါဘူး..."
ချန်စန်းက မရေမရာ ပြန်ဖြေပြီး ရေရွတ်လိုက်သည်။
သူက စနောက်နေခြင်းသာ ဖြစ်သည်။ ယခုအခါ သူတို့နှင့် လီစစ်ဖုန်းမှာ အဆက်အသွယ် မရှိသလောက် ဖြစ်နေပြီး လီစစ်ဖုန်း၏ လက်ထပ်ပွဲကိုလည်း သူကိုယ်တိုင် ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။
လီစစ်ဖုန်းက ဂိုဏ်းချုပ်ကို အကြောက်ဆုံး ဖြစ်သည်ဟု သူ ကြားဖူးသည်။ ဂိုဏ်းချုပ်က တခြားတပည့်များအပေါ် သဘောကောင်းသော်လည်း ဤဆဌမဂျူနီယာညီလေးကိုမူ အလွန် တင်းကျပ်ပြီး လိုအပ်ပါက ရိုက်နှက်ရန်ပင် ဝန်မလေးပေ။
“ ရှောင်စန်း... တစ်နေ့ကုန် လျှောက်သွားမနေနဲ့... ကျင့်ကြံခြင်းကို ပိုဂရုစိုက်... အဲဒါ အရေးကြီးဆုံးပဲ..."
"နားလည်ပါပြီ..."
ချန်စန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သဖြင့် ချန်ရှို့က ထပ်ပြောချင်သော်လည်း မပြောရက်တော့ပေ။
မောင်နှမနှစ်ယောက် ဂိုဏ်းသို့ အတူရောက်လာသော်လည်း သူမက ဒုတိယအဆင့် ရောက်နေပြီး ချန်စန်းက ပထမအဆင့်မှာပင် ရှိနေသေးသည်။ ဒါဟာလည်း ချန်စန်း မကြိုးစား၍ မဟုတ်ဘဲ ပါရမီကွာခြားချက်ကြောင့် ဖြစ်ကြောင်း သူမ သိသည်။
သူတို့နှစ်ယောက် တိတ်ဆိတ်နေစဉ် ယွမ်ချီ ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။
ယွမ်ချီကို မြင်သောအခါ ချန်ရှို့က လက်မြှောက် နှုတ်ဆက်လိုက်ပြီး ချန်စန်းကို သတိပေးလိုက်သည်။
"ရှောင်စန်း ... ဧည့်သည်လာတယ်..."
ရေငင်နေသော ချန်စန်း လှည့်ကြည့်လိုက်ရာ ယွမ်ချီ၏ မျက်နှာကို မြင်လိုက်ရပြီး မျက်နှာပျက်သွားသည်။ သူက သစ်သားပုံးကို အမြန်ချ၍ ယွမ်ချီကို ဦးညွှတ်လိုက်သည်။
ယွမ်ချီက အသက် ၁၇ နှစ်သာ ရှိသေးသော်လည်း ဂိုဏ်းချုပ်၏ လူယုံဖြစ်ကြောင်း တစ်ဂိုဏ်းလုံး သိကြသည်။ သူ့ဩဇာက ခန်းမသခင်များနှင့် တန်းတူရှိပြီး ဘယ်သူမှ မပြစ်မှားရဲကြပေ။
ယွမ်ချီက မောင်နှမနှစ်ယောက်ကို အကဲခတ်လိုက်ပြီး….
"ဂိုဏ်းချုပ်က ခင်ဗျားတို့ကို မိစ္ဆာထိန်းချုပ်ရေးခန်းမ တည်ထောင်ဖို့ တာဝန်ပေးလိုက်တယ်... ခန်းမ တည်ထောင်ပြီးတာနဲ့ ခင်ဗျားတို့က အဲဒီခန်းမရဲ့ တပည့်တွေ ဖြစ်လာလိမ့်မယ်... သဘောတူရဲ့လား..."
ထိုစကားကို ကြားသောအခါ ချန်ရှို့နှင့် ချန်စန်းတို့ ကြောင်အသွားကြသည်။
ဂိုဏ်းချုပ်...မိစ္ဆာထိန်းချုပ်ရေးခန်းမ…
ကြီးမားသော အံ့သြမှုကြောင့် သူတို့ မူးဝေချင်သလိုပင် ဖြစ်သွားကြသည်။
"ဘာလို့ ကျွန်မတို့ကို ရွေးတာလဲ..."
ချန်ရှို့က မနေနိုင်ဘဲ မေးလိုက်တော့
ယွမ်ချီက လက်ကို နောက်ပစ်လျက် ယုံကြည်မှုရှိစွာ ရပ်နေပြီး ပြုံးပြလိုက်သည်။
"ခင်ဗျားတို့က ခန်းမသခင်လီစစ်ဖုန်းကို ကယ်တင်ခဲ့ဖူးတယ်လို့ ဂိုဏ်းချုပ်က ပြောတယ်... ဒီကျေးဇူးကို သူ အမြဲ မှတ်မိနေပါတယ်... ဒါပေမဲ့ ခင်ဗျားတို့က ဂိုဏ်းကို ရောက်တာ မကြာသေးတော့ ချက်ချင်း ရာထူးတိုးပေးလိုက်ရင် တခြားတပည့်တွေ မကျေမနပ် ဖြစ်မှာစိုးလို့ အခုအချိန်ထိ စောင့်နေခဲ့တာပါ..."
ချန်ရှို့နှင့် ချန်စန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက်၏ စိတ်လှုပ်ရှားမှုများကို မြင်လိုက်ရသဖြင့် ချက်ချင်း သဘောတူလိုက်ကြသည်။
ယွမ်ချီက သူတို့ကို ကုန့်လင်ခန်းမသို့ သွားရောက်ပြီး စာရင်းသွင်းရန် ပြောကာ ထွက်ခွာသွားတော့သည်။
ယွမ်ချီ ထွက်သွားသည်နှင့် ချန်စန်း ဝမ်းသာအားရ အော်ဟစ်နေပြီး ချန်ရှို့လည်း ထပ်တူ ပျော်ရွှင်နေသည်။
ဒုတိယအဆင့်သို့ ရောက်ရှိထားသော်လည်း ခန်းမတစ်ခု၏ တပည့်ဖြစ်လာရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ ယခုမူ မောင်လေးကိုပါ ခေါ်ဆောင်ခွင့် ရတော့မည် ဖြစ်သည်။
ထို့နောက် ယွမ်ချီက အခြားတပည့်များ၏ ခြံဝင်းများသို့ ဆက်သွားခဲ့ရာ ချန်ရှို့တို့လို စိတ်လှုပ်ရှားမှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။
မိစ္ဆာထိန်းချုပ်ရေးခန်းမ တည်ထောင်မည့် သတင်း လျင်မြန်စွာ ပျံ့နှံ့သွားချေပြီ။
"မိစ္ဆာထိန်းချုပ်ခြင်း" ဟူသော စကားရပ်က လူတိုင်းကြားတွင် ရေပန်းစားသွားပြီး တောင်ပေါ်သို့ ဘုရားဖူးလာသူများပင် သိရှိသွားကြသည်။
ချင်းရှောင်ဂိုဏ်း ဘာတွေ ကြံစည်နေတာလဲ...
ဒီလောကကြီးမှာ မိစ္ဆာတွေ ဘယ်က ရောက်လာမှာလဲ...
…
ကျန်းယန် ဧကရာဇ်မြို့တော်၊ နန်းတော်အတွင်းရှိ ကန်ဝူနန်းဆောင်၌…
ဧကရာဇ် ကျောက်ကျိက နဂါးပလ္လင်ထက်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး ညဝတ်အင်္ကျီကို ဝတ်ဆင်ထားရာ ဧကရာဇ်တစ်ပါး၏ ကျက်သရေ မရှိတော့ပေ။
ထိုအချိန်တွင် လူတစ်ယောက် ကန်ဝူနန်းဆောင်ထဲသို့ ဝင်ရောက်လာသည်။
ထိုသူက လျှို့ဝှက်မြို့စားမင်းပင် ဖြစ်သည်။
လျှို့ဝှက်မြို့စားမင်းက လှေကားထစ်များရှေ့သို့ လျှောက်လာပြီး ဒူးထောက်ကာ လေးနက်သော အသံဖြင့်….
"အရှင်မင်းကြီး... ကျွန်တော်မျိုးကို အပြစ်ပေးပါ..."
ကျောက်ကျိ မျက်လုံးဖွင့်၍ လျှို့ဝှက်မြို့စားမင်းကို ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် …
"ဘာလဲ... မင်း ရှုံးလာတာလား... မင်းတစ်ယောက်တည်း ပြန်ရောက်လာတာလား..."
"ကျွန်တော်မျိုးတို့ ချင်းရှောင်ဂိုဏ်းရဲ့ ခြုံခိုတိုက်ခိုက်တာ ခံလိုက်ရတယ်... တစ်ယောက်ယောက်က သတင်းပေးလိုက်တာ ဖြစ်မယ်... ကျွန်တော် တစ်ယောက်တည်းပဲ လွတ်မြောက်လာခဲ့တယ်... ချင်းရှောင်ဂိုဏ်းချုပ်ရဲ့ သိုင်းပညာက ခန့်မှန်းရခက်လွန်းလို့ ကျွန်တော်မျိုးတောင် မနည်း တောင့်ခံခဲ့ရတယ်... ပြီးတော့ ရှန်ယွဲ့၊ ကျန်းကျောက်ရှားနဲ့ ရွှီနင်းတို့လို လူတွေလည်း ရှိနေတော့ သိုင်းနတ်ဘုရားဆေးလုံးနဲ့ ယင်ဝိညာဉ်ဆေးလုံးတွေရဲ့ စွမ်းအား ရှိတာတောင် ကျွန်တော်မျိုးတို့ မယှဉ်နိုင်ခဲ့ဘူး..."
ကျောက်ကျိ မျက်မှောင်ကြုတ်လိုက်ရာ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် အလင်းတန်းများ လင်းလက်သွားသည်။
ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ်သွားပြီး
ခေတ္တအကြာတွင် ကျောက်ကျိ၏အသံထွက်ပေါ်လာပြန်သည်။
"မင်း ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ..."
"ကျွန်တော်မျိုး ဒဏ်ရာပြင်းထန်သွားလို့ ခဏလောက် ပုန်းအောင်း ကုသနေရလို့ပါ... မဟုတ်ရင် အသက်ရှင်လျက် ပြန်ရောက်လာဖို့ ခဲယဉ်းလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ ကျောက်ကျိက မျက်လုံးပြန်မှိတ်လိုက်သည်။
ကျောက်ကျိ၏ စိတ်အခြေအနေ မငြိမ်မသက် ဖြစ်နေမှန်း သိသဖြင့် လျှို့ဝှက်မြို့စားမင်းက ထမလာဘဲ ဆက်၍ ဒူးထောက်နေခဲ့သည်။
"ချင်းရှောင်ဂိုဏ်း... တကယ့် ချင်းရှောင်ဂိုဏ်းပါလား..."
ကျောက်ကျိက တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မျက်လုံးဖွင့်ကာ မေးလိုက်ပြန်သည်။
"ကောင်းကင်အကျဉ်းထောင်ထဲမှာ ချင်းရှောင်ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက် ရှိနေတယ် မဟုတ်လား..."
"ဟုတ်ပါတယ်... ချင်းရှောင်ဂိုဏ်းကို တည်ထောင်သူ ဘိုးဘေး... ချင်းရှောင်ဘိုးဘေးဆိုသူပါ... သူက ကောင်းကင်အကျဉ်းထောင်ရဲ့ အောက်ဆုံးထပ်မှာ ရှိပါတယ်... ဒါပေမဲ့ သူ အဖမ်းခံရတုန်းက အခုလက်ရှိ ဂိုဏ်းချုပ် လီချင်းချိုးတောင် မမွေးသေးပါဘူး... ဒုတိယဂိုဏ်းချုပ် လင်းရွှန်းဖုန်းကလည်း သိုင်းလောကထဲက ထွက်သွားပါပြီ... ဒါကြောင့် ချင်းရှောင်ဘိုးဘေးကို အသုံးချပြီး ချင်းရှောင်ဂိုဏ်းကို ခြိမ်းခြောက်ဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်... ပြဿနာတောင် တက်လာနိုင်ပါတယ်..."
"ဘာလဲ... လီချင်းချိုးက ငါ့ကို ကိုယ်တိုင် လာသတ်ရဲတယ်လို့ ဆိုလိုတာလား..."
"အရှင်မင်းကြီး... လီချင်းချိုးက ငယ်ငယ်လေးနဲ့ ဒီလောက် စွမ်းရည်မျိုး ရှိနေတာ... အရင်တုန်းက သိုင်းဒဏ္ဍာရီတောင် သူ့ကို ယှဉ်နိုင်မယ် မထင်ဘူး... အရှင်မင်းကြီးအနေနဲ့ သူ့ကို ပြန်လည် သုံးသပ်စေချင်ပါတယ်..."
လျှို့ဝှက်မြို့စားမင်းက အလွန် လေးနက်သော လေသံဖြင့် ပြောလိုက်ရာ ကျောက်ကျိ မျက်မှောင်ကြုတ်သွားသည်။
"မင်း နောက်နေတာလား... အခု ငါ့ရဲ့ အခြေအနေနဲ့တောင် သူ့ကို မရှင်းနိုင်ဘူးလို့ ထင်နေတာလား..."
ကျောက်ကျိက လျှို့ဝှက်မြို့စားမင်းကို စူးစိုက်ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။
"အရှင်မင်းကြီးက ဆေးလုံးတွေ အများကြီး သောက်ထားပြီး သိုင်းဒဏ္ဍာရီရဲ့ အတွင်းအားအမြုတေကို ရရှိထားတော့ သိုင်းပညာမှာ လောကအနှိုင်းမဲ့ ဆိုတာ သေချာပါတယ်... ဒါပေမဲ့ အရှင်မင်းကြီးရဲ့ လက်ရှိ ပြဿနာက ချင်းရှောင်ဂိုဏ်း တစ်ခုတည်း မဟုတ်ပါဘူး... စီရင်စုခုနစ်ခု စစ်တပ်ကို အရင် နှိမ်နင်းပြီး တိုင်းပြည်ကို ငြိမ်သက်အောင် လုပ်ဖို့ အကြံပြုလိုပါတယ်... ပြီးမှ ချင်းရှောင်ဂိုဏ်းကို တစ်ခါတည်း အပြတ်ရှင်းပစ်လိုက်ပါ... မကြာခင်မှာ ဝေမင်းသားက ကျန်းယန်မြို့တော်ကို ဝင်တိုက်ပါလိမ့်မယ်... မိုင်ထောင်ချီ ဝေးကွာတဲ့ လီချင်းချိုးထက် သူက ကျွန်တော်မျိုးတို့ အရင် ရှင်းရမယ့် ရန်သူပါ..."
ထိုအချိန်တွင် ကျင်းဝူအစောင့်တပ်သား တစ်ယောက် ခန်းမထဲသို့ ပြေးဝင်လာပြီး လျှို့ဝှက်မြို့စားမင်းဘေးတွင် ဒူးထောက်ကာ သတင်းတခု အရေးပေါ် တင်ပြလေသည်။
"အရှင်မင်းကြီး... ထိုက်ဝူဂိုဏ်းနဲ့ လီယင်းဂိုဏ်းတို့ ချင်းရှောင်ဂိုဏ်းရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်... ဂိုဏ်းနှစ်ဂိုဏ်းစလုံး အသတ်ခံလိုက်ရပြီး ဧည့်သည်အနည်းငယ်လောက်ပဲ လွတ်မြောက်ခဲ့ပါတယ်..."
ထိုသတင်းကို ကြားသောအခါ ကျောက်ကျိ မတ်တတ်ရပ်လိုက်ရာ ကြောက်မက်ဖွယ် အရှိန်အဝါများ သူ့ ကိုယ်မှ ထွက်ပေါ်လာသည်။ သူ့ ဆံပင်ရှည်များနှင့် ဝတ်ရုံမှာ လွင့်ပျံနေသည်က အရိပ်ထဲတွင် ရပ်နေသော လက်စားချေလိုသည့် တစ္ဆေတစ်ကောင်နှင့်ပင် တူနေသည်။
"ချင်းရှောင်ဂိုဏ်းက ငါ့ကို ပြန်တိုက်ရဲတယ်ပေါ့... လီချင်းချိုး ကိုယ်တိုင် ဦးဆောင်လာတာလား..."
"မဟုတ်ပါဘူး... လီချင်းချိုးရဲ့ တပည့်ရင်း ရွှီနင်းပါ..."
"ကောင်းတယ်... သိပ်ကောင်းတယ်... အင်အားကြီးပါတယ်ဆိုတဲ့ တည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းက မိန်းမတစ်ယောက်ကိုတောင် မယှဉ်နိုင်ကြဘူးပဲ..."
ကျောက်ကျိက ရယ်မောလိုက်သော်လည်း သူ့ရဲ့ ရယ်သံက တဖြည်းဖြည်း ပိုမို ဆိုးရွားလာသည်။
လျှို့ဝှက်မြို့စားမင်းက ….
"အရှင်မင်းကြီး... တည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းက ကျုံးထျန်းစီရင်စုထဲမှာရှိတယ်ဆိုပေမဲ့ ကျန်းယန်မြို့နဲ့ဆိုရင် မိုင်ရာချီ ဝေးကွာပါတယ်... လောလောဆယ် သူတို့ကို သွားရှင်းဖို့ ခက်ခဲပါလိမ့်မယ်... ကျွန်တော်မျိုးတို့က မြို့ပြင်က စီရင်စုခုနစ်ခု စစ်တပ်ကို ကိုင်တွယ်ဖို့ အာရုံစိုက်ရပါမယ်... ဒီတစ်ခါတော့ အရှင်မင်းကြီးနဲ့ ကျွန်တော်မျိုး ကိုယ်တိုင် လက်တွဲပြီး လှုပ်ရှားမှ ရမယ်... ကောင်းကင်ဖာထေးခြင်း စီမံကိန်းကို စတင်ရပါတော့မယ်... ဆက်စောင့်နေလို့ မဖြစ်တော့ပါဘူး..."