နှစ်တစ်ထောင်ကြာမှ ကြုံရသည့် လူသားတွေကြောင့်ဖြစ်ပေါ်လာသေယကပ်ဘေး….
Vol. 13 Ch. 124
စီရင်စုခုနစ်ခု စစ်တပ်က စစ်နတ်ဘုရားတောင်ကြားလမ်းကို သိမ်းပိုက်လိုက်ပြီး ချင်းရှောင်ဂိုဏ်းမှ ဝူမန်အာက နတ်ဆိုးစစ်သူကြီး လျဲ့ဝူကို သုံးကွက်တည်းဖြင့် သတ်ဖြတ်ကာ မြို့တံခါးကို ဖွင့်ပေးလိုက်သည်။ ဤသတင်းက ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားပြီး စီရင်စုကိုးခုမှ ပြည်သူများ မျှော်လင့်ချက်ရောင်ခြည်ကို မြင်တွေ့လိုက်ကြရပြီ။
သို့သော်လည်း စစ်နတ်ဘုရားတောင်ကြားလမ်းကို သိမ်းပိုက်ပြီးနောက် စီရင်စုခုနစ်ခု စစ်တပ်၏ ခရီးလမ်းမှာ ချောမွေ့ခြင်း မရှိပေ။ နန်းတွင်းစစ်တပ်၏ ခုခံမှုများနှင့် မကြာခဏ ရင်ဆိုင်ရပြီး တိုက်ပွဲများ ပြင်းထန်နေသည်။ သို့သော် သူတို့၏ စစ်ချီမှု ရပ်တန့်မသွားဘဲ ကျန်းယန်မြို့တော်သို့ နေ့စဉ်နှင့်အမျှ နီးကပ်လာလျက် ရှိပေသည်။
တစ်ချိန်တည်းမှာပင် သိုင်းလောကသည်လည်း တုန်လှုပ်ချောက်ချားနေသည်။ တည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းက နန်းတွင်းကျင်းဝူအစောင့်တပ်နှင့် ပူးပေါင်း၍ ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်ခဲ့သည်။ ဤကိစ္စက သိုင်းလောကရှိ အဖွဲ့အစည်း အသီးသီးကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပြီး တည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်း၏ ဂုဏ်သိက္ခာ ကျဆင်းသွားပြီဟု ယူဆစေခဲ့သည်။
၎င်းက နန်းတွင်းအာဏာသည် သိုင်းလောကကိုပါ လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးစားနေကြောင်း ပြသနေသည်။
ထိုကိစ္စမှ ဖြစ်ပေါ်လာသော ဂယက်ထမှုများ မငြိမ်သက်သေးခင်မှာပင် ထိုက်ဝူဂိုဏ်းနှင့် လီယင်းဂိုဏ်းတို့ ချင်းရှောင်ဂိုဏ်း၏ လက်အောက်သို့ ကျရောက်သွားခဲ့ရသည်။ ရွှီနင်း ဦးဆောင်သော အဖွဲ့က သူတို့ကို သုတ်သင်ရှင်းလင်းလိုက်သည့် သတင်းက ငလျင်လှုပ်သကဲ့သို့ သိုင်းလောက တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့ပြန်သည်။
ကမ္ဘာကြီးတခုလုံး ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့နေရပြီး သိုင်းလောကသည်လည်း မကြုံစဖူး ပြုပြင်ပြောင်းလဲမှုများနှင့် ရင်ဆိုင်နေရသည်။
ထိုက်ဝူဂိုဏ်းနှင့် လီယင်းဂိုဏ်းတို့က သေချာပေါက် ကမ္ဘာ့ထိပ်တန်း ဂိုဏ်းငါးဂိုဏ်း စာရင်းဝင်များ ဖြစ်ကြသည်။ မြောက်ဘက်နှင့် တောင်ဘက်ရှိ မြင့်မြတ်သော နယ်မြေနှစ်ခုမှလွဲလျှင် တည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းက နန်းတွင်း၏ ကျောထောက်နောက်ခံဖြင့် သိုင်းလောက အပါအဝင် ကမ္ဘာကြီးကို လွှမ်းမိုးထားနိုင်ခဲ့သည်။
သို့သော် ချင်းရှောင်ဂိုဏ်းက လူ ၃၁ ယောက်တည်းဖြင့် ဂိုဏ်းကြီးနှစ်ခုကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။
သိုင်းလောကသားများမှာ ချင်းရှောင်ဂိုဏ်း မည်မျှ အင်အားကြီးမားကြောင်း တွေးတောရင်း အံ့သြမှင်သက်နေကြရသည်။
ရွှီနင်းတို့ အဖွဲ့ မပြန်ရောက်မီမှာပင် ထိုက်ဝူဂိုဏ်းနှင့် လီယင်းဂိုဏ်းတို့ ပျက်စီးသွားသော သတင်းက ချင်းရှောင်တောင်ပေါ်သို့ ရောက်ရှိလာပြီး တပည့်အားလုံးကို စိတ်လှုပ်ရှားစေခဲ့သည်။
ရွှီနင်း၏ အမည်နာမက လက်ရှိ ရေပန်းစားနေသော တပည့်အားလုံးကို လွှမ်းမိုးသွားခဲ့သည်။
………………
ချင်းရှောင်တောင်ပေါ်ရှိ မိစ္ဆာထိန်းချုပ်ရေးခန်းမ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် လီချင်းချိုးနှင့် လီစစ်ကျင်တို့ ယှဉ်တွဲရပ်လျက် အလုပ်ရှုပ်နေသော တပည့်များကို ကြည့်ရှုနေကြသည်။
“တတိယစီနီယာအစ်ကိုသာ ဒီသတင်းကို ကြားရင် သေချာပေါက် ဒေါသထွက်နေတော့မှာ... 'ငါသာဆိုရင် ပိုပြီး နာမည်ကြီးအောင် လုပ်နိုင်မှာပါ' လို့ တွေးပြီး ပေါက်ကွဲနေလောက်တယ်...”
လီစစ်ကျင်က ထိုသို့ပြောရင်း စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။
သူမက ရွှီနင်းနှင့် ညီအစ်မများသဖွယ် ဆက်ဆံရေး ကောင်းမွန်ပြီး ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့ကြားရှိ ပြိုင်ဆိုင်မှုကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။
လီချင်းချိုးက သူမကို မျက်စောင်းခဲလိုက်ပြီး….
“မင့်ရဲ့ တတိယစီနီယာအစ်ကိုကို အဲဒီလို မတွေးပါနဲ့... သူက အဲဒီလောက် ကလေးမဆန်ပါဘူး...”
လီစစ်ကျင်ကတော့ ထိုစကားကို မယုံကြည်ပေ။ထို့ကြောင့် ကျန်းကျောက်ရှား ငယ်စဉ်က ပြုမူခဲ့သော ကလေးဆန်သည့် အပြုအမူများကို ပြန်ပြောင်း ပြောပြနေလေသည်။
“ဒါနဲ့ ဂိုဏ်းချုပ်... တည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းက ကျွန်မတို့ကို တိုက်ခိုက်တဲ့သတင်း ဘယ်လို ပျံ့သွားတာလဲ... တစ်လောကလုံး သိနေကြပြီလို့ ကြားတယ်...”
လီစစ်ကျင်က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်တော့
အလုပ်ရှုပ်နေသော ချန်ရှို့နှင့် ချန်စန်းတို့ကို ကြည့်ရင်း လီချင်းချိုးက ပြန်ဖြေလိုက်သည်။
“သေချာတာပေါ့... နောက်ကွယ်ကနေ တွန်းအားပေးနေတဲ့သူ ရှိလို့လေ... မင်းရဲ့ စီနီယာအစ်ကို (ကျန်းယွီချွန်း) နဲ့ ခန်းမသခင်ကျူးတို့ရဲ့ ကျေးဇူးပေါ့...”
“ဒါက မျိုးကြီးဆွေကြီး မိသားစုတွေရဲ့ အစွမ်းလား...”
လီစစ်ကျင်မှာ တွေးတောနေပုံရသည်။ ကျင့်ကြံခြင်းခန်းမ၏ ခန်းမသခင် အနေဖြင့် သူမထံသို့ လူအများအပြား ချဉ်းကပ်လာကြသော်လည်း စိတ်အနှောင့်အယှက် ဖြစ်ရသဖြင့် ထိုသူများနှင့်ပြောဆိုဆက်ဆံရမည်ကို ပျင်းရိနေခဲ့သည်။ သို့သော် ယခုအခါ သူမ၏ စိတ်အမြင်များ စတင် ပြောင်းလဲလာပြီ ဖြစ်သည်။
ခန်းမကြီး ၇ ခုတွင် သူမ၏ ကျင့်ကြံခြင်းခန်းမကသာ ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံး ဖြစ်သည်။ ဂိုဏ်းချုပ်၏ သိုင်းပညာ လမ်းညွှန်မှုနှင့် ကျမ်းစာနန်းတော်သာ မရှိပါက ကျင့်ကြံခြင်းခန်းမက အသုံးမဝင်ကြောင်း သူမကိုယ်တိုင်ပင် ထင်မြင်မိမည် ဖြစ်သည်။ သူမ၏ ဝိညာဉ်ဆေးပင်များမှာ စမ်းသပ်အဆင့်တွင်သာ ရှိသေးပြီး လောလောဆယ် အသုံးပြု၍ မရနိုင်သေးပေ။
လီချင်းချိုးက သူမကို တစ်ချက်ကြည့်လိုက်ပြီး…..
“ အရမ်း တွေးမနေနဲ့... မင်းရဲ့ ဝိညာဉ်ဆေးပင်တွေက ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးပဲ... လူမှုဆက်ဆံရေး အပိုင်းတွေ မင်း လုပ်စရာ မလိုဘူး... ခန်းမတိုင်းက မျိုးကြီးဆွေကြီး မိသားစုတွေနဲ့ ကွန်ရက် တည်ဆောက်ထားဖို့ မလိုပါဘူး...”
ထိုစကားကို ကြားသောအခါ လီစစ်ကျင် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။
“ကျွန်မက ဝိညာဉ်ဆေးပင်တစ်ပင်ကို အောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့ပြီလို့ ထင်ခဲ့တာ... နောက်မှ ဝိညာဉ်ချီပါဝင်တဲ့ ပေါင်းပင်တစ်ပင် ဖြစ်နေပြီး ဘာမှ အသုံးမဝင်မှန်း သိလိုက်ရတယ်...”
“ဖြည်းဖြည်းပေါ့... ငါ မင်းဆီကို ဆေးဖက်ဝင်အပင် တစ်သုတ် ပို့ပေးထားတယ်... အဲဒီအပင်တွေကို ဝိညာဉ်ဆေးပင်အဖြစ် ပြောင်းလဲနိုင်ပြီး ချန်ဟွေ့လန်ကို ဆေးလုံး ဖော်စပ်ခိုင်းလိုက်ရင်... အောင်မြင်သွားတဲ့အခါ ချင်းရှောင်ဂိုဏ်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်... အဲဒီအချိန်ကျရင် မင့်ရဲ့ ဂုဏ်ပြုမှတ်တမ်းကို ကျောက်တိုင်မှာ ရေးထိုးပေးမယ်...”
လီစစ်ကျင်၏ အလုပ်မှာ ဝိညာဉ်ဆေးပင် စိုက်ပျိုးရုံသာ မဟုတ်ကြောင်း၊ ဗျူဟာမြောက် အရေးပါသော မြေကမ္ဘာအဆောင် ရတနာကျမ်းကိုလည်း ကြီးကြပ်ရကြောင်း လီချင်းချိုးက နှစ်သိမ့် ပြောကြားလိုက်သည်။
ကျင့်ကြံခြင်းခန်းမရှိ အမြော်အမြင်ရှိသော တပည့်များစွာက လင်းယုန်အဆောင် လက်ဖွဲ့ကျမ်းကို လေ့လာနေကြပြီး အောင်မြင်မှုများလည်း ရရှိနေကြသည်။
ကျန်းယွီချွန်းက စီမံခန့်ခွဲရေး ပါရမီရှင် ဖြစ်လျှင် လီစစ်ကျင်က နည်းပညာပိုင်းဆိုင်ရာ ပါရမီရှင် ဖြစ်သည်။
သူမက မျိုးကြီးဆွေကြီးများနှင့် ဆက်ဆံရာတွင် မကျွမ်းကျင်ခြင်းက လီချင်းချိုး၏ မျှော်လင့်ချက်ကို ထိခိုက်စေမည် မဟုတ်ပေ။
ထို့အပြင် သူမအနေဖြင့် မျိုးကြီးဆွေကြီး မိသားစုများနှင့် မပတ်သက်ခြင်းက ပို၍ ကောင်းမွန်သည်ဟု လီချင်းချိုး ယုံကြည်သည်။
လီချင်းချိုး၏ ချီးကျူးစကားကြောင့် လီစစ်ကျင် အလွန် စိတ်လှုပ်ရှားသွားပြီး စိုက်ခင်းထဲသို့ ချက်ချင်း ပြန်ပြေးသွားချင်စိတ် ပေါက်သွားခဲ့သည်။
ထိုအချိန်တွင် လီချင်းချိုး ရုတ်တရက် ခေါင်းလှည့်ပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ကယ မျက်မှောင်ကြုတ်လိုက်သည်။
ဖော်ပြရန် ခက်ခဲသော ထူးဆန်းသည့် အငွေ့အသက် တစ်ခုကို အာရုံခံမိလိုက်ပြီ။ ယုတ်မာခြင်း၊ သွေးညှီနံ့၊ အေးစက်ခြင်း စသည်ဖြင့် ရှုပ်ထွေးလှပြီး ဒဏ္ဍာရီလာ ငရဲပြည်တံခါး ပွင့်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။
“ဒီဘက်အရပ်က ကျန်းယန်မြို့တော်ကို သွားတဲ့ လမ်းပဲ...”
ကျန်းယန်မြို့တော်မှာ တစ်ခုခု ဖြစ်နေတာလား…
အချိန်ကာလကို တွက်ကြည့်ရလျှင် ရွှီနင်းတို့ တောင်အောက်ဆင်းသွားသည်မှာ နှစ်လနီးပါး ရှိနေပြီဖြစ်၍ ယခုလောက်ဆိုလျှင် အပြန်လမ်းခရီးသို့ ရောက်နေသင့်ပြီ ဖြစ်သည်။
သူ အနည်းငယ် စိတ်ပူသွားပြီး ရွှီနင်း၊ လီစစ်ဖုန်းနှင့် ဝူမန်အာတို့၏ အခြေအနေကို စုံစမ်းရန် ရှောင်ပါးကို စေလွှတ်လိုက်သည်။
ရှောင်ပါးက လျင်မြန်ရုံသာမက သာမန် ကျင့်ကြံသူများထက် မျက်စိအမြင်အာရုံ ပိုကောင်းပြီး သတင်းအချက်အလက် ရယူရာတွင်လည်း လီချင်းချိုးထက် ပို၍ မြန်ဆန်ပေသည်။
“ကဲ... အလုပ်သွားလုပ်တော့...”
လီချင်းချိုးက ပြောပြီးနောက် လှည့်ထွက်သွားသော်လည်း လီစစ်ကျင်မှာမူ သူ ပြောပြခဲ့သော အနာဂတ်အကြောင်းကို တွေးတောရင်း ကျန်ရစ်ခဲ့ကာ လီချင်းချိုး၏ ပုံမှန်မဟုတ်သော အမူအရာကို သတိမထားမိလိုက်ပေ။
………..
နေဝင်ချိန်၌ မြစ်ကမ်းဘေးတစ်လျှောက်တွင် ရွှီနင်း ဦးဆောင်သော ချင်းရှောင်ဂိုဏ်းသားများ ခရီးနှင်လျှက်ရှိကြသည်။ လီစစ်ဖုန်း၊ ဝူမန်အာနှင့် ကျန်းယွီတို့လည်း ပါဝင်ပြီး အများစုမှာ စိတ်ဓာတ်ကျကာ ငေးငိုင်နေကြသည်။
တီရွှမ်းဓားကို ကျောတွင် လွယ်ထားသော လီစစ်ဖုန်းက အနောက်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ဝေးကွာသော တောင်တန်းများက ကောင်းကင်တံတိုင်းကြီးပမာ မြင့်မားနေပြီး မြင်ကွင်းကို ပိတ်ဆို့ထားသည်။
သူတို့သည် ကျုံးထျန်းစီရင်စုကို ကျော်လွန်လာခဲ့ပြီ ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးက သူ့စိတ်ထဲတွင် ထပ်တလဲလဲ ပေါ်လာနေဆဲပင်။
“ဆက်မကြည့်ပါနဲ့တော့... ငါတို့ သူတို့ကို မကယ်နိုင်တော့ဘူး... ပြီးတော့ ဧကရာဇ်ရဲ့ လူတွေက အားလုံးကို မတားဆီးနိုင်ပါဘူး... အများစုတော့ လွတ်မြောက်သွားကြမှာပါ...”
ကျန်းယွီက လီစစ်ဖုန်းအနားသို့ လျှောက်လာပြီး ပခုံးကို ပုတ်ကာ သက်ပြင်းချလိုက်သည်။
လီစစ်ဖုန်းလည်း ပြန်လှည့်လာပြီး သူတို့နှစ်ယောက် ဘေးချင်းယှဉ် လျှောက်လာကြရင်း
ခဏအကြာတွင် လီစစ်ဖုန်းက မနေနိုင်ဘဲ မေးလိုက်သည်။
“လောကကြီးက ဘာဖြစ်သွားမှာလဲ...”
“ငါလည်း မသိဘူး... သမိုင်းတစ်လျှောက်မှာ ဒီလို ဧကရာဇ်မျိုး၊ ဒီလို အဖြစ်အပျက်မျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး... ပြန်ရောက်ရင် ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်ကို စောင့်ကြတာပေါ့...”
လီစစ်ဖုန်းက ရှေ့ဆုံးမှ လျှောက်နေသော ရွှီနင်းကို လှမ်းကြည့်လိုက်ပြီး ခြေလှမ်းသွက်လိုက်မည့်ဆဲဆဲတွင် ရုတ်တရက် လူတစ်ယောက် သူတို့ဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။
လီစစ်ဖုန်း တစ်ယောက်တည်း မဟုတ်ဘဲ အခြားသူများလည်း ထိုလူကို မြင်လိုက်ကြသည်။
ထိုသူသည် ဝတ်ရုံနက် ဝတ်ဆင်ထားသော တာအိုဆရာတစ်ဦး ဖြစ်ပြီး လက်ထဲတွင် သားမြီးယပ်တခု ကိုင်ဆောင်ထားကာ ခါးတွင် ဓားတစ်ချောင်း ချိတ်ဆွဲထားသည်။ ထိုသူက ဦးထုပ်ရှည်ကို ဆောင်းထားပြီး မိုးမခပင်ကဲ့သို့ ရှည်လျားသော မုတ်ဆိတ်မွေးနှင့် အေးစက်စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထားသည်။
မြစ်ကမ်းဘေးတစ်လျှောက် လျှောက်လှမ်းလာရာ မြစ်လေပြည်က သူ၏ ဝတ်ရုံကို တလွင့်လွင့် ဖြစ်စေပြီး အချိန်မရွေး ဆွဲထုတ်တော့မည့် ထက်မြက်သော ဓားတစ်လက်ကဲ့သို့ ထင်မှတ်ရသည်။
ရွှီနင်းက ထိုတာအိုဆရာကို မျက်နှာအမူအရာ မပျက်ဘဲ ကြည့်နေသော်လည်း အခြားတပည့်များကမူ ဤပုဂ္ဂိုလ်က သာမန်လူမဟုတ်ကြောင်း အာရုံခံမိကြသည်။
နှစ်ဖက်အဖွဲ့ အကွာအဝေး ငါးလံခန့် အလိုတွင် ဝတ်ရုံနက် တာအိုဆရာက ရပ်တန့်လိုက်ပြီး …..
“မေးပါရစေ... ခင်ဗျားတို့က ကျန်းယန်မြို့ဘက်က လာကြတာလား...”
ရွှီနင်းကလည်း ရပ်တန့်လိုက်ပြီး ပြန်မေးလိုက်သည်။
“ဟုတ်တယ်... ရှင်က ကျန်းယန်မြို့တော်ကို သွားချင်လို့လား...”
“ကျွန်တော်က တောင်ပိုင်းချူပြည်နယ် ဖုန်းရှားတောင်က တာအိုကျင့်ကြံသူ ပိုင်ရှုပါ...တာအိုဆရာပိုင်ရှု လို့ ခေါ်နိုင်ပါတယ်...
ဝတ်စားဆင်ယင်ပုံအရဆို ခင်ဗျားတို့က သိုင်းလောကသားတွေ ဖြစ်ပုံရတယ်... တချို့က စစ်သည်တွေလည်း ဖြစ်နိုင်တယ်... ကျန်းယန်မြို့တော်ရဲ့ လက်ရှိ အခြေအနေကို ပြောပြပေးနိုင်မလား...”
မိတ်ဆက်ပြီးနောက် ဝတ်ရုံနက် တာအိုဆရာက လေးနက်သော မျက်နှာထားဖြင့် မေးလိုက်တော့
ရွှီနင်းက သူ့ကို အကဲခတ်ကြည့်လိုက်သော်လည်း ချက်ချင်း ပြန်မဖြေပေ။
ထိုအချိန်တွင် ကျန်းယွီက ရွှီနင်းအနားသို့ လျှောက်လာပြီး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်လေသည်။
“တောင်ပိုင်းချူပြည်နယ်ရဲ့ ဖုန်းရှားတောင်ဆိုတာ သိုင်းလောကရဲ့ သူတော်စင်နယ်မြေနှစ်ခု တစ်နေရာ မဟုတ်ဘူးလား...”
အခြား တပည့်ရင်းများလည်း ရပ်တန့်သွားကြပြီး တာအိုဆရာပိုင်ရှုကို ကြည့်လိုက်ကြသည်။
“အဲဒါက ကျန်းဟူက သူရဲကောင်းတွေ ပေးထားတဲ့ နာမည်သက်သက်ပါ... ဖုန်းရှားတောင်က တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံတဲ့ နေရာတစ်ခုပါ... တပည့်လည်း နည်းပါးပါတယ်... သိုင်းလောကရဲ့ မြင့်မြတ်တဲ့ နယ်မြေလို့ ခေါ်ဖို့ ခက်ခဲပါတယ်...”
လီစစ်ဖုန်းကလည်း အနားတိုးလာပြီး….
“သိုင်းလောကရဲ့ သူတော်စင်နယ်မြေနှစ်ခု ဟုတ်လား... အဲဒီလောက် နာမည်ကြီးတာလား...”
ကျန်းယွီ သက်ပြင်းချလိုက်ပြီး…
“လက်ရှိ သိုင်းလောကမှာ သူတော်စင်နှစ်ပါးရဲ့ နာမည်က သိပ်မထင်ရှားတော့ဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၄၀.. နန်းတွင်းက တည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းကို မဖွဲ့စည်းခင်တုန်းက မြောက်ဘက်နဲ့ တောင်ဘက်က သူတော်စင်နှစ်ပါးက သိုင်းလောက တစ်ခွင်လုံးမှာ နာမည်ကြီးခဲ့တာ... ဖုန်းရှားတောင်က နှစ်တစ်ထောင် သမိုင်းကြောင်းရှိပြီး နိုင်ငံတော် ဆရာတွေ၊ တိုင်းပြည် မငြိမ်မသက်မှုတွေကို အဆုံးသတ်ပေးခဲ့တဲ့ စစ်သူကြီးတွေကို မွေးထုတ်ပေးခဲ့တယ်... သူတို့က လူသားရဲ့ စိတ်ဆန္ဒက သဘာဝတရားကို ကျော်လွန်နိုင်တယ်လို့ ယုံကြည်ကြပြီး သိုင်းပညာနဲ့ တာအိုလမ်းစဉ်ကို ဝင်ရောက်ကြတယ်... ဒါက ငါ့ဆရာ ပြောပြဖူးတာပါ... ဆရာက ဖုန်းရှားတောင်ကို အင်မတန် ချီးကျူးခဲ့တယ်...”
ကျန်းယွီ၏ မြှောက်ပင့်ပြောဆိုမှုကို ကြားသော်လည်း ပိုင်ရှုကတော့ မာန်တက်မသွားပေ။
“ဒါတွေက အနှစ်သာရမရှိတဲ့ ဂုဏ်ပုဒ်တွေပါ... ကျန်းယန်မြို့တော်ရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ပြောပြပေးကြပါ...”
ထိုအခါ ကျန်းယွီ၏ မျက်နှာထား တင်းမာသွားသည်။
“ဆရာ... ကျန်းယန်မြို့တော်ကို မသွားပါနဲ့... အဲဒီမှာ မိစ္ဆာတွေ သောင်းကျန်းနေတယ်... ဧကရာဇ်ဆီမှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးစစ်သည်တွေ ရှိတယ်... သူတို့က နေရာအနှံ့ လူတွေကို ဖမ်းဆီးနေကြတာ... စီရင်စုခုနစ်ခု မဟာမိတ်တပ်ပေါင်းစုလည်း ရှုံးနိမ့်သွားပြီ... နယ်ပေါင်းစုံက စစ်သူကြီးတွေ ထွက်ပြေးနေကြရတယ်... အခုအချိန် ကျန်းယန်မြို့တော်ကို သွားရင် ကျင်းဝူအစောင့်တပ်ရဲ့ ဖမ်းဆီးတာကို ခံရပြီး ဆေးလုပ်ခံလိုက်ရလိမ့်မယ်...”
တပည့်ရင်းများ အားလုံး လွန်ခဲ့သော နှစ်ရက်က မြင်တွေ့ခဲ့ရသည်များကို ပြန်တွေးမိပြီး မျက်နှာပျက်သွားကြသည်။ စစ်မြေပြင်မှ သရဲတစ္ဆေ ပုံရိပ်များက သူတို့၏ စိတ်ထဲတွင် ခြောက်လှန့်နေဆဲ ဖြစ်ပြီး ကျောချမ်းသွားစေသည်။
ထိုစကားကို ကြားသောအခါ ပိုင်ရှုက မျက်မှောင်မကြုတ်သလို ကြောက်လန့်ပုံလည်း မရပေ။ သူက ခံစားချက်မပါသော မျက်နှာထားဖြင့်….
“နှစ်တစ်ထောင်ကြာမှ ဖြစ်ပေါ်လာတဲ့ လူသားကြောင့်ဖြစ်လာတဲ့ကပ်ဘေး နောက်ဆုံးတော့ ရောက်လာပြီပဲ... ကျေးဇူးတင်ပါတယ်...”
ထိုသို့ ပြောပြီးနောက် ရွှီနင်းနှင့် အခြားသူများကို ကျော်ဖြတ်၍ ကျန်းယန်မြို့တော်ရှိရာသို့ ဦးတည် လျှောက်သွားလေသည်။
ရွှီနင်းက ထိုသူကို ခေါင်းလှည့်၍ မျက်လုံးထောင့်မှ ကြည့်လိုက်ပြီး….
“ရှင့်ရဲ့ သိုင်းပညာက အားကောင်းပေမဲ့ လျှို့ဝှက်မြို့စားမင်းကိုတောင် မယှဉ်နိုင်ဘူး... ဧကရာဇ်ဆိုရင် ပိုဝေးသေးတယ်... သူ့လက်အောက်မှာ နတ်ဆိုးစစ်သည် သောင်းချီရှိနေတာ... ရှင်သွားလို့လဲ ဘာမှ ထူးမှာ မဟုတ်ဘူး...ရှင့်ရဲ့ စွမ်းရည်က ဧကရာဇ်ရဲ့ ရည်မှန်းချက်ကို ပိုပြီး ကြီးထွားလာစေရုံပဲ ရှိလိမ့်မယ်...”
တာအိုဆရာကမူ ပြန်မဖြေဘဲ ပြတ်သားစွာဖြင့် ဆက်လက် လျှောက်လှမ်းသွားသည်။
တပည့်ရင်း အယောက်သုံးဆယ်စလုံး ထွက်ခွာသွားသော ပိုင်ရှု၏ ကျောပြင်ကို ကြည့်ရင်း ဝေဝါးပြီး ဖော်ပြရခက်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ဤပုဂ္ဂိုလ်က သူတို့ ပြောသည်ကို မယုံကြည်ခြင်းလား၊ သို့တည်းမဟုတ် သေမယ်မှန်းသိရက်နှင့် သွားရောက်ခြင်းလား ဆိုသည်ကို မကွဲပြားကြပေ။
“ဖုန်းရှားတောင်မှာ သူတစ်ယောက်တည်း ရှိတာလား...”
လီစစ်ဖုန်းက ကျန်းယွီကို တိုးတိုးလေး မေးလိုက်တော့ ကျန်းယွီက ရှုပ်ထွေးသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
“တစ်ယောက်တည်းတော့ မဟုတ်လောက်ပါဘူး... ဒါပေမဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ တောင်အောက်ဆင်းလာနိုင်တဲ့သူဆိုရင် ဖုန်းရှားတောင်ရဲ့ထိပ်တန်း သိုင်းပညာရှင်တွေထဲက တစ်ယောက် ဖြစ်ရမယ်...”
လီစစ်ဖုန်းက ခေါင်းခါလိုက်ပြီး… .
“သူ့သိုင်းပညာက ကောင်းတော့ ကောင်းပါတယ်... ဒါပေမဲ့ ကောင်းရုံ သက်သက်ပါပဲ...”
“ခရီးဆက်ကြစို့...”
ရွှီနင်းက စကားဖြတ်ပြောလိုက်ပြီး ရှေ့မှ လျှောက်သွားရာ ကျန်လူများလည်း နောက်မှ လိုက်သွားကြလေသည်။
ကျွီ…
ထိုစဉ် မိုးကုတ်စက်ဝိုင်းဆီမှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာသဖြင့် ရွှီနင်း မော့ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်မိသည်။
တပည့်ရင်း တစ်ယောက်က….
“အဲဒါ ဂိုဏ်းချုပ်ရဲ့ နတ်လင်းယုန် မဟုတ်လား...”ဟု အော်ပြောလိုက်တော့
တပည့်များ အားလုံး မော့ကြည့်လိုက်ကြရာ ကောင်းကင်ယံတွင် ဝဲပျံနေသော ရှောင်ပါး၏ ခန့်ညားထည်ဝါသော ပုံရိပ်ကို တွေ့လိုက်ကြရသည်။
ပိုင်ရှုလည်း နောက်သို့ လှည့်ကြည့်လိုက်ရာ ကြီးမားသော လင်းယုန်နက်ကြီးကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ချင်းရှောင်ဂိုဏ်းသားများ၏ ပြောစကားကိုလည်း ကြားလိုက်ရသည်။
“ဒီလို ဝိညာဉ်လင်းယုန်မျိုးကို မွေးမြူနိုင်မှတော့ သူတို့ရဲ့ ဂိုဏ်းချုပ်က သာမန်မဟုတ်တန်ရာဘူး... ဒီလောကကြီးမှာ ဒီလို ထူးခြားတဲ့ ပုဂ္ဂိုလ်မျိုး ရှိနေမယ်လို့ မထင်ထားခဲ့ဘူး... သက်ရှိထင်ရှား ရှိနေတုန်း မိတ်ဆွေမဖွဲ့နိုင်ခဲ့တာ နှမြောစရာပဲ...”
ပိုင်ရှု ထိုသို့ တွေးတောရင်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ချင်းရှောင်ဂိုဏ်းသားများနှင့် ဆန့်ကျင်ဘက် အရပ်သို့ ပြေးထွက်သွားတော့သည်။
………………..
မြစ်ရေလှိုင်းများက ကမ်းပါးကို ရိုက်ခတ်နေပြီး သဲမုန်တိုင်းများ လွင်ပြင်ထက်တွင် တိုက်ခတ်နေ၏……
ရှောင်ပါး၏ မြင်ကွင်းမှ ကြည့်လျှင် ပိုင်ရှုက သေးငယ်လွန်းလှပြီး ခြေရာလက်ရာပင် ချန်ထားခဲ့နိုင်ခြင်း မရှိပေ။