အချိန်အခါ၊ နေရာဒေသနှင့် လူသားတို့၏ သဟဇာတဖြစ်မှု……
Vol. 13 Ch. 125
ရှောင်ပါး၏ လှုပ်ရှားမှုက အင်မတန် လျင်မြန်လှပေသည်။ သုံးရက်အတွင်းမှာပင် ပြန်ရောက်လာပြီး ရွှီနင်းတို့နှင့် လီစစ်ဖုန်းတို့အဖွဲ့ တွေ့ဆုံခဲ့ပြီး အပြန်လမ်းခရီးသို့ ရောက်နေပြီ ဖြစ်ကြောင်း သတင်းပါးလိုက်သည်။ ထိုအခါမှသာ လီချင်းချိုး စိတ်သက်သာရာ ရသွားတော့သည်။
သို့သော်လည်း ကျန်းယန်မြို့တော်ဘက်မှ ထူးဆန်းသော အငွေ့အသက်တစ်ခုကို အာရုံခံနေရဆဲ ဖြစ်သဖြင့် စိတ်ထဲ၌ မငြိမ်မသက် ဖြစ်နေဆဲပင်…
လက်ရှိ အင်အားဖြင့် ထိုအငွေ့အသက်ကို မကြောက်သော်လည်း ၎င်း၏ ဇာစ်မြစ်ကို မသိရသေးပေ။ ဧကရာဇ်၊ နတ်ဆရာကျန်းနှင့် လျှို့ဝှက်မြို့စားမင်းတို့တွင် အခြားဝှက်ဖဲများ ရှိနေသေးသလား မသိနိုင်ချေ။
လောကကြီးက ကျယ်ဝန်းလှသည် မဟုတ်ပေတကား… ကမ္ဘာကြီးကို မကယ်တင်မီ ချင်းရှောင်ဂိုဏ်း၏ လုံခြုံရေးကို ဦးစွာ အာမခံချက်ရှိအောင် လုပ်ရပေမည်။
ကိုးရက်ကြာသောအခါ ရွှီနင်းတို့ ပြန်ရောက်လာကြသည်။ လူတိုင်း ခရီးပန်းနေပုံရပြီး မောပန်းနွမ်းနယ်နေကြ၏။ ကျုံးထျန်းစီရင်စုမှ ချင်းရှောင်တောင်သို့ ခရီးလမ်းမှာ ဝေးကွာလှသဖြင့် သူတို့ ဤမျှ မြန်ဆန်စွာ ပြန်ရောက်လာခြင်းမှာ မူလချီကို အသုံးပြု၍ ခရီးနှင်ခဲ့သောကြောင့် ဖြစ်တန်ရာ၏။
လီချင်းချိုးက တောင်ပေါ်ရှိ ခန်းမသခင်အားလုံးကို ဆင့်ခေါ်လိုက်ပြီး ဤတစ်ကြိမ်တွင် ရှန်ယွဲ့လည်း ပါလာသည်။
လူစုံသောအခါ ရွှီနင်း အခြေအနေကို တင်ပြလိုက်လေသည်။
ထိုက်ဝူဂိုဏ်းနှင့် လီယင်းဂိုဏ်းတို့ကို ရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် ကျန်ကျီဂိုဏ်းသို့ သွားရောက်ချိန်တွင် လူသူကင်းမဲ့နေပြီး ပျောက်ကွယ်နေကြောင်း၊ ရက်အနည်းငယ်ကြာ ရှာဖွေသော်လည်း မတွေ့၍ လက်လျှော့ခဲ့ရကြောင်း ပြောပြခဲ့သည်။
လီချင်းချိုးက ထိုကိစ္စကို ထွေထွေထူးထူး မပြောဘဲ ကျန်းယွီကို အတွေ့အကြုံများ ပြောပြခိုင်းလိုက်သည်။
ကျန်းယွီက စီရင်စုခုနစ်ခု စစ်တပ်နှင့်အတူ နှစ်လနီးပါး တိုက်ပွဲဝင်ခဲ့ပုံကို စတင် ပြောပြလေတော့သည်။
နောက်ဆုံးတွင် ကျန်းယန်မြို့တော်သို့ ရောက်ရှိခဲ့ကြသော်လည်း ထူးဆန်းသော သံချပ်ကာနက် စစ်သည်များ မြို့ရိုးပေါ်မှ ခုန်ဆင်းလာပြီး သိန်းချီသော စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။
အစပိုင်းတွင် သတိမထားမိသော်လည်း ထိုစစ်သည်များက အလွန် သန်မာလွန်းပြီး လျင်မြန်ကြောင်း မကြာခင် တွေ့ရှိခဲ့ရသည်။ အချိန်တိုအတွင်း စီရင်စုခုနစ်ခု စစ်တပ်ကို အထိနာစေခဲ့၏။ လီစစ်ဖုန်းနှင့် ဝူမန်အာတို့ ဝင်ကူသော်လည်း ထိုသံချပ်ကာနက် စစ်သည်များကို အလွယ်တကူ မသတ်နိုင်ခဲ့ပေ။ ထို့အပြင် ကျင်းဝူအစောင့်တပ်လည်း ဝင်ရောက် တိုက်ခိုက်လာသလို ဧကရာဇ်ကိုယ်တိုင်လည်း ထွက်လာခဲ့သည်။
ဧကရာဇ်၏ သိုင်းပညာစွမ်းရည်မှာ ကျန်းယွီနှင့် သူ့အပေါင်းအပါများကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။
လီစစ်ဖုန်း မနေနိုင်ဘဲ ဝင်ပြောလိုက်သည်က….
"ဧကရာဇ်က စီနီယာရှန်ထက်တောင် ပိုစွမ်းမယ်လို့ ခံစားမိတယ်... သူ့သိုင်းကွက်တွေက ကြောက်စရာ ကောင်းလွန်းတယ်... လက်ဝါးတစ်ချက်တည်းနဲ့ စစ်သည် ဒါဇင်ချီကို ဒဏ်ရာအပြင်းအထန် ရစေတယ်... ပြီးတော့ သူ့လှုပ်ရှားမှုတွေက အရမ်းမြန်တယ်... ကျွန်တော် သူနဲ့ တိုက်တုန်းကဆို ဘာဒဏ်ရာမှ ရအောင် မလုပ်နိုင်ခဲ့ဘူး... ရွှီနင်းသာ အချိန်မီ ရောက်မလာရင် ကျွန်တော်လည်း ဒဏ်ရာရသွားမှာ..."
သူ မပြောလိုက်သော အချက်မှာ တီရွှမ်းဓားဝိညာဉ်တောင်မှ ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်ဆိုသော အချက်ပင်။ အားကြီးသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေ၍ ဧကရာဇ်အပေါ် ကြောက်ရွံ့စိတ် ပိုတိုးလာစေသည်။
ထိုအခါ အားလုံး အံ့အားသင့်သွားကြပြီး ရှန်ယွဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ယန်ကျွယ်တိန်ကမူ….
"သိုင်းဒဏ္ဍာရီရဲ့ အတွင်းအားအမြုတေက တကယ်ပဲ အဲဒီလောက် စွမ်းတာလား..."
"အတွင်းအားအမြုတေ တစ်ခုတည်းကြောင့်တော့ မဟုတ်လောက်ဘူး... ဧကရာဇ်က ဆေးဖော်စပ်တာကို နှစ်ပေါင်းများစွာ လေ့လာခဲ့တာဆိုတော့ သူ့စွမ်းရည်က မှန်းဆလို့ မရနိုင်ဘူး... နယ်အသီးသီးက စစ်တပ်တွေ စုစည်းလာတာကို သူ မတားဆီးခဲ့တာ မဆန်းပါဘူး... တကယ်တော့ သူက လောကီအင်အားစုတွေကို မကြောက်တာကိုး..."
ကျန်းယွီချွန်းက လေးနက်စွာ ပြောလိုက်တော့ ရွှီနင်းကလည်း….
"ဧကရာဇ်ရဲ့ သိုင်းပညာက တကယ်ပဲ မြင့်မားတယ်... ကျွန်မ သူနဲ့ သိုင်းကွက် အနည်းငယ်လောက်ပဲ ဖလှယ်ခဲ့ရပေမဲ့ သူ့ကို နိုင်ဖို့ ခက်ခဲမယ်ဆိုတာ ခံစားမိတယ်... တကယ်လို့ တိုက်မယ်ဆိုရင် သေဖို့ ပြင်ထားရလိမ့်မယ်... တခြားတပည့်တွေ အသက်စတေးခံရမှာစိုးလို့ ကျွန်မ ဆုတ်ခွာဖို့ အမိန့်ပေးခဲ့ရတာပါ..."
ကျန်းယွီချွန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး…
"မင်းရဲ့ ဆုံးဖြတ်ချက် မှန်ပါတယ်... မင်းတို့ရဲ့ တာဝန်က တည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းကို ဖျက်ဆီးဖို့ပဲ... ဧကရာဇ်ကို သတ်ဖို့ မဟုတ်ဘူး..."
ရွှီနင်း ခေါ်သွားသော တပည့်ရင်းများက မူလအားဖြည့်နယ်ပယ် တတိယအဆင့်ရှိကြသူများ ဖြစ်သည်။ တစ်ယောက်လောက် ဆုံးရှုံးရလျှင်ပင် ချင်းရှောင်ဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။
"မင်းတို့ ပြောပုံအရဆိုရင် အဲဒီ နတ်ဆိုးစစ်သည်တွေက သိုင်းနတ်ဘုရားဆေးလုံးနဲ့ ယင်ဝိညာဉ်ဆေးလုံး သောက်ထားတာ မဟုတ်လောက်ဘူး... ဧကရာဇ်ဆီမှာ ပိုပြီး ယုတ်မာတဲ့ ဆေးလုံးတွေ ရှိနေပုံရတယ်..."
ရှန်ယွဲ့က သူစဉ်းစားမိသမျှကို ဝင်ပြောပြလိုက်သည်။
ကျင်းဝူအစောင့်တပ်နှင့် တိုက်ခိုက်ခဲ့စဉ်က ဆေးလုံးသောက်ထားသူများသည် သာမန်လူသားများသာ ဖြစ်၍ ကိုင်တွယ်ရ မခက်ခဲခဲ့ပေ။
ကျန်းယွီ ပြောပြချက်အရ ထိုနတ်ဆိုးစစ်သည်များသည် သိုင်းနတ်ဘုရားဆေးလုံးနှင့် ယင်ဝိညာဉ်ဆေးလုံး နှစ်မျိုးပေါင်းစပ်ထားသော အာနိသင်ရှိပြီး ကြီးမားသော ခွန်အား၊ တစ္ဆေကဲ့သို့ လှုပ်ရှားမှုတို့ကို ပိုင်ဆိုင်ထားကာ နာကျင်မှုကို မသိရှိကြပေ။ ထို့အပြင် သူတို့၏ အတွင်းအားက သိုင်းပညာရှင်များ၏ အတွင်းအားကို ဝါးမျိုးနိုင်စွမ်း ရှိသည်။
ထိုကဲ့သို့သော သတ္တဝါများသည် ကိုင်တွယ်ရ အလွန်ခက်ခဲပြီး အရေအတွက်မှာလည်း သောင်းနှင့်ချီ ရှိနေသည်။
ကျူးယန်က မျက်မှောင်ကြုတ်လိုက်ပြီး….
"နတ်ဆိုးစစ်သည်တွေ အများကြီး ရှိနေမှတော့ ဧကရာဇ်က ပြင်ဆင်ထားတာ ကြာပြီပဲ... စီရင်စုခုနစ်ခု စစ်တပ် ကျန်းယန်မြို့တော်ကို ရောက်လာအောင် သူ တမင် စောင့်နေတာ ဖြစ်လောက်တယ်... စစ်တပ်ထဲမှာ စစ်သားတွေအပြင် သိုင်းလောကသားတွေလည်း အများကြီး ပါလာတာကိုး... တကယ်လို့ ဧကရာဇ်က သိုင်းပညာရှင်တွေကို ဆေးအဖြစ် သုံးချင်တာဆိုရင် ဒါက သူလိုချင်တဲ့ အခြေအနေပဲ..."
လီချင်းချိုး နှုတ်ဆိတ်နေကာ ရွှီနင်းနှင့် အခြားသူများ၏ သတင်းများကို နားထောင်ပြီးနောက် ချင်းရှောင်ဂိုဏ်းအနေဖြင့် ဧကရာဇ်၏ အင်အားကို ယှဉ်နိုင်မယှဉ်နိုင် စဉ်းစားနေမိသည်။
ထိုသောင်းချီသော နတ်ဆိုးစစ်သည်များကို လျှော့တွက်၍ မရပေ။ တပည့်များသာ သွားရောက်တိုက်ခိုက်လျှင် သေချာပေါက် အသေအပျောက် များပြားပေလိမ့်မည်။ လီချင်းချိုး မည်မျှပင် သန်မာပါစေ ကိုယ်ပွားပညာကို သူ မတတ်ချေ။
ကျန်းယွီချွန်းက လီချင်းချိုးကို ကြည့်ပြီး….
"ဂိုဏ်းချုပ်စီနီယာအစ်ကို... ကျွန်တော်တို့ မဆင်မခြင် မလုပ်သင့်ဘူး... ကမ္ဘာကြီးက ကျယ်ဝန်းပါတယ်... ဒွတာဝန်က ချင်းရှောင်ဂိုဏ်း တစ်ခုတည်းအပေါ်မှာ ရှိတာ မဟုတ်ပါဘူး... လောကကြီးက ပြည်နယ်အားလုံး အစွမ်းကုန် ပူးပေါင်းပြီး ဧကရာဇ်ကို တော်လှန်ကြမယ်ဆိုရင် နိုင်ကောင်း နိုင်ပါလိမ့်မယ်..."
တာ့လီမင်းဆက်ကြီးက ကျယ်ဝန်းလှသဖြင့် စီရင်စုခုနစ်ခု၏ အင်အားက စစ်သည် သိန်းဂဏန်းမျှထက် ပိုမို ကြီးမားသည်။ ဤကိစ္စ ပျံ့နှံ့သွားပါက ပိုမိုကြီးမားသော အင်အားစုများကို စုစည်းနိုင်မည်ဟု ကျန်းယွီချွန်း ယုံကြည်သည်။
လီချင်းချိုး ခေါင်းညိတ်လိုက်သော်လည်း အချိန်ဆွဲလေ ဧကရာဇ်အတွက် ပိုအကျိုးရှိလေ ဖြစ်မလားဟု တွေးတောနေမိပြန်သည်။
ကျူးယန်က ….
"ဂိုဏ်းချုပ်... ကျွန်မတို့ တကယ်ပဲ စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး... ကျန်းယန်မြို့တော်ရဲ့ အခြေအနေကို အတတ်နိုင်ဆုံး စုံစမ်းခိုင်းလိုက်ပါ့မယ်..."
အခြားသူများလည်း ကျူးယန်၏အဆိုပြုချက်ကို ထောက်ခံကြသည်။
ဤအခြေအနေက ကုကျိုးစီရင်စုက အခြေအနေနှင့် မတူဘဲ ပိုမို ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကို ရင်ဆိုင်နေရကြောင်း အားလုံး ခံစားမိကြသည်။
"လာမယ့် ကာလတွေမှာ ကင်းလှည့်တာတွေ တိုးမြှင့်မယ်... တပည့်တွေ တောင်အောက်ဆင်းတာကို အတတ်နိုင်ဆုံး လျှော့ချမယ်..."
လီချင်းချိုး အမိန့်ပေးလိုက်တော့
အားလုံးက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ဤကိစ္စက လူတိုင်းအပေါ် ဖိအားသက်ရောက်စေသည်။ ဒါဟာလည်း ဧကရာဇ်၏ အင်အား ကြီးမားလွန်းသောကြောင့် သာမက သူ မည်သည်ကို ကြံစည်နေမှန်း မသိရသောကြောင့် ဖြစ်သည်။
……….
မှိန်ဖျော့သော မီးရောင်အောက်ရှိ ကန်ဝူနန်းဆောင်၌….
ဘုန်း…
အလောင်းတစ်လောင်း လှေကားထစ်များပေါ်မှ လိမ့်ကျလာပြီး ခန်းမကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည်။ ကြည့်လိုက်လျှင် ခန်းမထဲ၌ အလောင်းပေါင်း ဒါဇင်ချီ ပြန့်ကျဲနေပြီး တချို့မှာ အကျဉ်းသားဝတ်စုံနှင့် ဖြစ်ကာ တချို့မှာ စစ်ဝတ်စုံနှင့် ဖြစ်သည်။
လှေကားထစ်များအထက် နဂါးပလ္လင်ရှေ့၌ ကျောက်ကျိ တင်ပျဉ်ခွေ ထိုင်နေပြီး လက်များကို ပေါင်ပေါ်တွင် တင်ထားပြီး လက်ဝါးများကို ဖြန့်ထားသည်။ အနက်ရောင် ချီအငွေ့အသက်များက သူ့ပတ်လည်တွင် လည်ပတ်နေပြီး ရှုပ်ထွေးနေသော ဆံပင်ရှည်များက လေထဲတွင် လွင့်ပျံနေရာ အလွန် ဆိုးရွားကြောက်မက်ဖွယ် ကောင်းနေသည်။
ကျင်းဝူအစောင့်တပ်သားများ ခန်းမထဲသို့ ဝင်လာပြီး အလောင်းများကို ဆွဲထုတ်သွားကြသည်။ ပြီးသည်နှင့် နောက်ထပ် ကျင်းဝူအစောင့်တပ် တစ်ဖွဲ့က အကျဉ်းသားများနှင့် စစ်သည်များကို ဖမ်းဆီး ခေါ်ဆောင်လာကြသည်။
"ကျောက်ကျိ... မင်း သေချင်းဆိုးနဲ့ သေရမှာ..."
"အရှင်မင်းကြီး... ကျွန်တော်မျိုး မှားပါတယ်... ကျွန်တော်မျိုးကို အခွင့်အရေး ပေးပါ... အရှင်မင်းကြီးကို အလုပ်အကျွေး ပြုပါ့မယ်..."
"ကျောက်ကျိ... မင်းက ဧကရာဇ်လေ... တိုင်းသူပြည်သားတွေရဲ့ ဖခင်လေ... ဘယ်လိုလုပ် ဒီလောက် ယုတ်မာရက်စက်ရတာလဲ... မဟာဘိုးဘေးနဲ့ ပြည်သူတွေကို ငဲ့ညှာသောအားဖြင့် မင်းမှာ သိစိတ်လေးတောင် မရှိတော့ဘူးလား... မင်းက လူလား... နတ်ဆိုးလား..."
"အရှင်မင်းကြီး... မှော်ဆရာတွေ လှည့်စားတာကို မခံပါနဲ့တော့... ဒီလောကမှာ ထာဝရအသက်ရှင်နိုင်တဲ့သူ မရှိပါဘူး..."
"ဧကရာဇ်အယုတ်တမာ... ငါ သရဲဖြစ်ရင်တောင် မင်းကို ခွင့်မလွှတ်ဘူး..."
အကျဉ်းသားများကို ခေါ်ဆောင်လာသည်နှင့် ခန်းမကြီး တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
ကျောက်ကျိက ညာလက်ကို မြှောက်လိုက်ပြီး အဝေးမှ အကျဉ်းသားတစ်ယောက်ကို လှေကားထစ်ပေါ်သို့ ဆွဲယူလိုက်ကာ လည်ပင်းကို ညှစ်၍ အသံတိတ်သွားစေသည်။
ထိုမြင်ကွင်းကြောင့် အခြားအကျဉ်းသားများ ကြောင်အသွားကြပြီး ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေမိကြသည်။
အကျဉ်းသားများ၏ ရှေ့မှောက်တွင်ပင် ကျောက်ကျိက ပါးစပ်ဟ၍ နှာခေါင်းနှင့် ပါးစပ်မှတဆင့် ရှူသွင်းလိုက်ရာ သူ့ လက်ထဲမှ အကျဉ်းသား၏ မျက်နှာမှ မှိန်ဖျော့သော အသက်ဓာတ်ငွေ့များ ထွက်ပေါ်လာသည်။ထိုအခါ ကျောက်ကျိ၏ ဘေးပတ်လည်ရှိ အနက်ရောင် စွမ်းအင်များ ဆူပွက်လာပြီး ကြောက်မက်ဖွယ် တစ္ဆေပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
"သရဲ... သရဲ..."
အကျဉ်းသားတစ်ယောက် မျက်လုံးပြူးကာ မျက်နှာဖြူရော်လျက် ရေရွတ်လိုက်သော်လည်း မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေလေပြီ။
မျက်နှာဖုံး တပ်ဆင်ထားသော ကျင်းဝူအစောင့်တပ်သားများကတော့ ထိုအရာအားလုံးကို အေးစက်စွာ ကြည့်နေကြသည်။
မကြာခင်မှာပင် ကန်ဝူနန်းဆောင်ထဲ၌ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ငရဲခန်းကဲ့သို့ ဖြစ်သွားတော့သည်။
နာရီဝက်ခန့် ကြာသောအခါ ကျင်းဝူအစောင့်တပ်သားများက အလောင်းများကို တစ်လောင်းပြီး တစ်လောင်း ဆွဲထုတ်သွားကြပြန်သည်။
ထိုအချိန်တွင် လျှို့ဝှက်မြို့စားမင်း ခန်းမထဲသို့ ဝင်လာပြီး လှေကားထစ်များရှေ့တွင် ရပ်ကာ ကျောက်ကျိကို ဦးညွှတ်လိုက်သည်။
"အရှင်မင်းကြီး... ယဇ်ပလ္လင် တည်ဆောက်နေပါပြီ... အလွန်ဆုံး သုံးရက်အတွင်း ပြီးစီးပါလိမ့်မယ်... ဒါပေမဲ့ နတ်ဆရာက ရက်ကောင်းရက်မြတ်ကို စောင့်ရမယ်လို့ ပြောပါတယ်..."
"ဒါဆိုရင်လည်း နတ်ဆရာ အကြံပေးတဲ့အတိုင်း လုပ်လိုက်..."
"အရှင်မင်းကြီး... ယဇ်ပလ္လင်ပြီးတာနဲ့ ကောင်းကင်ဖာထေးခြင်း မဟာစီမံကိန်းကို ချက်ချင်း စတင်သင့်ပါတယ်... အချိန်ဆွဲလို့ မဖြစ်တော့ပါဘူး... အခြေအနေက ဒီအထိ ရောက်နေပြီမို့လို့ အမှားအယွင်း ခံလို့မရတော့ပါဘူး..."
"ကောင်းကင်ဖာထေးခြင်း စီမံကိန်းကို လောလို့မရဘူး... နတ်ဆရာ ပြောသလိုပဲ... မသေမျိုးလမ်းစဉ်ကို ရောက်ဖို့ဆိုတာ အချိန်အခါ၊ နေရာဒေသနဲ့ လူသားတို့ရဲ့ သဟဇာတဖြစ်မှု လိုအပ်တယ်... ဘယ်အရာမှ လိုအပ်လို့ မရဘူး..."
ကျောက်ကျိက အေးဆေးတည်ငြိမ်စွာ ပြောလိုက်ရာ လျှို့ဝှက်မြို့စားမင်းမှာ သူ့မိုက်မဲမှုကို စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။
လျှို့ဝှက်မြို့စားမင်း အကြံဉာဏ် ပေးမည့်ဆဲဆဲတွင် အမတ်အိုတစ်ဦး ခန်းမထဲသို့ ဝင်လာပြီး သူ့ဘေးတွင် ရပ်ကာ ကျောက်ကျိကို လျှောက်တင်လိုက်သည်က….
"အရှင်မင်းကြီး... တောင်ပိုင်းချူပြည်နယ် ဖုန်းရှားတောင်က လူတစ်ယောက် ရောက်နေပါတယ်... သူ့နာမည်က တာအိုဆရာပိုင်ရှုပါ... နတ်ရွာစံ ဧကရာဇ်ရဲ့ အမိန့်တော်ကို ကိုင်ဆောင်ထားပြီး အရှင်မင်းကြီးကို ရတနာ ဆက်သချင်လို့ပါတဲ့..."
ထိုစကားကို ကြားသောအခါ ကျောက်ကျိ မျက်လုံးဖွင့်လိုက်ပြီး စိတ်ဝင်စားစွာ မေးလိုက်လေသည်။
"ဖုန်းရှားတောင် ဟုတ်လား... အတိတ်က သိုင်းလောက သူတော်စင်နယ်မြေနှစ်ခုထဲက တစ်နေရာပေါ့... အဲဒီတုန်းက ခမည်းတော်က သူတို့ကို စည်းရုံးခဲ့ပေမဲ့ ငြင်းဆန်ခဲ့ကြတယ်... ဒါကြောင့် သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ နေရာကို အစားထိုးဖို့ တည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းကို ဖွဲ့စည်းခဲ့ရတာ... ဒီနေ့ကျမှ သူတို့ဘက်က စပြီး လာတွေ့မယ်လို့ မထင်ထားခဲ့ဘူး... ဖုန်းရှားတောင်က ကောင်းကင်ကံကြမ္မာကို ဟောကိန်းထုတ်နိုင်တယ်လို့ ဆိုကြတယ်... ငါ မသေမျိုး ဖြစ်လာမယ့်အကြောင်း သူတို့ ဟောကိန်းထုတ်ပြီးသား ဖြစ်နေမလား... ဝင်ခွင့်ပြုလိုက်..."
"ဟုတ်ကဲ့..."
အမတ်အိုကြီး ချက်ချင်း ပြန်ထွက်သွားတော့
လျှို့ဝှက်မြို့စားမင်းက သတိပေးသည့်သဘောဖြင့်….
"ဖုန်းရှားတောင်က ဒီတစ်ခါ လာတာ ရည်ရွယ်ချက်ကောင်း ရှိချင်မှ ရှိမှာပါ..."
"ဘာလဲ... ဒီနန်းဆောင်ထဲမှာ သူက ငါ့ကို လုပ်ကြံရဲပါ့မလား... လီချင်းချိုး လာရင်တောင် ငါ မကြောက်ဘူး..."
ကျောက်ကျိက မထီမဲ့မြင် ပြောလိုက်တော့
လျှို့ဝှက်မြို့စားမင်း အသာငြိမ်နေလိုက်သည်။ သူ ထွက်မသွားဘဲ ခန်းမထဲတွင် စောင့်နေလိုက်ပြိး ကျောက်ကျိကလည်း သူ့ကို ထွက်သွားရန် မပြောဘဲ ဆက်လက် ကျင့်ကြံနေသည်။
ခဏအကြာတွင်...
အမတ်အိုကြိးက ပိုင်ရှုကို ခန်းမထဲသို့ ခေါ်ဆောင်လာရာ ကျောက်ကျိ မျက်လုံးဖွင့်ပြီး အကဲခတ်လိုက်သည်။
ပိုင်ရှုက သားမြီးယပ်ကို ကိုင်လျက် တည်ငြိမ်စွာ လျှောက်လှမ်းလာပြီး လျှို့ဝှက်မြို့စားမင်းဘေးသို့ ရောက်သောအခါ ကျောက်ကျိကို ဦးညွှတ်လိုက်ပြီး….
"ကျွန်တော်က ဖုန်းရှားတောင်က တာအိုဆရာပိုင်ရှုပါ... လွန်ခဲ့တဲ့ လအနည်းငယ်က ကောင်းကင်နက္ခတ်ကို ကြည့်ရှုခဲ့တော့ တာ့လီမင်းဆက်မှာ အပြောင်းအလဲတွေ ဖြစ်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်... အရှင်မင်းကြီးကို ရတနာ ဆက်သဖို့ ရောက်လာတာပါ..."
ပြောရင်းဆိုရင်း သူက အိတ်ကပ်ထဲမှ စာလိပ်တစ်ခုကို ထုတ်လိုက်ပြီး လှေကားထစ်များပေါ်သို့ တက်ကာ ကျောက်ကျိကို ဆက်သရန် ပြင်လိုက်တော့ လျှို့ဝှက်မြို့စားမင်းက လက်ကာ၍ တားလိုက်ပြီး…
"ငါ့ကို ပေး..." ဟုဆိုသောအခါ
တာအိုဆရာပိုင်ရှုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်ထဲမှ စာလိပ်ကို ကမ်းပေးလိုက်သည်။
ကျောက်ကျိကို ခွင့်မတောင်းဘဲ လျှို့ဝှက်မြို့စားမင်း (ရွှမ်းချင်း) က စာလိပ်ကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ရှုခင်းပန်းချီကား တစ်ချပ်ကို တွေ့လိုက်ရပြီး ထူးထူးခြားခြား ဘာမှ မရှိပေ။
"ဒီပန်းချီကားက ဘာတန်ဖိုးရှိပြီး ဘာအဓိပ္ပာယ် ရှိတာလဲ..."
လျှို့ဝှက်မြို့စားမင်းက ပိုင်ရှုကို စိုက်ကြည့်ရင်း မေးလိုက်လေသည်။
ကျောက်ကျိက လှေကားထစ်ပေါ်တွင် ထိုင်လျက် သူတို့ကို ပြုံးစစ ကြည့်နေပြီး လျှို့ဝှက်မြို့စားမင်း၏ မေးမြန်းမှုကို မတားဆီးပေ။
"ဒီပန်းချီကားက ကျွန်တော့်ဂိုဏ်းရဲ့ ဘိုးဘေး ထားရစ်ခဲ့တာပါ... သူ ပြောခဲ့တာက ကောင်းကင်ကံကြမ္မာ ပါတဲ့သူမှသာ ပန်းချီကားထဲက လျှို့ဝှက်ချက်ကို မြင်နိုင်မယ်တဲ့..."
ထိုစကားကို ကြားသောအခါ ကျောက်ကျိလည်း မနေနိုင်ဘဲ ….
"ရွှမ်းချင်း... ပန်းချီကားကို ငါ့ဆီ ပေးလိုက်..."
လျှို့ဝှက်မြို့စားမင်း ခဏမျှ တုံ့ဆိုင်းနေပြီးနောက် စာလိပ်ကို ယူ၍ လှေကားထစ်များပေါ်သို့ တက်သွားခဲ့သည်။
အမတ်အိုကြီးကလည်း စာလိပ်ထဲတွင် ဘာလျှို့ဝှက်ချက် ပါသလဲဟု သိချင်စိတ်ဖြင့် စပ်စုကြည့်နေမိသည်။
လျှို့ဝှက်မြို့စားမင်း ကျောက်ကျိရှေ့သို့ ရောက်သွားပြီး သူ့ မြင်ကွင်းကို ပိတ်လိုက်ချိန်တွင် ပိုင်ရှုက ရုတ်တရက် လက်နှစ်ဖက်ကို မြှောက်၍ ရင်ဘတ်ရှေ့တွင် ပူးကပ်ကာ တစ်စုံတစ်ခုကို လျင်မြန်စွာ ရွေ့ရွတ်လိုက်သည်။
ချွင်….
ထိုစဉ် ဓားထုတ်လိုက်သံနှင့်အတူ အေးစက်သော အလင်းတန်းတစ်ခု ခန်းမထဲတွင် လက်သွားသည့်အတွက် လျှို့ဝှက်မြို့စားမင်း အလိုအလျောက် နောက်လှည့်ကြည့်လိုက်ရာ ပုံရိပ်ယောင်တစ်ခု သူ့ဆီသို့ ပြေးဝင်လာပြီး သူ့ကို ကျော်ဖြတ်သွားသည်ကို တွေ့လိုက်ရသဖြင့်
လျှို့ဝှက်မြို့စားမင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
မျက်လုံးထောင့်မှနေ၍ ထိုတစ္ဆေကဲ့သို့ ပုံရိပ်ကို ဖမ်းမိလိုက်ရာ ပိုင်ရှု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သို့သော် ပိုင်ရှုက လှေကားထစ် အောက်ခြေတွင် မတ်တပ်ရပ်လျက် သူ့ကို စိုက်ကြည့်နေဆဲပင်….
ပိုင်ရှုက နှစ်ယောက်တောင်လား...