ကောင်းကင်ယံမှ ဆင်းသက်လာခြင်း…
Vol. 13 Ch. 126
လျှို့ဝှက်မြို့စားမင်း၏ တုံ့ပြန်မှုနှုန်းမှာ လွန်စွာ လျင်မြန်သော်လည်း ယခုတစ်ကြိမ်တွင် ပိုင်ရှု၏ အမြန်နှုန်းကို မမီနိုင်ခဲ့ပေ။
သူ အံ့အားသင့်နေစဉ်မှာပင် ပိုင်ရှုနှင့် ခွဲမရအောင် တူညီသော ပုံရိပ်ယောင်က သူ့ဘေးမှ ဖြတ်ကျော်ကာ လက်ထဲမှ စာလိပ်ကို လုယူ၍ ကျောက်ကျိ၏ ရှေ့တွင် လက်တစ်ဖက်တည်းဖြင့် ချလိုက်သည်။
ကျောက်ကျိလည်း ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေရင်း အလစ်အငိုက် မိသွားခဲ့သည်။ ဝတ်ရုံဖြူ တာအိုဆရာ၏ လက်ထဲမှ စာလိပ်ပွင့်လာသည်ကို မြင်လိုက်ရသောအခါ သူ့ မျက်လုံးအိမ်များ ကျယ်သွားသည်။ သူ အလိုအလျောက် မတ်တတ်ရပ်ရန် ပြင်လိုက်စဉ်မှာပင် ပန်းချီကားထဲမှ ဓားရိပ်တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ထိုဓားရိပ်ကြောင့် သူ့ပတ်လည်ရှိ အနက်ရောင် စွမ်းအင်များ အေးခဲသွားပြီး သူ့ကိုယ်ပေါ်တွင် တစ္ဆေပုံရိပ်တစ်ခု ပေါ်လာကာ ဓားရိပ်ကို ကာကွယ်ပေးလိုက်ရသည်။
လျှို့ဝှက်မြို့စားမင်းက လှည့်ကြည့်ပြီး လှမ်းဆွဲလိုက်သော်လည်း သူ့လက်က ဝတ်ရုံဖြူ တာအိုဆရာ၏ ပုံရိပ်ယောင်ကို ဖောက်ထွက်သွားပြီး မည်သည့်အရာကိုမျှ ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ပေ။
သူက ချက်ချင်း နောက်ပြန်လှည့်ပြီး လှေကားထစ်အောက်ရှိ ပိုင်ရှုတာအိုဆရာအစစ် ရှိရာသို့ ပြေးဝင်သွားတော့
ပိုင်ရှု၏ မူလခန္ဓာကိုယ်မှာ လက်သင်္ကေတပြသည့် ပုံစံအတိုင်း ရပ်နေပြီး ပြေးဝင်လာသော လျှို့ဝှက်မြို့စားမင်းကို ခုခံကာကွယ်မည့် အရိပ်အယောင် မပြချေ။
ဘုန်း…….
လျှို့ဝှက်မြို့စားမင်းက ပိုင်ရှုကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ ခန်းမအပြင်ဘက်သို့ လွင့်ထွက်သွားပြီး ဘေးနားရှိ အမတ်အိုကြီးလည်း ကြောက်လန့်တကြား နောက်ဆုတ်သွားသည်။
လျှို့ဝှက်မြို့စားမင်းက ထိုမျှနှင့်မရပ်တန့်သေးဘဲ အလင်းတန်းပမာ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ခန်းမအပြင်ဘက်သို့ ပြေးထွက်ကာ အဖြူရောင် ကျောက်လှေကားထစ်များပေါ်တွင် လဲကျနေသော ဆံဖြူတာအိုဆရာ၏ လည်ပင်းကို ချိုးပစ်လိုက်ကာ ထိုသူ၏ အသက်ဓာတ် ချုပ်ငြိမ်းသွားသည်ကို မြင်မှ ကန်ဝူနန်းဆောင်ထဲသို့ ပြန်လှည့်လာခဲ့သည်။
ဝတ်ရုံဖြူ တာအိုဆရာ၏ ပုံရိပ်ယောင်ကတော့ ပျောက်ကွယ်မသွားသေးဘဲ လက်တစ်ဖက်ဖြင့် စာလိပ်ကို ကိုင်ထားဆဲပင်။ စာလိပ်ထဲမှ ထွက်ပေါ်လာသော ဓားရိပ်က ကျောက်ကျိ၏ နဖူးကို ဖောက်ဝင်သွားပြီ ဖြစ်သည်။ ကျောက်ကျိ၏ ကိုယ်ပေါ်မှ တစ္ဆေပုံရိပ်မှာ တုန်ခါနေပြီး ခုခံနိုင်စွမ်း မရှိတော့ချေ။
"အရှင်မင်းကြီး..."
လျှို့ဝှက်မြို့စားမင်းက အာမေဋိတ် ပြုလိုက်ပြီး ရှေ့တိုးရန် ပြင်လိုက်စဉ် ဝတ်ရုံဖြူ တာအိုဆရာ၏ ပုံရိပ်ယောင်က ရုတ်တရက် ရှေ့သို့ တိုးဝင်လိုက်ရာ စာလိပ်ထဲမှ ဓားရိပ်က ကျောက်ကျိ၏ ဦးခေါင်းကို ထိုးဖောက်သွားပြီး တစ္ဆေပုံရိပ်ကိုပါ ဖြိုခွင်းလိုက်လေသည်။
အမတ်အိုကြီးမှာ ကြောက်လန့်လွန်းသဖြင့် မြေကြီးပေါ်သို့ ပုံရက်သား လဲကျသွားပြီး သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ပိုင်ရှု၏ ပုံရိပ်ယောင်ကို မျက်လုံးပြူးကာ ကြည့်နေမိသည်။
လျှို့ဝှက်မြို့စားမင်းလည်း ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိတော့ပေ။
"လူသားတွေအပေါ် ဘေးဒုက္ခ ယူဆောင်လာတဲ့ မိစ္ဆာကောင်... မင်းက ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး... မင့်ရဲ့ ပြစ်မှုတွေက ခွင့်လွှတ်လို့ မရနိုင်ဘူး... ကောင်းကင်က မင်းကို အပြစ်မပေးရင်တောင် ဖုန်းရှားတောင်က အပြစ်ပေးလိမ့်မယ်..."
ဝတ်ရုံဖြူ တာအိုဆရာက စူးရှစွာ အော်ဟစ်လိုက်ပြီး ပုံရိပ်ယောင် ပျောက်ကွယ်သွားကာ ငွေရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ စာလိပ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် စာလိပ်၏ မျက်နှာစာမှ တောက်ပသော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ဓားရိပ်က ကျုံ့ဝင်သွားပြီး ကျောက်ကျိ၏ ကိုယ်ထဲမှ နောက်ထပ် ကျောက်ကျိတစ်ယောက်ကို ဆွဲထုတ်လိုက်သည်။ ထိုပုံရိပ်သည် ပိုင်ရှုကဲ့သို့ပင် ပုံရိပ်ယောင် ဖြစ်ပြီး စစ်မှန်သော ရုပ်ခန္ဓာ မဟုတ်ပေ။
လျှို့ဝှက်မြို့စားမင်းက ကျောက်ကျိ၏ ဘေးနားတွင် ရုတ်တရက် ပေါ်လာပြီး လက်ဝါးကို ဓားအဖြစ် အသုံးပြု၍ ဓားရိပ်များကို ခုတ်ပိုင်းလိုက်သည်။
ယခုတစ်ကြိမ်တွင် သူသည် ဓားရိပ်ကို အောင်မြင်စွာ ဖျက်ဆီးနိုင်လိုက်သည်။
ထိုအခါ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် စာလိပ်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ကျောက်ကျိ ရုတ်တရက် နောက်သို့ လန်ကျသွားပြီး နဂါးပလ္လင်နှင့် ဝင်ဆောင့်မိကာ သူ့ရဲ့ ပုံရိပ်ယောင် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်နှင့်
ကျောက်ကျိ၏ မောပန်းစွာ အသက်ရှူသံမှလွဲ၍ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။
ထိုအခါမှသာ လျှို့ဝှက်မြို့စားမင်း အသိပြန်ဝင်လာပြီး မြေပြင်ပေါ်မှ စာလိပ်ကို ကန်ထုတ်လိုက်ကာ ကျောက်ကျိကို အမြန် ဒူးထောက်၍ တွဲထူလိုက်ရသည်။
ကျောက်ကျိ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ကာ ခွန်အားများ စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး အရုပ်ကြိုးပြတ် လဲကျသွားလေသည်။
"သူ... သူ..."
ကျောက်ကျိ၏ အသံမှာ တုန်ယင်နေပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေသည်။
"သူ့လည်ပင်းကို ကျွန်တော်မျိုး ချိုးလိုက်ပါပြီ... လုံးဝ သေသွားပါပြီ..."
ပိုင်ရှုတွင် ဤကဲ့သို့သော နည်းလမ်းများ ရှိလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် သူလည်း ထပ်တူ တုန်လှုပ်နေမိသည်။
ကျောက်ကျိက အမတ်အိုကြီးကို ကြည့်လိုက်ပြီး ထိတ်လန့်တကြား အမူအရာဖြင့် သွေးများအန်ကာ မောဟိုက်စွာ အမိန့်ပေးလိုက်သည်။
"မြန်မြန်... နတ်ဆရာကို မြန်မြန် သွားပင့်စမ်း..."
…
လက်ရှိအချိန်၌ မြေအောက် ဝိညာဉ်ရေကန်တွင် ကျင့်ကြံနေသော လီချင်းချိုး မျက်လုံးဖွင့်လိုက်သည်။
အဝေးတစ်နေရာမှ ထူးဆန်းသော အငွေ့အသက် ပျောက်ကွယ်သွားသည်ကို ရုတ်တရက် အာရုံခံလိုက်မိသဖြင့် သူ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
တောင်ဘက်ပိုင်းမှာ မမျှော်လင့်ထားတဲ့ ဘာကိစ္စတွေ ဖြစ်သွားတာလဲ…
ရေကန်၏ တစ်ဖက်ခြမ်းတွင် ထိုင်နေသော ရွှီနင်းလည်း မျက်လုံးဖွင့်လိုက်သည်။ သူမလည်း ထိုထူးဆန်းသော အငွေ့အသက်ကို ခံစားမိသော်လည်း လီချင်းချိုးလောက်တော့ ရှင်းလင်းစွာ မသိရှိပေ။
"ဆရာ... အပြန်လမ်းမှာ ပိုင်ရှုလို့ ခေါ်တဲ့ တာအိုဆရာ တစ်ယောက်နဲ့ တွေ့ခဲ့တယ်... သူက တောင်ပိုင်းချူပြည်နယ်
ဖုန်းရှားတောင်က လာတာတဲ့... သူ့သိုင်းပညာက မနိမ့်ဘူး... သူတစ်ယောက်တည်း ကျန်းယန်မြို့တော်ဘက်ကို သွားခဲ့တာ... သူများ အောင်မြင်သွားတာလား..."
"ဖုန်းရှားတောင် ဟုတ်လား...
လောလောဆယ် ပြောဖို့ ခက်သေးတယ်... သေချာအောင် နောက်ထပ် ရက်နည်းနည်းလောက် စောင့်ကြည့်ရဦးမယ်..."
ဂိုဏ်းချုပ်တစ်ယောက် အနေဖြင့် သိုင်းလောက တစ်ခုလုံးကို နားလည်ထားရန် လိုအပ်ပေသည်။ ဖုန်းရှားတောင်နှင့် ပတ်သက်၍ သက်ဆိုင်ရာ မှတ်တမ်းများကို သူ ဖတ်ဖူးသည်။ တာ့လီမင်းဆက် မတည်ထောင်မီက ၎င်းသည် မြင့်မြတ်သော နယ်မြေနှစ်ခုအနက် တစ်ခု ဖြစ်ခဲ့ပြီး ကြွယ်ဝသော သမိုင်းကြောင်း ရှိသည်။
ဖုန်းရှားတောင်တွင် သိုင်းပညာ အမွေအနှစ်များ ရှိရုံသာမက ထူးခြားဆန်းကြယ်သော ပညာရပ်များနှင့် ဆေးဖော်စပ်နည်းများကိုပါ တတ်ကျွမ်းသည်ဟု ဆိုကြသည်။ အရင်က ဖုန်းရှားတောင်နှင့် ဆက်ဆံရေး ထူထောင်ပြီး ဆေးပညာ လေ့လာရန် တပည့်တစ်ယောက် စေလွှတ်ဖို့ပင် သူ စဉ်းစားခဲ့ဖူးသည်။
ရွှီနင်းက ဆရာဖြစ်သူ၏စကားကို နာခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ပိုင်ရှု အောင်မြင်မလား ဆိုသည်ကို သူမ မသေချာပေ။ သူမအမြင်အရ ပိုင်ရှုက သူမလောက် မသန်မာသဖြင့် ဧကရာဇ်ကို သတ်ဖြတ်ရန် လွယ်ကူမည် မဟုတ်ပေ။
ဧကရာဇ်နှင့် တွေ့ဆုံခဲ့ခြင်းက မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိလိုသော သူမ၏ ဆန္ဒကို ပိုမို ပြင်းပြစေခဲ့သည်။
မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိပြီးကတည်းက သူမ၏ ဆရာမှလွဲ၍ မည်သူမျှ သူမကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ဟု ထင်မြင်ခဲ့သည်။ သို့သော် ဧကရာဇ်၏ အင်အားနှင့် နတ်ဆိုးစစ်သည်များက သူမကို တုန်လှုပ်စေခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် သူမ အားကိုးရာမဲ့ ဖြစ်သွားသလို ခံစားလိုက်ရပြီး ဧကရာဇ်၏ ပူးပေါင်းကြံစည်မှုကို တားဆီးနိုင်မည် မဟုတ်ကြောင်း သဘောပေါက်လိုက်မိသည်။
"ဆရာ... လောကကြီးရဲ့ အခြေအနေကို တစ်ယောက်တည်း ပြောင်းပြန်လှန်ပစ်နိုင်ဖို့ ဟွမ်ယွမ်ကျမ်းစာ ဘယ်အဆင့်လောက်အထိ ကျင့်ကြံဖို့ လိုမလဲ..."
"နဝမအဆင့်လောက် ရောက်ရင်တော့ ဖြစ်နိုင်လောက်ပါတယ်..."
"နဝမအဆင့်တဲ့လား..."
ရွှီနင်း အနည်းငယ် စိတ်ဓာတ်ကျသွားချေပြီ….
လီချင်းချိုးကလည်း သူမကို မနှစ်သိမ့်ခဲ့ပေ။ သူမ အရွယ်ရောက်နေပြီ ဖြစ်၍ ကိုယ်တိုင် စဉ်းစားတွေးခေါ်နိုင်ပြီ ဖြစ်သည်။ အခက်အခဲများနှင့် အတားအဆီးများက တစ်ခါတစ်ရံတွင် ကျင့်ကြံသူများအတွက် ဉာဏ်အလင်းရစေသော အရာများ ဖြစ်သည်။
အမှန်တကယ်တော့ သူကိုယ်တိုင်လည်း ဤပြဿနာကို စဉ်းစားနေခြင်း ဖြစ်သည်။
ကျောက်ကျိနှင့် လျှို့ဝှက်မြို့စားမင်းတို့၏ ပူးပေါင်းကြံစည်မှုကို တားဆီးနိုင်စွမ်း သူ့မှာ ရှိရဲ့လား…
…
ရွှီနင်းနှင့် အခြားသူများ ပြန်ရောက်ပြီး မကြာမီမှာပင် စီရင်စုခုနစ်ခု မဟာမိတ်တပ်ပေါင်းစု ရှုံးနိမ့်သွားသော သတင်းက မီးလောင်ရာ လေပင့်သကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မျိုးကြီးဆွေကြီး မိသားစုများ၏ စာပို့ခိုများ နေရာအနှံ့သို့ ပျံသန်းနေကြပြီး ထိုသတင်းက ချင်းရှောင်ဂိုဏ်းအတွင်းသို့လည်း ရောက်ရှိလာသည်။
ဧကရာဇ်နှင့် နတ်ဆိုးစစ်သည်များအကြောင်းက တပည့်များကြားတွင် ရေပန်းအစားဆုံး ပြောစရာ ခေါင်းစဉ်များ ဖြစ်လာပြီး တပည့်များစွာတို့က စီရင်စုမြို့တော်ကို ကယ်တင်ခဲ့စဉ်ကကဲ့သို့ပင် လောကကြီးကို ကယ်တင်ရန် တောင်အောက်ဆင်းခွင့် အမိန့်ကို စောင့်မျှော်နေကြသည်။
သို့သော် သတင်းများ ပိုမို ရောက်ရှိလာသည်နှင့်အမျှ တပည့်များ၏ တိုက်ခိုက်လိုစိတ်များ လျော့ပါးလာသည်။ ရွှီနင်းက ဧကရာဇ်နှင့် တကယ်တမ်း တိုက်ခိုက်ခဲ့ဖူးပြီး သူမ ဆုတ်ခွာခဲ့ရခြင်းကို ကြည့်ခြင်းအားဖြင့် ဧကရာဇ်၏ သိုင်းပညာက သူမထက် သာလွန်ကြောင်း မှန်းဆနိုင်သည်။
လီစစ်ဖုန်းကလည်း နတ်ဆိုးစစ်သည်များ၏ စွမ်းအားအကြောင်းကို တပည့်များကို ပြောပြလိုက်ရသည်။
ဓားပြီးလှံပြီး၊ ကြီးမားသော ခွန်အားရှိပြီး ကျားသစ်ကဲ့သို့ လျင်မြန်ကာ နာကျင်မှုကို မသိရှိသည့်အပြင် တစ်ဖက်လူ၏ အတွင်းအားကိုပါ ဝါးမျိုးနိုင်စွမ်းရှိတဲ့... ဒီလို နတ်ဆိုးစစ်သည်မျိုးကို ဘယ်လို တိုက်ခိုက်မလဲ…
ပိုပြီး ကြောက်စရာကောင်းတာက ဧကရာဇ်ရဲ့ လက်အောက်မှာ အဲဒီလို နတ်ဆိုးစစ်သည်မျိုး သောင်းနဲ့ချီ ရှိနေတာပဲ…
မူလအားဖြည့်နယ်ပယ် တတိယအဆင့်ရှိသော တပည့်ရင်း ကိုယ်တိုင်ကပင် တစ်ယောက်ချင်း တိုက်ခိုက်လျှင်တောင် နတ်ဆိုးစစ်သည် တစ်ကောင်ကို သတ်နိုင်ဖို့ အချိန်ယူရပြီး အစွမ်းကုန် ကြိုးစားရမည်ဟု ဝန်ခံထားသည်။ သို့သော် စစ်မြေပြင်တွင် တစ်ယောက်ချင်း တိုက်ခိုက်ခွင့် ရမည် မဟုတ်ပေ။
ဤသတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ ဧကရာဇ်နှင့် နတ်ဆိုးစစ်တပ် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း တပည့်များ ပိုမို သိရှိလာကြပြီး လောကကြီးအတွက် စိုးရိမ်ပူပန်လာကြသည်။
ရှေးယခင်ကတည်းက မကောင်းမှုဟူသည် ကောင်းမှုကို မအောင်နိုင်ဟု ဆိုကြသည်။ ယခု ဘာကြောင့် လောကကြီးတွင် မကောင်းမှုများ ပျောက်ကွယ်မသွားသေးသနည်း။
ချင်းရှောင်ဂိုဏ်းတောင်မှ ဒီလို ဖြစ်နေရင် တခြားနေရာတွေမှာ ဘယ်လောက်တောင် ဆိုးလိုက်မလဲ... သာမန်ပြည်သူတွေ၊ ကုန်သည်တွေနဲ့ သိုင်းလောကသားတွေ တိုးများလာပြီး ဇာတိမြေကို စွန့်ခွာကာ ကျန်းယန်မြို့တော်နှင့် ဝေးရာသို့ ထွက်ပြေးနေကြပြီ ဖြစ်သည်။
လီချင်းချိုး ကျင့်ကြံနေစဉ်အတွင်း အဝေးမှ ထူးဆန်းသော အငွေ့အသက် ပျောက်ကွယ်သွားပြီး ရက်အနည်းငယ်အကြာတွင် ပြန်ပေါ်လာသည်ကို တွေ့ရှိလိုက်ရသည်။ ၎င်းက ဧကရာဇ် အန္တရာယ်ကင်းကြောင်း ပြသနေခြင်းပင်။
ဒီနေ့ နေ့လယ်ခင်းတွင်…..
တောင်ခါးပန်းရှိ သိုင်းပြိုင်ကွင်း၏ ဘေးပတ်လည်တွင် လူအုပ်ကြီး စည်ကားနေပြီး အသစ်ပြုပြင်ထားသော သိုင်းစင်မြင့်ပေါ်တွင် ရှန်ယွဲ့က လက်ကို နောက်ပစ်လျက် မျက်လုံးမှိတ်ကာ အနားယူနေသည်။ ယနေ့ သူ့ ဓားကို ယူမလာခဲ့ပေ။
ရွှီနင်းတို့ ပြန်မရောက်ခင်ကတည်းက ဤပြိုင်ပွဲကို အတည်ပြုထားပြီး ဖြစ်သဖြင့် အထက်လူကြီးများ ဆွေးနွေးပြီးနောက် ပြိုင်ပွဲကို မဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤပြိုင်ပွဲက ချင်းရှောင်ဂိုဏ်းအနေဖြင့် ကမ္ဘာကြီးကို မကယ်တင်နိုင်လျှင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်သော စွမ်းရည်ရှိကြောင်း တပည့်များကို ယုံကြည်မှု ပေးနိုင်မည် ဖြစ်သည်။
ရှန်ယွဲ့က ဤတိုက်ပွဲကို အလွန် အလေးထားပြီး သိုင်းစင်မြင့်သို့ စောစီးစွာ ရောက်ရှိ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ခန်းမကြီး ၇ ခု၏ ခန်းမသခင်များ၊ ဒုခန်းမသခင်များ၊ အကြီးအကဲများနှင့် အခြား အဆင့်မြင့်ပုဂ္ဂိုလ်များ အားလုံး ရောက်ရှိနေကြပြီး ဂုဏ်သရေရှိ ဧည့်သည်များလည်း လူအုပ်ထဲတွင် စောင့်ဆိုင်းနေကြသည်။ သို့သော် ဓားနတ်ဘုရားနှင့် ဂိုဏ်းချုပ်တို့ ဘယ်သူပိုသန်မာလဲဆိုတာကို ဆွေးနွေးနေကြမည့်အစား ဧကရာဇ်အကြောင်းကိုပါ ထည့်သွင်း ပြောဆိုနေကြသည်။
စီရင်စုခုနစ်ခု စစ်တပ် ရှုံးနိမ့်သွားပြီ ဖြစ်ရာ အနာဂတ်တွင် ဘာတွေဖြစ်လာမည်ကို မည်သူမျှ မသိနိုင်သလို ဧကရာဇ်ကို မည်သူ လုပ်ကြံနိုင်မည် ဆိုသည်ကိုလည်း မသိနိုင်သေးပေ။
တပည့်များစွာတို့က ထုတ်မပြောကြသော်လည်း ဂိုဏ်းချုပ် ဝင်ရောက်ဖြေရှင်းပေးရန် မျှော်လင့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ထဲတွင် ဂိုဏ်းချုပ်သည်သာ တမိုးအောက် အနှိုင်းမဲ့ ဖြစ်သောကြောင့်ပင်။
တိုက်ပွဲသတင်းကို ကြားသောအခါ ပိုင်နင်းအာလည်း ဝိညာဉ်ကျောက်တွင်းမှ အထူးတလည် ပြန်လာခဲ့သည်။ယခု သူသည် ကျန်းကျောက်ရှား၏ တပည့် ဟန်လန်နှင့် အတူရပ်လျက် စိတ်လှုပ်ရှားစွာ စကားပြောနေပြီး
ကျောက်ကျိန်း၊ လီရန်၊ ယွမ်လီနှင့် ကျောက်လင်းလုံတို့လည်း ယှဉ်တွဲရပ်လျက် ဆွေးနွေးနေကြသည်။
ကျောက်ကျိန်းနှင့် လီရန်တို့က အဓိက ပြောဆိုနေကြပြီး ယွမ်လီနှင့် ကျောက်လင်းလုံတို့က နားထောင်နေကြသည်။
ကျိယာနှင့် ယန်လင်းတို့လည်း အခြားတစ်ဖက်တွင် ရပ်လျက် လီချင်းချိုး ရောက်လာမည်ကို စောင့်မျှော်နေကြသည်။
လီစစ်ဖုန်းကတော့ ဖေမြောင်၊ လီစစ်ကျင်တို့နှင့်အတူ ရှိနေသည်။ သူ ဘေးဘီဝဲယာကို ကြည့်လိုက်ရာ လူအုပ်ထဲတွင် ချန်ရှို့နှင့် ချန်စန်းတို့ကို တွေ့လိုက်ရတော့ ချန်စန်းက သူ့ကို စိတ်လှုပ်ရှားစွာ လက်လှမ်းပြလိုက်နေသည်ကို မြင်သောအခါ လီစစ်ဖုန်း ပြုံးလိုက်ပြီး ချန်စန်းကို ခေါင်းညိတ်ပြလိုက်သည်။
လီစစ်ဖုန်း ချန်ရှို့နှင့် ဆုံသွားရာ ချန်ရှို့က လူအုပ်ကြားထဲတွင် ပွင့်လန်းနေသော ပန်းတစ်ပွင့်ပမာ ဖျော့တော့စွာ ပြုံးပြလိုက်သည်။
ထိုအပြုံးကြောင့် လီစစ်ဖုန်း စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားသည်။ အမှန်တကယ်တော့ ချန်ရှို့၏ ခံစားချက်ကို သူ သိသော်လည်း သူတို့ချင်း မသင့်တော်ဟု ခံစားမိသည်။ သူ ချန်ရှို့ကို တည်ငြိမ်အေးချမ်းသော ဘဝမျိုး ပေးနိုင်မည် မဟုတ်ပေ။ သူသည် စိတ်လှုပ်ရှားဖွယ် ကောင်းသော ဘဝမျိုးကို လိုချင်ပြီး အချစ်ရေးကြောင့် အနှောင်အဖွဲ့ မခံလိုပေ။
အခုတော့ အဆင်ပြေသွားပါပြီ... ချန်ရှို့တို့ မောင်နှမနှစ်ယောက် ချင်းရှောင်ဂိုဏ်းထဲ ရောက်နေပြီဆိုတော့ သူ မရှိရင်တောင် ဂိုဏ်းချုပ်က ကောင်းကောင်း စောင့်ရှောက်ထားလိမ့်မယ်လို့ ယုံကြည်တယ်…
လီစစ်ဖုန်း အကြည့်လွှဲလိုက်ပြီး ဘေးနားမှ လှပသော အမျိုးသမီးနှင့် ရယ်မော စကားပြောလိုက်တော့
ချန်ရှို့လည်း အကြည့်လွှဲလိုက်သည်။
သူမနှင့် လီစစ်ဖုန်းကြားက ရေစက် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်မကောင်း ဖြစ်မိသော်လည်း ဝမ်းနည်းပူဆွေးမနေပေ။ သူမတွင် ကိုယ်ပိုင် ရည်မှန်းချက်များ ရှိနေပြီး ထိုအရာက သူမအတွက် ပို၍ အဓိပ္ပာယ် ရှိပေသည်။
ကျန်းယွီချွန်းလည််း မျိုးကြီးဆွေကြီး မိသားစုဝင် တစ်စုနှင့်အတူ ရယ်မော စကားပြောလျက် ရောက်ရှိလာသည်။ ကုန့်လင်ခန်းမမှ တပည့်များက သူ့ကို ခြံရံထားပြီး အခြားတပည့်များက သူ့ကို မြင်သောအခါ လမ်းဖယ်ပေးကြသည်။
ထိုစဉ် ရွှီနင်း စင်အောက်သို့ လျှောက်လာပြီး ရှန်ယွဲ့ကို တခု မေးလိုက်သည်။
"စီနီယာရှန်... ကျွန်မနဲ့ အရင် လက်ရည်စမ်းမလား..."
"ငါ့ပြိုင်ဘက်က မင့်ဆရာပဲ... နောက်မှ မင်းနဲ့ ယှဉ်ပြိုင်ပေးမယ်..."
ထိုစကားကြောင့် ရွှီနင်း နှုတ်ခမ်းဆူလိုက်မိပြီး ရှန်ယွဲ့ ကြောက်နေသည်ဟု သူမ ထင်လိုက်လေသည်။ သူမကို ရှုံးသွားလျှင် သူမ ဆရာကို စိန်ခေါ်ရဲတော့မည် မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူမ၏ ဆရာကို ရှုံးနိမ့်ခြင်းက ဒုတိယအကြိမ် ရှုံးနိမ့်ခြင်းသာ ဖြစ်၍ သိပ်ပြီး ထိခိုက်စရာ မရှိပေ။
တဖြည်းဖြည်းနှင့် လူများ ပိုမို ရောက်ရှိလာပြီး တောင်ကုန်း နှစ်ဖက်စလုံးရှိ တောအုပ်များတွင်ပင် ဆူညံပွက်လောရိုက်နေသည်။ အဝေးမှ ကြည့်လျှင် ရှန်ယွဲ့၏ ပုံရိပ်ကို ဝေဝါးစွာသာ မြင်ရသော်လည်း တပည့်များမှာ အလွန် ပျော်ရွှင် စိတ်လှုပ်ရှားနေကြသည်။
ချင်းရှောင်ဂိုဏ်းတွင် ဤကဲ့သို့ စည်ကားသော ပွဲမျိုး ရှိခဲလှသည်။
ပါရမီရှင်များစွာတို့က ရှန်ယွဲ့ကို လေးစားရုံသာမက တိုက်ခိုက်ချင်စိတ်ဖြင့်ပါ ကြည့်နေကြသည်။
ယနေ့မြင်ကွင်းက သူတို့ကို မျှော်လင့်ချက်များ ပေးစွမ်းပြီး နောင်တစ်ချိန်တွင် သူတို့လည်း ဤနေရာ၌ ဓားနတ်ဘုရားကို စိန်ခေါ်ချင်ကြသည်။
ကျန်းဖိန်ကတော့ လူအုပ်ထဲတွင် မထင်မရှား ရပ်နေပြီး မည်သည့်တပည့်နှင့်မျှ စကားမပြောပေ။ ချူကျင်းက နတ်ဆိုးဂိုဏ်းသား ဖြစ်ကြောင်း သိလိုက်ရကတည်းက တခြား ဂိုဏ်းသားများနှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းရန် မဝံ့ရဲတော့ချေ။
ကျွီ…
ကောင်းကင်ယံမှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်း မော့ကြည့်လိုက်ကြတော့ ကြီးမားသော အရိပ်မည်းကြီးတစ်ခု ကောင်းကင်အထက်တွင် ဝဲပျံနေသည်ကို တွေ့လိုက်ရပြီးနောက် ဓားတစ်လက် ကောင်းကင်မှ ကျဆင်းလာကာ နေရောင်ခြည်နှင့်အတူ သိုင်းစင်မြင့်ပေါ် ကျရောက်လာသည်။
ချွမ်…
သိုင်းစင်မြင့်
ကြမ်းပြင်ပေါ်သို့ ဓား စိုက်ဝင်သွားရာ လှိုင်းများ ထသွားပြီး လူတစ်ယောက်က ဓားရိုးပေါ်သို့ တန်းတန်းမတ်မတ် ဆင်းသက်လိုက်သည်။
ထိုသူကား လီချင်းချိုးပင်တည်း…
လီချင်းချိုး၏ ပွဲထွက်လာမှုကြောင့် သိုင်းစင်မြင့် ဘေးပတ်လည်တွင် ဟိန်းထွက်နေသော အားပေးသံများ ပေါ်ထွက်လာပြီး အဝေးရှိ တောအုပ်ထဲမှ ငှက်များပင် လန့်ပျံသွားကြသည်။