ယနေ့တွင် မသေမျိုးဖြစ်ခြင်းကို သက်သေပြမည်
Vol. 13 Ch. 128
ညအချိန် ရောက်လာသောအခါ ချင်းရှောင်ဂိုဏ်းတခုလုံး မီးရောင်များဖြင့် လင်းထိန်နေဆဲ ဖြစ်သည်။
ကျီဖှာခန်းမ အတွင်း၌…
ချိုင်ယွင်ရှန်းက အမှုတွဲများကို စစ်ဆေးကြည့်ရှုနေပြီး လက်ရှိတွင် တောင်ပေါ်၌ လူပေါင်း လေးထောင်ကျော် ရှိနေပြီ ဖြစ်ရာ ပဋိပက္ခများနှင့် ပွတ်တိုက်မှုများ နေ့စဉ် ဖြစ်ပွားလေ့ရှိသဖြင့် ကျီဖှာခန်းမအပေါ် ဖိအားများ ပိုမို များပြားလာသည်။
ထိုအချိန်တွင် အမျိုးသမီး တပည့်တစ်ဦးက စာအုပ်များ သယ်ဆောင်လျက် အခန်းထဲသို့ ဝင်လာကာ စာအုပ်များကို ချိုင်ယွင်ရှန်း၏ စားပွဲပေါ်တွင် တင်လိုက်ပြီး…..
"ဆရာ... အပြင်မှာ နှစ်သစ်ကူးပွဲတော် ရောက်နေသလိုပဲ... လူတော်တော်များများက ဂိုဏ်းချုပ် စကားတည်မယ်လို့ ထင်နေကြတယ်... ဆရာရော ဘယ်လိုထင်လဲ..."
ထိုအမျိုးသမီးတပည့်က ငယ်ရွယ်နုပျိုပြီး သိမ်မွေ့ချစ်စရာကောင်းသော မျက်နှာလေး ရှိသော်လည်း မျက်မှောင် ကြုတ်ထားသည်ကို ကြည့်ခြင်းအားဖြင့် စိုးရိမ်ပူပန်နေကြောင်း သိသာနေသည်။
သူမ၏ အမည်မှာ ယုလန် ဖြစ်ပြီး ချိုင်ယွင်ရှန်း၏ တပည့်ရင်း ဖြစ်သည်။ယုလန်က ယခုနှစ်တွင် အသက် ၁၇ နှစ် ရှိပြီ ဖြစ်ပြီး ဂိုဏ်းသို့ ဝင်ရောက်လာသည်မှာ တစ်နှစ်ကျော်သာ ရှိသေးသော်လည်း မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူမ၏ ပါရမီကို သက်သေပြနေသည်။
ချိုင်ယွင်ရှန်းက မော့ကြည့်လိုက်ပြီး …..
"ငါကတော့ ဂိုဏ်းချုပ်ကို ယုံကြည်တာပေါ့... နင် မယုံလို့လား..."
ယုလန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေတ္တမျှ တုံ့ဆိုင်းနေကာ ….
"ဂိုဏ်းချုပ်ရဲ့ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးပါတယ်... ဒါပေမဲ့ ကျန်းယန်မြို့တော်ကို တစ်ယောက်တည်း သွားတာက အင်မတန် အန္တရာယ်များလွန်းတယ်... သူ ရင်ဆိုင်ရမှာက ဧကရာဇ် တစ်ယောက်တည်း မဟုတ်ဘူး... နတ်ဆိုးစစ်သည်တွေ၊ နတ်ဆိုးဂိုဏ်းသားတွေ၊ ကျင်းဝူအစောင့်တပ်တွေ အများကြီး ရှိနေတာ..."
"နတ်ဆိုးဂိုဏ်းသားတွေက ကောက်ကျစ်စဉ်းလဲကြတယ်... ဂိုဏ်းချုပ်အတွက် ကျွန်မ တကယ် စိတ်ပူတယ်... ချင်းရှောင်ဂိုဏ်းမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိသလို တခြား ခန်းမသခင်တွေ၊ အကြီးအကဲတွေကလည်း ပါရမီကောင်းကြပေမဲ့ ဂိုဏ်းချုပ် ရှိနေမှသာ ချင်းရှောင်ဂိုဏ်းက စစ်မှန်တဲ့ ချင်းရှောင်ဂိုဏ်း ဖြစ်မှာပေါ့..."
ပြောနေရင်းနှင့် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမ၏ မျက်ဝန်းအစုံ နီရဲလာသည်။
ချိုင်ယွင်ရှန်းက ထမလာဘဲ သူမကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး….
"လန်အာ... မင်း အတိတ်က ကိစ္စတွေကို စွန့်လွှတ်သင့်ပြီ... ချင်းရှောင်ဂိုဏ်းမှာ နေလာတာ ဒီလောက် ကြာနေပြီပဲ... ချင်းရှောင်ဂိုဏ်းနဲ့ ဂိုဏ်းချုပ်ကို ယုံကြည်တတ်အောင် သင်ယူရမယ်... ဂိုဏ်းချုပ်က ဧကရာဇ်ကို သတ်ဖြတ်ပြီးတာနဲ့ ချင်းရှောင်ဂိုဏ်းက နတ်ဆိုးဂိုဏ်းကိုလည်း ချေမှုန်းပြီး မင်းမိဘတွေနဲ့ မောင်လေးအတွက် ကလဲ့စားချေပေးမှာပါ..."
ယုလန်ခင်မျာ တောင်ပေါ်မရောက်မီကတည်းက မိဘမဲ့ ဖြစ်ခဲ့ရသည်။ နတ်ဆိုးဂိုဏ်းက သူမ၏ မောင်လေးကို ဖမ်းဆီးရန်အတွက် မိဘများကို သတ်ဖြတ်ခဲ့ရာ သူမတစ်ယောက်တည်းသာ လွတ်မြောက်ခဲ့သည်။ နောက်ပိုင်းတွင် နတ်ဆိုးဧကရာဇ်ကို ချင်းရှောင်ဂိုဏ်းချုပ် သတ်ဖြတ်လိုက်ကြောင်း ကြားသိရသဖြင့် ချင်းရှောင်ဂိုဏ်းကို ရှာဖွေရန် ပြည်နယ်အနှံ့ ဖြတ်သန်း ခရီးနှင်ခဲ့ရှာသည်။ လမ်းခရီးတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး လူသတ်မှုပင် ကျူးလွန်ခဲ့ဖူးသည်။ ထိုအတွေ့အကြုံများကြောင့် သူမက ရွယ်တူများထက် ရင့်ကျက်နေပြီး ကိစ္စတိုင်းတွင် အန္တရာယ်ကို ထည့်သွင်းစဉ်းစားတတ်လာသည်။
ယုလန်လိုအလားတူ အတွေ့အကြုံမျိုး ရှိသော တပည့်များစွာ ရှိသေးသည်။ အချို့တပည့်များမှာ အစိုးရ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် မိသားစုဝင်များ ရှိပြီး၊ အချို့မှာ ဂိုဏ်းများနှင့် မျိုးကြီးဆွေကြီး မိသားစုများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသူများ ဖြစ်ကြသည်။ အချို့မှာမူ ငယ်စဉ်ကတည်းက တောင်းရမ်းစားသောက်လာရသူများ ဖြစ်ကြသည်။
ထို့ကြောင့် သူတို့အားလုံး ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာပြီးနောက် အမုန်းတရားများဖြင့် ကျင့်ကြံခြင်းကို အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြသည်။ သူတို့အားလုံး ဤကမ္ဘာကြီးအပေါ် မည်သည့်မျှော်လင့်ချက်မျှ မထားရှိခဲ့ကြပေ။ လီချင်းချိုး မည်မျှပင် သန်မာပါစေ၊ သူတို့ ပိုင်ဆိုင်ထားသမျှ အရာအား အိမ်မက်လှလှလေး တစ်ခုပမာ ပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်။
ဆရာဖြစ်သူ၏ အကြည့်အောက်တွင် ယုလန်မှာ ဘာပြောရမှန်းမသိ တုံ့ဆိုင်းနေသည်။
ချိုင်ယွင်ရှန်းက မျက်လွှာချလိုက်ပြီး အမှုတွဲများကို ဆက်လက် စစ်ဆေးရင်း….
"သုံးရက်လောက်တောင် မစောင့်နိုင်ဘူး ဆိုရင် မင်းက ငါ့တပည့် ဖြစ်ဖို့ မထိုက်တန်သလို ချင်းရှောင်ဂိုဏ်းသား ဖြစ်ဖို့လည်း မထိုက်တန်ဘူး... တောင်အောက်ကို အမြန်ဆုံး ဆင်းသွားပြီး ပုန်းအောင်းစရာ နေရာရှာပြီး တစ်သက်လုံး ကြောက်ရွံ့စိုးရိမ်စိတ်တွေနဲ့သာ နေလိုက်တော့..."
ထိုစကားကို ကြားသောအခါ ယုလန် တုန်လှုပ်သွားပြီး စိတ်မကောင်း ဖြစ်သွားသော်လည်း ဘာမျှ ဆက်မပြောတော့ပေ။ သူမက ချိုင်ယွင်ရှန်းကို ဦးညွှတ်ပြီးနောက် လှည့်ထွက်သွားသည်။
တံခါးပိတ်သွားပြီးနောက် ချိုင်ယွင်ရှန်းက ပြတင်းပေါက်ကို မော့ကြည့်လိုက်တော့ လရောင်က သူမ၏ မျက်ဝန်းထဲတွင် ထင်ဟပ်နေသော်လည်း သူမ၏ စိတ်နှလုံးမှာမူ နှုတ်မှ ပြောခဲ့သလောက် တည်ငြိမ်မနေပေ။ သူမလည်း စိုးရိမ်ပူပန်နေမိသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက လီချင်းချိုးကို ဓားဖြင့် ချိန်ရွယ်ခဲ့ဖူးသော ညတစ်ညကို သူမ ပြန်ပြောင်း သတိရလိုက်မိသည်။
"ရှင် ဒီတစ်ခါလည်း ထပ်ပြီး အောင်မြင်ဦးမှာမလား..."
………..
လီချင်းချိုး ထွက်သွားခြင်းက ချင်းရှောင်ဂိုဏ်းသားများစွာကို အိပ်မပျော်နိုင်အောင် ဖြစ်စေခဲ့သည်။ အချို့က အောင်မြင်မှုကို မျှော်လင့်နေကြပြီး အချို့ကမူ သူ့အတွက် စိုးရိမ်ပူပန်နေကြသည်။
ထိုအချိန်တွင် လီချင်းချိုးသည် သစ်ပင်အခက်အလက်တစ်ခု ပေါ်တွင် ထိုင်လျက် ငါးပျံဓားကို ကစားရင်း ချင်းရှောင်ဂိုဏ်းသားများနှင့်အတူ လရောင်ကို မျှဝေခံစားနေသည်။
လရောင်က သူ့မျက်နှာပေါ်သို့ ကျရောက်နေသဖြင့် မျက်နှာတစ်ခြမ်း လင်းနေပြီး ကျန်တစ်ခြမ်းမှာ မှောင်ရိပ်ကျနေသည်။
ထိုစဉ် နန်ကုန်းအာ ဘေးဘက်မှ လွင့်မျောလာပြီး သူ့ကို ကြည့်ကာ တိုးညှင်းစွာ မေးလိုက်သည်။
"သခင်... ဘာတွေ တွေးနေတာလဲ..."
ဝိညာဉ်ကျွန် ဖြစ်လာပြီးနောက် အချိန်အတန်ကြာတွင် ဉာဏ်ရည် ပြန်လည် ရရှိလာပြီး လင်းချွမ်ကဲ့သို့ စကားပြောနိုင်လာပြီ ဖြစ်သည်။ အတိတ်က အမှတ်ရစရာများ ရှိနေသော်လည်း လီချင်းချိုးအပေါ် အလွန်အမင်း ကြောက်ရွံ့ရိုသေဆဲပင်။
"ဧကရာဇ်ကို သတ်လိုက်ရင် ဖြစ်လာမယ့် ဖရိုဖရဲ အခြေအနေတွေက ပြည်သူတွေကို ပိုပြီး ကြီးမားတဲ့ စိတ်ပျက်အားငယ်မှုတွေ ပေးမလားလို့ စဉ်းစားနေတာ..."
ဧကရာဇ်က ယုတ်မာမှုများစွာ ကျူးလွန်ခဲ့သော်လည်း ပြည်နယ်နှင့် မြို့ကြီးများတွင် တည်ငြိမ်မှု ရှိနေသေးသည်။ အကယ်၍ စစ်မှန်သော ပရမ်းပတာ အခြေအနေ ရောက်လာပါက သာမန်ပြည်သူများအတွက် ကပ်ဘေးကြီး ဖြစ်လာပေလိမ့်မည်။
နန်ကုန်းအာက လေထဲတွင် ပေါလောမျောနေရင်း တည်ငြိမ်စွာဖြင့်….
"ကျွန်မ မသေခင်တုန်းက တာ့ဝေမင်းဆက်မှာလည်း မငြိမ်မသက်မှုတွေ ဖြစ်ခဲ့ပြီး ပုန်ကန်မှုတွေ ရှိခဲ့တယ်... ခမည်းတော် သေသွားရင် ပြည်သူတွေ ဘာဖြစ်သွားမလဲဆိုတာ ကျွန်မလည်း တွေးခဲ့ဖူးတယ်... ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်တော့ ခမည်းတော် သေပြီးတဲ့နောက် ဧကရာဇ်အသစ် ပေါ်လာတာပါပဲ... တာ့ဝေမင်းဆက် ပျက်သုဉ်းပြီးတဲ့နောက် မင်းဆက်သစ် ပေါ်လာတာပဲလေ.. နောက်ပိုင်း ဘာဖြစ်ဖြစ် အခုအချိန်မှာတော့ ပြည်သူတွေက သခင့်လက်နဲ့ ဧကရာဇ်ကို သတ်ဖြတ်ပေးဖို့ မျှော်လင့်နေကြမှာ သေချာပါတယ်..."
နန်းကုန်းအာက ပုံမှန်အားဖြင့် လီချင်းချိုး၏ ဘေးပတ်လည်တွင် လှည့်လည်သွားလာလေ့ ရှိပြီး အခြားသူများက မမြင်နိုင်ပေ။ ထို့ကြောင့် သူမ လောကကြီးကို နားလည်လာခဲ့ခြင်း ဖြစ်သည်။
ကျောက်ကျိ၏ အပြုအမူများက သူမကို တုန်လှုပ်စေခဲ့သည်။ သမိုင်းတစ်လျှောက် မည်သည့် ဧကရာဇ်မျှ ဤမျှ ရက်စက်ကြမ်းကြုတ်ပြီး ရူးသွပ်သည်ကို သူမ မကြားဖူးခဲ့ပေ။
"မင်းပြောတာ အဓိပ္ပာယ်ရှိပါတယ်... ငါက ဒီအတိုင်း တွေးမိတာပါ... အခု ဒီနေရာကို ရောက်နေပြီဆိုတော့ သေချာပေါက် လက်လျှော့မှာ မဟုတ်ဘူး... တကယ်တော့ ဧကရာဇ်ကို သတ်တာက ပြည်သူတွေအတွက် သက်သက် မဟုတ်ဘူး... အဓိကက ဧကရာဇ်က ချင်းရှောင်ဂိုဏ်းကို ခြိမ်းခြောက်နေလို့ ရှင်းပစ်ရမှာ..."
"အမှန်တရားကတော့ လက်ရှိဧကရာဇ်က လောကကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေတာ... သခင်သာ မားမားမတ်မတ် ရပ်တည်ပေးလိုက်ရင် တစ်လောကလုံးက သခင့်ကို ကျေးဇူးတင်ကြမှာပါ..."
"မနက်ဖြန် တိုက်ပွဲမှာ မင်းလည်း ပါဝင်ရလိမ့်မယ်... ဒါက ဒီကာလအတွင်း မင်းရဲ့ လေ့ကျင့်မှုတွေကို စမ်းသပ်ဖို့ အခွင့်ကောင်းပဲ..."
သူသည် ဝိညာဉ်လမ်းစဉ်ကို အလွန် စိတ်ဝင်စားပြီး နန်ကုန်းအာနှင့် လင်းချွမ်တို့အတွက် လေ့ကျင့်ရေး အစီအစဉ်များ ရေးဆွဲပေးခဲ့သည်။ သူတို့ကို နေ့ဘက်တွင် တိုက်ခိုက်နိုင်မည့် နည်းလမ်းများပင် ဖန်တီးပေးခဲ့သည်။ ဝိညာဉ်ကျွန်များ မည်သို့ စွမ်းဆောင်နိုင်မည်ကို သူ မြင်တွေ့ချင်နေပြီ…..
ထိုစကားကို ကြားသောအခါ နန်ကုန်းအာ၏ မျက်နှာတွင် မျှော်လင့်ချက်များ ပေါ်လာသည်။
မသေခင်က နန်းတော်ထဲတွင် ကုန်ဆုံးခဲ့ရသော ပျင်းစရာကောင်းသည့် နေ့ရက်များနှင့် ယှဉ်လျှင် ဝိညာဉ်ကျွန်အဖြစ် ရှင်သန်ရသော လက်ရှိဘဝက သူမအတွက် အရာရာ စိတ်ဝင်စားဖွယ် ကောင်းနေသည်။
ညလေပြည်တွင် သွေးညှီနံ့များ ပါလာပြီး တောအုပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ကာ ပုရစ်အော်သံများပင် မရှိတော့ပေ။
အချိန်အတန်ကြာသောအခါ…
လင်းချွမ် တောအုပ်နက်ထဲမှ ပျံသန်းထွက်လာပြီး လီချင်းချိုး၏ ဘေးသို့ ဆင်းသက်ကာ မြို့ထဲတွင် သူ မြင်တွေ့ခဲ့ရသည်များကို ပြန်လည် တင်ပြလိုက်သည်။
သူ့စကားကို ကြားပြီးနောက် လီချင်းချိုးက အေးစက်စွာ ရယ်မောလိုက်လေသည်။
………..
နောက်တနေ့ နေမင်း ထွက်ပေါ်လာချိန်တွင် နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည်က တောင်တန်းများကို ဖြတ်ကျော်၍ ကျန်းယန်မြို့တော်၏ မြို့တံခါးကို ဖြတ်သန်းသွားသည်။
သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်များသည် မြို့ရိုးပေါ်တွင် ရပ်နေကြပြီး သူတို့၏ အနောက်တွင် နတ်ဆိုးမျက်နှာဖုံး တပ်ဆင်ထားသော ကျင်းဝူအစောင့်တပ်သားများ ရှိနေသည်။
နေရောင်ခြည် ကျရောက်ရာ အရပ်ကို ကြည့်လိုက်လျှင် တစ်ချိန်က စည်ကားခဲ့သော ကျန်းယန်မြို့တော်ကြီး ခြောက်ကပ်နေကြောင်း တွေ့ရသည်။ အိမ်တိုင်းလိုလို တံခါးများနှင့် ပြတင်းပေါက်များကို အသေပိတ်ထားကြပြီး တိုက်တာအဆောက်အဦးများ၊ ဆိုင်ခန်းများနှင့် ဧည့်ဂေဟာများလည်း ထို့အတူပင်။ မြို့လယ်ခေါင်တွင် ကြီးမားသော မြေကွက်လပ်တစ်ခု ရှိပြီး ထိုနေရာ၌ ပေပေါင်းများစွာ ကျယ်ဝန်းသော စင်မြင့်ကြီးတစ်ခု တည်ဆောက်ထားကာ
စင်မြင့်၏ အစွန်းတစ်လျှောက်တွင် သစ်နီတိုင်များ စီတန်း စိုက်ထူထားပြီး တိုင်တစ်တိုင်စီ၌ ခြောက်သွေ့နေသော အလောင်းများကို ချည်နှောင်ထားသည်။ အားလုံးမှာ အမျိုးသမီး အလောင်းများ ဖြစ်ကြသည်။
ကြီးမားသော အလံနက်ကြီး တစ်ခုကို စင်မြင့်ပေါ်ရှိ မီးပုံထဲတွင် စိုက်ထူထားသေးသည်။ မီးတောက်များ လောင်ကျွမ်းနေသော်လည်း အလံနက်မှာ မီးမစွဲဘဲ လေထဲတွင် တလူလူ လွင့်ပျံနေဆဲပင်….
ထိုစဉ် သံချပ်ကာနက် ဝတ်ဆင်ထားသော စစ်သည်များ မြေကွက်လပ်ထဲသို့ တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်လာပြီး စင်မြင့်ကို လျင်မြန်စွာ ဝိုင်းရံလိုက်ကြသည်။ ထို့နောက် ကျင်းဝူအစောင့်တပ်သားများသည် စုတ်ပြဲနေသော အကျဉ်းသားဝတ်စုံ ဝတ်ဆင်ထားပြီး သွေးများ ပေကျံကာ ပိန်လှီနေသော အကျဉ်းသားများကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီး ခေါ်ဆောင်လာကြသည်။
သူတို့ကို စင်မြင့်ပေါ်သို့ ခေါ်ဆောင်သွားပြီး အလံနက်ရှေ့တွင် ဒူးထောက်စေလိုက်သော်လည်း သူတို့အားလုံး ကျောက်သားကြမ်းပြင်ကို ငေးကြည့်ရင်း ခေါင်းငိုက်စိုက်ကျကာ စိတ်ဓာတ်များ ထုံထိုင်းနေကြသည်။
မကြာမီတွင် လျင်မြန်သော ခြေသံများ စင်မြင့်ပေါ်သို့ ရောက်လာပြန်သည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ဧကရာဇ် ကျောက်ကျိ ဖြစ်ပြီး နတ်ဆရာကျန်း၊ လျှို့ဝှက်မြို့စားမင်းနှင့် အမတ်များက နောက်မှ လိုက်လာကြသည်။
ကျောက်ကျိက စင်မြင့်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး စိတ်အခြေအနေ မကောင်းမှန်း သိသာနေသည်။
သူသည် နဂါးဝတ်ရုံနှင့် ဧကရာဇ်သရဖူကို ဝတ်ဆင်ထားရာ ဧကရာဇ်တစ်ပါး၏ ခန့်ညားထည်ဝါမှု ရှိနေပြီး မည်းမှောင်နေသော မျက်နှာထားက ထိုအရှိန်အဝါကို ပိုမို ကြီးမားစေသည်။
ကျောက်ကျိက….
"ရွှမ်းချင်း... ချင်းရှောင်ဘိုးဘေးက ဘယ်သူလဲ..."
လျှို့ဝှက်မြို့စားမင်းက စင်မြင့်ပေါ်တွင် ဒူးထောက်နေသူ တစ်ဦးကို လက်ညှိုးထိုးပြပြီး ….
" ချင်းရှောင်ဘိုးဘေးဆိုတာ သူပဲ..."
လက်ညှိုးထိုးပြခံရသော ချင်းရှောင်ဘိုးဘေးဆိုသူကတော့ အကျဉ်းသားများကြားတွင် ထင်ပေါ်ခြင်း မရှိပေ။ထိုသူသည် အသက် ၇၀၊ ၈၀ အရွယ် အဘိုးအိုတစ်ဦး ဖြစ်ပုံရပြီး အလွန် ပိန်လှီနေသည်။
ကျောက်ကျိက ချင်းရှောင်ဘိုးဘေးကို စူးစိုက်ကြည့်ပြီး အံကြိတ်ကာ အော်ဟစ်လိုက်လေသည်။
"သူ့ကို ချက်ချင်း ချက်ပြုတ်လိုက်..."
"မလုပ်ပါနဲ့... အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ ဒီအဆင့်ထိ ရောက်နေပြီကို စိတ်လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့…”
လျှို့ဝှက်မြို့စားမင်းက ကမန်းကတန်း တားဆီးလိုက်သော်လည်း
ချောင်ချိသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် နတ်ဆရာကျန်းက မုတ်ဆိတ်မွေးကို သပ်လျက် ပြုံးလိုက်ပြီး….
"မှန်ပါတယ် အရှင်မင်းကြီး... ဒီလူ ၃၆ ယောက်ရဲ့ အရိုးနဲ့ ကြွက်သားတွေက ဆေးဖော်ဖို့ အသင့်တော်ဆုံးပါပဲ... တစ်ယောက်မှ လျော့လို့ မဖြစ်ပါဘူး... သူတို့က အခု အိုမင်းပြီး စွမ်းအားတွေ ကုန်ခမ်းနေပြီဆိုပေမဲ့ ဆယ်စုနှစ်များစွာ ကျင့်ကြံထားတဲ့ အရိုးနဲ့ ကြွက်သားတွေကတော့ မပြောင်းလဲပါဘူး..."
ထိုအခါ ကျောက်ကျိက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မြို့တံခါးဘက်သို့ လှည့်ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်သည်။
"မိုးလင်းနေပြီ... လီချင်းချိုး လာရဲမလာရဲ ကြည့်ရသေးတာပေါ့..."
ပြောရင်းဆိုရင်း လက်ကိုမြှောက်၍ နဖူးကို ဖိပွတ်လိုက်မိပြန်သည်။ မူလဝိညာဉ် ထိခိုက်ပြီးကတည်းက သူ မကြာခဏ ခေါင်းကိုက်တတ်ပြီး ခေါင်းကိုက်တိုင်း ပိုင်ရှုကို သတိရမိသည်။
ပိုင်ရှု၏အလောင်းကို နုတ်နုတ်စဥ်းပြီး ခွေးကျွေးခဲ့သော်လည်း သူ့စိတ်ထဲတွင် ထိုသူ ရှင်သန်နေဆဲပင်။
"သူ လာလာ မလာလာ... ကောင်းကင်ဖာထေးခြင်း မဟာစီမံကိန်းက ဒီနေ့ စတင်မှာပဒ... သူ လာရင်တော့ ကွက်တိပဲ... နောက်ထပ် အဓိက ပါဝင်ပစ္စည်းတစ်ခု တိုးလာတာပေါ့...
ကောလာဟလတွေသာ မှန်ရင် သူက သိုင်းဒဏ္ဍာရီပြီးရင် ဒုတိယအတော်ဆုံး သိုင်းပညာရှင် ဖြစ်လောက်တယ်... ဒီလိုလူမျိုးက ရှားပါးတယ်..."
နတ်ဆရာကျန်းက ကျေနပ်အားရစွာ ရယ်မောလိုက်ပြီး လီချင်းချိုး၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ပေ။
လျှို့ဝှက်မြို့စားမင်းက ….
"နန်းတွင်းအစောင့်တပ် တစ်သိန်းကို မြို့အနှံ့ ဖြန့်ကြက်ထားပြီးပါပြီ... ကျင်းဝူအစောင့်တပ် သုံးထောင်နဲ့ နတ်စစ်သည် တစ်သောင်းလည်း ခြုံခိုစောင့်နေကြပါတယ်... လီချင်းချိုးသာ မြို့ထဲ ဝင်ရဲရင် လုံးဝ ပြန်ထွက်သွားနိုင်မှာ မဟုတ်ပါဘူး..."
ထိုအခါ အမတ်အိုတစ်ယောက်က အံ့အားသင့်စွာဖြင့်….
"သာမန် သိုင်းသမားတစ်ယောက်ကို ဘာလို့ စစ်သည်ထောင်ချီနဲ့ ကာကွယ်ဖို့ လိုနေတာလဲ..."
အခြားအမတ်များလည်း ထိုမေးခွန်းကို
ထောက်ခံကြပြီး လီချင်းချိုးကို အထင်သေးကြောင်း ပြောဆိုကြကာ ဧကရာဇ် ယနေ့တွင် သေချာပေါက် မသေမျိုး ဖြစ်လာမည်ဟု မြှောက်ပင့် ပြောဆိုကြသည်။
သူတို့၏ မြှောက်ပင့်မှုကြောင့် ကျောက်ကျိ၏ ဒေါသများ ပြေလျော့သွားပြီး
သူ နောက်လှည့်ကြည့်လိုက်ရာ ကျင်းဝူအစောင့်တပ်သားများ ဒယ်အိုးကြီးတစ်လုံး သယ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။
ထိုအခါ သူ့မျက်လုံးများ အရောင်တောက်လာပြီး ယနေ့တွင် မသေမျိုး ဖြစ်လာတော့မည့် အတွေးကြောင့် ဂနာမငြိမ်စွာ စိတ်လှုပ်ရှားလာသည်။
လျှို့ဝှက်မြို့စားမင်းကတော့ စင်မြင့်အစွန်းသို့ တိတ်ဆိတ်စွာ ဆုတ်ခွာသွားပြီး မျက်နှာဖုံးအောက်မှ မျက်လုံးများဖြင့် နတ်ဆရာကျန်းကို အေးစက်စွာ စိုက်ကြည့်နေလေသည်။
တစ်ချိန်တည်းမှာပင်...
တောင်ဘက်တံခါးပေါ်၌ ခါးတွင် ဓားချိတ်ထားသော စစ်သူကြီးတစ်ဦး၏ ကျယ်လောင်စွာ အော်ဟစ်လိုက်သံကိုကြားလ်ိုက်ရသည်။
"ချင်းရှောင်ဂိုဏ်းက ကုကျိုးစီရင်စုမှာ ရှိတယ်... တကယ်လို့ လီချင်းချိုး လာရဲတယ်ဆိုရင် သေချာပေါက် ဒီတံခါးကနေ ဝင်လာလိမ့်မယ်... အားလုံး မျက်စိဖွင့်ထားကြ... လီချင်းချိုး ဝင်လာရင် ငါတို့အားလုံး သေရမယ်... ငါတို့တင် မဟုတ်ဘူး... ငါတို့ မိသားစုတွေပါ ဒုက္ခရောက်လိမ့်မယ်... နားလည်လား..."
“နားလည်ပါတယ်…”
စစ်သည်များ တညီတညွတ်တည်း ပြန်လည် ဖြေကြားလိုက်ရာ အသံများ ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားသည်။
ကိုက်ရာချီ ဝေးကွာသော တောအုပ်ထဲတွင် သိုင်းပညာရှင် တစ်စု သစ်ပင်များနောက်၌ ပုန်းကွယ်လျက် အစောင့်အကြပ် ထူထပ်သော တောင်ဘက်တံခါးကို ကြည့်ကာ ကျိန်ဆဲနေကြသည်။
"အဲဒီ လီချင်းချိုးက ငါတို့ရဲ့ စီမံကိန်းကြီးကို ဖျက်ဆီးလိုက်တာပဲ... တကယ် ယုတ်မာတဲ့ကောင်..."
အမျိုးသမီး သိုင်းပညာရှင်တစ်ဦးက အံကြိတ်၍ နာကျည်းစွာ ကျိန်ဆဲလိုက်တော့
အခြား သက်လတ်ပိုင်း သိုင်းပညာရှင်တစ်ဦးက….
"လီချင်းချိုးက နတ်ဆိုးဧကရာဇ်ကို သတ်ပြီး နာမည်ကြီးလာတယ်ဆိုပေမဲ့ သူ့ရဲ့ လုပ်ရပ်က တကယ် မိုက်မဲလွန်းတယ်... သူ တကယ်လာရင်တောင် ရန်သူကို သတိပေးလိုက်သလိုပဲ ဖြစ်နေမှာ... တကယ့် အရူးပဲ..."
အခြားသူများလည်း ဝင်ရောက် ပြောဆိုကြပြီး ခံစားချက် အမျိုးမျိုး ဖြစ်ပေါ်နေကြသည်။
"ငါတို့ အခု မဝင်ရင် ဂိုဏ်းချုပ် အန္တရာယ် ရှိလိမ့်မယ်..."
"အခွင့်အရေးကြည့်ပြီး အတင်းဝင်ကြမလား... မြို့ထဲရောက်ရင် ပုန်းစရာနေရာ ရှာလို့ရပါတယ်..."
"မင်း ရူးနေလား... စစ်သားတွေ ဒီလောက်များတာ ဘယ်လို ဖောက်ဝင်မလဲ..."
"ဝင်မယ်ဆိုရင်တောင် ညဘက်မှ ရမယ်... တစ်နေ့လုံး စောင့်ကြပ်ပြီးရင် ညဘက်ကျ ပိုသတိထားကြမှာ..."
သူတို့တွေ မြို့ထဲသို့ ဝင်ရောက်ရန် အခွင့်အရေး စောင့်ရင်း ဤနေရာတွင် ပုန်းအောင်းနေသည်မှာ ရက်အနည်းငယ် ရှိနေပြီ ဖြစ်သည်။ မနေ့က တစ်ယောက်ယောက် မြို့ရိုးအောက်သို့ သွားရောက် နားထောင်ခဲ့ရာ စစ်သားများ၏ စကားသံများကိုကြားခဲ့ရပြီး
ချင်းရှောင်ဂိုဏ်းချုပ် လီချင်းချိုးက မြို့ကို တစ်ယောက်တည်း ဝင်တိုက်ပြီး ဧကရာဇ်ကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိခဲ့ရသည်။
ထိုအခါ အားလုံးက လီချင်းချိုး ရူးသွားပြီဟု ထင်မှတ်ခဲ့ကြသည်။
သူတို့ မကျေမနပ် ဖြစ်နေကြစဉ် အနောက်ဘက်မှ ခြေသံများ ကြားလိုက်ရသဖြင့် အားလုံး လှည့်ကြည့်လိုက်ရာ ဝတ်ရုံပြာ ဝတ်ဆင်ထားပြီး လက်ထဲတွင် ဓားကိုင်ထားသော လူတစ်ယောက် သူတို့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူသည် ငယ်ရွယ်ပြီး ရုပ်ရည်ချောမောကာ သိုင်းသမားတစ်ယောက်နှင့် မတူဘဲ စာပေပညာရှင်တစ်ယောက်နှင့် ပိုတူနေသည်။
ဝတ်ရုံပြာနှင့် လူငယ်က သူတို့ကြားမှ ဖြတ်သန်းပြီး တောင်ဘက်တံခါးဆီသို့ ဦးတည် လျှောက်သွားသဖြင့်….
"ဟေ့လူ... သေချင်နေတာလား... အခုအချိန်မှ မြို့တော်ကို သွားရဲသေးတယ်..."
ပုပုကွကွ သိုင်းပညာရှင်တစ်ဦးက တိုးတိုးလေး လှမ်းပြောလိုက်တော့ စာပေသမားနှင့်တူသောလူငယ်က….
"ချိန်းဆိုထားတာ ကတိတည်ဖို့ လာခဲ့တာပါ..."
"ဘာချိန်းဆိုမှုလဲ..."
"ဧကရာဇ်ကို သတ်ဖို့လေ..."
ဝတ်ရုံပြာနှင့် လူငယ်၏ စကားကြောင့် ပုပုကွကွ သိုင်းပညာရှင် ကြောင်အသွားပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။
ဝတ်ရုံပြာနှင့် လူငယ် တောအုပ်ထဲမှ ထွက်ခွာသွားသောအခါ အခြား အမျိုးသမီး သိုင်းပညာရှင်တစ်ဦး မျက်လုံးပြူးသွားပြီး အံ့သြတကြီး ရေရွတ်လိုက်သည်က….
"သူက လီချင်းချိုးများလား... ဘယ်လိုလုပ် ဒီလောက် ငယ်ရွယ်နေရတာလဲ..."