တမိုးအောက် အနှိုင်းမဲ့
Vol. 13 Ch. 129
လီချင်းချိုး တောအုပ်ထဲမှ ထွက်လာသည်နှင့် မြို့ရိုးပေါ်ရှိ လူများက သူ့ကို မြင်တွေ့သွားကြသည်။
"ဟိုမှာ လူတစ်ယောက်..."
"လေးနဲ့ပစ်..."
စစ်သည်များ၏ အာမေဋိတ်သံများနှင့်အတူ ဦးဆောင်စစ်သူကြီးက လက်ကိုမြှောက်၍ ချက်ချင်း ပစ်မိန့်ပေးလိုက်သည့်အခါ ရာပေါင်းများစွာသော လေးသည်တော်များ မြို့ရိုးပေါ်တွင် တန်းစီ၍ လီချင်းချိုးထံသို့ လေးများဖြင့် ချိန်ရွယ်လိုက်ကြသည်။သို့သော်
လီချင်းချိုး၏ မျက်နှာထားမှာ ခံစားချက် ကင်းမဲ့နေသည်။ သူ့ ပခုံးပေါ်တွင် နားနေသော လင်းချွမ်က တခစ်ခစ် ရယ်မောပြီး မြေကြီးထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားပြီး
နန်ကုန်းအာက သူ့ ကိုယ်ထဲမှ ထွက်လာပြီး အနောက်ဘက်တွင် ဝဲပျံနေသည်။
သူမ၏ လှပသော ဆံနွယ်ရှည်များက သက်ရှိမြွေများသဖွယ် ဖြာထွက်နေပြီး မျက်နှာထားမှာ ရုတ်ခြည်း ရက်စက်ကြမ်းကြုတ်သွားသည်။
လီချင်းချိုး ရပ်တန့်မသွားသည်ကို မြင်သောအခါ တောင်ဘက်တံခါးမှ စစ်သူကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်လေသည်။
"ပစ်စမ်း..."
တစ်ဖက်လူက လီချင်းချိုး ဟုတ်မဟုတ် မသေချာသော်လည်း ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် ကျန်းယန်မြို့တော်သို့ လာရဲသူမှာ သာမန်လူ မဖြစ်နိုင်ပေ။ အကယ်၍ အာဏာရှိသူ၊ ချမ်းသာသူ၏ သားဖြစ်နေလျှင်လည်း တစ်ယောက်တည်း လာလိမ့်မည် မဟုတ်ပေ။
ရွှမ်း... ရွှမ်း... ရွှမ်း…
လေးသည်တော်ရာပေါင်းများစွာက မြှားမိုးရွာချလိုက်ရာ လီချင်းချိုးရှိရာသို့ တရစပ် ကျရောက်လာသည်။ တောအုပ်ထဲတွင် ပုန်းအောင်းနေကြသော သိုင်းပညာရှင်များမှာ ကြောက်လန့်တကြား ဖြစ်သွားကြသည်။
မြို့ရိုးပေါ်မှ စစ်သူကြီးက ဤမျှ ပြတ်သားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။ ယခင်က အတင်းဝင်ရောက်ရန် အကြံပြုခဲ့သော သိုင်းသမားများလည်း ချွေးစေးများ ပြန်လာကြသည်။
လီချင်းချိုးကမူ တည်ငြိမ်နေဆဲပင်။ မြှားမိုးများ ကျဆင်းလာသည်နှင့် သူ့ရဲ့ ပုံရိပ် လျင်မြန်စွာ လှုပ်ရှားသွားပြီး မြှားများကို ရှောင်တိမ်းကာ မြို့တံခါးဝသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ဤမြင်ကွင်းကြောင့် မြို့ရိုးပေါ်မှ စစ်သည်များ ဆူညံပွက်လောရိုက်သွားကြသည်။
ကျင်းဝူအစောင့်တပ်သားများ မြို့ရိုးပေါ်မှ ခုန်ဆင်းလာပြီး ကိုယ်ဖော့ပညာကို အသုံးပြုကာ လီချင်းချိုးထံသို့ ပြေးဝင်လာကြသဖြင့်
အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လာသော ကျင်းဝူအစောင့်တပ်သားများကို ရင်ဆိုင်ရာတွင် လီချင်းချိုးက ရှောင်တိမ်းခြင်း မပြုပေ။ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဓားချီစွမ်းအင်များ အင်္ကျီလက်စထဲမှ ထွက်ပေါ်လာပြီး ဓားရိပ်များအဖြစ် ပြောင်းလဲကာ လျှပ်စီးလက်သကဲ့သို့ ကျင်းဝူအစောင့်တပ်သားများ၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွား၍ သူတို့ကို မြို့ရိုးပေါ်တွင် တစ်ယောက်ပြီး တစ်ယောက် ကပ်၍ သံမှိုစွဲသကဲ့သို့ စိုက်ထားလိုက်လေရာ မြို့ရိုးကြီး တုန်ခါသွားပြီး သွေးများ ပန်းထွက်လာကာ ကျင်းဝူအစောင့်တပ်သားများ၏ အနောက်ဘက် မြို့ရိုးပေါ်တွင် ကြီးမားသော သွေးပန်းပွင့်ကြီးများ ပွင့်လန်းလာသလိုပင်ထင်ရသည်။
တောအုပ်ထဲရှိ သိုင်းပညာရှင်များမှာ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ မျက်လုံးပြူးကာ ထိုမြင်ကွင်းကို ဒီအတိုင်း ကြည့်နေမိကြသည်။
မြို့ရိုးပေါ်မှ စစ်သည်များလည်း ထပ်တူ ကြောက်လန့်သွားကြသည်။ ကျင်းဝူအစောင့်တပ်၏ အင်အားကို သူတို့ ကောင်းစွာ သိကြပေသည်။
တစ်ယောက်ကို တစ်ရာနှင့် ယှဉ်နိုင်သည် ဟု ပြောခြင်းကပင် ကျင်းဝူအစောင့်တပ်ကို လျှော့တွက်ရာ ရောက်ပေသည်။ သို့သော် အဆုံးသတ်တွင်မူ ထိုမျှများပြားသော ကျင်းဝူအစောင့်တပ်သားများခင်မျာ တစ်ဖက်လူ၏ သိုင်းကွက်တစ်ကွက်ကိုပင် မခံနိုင်ခဲ့ကြပေ။
လီချင်းချိုး မြို့တံခါးဝသို့ ရောက်သောအခါ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ မြို့တံခါးကြီးမှာ အဝေးမှနေ၍ပင် ပျက်စီးသွားပြီး အနောက်ဘက်ရှိ စစ်သည် ဒါဇင်ပေါင်းများစွာ လွင့်ထွက်သွားကြသဖြင့် သူတို့၏ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေလေ၏။
ထိုအသံမှာ ကျယ်လောင်လွန်းသဖြင့် အဝေးရှိ စင်မြင့်ပေါ်မှ လျှို့ဝှက်မြို့စားမင်း၊ ကျင်းဝူအစောင့်တပ်သားများနှင့် နတ်စစ်သည်များပါ ကြားလိုက်ရပြီး လှည့်ကြည့်လိုက်ကြသည်။
နတ်ဆရာကျန်းနှင့်အတူ မသေဆေးအကြောင်း ပြောနေသော ကျောက်ကျိလည်း ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ မျက်ခုံးများ တွန့်ချိုးသွားပြီး မျက်နှာပေါ်တွင် ဒေါသအငွေ့အသက်များ တဖြည်းဖြည်း ပြန့်နှံ့လာသည်။
"ဒီ လီချင်းချိုးက တကယ် လာရဲတယ်ပေါ့... လူတွေကို အနိုင်ယူနိုင်တဲ့ စွမ်းရည်မျိုး သူ့မှာ ရှိမရှိ ကြည့်ရသေးတာပေါ့..."
ကျောက်ကျိက သရော်လိုက်သော်လည်း စကားလုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။ စင်မြင့်ပေါ်မှ အမတ်များမှာမူ အဝေးမှ အသံများကို မကြားရသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး တောင်ဘက်တံခါးမှ အခြေအနေကို မသိရှိကြပေ။
ရုတ်တရက်…
"ဝူး..."
ခရာမှုတ်သံ တောင်ဘက်တံခါးဆီမှ ထွက်ပေါ်လာချေပြီ…. ကျယ်လောင်သော အသံကြောင့် ကျန်းယန်မြို့တော် တစ်ခုလုံး တင်းမာပြီး အန္တာရာယ်များသော အငွေ့အသက်များ လွှမ်းခြုံသွားကာ မြို့ထဲရှိ အဆောက်အဦးများ၏ ပြတင်းပေါက်များ ပွင့်လာပြီး ပြည်သူများ၊ ကုန်သည်များနှင့် အရာရှိများ စိုးရိမ်တကြီး ချောင်းကြည့်နေကြသည်။
စီရင်စုခုနစ်ခု စစ်တပ်က ပြန်လည် တိုက်ခိုက်လာပြီလားဟု သူတို့ ကြောက်လန့်နေကြခြင်းပင်…
အခြားတစ်ဖက်တွင်…
ဖုန်မှုန့်များ ရှင်းသွားပြီး လီချင်းချိုး လမ်းလျှောက် ထွက်လာတော့ သူ့ရှေ့တွင် မြို့လယ်ခေါင်ထိ ပေါက်ရောက်သော လမ်းမရှည်ကြီး ရှိနေပြီး ခြောက်လံကျော် ကျယ်ဝန်းသဖြင့် မြင်ကွင်းကျယ်ကို မြင်တွေ့နေရသည်။ ထိုနေရာမှနေ၍ နန်းတော်၏ ခန့်ညားထည်ဝါသော ပုံရိပ်ကိုပင် မြင်နေရသည်။
စစ်သည်များက သူ့ကို ဘေးနှစ်ဖက်မှ ဝိုင်းရံထားပြီး ကျင်းဝူအစောင့်တပ်သားများက လမ်းမရှည်၏ ဘေးနှစ်ဖက်ရှိ ခေါင်မိုးများပေါ်တွင် နေရာယူထားကြသည်။ သူတို့အားလုံး မျက်နှာဖုံးများ တပ်ဆင်ထားပြီး အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားသဖြင့် လက်စားချေလိုသော သရဲတစ္ဆေများနှင့် တူနေပေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အရေအတွက် မည်မျှရှိသည်ကိုပင် ရေတွက်၍ မရနိုင်ပေ။
လမ်းမကြီး၏ အဆုံးတွင် သံချပ်ကာနက် ဝတ်ဆင်ထားသော ဒိုင်းကိုင်စစ်သည်များ တန်းစီ ချီတက်လာကြရာ သူတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါများက ကောင်းကင်ယံသို့ ထိုးတက်နေသည်။
လီချင်းချိုး၏ အနောက်ဘက်တွင် မြို့ရိုးပေါ်မှ စစ်သည်များက လေးညှို့တင်ကာ သူ့ကို အသင့် ချိန်ရွယ်ထားကြသည်။
ယခုအချိန်တွင် လီချင်းချိုးခင်မျာ အဘက်ဘက်မှ ဝိုင်းရံခံထားရပြီး အဝေးမှ မြင်းခွာသံများကိုပါ ကြားနေရသော်လည်း စစ်သည် ထောင်သောင်းချီကို တစ်ယောက်တည်း ရင်ဆိုင်လျက် တည်ငြိမ်အေးဆေးစွာ ရှိနေသည်။
သူသည် ဧကရာဇ်နှင့် တစ်မြို့လုံးကို တုန်လှုပ်သွားစေရန် တမင် ရည်ရွယ်၍ ဤကဲ့သို့ ဆူညံသံများ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ လင်းချွမ် စောင့်ကြည့်နေသဖြင့် ဧကရာဇ် ထွက်ပြေးမည်ကို မပူပေ။ ခန့်ညားထည်ဝါစွာ ဝင်ရောက်ပြီး လူတိုင်း၏ သတ္တိကို ချိုးနှိမ်ကာ မြို့ထဲရှိ အာဏာရှိသူ၊ ချမ်းသာသူများ၏ မှားယွင်းသော ထင်မြင်ယူဆချက်များကို ရိုက်ချိုးပစ်မည်…..
ကျောက်ကျိကို မျှော်လင့်ချက်မဲ့စွာ သေဆုံးစေချင်သည်…..
ကျောက်ကျိနှင့် နတ်ဆိုးဂိုဏ်းက လောကကြီးကို နှစ်ပေါင်း ၂၀၊ ၃၀ ကြာအောင် ဒုက္ခပေးခဲ့ပြီး မရေမတွက်နိုင်သော မိသားစုများကို ပြိုကွဲစေကာ အသက်ပေါင်းများစွာကို သေဆုံးစေခဲ့သည်။ မိဘမဲ့ ဖြစ်ခဲ့ရသော လီချင်းချိုး ကိုယ်တိုင်လည်း ကျောက်ကျိ၏ ဝဋ်ကြွေးတွင် ပါဝင်နေသည်။ ကျောက်ကျိကို လွယ်လွယ်ကူကူ သတ်ဖြတ်လိုက်ပါက လီချင်းချိုး သာမက လောကကြီးကပါ ကျေနပ်မည် မဟုတ်ပေ။
ခါးမှ ကောင်းကင်သက်တံဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်တော့ ဓားအလင်းတန်း လက်သွားပြီးနောက် သူက ဓားကို ဘေးတွင် ပေါ့ပါးစွာ ချလိုက်ပြီး လခြမ်းကွေးပုံသဏ္ဌာန် ရေးဆွဲလိုက်ကာ ဓားထိပ်ဖျားကို အောက်သို့ စိုက်ထားလိုက်သော်လည်း ဓားအလင်းရောင်က လေထဲတွင် ကျန်ရစ်နေသည်။
ထိုစဉ် ကျင်းဝူအစောင့်တပ်သား တစ်ဦးက ခေါင်မိုးပေါ်မှ နင်း၍ ခုန်ဆင်းလိုက်ရာ အုတ်ကြွပ်ပြားများ ကွဲကြေသွားလေသည်။ ထိုသူကပင် လမ်းမအဆုံးသို့ လျင်မြန်စွာ ပြေးသွားပြီး လေထဲသို့ ခုန်တက်ကာ ဓားထုတ်၍ လီချင်းချိုးထံသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
သူ ခုန်တက်လိုက်သည်နှင့် အခြား ကျင်းဝူအစောင့်တပ်သားများလည်း တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြပြီး စစ်သည်များလည်း တန်းစီ၍ ချီတက်လာကြသည်။
လီချင်းချိုးလည်း လှုပ်ရှားရပေတော့မည်…..
ခြေတစ်လှမ်းလှမ်းလိုက်ပြီး ပျောက်ကွယ်သွားကာ လေပြင်းတစ်ချက်သဖွယ် ရှေ့မှ စစ်တပ်အုပ်စုထဲသို့ တိုးဝင်သွားရာ ရာပေါင်းများစွာသော စစ်သည်များ လွင့်စင်သွားကြသည်။ သူ ပြန်လည် ပေါ်လာသောအခါ ကျင်းဝူအစောင့်တပ်သား အများအပြား ကျိုင်းကောင်အုပ်သဖွယ် အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လာကြပြန်သည်။
စစ်ပွဲကြီး စတင်ပြီတကား…..
လီချင်းချိုး ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားချီစွမ်းအင်များ ဖြာထွက်သွားပြီး အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လာသော ကျင်းဝူအစောင့်တပ်သားများကို သတ်ဖြတ်လိုက်ပြီး ရှေ့သို့ ဆက်လက် လမ်းလျှောက်နေရင်း ဓားသွားပေါ်တွင် ဓားချီများ လည်ပတ်နေသည်။ ဓားဝှေ့ယမ်းလိုက်တိုင်း စစ်သည်များနှင့် ကျင်းဝူအစောင့်တပ်သားများ သေဆုံးကုန်ပြီး သွေးများ ပန်းထွက်ကာ လမ်းမရှည်ကြီးပေါ်တွင် သွေးများ စွန်းထင်းသွားစေသည်။
ဝုန်းးးး
နားကွဲမတတ် အော်ဟစ်သံနှင့်အတူ ကျင်းဝူအစောင့်တပ်သား တစ်ဦးက ရှေ့သို့ ခုန်တက်လိုက်ပြီး ညာဘက်ခြေထောက်တွင် မီးများ တောက်လောင်လျက် ဥက္ကာခဲပမာ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်တော့
လီချင်းချိုးက ကိုယ်ကို အနည်းငယ် စောင်း၍ ခြေကန်ချက်ကို လွယ်ကူစွာ ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ဓားဖြင့် ထိုသူ၏ ရင်ဘတ်ကို ထိုးစိုက်ကာ မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။ အပိုင်းအစများ လွင့်ပျံသွားပြီး ကျင်းဝူအစောင့်တပ်သား၏ မျက်နှာဖုံးမှာ ချက်ချင်း ကွဲကြေသွားကာ အရိုးကျိုးသံများက ဂီတသံစဉ်ပမာ ထွက်ပေါ်လာပြီး ကြောက်ရွံ့တုန်လှုပ်ကာ မယုံကြည်နိုင် ဖြစ်နေသော မျက်နှာကို ဖော်ပြလိုက်သလို ပါးစပ်မှ သွေးများ ပွက်ပွက်အန်ထွက်လာသည်။
လီချင်းချိုးက သူ့ကို ကြည့်ပင်မကြည့်ဘဲ ကျော်ခွသွားလိုက်ပြီး
ရန်သူများ ဝိုင်းအုံလာသောအခါ ကျက်သရေရှိစွာ လှုပ်ရှားလိုက်ပြန်သည်။
ဘယ်တိမ်းညာတိမ်း လုပ်ရုံဖြင့် တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်ပြီး ရှောင်လိုက်တိုင်း ဓားကို ဝှေ့ယမ်းလိုက်သည်။
သူ ရှေ့ဆက်သွားတိုင်း သူ့အနောက်တွင် အလောင်းများ ပုံကျန်ရစ်ခဲ့သည်။
ဤမြင်ကွင်းက အခြားစစ်သည်များကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။ အထူးသဖြင့် မြို့ရိုးပေါ်မှ ရှင်းလင်းစွာ မြင်နေရသော စစ်သည်များအားလုံး လေးကို ကိုင်ထားရင်း တုန်ယင်နေကြပြီး မျက်နှာပေါ်တွင် ချွေးစေးများဖြင့် ရွှဲနစ်နေသည်။
လီချင်းချိုးက မည်သည့် ဂါထာမန္တန်ကိုမျှ မသုံးဘဲ ဓားသိုင်းနှင့် ကိုယ်ဖော့ပညာသက်သက်ဖြင့် ရန်သူများကို သတ်ဖြတ်နေခြင်း ဖြစ်သည်။ ရန်သူ့နယ်မြေ အတွင်းပိုင်းသို့ ရောက်နေသော်လည်း သူ့ကို တားဆီးနိုင်မည့်သူ မရှိပေ။
သူ လှေကားထစ်ရှည်ပေါ်သို့ တက်လှမ်းလိုက်သည်နှင့် သူ့ဆီသို့ ချဉ်းကပ်လာသော သံချပ်ကာနက် ဒိုင်းကိုင်စစ်သည်များနှင့် ပိုမို နီးကပ်လာသည်။ ဤသံချပ်ကာနက် စစ်သည်များက လီစစ်ဖုန်း ပြောပြဖူးသော နတ်ဆိုးစစ်သည်များပင် ဖြစ်ကြသည်။
ကျောက်ကျိ၏ ဝှက်ဖဲ...
နတ်စစ်သည်များ…
လေးလံသော သံချပ်ကာနက်များကို ဝတ်ဆင်ထားပြီး ဦးထုပ်ဆောင်းထားသဖြင့် မျက်နှာကို မမြင်ရသလောက် ဖြစ်နေသော နတ်စစ်သည်များသည် လီချင်းချိုးကို စူးစိုက်ကြည့်နေကြသည်။ သူတို့၏ အကြည့်များမှာ အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကာ လီချင်းချိုး၏ စွမ်းအားကြောင့် ကြောက်ရွံ့သွားသည့် ပုံစံမရှိပေ။
………..
တချိန်တည်းမှာပင်…..
ကျင်းဝူအစောင့်တပ်သားတစ်ဦးက ခေါင်မိုးပေါ်မှ ခုန်ဆင်းလာပြီး စင်မြင့်အောက်သို့ ရောက်လာကာ လက်သီးဆုပ် ဦးညွှတ်လိုက်ပြီး….
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... လီချင်းချိုးက တောင်ဘက်တံခါးကို ဖောက်ဝင်လာပြီး ချန်လေလမ်းမပေါ်မှာ ရှေ့ဆက်တိုးလာနေပါတယ်... ထိခိုက်သေဆုံးမှု ရာချီ ရှိနေပါပြီ..."
ဝုန်း…….
စင်မြင့်ပေါ်မှ အမတ်များမှာ လီချင်းချိုး၏ စွမ်းရည်ကြောင့် အံ့အားသင့်သွားကြပြီး စင်မြင့်ပေါ်တွင် ဒူးထောက်နေသော အကျဉ်းသား ၃၆ ယောက်ကလည်း ထိုစကားကို ကြားသည်နှင့် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ကြသည်။
စင်မြင့်၏ အခြားတစ်ဖက်တွင် နန်းတွင်းအစောင့်တပ်များက နောက်ထပ် အကျဉ်းသားများကို ဖမ်းဆီးခေါ်ဆောင်လာနေကြသည်။ ထိုအကျဉ်းသားများထဲတွင် စီရင်စုခုနစ်ခု စစ်တပ်မှ စစ်သည်များနှင့် သိုင်းလောကသားများ ပါဝင်ကြသဖြင့် ထိုသတင်းကို ကြားသောအခါ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။
"ငါတို့ကို လာကယ်တာလား..."
"လီချင်းချိုး ဆိုတာ ဘယ်သူလဲ... အဲဒီနာမည်ကို ကြားဖူးသလိုပဲ..."
"လီချင်းချိုးဆိုတာ ချင်းရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ... ဒီလောကမှာ တမိုးအောက် အနှိုင်းမဲ့ပဲ... ဓားနတ်ဘုရားတောင် သူ့ကို မယှဉ်နိုင်ဘူး... သူ ရောက်လာပြီဆိုတော့ ငါတို့ မျှော်လင့်ချက် ရှိပြီ..."
"တမိုးအောက် အနှိုင်းမဲ့ ဟုတ်လား... တကယ်ပဲ အဲဒီလောက် စွမ်းတာလား..."
"လီချင်းချိုးက တစ်ယောက်တည်း လာတာလား... ဒါမှမဟုတ် ချင်းရှောင်ဂိုဏ်း တစ်ခုလုံး ဝင်တိုက်တာလား..."
အကျဉ်းသားများက စိတ်လှုပ်ရှားစွာ ပြောဆိုနေကြပြီး ဘေးနားမှ အစောင့်တပ်သားများက ကြာပွတ်ဖြင့် ရိုက်နှက်နေသော်လည်း ဂရုမစိုက်ကြပေ။ အချို့က အားရပါးရ ရယ်မောပြီး ကျောက်ကျိကို ဆဲရေးတိုင်းထွာကြသည်။
စင်မြင့်ပေါ်တွင်မူ…
ကျောက်ကျိ၏ မျက်နှာထား မည်းမှောင်နေပြီး ရေခဲတမျှ အေးစက်နေသည်။
"ရွှမ်းချင်း... သူ့ကို သွားဖမ်းစမ်း..."
"ဟုတ်ကဲ့..."
ရွှမ်းချင်း (လျှို့ဝှက်မြို့စားမင်း) က အမိန့်ရသည်နှင့် ချက်ချင်း ထွက်ခွာသွားလေသည်။
ချင်းရှောင်ဘိုးဘေးလည်း မြေပြင်ပေါ်တွင် ဒူးထောက်နေရင်း အာရုံများ ပြန်လည် ကြည်လင်လာပြီဖြစ်သည်။ သူသည် မြေအောက်ထောင်၏ အနက်ရှိုင်းဆုံး အလွှာတွင် နှစ်ပေါင်း ၃၀ ကြာ နေထိုင်ခဲ့ရသဖြင့် နေရောင်ခြည်နှင့် မရင်းနှီးတော့ဘဲ မျက်လုံးမဖွင့်နိုင် ဖြစ်နေခဲ့သည်။ ဒူးထောက်နေရသည်မှာ ကြာပြီဖြစ်၍ ယခုမှ အမြင်အာရုံနှင့် အကြားအာရုံ ပြန်ရလာခြင်း ဖြစ်သည်။
"ချင်းရှောင်ဂိုဏ်း" ဟူသော စကားလုံးကို ကြားလိုက်ရသော်လည်း
လီချင်းချိုးက ဘယ်သူလဲ ဆိုတာ သူ မသိသလို ဒီလောကမှာ နောက်ထပ် ချင်းရှောင်ဂိုဏ်း တစ်ခု ရှိနေသလား ဆိုတာလည်း သူ မသိပေ။
အမတ်တစ်ဦးက ကျောက်ကျိအနားသို့ တိုးကပ်လာပြီး ….
"အရှင်မင်းကြီး... ကျွန်တော်တို့ ကိုယ်တိုင် သွားကြည့်ကြမလား..."
ထိုစကားကို ကြားသောအခါ ကျောက်ကျိက သူ့ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်ရာ အမတ်မင်းခင်မျာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး အမြန် နောက်ဆုတ်သွားရသည်။
"တမိုးအောက် အနှိုင်းမဲ့ ဟုတ်လား... ရယ်စရာပဲ... ငါကမှ တမိုးအောက် အနှိုင်းမဲ့..."
ကျောက်ကျိ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက် နတ်ဆရာကျန်းဘက် လှည့်ပြီး …..
"နတ်ဆရာ... ငါ နောက်ထပ် အတွင်းအားအမြုတေ လိုချင်တယ်..."
"ကောင်းပါပြီ..."
နတ်ဆရာက အင်္ကျီလက်စထဲမှ ကျောက်စိမ်းပုလင်းဖြူ တစ်လုံးကို ထုတ်ယူပြီး ကျောက်ကျိထံသို့ ပစ်ပေးလိုက်ပြီးနောက် မီးလောင်ကျွမ်းနေသော အလံနက်ကြီးကို လှည့်ကြည့်လိုက်ရာ သူ့ မျက်လုံးများထဲတွင် ဖော်ပြရခက်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
………………
ချန်လေလမ်းမကြီး၏ ဘေးနှစ်ဖက်တွင် ကျင်းဝူအစောင့်တပ်သားများ ခေါင်မိုးပေါ်သို့ ခုန်တက်လာကြပြီး လမ်းမပေါ်မှ တစ်ကိုယ်တည်းသော ပုံရိပ်ကို ကြောက်ရွံ့စိုးရိမ်စိတ်များဖြင့် စိုက်ကြည့်နေကြသည်။
သူတို့၏ အကြည့်အောက်တွင်ပင် လီချင်းချိုးက နတ်စစ်သည်တစ်ဦး၏ ထူထဲသော သံချပ်ကာနက်ကို ဓားတစ်ချက်တည်းဖြင့် ခွဲပစ်လိုက်ပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်မှ ခေါင်းကို ဖြတ်ပစ်လိုက်သည်။ ထိုအခါ အနက်ရောင် သွေးများ ပန်းထွက်လာပြီး မြေပြင်ပေါ်တွင် အနက်ရောင် ပန်းပွင့်များသဖွယ် စွန်းထင်းသွားသည်။
ကျင်းဝူအစောင့်တပ်သားများပင် ကြောက်ရွံ့ရသော နတ်စစ်သည်များခင်မျာ လီချင်းချိုး၏ ဓားတစ်ချက်ကိုပင် မခံနိုင်ကြပေ။
လီချင်းချိုး၏ ရှေ့မှောက်တွင် နတ်စစ်သည် ဖြစ်စေ၊ ကျင်းဝူအစောင့်တပ်သား ဖြစ်စေ သာမန်စစ်သည်များနှင့် မထူးခြားပေ။ မည်သူမျှ သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်သလို မည်သူမျှ သူ့ကို တစ်ချက်ပင် ခုခံနိုင်စွမ်း မရှိကြပေ။
လူပြည့်ကျပ်နေသော လမ်းမပေါ်တွင် လီချင်းချိုး၏ ဝတ်ရုံပြာကသာ ထင်းနေသည်။ ခြေလှမ်းများ တုံ့ဆိုင်းသွားခြင်း မရှိဘဲ သူ့ရဲ့ စိတ်ဓာတ်ခွန်အားက နတ်စစ်သည်တပ်မတော် တစ်ခုလုံးထက် သာလွန်နေသည်။ နတ်စစ်သည်များ အနောက်မှ ဆက်တိုက် ရောက်လာနေသော်လည်း ကျင်းဝူအစောင့်တပ်သားများမှာ ထိတ်လန့်တုန်လှုပ်နေကြပြီဖြစ်သည်။
ကျင်းဝူအစောင့်တပ်သားများပင် ဤသို့ ဖြစ်နေလျှင် သာမန်စစ်သည်များဆိုလျှင် ပြောဖွယ်ရာ မရှိတော့ပေ။
ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦး အဆောက်အဦးထပ်ပေါ်သို့ ရောက်လာပြီး လီချင်းချိုး၏ ပုံရိပ်ကို ကြောက်ရွံ့စွာ ကြည့်နေမိသည်။
ထိုသူက ကျန်းယန်မြို့တော် နန်းတွင်းအစောင့်တပ်မှူး လင်းရှောင် ဖြစ်သည်။ သူသည် သိုင်းပညာ ထိပ်တန်းစာမေးပွဲ အောင်မြင်သူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ သိုင်းပညာသည်လည်း နယ်ပယ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် သိုင်းလောကသို့လည်း ဝင်ရောက်ခဲ့ဖူးသော်လည်း ဤမျှ စွမ်းအားကြီးသူကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
လျင်မြန်သော တုံ့ပြန်မှုမှလွဲ၍ လီချင်းချိုး၏ ကိုယ်ဖော့ပညာက အထူးတလည် ထူးခြားခြင်း မရှိသော်လည်း ပေါ့ပါးပုံရသော ဓားသိုင်းကွက်များက ကြီးမားသော ပျက်စီးမှုကို ဖြစ်စေပြီး မည်သည့်အရာကမျှ တားဆီး၍ မရနိုင်ပေ။
စစ်ပွဲများတွင် အမြဲ ရဲရင့်ခဲ့သော လင်းရှောင်သည် ယခုအချိန်တွင် ကြောက်ရွံ့နေပြီး လီချင်းချိုးကို ဆင်းပြီး တားဆီးရန် မဝံ့ရဲတော့ပေ။