← Chapters

ဧကရာဇ်ကို ဓားဖြင့် စီရင်ခြင်း

Vol. 13 Ch. 130

ဧကရာဇ်ကို ဓားဖြင့် စီရင်ခြင်း

Vol. 13 Ch. 130

ချန်လေလမ်းမကြီးက မိုင်ပေါင်းများစွာ ရှည်လျားပြီး လမ်းမဆုံးတွင် ငါးလံခန့် မြင့်မားသော အတွင်းမြို့ရိုးကြီး တည်ရှိသည်။

လျှို့ဝှက်မြို့စားမင်းက မြို့ရိုးထက်တွင် ရပ်လျက် အဝေးမှ လီချင်းချိုး၏ ပုံရိပ်ကို လှမ်းမျှော်ကြည့်လိုက်ရင်း မျက်နှာဖုံးအောက်ရှိ မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။

"လီချင်းချိုး... မင်းက ဘယ်သူလဲ... မင်းရဲ့ သိုင်းပညာက သိုင်းပညာ သက်သက်ပဲလား..."

မနေ့က နတ်ဆရာကျန်း အသုံးပြုခဲ့သော နည်းလမ်းများကို တွေးမိသောအခါ လျှို့ဝှက်မြို့စားမင်း၏စိတ်ထဲ၌ ကြီးမားသော ရှုံးနိမ့်မှု ခံစားချက်ကို ခံစားလိုက်ရသည်။

နှစ်ပေါင်း နှစ်ရာနီးပါး စုဆောင်းခဲ့သော အတွေ့အကြုံများက ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးသော တစ်ဖက်လူ၏ ကံကောင်းခြင်းကို မယှဉ်နိုင်ခဲ့ပေ။ ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း အမြဲတစေ သူ့ကို စိတ်ပျက်အားငယ်စေသည်။

လီချင်းချိုးကို သူ တားဆီးနိုင်မည် မဟုတ်ကြောင်း သိသလို ကျောက်ကျိအတွက်လည်း အသက်စွန့် တိုက်ခိုက်ပေးမည် မဟုတ်ပေ။ အမှန်တကယ်တော့ ကျောက်ကျိ သေသွားလျှင် ပိုကောင်းမည်ဟု သူ ဆန္ဒရှိနေမိသည်။

လက်ရှိ ဖြစ်ပျက်နေသော အခြေအနေများကို သူ မကျေနပ်ပေ။ အကြောင်းမှာ ကျောက်ကျိက မိုက်မဲလွန်းပြီး မသေဆေးအတွက် ဆင်ခြင်တုံတရားများ ပျောက်ဆုံးနေသောကြောင့် ဖြစ်သည်။

လျှို့ဝှက်မြို့စားမင်းက လီချင်းချိုးကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်ကာ မြို့ရိုးပေါ်မှ ခုန်ဆင်းသွားတော့သည်။

လီချင်းချိုးကလည်း အဝေးတစ်နေရာကို မော့ကြည့်လိုက်ပြီး တစ်ချက်သာ ဝေ့ဝဲကြည့်ရှုကာ ရှေ့သို့ ဆက်လက် တိုးဝင်သွားပြီး ခြေလှမ်းများ ပိုမို မြန်ဆန်လာပြီး ဓားချက်များကလည်း ပိုမို လျင်မြန်လာသည်။

ဓားအလင်းရောင်များ ချန်လေလမ်းမကြီး တစ်လျှောက် လက်ခနဲ လက်ခနဲ ဖြစ်ပေါ်နေပြီး နတ်စစ်သည်များ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။ လမ်းဘေးနှစ်ဖက်ရှိ ခေါင်မိုးများပေါ်မှ ကျင်းဝူအစောင့်တပ်သားများက လီချင်းချိုး၏ လှုပ်ရှားမှုကို လိုက်ကြည့်နေကြသော်လည်း အောက်သို့ ဆင်းသက်ရန် တွန့်ဆုတ်နေကြသည်။

နတ်စစ်သည်များက တိုက်ခိုက်ခြင်းကိုသာ သိရှိပြီး နာကျင်မှုကို မသိသော မိစ္ဆာများ ဖြစ်ကြသည်။ သို့သော် ကျင်းဝူအစောင့်တပ်သားများကတော့ မတူညီပေ။ သိုင်းနတ်ဘုရားဆေးလုံးနှင့် ယင်းဝိညာဉ်ဆေးလုံးများကို သောက်သုံးထားသော်လည်း သူတို့တွင် လူသားတို့၏ စိတ်ဆန္ဒ ကျန်ရှိနေသေးသည်။

လူသားဖြစ်သည့်အတွက် မိမိ မယှဉ်နိုင်သော အရာနှင့် ရင်ဆိုင်ရသောအခါ ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာစမြဲပင်။

…………

တောင်ဘက်တံခါး အပြင်ဘက်တွင်…

မြို့ရိုးပေါ်ရှိ စစ်သည်များ သူတို့ကို ကျောခိုင်းထားသည်ကို မြင်သောအခါ သိုင်းပညာရှင်အဖွဲ့က တိတ်တဆိတ် ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့က မြို့တံခါးဝသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး မော့ကြည့်လိုက်ရာ ချက်ချင်းပင် မှင်သက်သွားကြသည်။

မြို့တံခါးကြီးက ချန်လေလမ်းမကြီးနှင့် တည့်တည့်တွင် ရှိနေပြီး လမ်းမပေါ်တွင် ပြည့်နှက်နေသော အလောင်းများကို မြင်လိုက်ရသဖြင့် သူတို့၏ ဦးရေပြားများ ကျဉ်တက်သွားပြီး သူတို့၏ စိတ်ထဲတွင် လီချင်းချိုး၏ မျက်နှာကို အလိုအလျောက် ပြေးမြင်မိလိုက်ကြသည်။

လီချင်းချိုးက စာပေပညာရှင်တစ်ယောက်လို ရုပ်ရည်မျိုးနဲ့ ဒီလောက်တောင် ကြောက်စရာကောင်းတာလား…

သူ ဝင်သွားသည်မှာ အချိန်ခဏလေးသာ ရှိသေးသော်လည်း လူအများအပြားကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ အသတ်ခံရသူများမှာ သူတို့ မုန်းတီးသော သူများ ဖြစ်လင့်ကစား အလိုအလျောက် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာရသည်။

"ခဏလောက် စောင့်ကြည့်ရအောင်... ဧကရာဇ်က မကြာခင် မြို့ထဲက စစ်သည်အားလုံးကို ဆင့်ခေါ်လိမ့်မယ်... အဲဒါ ငါတို့အတွက် အခွင့်အရေးပဲ..."

သက်ကြီးရွယ်အို သိုင်းပညာရှင်တစ်ဦးက တိုးတိုးလေး ပြောလိုက်ရာ အခြားသူများလည်း သဘောတူလိုက်ကြသည်။

အတွင်းထဲတွင် အလောင်းများ များပြားနေသော်လည်း မြို့တံခါးအနီးတွင် နန်းတွင်းအစောင့်တပ်သား အများအပြား ရှိနေသေးကြောင်း သူတို့ သတိထားမိကြသည်။ အကယ်၍ ဇွတ်အတင်း ဝင်ရောက်ပါက အပိုင်းပိုင်း အခုတ်ခံရနိုင်ပေသည်။

ဓားလွယ်ထားသော သိုင်းပညာရှင်တစ်ဦးက……

"ဒီနေ့ကစပြီး တာ့လီမင်းဆက်ရဲ့ ကံကြမ္မာ ပြောင်းလဲသွားလောက်ပြီ..."

ထိုစကားကို ကြားသောအခါ အခြားသူများလည်း အားတက်သွားကြသည်။

သူတို့၏ အခြေအနေ ဘာဖြစ်လာမည်ကို မသိသော်လည်း ဧကရာဇ် ကျောက်ကျိ အမြန်ဆုံး သေဆုံးပါစေဟုသာ သူတို့အားလုံး ဆုတောင်းနေကြသည်။

………….

မြို့တော်အလယ်ရှိ ရင်ပြင်ကျယ်ကြီး၌ တစ်ချိန်က ဆူညံနေခဲ့သော အကျဉ်းသားများ ယခုအခါ တိတ်ဆိတ်ငြိမ်သက်လျက် စင်မြင့်ထက်ကို ကြောက်ရွံ့စွာ စိုက်ကြည့်နေကြသည်။

အတိအကျ ပြောရလျှင် သူတို့၏ အကြည့်များက လူတစ်ယောက်တည်းအပေါ်သို့သာ ကျရောက်နေသည်။

ထိုသူမှာ ဧကရာဇ် ကျောက်ကျိပင် ဖြစ်သည်။

ယခုအချိန်တွင် ကျောက်ကျိ၏ နဂါးဝတ်ရုံ လေထဲတွင် ပြင်းထန်စွာ လွင့်ပျံနေပြီး သူ့ ခန္ဓာကိုယ်ကို ထူးဆန်းသော အနက်ရောင် စွမ်းအင်များက လွှမ်းခြုံထားသည်။ သူ့ ခေါင်းပေါ်တွင် သုံးလံနီးပါး မြင့်မားသော တစ္ဆေပုံရိပ်ကြီး တစ်ခု တည်ရှိနေပြီး ထိုတစ္ဆေပုံရိပ်က လူပုံသဏ္ဌာန် ရှိပြီး တစ်ကိုယ်လုံး မည်းနက်နေကာ ဓားကဲ့သို့ လက်မောင်းများနှင့် ခေါင်းပေါ်တွင် ဦးချိုများ ပါရှိသည်။

လူတို့သည် သရဲတစ္ဆေများကို ယုံကြည်ကြသော်လည်း တကယ်မြင်ဖူးသူ ရှားပါးလှသည်။

နေ့ခင်းကြောင်တောင်တွင် သရဲမြင်ရလျှင်ပင် ကြောက်လန့်တတ်ကြရာ ကျောက်ကျိ၏ ခေါင်းပေါ်မှ ဧရာမ တစ္ဆေကြီးကို မြင်လိုက်ရသောအခါ ပို၍ ထိတ်လန့်သွားကြသည်။

ချင်းရှောင်ဘိုးဘေး အပါအဝင် စင်မြင့်ပေါ်ရှိ အကျဉ်းသားများသည်လည်း ကျောက်ကျိ၏ ခေါင်းပေါ်မှ ဧရာမ တစ္ဆေကြီးကို ကြည့်ပြီး ကြောက်လန့်တကြား ငေးမောနေမိကြသည်။

ကျောက်ကျိက လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ မျက်နှာပေါ်တွင် နှစ်သက်သဘောကျသော အမူအရာများ ပေါ်လာသည်။ သူက လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ….

"ဒါကမှ ခံစားမှုစစ်စစ်ပဲ... အရာအားလုံးကို စွမ်းဆောင်နိုင်တဲ့ ခံစားမှုမျိုး..."

အမတ်များမှာ အနားမကပ်ရဲကြသလို မြှောက်ပင့် ပြောဆိုဖို့ပင် မေ့လျော့နေကြသည်။

ဝုန်း…

ထိုစဉ် တောင်ဘက်အရပ်မှ နားကွဲမတတ် ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ တောင်ဘက် ရပ်ကွက်ရှိ အဆောက်အဦးများ အပိုင်းပိုင်းအစစ ပျက်စီးသွားပြီး ဖုန်မှုန့်များ နေရာအနှံ့ လွင့်ပျံလာကာ ဒါဇင်ပေါင်းများစွာသော နတ်စစ်သည်များနှင့် ကျင်းဝူအစောင့်တပ်သားများ လေထဲသို့ လွင့်စင်သွားသည်ကို တွေ့လိုက်ရသည်မှာ ဧရာမ သတ္တဝါကြီးတစ်ကောင် ဝင်ရောက် တိုက်ခိုက်နေသလိုပင်…

ထိုမြင်ကွင်းမှာ အလွန် ပြင်းထန်သဖြင့် လူတိုင်း၏ နှလုံးသားများကို တုန်ခါသွားစေသည်။

ချင်းရှောင်ဘိုးဘေးလည်း အများနည်းတူ ခေါင်းကို စောင်းငဲ့ကြည့်လိုက်ရာ ထိုမြင်ကွင်းကြောင့် အံ့သြသွားသည်။

"ဝေါင်း….”

ဖုန်မှုန့်များကြားမှ ကျယ်လောင်သော ကျားဟိန်းသံကြီး ထွက်ပေါ်လာပြီး ဟိန်းသံ မဆုံးမီမှာပင် ဖုန်မှုန့်များကြားမှ ဧရာမ ငွေရောင် ကျားကြီးတစ်ကောင် ခုန်ထွက်လာသည်။ထိုကျားကြီးမှာ ပခုံးအမြင့် သုံးလံခန့် ရှိပြီး ခန့်ညားထည်ဝါသော ခန္ဓာကိုယ်နှင့် မှိန်ဖျော့သော ငွေရောင်အလင်းတန်းများ ထွက်ပေါ်နေသဖြင်​ြ ၎င်း၏ အသွင်အပြင်က လူတိုင်းကို လန့်ဖျပ်သွားစေသည်။

ငွေရောင်ကျားကြီး၏ အနောက်တွင် ပျက်စီးနေသော အဆောက်အဦး အပျက်အစီးများကို ကျော်ဖြတ်၍ လူတစ်ယောက် လျှောက်လှမ်းလာနေသည်။

ထိုသူမှာ လီချင်းချိုးပင် ဖြစ်သည်။

တောင်သခင် နတ်ဘုရားမန္တန်…

လီချင်းချိုး၏ တောင်သခင် နတ်ဘုရားမန္တန်က အလွန်အမင်း ဆန်းပြားခြင်း မရှိသော်လည်း လီချင်းချ်ုး၏ မူလချီ စွမ်းအားကတော့ ငြင်းဆန်၍ မရနိုင်လောက်အောင် အားကောင်းလှပေသည်။

"ကျောက်ကျိ... မင်းရဲ့ သေနေ့စေ့ပြီ..."

လီချင်းချိုး၏ အသံက လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာသဖြင့် အကျဉ်းသားများ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။

လီချင်းချိုး ဖန်ဆင်းလိုက်သော တောင်သခင်ကျားကြီးက နတ်သားရဲတစ်ကောင်နှင့် တူနေပြီး ယင်း၏ အရှိန်အဝါက ကျောက်ကျိ၏ ခေါင်းပေါ်မှ တစ္ဆေကြီးထက် မလျော့နည်းပေ။ ထိုအရာက သူတို့ကို ယုံကြည်မှု ပေးစွမ်းပြီး စိတ်တက်ကြွစေသည်။

"ဒါက ကျားအစစ်လား..."

"မဟုတ်ဘူး... အတုပါ... ရုပ်ခန္ဓာ မရှိဘူး..."

"ဟား... ဒါက သိုင်းပညာလား... နတ်ဘုရား စွမ်းရည်လား..."

"ဘယ်လိုလုပ် သိုင်းပညာ ဖြစ်နိုင်မှာလဲ... သရဲတစ္ဆေတွေတောင် ပေါ်လာပြီဟာ..."

"သူက ချင်းရှောင်ဂိုဏ်းချုပ် လီချင်းချိုးလား..."

အကျဉ်းသားများ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြစဉ် ချင်းရှောင်ဘိုးဘေးသည်လည်း လီချင်းချိုးကို ကြည့်လိုက်သည်။ သူက လီချင်းချိုးကို မမှတ်မိသဖြင့် မျက်လုံးများ မှေးမှိန်နေသည်။

စင်မြင့်ပေါ်တွင် ရပ်နေသော ကျောက်ကျိသည်လည်း လီချင်းချိုးကို ကြည့်လိုက်သည်။ လီချင်းချိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး သူ ထင်ထားသည်ထက် ပို၍ ငယ်ရွယ်နေသည်။

တောင်သခင် နတ်ဘုရားမန္တန်ကြောင့် အံ့အားသင့်သွားသော်လည်း ယခုအခါ သူ ပို၍ စိတ်လှုပ်ရှားနေသည်။ လီချင်းချိုး ပိုသန်မာလေလေ သူ့ရဲ့ စွမ်းအားကို ပို၍ ပြသနိုင်လေလေပင်….

"လီချင်းချိုး... မင်း ဘာလို့ ငါ့ကို ဒီလောက် ပုန်ကန်ချင်နေရတာလဲ..."

ကျောက်ကျိက ရှေ့သို့ တိုးလာပြီး ကျယ်လောင်စွာ မေးလိုက်တော့ တစ္ဆေချီစွမ်းအင်များက သူ့ပတ်လည်တွင် ပျံ့နှံ့လာပြီး ယုတ်မာသော အငွေ့အသက်များ မျက်ခုံးကြားတွင် စုစည်းလာသည်။

"မင်းက ပြည်သူတွေကို ဒုက္ခပေးပြီး လူ့အသက်ကို မြက်ပင်တွေလို သဘောထားတာလေ... ဒါတောင် မင်းက

မေးခွန်းထုတ်ချင်သေးတာလား... ကျောက်ကျိ... လည်ပင်းကို ဆန့်ထားလိုက်... ငါ့ရဲ့ ကောင်းကင်သက်တံဓားက မင့်ခွေးခေါင်းကို ဖြတ်တော့မယ်..."

လီချင်းချိုး၏ အသံ အေးစက်စွာ ထွက်ပေါ်လာပြီး သူ၏ သဘောထားက အကျဉ်းသားများကို အားတက်စေသည်။

"ကောင်းကင်သက်တံဓား..."

ချင်းရှောင်ဘိုးဘေး ထိုအခါမှသာ ရုတ်တရက် မော့ကြည့်လိုက်ရာ သူ့ရဲ့ အကြည့်က လီချင်းချိုးအပေါ် ကျရောက်သွားပြီး မျက်လုံး နီရဲလာကာ မျက်ရည်များပင် ဝဲလာသည်။

လီချင်းချိုး၏ ရန်စသော စကားကို ကြားသောအခါ ကျောက်ကျိ ဒေါသထွက်သွားပြီး မျက်နှာထားကလည်း ကြောက်မက်ဖွယ် ကောင်းအောင် ရှုံ့မဲ့သွားလေသည်။ထို့​ကြောင့် အင်္ကျီလက်စကို ဝှေ့ယမ်းကာ လီချင်းချိုးရှိရာသို့ ရိုက်ထုတ်လိုက်သည်နှင့် ဧရာမ တစ္ဆေပုံရိပ်ကြီးက ဟိန်းဟောက်လျက် လီချင်းချိုးထံသို့ ခုန်အုပ်လိုက်လေသည်။

ဧရာမ တစ္ဆေပုံရိပ်ကြီး ဝင်ရောက်လာသည်ကို မြင်သောအခါ တောင်သခင်က ဟိန်းဟောက်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ တစ္ဆေပုံရိပ်ကြီးနှင့် ခေါင်းချင်းဆိုင် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ထိုအခါ လူတိုင်း တိတ်ဆိတ်သွားပြီး ထိုမြင်ကွင်း

စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

ဧရာမ တစ္ဆေပုံရိပ်ကြီးက လက်သည်းများကို ဝှေ့ယမ်းလိုက်ရာ တောင်သခင်ကလည်း ကျားလက်သည်းများကို မြှောက်လိုက်သည်။ နှစ်ကောင်သား ထိပ်တိုက် တွေ့ဆုံသောအခါ ဧရာမ တစ္ဆေပုံရိပ်ကြီးက တောင်သခင်၏ ရိုက်ချက်ကြောင့် တစ်စစီ ကွဲကြေသွားသည်။

တောင်သခင် မြေကြီးပေါ်သို့ ပြန်ကျလာရာ ဖုန်မှုန့်များ ထသွားစေပြီး ခေါင်းကို ခါရမ်းလိုက်ကာ စင်မြင့်ထက်သို့ ပြေးတက်သွားသဖြင့်

ကျောက်ကျိ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။

သူက နောက်မဆုတ်ဘဲ စင်မြင့်အစွန်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ လက်ဝါးနှစ်ဖက်ဖြင့် ပြင်းထန်စွာ ရိုက်ထုတ်လိုက်လေရာ ကြောက်မက်ဖွယ် လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး တောင်သခင်ကို စုတ်ဖြဲပစ်လိုက်ရာ အဖြူရောင် အငွေ့အသက်များအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားလေသည်။

"ဟားး ဟားး ဟားးးလီချင်းချိုး... ငါ့ရဲ့ စွမ်းအားက နှစ်တစ်ထောင် အဆင့်ကို ရောက်နေပြီ... ဒီလောကမှာ ငါ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူး... မင်းမှာ ဘာလှည့်ကွက်တွေ ကျန်သေးလဲ..."

လီချင်းချိုးက ပြန်မဖြေဘဲ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ရာ ပိုမို လျင်မြန်လာသည်။

ကျောက်ကျိကလည်း ညာဘက်လက်မောင်းကို မြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်တော့ သူ့ရှေ့မှ မြေပြင်သည် ရုတ်တရက် အက်ကွဲသွားပြီး အက်ကွဲကြောင်းက လီချင်းချိုးထံသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

လီချင်းချိုးက အက်ကွဲကြောင်းထဲသို့ တိုးဝင်သွားပြီး မြင်သာသော အကာအကွယ်တစ်ခုကို ဖန်တီးကာ ကျောက်ကျိ၏ စွမ်းအားကို အတင်း တွန်းလှန်၍ ရှေ့ဆက်တိုးသွားသည်။ထိုအခါ

ကျောက်ကျိ အကြည့်များ စူးရှသွားပြီး ညာဘက်လက်မောင်းကို နောက်သို့ ဆွဲယူကာ အားကုန်သုံး၍ ရှေ့သို့ တွန်းထုတ်လိုက်တော့ သူ့ရှေ့မှ နေရာတစ်ခုလုံး ကြေမွသွားပြီး မရေမတွက်နိုင်သော ကျောက်တုံးများ မြောက်တက်လာကာ လီချင်းချိုးအပေါ်သို့ ပြုတ်ကျလာသည်။

မြေပြင် တုန်ခါသွားသည်ကို လူတိုင်း ခံစားလိုက်ရပြီး သိုင်းပညာရှင်များက ကျောက်ကျိကို ကြောက်ရွံ့စွာ ကြည့်နေမိကြသည်။

ဒါ ဘယ်လောက် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ...

သူ တကယ်ပဲ နှစ်တစ်ထောင် အတွင်းအားကို ပိုင်ဆိုင်ထားတာလား…

ကျင်းဝူအစောင့်တပ်သားများ၊ နတ်စစ်သည်များနှင့် အကျဉ်းသားများ ဆက်မတွေးနိုင်ခင်မှာပင် ဓားအလင်းတန်းတစ်ခုက ရင်ပြင်တစ်ခုလုံးကို လင်းထိန်သွားစေပြီး ကျောက်ကျိ၏ မျက်လုံးအိမ်များပင် ပြူးကျယ်သွားသည်။

ကျောက်ကျိ၏ မျက်လုံးရှေ့မှောက်တွင်ပင် ကောင်းကင်သက်တံဓားကို ကိုင်စွဲထားသော လီချင်းချိုးက လမ်းတစ်လျှောက်ရှိ ကျောက်တုံးများ အားလုံးကို ထိုးဖောက်ကာ ထက်မြက်သော မြှားတစ်စင်းပမာ လေကိုခွင်း၍ သူ့ထံသို့ တိုးဝင်လာသဖြင့်

ကျောက်ကျိ တုန်လှုပ်သွားပြီး ကာကွယ်ရန် လက်ဝါးကို အလိုအလျောက် မြှောက်လိုက်မိသည်။

ဖောက်……

သို့သော် ဓားသွားက သူ့လက်ဝါးကို ဖောက်ဝင်သွားပြီး သွေးများ ပန်းထွက်လာကာ လည်ချောင်းဆီသို့ ဆက်လက် တိုးဝင်လာသဖြင့် သူ နောက်ဆုတ်လိုက်ရသည်။

အခြားသူများ၏ အမြင်တွင် ကျောက်ကျိက ကျောက်တုံးများကို လှုပ်ခါရန် စွမ်းအားထုတ်လိုက်ချိန်တွင် လီချင်းချိုးက ဓားဖြင့် ပျံသန်းလာပြီး ကျောက်တုံးများကို ထိုးဖောက်ကာ အသက်နှစ်ရှူစာ အချိန်အတွင်း၌ပင် ကျောက်ကျိကို သတ်ဖြတ်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။

မြန်လွန်းတယ်…

မြန်လွန်းလို့ တခြားသူတွေ တွေးဖို့ အချိန်တောင် မရလိုက်ဘူး…

လီချင်းချိုး၏ မျက်နှာထားက ရေခဲပမာ အေးစက်နေပြီး ဓားတစ်ချက်တည်းဖြင့် ကျောက်ကျိ၏ ညာဘက်လက်မောင်းကို ဖြတ်ပစ်လိုက်ပြီး ဓားကို ပြန်သိမ်းကာ ခြေထောက်ကို မြှောက်လိုက်သည်။

ကျောက်ကျိခင်မျာ

လက်မောင်း ပြတ်သွားသော နာကျင်မှုကို လျစ်လျူရှု၍ လဲကျမသွားစေရန် ကျန်လက်တစ်ဖက်ဖြင့် ထောက်လိုက်စဉ်မှာပင် လီချင်းချိုးက သူ့ ရင်ဘတ်ကို တက်နင်းလိုက်သည်။

ဝုန်း…

ထိုအခါ ကျောက်သားစင်မြင့်ကြီး ပြင်းထန်စွာ တုန်ခါသွားပြီး မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာကာ အမတ်များနှင့် အကျဉ်းသားများ၏ ခြေရင်းထိ ရောက်ရှိသွားသည်။ မြေပြင်ပေါ်တွင် အနင်းခံထားရသော ကျောက်ကျိ မျက်လုံးပြူးသွားပြီး အနက်ရောင် သွေးတစ်လုပ် အန်ထုတ်လိုက်ရရှာသည်။

လီချင်းချိုးက ကျောက်ကျိ၏ ရင်ဘတ်ကို နင်းထားရင်း ညာလက်ဖြင့် ဓားကို ဝှေ့ယမ်းလိုက်ကာ ဓားထိပ်ဖျားကို ကျောက်ကျိ၏ လည်ပင်းတွင် တေ့ထားလိုက်ချိန်၌

လောကကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်…

နတ်ဆရာကျန်းကလည်း ရလဒ်ကို မျက်လုံးပြူး၍ ကြည့်နေမိပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ကျောက်ကျိ ရှုံးသွားပြီလား…

ကျောက်ကျိ နှစ်တစ်ထောင် စွမ်းအားကို ထုတ်ပြလိုက်စဉ်က လူတိုင်း တုန်လှုပ်ခဲ့ကြပြီး ဤမျှ စွမ်းအားကြီးမားသူက လီချင်းချိုး၏ ပြိုင်ဘက် မဖြစ်လာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

လီချင်းချိုးက ကျောက်ကျိကို ငုံ့ကြည့်ပြီး …..

"မင်းရဲ့ စွမ်းအားက နှစ်တစ်ထောင် ရှိတယ် ဆိုပေမဲ့ မင်းကိုယ်တိုင် ကျင့်ကြံထားတာ မဟုတ်ဘူး... မင်းက အဲဒီစွမ်းအားရဲ့ ဆယ်ပုံတစ်ပုံတောင် ထုတ်မသုံးနိုင်ဘူး... မင်းက အမှိုက်ပဲ..."

ကောင်းကင်သက်တံဓား၏ ဓားသွားနှင့်ထိတွေ့နေရပြီး သေမင်း၏ အငွေ့အသက်ကို ရလိုက်သဖြင့် ကျောက်ကျိ ဒေါသမထွက်နိုင်တော့ပေ။

သူ သေမင်းနဲ့ ဒီလောက် နီးကပ်တာမျိုး တစ်ခါမှ မကြုံဖူးဘူး…

"မင်း..."

ကျောက်ကျိ ပါးစပ်ဟလိုက်သော်လည်း လီချင်းချိုးနှင့် အကြည့်ချင်း ဆုံမိသောအခါ ကြောက်ရွံ့သွားသဖြင့်

ခေါင်းကို အမြန်လှည့်ပြီး အဝေးသို့ အော်ဟစ်လိုက်လေသည်ယ

"ကယ်ကြပါဦး... မြန်မြန် လာကယ်ကြပါ..."

ထိုအခါမှသာ ကျင်းဝူအစောင့်တပ်သားများ အသိပြန်ဝင်လာပြီး ဓားများကို ဆွဲထုတ်ကာ လီချင်းချိုးထံသို့ ပြေးဝင်လာကြသည်။

လီချင်းချိုးက ညာလက်ဖြင့် ဓားကိုင်ထားမှုကို ရုတ်တရက် လျှော့ချလိုက်ရာ ကောင်းကင်သက်တံဓားက မမြင်ရသော အားတစ်ခု၏ တွန်းပို့မှုကြောင့် အောက်သို့ တည့်တည့် ထိုးစိုက်သွားပြီး ကျောက်ကျိ၏ လည်ပင်းကို ဖောက်ဝင်သွားသဖြင့် စကားမပြောနိုင်တော့ပေ။

"အွတ်..."

ကျောက်ကျိက ကောင်းကင်သက်တံဓား၏ ဓားသွားကို ဘယ်လက်ဖြင့် ဆုပ်ကိုင်ပြီး ဆွဲထုတ်ရန် ကြိုးစားသော်လည်း လုံးဝ မရွေ့လျားပေ။ သွေးများ ပန်းထွက်လာပြီး သူ့အမြင်အာရုံကို လျင်မြန်စွာ နီရဲသွားစေခြင်းသာ အဖတ်တင်ခဲ့သည်။

အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လာသော ကျင်းဝူအစောင့်တပ်သားများကို ဂရုမစိုက်ဘဲ လီချင်းချိုးက ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်ပြီး ဓားရိုးကို ဆုပ်ကိုင်ကာ လက်ကောက်ဝတ်ကို လှည့်လိုက်သည်နှင့် ကျောက်ကျိ၏ ဉီးခေါင်းပြတ် ပြတ်ထွက်သွားကာ

ခေါင်းပြတ်ကြီး စင်မြင့်ပေါ်မှ လိမ့်ဆင်းသွားပြီး ဘုတ်ခနဲ အသံ ထွက်ပေါ်လာရာ ကျင်းဝူအစောင့်တပ်သားများ လန့်သွားပြီး ရပ်တန့်ကာ မယုံကြည်နိုင်စွာ ကြည့်နေမိကြသည်။

လီချင်းချိုးက ဓားကို ဆွဲထုတ်လိုက်ပြီး နတ်ဆရာကျန်းကို ဘေးတိုက် ကြည့်ကာ မေးလိုက်သည်က….

"ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် နတ်ဆရာလို့ ခေါ်ပြီး မသေမျိုး လျှို့ဝှက်ချက်တွေကို သိတယ်ဆို... အဲ့တော့ ခင်ဗျားခေါင်းကို ဖြတ်လိုက်ရင်ရော ထာဝရအသက်ရှင်နိုင်ဦးမလား ဆိုတယ ကျုပ်သိချင်တယ်…..."

ထိုစကားကြောင့်

နတ်ဆရာကျန်း အလိုအလျောက် နောက်ဆုတ်သွားပြီး မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ သူက လီချင်းချိုးကို ကြည့်ပြီး တုန်ယင်သော အသံဖြင့်မေးလိုက်သည်က….

"မင်း... မင်းက ကျင့်ကြံသူလား..."

All Chapters