အခန်း (၁၆၁)
Vol. 17 Ch. 161
နတ်ဘုရားသန္ဓေသားသည် ကမ္ဘာ့မူလဇစ်မြစ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် အမြစ်တွယ်၍ အညှောင့်ပေါက်လာသည်။ ထိုနတ်ဘုရားသန္ဓေသားမှတစ်ဆင့် သွေးသားတော်စပ်မှုထက် ပိုမိုနက်ရှိုင်းသော ဆက်နွယ်မှုတစ်ခု တည်ဆောက်လိုက်နိုင်၏။ ကျုံးရှန်သည် အသိဉာဏ် မဖွံ့ဖြိုးသေးသော ကမ္ဘာ့အသိစိတ်က မိမိကို ကြောက်ရွံ့ရုံသာမက ကိုးကွယ်မှုပါ ပြုလုပ်နေသည်ကို ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။
ယင်းမှာ ဖခင်ဖြစ်သူကို ကြည်ညိုနေသော ကလေးငယ်တစ်ဦးနှင့်ပင် တူလှ၏။ အပြစ်ငရဲ၏ကမ္ဘာ့အမြုတေလေးသည် တုန်ရီနေသော်လည်း ကျုံးရှန်အနားသို့ တိုးကပ်လာကာ ပွတ်သပ်ယုယမှုကို လိုချင်နေသော ကလေးငယ်တစ်ဦးအလား ချွဲနွဲ့ပြနေလေသည်။
ဤပြောင်းလဲမှုသည် မင်ကျွေ့ကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။ သူသည် အပြစ်ငရဲအရှင်သခင် ဖြစ်လာပြီးနောက် ကမ္ဘာ့အမြုတေ၏ စွမ်းအင်ကို အသုံးပြုပိုင်ခွင့်ရရှိသော်လည်း ထိုစွမ်းအားများကို လက်နက်ကိရိယာတစ်ခုအဖြစ်သာ သဘောထားခဲ့သည်။ ကမ္ဘာ့အမြုတေတွင် ကိုယ်ပိုင်အသိစိတ် ရှိလာနိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။
ကမ္ဘာတစ်ခု၏ အမြုတေသည် ထိုကမ္ဘာ၏ စွမ်းအားအရင်းအမြစ် ဖြစ်သလို နိယာမများကို စောင့်ရှောက်သူလည်း ဖြစ်သည်။ လောကတွင် သက်ရှိသတ္တဝါ သန်းပေါင်းများစွာသည် အသိဥာဏ်ဖွံဖြိုးလာပြီး ကျင့်ကြံနိုင်ကြသော်လည်း ကမ္ဘာ့အမြုတေကဲ့သို့ ကြီးမားသော စွမ်းအင်ရှိသည့် အရာဝတ္ထုများမှာ ကိုယ်ပိုင်အသိစိတ်ရှိလာ ရန် အလွန်ခက်ခဲလှသည်။ အကယ်၍ ကိုယ်ပိုင်အသိစိတ်ဖွံ့ဖြိုးလာပါက ထိုကမ္ဘာတွင် ခန့်မှန်း၍ မရနိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာတတ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်ဘုံ နိယာမများ ပြောင်းလဲသွားခြင်းသည်ပင် ထိုကမ္ဘာ၏ ဖွံ့ဖြိုးပြီးခါစ အသိစိတ်နှင့် ဆက်စပ်နေပေလိမ့်မည်ဟု ကျုံးရှန် သံသယရှိနေလေသည်။
ရုတ်တရက်ကျုံးရှန်၏ စိတ်ထဲတွင် ရဲတင်းလှသော အတွေးတစ်ခု ပေါ်လာသည်။ ကမ္ဘာတစ်ခု၌ ကိုယ်ပိုင်အသိစိတ် ဖွံ့ဖြိုးလာခြင်းမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်၏။ ထိုအရာမှာ ငရဲကမ္ဘာအတွင်း၌ ဖြစ်နေသဖြင့် ကျုံးရှန်အနေဖြင့် အကျိုးဆက်များကို စိုးရိမ်စရာမလိုဘဲ ဤကမ္ဘာကို စမ်းသပ်မှုတစ်ခုအဖြစ် အသုံးပြုနိုင်ပေသည်။
စမ်းသပ်မှုမှာ အပြစ်ငရဲဘုံ၏ ကမ္ဘာ့ကိုယ်ပိုင်အသိစိတ်ကို ပိုပြီးဖွံ့ဖြိုးလာအောင် ပြုလုပ်ပေးရန်ဖြစ်သည်။ ထိုအသိစိတ်ကို ယဉ်ပါးအောင် ပြုလုပ်ခြင်းဖြင့် ဤကမ္ဘာ၏ နိယာမများကို ပြောင်းလဲပစ်ကာ နဂါးမဲ့နှလုံးသားကျင့်စဉ်ကို အခြေခံပြီး လူတိုင်းလွတ်မြောက်နိုင်သော ကမ္ဘာငယ်လေးတစ်ခု ဖန်တီးမည်ဖြစ်သည်။
အောင်မြင်ခဲ့မည်ဆိုလျှင် ကျုံးရှန်သည် နောင်တစ်ချိန်တွင် ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီး၏ နိယာမများကိုပါ ပြောင်းလဲနိုင်ပေလိမ့်မည်။ ဤသည်မှာ အမြင့်မြတ်ဆုံးသော နတ်ဘုရားများပင် မပြုလုပ်နိုင်သည့် အရာမျိုး ဖြစ်သည်။
အတွေးရှိလျှင် လက်တွေ့လုပ်ဆောင်ရန် ကျုံးရှန်က ဝန်မလေးပေ။ သူသည် နတ်ဘုရားစိတ်အာရုံကို ထောင်ချီ ခွဲလိုက်ပြီး မိမိ၏ ခန္ဓာကိုယ် ဟင်းလင်းပြင်ထဲမှ အသိဉာဏ်ဖွံဖြိုးစေသော ပစ္စည်းများကို ရှာဖွေလိုက်သည်။ ထိုအရာများထဲတွင် အနိမ့်ဆုံးမှာပင် နတ်ဘုရားအဆင့်ရှိသော ရတနာများ ဖြစ်ကြ၏။ ထို့ပြင် မဟာတာအိုအဆင့်ဘကမ္ဘာဦးရွှေရည် တစ်စက်ပင် ပါဝင်နေသေးရာ ကျုံးရှန်အနေဖြင့် အရင်းအနှီး အတော်လေး စိုက်ထုတ်လိုက်ရခြင်း ဖြစ်သည်။
ဤကမ္ဘာဦးရွှေရည်သည် စစ်မှန်သော နတ်ဘုရားတစ်ပါးအတွက် စင်ကြယ်သော နတ်ဘုရားခန္ဓာကိုယ်ကို တည်ဆောက်ပေးနိုင်သလို အရာအားလုံးကိုလည်း ပြုပြင်မြှင့်တင်ပေးနိုင်၏။ ထိပ်တန်းအဆင့်ရှိသော ဖန်ဆင်းခြင်းလက်နက်တစ်ခုပေါ်သို့ ဤရွှေရည်တစ်စက် ချလိုက်ရုံဖြင့် နှစ်ပေါင်းသန်းချီ ကြာပြီးနောက် တာအိုအဆင့် နတ်ဘုရားလက်နက်အဖြစ် ပြောင်းလဲသွားနိုင်သည်။
ထို့ပြင် ပျက်စီးနေသော အရာမှန်သမျှကိုလည်း ပြုပြင်ပေးနိုင်စွမ်း ရှိရာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့ရပြီး နိယာမများ ပျက်စီးသွားလျှင်ပင် ဤရွှေရည်ဖြင့် ပြန်လည် ပြုပြင်နိုင်ပေသည်။ သို့သော်လည်း လိုအပ်သော ပမာဏမှာ နည်းပါးမည် မဟုတ်ချေ။
ကျုံးရှန်၏ လက်ထဲတွင်လည်း ဤကဲ့သို့သော ရတနာမျိုး တစ်စက်သာ ကျန်တော့သည်။ မူလက တစ်ပုလင်းလုံး အပြည့် ရရှိခဲ့သော်လည်း အများစုမှာ နှစ်ပေါင်းများစွာအတွင်း အသုံးပြုခဲ့ပြီး ဖြစ်၏။ အချို့ကို မိမိ၏ ခန္ဓာကိုယ်အတွက် အသုံးပြုခဲ့ပြီး အချို့ကိုလည်း ကောင်းကင်တိုင်တောင်ထိပ်ရှိ ဖန်ဆင်းခြင်း ကျောက်သန္ဓေသား ကို ကျွေးမွေးခဲ့သည်။
မဟာတာအိုအဆင့် ရတနာတိုင်းမှာ ကမ္ဘာကြီးတစ်ခုလုံး၏ တန်ဖိုးနှင့် ညီမျှပြီး သာမန်တန်ဖိုးများဖြင့် တိုင်းတာရန် ခက်ခဲလှ၏။ ယခုအခါတွင် ဤရွှေရည်တစ်စက်ကို အသုံးချ၍ အခြားသော ရတနာများနှင့် ပေါင်းစပ်ကာ အပြစ်ငရဲဘုံကဲ့သို့သော ကမ္ဘာငယ်လေး၏ အသိစိတ်ကို ဖွံ့ဖြိုးတိုးတက်စေရန်အသုံးပြုတော့မည်ဖြစ်သည်။
သူသည် ကမ္ဘာဦးရွှေရည်ကို ကမ္ဘာဦးအမြုတေ၏မူလခန္ဓာကိုယ်ဖြစ်သည့်ကြည်လင်သောနှလုံးသားအတွင်းသို့ ပစ်သွင်းလိုက်သည်။ ထို့နောက် ဉာဏ်ပညာသစ်ကိုင်းကို အသုံးပြု၍ ဉာဏ်အလင်းပွင့်ခြင်း အစီအရင်တစ်ခုကို တည်ဆောက်လိုက်ကာ ဆက်လက်၍ အခြားသောဉာဏ်ရည်ဖွံ့ဖြိုးစေမည့်ရတနာများကို တစ်ခုပြီးတစ်ခု ကမ္ဘာဦးအမြုတေအတွင်းထည့်သွင်းလိုက်သည်။
ရတနာများအားလုံးထည့်သွင်းပြီးနောက်ကျုံးရှန်သည် နဂါးမဲ့နှလုံးသားကျင့်စဉ်၏ မန္တန်များ ၊ ကောင်းကင်နှင့် မြေပြင်၏ ဖြောင့်မတ်သော စွမ်းအင်များ ၊ မြင့်မြတ်သူ၏နှလုံးသား စသဖြင့်မွန်မြတ်သော စိတ်နေသဘောထားများကို ဉာဏ်ပညာအမြုတေအဖြစ် စုစည်းကာ ကမ္ဘာဦးအမြုတေနှလုံးသားကြီးအတွင်းသို့ ပို့လွှတ်လိုက်သည်။ ငရဲဘုံ၏ မူလအငွေ့အသက်များသည် အပျက်သဘောဆောင်သဖြင့် ငရဲသတ္တဝါများ၏ စိတ်ဆန္ဒကိုသာ ထည့်သွင်းလိုက်ပါက ကမ္ဘာ့အသိစိတ် နိုးထလာချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာဆိုးကြီး ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် ကျုံးရှန်က သူတော်စင်တို့၏ စံနှုန်းများကိုသာ ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။
ရတနာအများအပြား ဝင်ရောက်သွားပြီးနောက် ကမ္ဘာဦးအမြုတေတစ်ခုလုံးသည် ဝင်းလက်တောက်ပသော အလင်းရောင်များ ပေါ်ထွက်လာသည်။ ထိုအလင်းရောင်မှာ တစ်ဖန် ထွက်ပေါ်လာသော နံနက်ခင်း၏ နေမင်းတစ်စင်းနှင့်ပင် တူလှ၏။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး အလင်းရောင်များလည်းအထွတ်အထိပ်သို့ ရောက်ရှိသွားပြီးနောက် ပြန်လည် မှိန်ဖျော့သွားခဲ့သည်။
မူလဇစ်မြစ်၏အလယ်ဗဟို၌ လူတစ်ရပ်ခန့်ရှိသော ကမ္ဘာဦးအမြုတေနှလုံးသားမှာ ပျောက်ကွယ်သွားပြီး အသားအရေ ဖြူဖွေးကာ ခန္ဓာကိုယ်ပေါ်တွင် ဆန်းကြယ်သော အမှတ်အသားများ ပါရှိသည့် ကလေးငယ်တစ်ဦးသာ ကျန်ရှိတော့သည်။ ထိုကလေး၏ မျက်လုံး၊ မျက်ခုံးများမှာ ကျုံးရှန်နှင့်ပင် ခပ်ဆင်ဆင် တူနေ၏။
ကလေးငယ်လေးသည် ပျော်ရွှင်နေသော မျက်နှာဖြင့် ကျုံးရှန်ထံသို့ လက်ကမ်းကာ အားယူဆန့်တန်းနေသည်။
"အီးယာ... အီးယာ..."
အရာအားလုံးမှာ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ သက်ရှိမျိုးစိတ်အသစ် မွေးဖွားလာခြင်းက ကျုံးရှန်ကိုလည်း ပျော်ရွှင်စေ၏။ ဤသည်မှာ အသက်ဇီဝတစ်ခုကိုဖန်တီးပေးလိုက်ရသည့် ဝမ်းမြောက်မှုမျိုးပင် ဖြစ်သည်။ သို့သော်လည်း ကျုံးရှန်သည် ထိုကလေးငယ်ကို သွားရောက်ပွေ့ဖက်ခြင်း မပြုသေးပေ။ ဉာဏ်ရည်ဆင့်ကဲပြောင်းလဲဖြစ်စဉ်သည် မပြီးဆုံးသေးသောကြောင့် ဖြစ်သည်။
စောစောက အသုံးပြုခဲ့သော ရတနာများနှင့် အစီရင်များမှာ ကမ္ဘာဦးအမြုတေကို ကျုံးရှန်၏ စိတ်ကူးအတိုင်း လူသားပုံသဏ္ဌာန် အသိဉာဏ်ရှိသော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးလိုက်ခြင်းသာ ဖြစ်သည်။ ဆက်လက်၍ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်နေသေးသည်။
ကျုံးရှန်သည် ကလေးငယ်၏ ရှေ့သို့ သွားကာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ထို့နောက် ဟင်းလင်းပြင်ထဲမှ ဉာဏ်အလင်းပွင့်ခေါင်းလောင်းကို ဆင့်ခေါ်လိုက်၏။ ဤ ဉာဏ်အလင်းပွင့်ခေါင်းလောင်းသည် ရုပ်ဝတ္ထုပစ္စည်း မဟုတ်ဘဲ ဉာဏ်ပညာအလင်း၏ ပြယုဂ်တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားများ ပရမ်းပတာနယ်မြေ၏ နက်ရှိုင်းသော နေရာများသို့ သွားရောက်လျှင်ပင် ဤခေါင်းလောင်းမျိုးနှင့် တွေ့ကြုံရန် ခက်ခဲလှသည်။
ဤကလေးငယ်လေး မွေးဖွားလာပြီးနောက်တွင် မင်ကျွေ့၌လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပြစ်သားအမှတ်အသားများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အသားအရေမှာ ဖြူစင်လာပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာဟောင်းများနှင့် အမာရွတ်များမှာလည်း လုံးဝ ပျောက်ကွယ်သွားလေသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ငရဲစွမ်းအင်များမှာ စတင်ပြောင်းလဲလာပြီး စွမ်းအားသစ်တစ်မျိုး ဖြစ်လာကာ အမှောင်ထု၊ ရက်စက်ကြမ်းတမ်းမှု၊ သွေးဆာမှုနှင့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ အားလုံး ကွယ်ပျောက်သွား၏။ ယခုအချိန်၌ မင်ကျွေ့ကို ငရဲသတ္တဝါတစ်ဦးဟု မခေါ်ဆိုနိုင်တော့ပေ။
ပြင်ပလောကတွင်လည်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ အမှောင်ထုနှင့် သွေးနီရောင် ကောင်းကင်ကြီးမှာ ပျောက်ကွယ်သွားပြီး တစ်ကမ္ဘာလုံး ကြည်လင်သန့်ရှင်းသွား၏။ အပြစ်ငရဲဘုံအတွင်းရှိ မျိုးနွယ်စုအားလုံးလည်း ထိုသက်ရောက်မှုကို ခံစားလိုက်ရပြီး စတင်ပြောင်းလဲလာကြလေသည်။
ဤပြောင်းလဲမှုမှာ ကမ္ဘာတစ်ခုလုံး၏ နိယာမများ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်းပင် ဖြစ်၏။ အရာအားလုံးမှာ သဘာဝအလျောက် ဖြစ်ပေါ်နေပြီး မည်သူမျှ တားဆီး၍ မရပေ။ ကမ္ဘာတစ်ခုလုံး၏ စွမ်းအားများမှာလည်း ငရဲစွမ်းအင်များအဖြစ်မှ အမည်မသိသော စွမ်းအားသစ်တစ်မျိုးသို့ ပြောင်းလဲသွားလေသည်။
မင်ကျွေ့၏ စိတ်ခံစားချက်ကို ဖော်ပြရန်ခက်ခဲလှ၏။ ငရဲစွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက် သူ၏ စိတ်ထဲရှိ ယုတ်မာကောက်ကျစ်မှုများမှာ တစ်ပါးတည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူသည် ဖြူစင်သန့်ရှင်းသော သက်ရှိမျိုးစိတ်အသစ်ဖြစ်သွားလေသည်။
"ဒါ... ဒါက ဘယ်လို မဟာစွမ်းအားမျိုးလဲ..."
"အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း...ဒါဟာ ကမ္ဘာတစ်ခုလုံးရဲ့ အသစ်ပြန်လည်မွေးဖွားဖြစ်ခြင်း... သက်ရှိအားလုံးရဲ့ အသစ်ပြန်လည်ဖြစ်တည် မွေးဖွားခြင်းပဲ..."
သူသည် တိုးညင်းစွာ ရေရွတ်လိုက်ပြီး ကျုံးရှန်အပေါ် ကြည်ညိုလေးစားမှုများမှာ ပြောပြ၍ မရနိုင်အောင် ဖြစ်သွားကာ ကျုံးရှန်၏ခြေရင်း၌ ဦးချအရိုအသေပြုလိုက်လေသည်။
ကျုံးရှန်မှာ တရားဟောကြားနေသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဉာဏ်အလင်းပွင့်ခေါင်းလောင်းမှာ သူ၏ ဦးခေါင်းထက်၌ လှုပ်ခါနေပြီး ဉာဏ်အလင်းရောင်ခြည်ပေါင်းများစွာကို ဖြာကျထွက်ပေါ်စေသည်။ အလင်းရောင် အများစုကို ကမ္ဘာဦးအမြုတေနှလုံးသားဖြစ်သော ကလေးငယ်က စုပ်ယူလိုက်ပြီး နက်ရှိုင်းဆန်းကြယ်သော ဉာဏ်အလင်းပွင့်ခြင်း အခြေအနေကို ခိုင်မာစေနေသည်။
ကျန်ရှိသော အလင်းတန်းများသည် မူလဇစ်မြစ်နယ်မြေ၏ အထူးလမ်းကြောင်းများမှတစ်ဆင့် ကမ္ဘာလောက တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ ကြမ်းပြင်ပေါ်၌ ဦးချအရိုအသေပြုနေသော မင်ကျွေ့သည်လည်း ထိုဉာဏ်အလင်းများ၏ သက်ရောက်မှုကို ခံစားလိုက်ရပြီး ဆန်းကြယ်လှသော ဉာဏ်အလင်းပွင့်မှုအခြေအနေသို့ ရောက်ရှိသွား၏။ သူသည် ဤကမ္ဘာ၌ အသစ်တစ်ဖန် မွေးဖွားလာသော ဆန်းကြယ်သည့် စွမ်းအားသစ်ကို စတင် အာရုံခံစားမိလိုက်တော့သည်။