အခန်း (၁၆၆)
Vol. 17 Ch. 166
ကျုံးရှန်သည် နေရာတွင် ရပ်နေရင်း စိတ်ရှုပ်ထွေးနေမိသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် အရေးကြီးသော အပိုင်းတစ်ခု ပျောက်ဆုံးနေသကဲ့သို့ ခံစားရ၏။
ခဏမျှ ငြိမ်သက်စွာ ရပ်နေပြီးနောက် သူသည် ခေါင်းကို ခါယမ်းကာ တီးတိုးရေရွတ်လိုက်သည်။
"ငါ ဘာဖြစ်နေတာလဲ..."
"ဟုတ်သားပဲ... ရုံးတက်ရမယ်... ငါ ရုံးသွားတက်ရမယ်..."
"လစာထုတ်ရင် ချူချူအတွက် ဆေးဖိုးပေးရဦးမယ်..."
သူ၏ နှာခေါင်းဝတွင် အနံ့တစ်ခု ရလိုက်သည်။
"နံလိုက်တာ... ဒါ ဘာအနံ့ကြီးလဲ..."
ဤနေရာသည် ကမ္ဘာမြေ၏ ရှန်ဟိုင်းမြို့တော် ဖြစ်ပြီး ကျုံးရှန် အလုပ်လုပ်ကိုင်ရာ မြို့ဖြစ်သည်။ ချူချူသည် သူ၏ ချစ်သူမိန်းကလေး ဖြစ်ပြီး နာတာရှည် သွေးကင်ဆာရောဂါ ခံစားနေရသူ ဖြစ်သည်။ သူ ယခုရောက်ရှိနေသော နေရာသည် လမ်းဆုံလမ်းခွကြီးတစ်ခု ဖြစ်ပြီး နေ့စဉ် ရုံးသွားရာတွင် ဖြတ်သန်းသွားလာရသော လမ်းဖြစ်သည်။
ကားအသွားအလာ အလွန်များပြားလှရာ ဤနေရာတွင် ရပ်နေခြင်းသည် သေလမ်းရှာနေခြင်းနှင့် မခြားနားပေ။ ခဏမျှ ရပ်နေမိရုံဖြင့် ဘေးပတ်ဝန်းကျင်မှ လူများက ဝိုင်းကြည့်နေကြပြီ ဖြစ်သည်။ ကျုံးရှန်သည် လေးလံသော စိတ်အခြေအနေဖြင့် လမ်းဆုံမှ ဂရုတစိုက် ထွက်ခွာလာခဲ့၏။ လက်ကောက်ဝတ်ရှိ နာရီကို ငုံ့ကြည့်လိုက်ရာ နံနက် ၇ နာရီ ၁၅ မိနစ် ရှိနေပြီ ဖြစ်သည်။
'အလုပ်နောက်ကျတော့မယ်... ဘာဖြစ်လို့လဲ...'
'ငါ့စိတ်ထဲမှာ ဘာလို့ သံသယတွေ ဖြစ်နေရတာလဲ'
ကျုံးရှန်သည် စေ့စပ်သေချာတတ်သူ တစ်ဦး ဖြစ်သည်။ သူသည် လမ်းပေါ်တွင် လျှောက်လှမ်းနေစဉ် ဘေးပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများမှာ ပုံမှန်အတိုင်းပင် ရှိနေကြ၏။ သို့သော် စိတ်ထဲမှ မလုံခြုံမှုက ပိုမို ကြီးထွားလာပြီး လေထဲမှ အပုပ်နံ့ကလည်း ပိုမို ပြင်းထန်လာ၏။
သူဆက်လက် လျှောက်လှမ်းနေစဉ် ရုတ်တရက် နှလုံးခုန်သံ ပြင်းထန်လာပြီး သံတူကြီးတစ်လက်ဖြင့် အားကုန် ထုရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ တစ်ကိုယ်လုံး တုန်ခါသွား၏။ ထို့နောက် ဦးနှောက်မှာ အောက်ဆီဂျင် ပြတ်လပ်သွားသဖြင့် အသက်ရှူရန်ပင် ခက်ခဲလာသည်။ ကျုံးရှန်သည် နာကျင်စွာဖြင့် ရင်ဘတ်ကို ဖိထားရင်းမှ လဲကျသွား၏။ ပတ်ဝန်းကျင် တစ်ခုလုံး ချာလပတ်လည်ကာ မှောင်မိုက်သွားလေသည်။
"ငါ... ငါ သေတော့မှာလား..."
"ကယ်ကြပါဦး..."
"ဆေးရုံကား ခေါ်ပေးကြပါဦး..."
သူသည် ပါးစပ်ကို ဟထားသော်လည်း မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။ သေဆုံးခြင်း၏ အရသာကို အစစ်အမှန် ခံစားနေရသည်။
အေးစက်လှသော မြို့ပြနေထိုင်မှု။
ငြီးငွေ့စရာကောင်းသော အလုပ်အကိုင်။
သူသည် ရုတ်တရက် အရာအားလုံးကို လက်လျှော့လိုက်ပြီး စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရသည်။ အပျက်သဘောဆောင်သော စွမ်းအင်တစ်ခုက သူ၏ စိတ်နှလုံးတစ်ခုလုံးကို လွှမ်းမိုးသွားပြီးစိတ်ဓာတ်ကျခြင်း၊ စိတ်တိုခြင်း၊ လောကကြီးကို ငြီးငွေ့ခြင်းနှင့် နေရာတွင်ပင် သေဆုံးသွားချင်စိတ် ပေါက်အောင် ပြုလုပ်နေသည်။
ရုတ်တရက် သွားလာနေသော လမ်းသွားလမ်းလာများ အားလုံး ရပ်တန့်သွားကြသည်။ ထို့နောက် ကျုံးရှန်ဘက်သို့ လှည့်လာကာ ထူးဆန်းသော အပြုံးများဖြင့် ကျုံးရှန်ကိုငုံ့ကြည့်လာကြ၏။ ထိုအပြုံးများမှာ ဖော်ပြ၍ မရနိုင်သော အေးစက်မှုနှင့် ကြောက်မက်ဖွယ်ကောင်းမှုတို့ ပါဝင်နေသည်။ လူတိုင်းမှာ ဆပ်ကပ်ရှိ လူပြက်များကဲ့သို့ ပါးစပ်များကို ဖြဲထားကြကာပြုံးနေကြခြင်းပင် ဖြစ်သည်။
"ဟီး..ဟီး..ဟီး..ဟီး..ဟီး.."
သူတို့သည် မြေပြင်ပေါ်တွင် နှလုံးကို ဖိကာ သေအံ့ဆဲဆဲ ဖြစ်နေသော ကျုံးရှန်အနားကို ဝိုင်းအုံလာကြသည်။ အမျိုးမျိုးသော မျက်နှာများမှာ သူ့အနီးသို့ ကပ်လာပြီး ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောနေကြ၏။
"ဒုန်း"
သူ၏ နှလုံးခုန်သံ ထပ်မံ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်မှာ ပထမအကြိမ်ထက် ပို၍ ပြင်းထန်လာပြီး နာကျင်မှုမှာလည်း ဆယ်ဆခန့် တိုးလာသည်။ ကျုံးရှန်သည် မျက်စိကို မှိတ်ထားစဉ် သူ၏ စိတ်အာရုံထဲ၌ အခြားသော ကျုံးရှန်တစ်ဦး ပေါ်လာ၏။
ထိုကျုံးရှန်သည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ၁၈ နှစ်အရွယ် ပုံစံအတိုင်း ရှိနေသည်။ အမူအရာမှာ တည်ငြိမ်အေးဆေးပြီး မျက်နှာထက်တွင် ဘဝ၏ နွမ်းလျမှုများ အလျဉ်းမရှိဘဲ လောကပြင်ပမှ နတ်သားတစ်ပါးအလား ကြည်လင်နေပေသည်။
"အတိတ်ဘဝက ငါက ဒီလောက်တောင် အားနည်းခဲ့တာလား..."
"အိပ်မက်က နိုးထသင့်ပြီ... ငါ့နောက်လိုက်ခဲ့..."
ထိုဝတ်ရုံဖြူနှင့် ကျုံးရှန်မှာ လက်ကို ကမ်းပေးလိုက်၏။ ကျုံးရှန်သည် နှလုံးသား၏ နာကျင်မှုနှင့် သေခြင်းတရား၏ အမှောင်ထုကို အောင့်အည်းသည်းခံရင်း ရှေ့မှ မိမိကိုယ်ကိုယ် ကြည့်ကာ ရင်းနှီးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
သူ လက်ကမ်းလိုက်မည့် ဆဲဆဲတွင် ကြောက်မက်ဖွယ်ရာ အပြုံးများနှင့် လူအုပ်ကြီးက သူ့အပေါ်သို့ ခုန်အုပ်လာသည်။ လေထုထဲမှ အပုပ်နံ့မှာ အဆပေါင်း ထောင်သောင်းမက ပြင်းထန်လာပြီး သူ့ကို အော့အန်ချင်စိတ်ပင် ပေါက်လာစေ၏။ ထိုလူများမှာ သူ့ကို လုံးဝ မထနိုင်အောင် တောင်ကြီးတစ်လုံးအလား ဖိနှိပ်ထားကြသည်။ ဝတ်ရုံဖြူနှင့် ကျုံးရှန်၏ လက်မှာအမြဲတမ်း တစ်လက်မခန့် လိုနေသဖြင့် လှမ်းဆုပ်ကိုင်နိုင်ခြင်းမရှိဘဲ ဖြစ်နေ၏။
နာကျင်မှု။
ဖော်ပြ၍ မရနိုင်သော နာကျင်မှု။
ထိုအချိန်တွင် ဝတ်ရုံဖြူနှင့် ကျုံးရှန်က ထပ်မံ ပြောကြားလိုက်၏။
''မင်းသေသွားရင် ချူချူ ဘယ်လိုလုပ်မလဲ"
"ဝုန်း"
ထိုစကားကို ကြားလိုက်သည်နှင့် ဆေးရုံကုတင်ပေါ်တွင် အပြာနှင့် အဖြူကြား အင်္ကျီဝတ်ဆင်ထားသော ကောင်မလေးကို သတိရသွားသည်။
ရောဂါဝေဒနာ ခံစားနေရသော်လည်း အမြဲတမ်း အကောင်းမြင်စိတ်ရှိပြီး ပြုံးပျော်နေတတ်သော သူ၏ ချစ်သူ။
"ချူချူ"
ကျုံးရှန်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားတစ်ခု ထွက်ပေါ်လာကာ အတားအဆီးတစ်ခုကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ဝတ်ရုံဖြူဝတ်ကျုံးရှန်မှာ ရုတ်တရက် ပြုံးလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျုံးရှန်နှင့် တစ်သားတည်း ဖြစ်သွား၏။ ထို့နောက်များပြားလှသော မှတ်ဉာဏ်များက သူ့၏စိတ်အစဥ်ကို လွှမ်းမိုးသွားသည်။ သူသည် မျက်စိကို မှိတ်လိုက်ပြီး မိစ္ဆာကဲ့သို့ လူများက ဖိထားသည်ကို ဂရုမစိုက်တော့ပေ။
နောက်တစ်ခဏတွင် သူ၏ မျက်လုံးများ ရုတ်တရက်ပွင့်လာပြီး အလင်းတန်းနှစ်ခုထွ ပေါ်လာကာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။ ပတ်ဝန်းကျင် မြင်ကွင်းများ ချက်ချင်း ပြောင်းလဲသွားပြီး ငရဲဟင်းလင်းပြင်သို့ ပြန်လည် ရောက်ရှိသွားလေသည်။ ယခုအခါ အာပန် ရာရှာဆာသည် စူးရှသော သွားများရှိသည့် မြင်းဦးခေါင်းကြီးကို ဟကာ ကျုံးရှန်၏ ဦးခေါင်းကို ကိုက်ဖြတ်ရန် ကြိုးစားနေသည်။ သူ၏ ဦးခေါင်းနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့၏။ ကံကောင်းသည်မှာ ရဟန္တာဓာတ်တော်၏ ဗုဒ္ဓအလင်းရောင်က သူ့ကို လွှမ်းခြုံထားခြင်း ဖြစ်သည်။
အာပန် ရာရှာဆာမှာ ကျုံးရှန်နှင့် တစ်လက်မ နီးကပ်လာဖို့ပင် အလွန်ခက်ခဲနေပြီး ဗုဒ္ဓအလင်း၏ လောင်ကျွမ်းမှုကြောင့် သူ၏ ခန္ဓာကိုယ်မှ အပုပ်နံ့ထွက်သော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေ၏။
ကျုံးရှန်သည် သူ၏ စိတ်အာရုံထဲတွင် ခံစားခဲ့ရသော အပုပ်နံ့မှာ အဘယ်မှ လာသည်ကို ယခုအခါ နားလည်သွားပြီ ဖြစ်သည်။ ဟင်းလင်းပြင်အတွင်းရှိ ကြောက်မက်ဖွယ် မိစ္ဆာအရှင်သခင်၏ အရှိန်အဝါမှာလည်း ဤနေရာသို့ ရောက်ရန် တစ်မိနစ်ပင် မလိုတော့ချေ။
ကျုံးရှန်သည် သူ့ရှေ့မှ အာပန် ရာရှာဆာကို ကြည့်ကာ ရုတ်တရက် ထရယ်လိုက်၏။
"ဟား..ဟား..ဟား..ဟား.."
"တစ်နေကုန် ငှက်ဖမ်းနေတဲ့သူက ငှက်ပြန်အဆိတ်ခံရတယ်ပေါ့လေ..."
"စိတ်အာရုံရဲ့ ဟာကွက်ကို ဖြည့်ဖို့က အဲဒီလောက် မခက်ခဲပါဘူး..."
"အခု... အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ..."
ရာရှာဆာမှာ ကျုံးရှန်၏ စကားကို ဂရုမစိုက်ဘဲ ကျုံးရှန်၏ ဦးခေါင်းကို ကိုက်ဖြတ်ရန် ဆက်လက် ကြိုးစားနေသည်။ သူ၏ ဝါးမြိုနိုင်သော ပါးစပ်ကြီးမှာ အရာအားလုံးကို မှုန့်မှုန့်ညက်ညက် ကြိတ်ခြေနိုင်စွမ်း ရှိပြီး အာရုံငါးပါး သံကြိုးများဖြင့်လည်း ချည်နှောင်ထားခံရသဖြင့် ဒုတိယအဆင့် နတ်ဘုရားတစ်ပါးပင် ရုန်းထွက်ရန် ခက်ခဲပေလိမ့်မည်။
ကျုံးရှန်မှာ အနည်းငယ် စိတ်ဆိုးသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူသည် သံကြိုးကနေ ရုန်းမထွက်ဘဲ ပါးစပ်ကို ဟကာ အာပန် ရာရှာဆာ၏ ဦးခေါင်းကြီးကို ဦးတည်၍ အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်၏။
ကမ္ဘာဖျက်အလင်း။
ဤအလင်းမှာ ပုံသဏ္ဌာန်မရှိသော ကောင်းကင်တာအိုကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည့် ကျုံးရှန်၏ ဒုတိယမြောက် လျှို့ဝှက်လက်နက်ဖြစ်၏။
ခဏအတွင်းမှာပင် အာပန် ရာရှာဆာ၏ ဦးခေါင်းမှာ ကမ္ဘာဖျက်အလင်းတန်းကြောင့် ပျက်စီးသွားသည်။ ထိုအလင်းမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး လမ်းတွင်ရှိသော ငရဲကမ္ဘာငယ်တစ်ခုကိုပါ ဖျက်ဆီးပစ်လိုက်၏။ ရာရှာဆာ၏ ခန္ဓာကိုယ်မှာ ပျက်စီးခြင်း စွမ်းအားများကြောင့် စတင် ကြွေလွင့်လာသည်။ ထိုအခါ ကျုံးရှန်၏ ကိုယ်ပေါ်ရှိ အာရုံငါးပါး သံကြိုးများလည်း လျော့ရဲသွား၏။ ဤရာရှာဆာမှာ မျက်လုံးကိုယ်ပွားက အတင်းအကျပ် ဖန်တီးထားခြင်း ဖြစ်၍ ပြင်းထန်သော တိုက်ခိုက်မှုကို မခံနိုင်ပေ။
ကျုံးရှန်သည် လက်နှစ်ဖက်ကို ရုန်းလိုက်ရာ သံကြိုးများအားလုံး ပြုတ်ထွက်သွားသည်။ ထို့နောက် သူ၏ မျက်လုံးများမှကမ္ဘာဖျက်အလင်းတန်းများကို ထပ်မံ ထုတ်လွှတ်ကာ မိစ္ဆာခန္ဓာကိုယ်တစ်ခုလုံးကိုဖျက်ဆီးလိုက်လေသည်။ ဒေါသတစ်ချက်ဖြင့် ရာရှာဆာကို သုတ်သင်လိုက်ခြင်းဖြစ်သည်။