← Chapters

အခန်း (၁၆၇)

Vol. 17 Ch. 167

အခန်း (၁၆၇)

Vol. 17 Ch. 167

ထို့နောက်ဆက်လက်ပြီး ခန္ဓာကိုယ်ထဲမှ စစ်မှန်သောအတ္တ ကိုယ်ပွား စွမ်းအား သုံးပုံတစ်ပုံခန့်ကို အသုံးပြုကာ ဟင်းလင်းပြင်အတွင်းမှလာနေသည့် ချောက်နက်မိစ္ဆာအရှင်သခင်ဘက်သို့ ကမ္ဘာဖျက်အလင်းတန်း သုံးခုကို ပစ်လွှတ်လိုက်ပြန်၏။ တိုက်ခိုက်မှုဆက်တိုက်လုပ်ပြီးသွားသောအခါ ကျုံးရှန်သည် နောက်သို့ လှည့်မကြည့်တော့ဘဲ ဟင်းလင်းပြင်ကို ဖြဲလိုက်ပြီး မိမိအငွေ့အသက်နှင့်ခြေရာလက်ရာများကို ဖျက်ဆီးပစ်ကာ ကမ္ဘာနှစ်ခုအကြား ကူးပြောင်းခြင်း စွမ်းရည်ဖြင့် ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

ပစ်လွှတ်လိုက်သော ကမ္ဘာဖျက်အလင်းတန်း သုံးခုမှာကျုံးရှန်၏ စွမ်းအားသုံးပုံတစ်ပုံကို အသုံးပြုထားသဖြင့် စွမ်းအားကြီးလှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာကြီးတစ်ခုအလား ကြီးမားသော ခန္ဓာကိုယ်ရှိသည့် ချောက်နက်မိစ္ဆာအရှင်သခင်ဆီသို့ ရောက်ရှိသွားလေသည်။ သို့သော်လည်း ချောက်နက်အရှင်သည် နတ်ဘုရားနယ်ပယ် တတိယအဆင့်၏ အထွတ်အထိပ်တွင် ရှိသော မိစ္ဆာနတ်ဘုရား ဖြစ်သဖြင့် ကျုံးရှန် အလင်းတန်း ပစ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် တုံ့ပြန်မှု ပြုလုပ်နိုင်ခဲ့သည်။

အတွေးတစ်ချက်ဖြင့် သူ၏ရှေ့မှ ဟင်းလင်းပြင်များကို ကွေးညွှတ်လိုက်ပြီး အလင်းတန်းနှင့် သူ၏ကြားမှ အကွာအဝေးကိုဆယ်ဆခန့် ပိုမို ဝေးကွာသွားစေလိုက်သည်။ ဤကဲ့သို့ အကွာအဝေးမျိုးတွင် မည်သည့် နတ်ဘုရားအလင်းမဆို ပျောက်ကွယ်သွားရမည် ဖြစ်ပေသည်။

သို့သော်လည်း ချောက်နက်မိစ္ဆာအရှင်သခင်မှာ ကမ္ဘာဖျက်အလင်းတန်း၏ အစွမ်းကို လျှော့တွက်ခဲ့မိသည်။ ထိုအလင်းတန်း သုံးခုမှာ သူ ဖန်တီးထားသော ဟင်းလင်းပြင်အထပ်ထပ်ကို ဖောက်ထွင်းဖြတ်သန်းကာ သူ၏ မိစ္ဆာခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ပြင်းထန်လှသော ဖျက်ဆီးခြင်း စွမ်းအားများကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော အပေါက်သုံးပေါက် ဖြစ်သွား၏။ ထို့အပြင်ကျန်ရှိနေသော စွမ်းအားများသည်လည်း ထိုအပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်ကာ အရူးအမူး ဖျက်ဆီးနေသည်။ သူ၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားသဖြင့် ဤဒဏ်ရာသုံးခုသည် ဖုန်မှုန့်သာသာ ရှိသော်လည်း ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသော စွမ်းအားများသည် ခံသာလှသည်တော့ မဟုတ်ပေ။

ကမ္ဘာဖျက်ဆီးရေး စွမ်းအားမှာ ကောင်းကင်တာအိုကိုပင် တန်ပြန်နိုင်စွမ်း ရှိရာ နတ်ဘုရားနယ်ပယ် တတိယအဆင့် အထွတ်အထိပ် မိစ္ဆာအရှင်တစ်ဦးအနေဖြင့် အလွယ်တကူ ဖြေဖျက်၍ မရနိုင်ချေ။ သူသည် ထိုစွမ်းအားကို လျင်မြန်စွာ ဖိနှိပ်ရန်အတွက် သူ၏ စိတ်စွမ်းအား အမြောက်အမြားကို အသုံးပြုလိုက်ရပြီး အချိန် အနည်းငယ်ခန့် ကြန့်ကြာသွားလေသည်။

ဤသို့ဖြင့် ကမ္ဘာပျက်စွမ်းအားများကို ရှင်းလင်းပြီးချိန်တွင် ကျုံးရှန်သည် အဝေးသို့ ရောက်ရှိသွားပြီဖြစ်သည်။ ကောင်းကင်တာအို ပြောင်းလဲခြင်း နည်းစနစ်ဖြင့် သဲလွန်စ အားလုံးကိုလည်း ဖျောက်ပစ်ခဲ့ရာ ချောက်နက်မိစ္ဆာအရှင်သခင် ရောက်ရှိလာချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေသော ဟင်းလင်းပြင်ကိုသာ တွေ့လိုက်ရသည်။ နှစ်ပေါင်းများစွာ အားစိုက်ထုတ် သန့်စင်ထားသော ချောက်နက်ငရဲမျက်လုံးမှာ ဖျက်ဆီးခံလိုက်ရလေသည်။

သူမြင်လိုက်ရသည်မှာ ဝတ်ရုံဖြူဝတ်ဆင်ထားသော လူသားကောင်လေးတစ်ဦး၏ ပုံရိပ်ယောင်မျှသာ ဖြစ်ပြီး ထိုပုံရိပ်ဖြင့် ငရဲကမ္ဘာကြီးထဲ၌ လူတစ်ယောက်ကိုတွေ့အောင် ရှာဖွေရန် ခက်ခဲလှသည်။ မြင့်မြတ်လှသော မိစ္ဆာအရှင်သခင်တစ်ပါးမှာ ရန်သူမည်သူမှန်းပင် မသိလိုက်ရဘဲ အရှုံးပေးလိုက်ရသဖြင့် ဒေါသထွက်နေမိသည်။

သို့သော်လည်း အချိန်အကြာကြီး ရှင်သန်လာခဲ့သော နတ်ဘုရားတစ်ပါးအနေဖြင့် သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း ရှိနေသေးသည်။ သူသည် ဒေါသထွက်နေသော်လည်း အဆင်အခြင်မဲ့သော အပြုအမူမျိုးကို မလုပ်ဆောင်လိုက်ပေ။ သူ မြင်တွေ့ခဲ့ရသော ကျုံးရှန်၏ ပုံရိပ်ကို ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်လမ်းကြောင်းမှတစ်ဆင့် ချောက်နက်ငရဲရှိ မိစ္ဆာနတ်ဘုရားများထံ ပေးပို့လိုက်ကာ ကျုံးရှန်၏ သဲလွန်စကို စတင် ရှာဖွေခိုင်းလိုက်လေတော့သည်။

"အပြစ်ငရဲဘုံက ရုတ်တရက် ပျောက်သွားတယ်..."

"ငါ့ရဲ့မျက်လုံးကိုယ်ပွားကို သတ်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူသားတစ်ယောက်လည်း ရှိနေတယ်"

"ခြေရာလက်ရာတွေကို ဖျက်သွားပေမယ့် ကမ္ဘာတစ်ခုလုံးနဲ့ ပတ်သက်နေတဲ့ အရှုပ်အထွေးက ဒီလောက် အလွယ်တကူ ပျောက်ပျက်သွားမှာ မဟုတ်ဘူး..."

"ငါ... ငရဲကမ္ဘာကြီးကို သွားရမယ်"

"တီဇန်းဝမ် မိစ္ဆာသခင် ဆီကို သွား... သူ့ရဲ့ နတ်သားရဲ အမှန်တရားနားထောင်သူ ကို အကူအညီတောင်းလိုက်ပြီးအပြစ်ငရဲဘုံရဲ့ သဲလွန်စတွေကို ရှာခိုင်းလိုက်..."

ချောက်နက်မိစ္ဆာအရှင်မှာ စဉ်းစားပြီးသည်နှင့် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

အမှန်တရားနားထောင်သူ(တိထင်း) ဆိုသည်မှာ တီဇန်းဝမ် မိစ္ဆာသခင်၏ လက်အောက်တွင် ရှိသော ထူးခြားသည့် နတ်ဘုရားသားရဲ ဖြစ်သည်။ ထိုနတ်ဘုရားသားရဲ၏ ပုံသဏ္ဌာန်မှာ သတ္တဝါများစွာ ပေါင်းစပ်ထားသကဲ့သို့ ဖြစ်ပြီး ကျားဦးခေါင်း၊ ဦးချိုတစ်ချောင်း၊ ခွေးနားရွက်၊ နဂါးကိုယ်၊ ခြင်္သေ့အမြီးနှင့် ချီလင်ခြေထောက်တို့ ပါရှိသည်။သူသည် လောကရှိ အရာအားလုံးကို ခွဲခြား သိမြင်နိုင်စွမ်း ရှိပြီး အထူးသဖြင့် ကောင်းကင်နှင့်မြေပြင်ကြားရှိ သဲလွန်စများကိုရှာဖွေရာတွင်အလွန် ထူးချွန်၏။ အပြစ်ငရဲဘုံ ပျောက်ဆုံးမှု၏ မူလဇစ်မြစ်ကို ရှာဖွေတွေ့ရှိနိုင်မည်မှာ သေချာလှသည်။

ဤသို့ တွေးတောပြီးနောက် ချောက်နက်မိစ္ဆာအရှင်မှာ မနှောင့်နှေးတော့ဘဲ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို လှည့်ကာ ဟင်းလင်းပြင် အလယ်ဗဟိုရှိ ငရဲကမ္ဘာကြီးဆီသို့ ဦးတည် ထွက်ခွာလာခဲ့သည်။ လမ်းတစ်လျှောက်တွင် မိစ္ဆာအငွေ့အသက်များမှာ တိမ်တိုက်ကြီးများအလား လိမ့်တက်လာပြီး ငရဲကမ္ဘာငယ်များစွာကို ဖြတ်သန်းသွား၏။ ပြင်းထန်လှ‌သောမိစ္ဆာအငွေ့အသက်များကြောင့် ငရဲကမ္ဘာငယ်များရှိ မိစ္ဆာများမှာ ရူးသွပ်ကုန်ကြပြီး ကမ္ဘာဦးအမြုတေများပင် တုန်ခါသွားရသည်။

ဤသည်မှာ နတ်ဘုရားနယ်ပယ် တတိယအဆင့် အထွတ်အထိပ် မိစ္ဆာအရှင်သခင်၏ အရှိန်အဝါပင် ဖြစ်သည်။ မိစ္ဆာအားလုံးကို ဦးညွှတ်စေနိုင်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ရှေးဟောင်းခေတ်မှ နတ်ဘုရားဘုရင်များနှင့်ပင် နှိုင်းယှဉ်နိုင်၏။ ကျုံးရှန်အတွက် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ရန်စမိခြင်းမှာ အမှန်တကယ်ပင် စိန်ခေါ်မှုကြီး တစ်ခုပင် ဖြစ်သည်။

ထိုအချိန်၌ ကျုံးရှန်မှာ ငရဲဟင်းလင်းပြင်အတွင်း လမ်းလျှောက်ရင်း လားရာတစ်ခုသို့ ဦးတည်သွားနေ၏။ ငရဲကမ္ဘာကြီး၏ အစွန်အဖျားအနီးသို့ ရောက်ရှိမှသာ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ဤနေရာတစ်ဝိုက်တွင် ကမ္ဘာငယ်များမှာ ကျဲပါးသွားပြီး မိစ္ဆာအငွေ့အသက်များလည်း အလွန် အားနည်းလှ၏။ ချောက်နက်မိစ္ဆာအရှင်သခင်၏ အငွေ့အသက်များမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကျုံးရှန်သည် ဟင်းလင်းပြင်အတွင်း ရပ်တန့်လိုက်ကာ ကျုံးယွမ်၏ ကိုယ်ပွားပစ္စည်းဖြစ်သော ငွေရောင်လက်ကောက်ကို ထုတ်ယူလိုက်ပြီး ကျုံးယွမ်နှင့် မင်ကျွေ့ကို အပြင်သို့ ခေါ်ယူလိုက်သည်။ မူလအစကမ္ဘာမှာ ကျုံးယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ကမ္ဘာအဖြစ် ပြောင်းလဲသွားပြီ ဖြစ်ရာ ငရဲကမ္ဘာကြီး၏ဟင်းလင်းပြင်အတွင်း၌ မူလအစကမ္ဘာ၏ အစအနကိုပင် ရှာတွေ့နိုင်တော့မည် မဟုတ်ချေ။ ကျုံးယွမ်ကို ကာကွယ်ထားနိုင်သရွေ့ မူလအစကမ္ဘာကိုလည်း ကာကွယ်နိုင်မည် ဖြစ်သည်။

ကျုံးယွမ်နှင့် မင်ကျွေ့တို့မှာ ကမ္ဘာအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ဝိညာဉ်နုတ်သံကြိုးများကို အကုန်လုံး ရှင်းလင်းပြီးပြီ ဖြစ်သည်။ သူတို့သည် အတွင်း၌ နေရင်း ကျုံးရှန်အတွက် အလွန် စိတ်ပူနေခဲ့ကြ၏။ ယခုအခါ ဘေးကင်းစွာဖြင့် အပြင်သို့ ခေါ်ထုတ်ခြင်း ခံလိုက်ရသဖြင့် ကျုံးရှန်သည် ချောက်နက်မိစ္ဆာအရှင်၏ အန္တရာယ်မှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

"သခင်..."

"ဖခမည်းတော်..."

"ဟို... ချောက်နက်မိစ္ဆာအရှင်ကရော..."

သူတို့သည် ဒူးထောက်အရိုအသေပြုရင်း စိုးရိမ်တကြီးဖြင့် မေးလာကြသည်။

အထူးသဖြင့် ကျုံးယွမ်၏ မျက်လုံးဝိုင်းလေးများထဲတွင် မျက်ရည်များ ဝဲနေလေသည်။

ကျုံးရှန်သည် ကျုံးယွမ်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး မင်ကျွေ့ကိုလည်း သူ၏စွမ်းအားဖြင့် ထူမပေးလိုက်ကာ စိတ်အေးစေမည့် အပြုံးတစ်ခုကို ပြုံးပြလိုက်၏။

"စိတ်ပူမနေကြနဲ့တော့... အာပန် ရာရှာဆာကို ငါ သတ်လိုက်ပြီး"

"ခြေရာလက်ရာတွေ အကုန်လုံးလည်း ဖျက်စီးခဲ့တယ်"

"အဲဒီ ချောက်နက်မိစ္ဆာအရှင်က ငရဲကမ္ဘာကြီးတစ်ခုလုံးကို စောင့်ကြည့်နိုင်တယ် ဆိုရင်တောင် ငါ့ကို ရှာတွေ့ဖို့က တော်တော်လေး ခက်လိမ့်မယ်"

"ဒါပေမဲ့ အာပန် ရာရှာဆာနဲ့ တိုက်ခိုက်ရင်းနဲ့ ငါ့ရဲ့ တာအိုနှလုံးထဲက အားနည်းချက်တစ်ခုကို ရှာတွေ့သွားစေတယ်..."

"ဒါကြောင့် ဒီငရဲနယ်စပ်မှာပဲ နယ်မြေတစ်ခုကို သိမ်းပိုက်ပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ ခဏလောက် သီးသန့်ကျင့်ကြံဦးမယ်..."

ဗုဒ္ဓလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် နှစ်ခုစလုံးမှာ စိတ်ဝိညာဥ်စွမ်းအားကို အသုံးပြုသည့် နည်းစနစ်များတွင် အလွန် ကျွမ်းကျင်ကြ၏။ စိတ်ဝိညာဥ်စွမ်းအားတိုက်ခိုက်မှု၏ ပြင်းထန်မှုမှာ နတ်ဘုရားအာရုံ တိုက်ခိုက်မှုထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်လှသည်။

အာပန်ရာရှာ၏ တိုက်ခိုက်မှုမှာ ကျုံးရှန်၏ စိတ်ဝိညာဥ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်း အားနည်းချက်ကို ဖော်ထုတ်ပေးခဲ့သဖြင့် ထိုတိုက်ပွဲမှတစ်ဆင့် ကျုံးရှန် ရရှိလိုက်သော အကျိုးကျေးဇူးမှာ ပို၍ များပြားသည်။

စိတ်ဝိညာဉ် အားနည်းချက်ကို ဖြည့်ဆည်းနိုင်ပါက သူ၏ စွမ်းရည်တစ်ခုလုံးသည် အဆင့်တစ်ခု ထပ်မံ မြင့်တက်လာပေလိမ့်မည်။

အမှန်စင်စစ်တွင် သူ၏စိတ်ဝိညာဥ်ပိုင်းဆိုင်ရာ အားနည်းချက်မှာ ယခင်ဘဝမှ နောင်တများနှင့် ဆက်နွှယ်နေ၏။ လွန်ခဲ့သည့်နှစ်တစ်သိန်းကျော်အတွင်း သူသည် ကျင့်ကြံခြင်းဖြင့် မိမိကိုယ်ကို ထုံထိုင်းစေခဲ့သည်။ သူသာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိပါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှ ထွက်ခွာပြီး ကမ္ဘာ့သစ်ပင်အပြင်ဘက်ရှိ ကြီးမားသော မဟာကမ္ဘာကြီးများနှင့် ထူးဆန်းသော အရာများကို ရှာဖွေနိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ပြောခဲ့သည်။

ကမ္ဘာမြေ တည်ရှိရာ မဟာကမ္ဘာကြီးကို ရှာဖွေပြီး မိမိ၏ စွမ်းအားဖြင့် ကမ္ဘာမြေမှ အချိန်ကာလကို ပြောင်းပြန်လှန်ပြီး အမှားအမှန်ကို ပြင်ဆင်ကာ နောင်တများကို ကုစားမည်ဟု တွေးခဲ့သည်။ သို့သော် ဤအတွေးသည် ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်းသာ ဖြစ်သည်။ သူ၏ ကျင့်စဉ်အဆင့်ပိုမြင့်လာလေ သူ၏ အမြင်မှာ ပိုကျယ်လာလေဖြစ်ပြီး မိမိ၏ ဖြစ်တည်မှုအခြေအနေအပေါ်နားလည်မှုမှာ ပို၍ ဝေဝါးလာသည်။

မဟာကမ္ဘာကြီးများအတွင်း၌ အလယ်အလတ် ကမ္ဘာများနှင့် ကမ္ဘာငယ်ပေါင်း များစွာ ပါဝင်နေပြီး ထိုအထဲတွင် သူတော်စင်ကမ္ဘာများစွာလည်း ရှိနေ၏။ ကမ္ဘာတစ်ခုဆိုသည်မှာ မူလစကြဝဠာထဲမှ ကြယ်အစုအဝေးတစ်ခုမျှသာ ရှိသည်။

ထို့အပြင် မဟာကမ္ဘာများ၏အလွန်တွင်လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာ့သစ်ပင်၏အပြင်ဘက်ဆိုပြီး ရှိနေသေးပြန်၏။ ထိုအပြင်ဘက်မှာ တောအုပ်ကြီးတစ်ခုလား သို့မဟုတ် ကျွန်းတစ်ကျွန်းလား ဆိုသည်ကို မည်သူမျှ မသိနိုင်ချေ။

ကမ္ဘာမြေ တည်ရှိသော စကြာဝဠာသည် မည်သည့် သစ်ပင်မှ ဖြစ်မည်နည်း ဆိုသည်မှာလည်း မသိနိုင်သော ပုစ္ဆာတစ်ခု ဖြစ်သည်။

အကယ်၍ အမြင့်ဆုံး နတ်ဘုရားတစ်ပါး ဖြစ်လာလျှင်ပင် ကမ္ဘာမြေကို ရှာဖွေရန်မှာ အလွန် ခက်ခဲသော အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျုံးရှန် လျှောက်လှမ်းရမည့် လမ်းမှာ အလွန်ပင် ရှည်လျားလှ၏။

အလွန် ရှည်လျားလှသဖြင့် သူ ပြန်ပင် မတွေးချင်တော့ပေ။ အတတ်နိုင်ဆုံး ရုန်းကန်ပြီး ရှေ့သို့ ဆက်လက် တိုးရုံသာ ရှိတော့သည်။

ကျုံးရှန်သည် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် ကျုံးယွမ်နှင့် မင်ကျွေ့ကို ဦးဆောင်ကာ ငရဲကမ္ဘာကြီး၏နယ်စပ်ရှိ ကမ္ဘာငယ်တစ်ခုကို ရွေးချယ်လိုက်ပြီး ထိုနေရာသို့ဦးတည်လိုက်လေသည်။

All Chapters