← Chapters

အခန်း (၁၆၈)

Vol. 17 Ch. 168

အခန်း (၁၆၈)

Vol. 17 Ch. 168

ငရဲကမ္ဘာကြီးအတွင်းရှိ ကမ္ဘာငယ်များမှာ ကောင်းကင်ယံမှ ကြယ်တာရာများကဲ့သို့ပင် များပြားလှသည်။ ဤနေရာသည် အစွန်အဖျားဒေသ ဖြစ်သော်လည်း ဟင်းလင်းပြင်အတွင်း၌ ကမ္ဘာငယ် ဆယ်ခုကျော်ခန့် ပြန့်ကျဲ တည်ရှိနေသေးသည်။ အချို့သော ကမ္ဘာငယ်များသည် အချင်းချင်း လမ်းကြောင်းများ ဖောက်လုပ်ထားပြီး ဟင်းလင်းပြင်တံတားများဖြင့် ချိတ်ဆက်ထားကြ၏။ ကျန်ရှိသော ကမ္ဘာငယ်အများစုမှာမူ ဟင်းလင်းပြင်၏ ထောင့်တစ်နေရာစီတွင် သီးခြားစီ တည်ရှိနေသည်။

ကျုံးရှန် ရွေးချယ်လိုက်သော ကမ္ဘာငယ်သည် ပတ်ဝန်းကျင်ရှိ ကမ္ဘာငယ်များထဲတွင် အတော်အတန် အင်အားကြီးမားသော ကမ္ဘာတစ်ခု ဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာ ထိုကမ္ဘာငယ်သည် ဟင်းလင်းပြင်တံတား နှစ်စင်း တည်ဆောက်ထားပြီး အနီးအနားရှိ ကမ္ဘာငယ် နှစ်ခုနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ အနီးအနားရှိ နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်ထားသည့် ငရဲကမ္ဘာငယ်တစ်ခု ဖြစ်နိုင်ခြေ အလွန်များသည်။

ငရဲကမ္ဘာကြီးအတွင်း၌ ဤကဲ့သို့ ကမ္ဘာငယ်အချင်းချင်း တိုက်ခိုက်သိမ်းပိုက်ခြင်းမှာ ဆန်းကြယ်သော အရာမဟုတ်ပေ။ အစွမ်းထက်သော ငရဲအရှင်သခင် အချို့ဆိုလျှင် ကမ္ဘာငယ် ဆယ်ခုကျော်ကိုပင် အုပ်ချုပ်ထားကြပြီး ဟင်းလင်းပြင်တံတားများဖြင့် ချိတ်ဆက်ကာ အင်အားစုတစ်ခုအဖြစ် တည်ထောင်ထားတတ်ကြသည်။

ဟင်းလင်းပြင်တံတား ဆိုသည်မှာ ကမ္ဘာနှစ်ခုကြား ဖွင့်လှစ်ထားသော လမ်းကြောင်းဖြစ်သည်။ ကမ္ဘာနှစ်ခုစလုံးတွင် အစီအရင်များကို အသုံးပြုပြီး ဟင်းလင်းပြင် တည်နေရာကို သတ်မှတ်ထားကာ ဟင်းလင်းပြင် အတားအဆီးများကို ဖောက်ထွင်းပြီး တည်ငြိမ်သော လမ်းကြောင်းတစ်ခုအဖြစ် တည်ဆောက်ထားခြင်းပင် ဖြစ်၏။ ကျုံးရှန် ဤကမ္ဘာကို ရွေးချယ်လိုက်ခြင်းမှာ ကျောက်ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်နိုင်ရန်အတွက် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်ထဲတွင် မူလအစကမ္ဘာ နှင့် ရှီးရွှယ်ငရဲကမ္ဘာ ဟူသော စစ်မှန်သောအတ္တအမှုန်ရဲ့ နတ်ဘုရားသန္ဓေသားမျိုးစေ့ နှစ်ခု ရှိနေပြီဖြစ်သည်။ ထို့အပြင် သဘာဝရတနာပေါင်းစုံကို စားသုံးခဲ့ပြီး တာအိုအဆင့် ကမ္ဘာဦးရွှေရည်ဖြင့်ပင် ခန္ဓာကိုယ်ကို သန့်စင်ခဲ့ဖူးလေသည်။

ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီး ခန္ဓာကိုယ်ကို ထပ်မံ အဆင့်မြှင့်တင်ခြင်း မပြုနိုင်ပါက တတိယမြောက် ကမ္ဘာတစ်ခုကို ထပ်မံ ထည့်သွင်းရန် မဖြစ်နိုင်တော့ပေ။

ထပ်မံ၍တိုးတက်ဖို့ရန်ဆိုသည်မှာလည်း သူတော်စင်အဆင့်သို့ ရောက်ရှိပြီး ခန္ဓာကိုယ် အသစ်လဲလှယ်ခြင်း သို့မဟုတ် ကောင်းကင်တက်လှမ်းမျှော်စင်တွင် ဒဏ္ဍာရီလာ ခန္ဓာကိုယ်သန့်စင်ခြင်းများ ပြုလုပ်နိုင်မှသာ ဖြစ်နိုင်တော့မည်။ ကောင်းကင်တက်လှမ်းမျှော်စင်သည် ဒဏ္ဍာရီထဲကအတိုင်း နှစ်ပေါင်းသန်းနှင့်ချီ၍ ပိတ်ဆို့ခံထားရသော ကောင်းကင်ဘုံသို့ ဦးတည်နေသည်မှာ အမှန်ဖြစ်ပါက ကျုံးရှန်သည် ဒဏ္ဍာရီလာ ကျီကျိုက် ခန္ဓာကိုယ် ကို ဖန်တီးနိုင်မည်ဖြစ်သည်။

ထိုသို့ဆိုလျှင် တာအိုအဆင့် ကျိန်စာဖြေ ရတနာများ မလိုအပ်ဘဲ ကံတရားကျိန်စာကို တိုက်ရိုက် ချိုးဖျက်နိုင်မည် ဖြစ်သည်။

ယခုတစ်ကြိမ် ကမ္ဘာငယ်တစ်ခုကို တိုက်ခိုက်ခြင်းမှာ သူ၏ နတ်ဘုရားတစ်သောင်းဖြစ်ရပ်မှတ်တမ်းထဲမှ တာဝန်များကို ပြီးမြောက်ရန်အတွက်သာ ဖြစ်သည်။ မူလအစကမ္ဘာ၏ စွမ်းအားများသည် ကျုံးရှန်ကို အချိန်နှင့်အမျှ ပြန်လည် အားဖြည့်ပေးနေခဲ့ရာ အစောပိုင်းက ကမ္ဘာဖျက်အလင်းတန်းကို အသုံးပြုရာတွင် ကုန်ဆုံးသွားခဲ့သည့် စွမ်းအား သုံးပုံတစ်ပုံသည် ပြန်လည် ပြည့်ဝသွားလေသည်။ မူလအစကမ္ဘာ ကြီးထွားလာသည်နှင့်အမျှ ကျုံးရှန်၏ စွမ်းအားလည်း ကြီးထွားလာမည် ဖြစ်သည်။

ကျုံးရှန်သည် ကျုံးယွမ်နှင့် မင်ကျွေ့ကို ခေါ်ဆောင်ကာ ထိုကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ ထို့နောက် လက်ကို အသာအယာ မြှောက်လိုက်ရုံဖြင့် ကမ္ဘာငယ်၏ အတားအဆီးများကို ဖောက်ထွင်းကာ အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။

မူလက ငရဲအရှင်သခင်တစ်ဦး ဖြစ်ခဲ့ဖူးသော မင်ကျွေ့ ရှိနေသဖြင့် ကျုံးရှန် စစ်ဆေးကြည့်ရန်ပင် မလိုဘဲ မင်ကျွေ့က လိုအပ်သော သတင်းအချက်အလက်များကို တင်ပြလာသည်။

"သခင်... ဒီကမ္ဘာက ငရဲကမ္ဘာကြီးရဲ့ အနောက်ဘက် နယ်စပ်မှာရှိတဲ့ နွားမိစ္ဆာငရဲပါ"

"ဒီကမ္ဘာရဲ့ အရှင်သခင်က ပျက်သုဉ်းခြင်း နွားမိစ္ဆာ မျိုးနွယ်က အလွန် အစွမ်းထက်တဲ့ နွားမိစ္ဆာတစ်ကောင်ပါပဲ..."

"သူကို နွားမိစ္ဆာဘုရင်လို့လည်း ခေါ်ကြပြီး... သူ့ရဲ့ စွမ်းအားက မော်လော့ ထက်တောင် ပိုပြီး အားကောင်းပါသေးတယ်..."

"အနောက်ဘက် နယ်စပ်က ကမ္ဘာငယ်တွေကြားထဲမှာ.....သူက ဘုရင်တစ်ဆူပါပဲ"

ကျုံးရှန် ခေါင်းငြိမ့်လိုက်သည်။ ကမ္ဘာငယ်အရှင်သခင်များကြားတွင် မည်မျှပင် အစွမ်းထက်စေကာမူ ယခု ကျုံးရှန်အတွက်မည်သည့် ဖိအားမှ မရှိပေ။ ဤကမ္ဘာသည်လည်း အခြားကမ္ဘာများကဲ့သို့ပင် ကုန်းမြေတိုက်ကြီး ပုံစံမျိုး ဖြစ်တည်နေသည်။ နွားမိစ္ဆာငရဲ၏ အလယ်ဗဟိုတွင် နွားရိုင်းမိစ္ဆာနန်းတော် တည်ရှိနေ၏။

ဤနန်းတော်မှာ နွားမိစ္ဆာမျိုးနွယ်၏ မျိုးဆက်ပေါင်းများစွာမှ ခေါင်းဆောင်များက သူတို့၏ သွေးချွေးများဖြင့် တည်ဆောက်ထားသော ထိပ်တန်း ဖန်ဆင်းခြင်းအဆင့်လက်နက် တစ်ခု ဖြစ်သည်။ နန်းတော်တစ်ခု ဖြစ်သကဲ့သို့ ကောင်းကင်နှင့် မြေကြီး အစီအရင်တစ်ခုလည်း ဖြစ်ကာ ငရဲကမ္ဘာတစ်ခုလုံးကို ဖိနှိပ်ထားပြီး မြေစွမ်းအင်များကို စုစည်းပေးနိုင်သည်။ ကျင့်ကြံခြင်း မပြုလုပ်လျှင်ပင် ဤနန်းတော်အတွင်းနေထိုင်ပါက စွမ်းအားများကို ဖြည်းဖြည်းမှန်မှန် တိုးတက်လာစေနိုင်သည်။

ထို့အပြင် နွားမိစ္ဆာမျိုးနွယ်စုဝင်များကို သူတို့၏ ပျက်သုဉ်းခြင်း နွားမိစ္ဆာသွေးမျိုးဆက် ကို နိုးထစေရန်လည်း ကူညီပေးသည်။

နွားရိုင်းမိစ္ဆာများသည် သူတို့၏ ပြင်းထန်သော အသွေးအသား စွမ်းအားနှင့် အကန့်အသတ်မဲ့သော ခွန်အားကြောင့် ကျော်ကြားပြီး သူတို့တွင် ငွေရောင် လခြမ်းကွေးကဲ့သို့ ချွန်ထက်နေသော ဦးချို တစ်စုံပါရှိသည်။ ချိုများမှာ အလွန် ချွန်ထက်ပြီး ကြယ်တာရာများကိုပင် ထိုးခွဲနိုင်စွမ်း ရှိသည်။

ဒဏ္ဍာရီများအရ ရှေးဦး နွားရိုင်းမိစ္ဆာအရှင်သခင်သည် ဒေါသထွက်ချိန်တွင် အသွေးအသား စွမ်းအားကို အသုံးပြုကာ ငရဲကမ္ဘာကြီး၏ အခြေခံအုတ်မြစ်ကျောက်တိုင်ကိုပင် ထောင့်စွန်းတစ်နေရာ ကျိုးပဲ့သွားအောင် တိုက်ခိုက်ခဲ့ဖူးသည်ဟု ဆိုကြသည်။

ငရဲကမ္ဘာကြီးတွင် စုစုပေါင်း အထပ်ကိုးထပ် ရှိ၏။ အပေါ်သို့တက်‌လေ ပိုမိုသေးငယ်လေဖြစ်ကာ အစွမ်းပိုထက်လာလေလည်းဖြစ်သည်။ အခြေခံအုတ်မြစ် ကျောက်တိုင်ဆိုသည်မှာ ငရဲကိုးထပ်ကို ထိန်းညှိပေးထားသော အရာဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံး၏ စွမ်းအားများ စုစည်းထားသဖြင့် အလွန်မာကျောလှသည်။ ရှေးဟောင်း မိစ္ဆာနတ်ဘုရားကြီးများပင်လျှင် ထိုကျောက်တိုင်ကို ဖျက်ဆီးနိုင်သည်ဟု မပြောရဲကြသော်လည်း နွားရိုင်းမိစ္ဆာအရှင်မှာမူ လုပ်ဆောင်နိုင်ခဲ့သည်။

နွားမိစ္ဆာမျိုးနွယ်များသည် ခေါင်းမာပြီး တစ်ယူသန်ကြ၏။ ရန်စမိပါက အကြောင်းပြချက် မရှိဘဲ တိုက်ခိုက်ကြမည် ဖြစ်ပြီး သေဆုံးရမည် ဆိုလျှင်ပင် ကြောက်ရွံ့ခြင်း မရှိဘဲ တိုက်ခိုက်တတ်ကြသည်။ သူတို့၏ ရိုင်းစိုင်းကြမ်းတမ်းမှုသည် ငရဲဘုံတွင် ကျော်ကြားလှရာ အကြမ်းတမ်းဆုံးသော ငရဲမျိုးနွယ်စုများပင် နွားမိစ္ဆာများနှင့် ပြဿနာ မဖြစ်ချင်ကြပေ။

သို့သော်လည်း မည်မျှပင် အစွမ်းထက်သော သွေးမျိုးဆက် ဖြစ်ပါစေ အချိန်ကာလ၏ တိုက်စားမှုကို မလွန်ဆန်နိုင်ပေ။ ယခုအခါ သန့်စင်သောသွေးမျိုးဆက်မှာ ကျဲပါးသွားပြီ ဖြစ်သဖြင့် နွားမိစ္ဆာမျိုးနွယ်တွင် မွေးဖွားလာသူတစ်ဦးမှာ မျိုးဆက်သွေးအနည်းငယ်နိုးထနိုင်သည်နှင့် အထူးလေ့ကျင့်ပေးခြင်း ခံရသည်။ ဤနန်းတော်သည် မျိုးနွယ်စု၏ ရတနာဖြစ်သဖြင့် အလွယ်တကူ လက်ဆင့်ကမ်းလေ့ မရှိပေ။ မည်သို့မည်ပုံဖြင့် ပျက်သုဉ်းခြင်းနွားမိစ္ဆာမျိုးနွယ်စုလက်မှ နွားမိစ္ဆာဘုရင် လက်ထဲသို့ ရောက်ရှိနေသည်ကိုမူ မသိရပေ။

ကျုံးရှန်တို့ သုံးဦးသည် ထိုကမ္ဘာအတွင်း လမ်းလျှောက်လာခဲ့ကြသည်။ နွားမိစ္ဆာငရဲကမ္ဘာမှာ အတော်ပင် စည်ကားလှပြီး နွားမိစ္ဆာများသာမက အခြားသော ငရဲမိစ္ဆာမျိုးစုံကိုပင်တွေ့နေရသည်။ နွားမိစ္ဆာကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် မြို့ပေါင်း ထောင်ချီ တည်ဆောက်ထားသည်။ စည်းကမ်းမဲ့သော ငရဲကမ္ဘာကြီးတွင် အခြေခံ စည်းကမ်းများကို တည်ဆောက်ထားနိုင်ခြင်းဖြစ်ပြီး လေးစားစရာပင် ဖြစ်သည်။

မြို့ကြီးတိုင်းတွင် သံချပ်ကာ ဝတ်ဆင်ထားပြီး အရပ်ဆယ်မီတာကျော် မြင့်မားကာ ကြွက်သားများ တောင့်တင်းနေသော နွားမိစ္ဆာ စစ်သည်တော်များ ကင်းလှည့်နေကြသည်။ သူတို့သည် ဧရာမ သံပုဆိန်ကြီးများကို ကိုင်ဆောင်ထားကြပြီး စစ်သည်တိုင်းသည် နိယာမနယ်ပယ် အဆင့် ၇ တိမ်စီးနင်းနယ်ပယ် အထက်တွင် ရှိကြကာ မြို့စားများမှာမူ နိယာမနယ်ပယ် အဆင့် ၁၄ ဝိညာဉ်ခန္ဓာခွဲထွက်ခြင်း အဆင့်ရှိသော မိစ္ဆာများ ဖြစ်သည်။

အဆင့်ဆင့် အုပ်ချုပ်ခြင်းဖြင့် ကမ္ဘာတစ်ခုလုံး တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းခြင်းဖြစ်သည်။

ဤကဲ့သို့သော အုပ်ချုပ်ရေးစနစ်မျိုးမှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် တွေ့ရလေ့ ရှိသော်လည်း ငရဲကမ္ဘာကြီးရှိ ငရဲကမ္ဘာငယ်များတွင်မူ အလွန် ရှားပါးလှသည်။

ထိုအချက်က ကျုံးရှန်ကို နွားမိစ္ဆာဘုရင်အပေါ် အမြင်တစ်မျိုး ပြောင်းသွားစေသည်။ ဤကမ္ဘာကို ဒီအတိုင်း လွှတ်ထားမည်ဆိုပါက နောက်ထပ် နှစ်ပေါင်း သန်းချီ ကြာပြီးနောက်တွင် ငရဲကမ္ဘာငယ် ရာပေါင်းများစွာကို အုပ်ချုပ်နိုင်သော အင်အားစုကြီး တစ်စုဖြစ်လာပေလိမ့်မည်။ နွားမိစ္ဆာဘုရင်၏ စီမံကိန်းနှင့် အမျှော်အမြင်ကြီးမှုမှာ ပုံမှန် ငရဲအရှင်သခင် ၉၀ ရာခိုင်နှုန်းထက် သာလွန်နေသည်။

"ဒီနွားအိုကြီးကတော့ တစ်ခုခုပဲ..."

"ဒီလို စီမံကိန်းက ပြင်းထန်ပေမယ့် တကယ်ကို ထိရောက်တယ်... ရှုပ်ထွေးမှုတွေကြားထဲမှာ စနစ်တစ်ခုကို ဖန်တီးနိုင်တာက တကယ့်ကို တော်တဲ့သူတစ်ယောက်ပဲ"

ကျုံးရှန်သည် ကောင်းကင်ယံမှနေ၍ နတ်ဘုရားတစ်ပါးအလား ငုံ့ကြည့်ရင်း မမျှော်လင့်ဘဲ ချီးကျူးလိုက်လျှင် မင်ကျွေ့နှင့် ကျုံးယွမ်တို့လည်း ခေါင်းငြိမ့် ထောက်ခံကြ၏။

သူတို့သည် မြို့များ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပုံကို လေ့လာရင်း မကြာခင်မှာပင် ကုန်းမြေ၏ အလယ်ဗဟိုရှိ နွားရိုင်းမိစ္ဆာနန်းတော်၏ အထက်သို့ ရောက်ရှိလာလေသည်။ ထိုနန်းတော်၏ ပုံသဏ္ဌာန်မှာ မျက်လုံးများ ပြူးထွက်နေပြီး ပါးစပ်ကို ဟထားသော ဧရာမ နွားခေါင်းကြီး တစ်ခုနှင့် တူလှကာ မိုင်ပေါင်း သန်းချီကျယ်ဝန်း၏။ နန်းတော်၏ အထက်မှကြည့်လျှင် ကုန်းမြေတစ်ခုလုံးမှ မီးခိုးရောင် အငွေ့အသက်များသည် မြေပြင်ပေါ်ရှိ အမှတ်အသားများအတိုင်း စီးဆင်းလာကာ နန်းတော်အတွင်းသို့ စုစည်းဝင်ရောက်သွားသည်ကို မြင်ရမည်ဖြစ်သည်။

မြေကြောများမှတစ်ဆင့် မြေပြင်၏ စွမ်းအားများကို စုစည်းနေ၏။ ဤသည်မှာ ကုန်းမြေတိုက်ကြီးအတွင်း၌ မြှုပ်နှံထားသော နှလုံးသားတစ်ခုနှင့် တူလှပြီး အရှိန်အဝါကို ကြည့်ရုံဖြင့်ပင် ကမ္ဘာတစ်ခု၏ အမြုတေနှင့် မခြားနားကြောင်း သိနိုင်သည်။

ကမ္ဘာငယ်တစ်ခု၏ အရှင်သခင် အနေဖြင့် ဤအဆင့်အထိ လုပ်ဆောင်နိုင်ခြင်းမှာ အမှန်တကယ်ပင် အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်ပေသည်။ မြေကြောစွမ်းအင်၊ ကမ္ဘာဦး စွမ်းအင်နှင့် နွားရိုင်းမိစ္ဆာနန်းတော်၏ အစွမ်းများ ပေါင်းစပ်လိုက်ပါက ထိုနွားမိစ္ဆာဘုရင်၏ စွမ်းအားမှာ မော်လော့ထက် များစွာ သာလွန်နေပေလိမ့်မည်။

All Chapters