← Chapters

အခန်း (၁၆၉)

Vol. 17 Ch. 169

အခန်း (၁၆၉)

Vol. 17 Ch. 169

"သခင်... ခဏလောက် အနားယူလိုက်ပါဦး"

"ဒီနွားမိစ္ဆာကို ကျွန်တော် သွားဖမ်းလိုက်ပါ့မယ်..."

မင်ကျွေ့သည် လက်သီးလက်မောင်းတန်းရင်း ပြောလိုက်သည်။ မူလအစကမ္ဘာ၏ နတ်ဘုရား ဖြစ်လာပြီးနောက် သူသည် တိုက်ပွဲဝင်ထားသော အောင်မြင်မှုမှတ်တမ်း မရှိသေးပေ။

ထို့အပြင် ယွမ်ရှီချီစွမ်းအား(မူလအစကမ္ဘာ၏စွမ်းအား)များမှ ဆင်းသက်လာသော နတ်ဘုရားစွမ်းရည် အသစ်များကိုလည်း သူ မစမ်းသပ်ရသေးဘဲရှိနေသေးသည်။ သူ၏ စွမ်းအားသည် ချောက်နက်ငရဲသခင်ကို ယှဉ်နိုင်စွမ်း မရှိသော်လည်း နတ်ဘုရားအမြုတေ မရှိသေးသည့် နတ်ဘုရားအဆင့် နွားမိစ္ဆာငရဲသခင်ကိုမူ လွယ်ကူစွာ ဖမ်းဆီးနိုင်မည်ဟု ယုံကြည်ထားသည်။ ယခုအချိန်တွင် သူသည် စိတ်အားထက်သန်နေပြီး ကျုံးရှန်၏ ချီးကျူးမှုကို လိုချင်နေပြီ ဖြစ်သည်။

ကျုံးရှန်သည် မင်ကျွေ့၏ အတွေးကို ရိပ်မိသဖြင့် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး ပြုံးလိုက်သည်။

"သွားလေ... ရန်သူကိုတော့ လျှော့မတွက်နဲ့ဦး"

"သူ့ကို အရှင်ဖမ်းခဲ့မယ်ဆိုရင်... မင်းကိုအပိုဆုချမယ်"

ကမ္ဘာငယ်တစ်ခုကို သိမ်းပိုက်ပေါင်းစည်းခြင်းသည် ကမ္ဘာ့အမြုတေအတွင်း နတ်ဘုရားသန္ဓေသား မျိုးစေ့ချခြင်းနှင့် ဆင်တူလှသည်။ ကမ္ဘာဦးအမြုတေ၏ဗဟိုချက်အတွင်းသို့ ကမ္ဘာဦးအမှတ်အသားကို ထည့်သွင်းရမည် ဖြစ်သည်။ ထို့နောက် ထိုကမ္ဘာ၏ စည်းမျဉ်းများကို တဖြည်းဖြည်း ပြောင်းလဲပေါင်းစည်းမည်ဖြစ်ပြီး ပြီးမြောက်သွားပါက ကျုံးယွမ်သည် ထိုကမ္ဘာငယ်ကို သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းနိုင်ပြီး မူလအစကမ္ဘာနှင့်အတူ လည်ပတ်စေနိုင်ပေမည်။

ငရဲကမ္ဘာကြီးအတွင်းရှိ ကမ္ဘာငယ်များမှာ ရေတွက်၍ မကုန်နိုင်အောင် များပြားလှသည်။ အင်အားကြီး အဖွဲ့အစည်း အများစုမှာ ငရဲကမ္ဘာငယ် အများအပြားကို သိမ်းပိုက်ထားကြပြီး မျိုးနွယ်စုဝင် မျိုးဆက်သစ်များကို အုပ်ချုပ်သူများအဖြစ် ခန့်အပ်ထားတတ်ကြကာ သူတို့၏ အင်အားစုများမှာ သစ်ပင်မြစ်များကဲ့သို့ငရဲကမ္ဘာကြီးအနှံ့ ရှိနေလေသည်။

မင်ကျွေ့သည် ကျုံးရှန်၏ ခွင့်ပြုချက်ကို ရရှိသည်နှင့် ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် လက်ခုတ်တစ်ချက်တီးလိုက်ရာ အဖြူရောင် သံကြိုးတစ်ချောင်း ထွက်ပေါ်လာ၏။ သံကြိုးပေါ်တွင် မည်သည့် အဆင်တန်ဆာမှ သို့မဟုတ် အမှတ်အသားမျှ မရှိဘဲ သန့်စင်သော အဖြူထည် သက်သက်သာ ဖြစ်နေသည်။

ဤသည်မှာ ပြစ်ဒဏ်ခတ်နှောင်ကြိုးကို ယွမ်ရှီချီစွမ်းအားဖြင့် ပြောင်းလဲထားသော ပုံသဏ္ဌာန် ဖြစ်ပြီး မူလအစသံကြိုး ဟု ခေါ်ဆိုနိုင်သည်။ ယွမ်ချီရှီစွမ်းအားသည် အပြစ်ငရဲဘုံ၏အသစ်တဖန် ပြန်လည်မွေးဖွားလာသော စွမ်းအားဖြစ်ပြီး နဂါးမဲ့နှလုံးသားကျင့်စဉ်မှ ဆင်းသက်လာသော စွမ်းအားခွဲတစ်ခု ဖြစ်သည်။

ထို့အပြင် သူတော်စင်အပေါင်း၏ သွန်သင်ဆုံးမမှု အသိစိတ်များ ပေါင်းစပ်ထားသဖြင့် ရန်သူနှင့် တိုက်ခိုက်ရာတွင် ရန်သူ၏ စွမ်းအားများကို ယွမ်ရှီချီစွမ်းအားအဖြစ် ပြောင်းလဲပစ်နိုင်သည့် အလွန်လွှမ်းမိုးနိုင်စွမ်းကြီးသော စွမ်းရည်တစ်ခု ဖြစ်၏။သို့သော် ကျင့်ကြံခြင်းအဆင့် ကွာခြားချက်အပေါ် မူတည်၍ ပြောင်းလဲနိုင်စွမ်း အကန့်အသတ်ရှိသည်။ ရန်သူက မိမိထက် အဆမတန် အစွမ်းထက်နေပါက ထိုနတ်ဘုရားစွမ်းရည်၏ ပြောင်းလဲနိုင်စွမ်းသည်အလုပ်မလုပ်ဘဲ တဖြည်းဖြည်း တိုက်စားဖျက်ဆီးခြင်းသာ ခံရပေလိမ့်မည်။

မင်ကျွေ့သည် မူလအစသံကြိုးကို ကိုင်ဆောင်ကာ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်လျှင် မိုင်ပေါင်းတစ်သန်းခန့် အကွာအဝေးကို ဖြတ်ကျော်ပြီး နွားရိုင်းမိစ္ဆာနန်းတော်၏ ဝင်ပေါက်သို့ ရောက်ရှိသွားသည်။ ကျုံးရှန်သည် ထိုင်ခုံနှစ်လုံးကို ထုတ်ယူလိုက်ပြီး ကျုံးယွမ်နှင့်အတူ တိမ်တိုက်များပေါ်တွင် ထိုင်ကာ စောင့်ကြည့်ရန် ပြင်လိုက်သည်။ ဤယွမ်ရှီချီစွမ်းအား၏ လက်တွေ့အလုပ်လုပ်ပုံကိုသူလည်း အနည်းငယ် မျှော်လင့်နေမိသည်။

....

နွားရိုင်းမိစ္ဆာနန်းတော်အတွင်းရှိ နွားဦးခေါင်း၏ ထိပ်ပိုင်းနေရာ၌ အလွန်ကျယ်ဝန်းလှသော ဥယျာဉ်တစ်ခု ရှိနေ၏။

ဥယျာဉ်အတွင်း၌ မိစ္ဆာစွမ်းအင်များ ပြည့်ဝနေသော မိစ္ဆာမြက်ပင်များနှင့် နတ်ဆိုးသစ်သီးများ သီးနေသည့် မိစ္ဆာသစ်ပင်များမှာ နေရာအနှံ့အပြား၌ရှိနေသည်။ ထိုမြက်ပင်နှင့် သစ်ပင်များမှ ထွက်ပေါ်လာသော အငွေ့အသက်များသည် မည်သည့် ငရဲမိစ္ဆာအတွက်မဆို အလွန်အားဖြစ်စေသော အရာများပင် ဖြစ်သည်။ မိုင်ပေါင်းတစ်သန်းခန့် ကျယ်ဝန်းသော နန်းတော်ကြီးနှင့် နှိုင်းယှဉ်လျှင် ဤပန်းခြံသည် ပြောပလောက်သည်တော့ မဟုတ်ပေ။

ပန်းခြံထဲတွင် သံကြမ်းဖြင့် ပြုလုပ်ထားသော စားပွဲတစ်လုံး ရှိသည်။ ပေတစ်ရာခန့် မြင့်မားသော နွားမိစ္ဆာကြီးတစ်ကောင်သည် စားပွဲရှေ့တွင်ထိုင်နေပြီး ငရဲစာလုံးများဖြင့် ရေးသားထားသော စာရွက်စာတမ်းများကို မျက်မှောင်ကြုတ်လျက် စစ်ဆေးနေ၏။

ထိုနွားမိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည် ကြယ်တာရာများထဲမှ ထွက်ပေါ်လာသော သံမဏိများကဲ့သို့ မည်းနက် တောက်ပြောင်နေကာ ပြင်းထန်သောပေါက်ကွဲထွက်လုမတတ်စွမ်းအင်များ ကိန်းအောင်းနေသည်။ ဦးခေါင်းထက်မှ ချွန်ထက်သော နွားချိုများသည် စိမ်းပြာရောင် အလင်းများ ဖြာထွက်နေပြီး ကောင်းကင်ယံကိုပင် ထိုးခွဲနိုင်မည့် ဓားများကဲ့သို့ ဖြစ်နေသည်။ ဤခန္ဓာကိုယ်သည် မိစ္ဆာခန္ဓာကိုယ်ကို ကျုံ့ထားသော ပုံစံသာဖြစ်၏။ နတ်ဘုရားအဆင့်ကျင့်ကြံသူတို့၏ မူလအစစ်အမှန်ခန္ဓာကိုယ်မှာ အလွန်ပင် ကြီးမားလှရာ ကမ္ဘာငယ်တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ဥပမာအားဖြင့် ချောက်နက်ငရဲအရှင်သခင် နှင့် ကျုံးရှန် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတွင် ရှိစဉ်က မြင်တွေ့ခဲ့ရသော ကျိန်စာနတ်ဘုရားမ အာမန်ရာ၏ မူလအစစ်အမှန်ခန္ဓာကိုယ်ပုံရိပ်များမှာ စကြဝဠာ တစ်စိတ်တစ်ပိုင်းကိုပင် ဖုံးလွှမ်းနိုင်သည့် ဖြစ်တည်မှုများ ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ဖြင့်ပင် ကမ္ဘာတစ်ခုကို ကြိတ်ခြေပစ်နိုင်စွမ်းရှိ၏။

ဤနွားမိစ္ဆာမှာ သံချပ်ကာ ဝတ်ဆင်ထားခြင်း မရှိဘဲ နက်မှောင်သော ဝတ်ရုံရှည်ကိုသာ ဝတ်ဆင်ထားပြီး တောင့်တင်းလှသော ရင်အုပ်ကြွက်သားများ ပေါ်လွင်နေကာ အလွန်ပင် ထည်ဝါခန့်ညားလှ၏။ သူ၏ဘေးနားတွင် ချောမောလှပသော အစေခံမိန်း‌မမိစ္ဆာ ဆယ်ဂဏန်းခန့် ရပ်နေကြသည်။ သူတို့မှာ ပါးလွှာသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး လက်ထဲတွင် အနုစိတ် ပြုလုပ်ထားသော လင်ဗန်းများကို ကိုင်ဆောင်ထားကြ၏။

လင်ဗန်းများပေါ်တွင် အရသာရှိသော ဝိုင်များ၊ ထူးဆန်းသော သစ်သီးဝလံများနှင့် ရှားပါးသားရဲအကင်များ ရှိနေသည်။ ဝိုင်နံ့၊ အသားနံ့၊ ပန်းနံ့၊ သစ်သီးနံ့နှင့် မိန်းမမိစ္ဆာမလေးများ၏ ကိုယ်သင်းနံ့များမှာ ရောယှက်နေပြီး ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုအဖြစ် ပြောင်းလဲနေလေသည်။ ထိုရနံ့ကို တစ်ချက် ရှူရှိုက်မိရုံဖြင့် မူးယစ်ရီဝေသွားကာ ကိုယ့်နေရပ်ကိုပင် ပြန်ချင်စိတ် ရှိတော့မည် မဟုတ်ပေ။

"အရှင်မင်းကြီး... နေ့လယ်စာ စားချိန် ရောက်ပါပြီ..."

"အရှင် ကိုယ်တိုင် သတ်မှတ်ထားတဲ့ စည်းကမ်းအရ အစာစားချိန်မှာ အလုပ်မလုပ်ရဘူး မဟုတ်လား"

ခေါင်းဆောင်ဖြစ်ဟန်တူသော ဆွဲဆောင်မှုရှိသည့်မိစ္ဆာမလေးမှာ ဝိုင်စည်ပိုင်းတစ်ခုကို ပွေ့ပိုက်ရင်း လေးစားစွာ ပြောလိုက်သည်။

သေချာ ကြည့်ရှုပါက ထိုအစေခံ မိစ္ဆာအမျိုးသမီးသည် သူတော်စင် တတိယအဆင့် ကျင့်ကြံခြင်း ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ အခြားသော ငရဲကမ္ဘာငယ်များတွင် ဆိုပါက သူမသည် အကြီးစား မိစ္ဆာခေါင်းဆောင် တစ်ဦးပင်ဖြစ်နိုင်သော်လည်း နွားမိစ္ဆာငရဲတွင်မူ အစေခံတစ်ဦးမျှသာ ဖြစ်၏။

နွားမိစ္ဆာဘုရင်သည် ထိုစကားကို ကြားသောအခါ စာရွက်စာတမ်းများပေါ်မှ အကြည့်ကို လွှဲလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"မြန်လိုက်တာ... နေ့လယ်စာ စားချိန်တောင် ရောက်ပြီလား..."

"ငါ ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်းဆိုတော့ မလိုက်နာလို့ မဖြစ်ဘူးဘဲ..."

"ကဲ... စားကြတာပေါ့..."

သူ၏ တံခါးချပ်သဖွယ်ကြီးမားသော လက်ဝါးဖြင့် စားပွဲပေါ်ကို ဝှေ့ယမ်းလိုက်ရာ စာရွက်စာတမ်းများ အားလုံး ပျောက်ကွယ်သွားသည်။

ထို့နောက် မိန်းမမိစ္ဆာမလေးများသည် လင်ဗန်းများပေါ်မှ စားသောက်ဖွယ်ရာများကို တစ်ခုပြီးတစ်ခု တည်ခင်းပေးကြလေသည်။ နွားမိစ္ဆာဘုရင်သည် ဝိုင်စည်အသေးစား တစ်ခုမျှရှိသော ဝိုင်ခွက်ကြီးကို မြှောက်ကာ တစ်ကျိုက်တည်းနှင့် တစ်ဝက်ခန့် သောက်ချလိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် သားရဲပေါင်ကင်ကြီးကို ဆွဲယူကာ အားပါးတရ ကိုက်ဝါးလိုက်သည်။ ကင်ထားသော အသားမှ ဆီများမှာ တစီစီ ထွက်ပေါ်နေပြီး အလွန်ပင် မွှေးကြိုင်လှ၏။

သူသည် အားပါးတရ ကိုက်ဖြတ် စားသောက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်ကာ လှပသော သူတော်စင်အဆင့် မိစ္ဆာမလေးကို စိတ်အားထက်သန်စွာ ကြည့်လိုက်၏။

"ကာလီယာ... မင်းရဲ့ လက်ရာက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာပဲ"

"ငါတို့ရဲ့ နွားမိစ္ဆာငရဲကလည်း တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတယ်"

သူတော်စင်အဆင့် ညှို့ဓာတ်မိစ္ဆာမလေးမှာ ချိုသာစွာ ပြုံးလိုက်သည်။ နွားမိစ္ဆာဘုရင်ကို ကြည့်နေသော သူမ၏ အကြည့်များတွင် အားကိုးယုံကြည်မှုနှင့် ချစ်မြတ်နိုးမှုများ ပြည့်နှက်နေ၏။ အတင်းအကြပ် ခိုင်းစေခံရခြင်းမျိုး မဟုတ်ဘဲ နွားမိစ္ဆာဘုရင်ကို သူမကိုယ်တိုင် စိတ်လိုလက်ရ အစေခံနေခြင်း ဖြစ်ဟန်တူသည်။

"ဒါတွေ အားလုံးက အရှင့်ရဲ့ ကျေးဇူးတွေကြောင့်ပါ"

"ငရဲကမ္ဘာကြီးရဲ့ အဓိက ကမ္ဘာကိုးထပ်နဲ့ ရှေးဟောင်း မိစ္ဆာအရှင်တွေ အုပ်ချုပ်တဲ့ ကမ္ဘာတွေကလွဲရင်... တခြားနေရာမှာ ဒီလို စည်းစနစ်ကျတဲ့ ငရဲမျိုး ရှိလိမ့်မယ်လို့ ကာလီယာ တစ်ခါမှ မတွေးခဲ့ဖူးဘူး"

"နွားမိစ္ဆာငရဲအပါအဝင် အနီးအနားက စီဝမ်နွားရိုင်းကမ္ဘာနဲ့ စစ်ဘုရင်နွားရိုင်းကမ္ဘာနှစ်ခုလုံးဟာလည်း နှစ်ပေါင်း နှစ်သောင်းအတွင်းမှာ သိသိသာသာ အားကောင်းလာခဲ့ပါတယ်"

"အထူးသဖြင့်...ကမ္ဘာတွေရဲ့ နယ်နိမိတ် တွေပါ ပိုပြီးကျယ်ပြန့်လာတာပဲ"

"မကြာခင်မှာ... အရှင်လည်း အမြင့်မြတ်ဆုံး မိစ္ဆာအရှင်တွေလိုပဲ ငရဲကမ္ဘာ မြောက်မြားစွာကို အုပ်ချုပ်နိုင်မှာပါ"

ကာလီယာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

နွားမိစ္ဆာဘုရင်က ရယ်မောလိုက်၏။

"ဟားဟား... ကာလီယာ... မင်း ငါ့ကို အရမ်း မြှောက်ပြောနေတာပဲ..."

"အခုက အောင်မြင်မှု အနည်းငယ်ပဲ ရှိသေးတာပါ...ငါ့ရဲ့ အစီအစဉ်အရဆိုရင် နောက်ထပ် နှစ်တစ်သောင်းကျရင် စစ်ပွဲတွေ ထပ်စမယ်... ဟင်းလင်းပြင်တံတား ဆယ်စင်းလောက်အထိ တိုးချဲ့မယ်..."

"အဲဒီအချိန်ကျရင်... ငါ အလယ်အလတ်ကမ္ဘာဖြစ်တဲ့ မိန်းမမိစ္ဆာငရဲကို သွားပြီး မင်းရဲ့ မျိုးနွယ်စု လူကြီးတွေဆီမှာ မင်းကို တရားဝင် တောင်းရမ်းမယ်..."

စကားပြောပြီးသည်နှင့် ဝိုင်ခွက်ကို ချကာ ကာလီယာကို ခါးမှ ဖက်လိုက်သည်။ ကာလီယာသည် ပျော်ရွှင်သော မျက်နှာထားဖြင့် နွားမိစ္ဆာဘုရင်၏ ခါးကို ဖက်တွယ်ထားလိုက်သည်။

အစပိုင်းတွင် ကာလီယာသည် နွားမိစ္ဆာဘုရင်၏ အတင်းအကြပ် ဖမ်းဆီးခြင်းကို ခံခဲ့ရသူ ဖြစ်သော်လည်း နှစ်ပေါင်းများစွာ အတူနေထိုင်ပြီးနောက် သူ၏ အရည်အချင်းနှင့် အမြော်အမြင်များကို လေးစားအားကျလာခဲ့သည်။ ဤနွားမိစ္ဆာဘုရင်မှာ အခြားသော နွားမိစ္ဆာများကဲ့သို့ ခေါင်းမာပြီး ဉာဏ်နည်းသူ မဟုတ်ပေ။ ငရဲမိစ္ဆာတစ်ကောင်နှင့် မတူဘဲ အလွန်ပင် ပါးနပ်လှကာ သူ၏ လုပ်ဆောင်ချက်တိုင်းမှာလည်း စည်းစနစ်ကျ၏။ သူသည် နိုင်ငံရေး၊အုပ်ချုပ်ရေးကိစ္စများကိုပင် စတင် ကိုင်တွယ်နေပြီ ဖြစ်သည်။ လက်သီးနှင့် သတ်ဖြတ်ခြင်းကသာ စကားပြောခဲ့သော ဤနွားမိစ္ဆာငရဲကို စည်းကမ်းဖြင့် စကားပြောသော နေရာတစ်ခုဖြစ်အောင် သူက ဖန်တီးပေးခဲ့သည်။

ထိုအချိန်တွင် သူတို့နှစ်ဦးချစ်ကြည်နူးနေစဉ်၌ နွားမိစ္ဆာနန်းတော်တစ်ခုလုံးပြင်းထန်စွာတုန်ခါသွားပြီး အစေခံမိစ္ဆာမလေးများပင် ဟန်ချက်မညီဘဲ လဲကျလုမတတ် ဖြစ်သွားတော့သည်။

All Chapters