အခန်း (၁၇၀)
Vol. 17 Ch. 170
"နွားရိုင်းမိစ္ဆာနန်းတော်ကို တိုက်ခိုက်ရဲတာ ဘယ်ကောင်လဲ..."
"တာဝန်ကျတဲ့ နွားမိစ္ဆာစစ်သည်တွေ ဘယ်ရောက်ကုန်ပြီလဲ... အခြေအနေကို အမြန် သတင်းမပို့ကြဘူးလား..."
ကာလီယာက ဒေါသတကြီး အော်ဟစ်လိုက်သည်။
နွားမိစ္ဆာဘုရင်၏ မိန်းမတစ်ဦးအနေဖြင့် သူမသည် နွားမိစ္ဆာငရဲအတွင်း၌ ဩဇာအာဏာ အလွန်ကြီးမားသူ ဖြစ်သည်။ သို့သော်လည်း သူမ၏ အမေးကို ပြန်လည်ဖြေကြားလာသည်မှာ ပြင်းထန်သော နောက်ထပ် တုန်ခါမှုကြီးတစ်ခုသာ ဖြစ်၏။
နွားမိစ္ဆာဘုရင်၏ မျက်နှာမှာ လေးနက်တည်ကြည်သွားသည်။ သူ၏ နှာခေါင်းမှလည်း အငွေ့အသက်များ တရှူးရှူး ထွက်ပေါ်နေ၏။
''ကာလီယာ... မင်း နန်းတော်အတွင်းပိုင်းက လျှို့ဝှက်ခန်းမှာ သွားပုန်းနေလိုက်ဦး''
''ကိုယ် အပြင်ထွက်ပြီး သွားကြည့်လိုက်မယ်''
သူ၏ စိတ်အာရုံကို အပြင်သို့ ဖြန့်ကြက်ထားသော်လည်း တိုက်ခိုက်သူ၏ ပုံရိပ်ကို မမြင်ရဘဲ ဖြူဖွေးနေသော နေရာတစ်ခုကိုသာ မြင်နေရပြီး ဖာထေးထားသော အကွက်တစ်ခုနှင့် တူလှသည်။ သူ၏နတ်ဘုရားအာရုံက ထိုအဖြူရောင်နေရာနှင့် ထိတွေ့မိသည်နှင့် သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ ဆန်းကြယ်သည့် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
နွားမိစ္ဆာဘုရင်သည် မိစ္ဆာနတ်ဘုရားအမြုတေမရှိသော်လည်း ထူးခြားသော ကံကောင်းမှုများ ရရှိထားသူ ဖြစ်၏။ ယခုသူ၏ ခန္ဓာကိုယ်အတွင်းရှိ ပျက်သုဉ်းခြင်းနွားမိစ္ဆာ သွေးမျိုးဆက်မှာ အလွန်ပင် သန့်စင်နေပြီ ဖြစ်ပြီး မွေးရာပါ နတ်ဘုရားခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် ငရဲကမ္ဘာကြီးအတွင်း၌ ခြေငါးချောင်းနဂါးကို စီးနင်းလာသော ဆန်းကြယ်သည့် ကိုရင်လေးတစ်ပါးနှင့် ဆုံတွေ့ခဲ့ဖူးသည်။ ကံကောင်းထောက်မစွာဖြင့် ထိုရဟန်းငယ်၏ ဆုံးမမှုကို ခံယူခဲ့ရပြီး နှစ်ပေါင်းသောင်းချီ၍ အလုပ်အကျွေး ပြုခဲ့ဖူးလေသည်။
ထိုကိုရင်လေးမှာ အလွန်ပင် အစွမ်းထက်လှ၏။ နွားမိစ္ဆာဘုရင်သည် ရှေးဟောင်း ငရဲအရှင်သခင်ကြီးများကို မမြင်ဖူးသော်လည်း သူ၏ အမြင်အရ ထိုကိုရင်လေး၏ စွမ်းအားမှာ တတိယအဆင့် နတ်ဘုရားမိစ္ဆာများထက်ပင် သာလွန်လိမ့်မည်ဟု တွေးမိသည်။ လွတ်မြောက်ခြင်းအဆင့်ရှိသော ဗုဒ္ဓအရှင်တစ်ပါးပင် ဖြစ်နိုင်ချေရှိသည်။
ရှေးယခင်ကတည်းက ငရဲကမ္ဘာကြီးတွင်ဖြစ်စေ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင်ဖြစ်စေ လွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိသူ အနည်းငယ်သာ ရှိ၏။ ထို့အပြင် လွတ်မြောက်ခြင်းအဆင့်ရောက်သွားသူတို့သည်လည်း ခြေရာလက်ရာပင် ရှာမရတော့လောက်အောင် ပျောက်ကွယ်သွားတတ်ကြသည်။ သို့ဖြစ်ရာ လွတ်မြောက်ခြင်းအဆင့်သို့ရောက်ရှိသွားပါက မည်သည့် ကောင်းကင်တာအိုစည်းမျဉ်းများ၏ ချုပ်နှောင်မှုကိုမျှ မခံရတော့ဘဲ အဆုံးစွန်သော လွတ်လပ်မှုကို ရရှိမည်ဟုသာ လူတိုင်း သိထားကြသည်။
နွားမိစ္ဆာဘုရင်သည် ထိုဆန်းကြယ်သော ကိုရင်လေးနောက်သို့ လိုက်ပါပြီးနောက်တွင် များစွာသော သွန်သင်မှုများကို ရရှိခဲ့ကာ နွားရိုင်းတစ်ကောင်၏ ကြမ်းတမ်းမှုကို စွန့်ပယ်ပြီး ဉာဏ်အလင်း ပွင့်ခဲ့သည်။ သူသည် ငရဲကမ္ဘာနှင့် လုံးဝမတူသော အသိပညာ ဗဟုသုတများကို သင်ယူခဲ့ရပြီး စည်းကမ်းနှင့် ယဉ်ကျေးမှု၏ အစွမ်းကိုလည်း နားလည်လာခဲ့သည်။
ကိုရင်လေးသည် နွားမိစ္ဆာဘုရင်အတွက် ပျက်သုဥ်းခြင်းနွားရိုင်းမျိုးနွယ်စုမှ ဤနွားရိုင်းမိစ္ဆာနန်းတော်ကို ယူဆောင်ပေးခဲ့ကာ ငရဲမြေကြောများကို ထိန်းချုပ်နိုင်ရန် ကူညီပေးခဲ့သည်။ ထို့ကြောင့်သာ ယခုကဲ့သို့ စီမံကိန်းများ ချမှတ်ကာ နွားမိစ္ဆာငရဲကို စည်းကမ်းစနစ်များဖြင့် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်၏။ ဤနှစ်များအတွင်း သူ၏ အစွမ်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး နတ်ဘုရားနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
တစ်ခုတည်းသော အားနည်းချက်မှာ သူ၌မိစ္ဆာနတ်ဘုရားအမြုတေမရှိခြင်းသာဖြစ်သည်။ သို့သော်လည်းသူ၏ ခွန်အားမှာ ပထမအဆင့် စစ်မှန်သော နတ်ဘုရားတစ်ပါးနှင့်ပင် ယှဉ်နိုင်စွမ်း ရှိလေသည်။
ကိုရင်လေး ထွက်ခွာသွားစဉ်က သူ့ကို စန္ဒကူးနံ့သာပုတီးစေ့ တစ်စေ့ ပေးသွားခဲ့ဖူးသည်။ ဖြေရှင်း၍မရသော ဘေးဒုက္ခနှင့် ကြုံတွေ့ရပါက ထိုပုတီးစေ့ကို ခွဲလိုက်လျှင် အသက်ဘေးမှ လွတ်မြောက်နိုင်မည်ဟုဆိုခဲ့၏။
နွားမိစ္ဆာဘုရင်သည် ကာလီယာကို အသာအယာ တွန်းထုတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက မြူမှုန်မျှသာ ရှိသော ပုတီးစေ့လေးကို ပါးစပ်ထဲတွင် ငုံထားလိုက်ပြီး သွားကြားထဲ၌ ညှပ်ထားလိုက်သည်။
ထို့နောက်ဆက်လက်၍ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဘေးနားရှိ မြေပြင်မှာ တိုက်ရိုက် ကွဲအက်သွားပြီး ကြောက်မက်ဖွယ် ပုံသဏ္ဌာန်ရှိသော ပုဆိန်တစ်လက် ထွက်ပေါ်လာသည်။ ထိုပုဆိန်ကြီးမှာ ကြည့်ရသည်မှာ အကြမ်းထည်ဆန်လှပြီး ထိပ်တန်း လက်နက်တစ်ခုနှင့် မတူပေ။ သို့သော် သေချာအနီးကပ်ကြည့်ရှုပါက မည်းနက်သော သွေးစွန်းနေသည့် ပုဆိန်သွားပေါ်တွင် မရေမတွက်နိုင်သော ထက်မြက်သည့် အမှုန်အမွှားများ အရှိန်ပြင်းစွာ လည်ပတ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
ဤပုဆိန်သည် စကြဝဠာအတွင်းရှိ အသေးငယ်ဆုံးသော အရာကိုပင် နှစ်ပိုင်း ပိုင်းဖြတ်နိုင်စွမ်း ရှိပြီး မည်သည့် အဆင့်ရှိသည်ကို ခွဲခြားရန်ခက်ခဲသော်လည်း ပုဆိန်မှ မှိန်ဖျော့ဖျော့ ဗုဒ္ဓအငွေ့အသက်၊ နွားမိစ္ဆာငရဲ၏ မြေစွမ်းအင်နှင့် မိစ္ဆာစွမ်းအင်များ ရောယှက်ထွက်ပေါ်နေသည်။ နန်းတော်အောက်ရှိ မြေကြောထဲတွင် နှစ်ပေါင်းများစွာ စိမ်ထားသော လက်နက်ဖြစ်ပြီး ကိုရင်လေး ပေးသနားခဲ့ခြင်း ဖြစ်ကာ ဟေးထောင် ဟု နာမည်ပေးထားလေသည်။ လက်နက်အဆင့်အတန်း မရှိသော်လည်း ဖန်ဆင်းခြင်းအဆင့် လက်နက်များကိုပင် လွယ်ကူစွာ ဖြတ်တောက်နိုင်၏။
ဟေးထောင် ကို ဆုပ်ကိုင်လိုက်သည်နှင့် နွားမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ရွှေသံကွင်းသံချပ်ကာ ပေါ်လာသည်။ ထို့ပြင် သူ၏ နွားဦးခေါင်းထက်တွင်ဖီးနစ်တောင်ပံ ခရမ်းရွှေရောင်သရဖူကို ဆောင်းထားပြီး ခြေထောက်တွင် ကြာချည်မျှင် တိမ်ဖိနပ်ကို ဝတ်ဆင်ထား၏။ နွားမိစ္ဆာဘုရင်သည် ငရဲမိစ္ဆာတစ်ကောင်နှင့် မတူတော့ဘဲ ကောင်းကင်ဘုံမှ စစ်သူကြီးတစ်ဦးနှင့် တူလှပြီး အလွန်ပင် ခန့်ညားထည်ဝါလှသည်။
သူသည် ခြေတစ်ချက် လှမ်းလိုက်လျှင် နွားရိုင်းမိစ္ဆာနန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိသွားပြီး မူလအစသံကြိုးကို ကိုင်ဆောင်ကာ နန်းတော်ကို ရိုက်နှက်နေသည့် မင်ကျွေ့ကို မြင်လိုက်ရ၏။
''အစစ်အမှန် နတ်ဘုရားလား...''
''ဒါပေမဲ့ ဒီအရှိန်အဝါက... နည်းနည်းတော့ ထူးဆန်းနေသလိုပဲ''
နွားမိစ္ဆာဘုရင်သည် မင်ကျွေ့ဆီမှ ဆန်းကြယ်သော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
မင်ကျွေ့သည်လည်း နွားမိစ္ဆာဘုရင်ကို မြင်သည်နှင့် တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သခင်က သူ့ကို စောင့်ကြည့်နေသည် ဖြစ်ရာ အရှက်ကွဲ၍ မဖြစ်ပေ။ ဤနွားမိစ္ဆာကို အရှင်ဖမ်းပြီး သခင်ထံ ဆက်သရမည်။ သူ၏ နတ်ဘုရားအာရုံသည် နွားမိစ္ဆာဘုရင်ထက် သာလွန်သဖြင့် တစ်ချက် အာရုံခံလိုက်ရုံဖြင့် ရန်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိသွားသည်။ ဤနွားမိစ္ဆာ၏ စွမ်းအားသည် ကောလာဟလများထက် ပိုမို အစွမ်းထက်နေပြီး နတ်ဘုရားနယ်ပယ် တတိယအဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။
ထို့ပြင် အခြေခံအုတ်မြစ် ခိုင်မာပြီး နတ်ဘုရားအဆင့် ၃ အထွတ်အထိပ်သို့ ရောက်ရှိရန် မျဉ်းပါးပါးလေးသာ လိုတော့သည်။
"ကျင့်ကြံခြင်းအဆင့်က မဆိုးဘူးပဲ..."
မင်ကျွေ့ ရုတ်တရက် ချီးကျူးလိုက်သည်။
သို့သော် နောက်ဆက်ပြောလိုက်သော စကားက နွားမိစ္ဆာဘုရင်ကို ဒေါသပေါက်ကွဲသွားစေသည်။
'"ဒါပေမဲ့ စိတ်မကောင်းစရာပဲ... နတ်ဘုရားအမြုတေ မရှိတော့ နောက်ဆုံးကျရင် ပုရွက်ဆိတ်ပဲ ဖြစ်နေဦးမှာ..."
"ငါ မင်းကို သတ်ရတာ နွားတစ်ကောင်ကို သတ်ရသလို လွယ်ကူနေလိမ့်မယ်..."
"မူး..."
နွားမိစ္ဆာဘုရင်သည် ဆိုဆုံးမမှုများ ရရှိထားသော်လည်း ငရဲမိစ္ဆာပင် ဖြစ်သည်။
သို့ဖြစ်ရာ မင်ကျွေ့၏ စကားက သူ့ကို ဒေါသထွက်သွားစေသဖြင့် ကောင်းကင်တုန်ဟည်းမတတ် အော်ဟစ်လိုက်လေသည်။
''မင်းလို မိစ္ဆာမဟုတ် လူမဟုတ်တဲ့ကောင်ကများ... ဒီလောက်အထိ ရိုင်းစိုင်းရဲတယ်ပေါ့''
"လာစမ်း... မင်းကို ပညာပေးရမယ်..."
ပြောပြီးသည်နှင့် သူသည် ဟေးထောင်ကို မြှောက်ကာ မင်ကျွေ့ထံသို့ ပြေးဝင်သွားသည်။
မင်ကျွေ့သည် အပြင်ပန်းတွင် လျှော့တွက်သယောင် ပြသော်လည်း အမှန်တကယ်တွင် သူ၏နတ်ဘုရားစွမ်းရည်ကို နိုးဆွ ထားပြီး ဖြစ်သည်။ မူလအစသံကြိုးသည် အဖြူရောင် လမ်းမကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နွားမိစ္ဆာဘုရင်၏ရှေ့တွင် ပိတ်ဆို့ထားလိုက်၏။
ထို့နောက် အတိုင်းအဆမရှိသော ယွမ်ရှီချီစွမ်းအားများ ပျံ့နှံ့လာပြီး နွားမိစ္ဆာငရဲ၏ ဟင်းလင်းပြင်ကို အရည်ပျော်သွားစေကာ ယွမ်ရှီချီစွမ်းအားများအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ဤသည်မှာ ကြက်ဥတစ်လုံးကို အပေါက်ဖောက်လိုက်သကဲ့သို့ ဖြစ်ပြီး နွားမိစ္ဆာငရဲ၏ စွမ်းအားအမြောက်အမြား ဟင်းလင်းပြင်ထဲသို့ ယိုစီးထွက်သွားကာ ကမ္ဘာတစ်ခုလုံး ပျက်စီးတော့မည့် လက္ခဏာများ ပေါ်ပေါက်လာသည်။
သို့သော်လည်း နွားမိစ္ဆာဘုရင်မှာ ထိုအရာများကို ထည့်မစဉ်းစားတော့ဘဲ ဟေးထောင် ပုဆိန်ကြီးဖြင့် အဖြူရောင်လမ်းမကြီးကို ခုတ်ပိုင်းလိုက်သည်။ သွားကျိန်းဖွယ်ရာ ပွတ်တိုက်သံနှင့် ဖြတ်တောက်သံများ ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး နွားမိစ္ဆာငရဲရှိ မိစ္ဆာများအားလုံး စိတ်နှလုံး တုန်ခါသွားကြသည်။ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် နွားမိစ္ဆာဘုရင်မှာ ယွမ်ရှီချီစွမ်းအားနှင့် မင်ကျွေ့၏ နတ်ဘုရားအဆင့် စွမ်းအားများကြောင့် နောက်သို့ လွင့်ထွက်သွားရသည်။ သို့သော် သူ၏ မျက်နှာတွင် ဒေါသများ ပျောက်ကွယ်သွားပြီး အောင်နိုင်သူအပြုံးတစ်ခု ပေါ်လာ၏။
မင်ကျွေ့၏ မျက်နှာထက်တွင်လည်း အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏အဖြူရောင် လမ်းမကြီးမှာ ပျောက်ကွယ်သွားပြီး မူလအစသံကြိုးအဖြစ်အသွင်ပြောင်းသွားကာ လက်ထဲသို့ ပြန်လည် ရောက်ရှိလာသည်။ သံကြိုးပေါ်တွင် အလွန်ပင် ညီညာလှသော ပိုင်းဖြတ်ခံထားရသည့် အရာတစ်ခု ရှိနေပြီး သံကြိုးမှာ ပြတ်လုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်ပေါ်တွင် ထိုင်နေသော ကျုံးရှန်သည် ရုတ်တရက် ထိုင်ခုံပေါ်မှမတ်တတ်ထရပ်လိုက်သည်။
"ဒီနွားမိစ္ဆာက..."
"မရိုးရှင်းဘူးပဲ..."
Thank For Reading.