← Chapters

အခန်း (၁၆၂)

Vol. 17 Ch. 162

အခန်း (၁၆၂)

Vol. 17 Ch. 162

အပြစ်ငရဲဘုံ၏ ဘုံနေငရဲမိစ္ဆာအားလုံး သတ်ဖြတ်ခြင်းများကို ရပ်တန့်လိုက်ကြ၏။ ထို့နောက် ရုပ်အဆင်းသည် စိတ်အဆင်း ဖြစ်သည် ဟူသော စကားနှင့်အညီ ငရဲဘုံရှိ အပျက်သဘောဆောင်သော စွမ်းအင်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ထိုငရဲသတ္တဝါတို့၏ ရုပ်ရည်များမှာလည်း လိုက်ပါပြောင်းလဲသွားလေသည်။

ပုံပျက်ပန်းပျက် ဖြစ်နေသော ခန္ဓာကိုယ်များ ပျောက်ကွယ်သွားကာ လူသားပုံသဏ္ဌာန်သို့ လုံးဝအသွင်မပြောင်းလဲသေးသော်လည်း မြင်ရသည်မှာ အတော်လေး အဆင်ပြေလာကြသည်။ အနည်းဆုံးအနေနှင့် မျက်စိ၊ နှာခေါင်း၊ ခြေလက်နှင့် မျက်နှာအင်္ဂါရပ်များမှာ စနစ်တကျ ရှိလာကြ၏။ လူသားများ၏ အမြင်ဖြင့် ကြည့်လျှင် အနည်းငယ် ထူးဆန်းနေသေးသော်လည်း ယခင်ကကဲ့သို့ ကြောက်မက်ဖွယ်ရာ ပုံပျက်ပန်းပျက် အခြေအနေမျိုး မဟုတ်တော့ပေ။

ကောင်းကင်နှင့် မြေပြင်အကြားရှိ ဆန်းကြယ်သော စွမ်းအားသစ်မှာ အဆက်မပြတ် ဖွံ့ဖြိုးလာနေ၏။ ကမ္ဘာအတွင်းရှိ သက်ရှိအားလုံးသည် မူလဇစ်မြစ်၏ သားတော်ဖြစ်သည့် ကလေးငယ်နှင့်အတူ ထိုနက်ရှိုင်းသော ဉာဏ်အလင်းပွင့်ခြင်း၌ ဆင်ခြင်တွေးတောနေကြသည်။ သို့ဖြင့် တွေးတောဆင်ခြင်ခြင်းမှ ရရှိလာသော စွမ်းအားများသည် စုစည်းသွားပြီး စွမ်းအားသစ်တစ်ခုနှင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်လိုက်၏။

ဤသည်မှာ သက်ရှိများ၏ ခံစားချက်နှင့် ဆန္ဒများ ပေါင်းစည်းမှုပင် ဖြစ်သည်။ နဂါးမဲ့နှလုံးသားကျင့်စဉ်မှ မြစ်ဖျားခံလာသော်လည်း အနည်းငယ် ကွဲပြားခြားနားမှု ရှိနေကာ ငရဲစွမ်းအင်များ၏ သဘောသဘာဝ ပြောင်းလဲသွားခြင်း ဖြစ်၏။

သေဆုံးခြင်း၏ အဆုံးသတ်မှာ ရှင်သန်ခြင်း ဖြစ်လာပြီး သံသရာ၏ အဆုံးသတ်မှာ ဖန်ဆင်းခြင်း ဖြစ်လာသည်။

အမှောင်၏ အဆုံးသတ်သည် အလင်းရောင် ဖြစ်လာပြီး သတ်ဖြတ်ခြင်း၏ အဆုံးသတ်မှာ မျိုးဆက်ပြန့်ပွားခြင်း ဖြစ်လာလေသည်။

ဤသို့ဖြင့် စည်းမျဉ်းနိယာမ အသစ်များ စတင်ဖွဲ့စည်းလာပြီး အပြစ်ငရဲဘုံ၏ နယ်နိမိတ် အစွန်းပိုင်းတွင်လည်း ပေါက်ကွဲမှုများ စတင်ဖြစ်ပေါ်လာသည်။

မူလက ရှိနေသော ဟင်းလင်းပြင်အတားအဆီးများ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အပြစ်ငရဲကမ္ဘာ၏နယ်မြေဧရိယာမှာ ပိုမိုကျယ်ပြန့်လာသည်။ အပြစ်ငရဲကမ္ဘာသည် တဖြည်းဖြည်းကြီးမားလာကာ မူလထက် နှစ်ဆခန့် ပိုမိုကြီးမားသွားသည့်အခါမှသာ ရပ်တန့်သွားလေသည်။ ထို့နောက် နယ်နိမိတ်အသစ် ဖြစ်ပေါ်မှုပြီးဆုံးသွားခြင်းကြောင့် အလွန်ထူထဲသော ဟင်းလင်းပြင်အတားအဆီးများ ဖြစ်ပေါ်လာ၏။ ဤဟင်းလင်းပြင်အတားအဆီးများ၏ ထူထဲမှုသည် မဟာကမ္ဘာကြီးများကြားရှိ အတားအဆီးများထက်ပင် သာလွန်နေသေးသည်။

စစ်မှန်သောနတ်ဘုရားတစ်ပါး၏ စွမ်းအားမရှိလျှင် ဤဟင်းလင်းပြင်အတားအဆီးကို ဆုတ်ဖြဲပြီး အခြားကမ္ဘာသို့ ဝင်ရောက်ရန် လုံးဝ မဖြစ်နိုင်ပေ။ အပြစ်ငရဲဘုံသည် အလယ်အလတ်အဆင့်ရှိသော ကမ္ဘာတစ်ခုအဖြစ်သို့ အဆင့်တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာလောက၏ ပြောင်းလဲဖြစ်ပေါ်မှုသည် မျက်စိရှေ့မှောက်၌ပင် ဖြစ်ပျက်နေ၏။ ကျုံးရှန်သည် တရားဓမ္မများကို တိုးညင်းစွာ ဟောကြားနေဆဲဖြစ်ပြီး သူ၏ အသံသည် ကောင်းကင်မှ ကျဆင်းလာသော တာအိုတရားသံများအလား တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားကာ အပြစ်ငရဲကမ္ဘာတစ်ခုလုံး၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးနေ၏။ သူသည် ဤကမ္ဘာကြီးနှင့်အတူ ဆင့်ကဲပြောင်းလဲမှုများကို ဖန်တီးနေခြင်း ဖြစ်သည်။

လန်ခယ်အချိန်နယ်မြေ မရှိသဖြင့် ယခုတစ်ကြိမ်တွင် ကျုံးရှန်သည် သုံးနှစ်တိုင်တိုင် တရားဟောကြားခဲ့၏။ မူလဇစ်မြစ်၏ သားတော်မှာလည်း သုံးနှစ်သားအရွယ် ကလေးငယ်တစ်ဦး အဖြစ်အသွင်‌ပြောင်းသွားလေသည်။ သူသည် နက်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျုံးရှန်၏ ရှေ့၌ တည်ငြိမ်စွာ တင်ပျဉ်ခွေ ထိုင်နေ၏။ ကလေးငယ်လေးသည်မျက်လုံးများကို မှိတ်ထားသော်လည်း နီရဲနေသော ပါးပြင်လေးများပေါ်တွင် ကျေနပ်ပီတိဖြစ်နေသော အမူအရာများ ပေါ်လွင်နေ၏။

ကျယ်ဝန်းလှသော မူလဇစ်မြစ်နယ်မြေ အတွင်း၌ ရှုခင်းအသစ်များ ပေါ်ထွန်းလာရာစိမ်းလန်းသော ဝါးရုံတောများ၊ စမ်းချောင်းငယ်များ၊ မြင့်မားသော တောင်တန်းများနှင့် စီးဆင်းနေသော ရေတံခွန်များ ရှိနေသည်။ထို့ပြင် ပတ်ဝန်းကျင်၌ အင်မော်တယ်ငှက်တို့၏ တေးဆိုသံများလည်း သာယာနာပျော်ဖွယ် ထွက်ပေါ်နေပြီး ကြားရသူအပေါင်းကိုနားဝင်ချိုစေကာ လောကနိဗ္ဗာန်နှင့်ပင် တူနေတော့သည်။

ကျုံးရှန်၏ အဆုံးသတ်စကားလုံးကို ရွတ်ဆိုပြီးသွားသောအခါ အလယ်အလတ်အဆင့် ကမ္ဘာသစ်တစ်ခု၏ မွေးဖွားမှုပြီးဆုံးသွားလေသည်။ ဤကမ္ဘာသည် အခြားသော ငရဲကမ္ဘာများနှင့် မတူသကဲ့သို့ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ ကမ္ဘာငယ်များနှင့်လည်း မတူချေ။ စစ်မှန်သောကမ္ဘာသစ်တစ်ခု မွေးဖွားလာခြင်းပင် ဖြစ်သည်။

ကျုံးရှန်သည် သူ၏ မျက်လုံးများကို အသာအယာ ဖွင့်လိုက်လျှင် သူ၏ ရှေ့ရှိ မူလဇစ်မြစ်၏ သားတော်မှာလည်း တစ်ချိန်တည်းမှာပင် မျက်လုံးများ ပွင့်လာ၏။

"ခမည်းတော်..."

မူလဇစ်မြစ်၏ သားတော်သည် မတ်တတ်ထရပ်လိုက်ပြီး ကျုံးရှန်ကိုရိုသေစွာ ဦးညွှတ်ဂါရဝပြုလိုက်သည်။ သူသည် လက်နှစ်ဖက်ကို ယှက်ကာ မြင့်မြတ်သော လူကြီးလူကောင်းများ၏ ဂါရဝပြုနည်းဖြင့် အရိုအသေပေးလိုက်ခြင်း ဖြစ်သည်။

အသက်အရွယ်အရ ငယ်ရွယ်သော်လည်း ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို ကောင်းစွာ နားလည်တတ်မြောက်ထား၏။ သူသည် ဤသုံးနှစ်အတွင်း အတော်လေး ဆုံးမသွန်သင်မှုရရှိထားကြောင်း ထင်ရှားလှ သည်။ စည်းကမ်းနှင့် စနစ်တကျရှိမှုမှာ သူ၏ စိတ်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီ ဖြစ်သည်။

''ငါ့သား... ထပါဦး''

ကျုံးရှန်က အသာအယာ ပြုံးလိုက်ပြီး ပြန်လည်နှုတ်ဆက်လိုက်၏။

"ခမည်းတော်က အရာအားလုံးကို ဖန်ဆင်းပြီး သားတော်နဲ့ ဒီကမ္ဘာကြီးကို အသက်သွင်းပေးခဲ့တာပါ... သားတော်ရဲ့ ယဉ်ကျေးမှုနဲ့ ဉာဏ်ပညာအားလုံးက ခမည်းတော် ပေးသနားခဲ့တာတွေပါပဲ..."

"ဒီကျေးဇူးတရားဟာ ကောင်းကင်ထက်တောင် ပိုပြီး မြင့်မားပါတယ်"

မူလဇစ်မြစ်၏ သားတော်မှာ အသက်အရွယ် ငယ်သော်လည်း အသိဉာဏ်မှာ ရင့်ကျက်လှပေသည်။

အပြင်ပန်းအားဖြင့် သုံးနှစ်မျှသာ ကြာမြင့်ခဲ့သည်ဟု ထင်ရသော်လည်း လက်တွေ့တွင် ကျုံးရှန်သည် တရားဟောကြားခြင်းမှတစ်ဆင့် မူလဇစ်မြစ်ကလေးငယ်နှင့် စိတ်ချင်းဆက်သွယ်ခဲ့သည်။ ထို့နောက်သူတို့သည် စိတ်ကူးယဉ် ကမ္ဘာတစ်ခုကို တည်ဆောက်ခဲ့ကြပြီး ထိုနေရာ၌ နှစ်ပေါင်း သောင်းချီ၍ အတူတူ နေထိုင်ခဲ့ကြရင်း ကျုံးရှန်ကိုယ်တိုင် တရားဓမ္မများကို သင်ကြားပေးခဲ့လေသည်။ သို့ဖြစ်ရာ သူတို့နှစ်ဦးကြားရှိ သံယောဇဉ်မှာ အလွန်ပင် နက်ရှိုင်းလှ၏။

''ငါ့သား... ဉာဏ်အလင်းပွင့်ခြင်း ပြီးဆုံးသွားပြီဆိုတော့ ဒီနေ့ မင်းကို ငါ နာမည်ပေးမယ်''

''မင်းနာမည်ကို ကျုံးယွမ် လို့ ခေါ်စေ''

ကျုံးရှန်သည် မတ်တတ်ထရပ်လိုက်ပြီး ကြင်နာစွာ ပြောလိုက်သည်။

ကျုံးယွမ်သည် ထိုစကားကို ကြားသောအခါ အလွန်ပင် ဝမ်းမြောက်သွားသည်။ သူသည် ကျုံးရှန်အပေါ် ကြည်ညိုရုံသာမက သွေးသားရင်းချာကဲ့သို့ သံယောဇဉ်လည်း ရှိနေ၏။ ယခုကဲ့သို့ ကျုံးရှန်က နာမည်ပေးလိုက်ခြင်းသည် သူ့ကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သဖြင့် အလွန်ဝမ်းသာသွားသည်။

ကျုံးယွမ်သည် ဖျတ်လတ်စွာဖြင့် ခုန်ထလိုက်၏။ သူ၏ လက်မောင်းလေးများမှာ ဖြူဖွေးချောမွေ့နေပြီး ကြွေရုပ်လေးတစ်ရုပ်နှင့်ပင် တူလှသည်။ ခန္ဓာကိုယ်ပေါ်ရှိ ဆန်းကြယ်သော အမှတ်အသားများမှာ အရေပြားအောက်တွင် ပျောက်ကွယ်သွားပြီး လမ်းကြောင်းတစ်ခုအဖြစ် ဖွဲ့စည်းကာ စွမ်းအင်သစ်များကို လည်ပတ်စေနေသည်။ ယင်းမှာ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့်အတူ စနစ်သစ်တစ်ခုအဖြစ် အလုပ်လုပ်နေခြင်းပင် ဖြစ်၏။

''ကျုံးယွမ်... ငါနဲ့အတူ အပြင်ကို ထွက်ကြည့်ကြရ‌အောင်''

"ဒီကမ္ဘာက မင်းခန္ဓာကိုယ်ထဲက သူတော်စင်ကမ္ဘာ ဖြစ်လာပြီး ငရဲကမ္ဘာကြီးရဲ့ သတ်မှတ်ချက်ထဲကနေ ကျော်လွန်သွားပြီ..."

"ကမ္ဘာပေါင်းတစ်သောင်းရဲ့ ဟင်းလင်းပြင်ထဲမှာ သူ့ရဲ့ ခြေရာကို ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး..."

''ကြိုးစားပြီး ကျင့်ကြံပါ... ဒီကမ္ဘာက အကန့်အသတ်မရှိတဲ့ ဖြစ်နိုင်ခြေတွေ ရှိနေတယ်... မဟာကမ္ဘာကြီး အဆင့်အထိ တက်လှမ်းပြီး စစ်မှန်တဲ့ အခြေခံအဓိကကမ္ဘာကြီးအဖြစ်တောင် ပြောင်းလဲသွားနိုင်တယ်..."

ထိုအချိန်တွင် မင်ကျွေ့၏ အရှိန်အဝါသည်လည်း ကြီးမားသော ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ကာ ယခင်နှင့် လုံးဝ ကွဲပြားခြားနားသွား လေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အပြစ်အမှတ်အသားများသည် ရွှေရောင် စီးဆင်းနေသော အင်းကွက်များအဖြစ် ပြောင်းလဲသွားကာ အဆက်မပြတ် လည်ပတ်နေ၏။ပြောင်းလဲမှု ပြီးဆုံးပြီးနောက် မင်ကျွေ့၏ ခန္ဓာကိုယ်တွင်းရှိ ငရဲစွမ်းအင်များ အားလုံးသည် စွမ်းအားသစ်များအဖြစ် ပြောင်းလဲသွားကာ နတ်ဘုရားရာထူးနှင့် တူညီသော အရာတစ်ခု စတင်ဖွဲ့စည်းလာပြီး မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။

မင်ကျွေ့သည် ပိုမိုအစွမ်းထက်လာခဲ့ခြင်းဖြစ်သည်။ သူ၏ စွမ်းအားမှာ မဟာကမ္ဘာရှိ စစ်မှန်သော နတ်ဘုရားများထက် အနည်းငယ် နိမ့်ကျနေသေးသော်လည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာခဲ့လေသည်။ ဤသည်မှာ ကမ္ဘာတစ်ခုလုံး၏ ဆင့်ကဲပြောင်းလဲမှုကြောင့် ရရှိလာသော ကောင်းကျိုးများ ဖြစ်၏။ ဤကမ္ဘာတွင် ကိုယ်ပိုင်ကောင်းကင်တာအိုနှင့် ကိုယ်ပိုင် စည်းမျဉ်းများ ရှိနေပြီ ဖြစ်သည်။

ကျုံးရှန်သည် ကျုံးယွမ်၏ လက်ကို ဆွဲကာ မူလဇစ်မြစ်နယ်မြေ၏ အပြင်ဘက်သို့ ထွက်လာလိုက်သည်။ အပြစ်ငရဲဘုံတစ်ခုလုံးမှာ အသစ်စက်စက် ဖြစ်နေ၏။ ကောင်းကင်ထက်၌ တိမ်တိုက်များနှင့် တောက်ပသော အလင်းရောင်များ ရှိနေကာ ယခင်ကကဲ့သို့ မီးခိုးရောင် မဟုတ်တော့ပေ။

အသက်ရှင်ကျန်ရစ်သော ငရဲသက်ရှိများမှာ ပြောင်းလဲမှုများကို ရရှိထားကြပြီး သူတို့သည် သတ်ဖြတ်ခြင်းများကို စွန့်လွှတ်ကာ သာမန်အတိုင်း စိုက်ပျိုးရေးနှင့် ယက်ကန်းယက်ခြင်း စသည့်ဖြင့် အေးချမ်းသော ဘဝများကို စတင်နေကြပြီ ဖြစ်၏။ သတ်ဖြတ်ခြင်းများနှင့် ဝေးကွာပြီး ယဉ်ကျေးမှုနှင့် နီးစပ်လာခြင်းမှာ ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်သည်။

မူလငရဲဘုံတွင် ဖရိုဖရဲနိုင်မှုနှင့် သတ်ဖြတ်ခြင်းများ လွှမ်းမိုးနေပြီး အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည့် ရက်စက်သော စနစ်တစ်ခုသာ ရှိခဲ့သည်။သို့သော်လည်း အခြေခံအားဖြင့် ထိုငရဲသက်ရှိများသည် ပျော်ရွှင်မှုဟူ၍ မရှိခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် မိမိ၏ အသက်ကို ကိုယ်တိုင် စီမံပိုင်ခွင့်ပင် မရှိသောကြောင့် ဖြစ်၏။

မွေးဖွားလာခြင်းသည် သေဆုံးရန်အတွက်သာ ဖြစ်ပြီး ထူးခြားသော ဘဝတစ်ခုကို ဖန်တီးရန် ခက်ခဲလှသည်။ အနာဂတ်အတွက်လည်း မျှော်လင့်ချက် မရှိခဲ့ချေ။ စွမ်းအားကြီးသူတစ်ဦး မွေးဖွားလာတိုင်း မရေမတွက်နိုင်သော သက်ရှိများ သေဆုံးရပြီး စွမ်းအားတိုးတက်မှုတိုင်းသည် သူတစ်ပါး၏ သွေးများဖြင့် လဲလှယ်ခဲ့ရသည်။

သို့သော် ယခုတွင်ထိုအရာများမရှိ‌တော့‌ချေ။အပြစ်ငရဲကမ္ဘာသည် စစ်မှန်သော အလယ်အလတ်ဆင့်ကမ္ဘာငယ်သစ်တစ်ခုအဖြစ်ဆင့်ကဲပြောင်းလဲသွားခဲ့လေသည်။ ယခုအခါ၌ အနည်းဆုံးအနေဖြင့် သက်ရှိတိုင်းသည် တန်ဖိုးရှိသော ကိုယ်ပိုင်လွတ်လပ်မှုအချို့ ရရှိလာကြပြီ ဖြစ်သည်။

ကျုံးရှန်နှင့် ကျုံးယွမ်တို့သည် တိမ်တိုက်များပေါ်တွင် လမ်းလျှောက်ရင်း သူတို့အောက်ရှိ သက်ရှိသတ္တဝါများစွာကို ငုံ့ကြည့်လိုက်သည်။ ထိုသက်ရှိများ၏ နေထိုင်ရှင်သန်ခြင်း နှင့် မျိုးဆက်ပြန့်ပွားမှုများကို ကြည့်ရင်း ကျုံးရှန်၏ စိတ်ထဲ၌ သိမြင်မှုအသစ်များ ရရှိလာသည်။

''အံ့ဩစရာတကယ်ကောင်းတာပဲ..."

"ဒီကမ္ဘာရဲ့ ပြောင်းလဲမှုက ငါ့ရဲ့ စိတ်ကူးထက်တောင် ကျော်လွန်နေပါ့လား..."

''အခြားကမ္ဘာတွေနဲ့လည်း လုံးဝ မတူဘူး''

"အခုကစပြီး ဒီကမ္ဘာကို မူလအစကမ္ဘာ လို့ ခေါ်ကြတာပေါ့..."

ကျုံးရှန်သည် တအံ့တသြဖြင့်ချီးကျူးနေမိ၏။ သူကိုယ်တိုင် ဤပြောင်းလဲမှုများကို ဖန်တီးခဲ့ခြင်း ဖြစ်သော်လည်း သဘာဝတရား၏ ဆန်းကြယ်သော ဆင့်ကဲပြောင်းလဲမှုကို အံ့သြမဆုံး ဖြစ်နေရသည်။

တစ်နေ့နေ့တွင် သူသည် ကံတရားကျိန်စာကို ချိုးဖျက်ပြီး အမြင့်မြတ်ဆုံးသော နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ထိုအခါ ခေတ်နှစ်ခေတ်၏ သူတော်စင်များနှင့် လူသားနတ်ဘုရားများ၏ အမွေအနှစ်အားလုံးကို စုစည်းနိုင်မည် ဖြစ်၏။ ထိုအရာများကို အသုံးပြု၍ ကောင်းကင်နန်းတော်ကို ပြန်လည်ဖွဲ့စည်းချိန်တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အသိစိတ်ကိုပါ သူ သိမ်းပိုက်နိုင်လိမ့်မည်ဖြစ်သည်။

ယခုအခါ ကမ္ဘာအသစ်ဖန်တီးခြင်းအတွေ့အကြုံရှိသွားပြီ ဖြစ်၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို လူတိုင်းလွတ်မြောက်နိုင်သော ကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲဖန်တီးနိုင်မည့်အချိန်ရောက်‌လာတော့မည်ဖြစ်သည်။ ကျုံးရှန်သည် လူတိုင်း လွတ်မြောက်ခွင့် မျှော်လင့်ချက် ရှိလာမည့် ကမ္ဘာသစ်ပင်အပြင်ဘက်မှ မိစ္ဆာများကို စိုးရိမ်စေသည့် စစ်မှန်သော ဝမ်ချွမ်းနယ်မြေကိုဖန်တီးရန် ဆုံးဖြတ်လိုက်လေသည်။

All Chapters