အခန်း (၁၆၃)
Vol. 17 Ch. 163
"မူလအစနယ်မြေ..."
ကျုံးယွမ်သည် ထိုအမည်ကို စိတ်ထဲ၌ စွဲမြဲစွာ မှတ်သားထားလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤအမည်သည် ဖခမည်းတော် ပေးသနားခဲ့သော အမည် ဖြစ်သောကြောင့်ပင်ဖြစ်သည်။ သူ၏ စိတ်နှလုံးထဲတွင် ကျုံးရှန်၏ ပုံရိပ်သည် နှိုင်းယှဉ်၍မရအောင် မြင့်မားပြီး ကြီးကျယ်ခမ်းနားလှ၏။
ဖခင်ဖြစ်သူ၏ အပြောအဆိုနှင့် အပြုအမူ တိုင်းကို မူလဇစ်မြစ်၏ သားတော်က စံနမူနာအဖြစ် မှတ်ယူထားပြီး အလေးအနက် လိုက်နာလေသည်။ ကျုံးရှန်သည် သူ့အား သူတော်စင်တို့၏ စိတ်နေသဘောထားများကို သွတ်သွင်းပေးခဲ့ခြင်းဖြစ်၏။ ဖြောင့်မတ်သော အရှိန်အဝါများသည် ကျုံးယွမ်၏ တစ်ကိုယ်လုံး၌ ကိန်းအောင်းနေပြီး သူ၏ လှုပ်ရှားမှုတိုင်း၌ ကောင်းကင်၏လျှို့ဝှက်ချက်များ ပါဝင်နေသည်။
သူသည် လောက၏ ကျင့်ဝတ်ထုံးတမ်းများနှင့် ဆုံးမသွန်သင်မှုများကို ရရှိထားသူ ဖြစ်ပေသည်။
စည်းမျဉ်းမရှိလျှင် ဘောင်ဝင်မည် မဟုတ်ပေ။ ဖရိုဖရဲနိုင်မှုနှင့် စည်းကမ်းမဲ့မှုသည် ဖျက်ဆီးအား ကောင်းသော်လည်း ဤကမ္ဘာသစ်၏ အနာဂတ်နှင့် နှိုင်းယှဉ်လျှင် နောက်ကျကျန်နေခဲ့မည်သာ ဖြစ်သည်။
သက်ရှိသတ္တဝါ အားလုံး၏ စွမ်းအားကို တစ်စုတစ်စည်းတည်း ဖြစ်စေပြီး သက်ရှိအားလုံးကို လွတ်မြောက်စေခြင်း။
စိတ်ဝမ်းကွဲပြားမှု မရှိဘဲ တစ်စိတ်တစ်ဝမ်းတည်းဖြင့် အမှန်တရားရှာဖွေခြင်း။
မရေမတွက်နိုင်သော သက်ရှိများ ရှိနေခြင်းသည် မရေမတွက်နိုင်သော အခွင့်အရေးများ ရှိနေခြင်းပင် ဖြစ်ပြီး အဆုံးတွင် မဟာတာအိုဆီသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
ကျုံးရှန်သည် ကျုံးယွမ်ကို ခေါ်ဆောင်၍ ဤကမ္ဘာသစ်ကို တစ်ပတ်လှည့်ကြည့်လိုက်ရာ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိခဲ့သည်။ ဖန်ဆင်းရှင် တစ်ဦးအတွက် ဤသည်မှာ အကြီးမားဆုံးသော ပျော်ရွှင်မှု ဖြစ်၏။ ဤပျော်ရွှင်မှုသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ မဟာတန်ခိုးကို ကျင့်ကြံအောင်မြင်ခြင်းထက်ပင် သာလွန်နေသေးသည်။
ဤသုံးနှစ်တာ ကာလအတွင်း ဉာဏ်ပွင့်စေခြင်းနှင့် တရားဟောကြားခြင်းအပြင် များပြားလှသော ယုံကြည်ခြင်း နတ်ဘုရားစွမ်းအားများကိုလည်း ဝူးနတ်ဘုရားရုပ်တုမှတစ်ဆင့် ရရှိခဲ့သည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ တပည့်များသည် အချိန်ဖြုန်းမနေကြပေ။ သူတို့သည် ချင်ထျန်းတောင်ထိပ်ရှိ မိစ္ဆာသူတော်စင်နှင့် ဂျင်ချူရှောင်၏ အကူအညီဖြင့် အခြားလူသားမျိုးနွယ်များနှင့် ပူးပေါင်းကာ မျိုးနွယ်ခြားများကို တိုက်ခိုက်နေကြသည်။
ယခင်က အနောက်ဘက်နယ်စပ်ရှိ လူသားနယ်စပ်မြို့ကြီးဆယ်မြို့တွင် လေးမြို့မှာ သစ္စာဖောက်များ ဖြစ်ခဲ့ကြသည်။ ဟွမ်ရှားမျိုးနွယ်စုသည် နန်ယန်စီရင်စုရှိ လူသားအင်အားစု လေးပုံတစ်ပုံခန့်ကို စည်းရုံးသိမ်းသွင်းထားခဲ့သည်။ ထိုအထဲတွင် နှစ်ပေါင်းများစွာ အားစိုက်ထုတ် တည်ထောင်ထားသော ဟွမ်ရှားကုန်သည်အသင်းကို ကျုံးရှန် ကိုယ်တိုင် မိစ္ဆာသားရဲတစ်သိန်းကို ဦးဆောင်ကာ ကိုးဆင့်ပြောင်းလဲ စစ်သင်္ဘောဖြင့် အမြစ်ပြတ် ချေမှုန်းပစ်ခဲ့ပြီ ဖြစ်သည်။
သို့သော် ကြီးမားသော ပြည်နယ်ကြီးများတွင် ပုန်းအောင်းနေကြသည့် လူသားသစ္စာဖောက် အင်အားစုများစွာ ကျန်ရှိနေသေး၏။ မျိုးနွယ်စုအားလုံးနီးပါးသည် သူတို့ ကိုးကွယ်သော နတ်ဘုရားများထံမှ လူသားမျိုးနွယ်ကို တိုက်ခိုက်ရန်နှင့် ပူဇော်မှုပြုလုပ်ရန် အမိန့်များ ရရှိထားကြသည်။ သို့နှင့်အင်အားကြီးမားသော လူသားမဟုတ်သည့် မျိုးနွယ်စုအချို့အပြင် ကာလကြာရှည်စွာ ငြိမ်သက်နေခဲ့ကြသော သေးငယ်သည့် မျိုးနွယ်စုများသည်လည်း စတင်လှုပ်ရှားလာကြသည်။ စစ်မီးမှာ ပြည်နယ်အချို့မှနေ၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးသို့ စတင် ပျံ့နှံ့လာတော့သည်။
လူသားမျိုးနွယ်စုမှာ ကမ္ဘာဦးခေတ်ကတည်းက လွှမ်းမိုးထားနိုင်ခဲ့သဖြင့် ကြီးမားသော အခြေခံအုတ်မြစ်များ ရှိသော်လည်း ရှေးဟောင်းဧကရာဇ်ခေတ် ပြီးဆုံးသွားကတည်းက ခေါင်းဆောင်မရှိသော အခြေအနေသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်၏။ အသက်ရှင်ကျန်ရစ်သော ရှေးဟောင်းနတ်ဘုရားများနှင့် သူတော်စင်များမှာလည်း ဟင်းလင်းပြင်ထဲ၌သာ ပုန်းအောင်းနေကြပြီး ယဇ်ပူဇော်ခြင်းနှင့် ကိုးကွယ်ခြင်းများကို ဧကရာဇ်ခေတ်ကတည်းက ပိတ်ပင်ထားခဲ့သည်။ သို့ဖြစ်ရာနတ်ဘုရားနှင့် သူတော်စင်တို့၏ လူသားမျိုးနွယ်အပေါ် လွှမ်းမိုးမှုမှာ အလွန်နည်းပါးလှပေသည်။
မျိုးနွယ်ခြားများမှာမူ သူတို့၏ နတ်ဘုရားများက အဓိကဦးဆောင်မှု အခန်းကဏ္ဍတွင် ရှိနေဆဲ ဖြစ်ပြီး လမ်းညွှန်မှုကို ပေးနေကြဆဲဖြစ်သည်။ ဤအကြောင်းရင်းများသည် လူသားများအတွက် အားနည်းချက် ဖြစ်နေပြီး စစ်ပွဲစတင်ချိန်၌ပင် အခြေအနေမှာ တင်းမာနေခဲ့သည်။
ကျုံးရှန်သည် မဟာတာအိုအဆင့် ရတနာဖြစ်သော ဝူးနတ်ဘုရားရုပ်ထုမှတစ်ဆင့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှတပည့်များ၏ ယဇ်ပူဇော်မှုများနှင့်ယုံကြည်ခြင်းစွမ်းအားများ ကို လက်ခံရရှိနေခဲ့ခြင်း ဖြစ်၏။
သူသည် လက်ခံရရှိသော ယုံကြည်ကိုးကွယ်မှုနှင့်ယဇ်ပူဇော်မှုမှ စွမ်းအားများကို သန့်စင်သောစွမ်းအားများအဖြစ် ပြန်လည်ပေးပို့ခဲ့သည်။ အထူးသဖြင့် ပူဇော်မှုလမ်းကြောင်းများမှတစ်ဆင့် ရတနာများနှင့် နတ်ဘုရားလက်နက်များကိုပါ ပေးသနားခဲ့လေသည်။
ထို့ကြောင့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှတပည့်များမှာ ရန်သူများကို တိုက်ခိုက်လိုစိတ်ထက်သန်နေကြကာ ကျုံးရှန်၏ သန့်စင်သောစွမ်းအားများ၏ထောက်ပံ့မှုဖြင့် အလုံးစုံသော အစွမ်းများလည်း တိုးတက်လာခဲ့သည်။ ကျုံးရှန်သည် လက်ခံရရှိသော ပူဇော်မှုစွမ်းအား အားလုံးနီးပါးကို ပြန်လည် ပေးသနားခဲ့သည့်အပြင် ကျင့်ကြံမှုအဆင့်ကို တိုးတက်စေသော ရတနာများကိုလည်း ထည့်ပေးလိုက်လေသည်။
သုံးနှစ်မျှသာ ရှိသေးသော်လည်း ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေတစ်ခုလုံး၏ စွမ်းအားမှာ များစွာ တိုးတက်လာခဲ့ပြီး ကျုံးချီထျန်းနှင့် ကျုံးချီမင်တို့ ညီအစ်ကို နှစ်ဦးမှာ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။
သူတို့၏ စွမ်းရည်သည် နိယာမနယ်ပယ် အဆင့် ၂၄ ဟင်းလင်းပြင်ဖြတ်ကျော်အဆင့်မှ နိယာမနယ်ပယ် အဆင့် ၂၇ ကမ္ဘာနှစ်ခုကူးသန်းအဆင့်သို့ ရောက်ရှိသွားကြပြီး သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိရန် မျဉ်းပါးပါးလေးသာ လိုတော့သည်။
သုံးနှစ်အတွင်း ဤမျှ တိုးတက်လာခြင်းသည် နှစ်ထောင်ချီ ကျင့်ကြံခြင်းထက်ပင် သာလွန်နေခဲ့ရာ ယဇ်ပူဇော်ခြင်း နည်းလမ်း၏ စွမ်းအားကြီးမားပုံကို တွေ့မြင်နိုင်သည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည်အခွင့်ကောင်းယူ၍ အင်အားချဲ့ထွင်ခဲ့ပြီး ဂိုဏ်းပျက်စီးသွားသော ပါရမီရှင်များနှင့် ကျွမ်းကျင်သူများစွာကို စုဆောင်းနိုင်ခဲ့သည်။ သို့ဖြင့် နိယာမနယ်ပယ်အဆင့် တပည့် တစ်သန်းမှသည် ခြောက်သန်းကျော်အထိ တိုးပွားလာခဲ့လေသည်။
ကျုံးကျဲမှာလည်း ကျုံးရှန် ထွက်ခွာသွားပြီးနောက် နိယာမနယ်ပယ် အဋ္ဌမအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ ထို့နောက်စစ်ဘုရင်ဆန္ဒ၏ ခေါ်ဆောင်မှုဖြင့် စစ်ဘုရင် သူတော်စင်ကမ္ဘာသို့ လေ့ကျင့်ရန် ထွက်ခွာသွားသည်။
ကသောင်းကနင်း စစ်ပွဲကြီးအတွင်း ကျွမ်းကျင်သူများစွာ ကျဆုံးခဲ့ရသလို သာမန်လူသားများမှာလည်း အိုးအိမ်မဲ့ကာ ဘေးဒုက္ခများ ကြုံတွေ့နေရ၏။ သို့ရာတွင်ဤကမ္ဘာပျက်ကပ်အတွင်း၌ အခွင့်အရေးများ ပေါ်ပေါက်လာကာ ပါရမီရှင်များစွာလည်း ပေါ်ထွက်လာခဲ့၏။
မျိုးနွယ်ခြားများဘက်တွင်လည်း ယဇ်ပူဇော်ခြင်းမှတစ်ဆင့် စွမ်းအားများစွာ ရရှိခဲ့ကြသည်။ အချို့ဆိုလျှင် နတ်ဘုရားများကိုယ်တိုင် ဆင်းသက်လာခဲ့ကြပြီး အစွမ်းထက်သော နတ်ဘုရားစွမ်းအားများဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်ခြင်းများရှိလာသည်။
ကံကောင်းထောက်မစွာဖြင့် လူသားမျိုးနွယ်ထဲမှ သနားကြင်နာတတ်သော ရှေးဟောင်းသူတော်စင်များနှင့် ရှေးဟောင်းနတ်ဘုရားအချို့ ဆင်းသက်လာကာ ပြန်လည်ခုခံပေးခဲ့ကြသည်။
သို့သော် အခြားသော လူသားနတ်ဘုရား အများစုမှာမူ အရေးမစိုက်ဘဲ စောင့်ကြည့်နေကြဆဲ ဖြစ်၏။
ကုန်းမြေတိုက်ကြီးတွင် ရှေးဟောင်းခေတ်ကာလများစွာကတည်းက ပုန်းအောင်းနေကြသည့် ရှေးဟောင်းဂိုဏ်းများလည်း တစ်ခုပြီးတစ်ခု ပြန်လည်ပေါ်ထွက်လာကြသည်။
တာအို၊ ဗုဒ္ဓ၊ ကွန်ဖြူးရှပ်နှင့် မိစ္ဆာဂိုဏ်း၊ ပညာရှင်များ၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေး ပညာရပ်များ၊ ဂီတ၊ စစ်တုရင်၊ ကဗျာနှင့် ပန်းချီ၊စက်မှုလက်မှု စသည့် ပညာရပ်ပေါင်းစုံမှ ဂိုဏ်းများ အသီးသီး ပေါ်ထွက်လာကြသည်။
သူတို့သည် ကမ္ဘာပျက်ကပ်အတွင်း၌ မိမိတို့၏ ဂိုဏ်းဝါဒဖြန့်ကာ လူသားတို့၏ နယ်မြေများကို ခွဲဝေယူကြပြီး တပည့်သစ်စုဆောင်းခြင်းများ၊ ဂိုဏ်းတိုးချဲ့ခြင်းများပြုလုပ်လာကြသည်။
ဤအခြေအနေ အားလုံးကို ကျုံးရှန်က ပူဇော်မှုလမ်းကြောင်းမှတစ်ဆင့် သိရှိထားခြင်း ဖြစ်၏။ သို့သော် သူသည် အံ့သြခြင်း မရှိပေ။ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသေးသည်။
သူသည် ပူဇော်မှုစွမ်းအားများကို ပြန်လည် ပေးသနားခဲ့သော်လည်း သန့်စင်သော ယုံကြည်ချက်စွမ်းအားများကိုမူ သိမ်းဆည်းထားခဲ့၏။ ယုံကြည်မှုစွမ်းအားမှာ အလွန်ပင် အစွမ်းထက်လှပြီး သက်ရှိအားလုံး၏ ဆန္ဒမှ ဖြစ်ပေါ်လာခြင်း ဖြစ်သောကြောင့် ပုံသဏ္ဌာန်မျိုးစုံသို့ ပြောင်းလဲနိုင်ပေသည်။
ကျုံးရှန်သည် ရရှိထားသော သန့်စင်သည့်ယုံကြည်ခြင်းစွမ်းအားများကို နှမြောတွန့်တိုခြင်း မရှိဘဲ မူလအစကမ္ဘာအတွင်းသို့ အကုန်လုံး ထည့်သွင်းပေးလိုက်သည်။
[တင် နတ်ဘုရားတစ်သောင်းဖြစ်ရပ်မှတ်တမ်း တာဝန်တစ်ခုကို စတင်လိုက်ပါပြီ။ တစ်နှစ်အတွင်း ငရဲကမ္ဘာများကို တိုက်ခိုက်ခြင်းဖြင့် မူလအစကမ္ဘာအတွက် ကမ္ဘာငယ် သုံးခုကို သိမ်းပိုက်ပေးရမည်။ ဆုလာဘ်အဖြစ် သက်တမ်း နှစ် ၃၀၀၀ နှင့် မဟာတာအိုအဆင့် ကံစမ်းမဲနှိုက်ခြင်း တစ်ကြိမ် ရရှိမည် ဖြစ်သည်။]
"အို... မစ်ရှင် လာပြီပဲ..."
"မဆိုးဘူး..."
နတ်ဘုရားတစ်သောင်းဖြစ်ရပ်မှတ်တမ်း ပေါ်မလာသည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်၏။ နောက်ဆုံးအကြိမ်မှာ ကျုံးကျဲကို လင်ချန်အား အနိုင်ယူရန် ကူညီပေးစဉ်က ဖြစ်သည်။
ယခင်က တာဝန်အချို့မှာ ကျုံးရှန်ကို သက်တမ်း နှစ်ထောင်ချီ၍ ပေးခဲ့သဖြင့် ကောင်းကင်တာအိုကို ပါးရိုက်လိုက်သကဲ့သို့ ဖြစ်ခဲ့၏။ ဤစနစ်မှာ ကောင်းကင်တာအိုကို စိန်ခေါ်နေသကဲ့သို့ပင် ဖြစ်ပေသည်။
'မင်းရဲ့ ကောင်းကင်တာအိုက ဘယ်လောက်ပဲ စွမ်းပါစေ ငါ့ရဲ့ စနစ်လောက်တော့ မစွမ်းနိုင်ပါဘူး... မင်းက နှစ်ပေါင်း သန်းချီပြီး ကျိန်စာတိုက်မယ်ဆိုရင် ငါကလည်း ငါ့ရဲ့ စနစ်ရှင်ကို နောက်ထပ် နှစ်ပေါင်း သန်းချီ နေနိုင်အောင် လုပ်ပေးမှာပေါ့'
ဤတစ်ကြိမ် တာဝန်၏ ဆုလာဘ်မှာ ယခင်ကထက် ပိုမိုများပြားလှ၏။ သက်တမ်း နှစ် ၃၀၀၀ ရရှိရုံသာမက မဟာတာအိုအဆင့် ကံစမ်းမဲကိုပါ ရရှိမည် ဖြစ်သည်။ မဟာတာအိုအဆင့် ရတနာများကို စစ်မှန်သော နတ်ဘုရားများပင် လိုချင်တပ်မက်ကြ၏။
ကမ္ဘာများကို တိုက်ခိုက်ပြီး မူလအစကမ္ဘာအတွက် နယ်မြေချဲ့ထွင်ခြင်း။
ကျုံးရှန် လက်သီးကို တင်းနေအောင်ဆုပ်လိုက်၏။ ဤတာဝန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။ နယ်မြေချဲ့ထွင်ရန်မှာ မခက်ခဲသော်လည်း ငရဲကမ္ဘာကြီးရှိ ကမ္ဘာငယ်များကို အကြီးအကျယ် တိုက်ခိုက်မည်ဆိုပါက ငရဲအရှင်သခင်များ၏ သတိပြုမှုကို ခံရပေလိမ့်မည်။
နှစ်ပေါင်း သန်းချီမက ကျင့်ကြံလာခဲ့သော ထိုပုဂ္ဂိုလ်ကြီးများကို ကျုံးရှန်အနေဖြင့် မကြောက်ရွံ့သော်လည်း တိုက်ပွဲကြီးတစ်ခုမှာမူ ရှောင်လွှဲ၍ ရလိမ့်မည် မဟုတ်ပေ။
သို့သော်ကျုံးရှန်သည် ဤတာဝန်ကို ငြင်းပယ်မည်မဟုတ်။
ယခုအချိန်၌ ကောင်းကင်တက်လှမ်းမျှော်စင် ဖွင့်လှစ်ရန် လေးနှစ်သာ လိုတော့သည်။ မင်ကျွေ့သည် ကောင်းကင်တက်လှမ်းခြင်းတံဆိပ်ပြားကို ကျုံးရှန်ထံသို့ အပ်နှံထားပြီး ဖြစ်၏။ တာဝန်၏ သတ်မှတ်ချက်မှာ တစ်နှစ်အတွင်း ဖြစ်သဖြင့် စိုးရိမ်စရာ မရှိချေ။
ကျုံးရှန်သည် အတန်ကြာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ကာ ကျုံးယွမ်ကို ပြုံးလျက် ကြည့်လိုက်သည်။
"ငါ့သား... အဖေနဲ့အတူ စစ်ထွက်မလား..."
ကျုံးယွမ်က ခေါင်းညိတ်လိုက်ပြီး မည်သည့် ကန့်ကွက်မှုမျှ မရှိချေ။ ကျုံးရှန်အတွက်ဆိုလျှင် စစ်ထွက်ရန် သာမက ကမ္ဘာတစ်ခုလုံး သို့မဟုတ် သူ၏ အသက်ကိုပင် စတေးရမည် ဆိုလျှင်ပင် ဝန်လေးမည် မဟုတ်ပေ။
"သူတော်စင်တွေက ပြောခဲ့တယ်... ဖခင်ရဲ့ ကျေးဇူးဟာ အလွန်ပဲ ကြီးမားပါတယ် တဲ့..."
"အရာအားလုံး ဖခမည်းတော် သဘောအတိုင်းပါပဲ..."
"သားတော်က ရှေ့ပြေးတပ်သားအဖြစ် ဒီကမ္ဘာတစ်ခုလုံးရဲ့ အင်အားကို စုစည်းပြီး ခမည်းတော်အတွက် စစ်တိုက်ပေးပါ့မယ်..."
ကျုံးယွမ်၏ ခန္ဓာကိုယ်သည် သေးငယ်သော်လည်း စကားလုံးတိုင်းသည် ပြတ်သားပြီး ခံစားချက် အပြည့်ပါဝင်သည်။
ကျုံးရှန် သည် ထိုစကားကိုကြားသောအခါ အလွန် ဝမ်းမြောက်သွား၏။
"ကောင်းပြီ... ငါ့သားက တစ်နေ့ကျရင် မဟာကမ္ဘာကြီးတစ်ခုလုံးကို အုပ်ချုပ်နိုင်မှာ သေချာတယ်..."
စကားမဆုံးသေးခင်မှာပင် ကျုံးရှန်နှင့် ကျုံးယွမ်တို့နှစ်ဦးစလုံး ချက်ချင်းပင် ခေါင်းလှည့်လိုက်ကြပြီး ကမ္ဘာ့နယ်နိမိတ်၏ အပြင်ဘက် တစ်နေရာသို့ စိုက်ကြည့်လိုက်ကြသည်။