အခန်း (၁၆၄)
Vol. 17 Ch. 164
မူလအစကမ္ဘာ၏အပြင်ဘက် အဝေးတစ်နေရာ။
ဟင်းလင်းပြင်အတားအဆီး၏ အပြင်ဘက်တွင် ဧရာမ မျက်လုံးနက်ကြီးတစ်လုံးသည် မူလအစကမ္ဘာကို စိုက်ကြည့်နေသည်။
မူလအစကမ္ဘာသည် အလယ်အလတ်အဆင့် ကမ္ဘာတစ်ခုအဖြစ် တိုးတက်လာခဲ့ပြီး နန်ယန်စီရင်စု ၁၂ ခုစာမျှ ကျယ်ဝန်းကာ မိုင်ပေါင်း သန်းတစ်သိန်းကျော်အထိ ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း ဤမျက်လုံးကြီးမှာ မူလအစနယ်မြေ၏ ဆယ်ပုံတစ်ပုံခန့်အထိ ကြီးမားနေ၏။
မည်းနက်သော သူငယ်အိမ်မှာ ကျုံ့လိုက်ဆန့်လိုက်ဖြင့် ဤဆန်းကြယ်သော ကမ္ဘာအသစ်ကို သတိထားကာ အကဲခတ်နေသည်။ မိုင်ပေါင်းသောင်းချီ ဝေးကွာနေပြီး ထူထဲသော ကမ္ဘာ့အတားအဆီးများ ရှိနေသော်လည်း မျက်လုံးကြီး၏ဆိုးယုတ်ပြီး အစွမ်းထက်လှသော အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်၏။
ရုတ်တရက် ထိုဆိုးယုတ်သော စွမ်းအားအမြောက်အမြားသည် ဟင်းလင်းပြင်အတားအဆီးကို ဖြတ်ကျော်ကာ အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလာသည်။ ကံကောင်းထောက်မစွာဖြင့် ကမ္ဘာသစ်၏ အတားအဆီးမှာ အလွန်ခိုင်ခံ့လှကာ စစ်မှန်သောနတ်ဘုရားကိုယ်တိုင် တိုက်ခိုက်ခြင်း မပြုသရွေ့ မည်သို့မျှ အတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ထို့ပြင် ယခုအခါ ကျုံးရှန်နှင့် ကျုံးယွမ်တို့ကလည်း အခြေအနေကို သိရှိသွားပြီ ဖြစ်၍ လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။
"ထင်တဲ့အတိုင်း လာပြီပဲ..."
"အစွမ်းထက်လိုက်တဲ့ မိစ္ဆာမျက်လုံးစွမ်းရည်... ငရဲဘုံက ဘယ်လို အမြင့်မြတ်ဆုံး မိစ္ဆာသခင်ကိုများ သွားပြီး စိတ်အနှောင့်အယှက် ပေးလိုက်မိပြီလဲ မသိဘူး..."
ကျုံးရှန်၏ မျက်နှာထားသည် တည်ငြိမ်လေးနက်သွားသည်။
ဘေးနားရှိ ကျုံးယွမ်သည် ကျုံးရှန်၏ အင်္ကျီစကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ ကမ္ဘာ့မူလဇစ်မြစ်၏ ကိုယ်ပွားဖြစ်သောကြောင့် သူသည် ကျုံးရှန်ထက်ပင် ထိုဖိအားနှင့် ပျက်စီးခြင်း အငွေ့အသက်ကို ပိုမို ခံစားနေရသည်။
ဆိုးယုတ်သောအငွေ့အသက်များ စုစည်းလာမှုကြောင့် မင်ကျွေ့လည်း သတိပြုမိသွားလေသည်။ သူသည် ကမ္ဘာသစ်၏ အသိအမှတ်ပြုခြင်းကို ခံရသော နတ်ဘုရားတစ်ပါး ဖြစ်လာပြီး မဟာကမ္ဘာကြီးများမှ နတ်ဘုရားစစ်စစ်များ၏ စွမ်းအားကို မမီသော်လည်း သာမန် ဒုတိယအဆင့် နတ်ဘုရားများနှင့်မူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိပြီဖြစ်သည်။
သူ၏ မျက်နှာမှာ တည်ကြည်နေပြီး ကျုံးရှန်၏ ရှေ့၌ ပေါ်လာကာ ဒူးထောက်လိုက်သည်။
"သခင်... ကျွန်တော်တို့ ချောက်နက်မိစ္ဆာအရှင်သခင်ကို နှိုးဆော်လိုက်မိပြီ ထင်ပါတယ်..."
"ဒီမျက်လုံးကြီးက ချောက်နက်မိစ္ဆာအရှင်သခင်ရဲ့ စုံစမ်းစစ်ဆေးတဲ့ နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ ချောက်နက်ငရဲမျက်လုံး ပါ..."
"ဒီမျက်လုံး ပေါ်လာပြီဆိုရင် ချောက်နက်ငရဲအရှင်သခင်က ဒီကမ္ဘာနဲ့ မဝေးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ..."
"မကြာခင် ရောက်လာတော့မယ် ထင်တယ်..."
မင်ကျွေ့သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အစီရင်ခံလိုက်သည်။ ချောက်နက်မိစ္ဆာသခင်၏ စွမ်းအားသည် မင်ကျွေ့အပေါ်တွင် နက်ရှိုင်းသော အမှတ်အသား ချန်ထားခဲ့ပုံရသည်။
"အဲဒီမိစ္ဆာအရှင်သခင်က ဘယ်လောက် တောင်သန်မာလဲ..."
ကျုံးရှန်၏ စိတ်ထဲတွင် အတွေးတစ်ခု ရှိနေ၏။
ထိုမိစ္ဆာသခင်၏ စွမ်းအားသည် တတိယ နတ်ဘုရားအဆင့် အောက်သာ ရှိပါက သူ့ကို ယဉ်ပါးအောင် ပြုလုပ်ပြီး နတ်ဘုရားသန္ဓေသား မျိုးစေ့ချကာ အသုံးချမည် ဖြစ်သည်။ အကယ်၍ ထိုအဆင့် အထက် ရှိပါက ကျုံးယွမ်ကို မူလအစကမ္ဘာအား ခန္ဓာကိုယ် ဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းစေမည်။ ထို့နောက် ကျုံးရှန်သည် ကမ္ဘာနှစ်ခုအကြားကူးပြောင်းခြင်းစွမ်းရည်ကို အသုံးပြုပြီး ကျုံးယွမ်ကို ခေါ်ဆောင်ကာ အခြားငရဲကမ္ဘာငယ်တစ်ခုသို့ ခေတ္တ တိမ်းရှောင်မည် ဖြစ်သည်။ ဤသို့ဖြင့် အဝင်အထွက် အားလုံးမှာ သူ၏ လက်ထဲတွင်သာ ရှိပေမည်။
"ချောက်နက်မိစ္ဆာအရှင်သခင်ဟာ တတိယအဆင့် မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်ပြီး အလယ်အလတ်အဆင့် ချောက်နက်ငရဲကမ္ဘာကို အုပ်ချုပ်နေတာပါ..."
"အဲဒါဟာ ရှေးဟောင်းငရဲဘုံ ၁၈ ဘုံထဲက တစ်ခုဖြစ်လို့ အစွမ်းကို လျှော့တွက်လို့ မရပါဘူး..."
"လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းချီကတည်းက သူဟာ နတ်ဘုရားနယ်ပယ် တတိယအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေခဲ့တာကြောင့်... အခုဆိုရင် လွတ်မြောက်ခြင်းမိစ္ဆာအရှင်သခင် အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူးလို့ ထင်ရပါတယ်..."
မင်ကျွေ့သည် ခေါင်းငုံ့လျက်ပင် စိုးရိမ်တကြီး ပြောဆိုနေသည်။
ကျုံးရှန်က အတန်ကြာ စဉ်းစားပြီးနောက် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ... ဒီမိစ္ဆာကို လောလောဆယ် ယှဉ်နိုင်ဦးမှာ မဟုတ်သလို..."
"မူလအစကမ္ဘာ ပျက်စီးသွားရင် တန်မှာ မဟုတ်ဘူး..."
"ဒါပေမဲ့ ဒီမျက်လုံးကြီးကိုတော့ အရင် ဖျက်ဆီးရမယ်..."
ချောက်နက်မိစ္ဆာသခင်သည် မူလအစကမ္ဘာ ရှိနေကြောင်း သိရှိသွားပြီ ဖြစ်သော်လည်း အသေးစိတ် အခြေအနေကိုမူ မသိရှိသေးပေ။ သူတို့ကိုစူးစမ်းနေသည့် အနက်ရောင်မျက်လုံးကြီး ပြန်လည်ရောက်ရှိသွားမှသာ သိရှိနိုင်မည် ဖြစ်သည်။
ဤကဲ့သို့သော နတ်ဘုရားအဆင့်စွမ်းရည်များတွင် ပိုင်ရှင်၏ အသိစိတ် တစ်စိတ်တစ်ပိုင်း ပါဝင်လေ့ရှိ၏။ ကျုံးရှန်အနေဖြင့် ရှောင်တိမ်းမည်ဆိုလျှင်ပင် ဤမျက်လုံးကြီးကို အရင်ဆုံး ဖျက်ဆီးပစ်ရန် လိုအပ်ပေသည်။
ကျုံးရှန်သည် အချိန်ဆွဲမနေဘဲ ကျုံးယွမ်နှင့် မင်ကျွေ့တို့ကို ခေါ်ကာ နယ်နိမိတ်အစွန်းသို့ ထွက်လာလိုက်သည်။ ခဏချင်းမှာပင် သူတို့သည် အတားအဆီး၏ အပြင်ဘက်သို့ ရောက်ရှိသွားကြ၏။
ထိုအချိန်တွင် ချောက်နက်ငရဲမျက်လုံးကြီးမှာ မူလအစကမ္ဘာ တစ်ခုလုံးကို ကြည့်ရှုပြီးသွားပြီ ဖြစ်သည်။ ထိုအသိစိတ် တစ်စိတ်တစ်ပိုင်းမှာလည်း အလွန်ပင် အံ့သြနေလေသည်။
'ဒီကမ္ဘာက သာမန် မဟုတ်ဘူးပဲ...'
'တည်နေရာအရဆိုရင် အရင်က အပြစ်ငရဲဘုံ နေရာပဲ... ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်သွားတာလဲ...'
'ကမ္ဘာတစ်ခုလုံးရဲ့ စွမ်းအားတွေ ပြန်လည်မွေးဖွားလာပြီး စွမ်းအားသစ်တွေ၊ နိယာမသစ်တွေကို ဖန်ဆင်းထားတာပဲ...'
'အင်း... ငါ့ရဲ့ မူလခန္ဓာကိုယ်သာ ဒီကမ္ဘာကို သန့်စင်ပြီး နိယာမသစ်တွေကို ရယူနိုင်ရင် လွတ်မြောက်ခြင်းအဆင့် မိစ္ဆာသခင် ဖြစ်လာပြီး အမြင့်မြတ်ဆုံး နေရာကို ရောက်နိုင်မှာပဲ...'
'ငါ့ရဲ့ မူလခန္ဓာကိုယ်ဆီ အမြန်ဆုံး ပြန်သွားပေါင်းစည်းမှ ဖြစ်မယ်...'
နောက်တစ်စက္ကန့်တွင် မျက်လုံးကြီးသည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ပေတစ်သောင်းခန့် မြင့်မားကာ လက်ရှစ်ချောင်းပါသော မိစ္ဆာအရှင်သခင် ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။ လက်ရှစ်ဖက်ကို ဝှေ့ယမ်းပြီး ပျံသန်းလာနေသော မူလခန္ဓာကိုယ်နှင့် သွားရောက်ပေါင်းစည်းရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူ ခြေတစ်လှမ်းမျှ မလှမ်းရသေးမီမှာပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ခိုင်ခံ့လှသော လှောင်အိမ်တစ်ခုအလား ဖြစ်သွားပြီး ပိတ်လှောင်ခြင်းခံလိုက်ရသည်။
ဤမျက်လုံးကြီးသည် အသိစိတ် တစ်စိတ်တစ်ပိုင်းသာ ဖြစ်သော်လည်း ချောက်နက်မိစ္ဆာအရှင်သခင် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော နတ်ဘုရားအဆင့်စွမ်းရည် ဖြစ်ပြီး ဒုတိယအဆင့် နတ်ဘုရားတစ်ပါး၏ အစွမ်းနှင့် ညီမျှကာ ကမ္ဘာတစ်ခုကို ဖျက်ဆီးရန်မှာ သူ့အတွက် အလွန်လွယ်ကူလှ၏။
သို့သော်လည်း ယခုအခါတွင်မူ သူသည် အမှန်တကယ်ပင် ပိတ်လှောင်ခံလိုက်ရပြီး လူသုံးဦးမှာ သူ၏ ရှေ့တွင် ပေါ်လာ၏။
"သူတော်စင်တစ်ပိုင်းအဆင့် ရှိတဲ့ လူသားတစ်ယောက်လား..."
"အရေးမပါလိုက်တာ..."
"ဘယ်ကမ္ဘာက ထွက်ပြေးလာတဲ့ လူသားကျွန်လဲ..."
သူ၏ အကြည့်မှာ အရှေ့ဆုံးတွင် ရှိနေသော ကျုံးရှန်ထံသို့ အရင်ရောက်သွားပြီး နှာခေါင်းရှုံ့ကာ အထင်အမြင်သေးသော အမူအရာ ပြလိုက်သည်။
ထို့နောက် မင်ကျွေ့ကို ကြည့်လိုက်သောအခါ အနည်းငယ် တည်ငြိမ်သွား၏။
"စစ်မှန်တဲ့ နတ်ဘုရားအဆင့် ကျွမ်းကျင်သူပဲ... ဒါပေမဲ့ ဒီအရှိန်အဝါက သိပ်အားနည်းနေတာကြည့်ရင် ဒီကမ္ဘာသစ်ကနေ မွေးဖွားလာတဲ့ နတ်ဘုရား ဖြစ်ပုံရတယ်..."
သူက ဝေဖန်နေစဉ်မှာပင် သူ၏ အကြည့်မှာ ကျုံးယွမ်ပေါ် ကျရောက်သွားကာ အကြည့်လွဲ၍ မရတော့ချေ။ သူ၏ လက်ရှစ်ချောင်းလုံး တုန်ရီသွားပြီး မယုံကြည်နိုင်သော မျက်နှာထား ဖြစ်သွား၏။
"အသိ... ကမ္ဘာ့အသိစိတ်က ဉာဏ်အလင်းပွင့်သွားတာလား... ကမ္ဘာ့နိယာမတွေက နိုးထလာတာလား..."
"ငါ့ရဲ့ငရဲကမ္ဘာမှာလည်း ဒီလို အပြောင်းအလဲကြီး ဖြစ်တော့မှာလား..."
"ဒီကလေးရဲ့ အရှိန်အဝါက အားနည်းနေသေးတယ်... ငါ သူ့ကို အမြန်ဆုံး ဖမ်းဆီးရမယ်... အချိန်ဆွဲလို့ မဖြစ်ဘူး..."
အံ့သြမှုများ ပြီးဆုံးသွားသောအခါ သူသည် တည်ကြည်သွား၏။
ဤကိစ္စမှာ ကမ္ဘာတစ်ခု၏ ဘေးအန္တရာယ်နှင့် ဆက်စပ်နေသဖြင့် အလွန် အရေးကြီးလှသည်။ သူ၏ မူလခန္ဓာကိုယ်ရောက်လာရန် မိနစ်အနည်းငယ်သာ လိုတော့သော်လည်း သူသည် တစ်မိနစ်မျှပင် စောင့်ဆိုင်းလိုစိတ် မရှိတော့ချေ။
ရုတ်တရက် လက်ရှစ်ဖက်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားလိုက်ပြီး ကြီးမားသော စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ ထိုစွမ်းအားမှာ သမုဒ္ဒရာကြီးအလား အတိုင်းအဆမရှိဘဲ ချောက်နက်ငရဲဘုံ၏ မူလဇစ်မြစ်စွမ်းအားအရှိန်အဝါလည်း ပါဝင်နေသဖြင့် အလွန် ကြီးကျယ်ခမ်းနားလှသည်။
မိစ္ဆာလက်ရှစ်ချောင်းလုံးမှာ ကျုံးယွမ်ထံသို့ လှမ်းဖမ်းလိုက်လေသည်။ ထိုလက်များကို ရင်ဆိုင်ရခြင်းမှာ ကမ္ဘာကြီးတစ်ခုလုံးကို ရန်သူအဖြစ် ရင်ဆိုင်ရသကဲ့သို့ ဖြစ်ပြီး လူကို အားအင်ကုန်ခမ်းစေသော ခံစားချက်မျိုး ပေးစွမ်းနေ၏။
ကျုံးရှန်သည် နောက်ဆုတ်သွားခြင်း မရှိဘဲ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ထိုမိစ္ဆာလက်များ၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
"ဟမ့်... ပုရွက်ဆိတ်ကများ တောင်ကို ဖြိုချင်နေသေးတယ်ပေါ့..."
"သေချင်နေတာပဲ..."
လက်ရှစ်ဖက်မိစ္ဆာကိုယ်ပွားသည် လှောင်ပြောင်လိုက်ပြီး သူ၏ မိစ္ဆာလက်များကို အရှိန်မလျှော့ဘဲ ဆက်လက် ဆန့်ထုတ်လိုက်သည်။ သူ၏ အမြင်တွင် သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ဖုန်မှုန့်လောက်ပင် တန်ဖိုးမရှိပေ။
သို့သော်လည်း သူ၏ လှောင်ပြောင်မှုများမျက်နှာထက်မှ ပျောက်ကွယ်မသွားသေးမီပင် အေးခဲသွား၏။ သူ၏မိစ္ဆာလက်အားလုံးမှာ ထိုလူသား၏ ရှေ့တွင် ခိုင်ခံ့လှသော တံတိုင်းကြီးတစ်ခုကို တိုက်မိလိုက်သကဲ့သို့ ဖြစ်သွားသည်။ တံတိုင်းကို ဖောက်ထွက်နိုင်ခြင်း မရှိသည့်အပြင် တိုက်မိလိုက်သည်နှင့် တစ်ပြိုင်နက် ပြိုကွဲသွားလေသည်။ ပြိုကွဲသွားသောစွမ်းအင်များမှာ မူလအစကမ္ဘာ၏ သန့်စင်သော စွမ်းအားများအဖြစ် ပြောင်းလဲသွားတော့သည်။
"ဒါက ဘယ်လိုလုပ်ပြီး သူတော်စင်တစ်ပိုင်းအဆင့်ကျင့်ကြံသူရဲ့အစွမ်းဖြစ်ရမှာလဲ..."
နတ်ဘုရားတစ်ပါး၏ အသိစိတ်မှာ နှစ်ပေါင်း သိန်းသန်းချီမက လောကအနှံ့ ရောက်ဖူးပြီး အရာအားလုံးကို မြင်ဖူးသဖြင့် မည်သည့်အရာကိုမျှ အံ့သြလေ့မရှိတော့ချေ။ သို့သော်လည်း ယခု မြင်တွေ့နေရသော အရာမှာမူ သူ့ကို များစွာ တုန်လှုပ်သွား စေသည်။
ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူ၏ ဤကိုယ်ပွားမှာ ပျက်စီးသွားပေလိမ့်မည်။
တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် သူ၏ မျက်နှာတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်လာလေသည်။