← Chapters

အခန်း (၁၆၅)

Vol. 17 Ch. 165

အခန်း (၁၆၅)

Vol. 17 Ch. 165

"ဒီနေ့... နှစ်ပေါင်းများစွာ အားစိုက်ထုတ်ပြီး သန့်စင်ခဲ့ရတဲ့ ဒီမျက်လုံးကို စတေးရမယ်ဆိုရင်တောင် မိနစ်ပိုင်းလေးကိုတော့ ငါ တားဆီးရမယ်"

လက်ရှစ်ဖက်မိစ္ဆာအသွင်‌ ပြောင်းထားသည့်မျက်လုံးကိုယ်ပွား၏ မျက်နှာထက်တွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်လာသည်။ သူ၏ရှေ့မှ သူတော်စင်တစ်ပိုင်းအဆင့်လူသားကျင့်ကြံသူမှာ သာမန်မဟုတ်သော်လည်း ချောက်နက်ငရဲမျက်လုံး၏ အစွမ်းကုန်ထုတ်သုံးလိုက်ပါက အချိန်တိုအတွင်း ဒုတိယအဆင့် နတ်ဘုရား၏ အထွတ်အထိပ်စွမ်းအားသို့ တက်လှမ်းနိုင်မည်ဟု သူ ယုံကြည်ချက် ရှိနေ၏။

ချောက်နက်ငရဲသည် ရှေးဟောင်းငရဲ ၁၈ ဘုံ၏ နောက်ဆုံးအဆင့် ဖြစ်သည်။ အမှောင်မိုက်ဆုံးသော ငရဲကမ္ဘာလည်း ဖြစ်ပြီး ထိုငရဲမှ သက်ရှိများသည် ထာဝရ လွတ်မြောက်နိုင်ခြင်း မရှိဘဲ တစ်ရက်လျှင် အကြိမ်ပေါင်း သန်းချီ သေဆုံးလိုက် ပြန်ပြီးရှင်သန်လိုက် ဖြစ်နေရသည်။

ချောက်နက်ငရဲသည် အလွန်ပင် ကျယ်ဝန်းလှပြီး အလယ်အလတ်အဆင့် ငရဲကမ္ဘာများ၏ အကန့်အသတ်သို့ပင် ရောက်ရှိနေ၏။ အကယ်၍ မဟာငရဲကမ္ဘာကြီး၏ ဖိနှိပ်မှုသာ မရှိပါက ယခုအချိန်တွင် ကမ္ဘာကြီးတစ်ခု ဖြစ်နေလောက်ပြီ ဖြစ်သည်။

မျက်လုံးကိုယ်ပွားသည် မိစ္ဆာစွမ်းအားအားလုံးကို စုစည်းလိုက်ပြီး သူ၏လက်ရှစ်ဖက်သည် မည်းနက်သော မိစ္ဆာအငွေ့အသက်များကို ဆွဲထုတ်ကာ ထူးဆန်းသော သင်္ကေတများကို ရေးဆွဲလိုက်သည်။

ငရဲကမ္ဘာနှင့် ဗုဒ္ဓတို့သည် တူညီသော အချက်များစွာ ရှိနေသည့်အရင်းအမြစ်တစ်ခုတည်းမှ ခွဲထွက်လာသော လမ်းစဉ်နှစ်ခု ဖြစ်၏။ ဗုဒ္ဓက လူတစ်ဦး၏ အသက်ကို ကယ်တင်ခြင်းသည် ဘုရားတည်ခြင်းထက် မြတ်သည်ဟု ဟောကြားသကဲ့သို့ မိစ္ဆာကလည်း သတ်ဖြတ်ခြင်းသည် ကောင်းကင်တက်လှမ်းသော လမ်းစဉ်ဖြစ်သည်ဟု ဆိုသည်။ စိတ်တစ်ချက် အပြောင်းအလဲတွင် ဗုဒ္ဓနှင့် မိစ္ဆာ ကွဲပြားသွားခြင်း ဖြစ်သည်။

ထိုမိစ္ဆာလက်ရှစ်ဖက်မှာ သင်္ကေတများ ရေးဆွဲပြီးနောက် ရုတ်တရက် ခန္ဓာကိုယ်မှ ပြတ်တောက်သွားကြကာ လားရာကို ပြောင်းပြန်လှည့်လိုက်ပြီး သူ၏မိစ္ဆာကိုယ်အတွင်းသို့ ရက်စက်စွာ ပြန်လည် ထိုးစိုက်ဝင်သွားကြ၏။

ဤသည်မှာ မိမိကိုယ်ကို နာကျင်စေပြီး စွမ်းအားတိုးမြှင့်သော နည်းလမ်းပင် ဖြစ်သည်။

မိစ္ဆာလက်များ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီးနောက် မျက်လုံးကိုယ်ပွားမှာ ဆန်းကြယ်သော အပြုံးတစ်ခုကို ဖော်ပြလာသည်။

"ဟဲ..."

မိစ္ဆာခန္ဓာကိုယ် တစ်ခုလုံး ဆူပွက်လာပြီး ပင်လယ်လှိုင်းတံပိုးကဲ့သို့ မည်းနက်သော မီးခိုးများ ထွက်ပေါ်လာကာ မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းသော ဟင်းလင်းပြင်ကို ဖုံးလွှမ်းသွားသည်။ ထိုမီးခိုးငွေ့များသည် လျင်မြန်စွာ ပေါ်လာပြီး လျင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားကာ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် စုပ်ယူခြင်း ခံလိုက်ရ၏။

ထိုနေရာတွင် လက်ရှစ်ဖက်မိစ္ဆာမရှိတော့ဘဲ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကြီးတစ်ကောင် ပေါ်လာသည်။ မိစ္ဆာ၏ မျက်နှာမှာ သမင်ဦးခေါင်း သို့မဟုတ် မြင်းမျက်နှာနှင့် တူသော်လည်း မျက်နှာတစ်ခုလုံး မှာပုံပျက်ပန်းပျက် ဖြစ်နေသည်။ ယင်းသည် လူသားတိုင်း၏ စိတ်ထဲတွင် ရှိတတ်သော အကြောက်ဆုံး ပုံသဏ္ဌာန်ပင် ဖြစ်၏။

ခန္ဓာကိုယ် အနှံ့အပြားတွင် မည်းနက်သော အရိုးဆူးများ ထွက်ပေါ်နေပြီး လက်နှင့် ခြေထောက်များမှာ နွားခွာများ ဖြစ်နေကြကာ သူ၏ လက်ထဲတွင် သံချေးတက်နေသော သံကြိုးတပ် တံစဉ်ကြီးတစ်ခုကို ကိုင်ဆောင်ထား၏။

ချောက်နက်ငရဲ၏ ဝိညာဉ်နုတ် တမန်တော် အာပန် ရာရှာဆာ။

အသွင်ပြောင်းခြင်း ပြီးဆုံးသွားသည့်မိစ္ဆာ၏ အရှိန်အဝါမှာ ဒုတိယ နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ထိုစွမ်းအားမှာ အနည်းငယ် လွင့်ပါးနေပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သော အနေအထား၌ ရှိနေ၏။ သို့သော်လည်း ဤစွမ်းအားကြောင့်ပင် မူလအစကမ္ဘာတစ်ခုလုံး မှာတုန်ခါသွားရသည်။ အာပန် ရာရှာဆာထံမှ ထွက်ပေါ်နေသော စွမ်းအားများသည် သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာ့အတားအဆီးများကို ဖောက်ထွင်းကာ မူလအစကမ္ဘာ အတွင်းသို့ ဝင်ရောက်သွားသည်။

ထိုဝိညာဉ်နုတ်သံကြိုးများနှင့် ထိတွေ့မိသည့် မည်သည့် သက်ရှိမဆို ဝိညာဉ်နုတ်ယူခြင်းခံရကာ ဝိညာဉ်မဲ့ခန္ဓာကိုယ်မှာ အရောင်အဆင်း ကင်းမဲ့သွားတော့၏။ ဤသည်မှာ သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေ‌သည့် အစွန်း‌ထွက်စွမ်းအား အနည်းငယ်မျှသာ ရှိသေးသည်။

ကျုံးရှန်သည် ကျုံးယွမ်၏ ပုခုံးကို ပုတ်လိုက်၏။

"ကလေး... မူလအစကမ္ဘာ ကို မင်းရဲ့ ခန္ဓာကိုယ် ဟင်းလင်းပြင်ထဲ သိမ်းလိုက်..."

"မင်ကျွေ့... မင်းလည်း အားယွမ် နဲ့အတူ... ပျံ့နှံ့နေတဲ့ ဝိညာဉ်ဖမ်းသံကြိုးတွေကို နှိမ်နင်းဖို့...ကမ္ဘာထဲကို ပြန်ဝင်သွား..."

"ဒီနေရာကို ငါ့ကို လွှဲထားလိုက်..."

မင်ကျွေ့နှင့် ကျုံးယွမ်သည် အမိန့်ကို နာခံလိုက်ကြသည်။

"အမိန့်တော်အတိုင်းပါ သခင်..."

"ကောင်းပါပြီ ဖခမည်းတော်..."

သူတို့နှစ်ဦး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် မူလအစကမ္ဘာလည်း ပျောက်ကွယ်သွားလေသည်။ ကျုံးယွမ် ရပ်နေခဲ့သော နေရာတွင် ငွေရောင် လက်ကောက်တစ်ကွင်းသာ ကျန်ရစ်ခဲ့သည်။ ထိုလက်ကောက်သည် အပြင်လောကတွင် ချန်ထားခဲ့သော ကျုံးယွမ်၏ ကိုယ်ပွားပစ္စည်း ဖြစ်သည်။

ကျုံးရှန်သည် ထိုလက်ကောက်ကို သူ၏ ဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းလိုက်သည်။

သူသည် အဝေးတစ်နေရာမှ အပြင်းအထန် လာနေသော ချောက်နက်မိစ္ဆာအရှင်သခင်ကို အာရုံခံလိုက်ပြီး အချိန်ကို တွက်ချက်လိုက်၏။ ထို့နောက် သူ၏ အာရုံကို အရှေ့မှ အာပန် ရာရှာဆာထံသို့ ပြန်လည် ပို့လွှတ်လိုက်သည်။ ထိုမျက်လုံးကိုယ်ပွားမှာ ချောက်နက်ငရဲ၏ လျှို့ဝှက်နည်းလမ်းကို သုံးကာ စွမ်းအားအားလုံးကို ညှစ်ထုတ်ပြီး ဒုတိယအဆင့် နတ်ဘုရားအစွမ်းရှိသော အာပန်ရာရှာဆာအဖြစ် အတင်းအကျပ် ပြောင်းလဲထားခြင်း ဖြစ်၏။

ဤဝိညာဉ်နုတ်တမန်တော်၏ အရှိန်အဝါမှာ ကျုံးရှန် ရင်ဆိုင်နိုင်သော အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေလေသည်။

'မြန်မြန်လှုပ်ရှားမှ ဖြစ်မယ်...'

'အဲဒီ ဗုဒ္ဓရတနာကို သုံးရတော့မှာပဲ...'

ကျုံးရှန်သည် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ ဗုဒ္ဓအလင်းရောင်များ ဖြာထွက်နေသော ကြည်လင်သည့် ပုတီးစေ့တစ်လုံး ထွက်ပေါ်လာသည်။ ထိုပုတီးစေ့၏ အလယ်တွင် တရားထိုင်နေသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ငယ်တစ်ဆူ ပါရှိနေ၏။

ရန်သူက ရာရှာဆာအဖြစ် ပြောင်းလဲသွားသဖြင့် သူသည် ရဟန္တာဓာတ်တော်ကို အသုံးပြု၍ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အရဟတ္တဖိုလ် အဆင့်ရှိသူတိုင်းမှာ ရှေးဟောင်းသူတော်စင်များနှင့် မခြား အစွမ်းထက်ကြ၏။ ယင်းဓာတ်တော်မှာ မိစ္ဆာအားလုံးကို နှိမ်နင်းနိုင်သော ရတနာ ဖြစ်ပေသည်။

မည်သည့် မန္တန်မှ ရွတ်ဆိုရန် မလိုအပ်ဘဲ ဤဓာတ်တော်ကို ဆောင်ထားရုံဖြင့် ဗုဒ္ဓအလင်းရောင်များမှာ သဘာဝအလျောက် ဖြာထွက်နေပြီး မိစ္ဆာစွမ်းအားများ အနားမကပ်နိုင်ပေ။ မည်သည့် လှည့်ကွက်နှင့် မှော်အတတ်မှလည်း ဤအလင်းရောင်ရှေ့တွင် အသုံးမဝင်တော့ချေ။

ကျုံးရှန်သည် ဓာတ်တော်ကို ကိုင်ထားသောအခါ အာပန်ရာရှာဆာ၏ မျက်နှာတွင် ကြောက်ရွံ့သော အမူအရာ ပေါ်လာ၏။ ဗုဒ္ဓအလင်းရောင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာသဘောသဘာဝကို ဖိနှိပ်ထားပြီး ဝိညာဉ်နုတ်ယူခြင်း စွမ်းရည်ကို ကောင်းစွာ အသုံးမပြုနိုင်အောင် တားဆီးထားသည်။

ဤသည်မှာ သဘာဝအရ ဆန့်ကျင်ဘက် ဖြစ်နေခြင်း ဖြစ်၍ မည်သည့် ကျင့်စဉ်နှင့်မျှ ကျော်လွှား၍ မရနိုင်ပေ။

ဓာတ်တော် ပေါ်လာသည်နှင့် ရာရှာဆာ၏ စွမ်းအားမှာ သုံးပုံတစ်ပုံခန့် လျော့ကျသွားပြီး ကျုံးရှန်၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်သွားရ၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချောက်နက်မိစ္ဆာအရှင်သခင်၏ အသိစိတ်မှာ ပေါက်ကွဲထွက်လာပြီး ဆိုးယုတ်သော အတွေးများဖြင့် ဗုဒ္ဓအလင်းရောင်၏ ဖိနှိပ်မှုကို ပြန်လည် တိုက်ခိုက်သည်။ ဗုဒ္ဓအလင်းရောင်မှာ စိတ်စွမ်းအား ဖြစ်သကဲ့သို့ ဆိုးယုတ်သော အတွေးများ အလွန်အမင်း ကြီးထွားလာပါက ဗုဒ္ဓအလင်းကို ပြန်လည် လွှမ်းမိုးနိုင်ပေသည်။

အာပန်ရာရှာတာ၏ ပျက်စီးနေသော မျက်လုံးများသည် ဓာတ်တော်ကို စိုက်ကြည့်လိုက်ပြီး ကြောက်ရွံ့မှုမှသည် မုန်းတီးမှုသို့ ပြောင်းလဲသွား၏။ သူသည် နွားခွာကဲ့သို့ လက်များဖြင့် ဝိညာဉ်ဖမ်းသံကြိုးကို လွှဲလိုက်ပြီး လည်ချောင်းထဲမှ အသံနက်ကြီး ထွက်ပေါ်လာသည်။

"အာရုံငါးပါး... အဆုံးမဲ့အပြစ်သံသရာ"

"အကျိုးမဲ့သံသရာ၊ ဆင်းရဲဒုက္ခသံသရာ၊ အချိန်မဲ့သံသရာ၊ အသက်မဲ့သံသရာ၊ ရုပ်အဆင်းမဲ့သံသရာ"

ဤသည်မှာ ချောက်နက်ငရဲ၏ အဆိုးဆုံး၊ အပင်ပန်းဆုံးနှင့် အယုတ်မာဆုံးသော နည်းလမ်းငါးပါး ဖြစ်၏။ ရာရှာဆာ၏လက်ထဲရှိ သံကြိုးမှာ ချက်ချင်းပင် ငါးချောင်းအဖြစ် ကွဲထွက်သွားပြီး ကျုံးရှန်ထံသို့ ဝန်းရံ တိုက်ခိုက်လာသည်။ ရဟန္တာ ဓာတ်တော်၏ အလင်းရောင်ပင်လျှင် ထိုသံကြိုးများကို မတားဆီးနိုင်တော့ချေ။

သံကြိုးများတွင် အဆုံးမရှိသော ဆင်းရဲဒုက္ခများနှင့် အချိန်နိယာမများ ပါဝင်နေပြီး ကျုံးရှန်၏ စိတ်ဝိညာဉ်အတွင်းသို့ လှိုင်းလုံးကြီးများအလား တိုးဝင်လာ၏။ တစ်ချိန်တည်းမှာပင် သံကြိုးငါးချောင်းမှာ ကျုံးရှန်၏ ခန္ဓာကိုယ်နှင့် ခြေလက်များကို ချည်နှောင်လိုက်သည်။ ဤတိုက်ခိုက်မှုမှာ ကာကွယ်ရန် အလွန်ခက်ခဲလှသည့် စိတ်စွမ်းအား၏ အထွတ်အထိပ် တိုက်ခိုက်မှုပင် ဖြစ်သည်။

ကျုံးရှန်၏ ခန္ဓာကိုယ်ထဲတွင် ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်မှ ရွှေရောင်လူသားလေး ရှိနေသော်လည်း ဤကဲ့သို့ပြင်းထန်သည့် စိတ်စွမ်းအား တိုက်ခိုက်မှုကို ချက်ချင်း ဖယ်ရှားပစ်ရန် မဖြစ်နိုင်ပေ။ သူ၏ စိတ်အာရုံမှာ တုန်ခါသွားပြီး အမြင်အာရုံများ ဝေဝါးလာကာ ထင်ယောင်ထင်မှားများ စတင် ပေါ်ပေါက်လာတော့သည်။ ဒုတိယအဆင့် နတ်ဘုရား၏ စိတ်စွမ်းအား တိုက်ခိုက်မှုကို သူတော်စင်တစ်ပိုင်းအဆင့်ဖြင့် ခုခံရန်မှာ အမှန်ပင် ခက်ခဲလှ၏။

ကျုံးရှန်၏ အသိစိတ်မှာ ခန္ဓာကိုယ်မှ လွတ်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအချိန်၌ ဝိညာဉ်အခြေအနေရှိသော သူသည် ရင်းနှီးနေသည့် လမ်းဆုံလမ်းခွတစ်ခု၌ ရောက်ရှိသွား၏။ ပတ်ဝန်းကျင်၌ ကားများမှာ အဆက်မပြတ် သွားလာနေကြပြီး ဆူညံသံများ၊ ကားဟွန်းသံများနှင့် လမ်းသွားလမ်းလာတို့၏ စကားပြောသံများ နားထဲသို့ တိုးဝင်လာသည်။

'ဒီနေရာက'

'ငါ အိပ်မက်မက်နေတာလား'

ယခုအခါ ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားတိုက်ကြီး၏ မှတ်ဉာဏ်များ မေ့လျော့သွားပြီး အာရုံငါးပါး တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော အတုအယောင် ကမ္ဘာထဲတွင် နစ်မွန်းသွားလေသည်။

"တီ... တီ... တီ..."

"လမ်းလယ်ကောင်မှာ ရပ်နေပြီး သေချင်နေတာလားကွ"

အနီရောင် ကားတစ်စီးသည် သူ့ဘေးမှ ကပ်၍ မောင်းနှင်သွားပြီး ဆဲဆိုသံတစ်ခု ကျန်ရစ်ခဲ့သည်။

All Chapters