အခန်း (၂၁၃-၂၁၄)
Vol. 16 Ch. 213-214
အခန်း (၂၁၃) - အင်မော်တယ်အရှင် ရောက်ရှိလာခြင်း၊ အမည်ကား မင်ကူ၊ သားကောင်ကိုတွေ့၍ ပျော်ရွှင်နေခြင်း
ဝိညာဉ်ဆင်းသက်ခြင်းနည်းလမ်း.....
ဤသည်မှာ ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသော မှတ်ဉာဏ်တစ်ခုဖြစ်သည်။
အင်မော်တယ်နယ်မြေတွင် အလွန်စွမ်းအားကြီးသူများသည် မြင့်မြတ်သောရတနာပစ္စည်းများကို အသုံးပြု၍ ကိုယ်ပွားတစ်ခုကို ဦးစွာဖွဲ့စည်းကာ ၎င်းတို့၏ မြင့်မြတ်သောဝိညာဉ်ပုံရိပ်ကို ရေးထိုးထားနိုင်သည်ဟု ဆိုကြသည်။
ဤကိုယ်ပွားသည် မူလခန္ဓာနှင့် မည်မျှဝေးကွာသည်ဖြစ်စေ စိတ်အလိုရှိရုံဖြင့် ဝိညာဉ်ဆင်းသက် ပူးကပ်နိုင်ပြီး တိုက်ခိုက်စွမ်းရည်နှင့် ကျင့်ကြံမှုအဆင့်မှာ မူလခန္ဓာကိုယ်နှင့် ခြားနားခြင်းမရှိပေ။
ဤနည်းလမ်းဖြင့် နေရာဒေသ အကွာအဝေးကို လျစ်လျူရှုကာ အင်အားအပြည့် ထုတ်ဖော်နိုင်သည်။ အထူးသဖြင့် ကန့်သတ်ချက်များရှိသော နယ်မြေများတွင် ပို၍ထိရောက်သည်။
ဥပမာအားဖြင့်... ကျင့်ကြံမှုအဆင့် ကန့်သတ်ထားပြီး သူတော်စင်အဆင့်အောက်သာ ဝင်ခွင့်ရှိသော... လျှို့ဝှက်နယ်မြေတစ်ခုသို့ ဧကရာဇ်တပိုင်းအဆင့်ရှိသူတစ်ဦးမှ ဤလျှို့ဝှက်ပစ္စည်းအား သုံး၍ ဆင်းသက်လာပါက... နယ်မြေစည်းမျဉ်းများကို ကျော်လွန်သွားနိုင်မည် ဖြစ်သည်။ ဤနည်းဖြင့်ဆိုလျှင် ထိုနယ်မြေထဲတွင် သူ့အား မည်သူတားဆီးနိုင်မည်နည်း။
ယခုအခြေအနေသည်လည်း ထိုနည်းတူပင် ဖြစ်သည်။
မူလအင်မော်တယ်ရွှံ့သည် ဖြည်းညင်းစွာ တုန်ခါလျက် လူသားပုံသဏ္ဍာန်သို့ ပြောင်းလဲသွားသည်။
၎င်းမှ ထွက်ပေါ်လာသော အရှိန်အဝါတစ်ခုတည်းနှင့်ပင် ကောင်းကင်နတ်သမီး ရှောင်းယွဲ့ကို ကြောက်ရွံ့တုန်လှုပ်စေသည်။
ဤသည်မှာ ရွှယ်ကျန်းထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခု ဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
ဖြစ်နိုင်သည်မှာ ဤသူသည် စစ်မှန်သော 'အင်မော်တယ်အရှင်' တစ်ပါး ဖြစ်လောက်သည်။
ကျယ်ပြောလှသော အင်မော်တယ်နယ်မြေတွင်ပင် အင်မော်တယ်အရှင်ဆိုသည်မှာ အင်မော်တယ်အားလုံးက လေးစားကြည်ညိုကြရသူ ဖြစ်သည်။ တုယောင်ဧကရာဇ်များသာ မွေးထုတ်ပေးနိုင်သော အဆုံးမဲ့ကမ္ဘာကဲ့သို့ အောက်ဘုံတွင်ဆိုလျှင် ပြိုင်ဘက်ကင်းသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။
အင်မော်တယ်အရှင်တစ်ပါး ဆင်းသက်လာခြင်း.....
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ မျက်နှာထားမှာ လေးနက်နေပြီး အကြည့်များတွင် စိုးရိမ်စိတ်များ ပါဝင်နေသည်။ ရုတ်တရက် အခြေအနေပြောင်းလဲသွားခြင်းကို သူ မမျှော်လင့်ထားခဲ့ပေ။
စိုးရိမ်စိတ်အပြင် မကျေနပ်ချက်များလည်း ဖြစ်ပေါ်လာသည်။ ဤမူလအင်မော်တယ်ရွှံ့ကို ရရှိရန် သူ့တွင် အခွင့်အရေးရှိဦးမည်လား...အလွန်ခက်ခဲပေလိမ့်မည်... အင်မော်တယ်အရှင်အဆင့်သည် စစ်မှန်သော အင်မော်တယ် နှင့် နှိုင်းယှဉ်၍မရပေ။
ရွှယ်ကျန်းသည် အင်မော်တယ်အရှင်အဆင့် တစ်ဝက်သို့ ရောက်ရှိထားသော်လည်း... စစ်မှန်သော အင်မော်တယ်အဆင့်တွင်သာ ရှိသေးသည်။ အင်မော်တယ်အရှင်အစစ်အမှန်နှင့် ယှဉ်နိုင်မည် မဟုတ်ချေ။
ကုချန်သည် ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် ဖြစ်တည်မှုတစ်ခုဖြစ်၍... အလွန်သန်မာကြောင်း ရှောင်းယွဲ့ သိထားသော်လည်း... ဧကရာဇ်အဆင့်များသည် အရာရာကို တတ်စွမ်းနိုင်သည် မဟုတ်ပေ။
သူ၏အမြင်တွင် စစ်မှန်သော အင်မော်တယ်တစ်ပါးကို ဖိနှိပ်နိုင်ခြင်းက ဧကရာဇ်အဆင့်၏ ကန့်သတ်ချက် ဖြစ်သည်။
အင်မော်တယ်အရှင်ကို ဖိနှိပ်ခြင်းမှာမူ.....
သမိုင်းမှတ်တမ်းများစွာရှိသော အင်မော်တယ်နယ်မြေတွင်ပင် ထိုကဲ့သို့သောကိစ္စမျိုး သူ မကြားဖူးခဲ့ပေ။
အားအနည်းဆုံး အင်မော်တယ်အရှင်ဖြစ်သော်ငြား... အင်မော်တယ်အရှင်သာ ဖြစ်သည်။ အားအကောင်းဆုံး ဧကရာဇ်အဆင့်သည် လူသားနယ်ပယ်၌သာ ရှိသေးပြီး အင်မော်တယ်အဖြစ်သို့ မတက်လှမ်းရသေးပေ။
စစ်မှန်သော အင်မော်တယ်တစ်ပါးကို ဖိနှိပ်ခြင်းလော..... အင်မော်တယ်အရှင်တစ်ပါးသည် လက်တစ်ဖက်မြှောက်ရုံဖြင့် ပြုလုပ်နိုင်၏။
ရှောင်းယွဲ့ သက်ပြင်းချလိုက်မိသည်... ကုချန်၏ အကြည့်ကိုမြင်သောအခါ သူ အလျင်အမြန် ရှင်းပြလိုက်၏။
" ဒီ ဝိညာဉ်ဆင်းသက်ခြင်းနည်းလမ်းက... မူလခန္ဓာရဲ့ မြင့်မြတ်တဲ့ဝိညာဉ်ကို ကိုယ်ပွားနဲ့ ပေါင်းစပ်ပြီး ဆင်းသက်စေတာပါ... မူလခန္ဓာရဲ့ တိုက်ခိုက်စွမ်းရည် အပြည့်အဝကို ထုတ်ဖော်နိုင်တယ်.....
အားနည်းချက် တစ်ခုရှိတာကတော့... ကိုယ်ပွားပျက်စီးပြီး ဝိညာဉ်ပါ လုံးဝပျက်စီးသွားခဲ့ရင်... မူလခန္ဓာကိုယ်က အခွံလွတ်ပဲ ကျန်ခဲ့ပြီး လုံးဝသေဆုံးသွားမှာပါ "
တကယ်တမ်းတွင် ဤအားနည်းချက်သည် သူ၏အမြင်၌ အားနည်းချက်မဟုတ်ပေ။ ကိုယ်ပွားနှင့်အတူ... မူလခန္ဓာ၏ ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်ရန်မှာ... မဖြစ်နိုင်သလောက် ခက်ခဲသောကြောင့် ဖြစ်သည်။
ကုချင်းရွဲ့၏ ဘိုးဘေးသည် ဤကပ်ဘေးကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ရန်သာ သူ မျှော်လင့်မိသည်။ ကုချန် သေဆုံးပါက သူ၏ လမ်းဆုံးသည်လည်း ပျက်စီးခြင်းသာ ဖြစ်မည်ကို သူ သိသည်။
" ဝုန်း...! "
ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် အသက်တစ်ရှိုက်စာအချိန်ပင် မကြာလိုက်ပေ။
မူလအင်မော်တယ်ရွှံ့သည် လူသားပုံသဏ္ဍာန် အပြည့်အဝ ပြောင်းလဲသွားပြီး... ချက်ချင်းပင် ဧရာမခန္ဓာကိုယ်ကြီးအဖြစ် ကြီးထွားလာ၏။ တကိုယ်လုံး အင်မော်တယ်မြူခိုးများ လွှမ်းခြုံထားလျက်... အေးစက်သော အကြည့်ဖြင့် ကုချန်အား ငုံ့ကြည့်လိုက်သည်။
" ရွှယ်ကျန်းကို မင်းသတ်လိုက်တာလား "
ထိုထူးဆန်းသော ဖြစ်တည်မှုထံမှ အေးစက်သော အသံ ထွက်ပေါ်လာသည်။
သူစကားပြောလိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ တာအိုပေါင်းစုံ တုန်ဟည်းသွားကာ ကောင်းကင်နှင့် မြေကြီး ပြိုကျတော့မည့်အလား ကြောက်မက်ဖွယ်ကောင်းလှသည်။
ကုချန်သည် ထိုသူကို ရေကန်အလား တည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်နေသော်လည်း မည်သည့်စကားမျှ ပြန်မပြောပေ။
" စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ "
ထိုထူးဆန်းသော ဖြစ်တည်မှု၏ မျက်လုံးများထဲတွင်... ကြယ်တာရာများ လည်ပတ်နေသကဲ့သို့... နေနှင့်လတို့ ပျက်သုဉ်းနေသကဲ့သို့ ပုံရိပ်များ ပေါ်လာသည်။
" အောက်ဘုံလေးကနေ ဧကရာဇ်အဆင့်တစ်ယောက် မွေးဖွားလာနိုင်တာပဲ... ရွှယ်ကျန်း မင်းလက်ချက်နဲ့ သေတာ မဆန်းပါဘူး "
ဤပုဂ္ဂိုလ်သည် ဗဟုသုတကြွယ်ဝသူ ဖြစ်ဟန်တူသည်။ ကုချန်ကို တစ်ချက်ကြည့်ရုံဖြင့် သူ၏ အဆင့်အတန်းနှင့် ရွှယ်ကျန်းသေဆုံးရသည့် အကြောင်းရင်းကို ခန့်မှန်းမိလိုက်သည်။
" ဟားဟားဟား... ငါက မင်ကူအရှင်ပဲ... ငါ့လက်အောက်ငယ်သား ရွှယ်ကျန်းကို သတ်တာ သေဒဏ်ပဲ... ဒါပေမယ့် ပါရမီရှင်ကို ငါတန်ဖိုးထားတယ်... မင်းသာ ငါ့ဆီမှာ သစ္စာဆိုရင် အတိတ်က အငြိုးအတေးတွေကို ဖြေဖျောက်ပေးမယ်... ဘယ်လိုလဲ... "
မင်ကူအရှင်မှ ရယ်မောလိုက်ရာ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွား၏။
သူ အလွန်ကျေနပ်နေသည်... အောက်ဘုံခရီးစဉ်မှ ဤမျှ အကျိုးအမြတ်ရမည်ဟု မထင်ထားခဲ့ပေ။ စောစောက သူ နားမလည်နိုင် ဖြစ်ခဲ့ရ၏။ ရွှယ်ကျန်းသည် အားနည်းသည်ဟု ဆိုသော်လည်း... စစ်မှန်သော အင်မော်တယ်တစ်ပါး ဖြစ်သည်။ အောက်ဘုံတွင် သူ့ကို မည်သူသတ်နိုင်မည်နည်း။
ကုချန်ကို မြင်လိုက်မှ သူသဘောပေါက်သွားသည်။ ဧကရာဇ်အဆင့်သာလျှင် စစ်မှန်သော အင်မော်တယ်ကို အနိုင်ယူနိုင်သည်။
ဤကဲ့သို့သော အောက်ဘုံလေးမှ... ဧကရာဇ်အဆင့်တစ်ပါး မွေးဖွားလာမည်ဟု သူ မထင်မှတ်ထားခဲ့ပေ... ဤသူကို သူ၏လက်အောက်သို့ သွတ်သွင်းနိုင်ပါက... အင်မော်တယ်တစ်သောင်းမျှော်စင်တွင် သူ၏ အဆင့်အတန်း ပိုမိုမြင့်မားလာမည် မဟုတ်ပါလော။
မင်ကူအရှင်၏ရင်ထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်လာသည်။ အင်မော်တယ်တစ်သောင်းမျှော်စင်တွင် သူ့ကဲ့သို့ အင်မော်တယ်အရှင်များရှိကြပြီး အတွင်းပိုင်း ပဋိပက္ခများ ပြင်းထန်လေသည်။
သို့သော် ဧကရာဇ်အဆင့်တစ်ပါးကို ပိုင်ဆိုင်ထားပါက အခြေအနေ လုံးဝကွာခြားသွားမည်။ ဧကရာဇ်အဆင့်သည် အင်မော်တယ်ဘုရင် ဖြစ်လာနိုင်သည့် မျိုးစေ့ဖြစ်သည်။ ထိုကဲ့သို့သောသူကို ပိုင်ဆိုင်ထားလျှင် အခြားလူများ သူ့ကို ဆန့်ကျင်ရဲတော့မည် မဟုတ်ပေ။ အင်မော်တယ်အရှင်များ၏ ခေါင်းဆောင်နေရာကိုပင် ရရှိနိုင်သည်။
မင်ကူအရှင်သည် အလွန်စိတ်လှုပ်ရှားနေ၏။ ရွှယ်ကျန်း သေဆုံးမှုမှာ အရေးမကြီးတော့ပေ။ စစ်မှန်သော အင်မော်တယ်အဆင့် လက်အောက်ငယ်သားနှင့် ဧကရာဇ်အဆင့် လက်အောက်ငယ်သား... ဘယ်အရာက ပိုအရေးကြီးကြောင်း သူကောင်းစွာ သိသည်။
မင်ကူအရှင်၏မျက်လုံးထဲမှ စိတ်အားထက်သန်မှုကို ကြည့်ပြီး တစ်ဖက်လူ ဘာတွေးနေသည်ကို ကုချန် နားလည်လိုက်သည်။
သို့သော် မင်ကူအရှင်၏စည်းရုံးမှုကို ကုချန် လုံးဝ စိတ်မဝင်စားပေ။
သူ၏စရိုက်အရ... ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင် ကိုယ်တိုင်ဆင်းလာပြီး စည်းရုံးလျှင်ပင် ဂရုစိုက်မည်မဟုတ်ရာ... အင်မော်တယ်အရှင် အဆင့်လောက်ကိုဆိုလျှင် ပြောဖွယ်ရာ မရှိပေ။
အင်မော်တယ်အရှင်.....
စစ်မှန်သော အင်မော်တယ်သည် တိုက်ခိုက်ရသည်အား အားမရခဲ့ပေ။ အင်မော်တယ်အရှင် အဆင့်သည်ရော သူ့အား ကျေနပ်စေနိုင်မည်လော။
" မင်းက ကမ်းလှမ်းတာကို ငြင်းပယ်ပြီး သေလမ်းရွေးချင်တယ်ပေါ့ "
မင်ကူအရှင်၏မျက်နှာသည် ရုတ်တရက် အေးစက်သွားသည်။
အကြောင်းမှာ သူသည် ကုချန်၏အကြည့်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ထိုအကြည့်ထဲတွင် သားကောင်ကို တွေ့လိုက်ရသကဲ့သို့သော ပျော်ရွှင်ရိပ်များ ပါဝင်နေသည်။
သားကောင်.....
ဒီလူက သူ့ကို သားကောင်လို့ သတ်မှတ်နေတာလား။
ထိုခဏ၌ မင်ကူအရှင်၏ ရင်ထဲတွင် ပြင်းထန်သော ဒေါသများ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။
အခန်း (၂၁၄) - မကြုံဖူးသော တိုက်ပွဲ၊ ရှေးဟောင်းကြောက်ရွံ့မှု
အောက်ဘုံမှ ပုရွက်ဆိတ်တစ်ကောင်သည် သူ့အား သားကောင်အဖြစ် သတ်မှတ်ရဲသည်လော။
မင်ကူအရှင်သည် ဒေါသထွက်လွန်း၍ ရယ်မောမိလိုက်သည်။
ဧကရာဇ်အဆင့် ဖြစ်နေလျှင်ကော ဘာဖြစ်သနည်း။ ကြီးပြင်းမလာသေးသရွေ့ သူသည် အရာမဝင်ပါချေ။ သူ၏ရှေ့တွင် မောက်မာဝင့်ကြွားရဲသူ မည်သူ့ကိုမဆို လေးနက်သော သင်ခန်းစာပေးရမည်။
" ဧကရာဇ်အဆင့်... ဒါက မင်းဂုဏ်မောက်နေတဲ့ နောက်ခံလား... ငါပြောမယ်... ဒီအင်မော်တယ်အရှင်ရဲ့ ရှေ့မှာ... ဧကရာဇ်အဆင့်ဆိုရင်တောင် ကျိုးကျိုးနွံနွံခေါင်းငုံ့ရမယ့်အရာပဲ "
မင်ကူအရှင်သည် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ရာ... ကမ္ဘာကြီးတစ်ခုလုံးမှာ သူ့အတွက် ပဲ့တင်ထပ်နေသကဲ့သို့... တုန်ဟည်းသွားလေ၏။ တာအိုပေါင်းစုံချီများသည် သူ၏ခန္ဓာကိုယ်နှင့် ရစ်ပတ်နေပြီး... အတိုင်းအဆမဲ့ ကြောက်မက်ဖွယ်ကောင်းလှသည်။
ကောင်းကင်ယံအထိ မြင့်မားသော... အဆုံးမဲ့ အပြင်ဘက်နယ်မြေများအထိ ရောက်ရှိနိုင်မည့်အလား ထင်ရသော... ကြီးမားကျယ်ပြန့်သည့် ဓမ္မပုံသဏ္ဍာန်ကြီးတစ်ခုသည် မင်ကူအရှင်၏ နောက်ကွယ်တွင် ပေါ်ထွန်းလာပြီး... ကောင်းကင်ဘုံရှိ ကြယ်တာရာများအားလုံး သူ့ပတ်လည်တွင် လှည့်ပတ်နေစေသည်။
ဤသည်မှာ အင်မော်တယ်အရှင်အဆင့် ၏အထွတ်အထိပ် ဘုန်းတန်ခိုးအာဏာပင် ဖြစ်သည်။ တိုက်ခိုက်ခြင်းမပြုရသေးမီမှာပင်... လှိုင်းထန်နေသော ချီစွမ်းအင်သက်သက်ဖြင့် ကြယ်နှင့် လများကို လှည့်ပတ်စေနိုင်ခြင်းက.. သူ၏အထွတ်အထိပ်စွမ်းအားကို ပြသနေသည်။
မင်ကူအရှင်သည် လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။
သူသည် ဧကရာဇ်အဆင့်နှင့် အင်မော်တယ်အရှင်အဆင့်ကြား... ကွာဟချက် ကြီးမားပုံကို သိရှိစေရန် ကုချန်အား 'သင်ခန်းစာ' ပေးလိုပြီး... ကုချန်ကို 'လက်အောက်ခံ' ဖြစ်စေလိုသည်။
ဧကရာဇ်အဆင့် ဖြစ်တည်မှုဆိုသည်မှာ... အင်မော်တယ်နယ်မြေတွင်ပင် ရှားပါးလှသည်ဖြစ်ရာ... မင်ကူအရှင်အနေဖြင့် သူ့အား အလွယ်တကူ မသတ်လိုပေ။
" သွားစမ်း "
မင်ကူအရှင်သည် လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။ သူသည် အင်မော်တယ်ဓားတစ်လက်ကို ကိုင်ဆောင်ကာ... ကုချန်ထံသို့ ထိုးစိုက်လိုက်သည်။ ဓားသွားရောက်ရာနေရာ၌ တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး... ပြိုင်ဘက်ကင်း နဂါးရှည်ကြီးတစ်ကောင်အသွင် ပြောင်းလဲကာ... လေဟာနယ် ကို ဖြိုခွင်းလျက် ကုချန်ကို တိုက်ခိုက်လေသည်။
ဤပေါ့ပါးသော ဓားချက်တစ်ခုတည်းမှ ထွက်ပေါ်လာသော ချီစွမ်းအင်သည်ပင်... ဤကျယ်ပြောသော ကမ္ဘာကြီးကို တုန်ခါသွားစေပြီး... အပြင်ဘက်ရှိ ဟွမ်သွမ့်ချီများအား လှိုင်းထန်လာစေကာ... ကမ္ဘာကြီး ပျက်စီးတော့မည့်အလား ဖြစ်စေသည်။
" အင်မော်တယ်အရှင်..... "
မင်ကူအရှင်၏ဓားချက်ကို ရင်ဆိုင်ရာတွင်... ကုချန်သည် ကြောက်ရွံ့ခြင်း မရှိသည့်အပြင်... သူ၏ မျက်နှာပေါ်တွင် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော... စိတ်လှုပ်ရှားမှုများပင် ပေါ်လာလေသည်။
မင်ကူအရှင်၏ တိုက်ခိုက်မှုသည်... အမှန်တကယ်ပင် ထူးခြားလှပြီး... ရွှယ်ကျန်းထက် အဆပေါင်းများစွာ သာလွန်၏။
သို့သော် ဤအချက်ကပင် ကုချန်ကို ပျော်ရွှင်စေသည်။
သူ၏ လက်ရှိ တိုက်ခိုက်စွမ်းရည်နှင့် အခြေအနေကို စမ်းသပ်ရန် သင့်တော်သော ပြိုင်ဘက်မရှိ၍ စိတ်ပူနေခဲ့သည်။
ဤမင်ကူအရှင်သည် သူ၏အင်အားကို စမ်းသပ်ရန် အကောင်းဆုံး ပစ်မှတ်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။
" မင်း နည်းနည်းလောက် ပိုပြီး တောင့်ခံနိုင်ဖို့ မျှော်လင့်ပါတယ် "
ကုချန်သည် တီးတိုးရေရွတ်လိုက်လျက် လှုပ်ရှားလိုက်ကာ... ပြိုင်ဘက်၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး... လွှမ်းမိုးနိုင်သော ချီစွမ်းအင်များအပြည့်ရှိသော... မထီမဲ့မြင် အကြည့်တစ်ချက် ပေးလိုက်သည်။ သူ၏ ခြေလှမ်းတိုင်းသည် တောင်နှင့် မြစ်များကို တုန်ခါသွားစေပြီး... အရာအားလုံးကို ဖိနှိပ်ထားသော ကမ္ဘာပေါင်းစုံကို စစ်ဆေးနေသည့်... အထွတ်အထိပ် ကောင်းကင်သခင်တစ်ပါးကဲ့သို့ပင်။
ကောင်းကင်နှင့် မြေကြီး၏ တာအိုပေါင်းစုံသည် သူ့အတွက် တုန်ခါမြည်ဟည်းနေကြသည်။
ဤအချိန်တွင် ကုချန်သည် မည်သည့်အရာကိုမျှ ထိန်းချုပ်ထားခြင်းမရှိဘဲ... ပထမဆုံးအကြိမ်အဖြစ် သူ၏ တိုက်ခိုက်စွမ်းရည် အပြည့်အဝကို... ထုတ်ဖော်လိုက်သည်။ သူသည် စိတ်ရှိလက်ရှိ တိုက်ခိုက်လိုပြီး... သူ၏ လက်ရှိအဆင့်နှင့် တိုက်ခိုက်စွမ်းရည်ကို စမ်းသပ်လိုသည်။
" ဝုန်း "
ကုချန်သည် ဓားငယ်လေးမှ ပစ်ခတ်လိုက်သော အင်မော်တယ်အလင်းနဂါးရှည်ကြီးကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ... အရာအားလုံးကို ဖောက်ထွင်းနိုင်မည့်အလား... မောက်မာနေသော ထိုအင်မော်တယ်အလင်းနဂါးရှည်ကြီးသည်... ချက်ချင်းပင် သနားစဖွယ် အော်မြည်သံပြုလျက်... အရှင်လတ်လတ် ကြေမွသွားလေတော့သည်။
" ဟမ် "
မင်ကူအရှင်သည် တုန်လှုပ်သွား၏...ဤဓားချက်သည် ပေါ့ပါးသော တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သော်လည်း... သာမန် စစ်မှန်သော အင်မော်တယ်တစ်ပါး ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ပေ။
သို့သော်... ဤအောက်ဘုံမှ ဧကရာဇ်အဆင့်သည် သူ၏ဓားချက်ကို... ပေါ့ပါးစွာ ရိုက်ချက်တစ်ချက်တည်းဖြင့် ခုခံလိုက်သည်လော။
" မင်းရဲ့ ခုခံမှုက အချည်းနှီး ဖြစ်သွားမှာပဲ "
မင်ကူအရှင်သည် မထီမဲ့မြင် ပြုံးလိုက်၏။ သူ၏ နောက်ကွယ်မှ... အင်မော်တယ်အရှင် ဓမ္မပုံသဏ္ဍာန်ကြီးသည် ဖြည်းညင်းစွာ ငုံ့ဆင်းလာပြီး... ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းကာ... အဆုံးမဲ့ဖိနှိပ်မှုကို ယူဆောင်လာလေသည်။
မရေမတွက်နိုင်သော ကြယ်နှင့် လများသည် ၎င်းနှင့်အတူ ရွေ့လျားလာပြီး... ကောင်းကင်ဘုံကိုးဆင့်မှ ကြွေကျလာကာ... ကုချန်ထံသို့ ရက်စက်စွာ ဝင်ဆောင့်လေတော့သည်။
ကြယ်တာရာပေါင်းစုံ ကြွေကျခြင်း.....
ထိုကြယ်တာရာများထဲတွင် ဝှက်ဖဲ အစီအရင်ပုံစံများ ပါဝင်နေပြီး... ကြီးမားသော ကြယ်တာရာ အစီအရင်တစ်ခု ဖွဲ့စည်းကာ... ကုချန်ကို အတွင်း၌ ပိတ်လှောင်ပြီး... သေသည်အထိ သန့်စင်ပစ်ရန် ရည်ရွယ်ထားသကဲ့သို့ပင်။
" ဒါ မင်းတတ်နိုင်တာ အကုန်ပဲလား "
ကုချန်၏မျက်လုံးများသည် တည်ငြိမ်နေ၏။ သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရုံသာဖြစ်ပြီး... နယ်မြေပေါင်းစုံကို အုပ်စိုးသော အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါးကဲ့သို့... နေ၊ လနှင့် စကြဝဠာကို တွန်းထုတ်လိုက်လေသည်။
ကောင်းကင်ဘုံကိုးဆင့်မှ ကြွေကျလာသော ကြီးမားသည့် ကြယ်တာရာများသည်... သူ၏ လက်ဝါးထဲတွင် သေးငယ်သော အလုံးကလေးများသဖွယ် ဖြစ်သွားပြီး... အလွယ်တကူပင် ချေမှုန်းတွန်းထုတ်ခံလိုက်ရကာ... သူ၏ခန္ဓာကိုယ်အနီးသို့ အနည်းငယ်မျှပင် မကပ်နိုင်ကြချေ။
" မင်း... သေလမ်းရှာနေတာပဲ "
တိုက်ခိုက်မှု အရာမဝင်သည်ကို မြင်သောအခါ... မင်ကူအရှင်သည် ဒေါသထွက်သွားကာ ကုချန်ကို ဖမ်းဆုပ်ရန်... လက်လှမ်းလိုက်လေတော့သည်။
သူ၏လက်ဝါးပတ်လည်တွင်... အဆုံးမဲ့အင်မော်တယ်အလင်းနှင့် မြူခိုးများ ရစ်ပတ်နေပြီး... ကြည့်ရှုရသည်မှာ မျက်စိကျိန်းလောက်အောင်ပင် တောက်ပနေ၏။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင်... မရေမတွက်နိုင်သော ကြယ်ကြီးများ တုန်ခါပေါက်ကွဲကာ... စကြဝဠာအတွင်း အတောက်ပဆုံး မီးပန်းများအဖြစ် ပြောင်းလဲသွားကြသည်။
မင်ကူအရှင်၏အင်အားသည် အမှန်တကယ်ပင်... ရွှယ်ကျန်း ယှဉ်နိုင်သည့် အတိုင်းအတာထက်... များစွာ သာလွန်နေသည်။သူ၏လှုပ်ရှားမှုတိုင်းသည်... အင်မော်တယ်တာအို လျှို့ဝှက်နည်းစနစ်များဖြစ်ပြီး... ရွှယ်ကျန်းထက် အဆပေါင်းများစွာ သာလွန်၏။
သို့သော် ဤအရာအားလုံးသည် ကုချန်၏ ရှေ့မှောက်တွင် အသုံးမဝင်ပေ။
ကောင်းကင်မှကျဆင်းလာသော... ကောင်းကင်ဖုံးသည့် လက်ဝါးကြီးကို ကြည့်ရင်း... ကုချန်၏ မျက်လုံးများမှာ အေးစက်နေလျက်ရှိသည်။ သူသည် ရှောင်တိမ်းခြင်း မပြုဘဲ... ထိပ်တိုက်ရင်ဆိုင်ရန် လက်ဝါးတစ်ဖက်ကို မြှောက်လိုက်၏။
ကောင်းကင်ဧကရာဇ် တစ်ပါးအနေဖြင့်... သူသည် လောကတွင် ပြိုင်ဘက်ကင်းသော ယုံကြည်မှုကို... ပိုင်ဆိုင်ထားသည်။ ပြိုင်ဘက်မှာ... အင်မော်တယ်အရှင် ဖြစ်နေလျှင်ကော... ဘာဖြစ်သနည်း။ သူ နောက်ဆုတ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
" ဝုန်း! "
ကြယ်တာရာများ တုန်ခါသွားပြီး ကမ္ဘာကြီးသည်လည်း ဇောက်ထိုးမှောက်ခုံ ဖြစ်သွား၏။
ကုချန်နှင့် မင်ကူအရှင်တို့ တိုက်ခိုက်ကြသောအခါ ဤကမ္ဘာကြီးသည် ပျက်စီးလုနီးပါး ဖြစ်သွားရသည်။
ကျယ်ပြောလှသော မြေပြင်ကြီးသည်ပင် သက်ရောက်မှုရှိပြီး... မိုင်ပေါင်း သန်းချီသော နယ်မြေများ ကွဲအက်ကာ... မြေအောက်မှ အရိုးစုများ လွင့်စင်ထွက်လာကြသည်။
ထိုအရိုးစုများသည်... ဤနေရာတွင် နှစ်ပေါင်းထောင်ချီ မြှုပ်နှံခံထားရသော်လည်း... အချိန်ကာလ ကြာမြင့်စွာ ကုန်လွန်ခဲ့သည့်တိုင်... ပျက်စီးခြင်း မရှိသေးပေ။
ဤသည်တို့မှာ... တချိန်က ကောင်းကင်ချောက်နက်ထဲသို့ အတင်းအကျပ် ဝင်ရောက်ခဲ့ကြပြီး... ရွှယ်ကျန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရသော... အထွတ်အထိပ်အဆင့်များ၏ အလောင်းများပင် ဖြစ်သည်။
အထွတ်အထိပ်အလောင်းများသည် တစ်ခုပြီးတစ်ခု လေထဲသို့ လွင့်စင်သွားကြပြီး... ကမ္ဘာပျက်မတတ် လှိုင်းဂယက်များကြားတွင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ... ကောင်းကင်နှင့် မြေကြီးထဲသို့ ပျောက်ကွယ်သွားကြသည်။
အထွတ်အထိပ် ဦးခေါင်းခွံများပင် လေထဲသို့ လွင့်စင်သွားကြပြီး... ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးအိမ်များဖြင့်... ကုချန်နှင့် မင်ကူအရှင်တို့၏ တိုက်ပွဲကို စိုက်ကြည့်နေကြသကဲ့သို့ ရှိသည်။ ဤတိုက်ပွဲကို ခေတ်ကာလပေါင်းများစွာ ဖြတ်ကျော်၍... သက်သေပြုနေကြသည့်အလားပင်။
စစ်မြေပြင်တွင် ဖျက်ဆီးအားပြင်းသော လှိုင်းဂယက်များ ပြင်းထန်နေပြီး ပုံရိပ်များ ရောထွေးနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ကုချန်နှင့် မင်ကူအရှင်တို့... အကြိမ်ပေါင်း ထောင်ချီ ထိပ်တိုက်တွေ့ခဲ့ကြသည်။
" ဝုန်း! "
မြေငလျင်လှုပ်သကဲ့သို့ နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ပုံရိပ်တစ်ခုသည် စစ်မြေပြင်အလယ်မှ ရုတ်တရက် နောက်သို့ လွင့်စင်သွား၏။
ထိုပုံရိပ်မှာ မင်ကူအရှင်ပင် ဖြစ်သည်။
" အဟွတ်... အဟွတ်..... "
မင်ကူအရှင်သည် သနားစဖွယ် ပုံစံဖြင့် နောက်သို့ လွင့်စင်သွား၏။ မူလအင်မော်တယ်ရွှံ့ဖြင့် ပြုလုပ်ထားသော သူ၏ခန္ဓာကိုယ်ပေါ်တွင်... ရှင်းလင်းပြတ်သားသော လက်ဝါးရာ အများအပြားမှာ... ရင်ဘတ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်နေသည်။
ရင်ဘတ်ပေါ်တွင် အက်ကြောင်းများ ပျံ့နှံ့နေပြီး... အချိန်မရွေး ကွဲအက်သွားနိုင်မည့်အလား... ဝေဝါးစွာ မြင်တွေ့နေရသည်။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ကောင်းကင်နှင့် မြေကြီးကြားတွင်... ယခင်အတိုင်း မပြောင်းမလဲ မောက်မာစွာ ရပ်တန့်နေဆဲဖြစ်သော ကုချန်ကို ကြည့်ရင်း... မင်ကူအရှင်၏ရင်ထဲတွင် မကြုံဖူးသော အဆုံးမဲ့တုန်လှုပ်မှုများကို ခံစားလိုက်ရသည်။
စောစောက သူ လုံးဝ လက်မနှေးခဲ့ဘဲ အင်အားကုန် ထုတ်သုံးခဲ့ရသည်။
သို့သော် ထိုသို့တိုင်... ကုချန်၏လက်ထဲတွင် အသာစီးရရန် မဆိုထားနှင့်... အစမှ အဆုံးထိ ဖိနှိပ်ရိုက်နှက်ခြင်းကိုသာ ခံခဲ့ရသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူက အင်မော်တယ်အရှင် တစ်ပါးလေ။
ဤအောက်ဘုံမှ သက်ရှိက မည်မျှပင် သန်မာပါစေ... ဧကရာဇ်အဆင့်သာ ရှိသေးသည်။ ဧကရာဇ်အဆင့် ဖြစ်တည်မှုတစ်ခုသည်... စစ်မှန်သော အင်မော်တယ်တစ်ပါးကို ဖိနှိပ်နိုင်ခြင်းက... အကန့်အသတ် ဖြစ်နေပြီ။
ကျယ်ပြောလှသော အင်မော်တယ်နယ်မြေတွင်... အင်မော်တယ်အရှင်ကို ယှဉ်ပြိုင်နိုင်သော ဧကရာဇ်အဆင့် ဖြစ်တည်မှုမျိုး... မင်ကူအရှင် တခါမျှ မကြားဖူးခဲ့ပေ။
ယခုလက်ရှိအချိန်တွင် မဆိုထားနှင့်... အင်မော်တယ်နယ်မြေ၏ သမိုင်းမှတ်တမ်းများကို ရှာဖွေကြည့်လျှင်ပင်... ဤကဲ့သို့သော အဖြစ်အပျက်မျိုး သူ မကြားဖူးခဲ့ပေ။
ယခု သူ၏ရှေ့မှောက်ရှိ လူသားသည်... အင်မော်တယ်အရှင်ကို ယှဉ်ပြိုင်နိုင်ရုံသာမက... အင်မော်တယ်အရှင်ကို ဖိနှိပ်နိုင်စွမ်းပါ ရှိနေသည်။
ကြောက်ရွံ့ခြင်းဟု ခေါ်သော... ခံစားမှုတစ်ခု... မင်ကူအရှင်၏ရင်ထဲတွင် ပေါ်လာ၏။
ဤသည်မှာ ဧကရာဇ်အဆင့်သာ ရှိသေးသည်။
အကယ်၍... သူသာ အင်မော်တယ်အဖြစ် တက်လှမ်းသွားပါက... စစ်မှန်သော အင်မော်တယ်တစ်ပါး အနေဖြင့်... အင်မော်တယ်ဘုရင် ကို တိုက်ခိုက်နိုင်မည်လော။