အခန်း (၂၁၅-၂၁၆)
Vol. 16 Ch. 215-216
အခန်း (၂၁၅) - ကောင်းကင်နင်းခြေလှမ်းကိုးဆင့်၊ လုံးဝဥပေက္ခာပြုခြင်းနှင့် အင်မော်တယ်သခင်အား ဆွဲဆုတ်ဖြဲခြင်း
စစ်မှန်သော အင်မော်တယ်ခန္ဓာဖြင့် အင်မော်တယ်ဘုရင်တစ်ပါးအား တိုက်ခိုက်ခြင်းလော။
အကယ်၍ အတိတ်ကာလကသာဆိုလျှင်... မင်ကူအင်မော်တယ်သည် ဤစကားများကို ကြားရပါက... ရူးကြောင်ကြောင်စကားများဟု သတ်မှတ်ကာ... မဖြစ်နိုင်ကြောင်းဆို၍ ရယ်မောပစ်မည်မှာ အသေအချာပင်။
သို့သော် ယခုတွင်... ကုချန်နှင့် တကယ်တမ်း ယှဉ်ပြိုင်တိုက်ခိုက်ပြီးနောက်တွင်မူ... သူ၏ရှေ့မှောက်ရှိ ကြောက်မက်ဖွယ်ရာ ရန်သူသည်... ထိုကဲ့သို့သော ပါရမီမျိုး အမှန်တကယ် ပိုင်ဆိုင်ထားကြောင်း ဝန်ခံရပေတော့မည်။
အင်မော်တယ်အဆင့်သို့ တက်လှမ်းခြင်း မရှိသေးဘဲ... ဧကရာဇ်အဆင့်၌သာ ရှိနေသေးသော်လည်း... အင်မော်တယ်တစ်ပါးဖြစ်သည့် သူ့အား ဖိနှိပ်နိုင်စွမ်း ရှိနေသည်။
အကယ်၍ နောင်အနာဂတ်တွင်... သူသာ အင်မော်တယ်အဆင့်သို့ တက်လှမ်းသွားခဲ့လျှင်... မည်သို့ဖြစ်မည်နည်း။
အင်မော်တယ်ဘုရင်တစ်ပါးနှင့် ယှဉ်ပြိုင်ရန်မှာ မဖြစ်နိုင်သည့် ကိစ္စမဟုတ်တော့ပေ။
တုန်လှုပ်မှုများအပြင် မင်ကူအင်မော်တယ်သည် အချက်တစ်ချက်ကိုလည်း နားလည်လိုက်၏။
ယင်းမှာ သူ၏ရှေ့မှောက်ရှိ ဤလူသည် သူစည်းရုံး၍ရမည့်သူ သို့မဟုတ် အညံ့ခံခိုင်း၍ရမည့်သူ လုံးဝ မဟုတ်ဟူ၍ပင်။
ဧကရာဇ်အဆင့်ခန္ဓာကိုယ်ဖြင့် အင်မော်တယ်တစ်ပါးအား ယှဉ်ပြိုင်နိုင်စွမ်းရှိသူများမှာ မည်သူက ရည်မှန်းချက်ကြီးမားပြီး မာန်မာနမရှိဘဲ နေမည်နည်း။
အင်မော်တယ်ဘုရင်တစ်ပါး ကိုယ်တိုင်လာရောက် စည်းရုံးလျှင်ပင် ထိုသူတို့အား ခေါင်းငုံ့စေရန် ခက်ခဲပေလိမ့်မည်။
အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ ထိုကဲ့သို့သော ပါရမီရှင်များသည် အနာဂတ်တွင်... အင်မော်တယ်ဘုရင်ဖြစ်လာရန် မဟုတ်လျှင်... အင်မော်တယ်ဘုရင်အဆင့်ထက် ကျော်လွန်သော အထွတ်အထိပ်နယ်ပယ်ကိုပင် လှမ်းမျှော်ကြည့်နိုင်ရန်... ယုံကြည်ချက်ရှိကြသူများ ဖြစ်သည်။
ဤသို့ဆိုလျှင်... အင်မော်တယ်ဘုရင်တစ်ပါး၏ ဆွဲဆောင်စည်းရုံးမှုကို... သူတို့ အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။
အင်မော်တယ်ဘုရင်အဆင့်ကပင် မဖြစ်နိုင်လျှင် သူ့ကဲ့သို့လူမှာ ပို၍ပင် အခွင့်အရေးမရှိပေ။
ထို့ကြောင့် မင်ကူအင်မော်တယ်သည်... ကုချန်အား စည်းရုံးရန် ကြိုးပမ်းမှုမအောင်မြင်ကြောင်း ကောင်းစွာသိရှိလိုက်ပြီးနောက်... ဤနေရာ၌ပင် ကုချန်အား သတ်ဖြတ်ရန်... အစွမ်းကုန် ကြိုးစားတော့မည် ဖြစ်သည်။
ယခု သူ မသတ်ဖြတ်နိုင်ခဲ့၍... နောင်တစ်ချိန်တွင် ထိုလူသည် အင်မော်တယ်အဆင့်အတန်းသို့ ရောက်ရှိသွားပါက... အကြီးမားဆုံးသော အင်အားစုကြီး ဖြစ်လာပေလိမ့်မည်။
ထိုအချိန်ကျမှ သတ်ဖြတ်ရန် ကြိုးစားမည်ဆိုလျှင် လုံးဝ မဖြစ်နိုင်တော့ပေ။
" မင်းက အရမ်းစွမ်းအားကြီးပါတယ်... ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက... မင်းက အရမ်းမောက်မာလွန်းပြီး အခြေအနေ အချိန်အခါကို မသိတာပဲ "
မင်ကူအင်မော်တယ်၏ လက်ချောင်းများက... သူ၏အင်မော်တယ်ဓားပေါ်သို့ သပ်တင်လိုက်ကာ... အရာရာကို ဝါးမြိုတော့မည့်အလား... အေးစက်သော အလင်းရောင်များ တောက်ပလာလေ၏။
" မကြီးပြင်းလာသေးတဲ့ ပါရမီရှင်ဆိုတာ... နောက်ဆုံးတော့ ပါရမီရှင် သက်သက်ပါပဲ.....
ဒီနေ့ မင်းကို အသက်ရှင်ခွင့် မပေးနိုင်ဘူး! "
ဤလူသည် ရွှယ်ကျန်းကို သတ်ဖြတ်ခဲ့ပြီး... ယခု သူ့အား လာရောက်တိုက်ခိုက်နေရာ.. 'အင်မော်တယ်တစ်သောင်းမျှော်စင်' နှင့် ကြီးမားသော ရန်ငြိုးဖွဲ့လိုက်ပြီ ဖြစ်သည်။
မင်ကူအင်မော်တယ်၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ မြင့်တက်လာပြီး... နောင်အရှုပ်အရှင်းများ ကင်းရှင်းစေရန် ကုချန်အား ဤနေရာ၌ပင်... အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်။
" ကောင်းကင်သတ်ဖြတ်ခြင်း ခြေလှမ်းကိုးလှမ်း! "
မင်ကူအင်မော်တယ်သည် ရှည်လျားစွာ ဟစ်ကြွေးလိုက်ပြီးနောက်... အင်မော်တယ်ဓားကို ကိုင်ဆောင်လျက်... ခြေတစ်လှမ်း လှမ်းလိုက်ရာ... သူ၏ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ်ချီစွမ်းအင်များမှာ... ကျယ်ပြောလှသော သမုဒ္ဒရာကြီးကဲ့သို့ ဆူပွက်လာလေတော့သည်။
သူသည် ရပ်တန့်မနေဘဲ ဒုတိယခြေလှမ်းကို ဆက်လှမ်းလိုက်သည်။
ဒုတိယခြေလှမ်း ချလိုက်သည်နှင့်... တာအိုချီစွမ်းအင်များသည် ကောင်းကင်နှင့်မြေကြီးအနှံ့ ပျံ့နှံ့သွားပြီး... ကြယ်တာရာများ ပေါက်ကွဲကာ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွား၏။
တတိယခြေလှမ်း ချလိုက်သောအခါ... ကောင်းကင်ကိုးခုထက်မှ မဟာဟွမ်သွမ့်မိုးကြိုးများ ဟိန်းထွက်လာကာ... မင်ကူအင်မော်တယ်၏ အရှိန်အဝါမှာ အဆပေါင်းများစွာ မြင့်တက်လာ၏။
ဤသည်မှာ... အထွတ်အထိပ် အင်မော်တယ်တာအို လျှို့ဝှက်နည်းစနစ်ဖြစ်ပြီး... ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း ဓားကွက်လည်း ဖြစ်သည်။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း... မင်ကူအင်မော်တယ်၏ စွမ်းအားသည်... အဆင့်များစွာ တိုးတက်လာမည်ဖြစ်သည်။
အကယ်၍ သူ့အား ခြေလှမ်းကိုးလှမ်းလုံး လှမ်းခွင့်ပေးလိုက်လျှင်... သူ၏စွမ်းအားသည် စိတ်ကူး၍မရနိုင်သော အဆင့်သို့... ရောက်ရှိသွားပေလိမ့်မည်။
သို့သော်... ရှေ့သို့ ဆက်တိုက်တိုးဝင်လာသော မင်ကူအင်မော်တယ်ကို ရင်ဆိုင်ရင်း... ကုချန်သည် သူ့အား နှောင့်ယှက်ရန် ရည်ရွယ်ချက်ရှိပုံမရကာ... မင်ကူအင်မော်တယ်၏ 'လုပ်ဆောင်မှု' ကိုပင် တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့သည်။
" သူ တကယ်ပဲ နှောင့်ယှက်ဖို့ မစဉ်းစားဘူးလား....."
သိုလှောင်လက်စွပ်ထဲရှိ ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ ထိတ်လန့်တုန်လှုပ်နေမိသည်။ မင်ကူအင်မော်တယ်၏ အရှိန်အဝါမှာ... အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလှပြီး သူသည် လက်စွပ်ထဲတွင် ရှိနေသည့်တိုင်... သူ၏ ဝိညာဉ်ပါ တုန်လှုပ်သွားသည်ကို ခံစားနေရသည်။
မင်ကူအင်မော်တယ်သည် သူ၏ 'အဆုံးသတ် တိုက်ကွက်' ကို ထုတ်သုံးတော့မည်မှာ ထင်ရှားလှသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင်... အကောင်းဆုံးရွေးချယ်မှုမှာ သူ့အား တိုက်ခိုက်နှောင့်ယှက်ပြီး... ဤအင်မော်တယ်တာအို လျှို့ဝှက်နည်းစနစ်ကို လွယ်လွယ်ကူကူ မပြီးမြောက်စေရန်... တားဆီးခြင်းသာ ဖြစ်သည်။
သို့သော် ချင်းရွဲ့၏ဘိုးဘေးသည် မင်ကူအင်မော်တယ်ကို နှောင့်ယှက်ရန် လုံးဝရည်ရွယ်ချက် ရှိပုံမရပေ။
သူ့မှာ အခြားအစီအစဉ် ရှိနေသလော... မဟုတ်လျှင် မင်ကူအင်မော်တယ် အစွမ်းကုန် တိုက်ခိုက်လာလျှင်ပင်... သူ့အား အနည်းငယ်မျှ ထိခိုက်အောင် မလုပ်နိုင်ဟု... ယုံကြည်မှု အပြည့်ရှိနေခြင်းလော။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ စိတ်ထဲတွင် ရှုပ်ထွေးနေတော့သည်။
သို့သော် ကုချန် လှုပ်ရှားမှုမပြုလုပ်ရခြင်း၏ အကြောင်းရင်းမှာ... မင်ကူအင်မော်တယ်အား လေ့ကျင့်ဖော်အဖြစ် အသုံးပြုကာ... ယခုလက်ရှိ သူ၏တိုက်ခိုက်နိုင်စွမ်းအား စမ်းသပ်လိုသောကြောင့် ဖြစ်သည်ကို... သူ လုံးဝမသိခဲ့ရှာပေ။
မင်ကူအင်မော်တယ်၌ နည်းလမ်းများစွာ ရှိလေ... စွမ်းအားများ ကြီးမားလေ... ကုချန်က ပို၍ ပျော်ရွှင်လေ ဖြစ်သည်။
ယခုတွင်... မင်ကူအင်မော်တယ်၏ လုပ်ရပ်များသည် ကုချန်၏စိတ်ဝင်စားမှုကို နှိုးဆွလိုက်ပြီဖြစ်ရာ... အနည်းငယ် စိတ်လှုပ်ရှားဖွယ် ကောင်းသည်ဟု ယူဆမိသောကြောင့်... သူသည် အဘယ်ကြောင့် ကြားဖြတ်နှောင့်ယှက်ရမည်နည်း။
" မောက်မာလိုက်တဲ့ကောင်! "
ကုချန် တုပ်တုပ်မျှမလှုပ်သည်ကို မြင်သောအခါ... မင်ကူအင်မော်တယ်မှာ ဒေါသထွက်လွန်းသဖြင့်... ရယ်မောလိုက်မိသည်။
သူသည် ကုချန် ဘာတွေးနေသည်ကို သဘာဝကျကျပင် မြင်နိုင်သည်။
နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီနည်း။ သူ၏ဘဝတစ်လျှောက်တွင်... ဤမျှလောက် လျစ်လျူရှု အထင်သေးခံရခြင်းမျိုး... မကြုံဖူးခဲ့ပေ။
ကောင်းကင်သတ်ဖြတ်ခြင်း ခြေလှမ်းကိုးလှမ်းကို ပြီးမြောက်အောင် လုပ်ခွင့်ပေးထားခြင်းက... သူ့ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်... လုံးဝ သဘောမထားခြင်းပင် မဟုတ်ပါလော။
" မင်းရဲ့ မောက်မာမှုအတွက် တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ် "
မင်ကူအင်မော်တယ်သည် ကုချန်အား နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ရှစ်လှမ်းမြောက်ခြေလှမ်းကို ပြင်းထန်စွာ လှမ်းလိုက်၏။
" ဝုန်း...! "
ရှစ်လှမ်းမြောက် ခြေလှမ်းလှမ်းလိုက်သည်နှင့်... သူ၏ခြေအောက်ရှိ မိုင်ထောင်ချီကျယ်ဝန်းသော လေဟာနယ်ကြီးမှာ... ချက်ချင်း ပြိုလဲပျက်စီးသွားပြီး အာကာသဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားလေသည်။
သူ၏ခန္ဓာကိုယ်မှ စွမ်းအားအလင်းတန်းများသည်... အပြင်ဘက် ကြယ်တာရာနယ်မြေအထိ ပျံ့နှံ့သွားပြီး... ကြီးမားသော ကြယ်ကြီးများကို ပေါက်ကွဲစေကာ... စကြဝဠာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေသည်။
" သေစမ်း! "
ဒေါသတကြီး ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာပြီး... ရှစ်လှမ်းမြောက်ခြေလှမ်း လှမ်းပြီးသည်နှင့်... မင်ကူအင်မော်တယ်သည် တစ်ခဏမျှပင် မရပ်နားဘဲ... ကိုးလှမ်းမြောက်ခြေလှမ်းကို ချက်ချင်း လှမ်းလိုက်၏။
" ဝုန်း! "
ဤခြေလှမ်းကို လှမ်းလိုက်သည်နှင့်... ကျယ်ပြောလှသော အဆုံးမဲ့စွမ်းအားကြီးတစ်ခုသည်... မင်ကူအင်မော်တယ်၏ ခန္ဓာကိုယ် အရပ်ရပ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး... အားလုံးသည် သူ၏လက်ဖဝါးရှိ အင်မော်တယ်ဓားထံသို့ စီးဝင်သွားလေသည်။
ကောင်းကင်သတ်ဖြတ်ခြင်း ခြေလှမ်းကိုးလှမ်းပေါင်းစည်းခြင်း!
မင်ကူအင်မော်တယ် နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်သည်နှင့်... ခြေလှမ်းကိုးလှမ်း၏ စွမ်းအားများသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ... သူ၏လက်ထဲရှိ အင်မော်တယ်ဓားထံသို့ စီးဝင်သွားတော့သည်။
နောက်တစ်ခဏတွင်... မင်ကူအင်မော်တယ်သည် အင်မော်တယ်ဓားကို မြှောက်လိုက်ကာ... ကုချန်ထံသို့ ပြင်းထန်စွာ ထိုးစိုက်ချလိုက်လေတော့သည်။
" ဝီ..... "
အင်မော်တယ်ဓား ဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်တွင်... မျက်စိကျိန်းမတတ်ဓားအလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး... ကောင်းကင်နှင့်မြေကြီးကို ဓားချက်ဖြင့် ထက်ပိုင်းပိုင်းလိုက်သကဲ့သို့ ဖြစ်သွား၏။
ဓားအလင်းရောင်များ ယှက်နွယ်ကာ... ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားပြီး... အရာအားလုံးကို ချေမှုန်းပစ်နိုင်တော့မည့်အလား... ကျယ်ပြောလှလေသည်။
ဤသည်မှာ မင်ကူအင်မော်တယ်၏ စစ်မှန်သော သတ်ဖြတ်ခြင်း တိုက်ကွက်ဖြစ်ပြီး... အတိတ်ကာလက အဆင့်တူ စွမ်းအားရှင်တစ်ဦးကို သတ်ဖြတ်ရာတွင်... အသုံးပြုခဲ့ဖူးသည်။
ယနေ့ ထပ်မံ ထုတ်သုံးလိုက်ပြီဖြစ်ရာ အင်မော်တယ်ဓားသည် သွေးသောက်ရပေတော့မည်။
အင်မော်တယ်တစ်ပါးနှင့် ယှဉ်နိုင်သော... ဧကရာဇ်အဆင့် ကျင့်ကြံသူဖြစ်နေလျှင်ကော... အဘယ်နည်း။ ယနေ့တွင် သူသည် ပါရမီရှင်ကို သတ်ဖြတ်ပြီး... ကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့် ဖုံးအုပ်ပြမည်။
မင်ကူအင်မော်တယ်သည် ယုံကြည်မှုအပြည့်ရှိနေပြီး... ဤဓားချက်အောက်တွင် ကုချန်၏ 'အဖြစ်ဆိုးနှင့် သေဆုံးခြင်း' ကိုပင်... မြင်ယောင်နေမိသည်။
သို့သော်... မင်ကူအင်မော်တယ်၏ ယုံကြည်မှုအပြည့်ရှိသော အပြုံးမှာ... နောက်တခဏတွင် အေးခဲသွားလေတော့သည်။
အဘယ်ကြောင့်ဆိုသော်... သူဓားဖြင့်ထိုးစိုက်လိုက်ချိန်တွင်... ကုချန် လှုပ်ရှားလာသောကြောင့်ဖြစ်သည်။ သူသည် ရှေ့သို့တက်လိုက်ပြီး ဓားအလင်းရောင်ကို ရင်ဆိုင်ကာ... သူ၏လက်ဝါးကို လက်သီးအဖြစ်ပြောင်းလဲလျက်... ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင်တစ်ပါးကဲ့သို့... မင်ကူအင်မော်တယ်၏ အင်မော်တယ်ဓားဆီသို့ ထိုးနှက်လိုက်၏။
" ဝုန်း! "
ဧကရာဇ်လက်သီးသည် ပြိုင်ဘက်ကင်းလှပေသည်။ ၎င်းသည် ကျယ်ပြောလှသော ဓားအလင်းရောင်နှင့် ဦးစွာ ထိပ်တိုက်တွေ့ဆုံကာ ပြင်းထန်စွာ တုန်ခါသွားစေ၏။
သို့သော်... အရာအားလုံးကို ဆွဲဖြဲပစ်နိုင်စွမ်းရှိသည်ဟု ထင်ရသော... ထိုပြိုင်ဘက်ကင်း ဓားအလင်းရောင်သည်... ကုချန်၏လက်သီးကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘဲ... ချက်ချင်းပင် ပျက်ပြယ်သွားခဲ့ရသည်။
ထို့နောက်... လက်သီးချက်သည် အရှိန်မသေဘဲ... မင်ကူအင်မော်တယ်၏ အင်မော်တယ်ဓားပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားရာ... ဓားသွားမှာ ကွေးညွတ်သွားပြီး ကျိုးပဲ့လုနီးပါး ဖြစ်သွား၏။
ကုချန်၏လက်သီးချက် ရောက်ရှိလာသဖြင့်... မင်ကူအင်မော်တယ်မှာ အလွန်ထိတ်လန့်သွားပြီး... ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော်... ကုချန်၏လက်သီးများသည် ရုတ်တရက် ပွင့်အာသွားပြီး... လက်သီးမှ လက်ဝါးအဖြစ် ပြောင်းလဲကာ... မျက်စိတမှိတ်အတွင်းမှာပင် မင်ကူအင်မော်တယ်၏ ပခုံးနှစ်ဖက်ပေါ်သို့... ပြင်းထန်စွာ ကျရောက်သွားလေသည်။
နောက်တစ်ခဏတွင်.....
" ဗြိ! "
အဝတ်စကို ဆွဲဖြဲလိုက်သကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာ၏။
မင်ကူအင်မော်တယ်၏ ကြောက်ရွံ့ဒေါသထွက်နေသော အကြည့်အောက်မှာပင်... ကုချန်သည် လက်ဝါးနှစ်ဖက်ကို အားစိုက်လိုက်ပြီး... မင်ကူအင်မော်တယ်၏ ခန္ဓာကိုယ်ကို ထက်ပိုင်းပြတ်အောင်... ဆွဲဖြဲပစ်လိုက်တော့သည်။
အခန်း (၂၁၆) - အဆုံးမဲ့ စိတ်ပျက်အားငယ်မှု၊ နတ်ဆိုးလှုပ်ရှားမှုများ၊ ရွှမ်ချင်းထျန်းကျွင်း
သွေးများ ပေကျံလွင့်စင်သွားလျက် မင်ကူအင်မော်တယ်၏ ခန္ဓာကိုယ်မှာ ထက်ပိုင်းပြတ်အောင် ဆွဲဖြဲခံလိုက်ရကာ ကြည့်ရဆိုးလှလေသည်။
" အား! "
မင်ကူအင်မော်တယ်သည် မယုံနိုင်လောက်အောင် တုန်လှုပ်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်မိသည်။
ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် သူ့အတွက် ပို၍ မယုံနိုင်စရာ ကောင်းနေသည်မှာ... အမြဲတမ်း ပြိုင်ဘက်ကင်းခဲ့သည့် ကောင်းကင်သတ်ဖြတ်ခြင်း ခြေလှမ်းကိုးလှမ်းသည် ကုချန်အပေါ်တွင်... အနည်းငယ်မျှပင် သက်ရောက်မှု မရှိခဲ့ခြင်း ဖြစ်သည်။
ဤအချက်က မင်ကူအင်မော်တယ်အား ဖော်မပြနိုင်လောက်သည့် ရှုံးနိမ့်မှုမျိုးကို ခံစားလိုက်ရစေသည်။
သူသည် ဂုဏ်ရှိန်ကြီးမားသော အင်မော်တယ်တစ်ပါး ဖြစ်သည်။
ကောင်းကင်သတ်ဖြတ်ခြင်း ခြေလှမ်းကိုးလှမ်းသည် ကြီးမားသော ရန်သူတစ်ပါးမကကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့ဖူးသည့် သူ၏ အဆုံးသတ် ဝှက်ဖဲလည်း ဖြစ်သည်။
သို့သော် ယခုတွင်... သူ၏ဝှက်ဖဲဟာ မအောင်မြင်ခဲ့ရုံသာမက... အလွယ်တကူပင် ချိုးဖျက်ခံလိုက်ရသည်။ ဤကြီးမားသော ကွာခြားချက်ကြီးသည်. မင်ကူအင်မော်တယ်၏ တာအိုနှလုံးသားကို... ယိမ်းယိုင်လုနီးပါး ဖြစ်စေခဲ့သည်။
" စုစည်းစမ်း! "
မင်ကူအင်မော်တယ် ဟစ်ကြွေးလိုက်သည်နှင့်... မရေမတွက်နိုင်သော အင်မော်တယ်တာအို လမ်းစဉ်ကြိုးများမှာ သူ၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားပြီး... ကုချန် ဆွဲဖြဲထားသော ခန္ဓာကိုယ်ကို... ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းလိုက်သည်။
သို့သော် ကုချန်ကမူ ဤအရာအားလုံးကို အေးစက်စွာသာ ကြည့်နေခဲ့သည်။
အကယ်၍... မင်ကူအင်မော်တယ်၌ ဤမျှလောက်သာ စွမ်းရည်ရှိမည်ဆိုလျှင်... သူ့ကို သတ်ဖြတ်ရန် အချိန် သိပ်ကြာမည် မဟုတ်ပေ။
.........
ကုချန် ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ကာ... မင်ကူအင်မော်တယ်နှင့် တိုက်ခိုက်နေချိန်တွင်.....
ရွှမ်ယိုနတ်ဆိုးနယ်မြေရှိ ရွှမ်ယိုနန်းတော်၏ နက်ရှိုင်းသော အတွင်းပိုင်း... မှောင်မိုက်၍ နက်ရှိုင်းကျယ်ပြောလှသော ကြယ်တာရာကောင်းကင်အောက်တွင်... ခံစားချက်ကင်းမဲ့နေသော မျက်လုံးတစ်စုံသည်... ကျယ်ပြောလှသော စကြဝဠာ၏ အထွတ်အထိပ်တွင် တွဲခိုလျက်... အောက်ဘက်ရှိ ပုံရိပ်တစ်ခုကို ငုံ့ကြည့်နေလေ၏။
" မင်းပြောနေတာက ကမ္ဘာပျက်ကပ်... စကြဝဠာ ပျက်စီးသွားပြီးတဲ့နောက်မှာတောင် အဲ့ဒီ ကုချန်က တကယ် မသေဘူးပေါ့လေ..... "
" သူ... မသေလောက်ပါဘူး "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် ခေါင်းကို ငုံ့ထားကာ... ဟန်ယိုထျန်းကျွင်းနှင့် အကြည့်ချင်း မဆုံရဲဘဲ... တိုးညင်းစွာ ပြန်လည်လျှောက်တင်လိုက်သည်။
" လက်အောက်ငယ်သားက အဲ့ဒီ ကုကောင်းကင်ဧကရာဇ်ကို စိတ်ရင်းမှန်နဲ့ စည်းရုံးခဲ့ပါသေးတယ်... ဒါပေမယ့် သူက ကျွန်မတို့နယ်မြေကို လုံးဝ မျက်နှာသာမပေးခဲ့ပါဘူး... ကျွန်မတို့ဆီမှာ အညံ့ခံဖို့လဲ စိတ်ကူး လုံးဝ မရှိခဲ့ပါဘူး.....
မျှော်လင့်ချက် မရှိတော့တဲ့အဆုံးမှာ... ဒီလက်အောက်ငယ်သားက အရှင် ပေးသနားထားတဲ့ လျှို့ဝှက်ရတနာကို ထုတ်သုံးခဲ့ရပါတယ်... အစပိုင်းတုန်းကတော့ အဲ့ဒီကုချန်လဲ အတော်လေး ကြည့်မကောင်းအောင် လန့်ဖျပ်သွားခဲ့ပါတယ်... ဒါပေမယ့် နောက်ပိုင်းမှာ သူက မသိရတဲ့ နည်းလမ်းတစ်ခုကို သုံးပြီး... ကမ္ဘာပျက်ကပ် စကြဝဠာရဲ့ လွှမ်းမိုးမှုအောက်ကနေ လွတ်မြောက်သွားခဲ့တာပါ.....
ကုကောင်းကင်ဧကရာဇ် ရူးသွပ်သွားတာကို မြင်လိုက်ရတော့... ဒီလက်အောက်ငယ်သားလဲ ကြာကြာ မနေရဲဘဲ အမြန်ပဲ ဆုတ်ခွာလာခဲ့တာပါ... အဝေးကနေပဲ အာရုံခံရဲပြီး အနားကို မကပ်ရဲခဲ့ပါဘူး.....
အဲ့ဒီနောက်ပိုင်း ဘာဆက်ဖြစ်သလဲ ဆိုတာကိုတော့... ဒီလက်အောက်ငယ်သား မသိရပါဘူး... ကုချန်က ကျွန်မတို့နယ်မြေကို ရူးမတတ် ကျိန်ဆဲနေသံသဲ့သဲ့ကိုပဲ ကြားခဲ့ရပါတယ်..... "
ကြက်သွေးရောင်မြွေနဂါးအရှင်သည် တုံ့ဆိုင်းနေခြင်း မရှိဘဲ... သူ ကြိုတင် 'ကြံစည်' ထားသည့် 'ဇာတ်ညွှန်း' အတိုင်း.... ကုချန်ကို သွားရောက်စည်းရုံးသည့် အကြောင်းအရာများကို ဟန်ယိုထျန်းကျွင်းထံသို့... အသေးစိတ် လျှောက်တင်လိုက်သည်။
သူ ကုကောင်းကင်ဧကရာဇ်ထံ အညံ့ခံလိုက်သည့် ကိစ္စကိုတော့... ကြက်သွေးရောင်မြွေနဂါးအရှင် အနေဖြင့်... ဟန်ယိုထျန်းကျွင်းအား ဘယ်သောအခါမျှ ပြောပြမည် မဟုတ်ပေ။
ဟန်ယိုထျန်းကျွင်းမှ... သူ့အား ဖော်ထုတ်အပြစ်ပေးမည့် ကိစ္စကိုလည်း... ကြက်သွေးရောင်မြွေနဂါးအရှင်ဟာ လုံးဝ ဂရုမစိုက်ပေ။
သူ ပြောသည့်စကား မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ... ဟန်ယိုထျန်းကျွင်း အနေဖြင့် လူလွှတ်ပြီး စုံစမ်းစစ်ဆေးမည် မဟုတ်ကြောင်း... သူ သေချာသိနေသည်။
အဘယ်ကြောင့်ဆိုသော်... ကုကောင်းကင်ဧကရာဇ်ကို စည်းရုံးသည့်ကိစ္စကို သူနှင့် ကုကောင်းကင်ဧကရာဇ် နှစ်ယောက်တည်းသာ... သိရှိထားခြင်း ဖြစ်သည်။
ဟန်ယိုထျန်းကျွင်းက အတွင်းသဘောကို သိချင်လျှင်ပင် မည်သို့ သိနိုင်မည်နည်း။ သူသည် ကုကောင်းကင်ဧကရာဇ်ထံသို့ လူလွှတ်မေးမည် မဟုတ်သည်မှာ သေချာ၏။
ထို့ကြောင့်ပင်... ကြက်သွေးရောင်မြွေနဂါးအရှင်သည် မည်သည့်စိုးရိမ်မှုမျှမရှိဘဲ... အဖြစ်အပျက်များကို လုပ်ကြံဖန်တီးလိုက်ခြင်းဖြစ်ပြီး... ဟန်ယိုထျန်းကျွင်း ရိပ်မိသွားမည်ကို လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
ကြက်သွေးရောင်မြွေနဂါးအရှင်၏ လျှောက်တင်ချက်ကို နားထောင်ပြီးနောက် ဟန်ယိုထျန်းကျွင်းသည် တိတ်ဆိတ်နေခဲ့၏။ သို့သော်... ကောင်းကင်တာအိုကဲ့သို့ လစ်လျူရှုကာ ခံစားချက်ကင်းမဲ့နေသော သူ၏မျက်လုံးများကမူ... သူ၏စကားတွင် အမှန်တရား မည်မျှပါဝင်သည်ကို ခွဲခြားလိုသည့်အလား... ကြက်သွေးရောင်မြွေနဂါးအရှင်ကို စိုက်ကြည့်နေခဲ့သည်။
ကမ္ဘာပျက်ကပ် စကြဝဠာ စတင်ပြီးနောက်တွင်... ကုချန် မသေဆုံးသေးခြင်းမှာ ဟန်ယိုထျန်းကျွင်းအတွက်... အံ့သြစရာ ကောင်းနေသည်။
သို့သော် ကုချန် မသေဆုံးခဲ့လျှင်ပင်... ကမ္ဘာပျက်ကပ် စကြဝဠာ၏ ပျက်စီးမှုအောက်တွင်... ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရမည်ဖြစ်ပြီး... ကံကောင်း၍သာ လွတ်မြောက်ခဲ့ခြင်းဖြစ်မည်ဟု... ဟန်ယိုထျန်းကျွင်း ခန့်မှန်းလိုက်သည်။
ဟန်ယိုထျန်းကျွင်းကို အမှန်တကယ် အံ့အားသင့်စေသည်မှာ... ကြက်သွေးရောင်မြွေနဂါးအရှင် မည်သို့ အသက်ရှင်ကျန်ရစ်ခဲ့သနည်း ဆိုသည့်... အချက်ပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ် စကြဝဠာကို အသက်သွင်းလိုက်သည်နှင့်... မိတ်ဆွေ ရန်သူ ခွဲခြားခြင်း ရှိမည်... မဟုတ်ပေ။ ၎င်း၏ လွှမ်းမိုးမှုအောက်တွင်... ရှိသမျှသော သက်ရှိအားလုံးသည် အခိုင်အမာ ချည်နှောင်ခံရပြီးနောက်... ခွဲခြားခြင်းမရှိ ချေမှုန်းဖျက်ဆီးခံရမည် ဖြစ်သည်။
ဤသည်မှာ ထျန်းကျွင်းအဆင့်ရှိသူပင် လွတ်မြောက်ရန် ခက်ခဲသော သတ်ဖြတ်ခြင်း ဖြစ်သည်။ သို့ပါလျက် ဤချီမုန်သည် မည်သို့ အသက်ရှင်ခဲ့သနည်း။
သူ့ကို ထို ကုကောင်းကင်ဧကရာဇ်မှ ကယ်တင်လိုက်ခြင်းတော့ မဖြစ်နိုင်ပေ။
ဟန်ယိုထျန်းကျွင်း၏ စိတ်ထဲတွင် ဤအတွေးဝင်လာသည်နှင့် ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် အလွန်ရယ်စရာကောင်းကာ မဖြစ်နိုင်သောကြောင့်ပင်။ ကုကောင်းကင်ဧကရာဇ်သည် ချီမုန်ကို ကာကွယ်ပေးရန် ရူးနေခြင်း မဟုတ်ပေ။ သူနှင့် နတ်ဆိုးနယ်မြေတို့သည် မွေးရာပါ ရန်သူများ ဖြစ်ကြသည်။
ထိုသို့မဟုတ်ပါက ချီလျန်မျိုးနွယ်က သူ့အား အသက်ကယ် ဝှက်ဖဲတစ်ခုခု ပေးသနားထားခဲ့ခြင်း ဖြစ်ရပေမည်။
သို့မဟုတ်ပါက ဤချီမုန် အသက်ရှင်လျက် ပြန်လာနိုင်မည် မဟုတ်ပေ။
ကြက်သွေးရောင်မြွေနဂါးအရှင်ကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီးနောက် ဟန်ယိုထျန်းကျွင်းက အေးစက်စွာ ပြောလိုက်သည်။
" အဲ့ဒီ ကုချန်က ငါတို့နယ်မြေဆီမှာ အညံ့မခံချင်ဘူးဆိုမှတော့... သူ အသက်ဆက်ရှင်နေစရာ အကြောင်း မရှိတော့ဘူး... ဒီကိစ္စကို ရွှမ်ချင်းထျန်းကျွင်းဆီ ဒီအရှင်က အစီရင်ခံပြီးတာနဲ့... အဲ့ဒီ ကုချန်နဲ့ အဆုံးမဲ့ကမ္ဘာကို အတူတကွ ဖျက်ဆီးပစ်ကြတာပေါ့ "
ရွှမ်ချင်းထျန်းကျွင်း!
ဟန်ယိုထျန်းကျွင်း နှုတ်ဖျားမှ ဤနာမည်ကို ကြားလိုက်ရသည့်အခါ ချီမုန်၏ ရင်ထဲတွင် တင်းကျပ်သွားခဲ့၏။
ရွှမ်ချင်းထျန်းကျွင်း၏ နာမည်ကို သူ သိရှိထားသည်မှာ သဘာဝကျသည်။
အဘယ်ကြောင့်ဆိုသော် ရွှမ်ယိုနန်းတော်၏ 'ရွှမ်' ဆိုသည်မှာ ဤ ရွှမ်ချင်းထျန်းကျွင်းကို ရည်ညွှန်းခြင်း ဖြစ်သောကြောင့်ပင်။
ရွှမ်ချင်းထျန်းကျွင်းနှင့် ဟန်ယိုထျန်းကျွင်း တို့သည်... ရွှမ်ယိုနန်းတော်အတွင်းရှိ အထွတ်အထိပ် အုပ်စိုးသူနှစ်ဦး ဖြစ်ကြသော်လည်း... ရွှမ်ချင်းထျန်းကျွင်း၏ အဆင့်အတန်းသည် ဟန်ယိုထျန်းကျွင်းထက် ပိုမို မြင့်မြတ်ပေသည်။
ဟန်ယိုထျန်းကျွင်းမှ ထုတ်မပြောသော်လည်း သခင့်ကို အလွန် အလေးထားကြောင်း ပေါ်လွင်နေသည်။
ချီမုန်၏စိတ်ထဲတွင် သတိထားလိုက်မိသည်။
ပုံမှန်ဆိုလျှင်... တစ်စုံတစ်ယောက်မှ သူ၏ကမ်းလှမ်းမှုကို ငြင်းပယ်သည်ဟု ကြားပါက... ဟန်ယိုထျန်းကျွင်းသည် စကားတစ်ခွန်းတည်းဖြင့် ဆုံးဖြတ်ချက်ချကာ... ရွှမ်ယိုနန်းတော်မှ အင်အားကြီးသူများကို စေလွှတ်၍ သိမ်းပိုက်စေမည် ဖြစ်သည်။
သို့သော် ယခုတွင်... ဟန်ယိုထျန်းကျွင်းသည် ရွှမ်ချင်းထျန်းကျွင်းကို ဦးစွာ အစီရင်ခံပြီးမှ... ဆုံးဖြတ်ချက်ချရန် ဆန္ဒရှိနေသည်။
ဤအရာက ဘာကို ပြသနေသနည်း။ ဟန်ယိုထျန်းကျွင်းသည် သခင်ကို ဤသို့ ပြုမူရလောက်အောင် အရေးပါသူဟု သတ်မှတ်ထားခြင်းကို ညွှန်ပြနေပေသည်။
ဟန်ယိုထျန်းကျွင်းက တကယ်ပင် မတုံးအပေ။
ချီမုန်သည် တိတ်ဆိတ်စွာ တွေးတောလိုက်သည်။ ကမ္ဘာပျက်ကပ် စကြဝဠာကို ကြံ့ကြံ့ခံနိုင်ပြီး မသေဆုံးခဲ့ခြင်းကြောင့်... ဟန်ယိုထျန်းကျွင်းသည် သခင့်ကို အနည်းဆုံး ထျန်းကျွင်းအဆင့်ရှိသူဟု ယူဆထားပုံရသည်။
သို့သော် ဟန်ယိုထျန်းကျွင်းက မည်မျှပင် အရေးပေးသည်ဖြစ်စေ... သခင်သည် ထျန်းကျွင်းအဆင့်တွင် မဟုတ်ဘဲ... ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်တွင် ရှိနေကြောင်းကိုမူ... ခန့်မှန်းနိုင်မည် မဟုတ်ပေ။
ချီမုန်သည် စိတ်ထဲ၌ တွေးလိုက်၏။
အကယ်၍... ဟန်ယိုထျန်းကျွင်းက သခင့်ကို သာမန် ထျန်းကျွင်းအဆင့်လောက်သာ သဘောထားမည်ဆိုလျှင်... ရွှမ်ယိုနန်းတော်သည် သေချာပေါက် ကြီးစွာသော ဆုံးရှုံးမှုကို ကြုံတွေ့ရပေလိမ့်မည်။
သို့သော် ချီမုန်သည် ဤအချက်ကို ဟန်ယိုထျန်းကျွင်းအား ပြောပြမည် မဟုတ်ပေ။
တစ်ဖက်လူက .. သဘောထားကွဲလွဲသူများကို ဖယ်ရှားရန် ကြံစည်နေပြီး... သူ့ကိုလည်း ရှင်းပစ်ချင်နေခဲ့သည်။ ထိုစာရင်းကို သူ မရှင်းရသေးဘဲနှင့်... သခင်၏ အင်အားအစစ်အမှန်ကို သူ့အား မည်သို့ ပြောပြမည်နည်း။
" ကောင်းပြီ... မင်း ထွက်သွားလို့ရပြီ "
ဟန်ယိုထျန်းကျွင်းသည် ချီမုန်ကို တစ်ချက်ပြန်ကြည့်လိုက်ပြီးနောက် အကြည့်ကို ရုပ်သိမ်းလိုက်ကာ ဂရုမစိုက်တော့ပေ။
ချီမုန် အသက်ရှင်ကျန်ရစ်ခြင်းက... ဟန်ယိုထျန်းကျွင်းအတွက် မမျှော်လင့်ထားသော ကိစ္စဖြစ်သော်လည်း... ယခုအချိန်တွင် သူ့အပေါ် တစ်စုံတစ်ရာ ထပ်မံပြုလုပ်ရန် မသင့်တော်ပေ။
ချီလျန်မျိုးနွယ်၏ ရှေးဟောင်းဘိုးဘေး သေဆုံးသွားပြီ ဖြစ်သော်လည်း... အရှိန်အဝါ အနည်းငယ် ကျန်ရှိနေသေးရာ... ပစ်မှတ်ထားလွန်းပါက အကျိုးမရှိနိုင်ဘဲ... တစ်ဖက်လူ၏ တန်ပြန်တိုက်ခိုက်မှုကိုသာ ဖြစ်ပေါ်စေနိုင်သည်။
ဒီတစ်ကြိမ် သူ ကံကောင်းသွားသည်။ နောက်တစ်ကြိမ်တွင်မူ ဤမျှလွယ်ကူမည် မဟုတ်တော့။
" ဟုတ်ကဲ့ပါ "
ဟန်ယိုထျန်းကျွင်းက သူ့ကို ထပ်မံ မစစ်ဆေးတော့သည်ကို မြင်သောအခါ ချီမုန်သည် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။
ဤနေရာမှ ထွက်ခွာပြီးနောက်... သူသည် နေရာရွှေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ ချက်ချင်း တက်လှမ်းကာ... ရွှမ်ယိုနတ်ဆိုးနယ်မြေမှ ထွက်ခွာသွားတော့သည်။
သူသည် ချီလျန်မျိုးနွယ်ထံသို့ ချက်ချင်း ပြန်သွားပြီး... သူ၏ မိခင်ဖြစ်သူအား အညံ့ခံလိုက်သည့် ကိစ္စကို... အသိပေးချင်နေပြီ ဖြစ်သည်။