အခန်း (၂၁၇-၂၁၈)
Vol. 16 Ch. 217-218
အခန်း (၂၁၇) - သားအမိနှစ်ယောက် ဆုံတွေ့ခြင်း၊ နောက်ကွယ်မှ ပူးပေါင်းကြံစည်မှု၊ နတ်ဆိုး၏ အစပြုခြင်း
ခရမ်းရောင်ငရဲနတ်ဆိုးနယ်မြေ... ချီလျန်မျိုးနွယ်ဘိုးဘေးနယ်မြေ.....
နယ်မြေနှစ်ခုကို ဆက်သွယ်ထားသော နေရာရွှေ့ပြောင်းခြင်း အစီအရင် လင်းလက်လာပြီး ချက်ချင်းဆိုသလိုပင် ချီမုန်၏ပုံရိပ်သည် အစီအရင်ထဲမှ ထွက်ပေါ်လာသည်။
ရွှမ်ယိုနတ်ဆိုးနယ်မြေနှင့် ခရမ်းရောင်ငရဲနတ်ဆိုးနယ်မြေတို့သည်... မိုင်သန်းထောင်ချီ ကွာဝေး၏။ အကယ်၍ ခြေလျင်ခရီးသက်သက်ဖြင့် သွားမည်ဆိုပါက... အရှင်သခင်အဆင့်ရှိသူပင် အချိန်အတန်ကြာ သွားလာရမည်ဖြစ်သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့်... ချီလျန်မျိုးနွယ်သည် နယ်မြေနှစ်ခုကို ဆက်သွယ်ပေးသည့် နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်ထားသဖြင့်... ချီမုန်သည် မျက်စိတစ်မှိတ်အတွင်း သွားလာနိုင်ခြင်းဖြစ်သည်။
" ငါ အမေနဲ့ ချက်ချင်း တွေ့ဖို့လိုတယ် "
နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ ထွက်လာသည်နှင့် ချီမုန်သည် တစ်ခဏမျှပင် တုံ့ဆိုင်းမနေဘဲ... ချီလျန်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သူ သူ၏မိခင် ချီလျိုနှင့် တွေ့ဆုံရန်... ချက်ချင်း အပြေးသွားလိုက်သည်။
အချိန်သည် အလွန်အရေးကြီးကြောင်း ချီမုန် သိထားသည်။
ရွှမ်ယိုနန်းတော်မှ ရွှမ်ချင်းထျန်းကျွင်းသည် လွန်ခဲ့သော ရက်အနည်းငယ်က... ရွှမ်ယိုနန်းတော်မှ အင်အားကြီးသူများကို ဦးဆောင်ကာ နယ်မြေတစ်ခုကို သွားရောက်ဖျက်ဆီးခဲ့ပြီး... မကြာမီ ပြန်ရောက်လာတော့မည်ဖြစ်သည်။
ရွှမ်ချင်းထျန်းကျွင်း ပြန်ရောက်လာသည်နှင့်... ဟန်ယိုထျန်းကျွင်းသည် သခင်အကြောင်း သူ့ကို သေချာပေါက် ပြောပြလိမ့်မည်ဖြစ်ပြီး... ထိုအချိန်တွင် ရွှမ်ယိုနန်းတော်သည် သခင်ကို မလွဲမသွေ ပစ်မှတ်ထားလာပေလိမ့်မည်။
ရွှမ်ယိုနန်းတော် တစ်ခုတည်းအနေဖြင့်... သခင်အား ယှဉ်နိုင်မည် မဟုတ်ကြောင်း ချီမုန် ခံစားမိသော်လည်း.....
ဤအခြေအနေသည်... ချီလျန်မျိုးနွယ်အနေဖြင့် ကုချန်အပေါ် သစ္စာရှိကြောင်း ပြသရန် အခွင့်ကောင်းတစ်ခုဟု... သူ ယုံကြည်ထားသည်။
ထို့ကြောင့် သူသည် မည်သို့ဆက်လက် လုပ်ဆောင်ရမည်ကို... မိခင်ဖြစ်သူနှင့် ဆွေးနွေးတိုင်ပင်ရန်... ခရမ်းရောင်ငရဲနတ်ဆိုးနယ်မြေသို့ အလျင်အမြန် ပြန်လာခဲ့ခြင်းဖြစ်သည်။
မကြာမီတွင်... ချီမုန်သည် ချီလျန်မျိုးနွယ်ဘိုးဘေးနယ်မြေ၏ နက်ရှိုင်းသောအပိုင်းရှိ... ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးသို့ ရောက်ရှိလာသည်။
ခန်းမဆောင်၏ အတွင်းပိုင်းတွင် အနီရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော ဆွဲဆောင်မှုရှိသည့် ပုံရိပ်တစ်ခုသည် ရာဇပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေလေသည်။
" အမေ! "
ခန်းမဆောင်အတွင်းပိုင်းရှိ ပုံရိပ်ကို မြင်လိုက်ရသည်နှင့် ချီမုန်သည် ဝမ်းသာအားရ အော်ဟစ်လိုက်၏။
" ချီမုန်? "
နူးညံ့ပြီး ညှို့ဓာတ်ပြင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး... ချက်ချင်းဆိုသလိုပင် ရာဇပလ္လင်ပေါ်မှ ကျက်သရေရှိသော ပုံရိပ်သည်... ချီမုန်၏ ဘေးနားသို့ ရောက်ရှိလာသည်။
သူသည် ချီမုန်နှင့် မျက်နှာပေါက် အနည်းငယ်ဆင်တူသော လှပသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး... မီးတောက်ကဲ့သို့သော အနီရောင်ဆံနွယ်များကို ပိုင်ဆိုင်ထားကာ... ချီမုန်ထက် ပိုမိုကျက်သရေရှိပြီး မြင့်မြတ်သော အသွင်အပြင် ရှိ၏။
ချီလျိုသည် ချီမုန်ကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်ပြီး... ဘေးကင်းကြောင်း တွေ့ရှိရသောအခါ... သက်ပြင်းချလိုက်မိသည်။ သို့သော်... တစ်စုံတစ်ခုကို သတိရသွားသည့်အလား... သူ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားကာ ပြောဆိုလိုက်သည်။
" သမီး ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ... ရွှမ်ယိုနန်းတော်က သမီးကို အခက်တွေ့အောင် လုပ်နေလို့လား? "
သူ၏သမီးသည် ရွှမ်ယိုနတ်ဆိုးနယ်မြေတွင်... ကောင်းမွန်စွာ တာဝန်ထမ်းဆောင်နေသော်လည်း... ယခု ရုတ်တရက် ပြန်ရောက်လာ၏။ အထူးသဖြင့်... ချီလျန်မျိုးနွယ်၏ ရှေးဟောင်းဘိုးဘေး ကွယ်လွန်သွားချိန်ဖြစ်သော ဤအရေးကြီးသည့်ကာလတွင် ဖြစ်နေသဖြင့်... ချီလျိုအနေဖြင့် မတွေးဘဲ မနေနိုင်အောင် ဖြစ်ရသည်။
" အမေ... စိတ်မပူပါနဲ့... သမီး ဘာမှမဖြစ်ပါဘူး "
ချီလျို၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများကို မြင်လိုက်ရသောအခါ ချီမုန်သည် သူကို အမြန်ဆုံး နှစ်သိမ့်လိုက်၏။
" ကြည့်ရတာ ငါတို့ ချီလျန်မျိုးနွယ်ရဲ့ ရှေးဟောင်းဘိုးဘေး ကွယ်လွန်သွားတဲ့ သတင်းကို တခြားနယ်မြေတွေ မသိအောင် ဖုံးဖိထားလို့ မရခဲ့ဘူးနဲ့ တူတယ် "
ချီမုန်၏နှစ်သိမ့်စကားများကို နားထောင်ပြီးနောက် ချီလျိုသည် တိုးညင်းစွာ သက်ပြင်းချလိုက်၏။
သားအမိနှစ်ယောက်သည် စိတ်ချင်းဆက်စပ်နေကြသည်။ ရွှမ်ယိုနန်းတော်မှ သူ့ကို အခက်တွေ့အောင် လုပ်မလုပ် မေးခွန်းကို... သမီးဖြစ်သူက တိုက်ရိုက် မဖြေကြားသော်လည်း... ချီလျို နားလည်လိုက်ပြီဖြစ်သည်။
ရှေးဟောင်းဘိုးဘေး ကွယ်လွန်သွားသည့် သတင်းကို ဤနယ်မြေများတစ်လျှောက် သိရှိနေကြပုံရသည်။
သို့မဟုတ်ပါက ရွှမ်ယိုနန်းတော် အငယ်စားလေးမှ ချီလျန်မျိုးနွယ်ဝင်တစ်ဦးကို ပစ်မှတ်ထားရဲမည် မဟုတ်ပေ။
ချီလျို၏ လှပသော မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
ချီလျန်မျိုးနွယ်သည် နတ်ဆိုးနယ်မြေကို အညံ့ခံခဲ့ပြီးကတည်းက... အမြဲတစေ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ပြီး... အခြားနယ်မြေများနှင့် ပဋိပက္ခဖြစ်ပွားရန် ဘယ်သောအခါမျှ မဝံ့ရဲခဲ့ပေ။ သွေးထွက်သံယိုမှုများနှင့် ပေးဆပ်ရမှုများကို ရင်ဆိုင်ရသည့်တိုင်... ချီလျန်မျိုးနွယ်ဝင်များသည် ဘယ်သောအခါမျှ နောက်မဆုတ်ခဲ့ဘဲ... အမြဲတမ်း ရှေ့တန်းမှ ဦးဆောင်ခဲ့ကြသည်။
သို့သော် ထိုအရာက မည်သည့်ရလဒ်ကို ရရှိစေခဲ့သနည်း။
ရှီမိုကောင်းကင်အောက်ရှိ... နတ်ဆိုးနယ်မြေအသီးသီးမှ ဒေသခံအင်အားစုများသည် ချီလျန်မျိုးနွယ်ကို သူတို့လူဟူ၍ သဘောမထားခဲ့ကြဘဲ... အမြဲတစေ ဖယ်ကြဉ်ထားခဲ့ကြသည်။ နှစ်များစွာ ကြာလာသည်နှင့်အမျှ ဤအရာက ချီလျန်မျိုးနွယ်၏ အခြေအနေကို ပိုမိုခက်ခဲလာစေသည်။
ရွေးချယ်စရာ မရှိတော့သည့်အဆုံး... ချီလျန်မျိုးနွယ်သည် နယ်မြေအသီးသီးက ချီလျန်မျိုးနွယ်ကို ဆက်လက်ပစ်မှတ်မထားတော့ရန် မျှော်လင့်ချက်ဖြင့်... ၎င်း၏အဖွဲ့ဝင်များကို နယ်မြေအသီးသီးသို့ စေလွှတ်၍ အမှုထမ်းစေခဲ့ရသည်။
သို့မဟုတ်ပါက... ဂုဏ်ရှိန်ကြီးမားသော ချီလျန်မျိုးနွယ်၏ သခင်မငယ်ဖြစ်သည့် ချီမုန်သည်... အဘယ်ကြောင့် မိမိကိုယ်ကို နှိမ့်ချကာ... ရွှမ်ယိုနန်းတော်အောက်တွင် အမှုထမ်းနေရမည်နည်း။
သို့သော် ယခုအခါ... ရှေးဟောင်းဘိုးဘေး ကွယ်လွန်သည့်သတင်း ပျံ့နှံ့သွားသည်နှင့်... အနည်းငယ် အားနည်းသော နတ်ဆိုးနယ်မြေများပင်... ချီလျန်မျိုးနွယ်ကို ဂရုမစိုက်ဖြစ်လာကြသည်။ ဤအရာသည် အမှန်ကို.....
ချီလျိုသည် ဒေါသနှင့် ဝမ်းနည်းမှုကို ခံစားရသော်လည်း... မတတ်သာသည့်အဆုံး သမီးဖြစ်သူကိုသာ... ကြင်နာစွာ ကြည့်နေနိုင်တော့သည်။
ကံကောင်းထောက်မစွာဖြင့် ချီမုန် ဘာမှမဖြစ်ခဲ့ပေ။ သို့မဟုတ်ပါက သူ ဘာလုပ်မိမည်ကို တကယ်မသိတော့ပေ။
" ရှေးဘိုးဘေး ကွယ်လွန်တဲ့ သတင်းကို ရှီမိုကောင်းကင် တစ်ခုလုံး သိနေကြပုံရတယ် "
ချီမုန်မှ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
" ဒါ့အပြင် သမီးအမြင်အရဆိုရင်... ဒါက ရှီမိုကောင်းကင် အထက်ပိုင်းတွေရဲ့ ရည်ရွယ်ချက်တောင်... ဖြစ်နိုင်တယ် "
" ရှီမိုကောင်းကင် အထက်ပိုင်းတွေရဲ့ ရည်ရွယ်ချက်? "
ချီလျို၏ နူးညံ့သော မျက်ခုံးများ တွန့်သွားပြီး တုံ့ဆိုင်းစွာဖြင့် မေးမြန်းလိုက်သည်။
" သမီး ဆိုလိုတာက..... "
" အမေ... အမေ ကိုယ်တိုင်လဲ ရှင်းရှင်းလင်းလင်း ခန့်မှန်းမိနေတာပဲ... ဘာလို့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေဦးမှာလဲ? "
ချီမုန်သည် ခါးသီးစွာ ပြုံးလျက် ပြောဆိုလိုက်၏။
" ရှေးဘိုးဘေးက တို့ ချီလျန်မျိုးနွယ်ရဲ့ ခက်ခဲတဲ့ အခြေအနေကို မြင်ပြီး... စွန့်စားရတဲ့ လျှို့ဝှက်အဆင့်တက်လှမ်းမှုကို ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တယ် ဆိုတာ... တစ်မျိုးနွယ်လုံးမှာ အမေနဲ့ သမီးပဲ သိတာလေ... တို့နှစ်ယောက်ကလွဲရင် တတိယလူ မသိခဲ့ဘူး.....
ပြီးတော့ ရှေးဘိုးဘေး အဆင့်တက်လှမ်းဖို့ မအောင်မြင်ခဲ့တာ ဘယ်လောက်ကြာသေးလို့လဲ... ဒါပေမယ့် တခြား နတ်ဆိုးနယ်မြေတွေအားလုံးက ရှေးဘိုးဘေး ကွယ်လွန်တဲ့ သတင်းကို သိနေကြပြီ... အမေ ပြောကြည့်ပါဦး... ဒီသတင်းက ဘယ်ကနေ ရောက်လာနိုင်မှာလဲ? "
ချီမုန်၏စကားများကို နားထောင်ရင်း ချီလျိုသည် တိတ်ဆိတ်သွား၏။
ချီလျန်မျိုးနွယ်၏ ရှေးဘိုးဘေးသည် အင်မော်တယ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ နောက်ထပ် တစ်ဆင့်သာ တက်လှမ်းလိုက်ပါက သူသည် ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင်အဆင့်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
အကယ်၍... ချီလျန်မျိုးနွယ်၏ ရှေးဘိုးဘေးသာ အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့လျှင်... သူသည် မြင့်မြတ် အစွမ်းထက်သော အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာမည်ဖြစ်ပြီး... ဒဏ္ဍာရီလာ ရှီမိုထျန်းကျွင်းနှင့်ပင် ရင်ဘောင်တန်းနိုင်မည်ဖြစ်သည်။
အကယ်၍ ထိုနေ့သာ တကယ် ရောက်လာခဲ့လျှင်... ချီလျန်မျိုးနွယ်သည် မည်သူ့ကိုမှ မှီခိုနေစရာ မလိုတော့ဘဲ... ဤကျယ်ပြန့်လှသော နတ်ဆိုးနယ်မြေတွင်... ကိုယ်ပိုင်ရပ်တည်ချက်ဖြင့် ရှင်သန်နိုင်မည်ဖြစ်သည်။
သို့သော် ကံဆိုးစွာဖြင့်... ချီလျိုတို့ ခါးသီးစွာ စောင့်ဆိုင်းနေခဲ့သော်လည်း... နောက်ဆုံးတွင် ရှေးဘိုးဘေး၏ ဝိညာဉ်ကျောက်ပြား ကွဲကြေသွားသည့် သတင်းကိုသာ... လက်ခံရရှိခဲ့သည်။
ဝိညာဉ်ကျောက်ပြား ကွဲကြေသွားခြင်းသည်... ရှေးဘိုးဘေး၏ လျှို့ဝှက်အဆင့်တက်လှမ်းမှု မအောင်မြင်ခဲ့ကြောင်းနှင့်... သူ၏ ဝိညာဉ်လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို ပြသသည်။
ချီမုန် ပြောသကဲ့သို့ပင် ရှေးဘိုးဘေး၏ လျှို့ဝှက်အဆင့်တက်လှမ်းမှု ကိစ္စကို ချီလျန်မျိုးနွယ်တစ်ခုလုံးတွင် သူနှင့် ချီမုန်သာ သိရှိခဲ့သည်။
သို့သော် ယခုတွင်... ရှေးဘိုးဘေး ကွယ်လွန်ပြီး မကြာမီမှာပင် ချီလျန်မျိုးနွယ်ဝင်များပင် မသိရှိသေးချိန်၌... အခြား နတ်ဆိုးနယ်မြေများအားလုံးက သတင်းရရှိပြီးနေကြပြီဖြစ်သည်။
သေချာသည်မှာ... ဤအရာသည် တစ်စုံတစ်ယောက်မှ ဤနတ်ဆိုးနယ်မြေများကို... သတင်းပေးလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် သတင်းပေးလိုက်သူသည် တကယ်ပင် ရှီမိုကောင်းကင်မှ လာသူဖြစ်နေသလော.....
ချီလျို တုံ့ဆိုင်းနေမိသည်။
ဤရလဒ်ကို သူ မယုံကြည်လိုဘူးဟု ပြောခြင်းထက် မယုံချင်ဘူးဟု ပြောခြင်းက ပိုမှန်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်... သတင်းသည် ရှီမိုကောင်းကင်မှ လာသည်ဆိုလျှင်... အဓိပ္ပာယ်တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ... အထွတ်အထိပ် ရှီမိုထျန်းကျွင်း ကိုယ်တိုင်ဟာလည်း... ချီလျန်မျိုးနွယ်ကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင်သည်။
ရှီမိုကောင်းကင်သည် ကျယ်ပြောလှပြီး အဆုံးမရှိသောကြောင့်... မြင့်မြတ်ပြီး အစွမ်းထက်သော ရှီမိုထျန်းကျွင်း တစ်ဦးတည်းသာလျှင်... ရှီမိုကောင်းကင်အတွင်းရှိ ရာပေါင်းများစွာသော နတ်ဆိုးနယ်မြေများ၏ လှုပ်ရှားမှုမှန်သမျှကို... တစ်ခုမျှ လွတ်မသွားစေဘဲ စောင့်ကြည့်နိုင်စွမ်း ရှိပေသည်။
" ရှီမိုထျန်းကျွင်းက အရမ်း မြင့်မြတ်ပြီး အစွမ်းထက်လို့ သမီးတို့ ချီလျန်မျိုးနွယ်ကို ပစ်မှတ်ထားစရာ မလိုဘူးလို့ အမေ ထင်နေတာလား? "
ချီမုန်သည် ချီလျို၏အတွေးများကို ဖတ်မိသည့်အလား မထီမဲ့မြင် ပြုံးလိုက်ပြီး ပြောသည်။
" အခု နတ်ဆိုးနယ်မြေထဲက ကောင်းကင်ဘုံအားလုံးမှာ... သူတို့ရဲ့ သခင်တွေ ရှိကြတယ်... သမီးတို့ ချီလျန်မျိုးနွယ်ကလဲ ရှီမိုကောင်းကင်အတွင်းမှာ ရှိနေတာပဲ... တကယ်လို့ ရှေးဘိုးဘေးသာ အောင်အောင်မြင်မြင် အဆင့်တက်လှမ်းနိုင်ခဲ့ရင်... ဒါက ရှီမိုထျန်းကျွင်းအတွက် ကောင်းမွန်တဲ့အရာ ဖြစ်လာမလား၊ ဆိုးရွားတဲ့အရာ ဖြစ်လာမလားဆိုတာ... အမေ စဉ်းစားကြည့်ပါဦး? "
" ..... "
ချီလျိုသည် တိတ်ဆိတ်သွား၏။
နတ်ဆိုးနယ်မြေသည် ကျယ်ပြောလှပြီး အဆုံးမရှိသော်လည်း အမှန်တကယ် အထွတ်အထိပ် ရတနာမြေများကို အင်မော်တယ်ဘုရင်အသီးသီးက သိမ်းပိုက်ထားပြီး ဖြစ်သည်။
အကယ်၍ ချီလျန်မျိုးနွယ်၏ ရှေးဘိုးဘေးသာ အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့လျှင်... နတ်ဆိုးနယ်မြေ အထက်ပိုင်းသည် ရှီမိုကောင်းကင်မှ အထွတ်အထိပ် ရတနာမြေအချို့ကို... ချီလျန်မျိုးနွယ်၏ ရှေးဟောင်းဘိုးဘေးအား ပေးသနားရန် အမိန့်ပေးလိမ့်မည် မဟုတ်ဟု... မည်သူ အာမခံနိုင်မည်နည်း။
ဤသည်မှာ သေချာပေါက် ရှီမိုထျန်းကျွင်းအတွက် အလွန် အကျိုးယုတ်စေမည့် ကိစ္စပင် ဖြစ်သည်။
အခန်း (၂၁၈) - သခင့်သဘောထားကို ခန့်မှန်းခြင်း၊ ချီမုန် အရည်အချင်းပြခြင်း၊ ရွေးချယ်စရာမရှိတော့ခြင်း
" ရှီမိုထျန်းကျွင်းများ ဖြစ်နေမလား... ဒါပေမဲ့ သူက မြင့်မြတ်တဲ့ အင်မော်တယ်ဘုရင်တစ်ပါးလေ... ဘာကိစ္စကြောင့်များ...? "
ချီလျိုအနေဖြင့် လက်ခံရန် ခက်ခဲနေဆဲပင်။
ရှီမိုထျန်းကျွင်းသည် ရှီမိုကောင်းကင်ဘုံအောက်ရှိ နတ်ဆိုးနယ်မြေရာပေါင်းများစွာကို နှစ်ပေါင်းမရေမတွက်နိုင်အောင် အုပ်စိုးလာခဲ့သူ ဖြစ်သည်။ ထိုမျှ ရှေးကျပြီး မြင့်မြတ်သော ဖြစ်တည်မှုမျိုးက မိမိကိုယ်ကို နှိမ့်ချပြီး ချီလျန်မျိုးနွယ်ကို ပစ်မှတ်ထားပါ့မည်လော။
ထို့အပြင်... သူသာ ချီလျန်မျိုးနွယ်ကို အမှန်ပင် ပစ်မှတ်ထားချင်သည်ဆိုလျှင်ပင်... တစ်ချက်ကြည့်လိုက်ရုံမျှဖြင့်ပင် ပျက်စီးသွားစေနိုင်သည်ဖြစ်ရာ... အဘယ်ကြောင့် ဤမျှ အားစိုက်ထုတ်နေရမည်နည်း။
" အင်မော်တယ်ဘုရင်ဖြစ်တော့ ဘာဖြစ်လဲ... အကျိုးအမြတ်ရှေ့မှာ သူက သာမန်လူတွေနဲ့ မထူးခြားပါဘူး... ပိုတောင် ယုတ်မာနိုင်သေးတယ် "
ချီမုန်သည် မဲ့ပြုံးပြုံးလျက် ပြောဆိုလိုက်သည်။ သူ၏ မျက်ဝန်းများသည် အရာရာကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေသယောင်ပင်။
" ဒီကိစ္စကို ရှီမိုထျန်းကျွင်း ကိုယ်တိုင်လုပ်တာ မဟုတ်လောက်ဘူး... ဒါပေမဲ့ သူနဲ့ သေချာပေါက် ပတ်သက်နေတယ်... သူက ချီလျန်မျိုးနွယ်ကို ပစ်မှတ်ထားချင်တဲ့ ဆန္ဒရှိရုံနဲ့တင်... လူတော်တော်များများက သူ့အလိုကို 'ခန့်မှန်း' ပြီး သူ့အစား လုပ်ပေးကြမှာပဲ.....
ပြီးတော့... သူကိုယ်တိုင် ဘာလို့ မလှုပ်ရှားရသလဲဆိုတာက ရှင်းပြဖို့ ပိုတောင်လွယ်သေးတယ်... နတ်ဆိုးနယ်မြေရဲ့ ဂုဏ်သရေရှိ ထျန်းကျွင်းတစ်ပါးက လက်အောက်ခံအင်အားစုကို ကိုယ်တိုင်ဖိနှိပ်တယ်ဆိုရင်... သတင်းပေါက်ကြားသွားတဲ့အခါ သိက္ခာကျစရာ ဖြစ်နေမှာပေါ့.....
တကယ်လို့ လက်အောက်ကလူတွေကို ခိုင်းလိုက်ရင်... သတင်းပေါက်ကြားသွားရင်တောင် ရှီမိုထျန်းကျွင်းနဲ့ ဘာမှမဆိုင်သလို... နေလို့ရတယ်လေ "
" ဟူး..... "
ချီလျို သက်ပြင်းချလိုက်သည်။ သူ၏မျက်ဝန်းများတွင် မျှော်လင့်ချက်မဲ့နေပုံရကာ ချီမုန်၏ ခန့်မှန်းချက်ကို လက်ခံလိုက်ပုံရသည်။
" ဒီလောက်ကျယ်ပြန့်တဲ့ ကောင်းကင်အောက်မှာ ငါတို့ ချီလျန်မျိုးနွယ်အတွက် နားခိုစရာနေရာ ဘယ်မှာရှိပါ့မလဲ..... "
ချီလျန်မျိုးနွယ်၏ ခေါင်းဆောင်တစ်ဦးအနေဖြင့်... သူသည် အခြားမျိုးနွယ်ဝင်များ၏ ရှေ့မှောက်တွင်... ဤကဲ့သို့ စိုးရိမ်ပူပန်သော ခံစားချက်များကို... မည်သည့်အခါမျှ ထုတ်ပြလိမ့်မည် မဟုတ်ပေ။ မိမိ၏ သမီးအရင်းရှေ့တွင်သာ... သူ၏ခံစားချက်အမှန်ကို ဖွင့်ဟခြင်းဖြစ်သည်။
သို့သော်... ဤဇဝေဇဝါဖြစ်မှုသည် ချီလျို၏ မျက်နှာပေါ်တွင် ခဏတာမျှသာ တည်ရှိပြီး... လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
" မင်းပြောတာ မှန်တယ်... ရှီမိုထျန်းကျွင်းက ငါတို့ကို ပစ်မှတ်ထားနေမှတော့ ငါတို့ အစီအစဉ်တွေ ပိုဆွဲထားပြီး... ကြိုတင်ပြင်ဆင်ထားမှ ဖြစ်မယ်..... "
ချီလျို၏အကြည့်များမှာ စူးရှသွားပြီး မျိုးနွယ်ခေါင်းဆောင်တစ်ဦး၏ ဂုဏ်အိန္ဒြေ ပြန်လည်ရရှိလာ၏။
" ရှီမိုကောင်းကင်ဘုံကို အားကိုးလို့မရတော့ဘူးဆိုရင်... တစ်ခြား နတ်ဆိုးနယ်မြေတွေနဲ့ သွားဆွေးနွေးမယ်... ဒီလောက်ကျယ်ပြောတဲ့ နတ်ဆိုးနယ်မြေကြီးမှာ... ငါတို့ ချီလျန်မျိုးနွယ်အတွက် နေရာမရှိဘူးဆိုတာ မယုံနိုင်ဘူး..... "
အမှန်တကယ်တွင်မူ... နတ်ဆိုးနယ်မြေအသီးသီးမှ ထျန်းကျွင်းများသည်... ၎င်းတို့၏ လက်အောက်ခံ နတ်ဆိုးနယ်မြေများအတွင်း... အင်အားကြီးသူများ ပေါ်ထွက်လာခြင်းကို... ဝမ်းမြောက်စွာ ကြိုဆိုလေ့ရှိကြသည်။ အင်မော်တယ်ဘုရင်တစ်ပါး မွေးဖွားလာနိုင်လျှင်... ပို၍ပင် ကောင်းမွန်သေးသည်။
အဘယ်ကြောင့်ဆိုသော်... ယင်းက ၎င်းတို့အတွက် ယုံကြည်စိတ်ချရသော အကူအညီတစ်ခု ရရှိစေပြီး... နတ်ဆိုးနယ်မြေရှိ ၎င်းတို့၏ သြဇာအာဏာကိုလည်း... ကြီးထွားလာစေသောကြောင့် ဖြစ်သည်။
သို့သော် ဤသည်မှာ ပုံမှန်အခြေအနေအောက်တွင်သာ ဖြစ်ပြီး ချီလျန်မျိုးနွယ်မှာမူ ခြွင်းချက်ဖြစ်သည်။
အကြောင်းမှာ ချီလျန်မျိုးနွယ်သည် နတ်ဆိုးနယ်မြေ၏ မူလမျိုးနွယ်စု မဟုတ်သောကြောင့်ပင်။
ရှီမိုကောင်းကင်ဘုံအောက်ရှိ ဒေသတစ်ခုတွင်... သူတို့ မူလက နေရာချထားခံရခြင်းသည် ရှီမိုထျန်းကျွင်း၏ ရည်ရွယ်ချက်မဟုတ်ဘဲ... နတ်ဆိုးနယ်မြေ အထက်ပိုင်းအာဏာပိုင်များ၏ ဆန္ဒသာဖြစ်သည်။
ထို့ကြောင့် ချီလျန်မျိုးနွယ်အား... ရှီမိုထျန်းကျွင်း၏ ယုံကြည်ရသော အင်အားစုအဖြစ် မသတ်မှတ်နိုင်သလို... ရှီမိုထျန်းကျွင်း၏ မျက်နှာသာပေးမှုကိုလည်း မရရှိနိုင်ပေ။
ထိုသို့ဖြစ်ရာ အခြား နတ်ဆိုးနယ်မြေများတွင် အခြေချရန်မှာလည်း မည်သို့ လွယ်ကူနိုင်မည်နည်း။
ရှီမိုထျန်းကျွင်းသာ ဤသို့ဖြစ်နေလျှင်... အခြား နတ်ဆိုးနယ်မြေမှ အရှင်သခင်များသည်လည်း... ထိုနည်းလည်းကောင်း မဖြစ်နိုင်ဘူးဟု မည်သူအာမခံနိုင်မည်နည်း။
ဘိုးဘေးကြီး ရှိစဉ်တုန်းကတော့... သူ၏ကာကွယ်မှုကြောင့် သာမန်နတ်ဆိုးနယ်မြေများက... ချီလျန်မျိုးနွယ်အား ဘာမျှမလုပ်ရဲခဲ့ကြပေ။
ယခု ဘိုးဘေးကြီး ကျဆုံးသွားပြီး... ချီလျန်မျိုးနွယ်တွင် ဆက်ခံသူမရှိတော့သည့်အချိန်၌... မျိုးနွယ်ကို ကာကွယ်ပေးမည့် တာဝန်ကို... မည်သူမျှ မယူနိုင်ကြတော့။ နတ်ဆိုးနယ်မြေတွင် ဆက်လက်ရပ်တည်နိုင်ရန်အတွက်... ချီလျန်မျိုးနွယ်သည် အင်အားကြီးသော အဖွဲ့အစည်း သို့မဟုတ်... ပုဂ္ဂိုလ်တစ်ဦးဦးထံ အမြန်ဆုံး ခိုလှုံရမည်ဖြစ်သည်။
ချီလျို၏ လှပသော မျက်ဝန်းများတွင်... အလင်းရောင်များ လှုပ်ရှားသွားပြီး ချီလျန်မျိုးနွယ်၏ အနာဂတ်ကို... စတင်စဉ်းစားမိလိုက်သည်။
" အမေ! "
ချီလျို အတွေးလွန်နေသည်ကို မြင်သောအခါ ချီမုန်သည် အလျင်အမြန် ဝင်ပြောလိုက်၏။
" တကယ်တော့ သမီး ဒီတစ်ခေါက် ပြန်လာတာ အမေ့ကို ပြောပြစရာရှိလို့ပါ... သမီးတို့ ချီလျန်မျိုးနွယ်... သစ္စာခံဖို့ အသင့်တော်ဆုံးလူကို သမီး ရှာတွေ့ထားပြီ... သခင်သာရှိရင် အနာဂတ်မှာ... ချီလျန်မျိုးနွယ် ထိခိုက်နစ်နာမှာ မဟုတ်တော့ဘူး..... "
" မျိုးနွယ်အတွက် သစ္စာခံရမယ့်သူကို ရှာတွေ့ပြီ? "
ချီမုန်၏စကားကို ကြားလိုက်ရသောအခါ... ချီလျိုသည် ပထမ၌ မှင်သက်သွားပြီးနောက်... ရုတ်တရက် သဘောပေါက်သွားကာ... မျက်နှာထား လုံးဝပြောင်းလဲသွားလျက် မေးမြန်းလိုက်သည်။
" သမီးက 'သခင်' လို့ ပြောလိုက်တာလား... သမီး... မင်း သစ္စာခံလိုက်ပြီလား?! "
မိခင်ဖြစ်သူ၏... ရုတ်ခြည်းပြောင်းလဲသွားသော မျက်နှာထားကို မြင်လိုက်ရသဖြင့်... ချီမုန်မှာ အနည်းငယ် စိုးရိမ်သွားသော်လည်း... အံကိုကြိတ်ကာ ပြောဆိုလိုက်၏။
" ဟုတ်ပါတယ်... သမီး သစ္စာခံလိုက်ပါပြီ... ဝိညာဉ်အမှတ်အသားကိုလဲ ပေးအပ်ပြီးပြီမို့... တစ်သက်လုံး သခင့်ကို သစ္စာဖောက်လို့ မရတော့ပါဘူး! "
" သမီးရယ်... မိုက်မဲလိုက်တာ... အရမ်းမိုက်မဲတာပဲ! "
ချီလျို၏ ရင်ဘတ်များမှာ နိမ့်ချည်မြင့်ချည်ဖြစ်လာကာ... မျက်နှာထားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်... တင်းမာသွား၏။
မျိုးနွယ်ကို ကာကွယ်ပေးနိုင်မည့် အင်အားကြီးသူတစ်ဦးကို ရှာဖွေပြီး သစ္စာခံရန်မှာ... ချီလျန်မျိုးနွယ်မှ ယခင်ကတည်းက ဆုံးဖြတ်ထားသော အစီအစဉ်တစ်ခုဖြစ်ပြီး... ချီလျန်မျိုးနွယ်၏ ဘိုးဘေးကြီးကိုယ်တိုင်လည်း မကန့်ကွက်ခဲ့ပေ။
အကြောင်းမှာ.. ဘိုးဘေးကြီးသည် အင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသော်လည်း... အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် မည်မျှခက်ခဲကြောင်း... သိထားသောကြောင့်ဖြစ်သည်။ သူ အတင်းအကျပ် အဆင့်တက်လှမ်းရန် ကြိုးစားခဲ့ရခြင်းမှာလည်း... ချီလျန်မျိုးနွယ်၏ အခြေအနေမှာ ပိုမိုခက်ခဲလာပြီး.. သူ၏အသက်ဖြင့်ရင်း၍ တိုက်ခိုက်ခြင်းမှတစ်ပါး... ရွေးချယ်စရာမရှိတော့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် အင်အားကြီးသူတစ်ဦးကို ရှာဖွေပြီး သစ္စာခံမည့်အစီအစဉ်သည် ချီလျန်မျိုးနွယ်၏ အနာဂတ်အတွက် ဖြစ်သည်။
သို့သော်... ဤကောင်မလေး ချီမုန်သည်... မည်သို့ ဤမျှ မိုက်မဲရသနည်း။ သစ္စာခံမည့်သူကို ရွေးချယ်မည်ဆိုလျှင်ပင်... သူ့အနေဖြင့် ကြိုတင်အသိပေးသင့်သည် မဟုတ်လော။ သို့မှသာ... ချီလျန်မျိုးနွယ်အနေဖြင့်... သေချာစိစစ် အကဲဖြတ်နိုင်မည် ဖြစ်သည်။
သူတစ်ယောက်တည်း ဘယ်လိုလုပ် ဒီလောက် လောလော ဆုံးဖြတ်ချက်ချလိုက်ရတာလဲ.....
ချီလျို၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေ၏။
ချီမုန်၏ တဇွတ်ထိုး သစ္စာခံလိုက်မှုအပေါ် ဒေါသထွက်မိသော်လည်း... အမှန်တကယ်တွင်မူ သူသည် ချီမုန်၏ ဘေးကင်းလုံခြုံရေးကို... ပိုမိုစိုးရိမ်နေခြင်း ဖြစ်သည်။
ဝိညာဉ်အမှတ်အသားကို ပေးအပ်ခြင်းသည် သာမန် သစ္စာခံခြင်းမျိုး မဟုတ်ပေ။
ယင်းမှာ... သူရွေးချယ်လိုက်သော သခင်မှ... ချီမုန်အား မည်သည့်အရာပင် ခိုင်းစေပါစေ... သူ့အနေဖြင့် နာခံရတော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။
ပုန်ကန်ဖို့မပြောနှင့်... ပုန်ကန်ချင်စိတ် တစ်ချက်ကလေး ဖြစ်ပေါ်လာလျှင်ပင်... တစ်ဖက်လူက သိရှိနိုင်ပြီး... စိတ်အာရုံတစ်ချက်ဖြင့် ချီမုန်အား သေစေနိုင်သည်။
ချီမုန်မှာ သူ၏ သမီးအရင်းဖြစ်သည်။ ချီလျို မည်သို့ မစိုးရိမ်ဘဲ နေနိုင်မည်နည်း။
" အခွင့်အရေးက ခဏလေးပဲ ရတာမို့ သမီးမှာ ရွေးချယ်စရာ မရှိခဲ့ဘူး "
မိခင်ဖြစ်သူ၏ မျက်နှာပေါ်မှ စိုးရိမ်မှုများကို ကြည့်ရင်း ချီမုန်သည် တည်ငြိမ်စွာပင် ပြောဆိုလိုက်သည်။
ကုချန်ကို သစ္စာခံခွင့်ရရန်မှာ ဤတစ်ကြိမ်သာ အခွင့်အရေးရှိကြောင်း သူ သိသည်။
အကယ်၍ လွတ်သွားခဲ့လျှင် နောင်တွင် နောက်ထပ်အခွင့်အရေး ရတော့မည်မဟုတ်ပေ။
ထို့ကြောင့်... သူ့အနေဖြင့် မိခင်ထံမှ ညွှန်ကြားချက်ကို ကြိုတင်တောင်းခံရန် အခွင့်အရေးမရှိခဲ့ဘဲ... မိမိသဘောဖြင့် စတင်လှုပ်ရှားကာ... ကုချန်ကို ဦးစွာ သစ္စာခံလိုက်ရခြင်း ဖြစ်သည်။
သို့သော်... သူ၏ ရွေးချယ်မှု မှန်ကန်သည်ဟု... ချီမုန် ခံစားရသည်။ သူ၏မိခင်ဖြစ်စေ... အခြား ချီလျန်မျိုးနွယ်ဝင်များဖြစ်စေ... သခင့်ထက် ပိုမိုသင့်တော်သော သစ္စာခံစရာလူကို... ရှာတွေ့နိုင်ကြလိမ့်မည် မဟုတ်ပေ။
ဤသည်ကို တွေးမိပြီးနောက် ချီမုန်သည် အရာအားလုံးကို တိုက်ရိုက်ဖွင့်ချလိုက်တော့သည်။
" အမေ... သမီးတင်မကဘဲ ချီလျန်မျိုးနွယ်တစ်ခုလုံး သခင့်ကို သစ္စာခံမယ်လို့... သမီး ကတိပေးခဲ့ပြီးပြီ... အခု သမီး ပြန်လာတာက အမေ့ကို နားချဖို့ပဲ "
သမီးဖြစ်သူက ကိုယ်တိုင်သစ္စာခံလိုက်ရုံသာမက မျိုးနွယ်တစ်ခုလုံးအတွက်ပါ ကတိပေးလိုက်ပြီလား.....
တခဏချင်းမှာပင် ချီလျိုသည် ရုတ်တရက် တည်ငြိမ်သွား၏။
အကြောင်းမှာ... သူ၏သမီးသည် အရေးကြီးကိစ္စများကို... ပေါ့ပေါ့တန်တန် သဘောထားမည့်သူ မဟုတ်ကြောင်း... သူ သိသောကြောင့် ဖြစ်သည်။
သမီးဖြစ်သူက သစ္စာခံပြီးဖြစ်သည့်အပြင်... အရာအားလုံး ပုံအောရဲလောက်အောင် သေချာနေမှတော့... သူသစ္စာခံလိုက်တဲ့သူက တကယ်ပဲ ချီလျန်မျိုးနွယ်ရဲ့ မျှော်လင့်ချက် ဖြစ်နေမလား.....
အရင် မေးကြည့်တာ နောက်မကျပါဘူး။
ဤသည်ကို တွေးမိလိုက်ပြီးနောက် ချီလျိုသည် မနေနိုင်စွာ ထုတ်မေးလိုက်တော့သည်။
" သမီး... မင်းသစ္စာခံလိုက်တဲ့ သခင်က ဘယ်နတ်ဆိုးနယ်မြေကလဲ... သူ့ကျင့်ကြံမှုအဆင့်ကကော ဘိုးဘေးကြီးလိုပဲ အင်မော်တယ်အဆင့်လား? "