အခန်း (၂၁၉-၂၂၀)
Vol. 16 Ch. 219-220
အခန်း (၂၁၉) - အဓိပ္ပါယ်မဲ့ခြင်း၊ အတင်းအကျပ်စေခိုင်းခံရခြင်းလော၊ မိမိဆန္ဒအလျောက် သခင်အဖြစ် အသိအမှတ်ပြုခြင်း
ချီလျိုသည် သူ၏သမီးအကြောင်း ကောင်းကောင်းနားလည်၏။ သူ၏သမီးသည် အလွန်မောက်မာသူဟုဆိုလျှင် လွန်မည်မထင်ပေ။
သူကိုယ်တိုင်က အရှင်သခင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း... သူ၏ အဆင့်အတန်းနှင့် ပါရမီတို့ကြောင့် သာမန်ထျန်းကျွင်းအဆင့်ရှိသူများပင်... သူ၏ စစ်မှန်သော လေးစားမှုကို ရရှိရန် ခက်ခဲပေသည်။ သခင်အဖြစ် အသိအမှတ်ပြုပြီး... စိတ်လိုလက်ရ သစ္စာခံရန်ဆိုလျှင်မူ... ဆိုဖွယ်ရာပင် မရှိတော့။
ချီလျန်မျိုးနွယ်ထဲတွင် အင်မော်တယ်အဆင့်ရှိသူများ ရှိသကဲ့သို့... ချီလျိုကိုယ်တိုင်လည်း အင်မော်တယ်အဆင့်ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦးအား သခင်အဖြစ် အသိအမှတ်ပြုရန်မှာလည်း မဖြစ်နိုင်ပေ။
သေချာစဉ်းစားပြီးနောက်... ချီလျို၏အမြင်တွင် သူ၏သမီးက သခင်အဖြစ် အသိအမှတ်ပြုလောက်သူမှာ... အင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူသာ ဖြစ်နိုင်သည်ဟု ယူဆမိသည်။
သမီးဖြစ်သူ အသိအမှတ်ပြုလိုက်သည့် အင်မော်တယ်အထိတ်အထိပ်က မည်သို့သော အင်အားမျိုး ပိုင်ဆိုင်ထားသည်ကိုသာ သူမ မသိရသေးခြင်းဖြစ်သည်။
အကယ်၍... သာမန် အင်မော်တယ်အထွတ်အထိပ်တစ်ပါးသာ ဖြစ်နေပါက... ချီလျန်မျိုးနွယ်၏ လက်ရှိအခြေအနေအတွက်... အကျိုးရှိမည်မဟုတ်ပေ။ ဘိုးဘေးကြီးကဲ့သို့... ဝါရင့် အင်မော်တယ်အထွတ်အထိပ်တစ်ပါး ဖြစ်မှသာ... ရပေမည်။
ချီလျို၏စိတ်ထဲတွင် အတွေးပေါင်းစုံ ရှုပ်ထွေးနေသော်လည်း... သူ၏ လှပသော မျက်ဝန်းများကမူ ချီမုန်ထံတွင်သာ စူးစိုက်ထားပြီး... သမီးဖြစ်သူ၏ အဖြေကို စောင့်မျှော်နေသည်။
" အမေ... သမီး အသိအမှတ်ပြုထားတဲ့ သခင်က... နတ်ဆိုးနယ်မြေက မဟုတ်ဘူး "
ချီမုန်သည် ခဏတာ တုံ့ဆိုင်းနေပြီးမှ ဖြည်းဖြည်းချင်း ပြောဆိုလိုက်သည်။ ပထမဆုံး 'ဗုံး' ကို ခွဲလိုက်ခြင်းပင်။
နတ်ဆိုးနယ်မြေက မဟုတ်ဘူးတဲ့လား။
ချီလျိုသည် အံ့အားသင့်သွားပြီးနောက် မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
သူ၏ ယသမီးက နတ်ဆိုးနယ်မြေက မဟုတ်သူတစ်ဦးကို ဘယ်လိုလုပ် သခင်အဖြစ် အသိအမှတ်ပြုလိုက်ရတာလဲ။ ဒါက... ဒါက လုံးဝ အဓိပ္ပါယ်မရှိတာပဲ!
သူ၏သမီးသည် နတ်ဆိုးနယ်မြေမှ အင်အားကြီးကျင့်ကြံသူတစ်ဦးကို... သခင်အဖြစ် အသိအမှတ်ပြုထားသည်ဟု... သူ မူလက ထင်မှတ်ခဲ့သော်လည်း... ယခုအခါ သူ၏သမီးမှ သူ၏သခင်သည် နတ်ဆိုးနယ်မြေမှ မဟုတ်ကြောင်း... ပြောလာခဲ့သည်။ ဒါ... ဒါက!
ချီလျို၏ စိတ်အာရုံများ ချက်ချင်းပင် ရှုပ်ထွေးသွားရသည်။
နတ်ဆိုးနယ်မြေမှ အင်အားကြီးကျင့်ကြံသူတစ်ဦးအား... သခင်အဖြစ် အသိအမှတ်ပြုခြင်းနှင့်... နတ်ဆိုးနယ်မြေပြင်ပမှ လူတစ်ဦးအား... သခင်အဖြစ် အသိအမှတ်ပြုခြင်းသည်... ချီလျန်မျိုးနွယ်အတွက် လုံးဝကွဲပြားခြားနားသော အယူအဆနှစ်ခုဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချီလျန်မျိုးနွယ်သည် နတ်ဆိုးနယ်မြေတွင် နေထိုင်သောကြောင့်ပင်။
နတ်ဆိုးနယ်မြေမှ အင်အားကြီးကျင့်ကြံသူတစ်ဦးအား သခင်အဖြစ် အသိအမှတ်ပြုခြင်းသည်... ဆန့်ကျင်မှုကြီးကြီးမားမား ဖြစ်စေမည် မဟုတ်သော်လည်း... နတ်ဆိုးနယ်မြေပြင်ပမှ လူတစ်ဦးကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပါက... သတင်းပေါက်ကြားသွားသည်နှင့် တစ်ပြိုင်နက်... ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာမည်မှာ သေချာသည်။
တစ်နည်းဆိုရသော် နတ်ဆိုးနယ်မြေမှ အင်မော်တယ်အထွတ်အထိပ်တစ်ပါးသည် ချီလျန်မျိုးနွယ်ကို ကာကွယ်ပေးနိုင်ကောင်း ပေးနိုင်သည်။
သို့သော် ပြင်ပမှ အင်မော်တယ်အထွတ်အထိပ်တစ်ပါးဆိုလျှင်တော့ စဉ်းစားမနေနှင့်တော့။
နတ်ဆိုးနယ်မြေရှိ ချီလျန်မျိုးနွယ်သည် ပြင်ပမှလူတစ်ဦးအား သခင်အဖြစ် အသိအမှတ်ပြုခြင်းသည်... နတ်ဆိုးနယ်မြေကို စော်ကားခြင်းဟု သတ်မှတ်ခံရမည်ဖြစ်ပြီး... နတ်ဆိုးနယ်မြေမှ အရှင်သခင်အဆင့် အင်အားကြီးကျင့်ကြံသူတစ်ဦးမှ သူတို့ကို အာရုံစိုက်လာကာ... ချီလျန်မျိုးနွယ်နှင့် သူတို့၏သခင်ကိုပါ... ဤကမ္ဘာမြေမှ ဖယ်ရှားပစ်ရန် ဖြစ်နိုင်ချေရှိသည်။
ထို့ကြောင့်... ချီလျန်မျိုးနွယ်သည် ပြင်ပမှ အင်အားကြီးကျင့်ကြံသူတစ်ဦးအား... သခင်အဖြစ် အသိအမှတ်ပြုလိုပါက... လိုအပ်ချက်တစ်ခုသာ ရှိသည်။
ယင်းမှာ... ထိုပြင်ပမှ အင်အားကြီးကျင့်ကြံသူသည် နတ်ဆိုးနယ်မြေတစ်ခုလုံးကို... ဒူးထောက်စေနိုင်သော အင်အားရှိရမည် ဖြစ်သည်။
သို့မဟုတ်ပါက ချီလျန်မျိုးနွယ်သည် ကျိန်းသေ အန္တရာယ်ကျရောက်ပေလိမ့်မည်။
" မင်း သခင်အဖြစ် အသိအမှတ်ပြုတဲ့ကိစ္စကို လူသိရှင်ကြား မထုတ်ပြန်ရသေးဘူးမလား... မှတ်ထားပါ... ဒီကိစ္စကို မင်းနဲ့ငါပဲ သိရမယ်... တတိယလူ လုံးဝ မသိစေနဲ့ "
ချီလျိုသည် စိုးရိမ်တကြီးဖြင့် တိုက်တွန်းလိုက်သည်။
" အခြေအနေရဲ့ အတိမ်အနက်ကို သမီး နားလည်ပါတယ်... သခင် မကြီးပြင်းလာခင်အချိန်ထိ... ဒီကိစ္စနဲ့ပတ်သက်ပြီး သမီး ဘာမှပေါက်ကြားခံမှာ မဟုတ်ပါဘူး "
ချီမုန်သည် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။
သူသည် ကုချန်အား သခင်အဖြစ် အသိအမှတ်ပြုလိုက်သည့်ကိစ္စ ပျံ့နှံ့သွားပါက... ရှီမိုကောင်းကင်ဘုံတွင် မည်ကဲ့သို့သော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာမည်ကို... ကောင်းစွာသိရှိထားသည်။
" ကြီးပြင်းလာတယ် ဟုတ်လား... အဲ့ဒါ... အဲ့ဒါ ဘာအဓိပ္ပါယ်လဲ? "
ချီလျိုသည် ချီမုန်၏စကားထဲမှ အဓိကအချက်ကို ချက်ချင်း သတိထားမိလိုက်သည်။
ကြီးပြင်းလာတယ်တဲ့လား။ ချီမုန် အသိအမှတ်ပြုထားတဲ့ သခင်က အင်မော်တယ်အထွတ်အထိပ်အဆင့်တောင် မဟုတ်သေးဘူးလို့ ဆိုလိုတာလား။
" သမီး... မင်း တကယ်ပဲ ရှုပ်ထွေးနေပြီပဲ "
ချီလျို၏နှလုံးသားမှာ ကွဲကြေမတတ် ဖြစ်သွားရသည်။
" ပြင်ပက အင်မော်တယ်အထွတ်အထိပ်တစ်ပါးကို သခင်အဖြစ် အသိအမှတ်ပြုရင်တောင် ငါတို့ ချီလျန်မျိုးနွယ်ကို မကာကွယ်ပေးနိုင်ဘူး... အခုတော့ အင်မော်တယ်အထွတ်အထိပ်အဆင့်တောင် မဟုတ်တဲ့ လူတစ်ယောက်က... ငါတို့မျိုးနွယ်ကို ဘယ်လိုလုပ် ကာကွယ်ပေးနိုင်မှာလဲ... မင်း... မင်းကို တစ်ယောက်ယောက်က အတင်းအကျပ် စေခိုင်းလိုက်လို့ ရွေးချယ်စရာမရှိဘဲ... သခင်အဖြစ် အသိအမှတ်ပြုလိုက်ရတာမလား? "
ချီလျို၏စိတ်များ ရှုပ်ထွေးနေပြီး... သူ၏သမီး နတ်ဆိုးနယ်မြေမှ ထွက်ခွာသွားစဉ်က... အတင်းအကျပ် စေခိုင်းခံခဲ့ရခြင်း ဖြစ်မည်ဟုပင် တွေးမိလိုက်သည်။
သို့မဟုတ်ပါက ချီမုန်သည် မည်သည့်အတွက်ကြောင့် ဤသို့ ပြုလုပ်ရသည်ကို သူ နားမလည်နိုင်ပေ။
" သမီးက သူ့ကို ဆန္ဒအလျောက် သခင်အဖြစ် အသိအမှတ်ပြုခဲ့တာပါ... ဘယ်သူ့ရဲ့ အတင်းအကျပ် စေခိုင်းမှုမှ မပါပါဘူး "
ချီမုန် ခေါင်းခါလိုက်ပြီး ချီလျို၏ ထင်ကြေးကို ငြင်းပယ်လိုက်သည်။
အတင်းအကျပ် စေခိုင်းခံရတာလား။ ကုကောင်းကင်ဧကရာဇ်က ဘယ်သူ့ကိုမှ အတင်းအကျပ် စေခိုင်းရတာကို နှစ်သက်သူမဟုတ်။ အမှန်တကယ်တော့ သူသာ လုံလောက်တဲ့ ရိုးသားမှုကို မပြသခဲ့ရင် သခင်က သူမကို လက်ခံခဲ့မှာတောင် မဟုတ်ဘူး။
" ဘယ်သူကမှ အတင်းအကျပ် စေခိုင်းတာ မဟုတ်ဘူး? "
ချီလျိုသည် ချီမုန်ကို သံသယဖြင့် ကြည့်လိုက်၏။ အကယ်၍ ချီမုန်သာ အတင်းအကျပ် စေခိုင်းခံခဲ့ရခြင်းဖြစ်ပါက... မည်မျှပေးဆပ်ရပါစေ တစ်ဖက်လူနှင့် ညှိနှိုင်းကာ... သူ့သမီး၏ ဝိညာဉ်အမှတ်အသားကို ပြန်ယူပြီး... လွတ်လပ်ခွင့်ပေးရန် သူ တွေးတောနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ချီမုန်၏စကားအရ သခင်အဖြစ် အသိအမှတ်ပြုခြင်းမှာ သူ၏ ဆန္ဒအပြည့်အဝပါဝင်နေသည်တဲ့လော။
" ဟုတ်ပါတယ်... သခင့်ရဲ့ လက်ခံမှုကို ရရှိတာက... ချီမုန်ရဲ့ ကံကောင်းမှုပါပဲ "
ချီမုန်သည် လေးနက်စွာ ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင်... သူ အသိအမှတ်ပြုထားသည့် သခင်ကို ချီလျိုအား ဖွင့်ဟ ပြောဆိုလိုက်သည်။
" သမီး အသိအမှတ်ပြုထားတဲ့ သခင်က... နယ်စပ်မှာရှိတဲ့ ချောက်နက်နတ်ဆိုးနယ်မြေကို နှစ်ပေါင်းကိုးသောင်းတိုင်တိုင် ရင်ဆိုင်ခဲ့တဲ့... ကုချန် မဟာဧကရာဇ်ပါပဲ! "
ကုချန် မဟာဧကရာဇ်... အရင်က သူ့သမီး ပြောဖူးတဲ့ ကုကောင်းကင်ဧကရာဇ်လား.....
ချီလျိုသည် အစောပိုင်း၌ ကြောင်အသွားပြီးနောက်... သူ၏ နုနယ်သော ခန္ဓာကိုယ်သည်ပင် ယိမ်းယိုင်သွားကာ... ဒေါသကြောင့် မေ့လဲလုနီးပါး ဖြစ်သွားရသည်။
" မင်း..... "
ချီလျိုသည် ချီမုန်အား လက်ညှိုးထိုးလျက် ဒေါသကြောင့် ရင်ဘတ်များ နိမ့်ချည်မြင့်ချည်ဖြစ်ကာ ဘာပြောရမှန်းပင် မသိတော့ပေ။
ကုချန်၏နာမည်ကို ချီမုန် ပြောပြဖူးသဖြင့် ချီလျို ကြားဖူးသည်။
ထိုသူသည် အဆုံးမဲ့ကမ္ဘာမှ အရှင်သခင်အဆင့် ရှိသူတစ်ဦးမှန်း သူ သိသည်။
သူ၏သမီးသည် ကုကောင်းကင်ဧကရာဇ်အကြောင်း ပြောပြစဉ်က... လေးစားအားကျမှုများ ပါဝင်နေသော်လည်း... ထိုအချိန်က ချီလျိုအနေဖြင့် အလေးအနက် မထားခဲ့ပေ။
အရှင်သခင်အဆင့် တစ်ယောက်ပဲလေ... ထူးချွန်ရင်ကော ဘာဖြစ်မှာလဲ.....
ချောက်နက်နတ်ဆိုးနယ်မြေကို နှစ်ပေါင်းကိုးသောင်းကြာ ခုခံကာကွယ်နိုင်ခဲ့တယ်ဆိုသည်ကလည်း... ကမ္ဘာနှစ်ခုကြားက နယ်ခြားမျဉ်း မပွင့်သေး၍... နတ်ဆိုးနယ်မြေက အရှင်သခင်အဆင့်အထက် ကျင့်ကြံသူတွေ ဖြတ်သန်းခွင့် မရသေး၍သာ... ဖြစ်သည်။
အနာဂတ်မှာ... ကောင်းကင်အက်ကွဲကြောင်းက အတားအဆီးတွေ လျော့ရဲသွားတဲ့အခါ... ကုကောင်းကင်ဧကရာဇ်ဆိုတာရော... အဆုံးမဲ့ကမ္ဘာဆိုတာရော... အကုန်လုံး ချောက်နက်နတ်ဆိုးနယ်မြေရဲ့ ခြေမွခြင်းကို ခံရမှာပဲ။
ဒါပေမဲ့ အခု သူ့သမီးက အင်မော်တယ်အဆင့်တောင် မဟုတ်တဲ့ ဒီလူကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီတဲ့လား?!
" ချီမုန်... မင်းက အမေ့ကို... အရမ်း စိတ်ပျက်စေတာပဲ! "
ချီလျိုသည် ခါးသီးစွာ ရယ်မောမိလိုက်ပြီး... သူ၏ စိတ်နှလုံးထဲတွင်လည်း အလွန်အမင်း စိတ်ပျက်အားငယ်မှုများ... ပြည့်နှက်သွား၏။
ချီမုန်သည် ထို ကုကောင်းကင်ဧကရာဇ်ဆိုသူအပေါ်... အခြားသော သံယောဇဉ် ခံစားချက်များ ဖြစ်ပေါ်နေသည်ဟု... ချီလျို ထင်မြင်မိသည်။ သို့မဟုတ်ပါက... ဘာကြောင့် သူ့ကို သခင်အဖြစ်... အသိအမှတ်ပြုရမည်နည်း။
အဓိကအချက်မှာ ဤသို့လုပ်ဆောင်ခြင်းဖြင့် သူသည် ချီလျန်မျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာကို စွန့်စားနေခြင်း ဖြစ်သည်။
" ဒီနေ့ကစပြီး မင်းနဲ့ ချီလျန်မျိုးနွယ်ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး... ငါ့မှာလဲ မင်းလို သမီးမျိုး မရှိတော့ဘူး... မင်း အခုချက်ချင်း ထွက်သွားပြီး ကိုယ့်လမ်းကိုယ်လျှောက်တော့! "
ချီလျိုသည် အံကြိတ်လျက် ပြောကြားလိုက်သည်။
ချီလျန်မျိုးနွယ်၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် မျိုးနွယ်၏ကံကြမ္မာကို ဦးစားပေးရမည်ဖြစ်သည်။
လက်ရှိအစီအစဉ်မှာ... ချီလျန်မျိုးနွယ်နှင့် ချီမုန်တို့၏ ပတ်သက်မှုကို... အပြီးတိုင် ဖြတ်တောက်လိုက်ရန် ဖြစ်သည်။ သို့မှသာ... နောင်တွင် ချီမုန် သခင်အသိအမှတ်ပြုသည့်ကိစ္စ ပေါ်ပေါက်သွားလျှင်ပင်... ချီလျန်မျိုးနွယ်တစ်ခုလုံး ပါဝင်ပတ်သက်ခြင်း မရှိစေရန် ဖြစ်သည်။
မျိုးနွယ်ခေါင်းဆောင်တစ်ဦးအနေဖြင့် ချီလျိုတွင် ဤကဲ့သို့ ပြင်းထန်သော စွန့်လွှတ်မှု ပြုလုပ်ရန် ဆုံးဖြတ်ချက် ရှိပေသည်။
" အမေ... သခင်က သာမန် အရှင်သခင်အဆင့် မဟုတ်ပါဘူး... သူက ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် ကျင့်ကြံသူပါ... ရွှမ်ယိုနန်းတော်ရဲ့ ထျန်းကျွင်းကိုတောင် သခင်က အလွယ်တကူ သုတ်သင်ခဲ့တာ... သခင့်ရဲ့ လက်ရှိအင်အားက အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်ပြိုင်ဖို့ လုံလောက်ပါတယ်! "
သူ၏မိခင်မှာ ဒေါသထွက်နေပြီး... သူ အသိအမှတ်ပြုထားသည့် သခင်အား အထင်သေးနေသည်ကို မြင်သောအခါ... ချီမုန်သည် ကုချန်ကို ကာကွယ်လိုစိတ်ဖြင့်... အလျင်အမြန် ရှင်းပြလိုက်သည်။
ဝိညာဉ်အမှတ်အသားကို ပေးအပ်ပြီး... ကုချန်အား သခင်အဖြစ် အသိအမှတ်ပြုပြီးနောက်... ချီမုန်၏ဝိညာဉ်မှာ မသိမသာ ပြောင်းလဲသွားခဲ့သည်။ ကုချန်၏စကားများကို... အမြင့်ဆုံးအမိန့်အဖြစ် အလိုအလျောက် သတ်မှတ်လာပြီး... သူ၏ သခင်အား မည်သူကမျှ အပုပ်ချခြင်း... အထင်သေးခြင်း ပြုလုပ်သည်ကို... ခွင့်မပြုနိုင်တော့ပေ။ သူ၏ မိခင်အရင်းဖြစ်လျှင်တောင်မှ မရပေ။
အခန်း (၂၂၀) - အရာအားလုံးကို လောင်းကြေးထပ်ပြီး ကုချန်နှင့်တွေ့ဆုံရန် ချီလင် ဆုံးဖြတ်လိုက်ခြင်း
" ဧကရာဇ်အဆင့်? "
ချီမုန်၏ပြောပြချက်ကြောင့် ချီလျိုသည် ခေတ္တမျှ မှင်သက်သွားရ၏။ ချီလျန်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သည့်အလျောက် သူသည် "ဧကရာဇ်အဆင့်" ဟူသော စကားလုံးနှစ်လုံးကို ကောင်းစွာနားလည်ပေသည်။ ထို့ကြောင့် သူသည် အလျင်အမြန်ပင် မေးမြန်းလိုက်၏။
" မင်းဆိုလိုတာက ကုချန်က အရှင်အဆင့်မဟုတ်ဘဲ ဧကရာဇ်အဆင့် ဖြစ်တည်မှုတစ်ခုလို့ ဆိုလိုတာလား? "
" ဟုတ်ပါတယ်... သခင်က စစ်မှန်တဲ့ ဧကရာဇ်အဆင့် ဖြစ်တည်မှုတစ်ခုပါ "
ချီမုန်မှ ခေါင်းညိတ်လိုက်ရာ သူ၏မျက်နှာတွင် ဖုံးဖိမရသော ဂုဏ်ယူမှုအရိပ်အယောင်များ ယှက်သန်းနေသည်။
" ဧကရာဇ်အဆင့် ဖြစ်တည်မှုတစ်ခု..... "
ချီလင်သည် တီးတိုးရေရွတ်လိုက်မိပြီး... ချီလျန်မျိုးနွယ်၏ ရှေးဟောင်းမှတ်တမ်းများတွင် သူဖတ်ရှုခဲ့ဖူးသည်များကို... ချက်ချင်း ပြန်ပြောင်းသတိရလိုက်သည်။
ဧကရာဇ်အဆင့်ဖြစ်တည်မှုသည် စစ်မှန်သော အင်မော်တယ်တစ်ပါးနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိ၏။
အနာဂတ်တွင် လမ်းခုလတ်၌ မသေဆုံးသရွေ့ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်မည့် အင်မော်တယ်ဘုရင်မျိုးစေ့အစစ်အမှန် ဖြစ်ပေသည်။
ကျယ်ပြောလှသော ရှီမိုကောင်းကင်တစ်ခုလုံးတွင်ပင် မည်သည့်ဒေသ၌မဆို ဧကရာဇ်အဆင့်ဖြစ်တည်မှု ပေါ်ထွန်းလာသည်ဟူ၍ ချီလျို တစ်ခါမျှ မကြားဖူးခဲ့ပေ။
ဧကရာဇ်အဆင့် ဖြစ်တည်မှုမျိုးကို... အမြင့်ဆုံးသော အင်မော်တယ်ဘုရင်များကပင် အာရုံစိုက်ကြပြီး... မျက်နှာသာပေးကာ အစွမ်းကုန် ပျိုးထောင်ပေးကြလေ့ရှိသည်ဟု ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော်... အင်မော်တယ်ဘုရင်တစ်ပါး၏ မျက်လုံးထဲတွင် ထိုသို့သောဖြစ်တည်မှုမျိုး၏ တန်ဖိုးနှင့် အဆင့်အတန်းသည်... သာမန် အင်မော်တယ်အရှင်တစ်ပါးထက်ပင် သာလွန်နေသောကြောင့် ဖြစ်သည်။
ချီလျန်မျိုးနွယ်၏ ရှေးဘိုးဘေးကြီးကဲ့သို့... အင်မော်တယ်အရှင်အထွတ်အထိပ်အဆင့် ပိုင်ဆိုင်ထားသူပင်လျှင်... အင်မော်တယ်ဘုရင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် အခွင့်အရေးမှာ... အလွန်နည်းပါးကြောင်း ချီလျို ကောင်းစွာသိရှိပေသည်။
သို့သော် ဧကရာဇ်အဆင့်ဖြစ်တည်မှုမှာမူ... လက်ရှိတွင် အားနည်းနေသေးလျှင်ပင် ကြီးထွားရန် အချိန်ရသည်နှင့်တစ်ပြိုင်နက်... အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိရန်မှာ သေချာသလောက်ပင် ဖြစ်သည်။
ထိုနှစ်ခုကြား ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။
ချီလျို စိတ်ပြန်ငြိမ်သွား၏။ အကယ်၍ ကုချန်သာ ဧကရာဇ်အဆင့်ဖြစ်တည်မှုဆိုလျှင် ချီမုန် သစ္စာဆိုခဲ့သည်မှာ မမှားပေ။
" ဒါပေမယ့်..... "
ချီလျိုသည် ချီမုန်ကို ကြည့်လိုက်ပြီး စကားလုံးများကို ချိန်ဆကာ ပြောဆိုလိုက်သည်။
" အဲ့ဒီ ကုကောင်းကင်ဧကရာဇ်က တကယ်ပဲ ဧကရာဇ်အဆင့်ဖြစ်တည်မှုဆိုရင်... သမီးရဲ့ ရွေးချယ်မှုက မမှားပါဘူး... ဒါပေမယ့် ချီလျန်မျိုးနွယ်တစ်ခုလုံးအနေနဲ့ သစ္စာဆိုဖို့အတွက်တော့... လုံလောက်တဲ့အကြောင်းပြချက် မဟုတ်သေးဘူး "
ဧကရာဇ်အဆင့်ဆိုသည်မှာ ခေတ်အဆက်ဆက် ရှားပါးပြီး အနာဂတ်လမ်းကြောင်း တောက်ပသော်လည်း ကြိုတင်လိုအပ်ချက်တစ်ခု ရှိနေသေးသည်။
ထိုအရာမှာ ချောမွေ့စွာ ကြီးပြင်းလာနိုင်ဖို့ပင် ဖြစ်သည်။
လမ်းခုလတ်တွင် သေဆုံးသွားပါက အရာအားလုံးသည် မှန်ထဲကပန်း၊ ရေထဲကလမင်း ပမာ ဖြစ်သွားပေလိမ့်မည်။
ပို၍အရေးကြီးသည်မှာ ချီမုန် အသိအမှတ်ပြုထားသော သခင်သည် နတ်ဆိုးနယ်မြေမှ ဧကရာဇ်မဟုတ်ဘဲ အဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်အဆင့်ဖြစ်တည်မှု ဖြစ်နေခြင်းပင်။
ထိုအဆုံးမဲ့ကမ္ဘာသည် နတ်ဆိုးနယ်မြေ၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံရမည့် ပစ်မှတ်ဖြစ်သည်။
အကယ်၍ သူသာ နတ်ဆိုးနယ်မြေမှ ဧကရာဇ်ဖြစ်ပါက ချီလျိုအနေဖြင့် ချီလျန်မျိုးနွယ်တစ်ခုလုံးကို လောင်းကြေးထပ်ကာ အနာဂတ်အတွက် စွန့်စားမိပေမည်။
သို့သော်... ကုချန်သည် နတ်ဆိုးနယ်မြေမှ မဟုတ်ဘဲ... နတ်ဆိုးနယ်မြေ၏ ရန်သူဖြစ်သည်။ သူကြီးပြင်းလာနိုင်မည်လား ဆိုသည်မှာ မသေချာသေးပေ။ အကယ်၍ ချီလျန်မျိုးနွယ်တစ်ခုလုံး မဆင်မခြင် ပါဝင်ပတ်သက်မိပါက... မျိုးနွယ်တစ်ခုလုံးကို တွင်းနက်ကြီးထဲသို့ ဆွဲချလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။
" ဒါပေမယ့် အမေ... သမီးက ချီလျန်မျိုးနွယ်တစ်ခုလုံး သစ္စာခံပါ့မယ်လို့... သခင့်ကို ကတိပေးပြီးပြီလေ "
ချီလျို၏စကားကို ကြားသောအခါ ချီမုန်မှာ စိုးရိမ်တကြီး ပြောလိုက်၏။ " တကယ်လို့ ချီလျန်မျိုးနွယ်က စိတ်နှလုံးမပြတ်သားဘဲ သခင့်ကို စိတ်ပျက်စေမယ်ဆိုရင်... သမီးရဲ့ အခုသစ္စာခံမှုက ဘာမှအသုံးဝင်တော့မှာ မဟုတ်ဘူး "
ချီမုန်သည် လွန်စွာ စိုးရိမ်နေ၏။ ကုချန်သည် မည်သို့သောသူဖြစ်ကြောင်း သူ ကောင်းစွာသိသောကြောင့် ဖြစ်သည်။
အကယ်၍ ချီလျန်မျိုးနွယ်က အခုအချိန်မှစ၍ သစ္စာရှိမယ်ဆိုရင် အနာဂတ်မှာ ဒုက္ခရောက်တဲ့အခါ သခင်က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ သေချာပေါက် ကယ်တင်ပေးလိမ့်မယ်။
ဒါပေမယ့် မျိုးနွယ်က တုံ့ဆိုင်းနေမယ်ဆိုရင် သခင့်ကို ကယ်တင်ပေးဖို့ တောင်းဆိုဖို့ သူ့မှာ မျက်နှာရှိတော့မှာ မဟုတ်ဘူး။
ချီလျန်မျိုးနွယ်၏ အနာဂတ်သည် ယခုရွေးချယ်မှုအပေါ် လုံးဝမူတည်နေသည်ဟု ဆိုနိုင်သည်။
" ချီမုန်... ဧကရာဇ်အဆင့်က ရှားပါးပြီး အနာဂတ်က တောက်ပတယ်ဆိုပေမယ့်... သူက တကယ်ကြီးပြင်းလာတာ မဟုတ်သေးဘူး "
ချီလျိုသည် စကားလုံးများကို ဂရုတစိုက်ရွေးချယ်ကာ တိုးညှင်းစွာ ပြောဆိုလိုက်သည်။
" အထူးသဖြင့် သမီးရဲ့သခင်က နတ်ဆိုးနယ်မြေက မဟုတ်တော့ ပိုခက်ခဲတယ်... တကယ်လို့များ ချီလျန်မျိုးနွယ်တစ်ခုလုံးက သစ္စာခံလိုက်တာသာ သတင်းပေါက်ကြားသွားရင်... နတ်ဆိုးနယ်မြေမှာ ငါတို့မျိုးနွယ် ခြေချစရာနေရာတောင် ရှိတော့မှာ မဟုတ်ဘူး... ဒါက မျိုးနွယ်တစ်ခုလုံးရဲ့ အနာဂတ်နဲ့ဆိုင်တဲ့အတွက် အမေ သေသေချာချာ စဉ်းစားရမယ် "
" ဒါပေမယ့်..... "
ချီမုန် စိတ်ပူစွာ ထပ်ပြောရန် ကြိုးစားသော်လည်း ချီလျိုမှ လက်ကာပြလိုက်သည်။
" မပြောနဲ့ဦး... ငါ သေသေချာချာ စဉ်းစားပါရစေ "
ချီလျိုသည် အာရုံစိုက်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည့်ဟန်ဖြင့် အံကြိတ်ကာ ပြောဆိုလိုက်သည်။
" မင်းက ကုချန်ကို သခင်အဖြစ် အသိအမှတ်ပြုပြီးပြီဆိုတော့ ဆက်သွယ်ဖို့ နည်းလမ်းရှိမှာပေါ့... အခု ကုချန်နဲ့ ငါ့ကို ပေးတွေ့ ... သူသာ ငါ့ကို ယုံကြည်အောင်ပြောနိုင်ရင်... ချီလျန်မျိုးနွယ်တစ်ခုလုံးရဲ့ အနာဂတ်နဲ့ရင်းပြီး သူ့ကို သစ္စာခံမယ် "
ချီလျိုလည်း အစွမ်းကုန် စွန့်စားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အလျောက် သူသည် ပြတ်သားသူဖြစ်သည်။
'ပြီးပြည့်စုံနေမှ ထပ်ဖြည့်ပေးတာထက် လိုအပ်နေချိန်မှာ ကူညီတာက ပိုကောင်းတယ်' ဆိုသည့် သဘောတရားကို သူ ကောင်းစွာနားလည်သည်။
ဧကရာဇ်အဆင့်တစ်ဦးနှင့် ယခုကတည်းက... နက်နက်ရှိုင်းရှိုင်း ပတ်သက်ထားပြီး လေးလေးစားစား အမှုတော်ထမ်းပါက... အနာဂတ်တွင် ထိုသူ အင်မော်တယ်ဘုရင်ဖြစ်လာချိန်၌... ချီလျန်မျိုးနွယ်ကို မေ့ထားမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်... အင်မော်တယ်အရှင်အဆင့်သာရှိသော အခြားသူများကို သခင်အဖြစ် အသိအမှတ်ပြုခြင်းသည်... ချီလျန်မျိုးနွယ်အတွက် သင့်တော်သော ရင်းနှီးမြှုပ်နှံမှု မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော်... တစ်ဖက်လူမှာ လုံလောက်အောင် စွမ်းအားကြီးနေပြီဖြစ်၍... ချီလျန်မျိုးနွယ်၏ ကမ်းလှမ်းမှုကို မလိုအပ်သောကြောင့် ဖြစ်သည်။ အနာဂတ်တွင် အခက်အခဲကြုံပါကလည်း... စိတ်ပါလက်ပါ ကာကွယ်ပေးမည် မဟုတ်ပေ။
ထို့ကြောင့် ချီမုန် ရွေးချယ်လိုက်သော သခင်သည် ကောင်းမွန်လွန်းသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။
သို့သော် ချီလျန်မျိုးနွယ်တစ်ခုလုံးကို လောင်းကြေးမထပ်မီ ချီလျိုသည် ကုချန်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရမည်ဖြစ်သည်။
အကယ်၍ ကုချန်သည် သူ၏သမီး ပြောသကဲ့သို့ အလားအလာရှိပြီး စွမ်းအားကြီးမားပါက သူ လောင်းကြေးထပ်မည် ဖြစ်သည်။
မိခင်ဖြစ်သူ ဆုံးဖြတ်ချက်ချလိုက်သည်ကို မြင်သောအခါ ချီမုန်၏မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာ၏။
" အမေ စိတ်မပူပါနဲ့... သခင်က အမေ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး "
ထို့နောက် ချီလျို စိတ်ပြောင်းသွားမည်ကို စိုးရိမ်သည့်အလား ချီမုန်သည် ချက်ချင်းပင် အာရုံစိုက်လိုက်ပြီး ကုချန်နှင့် ဆက်သွယ်ရန် ပြင်ဆင်လိုက်သည်။
...
ကောင်းကင်ချောက်နက်၏ တစ်နေရာတွင်.....
ကုချန်သည် မင်ကူအင်မော်တယ်၏ ခန္ဓာကိုယ်ကို လက်ဝါးတစ်ချက်ဖြင့် ထပ်မံဆုတ်ဖြဲလိုက်ရာ... အဆုံးမဲ့အင်မော်တယ်သွေးများ လွင့်စဉ်ထွက်လာပြီး ပြိုင်ဘက်ကင်း နတ်ဆိုးဘုရားသခင်တစ်ပါးအလားပင်... ထင်မှတ်ရသည်။
" မင်းစွမ်းရည်က ဒီလောက်ပဲလား... ငါကိုယ်တော်ကို စိတ်ပျက်စေတာပဲ "
ကုချန်သည် အေးစက်စွာ ပြောကြားလိုက်သည်။
ခက်ခက်ခဲခဲဖြင့် ခန္ဓာကိုယ်ကို ပြန်လည်ဆက်စပ်ထားရသော မင်ကူအင်မော်တယ်သည် ထိုစကားကိုကြားသော် မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာ၏။
လက်ဖက်ရည်တစ်အိုး မကုန်ခင် အချိန်တိုလေးအတွင်းတွင် သူသည် ရှိသမျှနည်းလမ်းအကုန်သုံးကာ ဘာကိုမှ ချန်မထားခဲ့ပေ။
သို့သော် ကုချန်ကို အနိုင်ယူဖို့ မပြောနှင့်... သရေကျဖို့ပင် မဖြစ်နိုင်ပေ။ တစ်ဖက်လူ၏ တိုက်ခိုက်မှုတိုင်းသည်... ကောင်းကင်အာဏာစက်များ ပါဝင်နေသကဲ့သို့ဖြစ်ရာ... သူခုခံနိုင်စွမ်း မရှိချေ။
ဤကွာခြားချက်သည် မင်ကူအင်မော်တယ်အား စိတ်ပျက်အားငယ်စေ၏။
အဲ့ဒီလူက ဧကရာဇ်အဆင့်ပဲ ရှိသေးတာလေ... အင်မော်တယ်အရှင် မဟုတ်သလို စစ်မှန်တဲ့ အင်မော်တယ်လဲ မဟုတ်ဘူး... ဧကရာဇ်အဆင့် သက်သက်ပဲ!
အဆင့်ကြီးနှစ်ခုကို ကျော်ပြီး... အင်မော်တယ်အရှင်တစ်ပါးကို အနိုင်ယူတာလား... ဒါမျိုး တစ်ခါမှ မကြားဖူးဘူး!
မင်ကူအင်မော်တယ်၏ စိတ်ထဲတွင်... ပြောမပြတတ်သော ကြောက်ရွံ့မှုများ မြင့်တက်လာပြီး... ကုချန်နှင့် ရန်သူဖြစ်ခဲ့မိသည်ကို နောင်တရစပြုလာသည်။
" ဟမ်? "
ကုချန် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်စဉ်... သူ၏အကြည့်များမှာ ရွေ့လျားသွားရပြီး... ချီမုန်ထံမှ ဆက်သွယ်မှုကို အာရုံခံမိလိုက်သည်။
ကုချန်သည် များများစားစား တွေးမနေဘဲ ချီမုန်၏တောင်းဆိုမှုကို လက်ခံလိုက်သည်။
နောက်တစ်ခဏ၌ ဆွဲဆောင်မှုရှိသော ပုံရိပ်ယောင်နှစ်ခု ကုချန်ဘေးတွင် ပေါ်လာသည်။
ထို့နောက် ထိုပုံရိပ်နှစ်ခုသည်... ကုချန်မှ အင်မော်တယ်အရှင်တစ်ပါးကို လက်ဗလာဖြင့် ဆုတ်ဖြဲပစ်လိုက်သည်ကို... မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရတော့သည်။