အခန်း (၂၂၃-၂၂၄)
Vol. 16 Ch. 223-224
အခန်း (၂၂၃) - ကုချန်က အင်မော်တယ်ရွှေ ရှာဖွေဖို့ အမိန့်ပေးခြင်းနဲ့ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း
ချီလျိုမှ သူ၏ဝိညာဉ်အမှတ်အသားကို လေးလေးစားစား ဆက်သလာသည်ကို မြင်လိုက်ရသောအခါ ကုချန်သည် ချီလျန်မျိုးနွယ်ခေါင်းဆောင်အား မကြည့်ဘဲ မနေနိုင်တော့ပေ။
ချီလျန်မျိုးနွယ်၏ သစ္စာစောင့်သိမှုက စစ်မှန်သည်ဖြစ်စေ... အခြားရည်ရွယ်ချက် ရှိသည်ဖြစ်စေ ကုချန် ဂရုမစိုက်သော်လည်း... ချီလျို၏ လုပ်ရပ်ကမူ ကျေနပ်ဖွယ်ကောင်းပြီး.. ချီလျန်မျိုးနွယ်၏ ရိုးသားမှုကို ပြသနေပေသည်။
ချီလျိုက ဤမျှ ရိုးသားမှုပြသလာမှတော့ ကုချန်အနေဖြင့် ငြင်းပယ်ရန် အကြောင်းမရှိပေ။
သူသည် လက်ကိုဆန့်ထုတ်ကာ... ချီလျို၏ ဝိညာဉ်အမှတ်အသားကို လက်ဖဝါးပေါ်သို့ ယူလိုက်ပြီး... သူ့အား နက်နက်နဲနဲ ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
" ငါ့အနေနဲ့ မင်းတို့ ချီလျန်မျိုးနွယ်ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားပြီးသားဆိုတော့ ကတိဖျက်မှာ မဟုတ်ဘူး...
နောင်အနာဂတ်မှာ ချီလျန်မျိုးနွယ်က အခက်အခဲတွေ ကြုံလာရရင် ငါဧကရာဇ်က ကူညီပေးမှာပေါ့ "
" ကျေးဇူးတင်ပါတယ် သခင် "
ကုချန်၏ကတိစကားကို ကြားလိုက်ရသဖြင့်... ချီလျို၏ မျက်နှာတွင် ပျော်ရွှင်မှုများ ဖြာထွက်လာပြီး... နောက်တစ်ကြိမ် သပ်သပ်ရပ်ရပ် ဦးညွှတ်လိုက်သည်။
" ထလိုက်တော့ "
ကုချန်က လက်ကိုဝှေ့ယမ်းကာ ချီလျိုနှင့် ချီမုန်တို့ သားအမိကို ထရပ်ရန် အချက်ပြလိုက်ပြီးနောက် ဆက်ပြောကြားလေသည်။
" မင်းတို့ ရောက်လာတာ အချိန်ကိုက်ပဲ... ငါဧကရာဇ်မှာ မင်းတို့ကို ခိုင်းစရာကိစ္စတစ်ခု ရှိနေတယ်... နတ်ဆိုးနယ်မြေရဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီး စုံစမ်းထောက်လှမ်းတာအပြင် အင်မော်တယ်အဆင့် လက်နက်တွေ ဖန်တီးဖို့အတွက် လိုအပ်တဲ့ ထိပ်တန်း ကောင်းကင်သတ္တုတွေကိုလည်း ရှာဖွေပေးရမယ်... များလေ ကောင်းလေပဲ "
ချီလျန်မျိုးနွယ်မှ သစ္စာခံယူပြီးပြီဖြစ်ရာ ကုချန်အနေဖြင့် သူတို့ကို အကောင်းဆုံး အသုံးချချင်ပေသည်။
အဆုံးမဲ့ဓားသည် အင်မော်တယ်ဓားအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သော်လည်း... ဤကောင်းကင်သတ္တုဓားလေး ပေါင်းထည့်လိုက်ရုံမျှဖြင့်... အဆင့်မြင့် အင်မော်တယ်လက်နက်ဟု သတ်မှတ်၍ မရနိုင်သေးချေ။
အဆုံးမဲ့ဓား ပိုစွမ်းအားကြီးလေ... ကုချန် ထုတ်ဖော်နိုင်သည့် တိုက်ခိုက်ရေးစွမ်းအားက ပိုများလေဖြစ်သဖြင့်... အဆုံးမဲ့ဓားကို အဆင့်မြှင့်တင်ရန်မှာ အလွန်အရေးကြီးသည်။
သို့သော်... အဆုံးမဲ့ကမ္ဘာအတွင်း၌ စစ်မှန်သော ကောင်းကင်သတ္တု ရှာဖွေရန် ခက်ခဲသောကြောင့်... ကုချန်သည် ကောင်းကင်သတ္တု ရှာဖွေမည့်တာဝန်ကို... ချီလျန်မျိုးနွယ်ထံ လွှဲအပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
နတ်ဆိုးနယ်မြေသည် ကျယ်ပြောလှရာ အတွင်း၌ ဖုံးကွယ်ထားသော ကောင်းကင်သတ္တု အများအပြား ရှိနေပေလိမ့်မည်။ ချီလျန်မျိုးနွယ်က ကူညီစုဆောင်းပေးပါက သူ့အတွက် အားစိုက်ထုတ်ရ သက်သာစေသည်။
" သခင် စိတ်ချပါ...ချီလျိုက ချီလျန်မျိုးနွယ်တစ်ခုလုံးကို ဦးဆောင်ပြီး... သခင့်အတွက် ကောင်းကင်သတ္တုတွေကို ကြိုးကြိုးစားစား ရှာဖွေပေးပါ့မယ် "
ကုချန်၏တောင်းဆိုမှုကို ကြားလိုက်ရသောအခါ... ချီလျိုသည် အခက်အခဲရှိပုံ မပြသည့်အပြင်... ပျော်ရွှင်သော အမူအရာဖြင့်... ချက်ချင်း သဘောတူလိုက်သည်။
ကုချန်သည် ချီလျန်မျိုးနွယ်အား တာဝန်ပေးမည်ကို သူ မကြောက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကုချန်က သူတို့ကို မည်သည့်တာဝန်မျှ မပေးဘဲ နေမည်ကိုသာ သူ စိုးရိမ်နေခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တာဝန်ပေးခြင်းက ကုကောင်းကင်ဧကရာဇ်သည် ချီလျန်မျိုးနွယ်အား သူ၏လက်အောက်ခံ အင်အားစုတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီဟူသော အဓိပ္ပာယ်သက်ရောက်သောကြောင့်ပင်။
တာဝန်မပေးခြင်းကမူ ကုကောင်းကင်ဧကရာဇ်သည် ချီလျန်မျိုးနွယ်အား သူ၏လူအဖြစ် လုံးဝ မသတ်မှတ်ထားကြောင်း ဆိုလိုပေသည်။
ယခု သူတို့ ကုချန်ကို ပိုမို အလုပ်အကျွေးပြုလေလေ... နောင်အနာဂတ်တွင် ချီလျန်မျိုးနွယ် အကျပ်အတည်း ကြုံတွေ့ရပါက... ကုကောင်းကင်ဧကရာဇ် ဝင်ရောက်ကူညီပေးမည့် ဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။
ဤအချက်ကို ချီလျိုသည် မည်သူ့ထက်မဆို ရှင်းရှင်းလင်းလင်း နားလည်ထားပေသည်။
" သခင်... ချီမုန် တင်ပြစရာ ရှိပါသေးတယ် "
သူ၏ မိခင်ဖြစ်သူ၏ သဘောထားမှာ အဘယ်ကြောင့် ပြောင်းလဲသွားသည်ကို နားမလည်သော်လည်း ချီမုန်သည် ကုချန် ပေးအပ်ထားသည့် တာဝန်ကို မမေ့ဘဲ အလျင်အမြန် တင်ပြလေသည်။
" ချီမုန် ချောက်နက် နတ်ဆိုးနယ်မြေကို ပြန်ရောက်ပြီးတော့... ဟန်ယိုအရှင်ကို သတင်းပို့ခဲ့ပါတယ်... ဟန်ယို အရှင်ကတော့ ရွှမ်ယိုနန်းတော်ရဲ့ သခင် ရွှမ်ချင်း အရှင်ကို အကုန်ပြောပြမယ်လို့ ဆိုပါတယ်.....
ရွှမ်ချင်းအရှင်က လက်ရှိမှာ ရွှမ်ယိုနန်းတော်မှာ မရှိပေမယ့် မကြာခင် ပြန်ရောက်လာလောက်ပါတယ်.....
အဲ့ဒီနောက်ပိုင်း ရွှမ်ယိုနန်းတော်က သခင့်ကို ပစ်မှတ်ထားလာနိုင်ပါတယ်..... "
ချီမုန်သည် ရွှမ်ယိုနန်းတော်သို့ ပြန်ရောက်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ကုချန်အား အသေးစိတ် တင်ပြလေသည်။
" မင်း လုပ်တာ ကောင်းတယ် "
ကုချန်သည် ချီမုန်၏ ကြိုးစားမှုနှင့် သစ္စာရှိမှုကို ချီးကျူးလိုက်သည်။
" ပြန်ရောက်ရင် နက်ရှိုင်းသော ချောက်နက် နတ်ဆိုးနယ်မြေရဲ့ လှုပ်ရှားမှုတွေကို ဆက်လက် စုံစမ်းပြီး တစ်ခုခု ထူးခြားတာရှိရင် ငါ့ကို ချက်ချင်း သတင်းပို့ "
" ချီမုန် နာခံပါ့မယ် "
ကုချန်၏အမိန့်ကို ရင်ဆိုင်ရင်း ချီမုန်လည်း လေးလေးစားစား ဝန်ခံလိုက်သည်။
" ကောင်းပြီ... မင်းတို့နှစ်ယောက် ပြန်လို့ရပြီ "
ညွှန်ကြားချက်များ ပေးပြီးနောက် ကုချန်သည် လက်ကိုဝှေ့ယမ်းကာ သားအမိနှစ်ယောက်အား ပြန်လွှတ်လိုက်သည်။
တခဏအတွင်း၌ပင် အမျိုးသမီးနှစ်ဦး၏ ပုံရိပ်များသည် မှေးမှိန်သွားပြီး သူတို့၏ ဝိညာဉ်များသည် ချီလျန်မျိုးနွယ် ဘိုးဘေးနယ်မြေ၏ နက်ရှိုင်းရာသို့ ပြန်လည် ရောက်ရှိသွားကြသည်။
" အမေ... ဘာလို့ ခုနက..... "
အသိပြန်ဝင်လာသည်နှင့် ချီမုန်သည် မိခင်ဖြစ်သူ၏ သဘောထား ရုတ်တရက် ပြောင်းလဲသွားရခြင်းနှင့် ကုချန်အပေါ် အဘယ်ကြောင့် သစ္စာခံလိုက်ရသနည်း ဆိုသည်ကို မေးမြန်းချင်နေပုံရသည်။
" ချီမုန်... သခင့်ကို အရှင်သခင်အဖြစ် မင်း အသိအမှတ်ပြုလိုက်တာ အရမ်းကောင်းတယ် "
ချီလျိုသည် တိုးညှင်းစွာ ပြောလိုက်သော်လည်း သူ၏အသံတွင် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ပေ။
" ငါတို့ ချီလျန်မျိုးနွယ်ရဲ့ သခင်အသစ်က သာမန် ဧကရာဇ်အဆင့် ဖြစ်တည်မှုမျိုး မဟုတ်ဘူး... အင်မတန် နက်နဲပြီး ခန့်မှန်းလို့မရနိုင်တဲ့ အထွတ်အထိပ် ဖြစ်တည်မှုကြီးပဲ "
သခင်က... သာမန် ဧကရာဇ်အဆင့် မဟုတ်ဘူးတဲ့လား။
ချီလျို၏စကားကြောင့် ချီမုန် ကြောင်အသွားရသည်။
ဧကရာဇ်အဆင့် ဖြစ်တည်မှုများဆိုသည်မှာ ခေတ်အဆက်ဆက် ထူးခြားပြောင်မြောက်သူများအဖြစ် သတ်မှတ်ခံထားရပြီး ကျယ်ပြောလှသော နတ်ဆိုးနယ်မြေတွင်ပင် လက်ချိုးရေ၍ ရသည်။
ထိုသို့သော ဖြစ်တည်မှုမျိုးကို 'သာမန်' ဟူသော စကားလုံးနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
" ခုနက သခင် သတ်ဖြတ်လိုက်တဲ့ အစွမ်းထက် ရန်သူက ဘယ်အဆင့်မှာ ရှိလဲဆိုတာ မင်း သိလား "
ချီလျိုသည် ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လျက် သူ၏ လှပသော မျက်ဝန်းများ တောက်ပနေကာ ပြောလိုက်သည်။
" အဲ့ဒါက အင်မော်တယ် အရှင်သခင် တစ်ပါးပဲ... ဘိုးဘေးနဲ့ မယှဉ်နိုင်ရင်တောင် သိပ်မကွာလှတော့ဘူး "
အင်မော်တယ်... အရှင်သခင်တဲ့လား။
သခင် ခုနက သတ်လိုက်တဲ့ ရန်သူက ချီလျန်မျိုးနွယ်ရဲ့ ဘိုးဘေးနဲ့ မတိမ်းမယိမ်း အဆင့်ရှိတဲ့ အင်မော်တယ် အသျှင်သခင် တစ်ပါးလို့ အမေက ဆိုလိုချင်တာလား။
ချီမုန်၏ လှပသော မျက်လုံးများ ပြူးကျယ်သွားပြီး ရင်ထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
အံ့သြစရာ မဟုတ်တော့ဘူး... ခုနက အမေရဲ့ ပြောင်းလဲမှု ဒီလောက် ကြီးမားသွားတာ အံ့သြစရာ မဟုတ်တော့ဘူး
......
တွင်းနက်ကြီး၏ နက်ရှိုင်းရာအရပ်တွင်.....
ချီလျိုနှင့် ချီမုန်တို့ကို ပြန်လွှတ်လိုက်ပြီးနောက် ကုချန်သည် မူလအင်မော်တယ်ရွှံ့ကို ထပ်မံ ထုတ်ယူလိုက်ပြီး ကောင်းကင်နတ်သမီး ရှောင်းယွဲ့အား ပေးအပ်လိုက်သည်။
" ယူလိုက်တော့ "
" ကျေးဇူးတင်ပါတယ် မဟာဧကရာဇ် "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည်.. သူ၏ ကျောက်စိမ်းလက်ကလေးကို ဆန့်ထုတ်ကာ... အင်မော်တယ်ရွှံ့ကို တုန်တုန်ယင်ယင်ဖြင့်... လှမ်းယူလိုက်သည်။ သူ၏ လှပပြီး ကျက်သရေရှိသော မျက်နှာထက်တွင်... ထိန်းချုပ်မရနိုင်သော စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။
သိုလှောင်လက်စွပ်ထဲတွင် သူ၏ ဝိညာဉ်အပိုင်းအစ နိုးထလာပြီး... ကျန်ရှိနေသည်မှာ ဝိညာဉ်အစအနလေးသာ ဖြစ်ကြောင်း သိလိုက်ရချိန်က... ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည်... ဤဘဝတွင် ပြန်လည် ကောင်းမွန်လာရန် အခွင့်အရေး မရှိတော့ဟု ယူဆကာ... စိတ်ဓာတ်ပင် ကျခဲ့ဖူးသည်။
နောက်ပိုင်းတွင် ကုချင်းရွဲ့ကို တပည့်အဖြစ် လက်ခံလိုက်ချိန်၌ပင်... သူသည် ကိုယ်ပိုင် အမွေအနှစ်ကို ချန်ထားရစ်ခဲ့ချင်ရုံသာ ဖြစ်ပြီး... ကုချင်းရွဲ့အနေဖြင့် သူ၏ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်ပေးမည့် အရာတစ်ခုခုကို ရှာဖွေပေးနိုင်လိမ့်မည်ဟု... သိပ်ပြီး မျှော်လင့်မထားခဲ့ပေ။
စစ်မှန်သော အင်မော်တယ်အဆင့် ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်ပေးနိုင်သည့် မြင့်မြတ်သော ပစ္စည်းများနှင့် ရတနာများကို ရရှိရန် မည်မျှ ခက်ခဲကြောင်း သူကောင်းကောင်း သိသည်။
ကုချင်းရွဲ့ ကိုယ်တိုင် အနည်းဆုံး စစ်မှန်သော အင်မော်တယ် ကျင့်ကြံမှုအဆင့် ရှိရန် လိုအပ်သည်။ သို့မဟုတ်ပါက တစ်နေ့တွင် ထိုကဲ့သို့ မြင့်မြတ်သော ပစ္စည်းမျိုးနှင့် တွေ့ဆုံရလျှင်ပင် သူရယူနိုင်မည် မဟုတ်ချေ။
သို့သော် ဤမျှတိုတောင်းသော ကာလအတွင်း... သူ့အား စစ်မှန်သော အင်မော်တယ်အဆင့် ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်ပေးနိုင်လောက်သည့်... ဤမြင့်မြတ်သော ပစ္စည်းကို ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤအရာအားလုံးကို ကုချင်းရွဲ့၏ ဘိုးဘေးမှ ပေးသနားခဲ့ခြင်း ဖြစ်သည်။
ကုချင်းရွဲ့၏ ဆရာဖြစ်သည်ဟူသော ဂုဏ်သိက္ခာ အနည်းငယ်သာ မရှိပါက... ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည်လည်း ချီလျိုကို အတုယူကာ... ဝိညာဉ်အမှတ်အသားကို လိမ်လိမ်မာမာ ဆက်သပြီး... ကုချန်၏ လက်အောက်ခံအဖြစ် အလုပ်အကျွေး ပြုချင်နေမိသည်။
ဂုဏ်ရှိန်ကြီးမားသော စစ်မှန်သော အင်မော်တယ် တစ်ပါးက... ဝိညာဉ်အမှတ်အသားကို ဆက်သပြီး... အခြားသူတစ်ဦး၏ သစ္စာရှိ အစေခံ ဖြစ်ချင်နေသည်တဲ့လော။
ကြားရသည်မှာ အလွန် သိက္ခာကျစရာ ကောင်းသည်ဟု ထင်ရနိုင်သည်။
သို့သော်... သိက္ခာကျစရာဘာအကြောင်းမှမရှိကြောင်း... ကောင်းကင်နတ်သမီး ရှောင်းယွဲ့ သိထားသည်။ ဆန့်ကျင်ဘက်အနေဖြင့်... ဤသည်မှာ မရေမတွက်နိုင်သော စစ်မှန်သော အင်မော်တယ်များ အိပ်မက်မက်ကြသည့်... ကံကောင်းခြင်းမျိုး ဖြစ်ပေသည်။
အနာဂတ်တွင် အင်မော်တယ်ဧကရာဇ် ရာထူးကို ရယူမည့်... သို့မဟုတ် အင်မော်တယ်ဘုရင် အဆင့်ကိုပင် ကျော်လွန်သွားမည့်... ဖြစ်တည်မှုမျိုးကို အလုပ်အကျွေး ပြုခွင့်ရခြင်းတွင်... မည်သည့်နေရာကမျှ သိက္ခာကျစရာ ရှိမနေပေ။
အနာဂတ်တွင် ကုချန် တာအိုအောင်မြင်သောအခါ... သူ၏ အစေခံများပင် လိုက်ပါ မြင့်တက်လာကြမည်ဖြစ်ပြီး... သူနှင့်အတူ 'ကောင်းကင်ဘုံသို့ တက်လှမ်း' ကြရမည် မဟုတ်ပါလော။
ထိုကဲ့သို့သော သာဓကများမှာ အင်မော်တယ်နယ်မြေ၏ သမိုင်းကြောင်းတွင် မကြားဖူးသည်တော့ မဟုတ်ချေ။
အခန်း (၂၂၄) - အထွတ်အထိပ်အရှင်များ ရောက်ရှိလာခြင်း၊ နောက်ဆုံးတော့ လွတ်မြောက်ပြီ၊ စစ်မှန်သော အင်မော်တယ်များ သေဆုံးလျက်
ကုချန် ပေးသနားခဲ့သော မူလအင်မော်တယ်ရွှံ့ကို ဂရုတစိုက် သိမ်းဆည်းပြီးနောက်... ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ ဝိညာဉ်အစအနလေးသည်... သိုလှောင်လက်စွပ်အတွင်းသို့ လိမ္မာစွာပင် ပြန်ဝင်သွားလေသည်။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့ သိုလှောင်လက်စွပ်ထဲသို့ ပြန်ရောက်သွားသည်နှင့် ဤကမ္ဘာကြီးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။
ကုချန်သည် ဤကျယ်ပြောလှသော အင်မော်တယ်ကုန်းမြေ ကမ္ဘာကြီး၏ အဆုံးရှိ... ခံ့ညားထည်ဝါသော အင်မော်တယ်ဂိတ်ကြီးကို ကြည့်ရှုလိုက်ပြီးနောက်... သူ၏ခြေရင်းတွင် တောင်လိုပုံနေသော အရိုးစုများကို ကြည့်ကာ... မျက်ဝန်းထဲတွင် ခံစားချက်အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။
ရှေးယခင်ခေတ်အဆက်ဆက်မှ ယနေ့အထိ... သန်းပေါင်းများစွာသော နှစ်ကာလများတစ်လျှောက် အဆုံးမဲ့ကမ္ဘာကြီးတစ်ခုလုံးတွင်... မရေမတွက်နိုင်သော စွမ်းအားရှင်များသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်၌ ရဲရင့်စွာ ရှေ့ဆက်တိုးခဲ့ကြပြီး... အရိုးဖြူများ ပြည့်နှက်နေသော ကမ္ဘာကြီးကို ချန်ရစ်ခဲ့ကြသည်။ ဤအရာအားလုံးက ဘာအတွက်နည်း။ အင်မော်တယ်တက်လှမ်းခြင်းအတွက် မဟုတ်ပါလော။
တားမြစ်နယ်မြေများအတွင်းရှိ... ရှေးဟောင်းအထွတ်အထိပ်အရှင်များဆိုလျှင်... ပို၍ပင် ဆိုးသေးသည်။ မရေရာသော အင်မော်တယ်တက်လှမ်းခြင်း မျှော်လင့်ချက်လေးတစ်ခုအတွက်နှင့်... သူတို့၏ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းအားကို ဖိနှိပ်ထားကြပြီး... ဒဏ္ဍာရီလာ အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို စောင့်ဆိုင်းရန်အတွက် ...နှစ်သန်းပေါင်းများစွာသော နှစ်ကာလများအထိ အိပ်စက်နေခဲ့ကြသည်။
တားမြစ်နယ်မြေများကို လွှမ်းမိုးထားသော... ရှေးဟောင်းအထွတ်အထိပ်အရှင်ဟူသည့် ဘွဲ့ထူးဂုဏ်ထူးမှာ... ကြားရသည်မှာ ခန့်ညားသော််လည်း... ရွေးချယ်စရာသာရှိလျှင် ဤအထွတ်အထိပ်အရှင်များသည်... ဤနည်းလမ်းမျိုးကို ရွေးချယ်ကြမည်မဟုတ်ပေ။
သန်းပေါင်းများစွာသော နှစ်ကာလများတစ်လျှောက် မိန်းမောတွေဝေစွာဖြင့် တားမြစ်နယ်မြေများထဲတွင် ကိုယ့်ကိုယ်ကိုယ် ချိပ်ပိတ်ထားပြီး နေ့အလင်းရောင်ကို မမြင်တွေ့ခဲ့ရချေ။
သာမန်သက်ရှိတစ်ခုသာဆိုလျှင် လွန်ခဲ့သော ကာလကြာရှည်ကတည်းက ရူးသွပ်သွားလောက်ပေပြီ။
အင်မော်တယ်တက်လှမ်းခြင်းကိုသာ အာရုံစိုက်ပြီး... သံမဏိပမာ ခိုင်မာသော တာအိုစိတ်နှလုံး ပိုင်ဆိုင်ထားသည့်... ဤတားမြစ်နယ်မြေ အထွတ်အထိပ်အရှင်များသာလျှင်... သူတို့၏ မူလရည်ရွယ်ချက်ကို ဆုပ်ကိုင်ထားနိုင်ပြီး ကြံ့ကြံ့ခံနိုင်ကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သူတို့ ဘာကို စောင့်ဆိုင်းနေခဲ့ကြသနည်း။
အင်မော်တယ်တက်လှမ်းခြင်း ဆိုသည်မှာ အစမှအဆုံး လှည့်စားမှုတစ်ခုသာ ဖြစ်သည်။
အထက်ဘုံမှ အင်မော်တယ်များသည် အဆုံးမဲ့ကမ္ဘာမှ အထွတ်အထိပ်အရှင်များကို စားသုံးကြသည်သာ ဖြစ်သည်။
ဤစစ်မှန်သော အင်မော်တယ် အမှန်တရားသည် မည်မျှ ရက်စက်ပြီး သရော်စရာကောင်းလိုက်ပါသနည်း။
ကုချန် စိတ်လှုပ်ရှားနေစဉ်မှာပင်.....
ကျယ်ပြောလှသော အင်မော်တယ်ကုန်းမြေ ကမ္ဘာကြီး၏ အဆုံး၌.....
လေဟာနယ်သည် ဖြည်းညင်းစွာ လှုပ်ခတ်လာပြီး ရုတ်တရက် ကွဲအက်သွားကာ... စည်းမျဉ်းသံကြိုးများ ရစ်ပတ်ထားသော ပုံရိပ်များသည် နတ်ဆိုးဘုရားများ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသကဲ့သို့... ဤကမ္ဘာထဲတွင် တညီတညွတ်တည်း ပေါ်ထွက်လာကြသည်။
ထိုပုံရိပ်အများစုတွင် ဒဏ်ရာအသီးသီး ရရှိထားကြသည်။
သို့သော် ပုံရိပ်တိုင်း၏ မျက်နှာပေါ်တွင် ထိန်းချုပ်မရနိုင်သော စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်စောင့်စားမှုများ ရှိနေကြသည်။
အဆုံးမဲ့ကမ္ဘာမှ ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည်... ကောင်းကင်ချောက်နက်အတွင်းရှိ မရေမတွက်နိုင်သော စမ်းသပ်မှုများကို ဖြတ်ကျော်ပြီးနောက်... နောက်ဆုံးတွင် ဤနေရာသို့ အောင်မြင်စွာ တိုက်ခိုက်ဝင်ရောက်လာနိုင်ခဲ့ကြပြီ ဖြစ်သည်။
" ဒါ အင်မော်တယ်နယ်မြေလား "
ရှေးဟောင်းအထွတ်အထိပ်အရှင်တစ်ပါးသည်... ကမ္ဘာလောကတွင် ပျံ့နှံ့နေသော ကျယ်ပြောလှသည့် အင်မော်တယ်ချီစွမ်းအင်ကို အာရုံခံမိလိုက်ပြီး... ပုံမှန် တည်ငြိမ်အေးဆေးနေကျ သူ၏အသံတွင် မကြုံဖူးသော တုန်လှုပ်မှု အရိပ်အယောင်လေးတစ်ခု ပေါ်လာသည်။
" အင်မော်တယ်နယ်မြေရဲ့ အငွေ့အသက် ရှိပေမယ့် ဒါ အင်မော်တယ်နယ်မြေ မဟုတ်ဘူး "
ဖီးနစ်ဧကရာဇ်သည် သူ၏ပုံသဏ္ဍာန်ကို ထိန်းချုပ်လိုက်ပြီး... သူ၏ ခန္ဓာကိုယ်အစစ်အမှန်မှာ ကျုံ့ဝင်သွားကာ... ဆံပင်နီများနှင့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးအသွင်သို့... ပြောင်းလဲသွားသည်။ သူ၏ စူးရှသော အကြည့်များသည်... ကမ္ဘာလောကကို လွှမ်းခြုံထားသော အင်မော်တယ်မြူခိုးများကို ဖောက်ထွင်းသွားသကဲ့သို့ ရှိပြီး... ဤကျယ်ပြောလှသော အင်မော်တယ်ကုန်းမြေ၏ နက်ရှိုင်းရာသို့ လှမ်းကြည့်လိုက်သည်။
" အဲ့ဒီမှာ... အင်မော်တယ်နယ်မြေကနေ ထွက်ပေါ်လာတဲ့ စွမ်းအင်အတက်အကျတွေကို ငါ အာရုံခံမိနေတယ် "
ဖီးနစ်ဧကရာဇ်သည် လက်ညှိုးထောင်ကာ ဤကမ္ဘာ၏ အဆုံးတစ်နေရာသို့ ညွှန်ပြလိုက်သည်။
အင်မော်တယ်မြူခိုးများသည် သူ၏အမြင်အာရုံကို ပိတ်ဆို့ထားသဖြင့်... ကမ္ဘာ့အဆုံးရှိ မြင်ကွင်းကို ချက်ချင်း မမြင်နိုင်သော်လည်း... ထိုနေရာမှ ဒဏ္ဍာရီလာ 'အင်မော်တယ်' များသာ ပိုင်ဆိုင်သော စွမ်းအင်အတက်အကျများကို... ဝေဝါးစွာ အာရုံခံမိနေသည်။
" တိုက်ခိုက်ဝင်ရောက်ကြ..... "
" အင်မော်တယ်တက်လှမ်းခြင်းက ဒီကမ္ဘာမှာပဲ... ဒီအချိန်မှာပဲ "
တုံ့ဆိုင်းမှုမရှိ စကားအပိုမဆိုကြတော့ဘဲ... ရှေးဟောင်းအထွတ်အထိပ်အရှင် ကိုးပါးစလုံးသည် နားလည်မှုရှိစွာဖြင့်... အင်မော်တယ်ကုန်းမြေ ကမ္ဘာကြီး၏ အဆုံးသို့ ပြိုင်တူ တိုးဝင်သွားကြသည်။
ဤအချိန်တွင် ထိုအထွတ်အထိပ်အရှင်များ၏ စိတ်ထဲ၌ နောက်ဆုတ်လိုစိတ်များ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူတို့သည် ကောင်းကင်ချောက်နက်အတွင်းရှိ... များပြားလှသော စမ်းသပ်မှုများကို ဖြတ်ကျော်ခဲ့ပြီးပြီ ဖြစ်ကာ... လမ်းတစ်လျှောက်တွင် ကျဆုံးသွားသော အထွတ်အထိပ်အရှင် အရေအတွက်မှာ... ထက်ဝက်ခန့်ပင် ရှိသည်။
ဤကိုးပါးသာလျှင် ဤနေရာသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးမှာ မျက်စိရှေ့မှောက်တွင် ရောက်ရှိနေပြီဖြစ်ရာ သူတို့ မည်သို့ နောက်ဆုတ်ကြမည်နည်း။
" ဟားဟားဟား... လူသားဧကရာဇ်ဆိုတာ ဘာမို့လို့လဲ... ကောင်းကင်ဘုံအရှင်သခင်ဆိုတာ ဘာမို့လို့လဲ... အင်မော်တယ်တက်လှမ်းခြင်း မရှိရင် နောက်ဆုံးကျတော့ မြေမှုန့်အဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားရမှာပဲ "
ရှေ့ဆက်တိုးနေစဉ်တွင်... ရှေးဟောင်းအထွတ်အထိပ်အရှင်တစ်ပါးက အောင်နိုင်သူအမူအရာဖြင့် ပြောဆိုလိုက်ပြီး... သူ၏ အသွင်အပြင်တွင် သက်တောင့်သက်သာဖြစ်မှုများ ပြည့်နှက်နေသည်။
အခြားသော အထွတ်အထိပ်အရှင်များသည်လည်း အောင်မြင်စွာ တက်လှမ်းနိုင်ပြီး... အင်မော်တယ်နယ်မြေသို့ ရောက်ရှိပါက... နောက်ဆုံးတွင် ကောင်းကင်ဘုံအရှင်သခင်၏ အရိပ်မည်းအောက်မှ လွတ်မြောက်နိုင်တော့မည်ကို တွေးမိပြီး... သက်ပြင်းချလိုက်မိကြသည်။
ကုချန်သည် အဆုံးမဲ့ကမ္ဘာသို့ ပြန်ရောက်သည်မှာ မကြာသေးသော်လည်း... တားမြစ်နယ်မြေများမှ ရှေးဟောင်းအထွတ်အထိပ်အရှင်များအတွက်မူ... ဤအချိန်တိုလေးသည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီ၊ သောင်းချီသော ကာလများထက်ပင်... ပိုမို ခံစားရ ခက်ခဲစေခဲ့သည်။
ခေါင်းပေါ်တွင် ဓားတစ်စင်း တန်းလန်းဆွဲထားသကဲ့သို့သော ဤခံစားချက်မျိုးကို မည်သူကမှ ဒုတိယအကြိမ် ထပ်မကြုံချင်ကြပေ။
အခုတော့ ကောင်းသွားပြီ... အင်မော်တယ်လမ်းကြောင်းကို ဖြတ်ကျော်တိုက်ခိုက်ပြီး... အင်မော်တယ်နယ်မြေသို့ တက်လှမ်းနိုင်လျှင်... အားလုံး အဆင်ပြေသွားလိမ့်မည်။
ကောင်းကင်ဘုံအရှင်သခင်က ဇွဲကောင်းပါသည်ထားဦး... အင်မော်တယ်နယ်မြေအထိ သူတို့ကို လိုက်နှောင့်ယှက်နိုင်ပါမည်လော။
သို့မဟုတ်... သူတို့ အင်မော်တယ်နယ်မြေသို့ အောင်မြင်စွာ ရောက်ရှိသွားပါက... မကြာခင်မှာပင် ကောင်းကင်ဘုံအရှင်သခင်ကို... ပြန်လည် လွှမ်းမိုးနိုင်ကောင်း လွှမ်းမိုးနိုင်ပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် ကောင်းကင်ဘုံအရှင်သခင်သည် မည်သည့် ခြိမ်းခြောက်မှုမှ ဖြစ်လာတော့မည် မဟုတ်ပေ။
ပေါ့ပါးလိုက်တာ... ပြိုင်ဘက်ကင်းတဲ့ ပေါ့ပါးလွတ်လပ်မှုပါလား။
အထွတ်အထိပ်အရှင် ကိုးပါးသည် အင်မော်တယ်တက်လှမ်းခြင်း၏ လှပသော အိပ်မက်များဖြင့်... ဤကမ္ဘာထဲတွင် စိတ်လှုပ်ရှားစွာ ဖြတ်သန်းသွားလာရင်း... နောက်ဆုံးတွင်. ကမ္ဘာ့အဆုံးသို့ ရောက်ရှိလာပြီး... နောက်ဆုံးကျန်ရှိနေသော အင်မော်တယ်မြူခိုးလွှာကို ဖွင့်လှစ်လိုက်ကြသည်။
သို့သော် ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည် အင်မော်တယ်မြူခိုးများကို ဖောက်ထွင်း၍... ကမ္ဘာ့အဆုံးရှိ မြင်ကွင်းကို အမှန်တကယ် မြင်တွေ့လိုက်ရသောအခါ... သူတို့အားလုံး ကြက်သေသေသွားကြတော့သည်။
အဘယ်ကြောင့်ဆိုသော်... ကမ္ဘာ့အဆုံးတွင် ခံ့ညားထည်ဝါစွာ တည်ရှိနေသော အင်မော်တယ်ဂိတ်ကြီးကိုသာ မြင်တွေ့လိုက်ရသည် မဟုတ်ဘဲ... ကောင်းကင်ဘုံကိုးခုအထက်တွင် ကြီးစိုးထားကာ ကမ္ဘာမြေသို့ ဆင်းသက်လာသော... ဧကရာဇ်တစ်ပါးကဲ့သို့သော ပုံရိပ်တစ်ခုကိုလည်း မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ထိုပုံရိပ်မှာ သူတို့နှင့် အလွန် ရင်းနှီးလွန်းလှသည်... ကောင်းကင်ဘုံအရှင်သခင်မှလွဲ၍ အခြားမည်သူ ဖြစ်နိုင်မည်နည်း။
ကောင်းကင်ဘုံအရှင်သခင်... သူက ဒီနေရာမှာ ရှိနေတာလား။
တခဏအတွင်း ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည် သူတို့ အမြင်မှားနေသည်ဟု ခံစားလိုက်ရသည်။
ကောင်းကင်ဘုံအရှင်သခင်က... ဒီနေရာကို ဘယ်လိုလုပ် ရောက်နေတာလဲ။ သူတို့က ကောင်းကင်ချောက်နက်ထဲကို အရင်ဆုံး ဝင်ရောက်ခဲ့တာ ဖြစ်ပြီး... လမ်းတစ်လျှောက်လုံး ကောင်းကင်ဘုံအရှင်သခင် လိုက်ပါလာတာကို မတွေ့ခဲ့ရပါဘူး။
သူ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။
သူ ဒီနေရာကို ဘယ်လို ရောက်နေနိုင်မှာလဲ။
ခဏတာမျှ တားမြစ်နယ်မြေများမှ ရှေးဟောင်းအထွတ်အထိပ်အရှင် ကိုးပါးစလုံး ဆွံ့အသွားကြသည်။
သူတို့သည် ဤအရာများကို မယုံကြည်နိုင်သလို လက်လည်း မခံနိုင်ကြသောကြောင့် ဖြစ်သည်။
" အဲ့ဒီမှာ ကြည့်လိုက်..... "
ရှေးဟောင်းအထွတ်အထိပ်အရှင်တစ်ပါးက တုန်ရီနေသော လက်ညှိုးဖြင့် ကုချန်၏ခြေရင်းဘက်သို့ ရုတ်တရက် ညွှန်ပြလိုက်သည်။
ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည် ချက်ချင်းပင် လှမ်းကြည့်လိုက်မိကြသည်။
ကုချန်၏ခြေရင်းတွင် ထူထပ်စွာ ပုံနေသော မရေမတွက်နိုင်သည့် အရိုးစုများကို သူတို့ မြင်တွေ့လိုက်ရသည်။
ထိုအရိုးစုများသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးကာ တောက်ပနေပြီး... အချိန်မည်မျှ ကြာမြင့်ခဲ့သည်ကို မသိနိုင်သော်လည်း... ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။
ဤအရိုးများ၏ ယခင်ပိုင်ရှင်များသည် သူတို့ထက်မနိမ့်သော အထွတ်အထိပ်အဆင့် ရှိသည့် ဖြစ်တည်မှုများ ဖြစ်ကြသည်။
ယခင် ဧကရာဇ်အဆင့် စွမ်းအားရှင် အများအပြား ဒီနေရာမှာ သေဆုံးနေကြတာပဲ... ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။
ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည် တုန်လှုပ်သွားကြသော်လည်း... သူတို့၏အကြည့်က ကုချန်၏ခြေရင်းတစ်ဖက်သို့ ရွေ့လျားသွားသောအခါ... မျက်ဝန်းအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားရသည်။
သူတို့ ဘာမြင်လိုက်ရသနည်း.....
ကုချန်၏ခြေရင်းတွင် မှောက်လျက် လဲကျနေသော အလောင်းသုံးလောင်း ရှိနေသည်။
ထိုထဲမှ အလောင်းနှစ်လောင်းသည် အထွတ်အထိပ်အရှင်များ၏ အရိုးစုများနှင့် မတူဘဲ... ဖျော့တော့သော အင်မော်တယ်မြူခိုးများ ရစ်ပတ်ထားကာ... သာမန် အဆုံးမဲ့ကမ္ဘာကြီးကို ငုံ့ကြည့်နေသော ရှေးကျပြီး နက်ရှိုင်းမြင့်မြတ်သော... အင်မော်တယ်နတ်ဘုရားများကဲ့သို့ပင်။
အလောင်းများ ဖြစ်နေလျှင်တောင် ဖီးနစ်ဧကရာဇ်နှင့် အခြားသူများကို ပြင်းထန်သော ဖိအားပေးနေဆဲ ဖြစ်သည်။
ယခုတွင်မူ အင်မော်တယ်အလောင်းနှစ်လောင်းသည် ကောင်းကင်ဘုံအရှင်သခင်၏ ခြေရင်းတွင် အမှန်တကယ်ပင် ရှုံးနိမ့်နေခဲ့လေပြီ။
ဒီနေရာမှာ တကယ်ပဲ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။