← Chapters

အခန်း (၁၁၁-၁၁၃)

Vol. 8 Ch. 111-113

အခန်း (၁၁၁-၁၁၃)

Vol. 8 Ch. 111-113

အခန်း ၁၁၁

- အပိုင်း ၂၂ - ကတိကဝတ်သုံးခု (၃)

ယူဆန်းအာ၏ မျက်နှာအမူအရာကို ကြည့်ရုံနှင့်တင် အိုလံပတ်စ်၏ အဖြေကို ကျနော် သိနိုင်လေသည်။ ယူဆန်းအာ၏ မျက်နှာမှာ နီမြန်းသွားပြီးနောက် ဖြူလျော်သွား၏။ ယူဆန်းအာ၏ မျက်လုံးများကို ကြည့်ရသလောက် ဤအကြောင်းအရာကို စောစီးစွာ ထုတ်ပြောမိခြင်းမှာ အလျင်စလို ဖြစ်သွားခဲ့သည်ဟု ကျနော် ထင်လိုက်မိသည်။

“အဲ့ဒါကလေ... ဒေါ့ဂျာ”

ကျနော့်ကို ကြည့်ရင်း ယူဆန်းအာ တွန့်ဆုတ်နေရလောက်အောင် မည်သည့်စကားကို ကြားလိုက်ရသည်ကို ကျနော် သိချင်လာမိသည်။ ယူဆန်းအာကိုပင် အားနာစိတ် ဖြစ်မိ၏။

“ထောက်ပံ့သူက ဘာပြောလဲဆိုတာ ကျနော့်ကို ပြောပြလို့ ရမလား”

ယူဆန်းအာ၏ ခန္ဓာကိုယ်မှ လျှပ်စစ်မီးပွားများ ထွက်ပေါ်လာသည်။ အရီယက်ဒ်နီမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပုံရ၏။ အခြေအနေ ငြိမ်သက်သွားသည်အထိ ကျနော် ခဏ စောင့်လိုက်သည်။ မေးခွန်းနှင့် အဖြေ သုံးခု၏ နောက်ဆက်တွဲ ရလဒ်က ဤမျှအထိ ကြီးမားလိမ့်မည်ဟု ကျနော် မထင်ထားခဲ့ချေ။ မကြာမီတွင် လျှပ်စစ်မီးပွားများ ငြိမ်သက်သွားပြီး ယူဆန်းအာက ရောထွေးနေသော အသံဖြင့် ပြောလာသည်။

“ကြွယ်ဝသော ည၏ ဖခင်က အလွယ်တကူ တွေ့ဆုံနိုင်တဲ့သူမျိုး မဟုတ်ဘူးတဲ့...”

ကြွယ်ဝသော ည၏ ဖခင်ဆိုသည်မှာ အိုလံပတ်စ်၏ အဓိက နတ်ဘုရား သုံးပါးထဲမှ တစ်ပါးဖြစ်သော ဟေးဒီးစ်ကို ပေးထားသည့် ဘွဲ့နာမ ဖြစ်သည်။

အိုလံပတ်စ်၏ အဓိက နတ်ဘုရား သုံးပါးထဲမှ တစ်ပါးဖြစ်သော ဟေးဒီးစ်သည် ‘အိုလံပတ်စ် နတ်ဘုရား ၁၂ ပါး’ ပင် ဝင်ရောက်ခွင့် မရှိသည့် ကျော်ကြားသော နေရာတစ်ခုတွင် နေထိုင်၏။ ဟေးဒီးစ်သည် အရီယက်ဒ်နီ ဆက်သွယ်ရန်အတွက် အလွန်အမင်း မြင့်မြတ်လွန်းလှသည်။

ယူဆန်းအာကို ကျနော် အလျင်အမြန် ကျေးဇူးတင်လိုက်၏။

“ကျေးဇူးတင်ပါတယ် ယူဆန်းအာ”

“ဒါနဲ့ ဒေါ့ဂျာ...”

ထက်မြက်သော ယူဆန်းအာသည် ကြွယ်ဝသော ည၏ ဖခင်မှာ ဟေးဒီးစ် ဖြစ်ကြောင်း သိနေပြီးသား ဖြစ်ပေလိမ့်မည်။ ကျနော် ဘာကြောင့် ဟေးဒီးစ်ကို ရှာနေသလဲဆိုသည်ကိုလည်း သူမ ဝေဝေဝါးဝါး သိနေပုံရသည်။

ဇနီးဖြစ်သူ ယူရီဒိုက်စ်ကို ပြန်ရှင်လာစေရန် မရဏလောကသို့ သွားရောက်ခဲ့သော အော်ဖီးယပ်စ်၏ အကြောင်းမှာ တောင်ကိုရီးယားတွင် ကျော်ကြားသော ဒဏ္ဍာရီတစ်ခု ဖြစ်၏။

“...အဲ့ဒါက ဖြစ်နိုင်ပါ့မလား”

ယူဆန်းအာက သိချင်နေလေသည်။

လောကနိယာမအရ သေဆုံးသွားသူကို ပြန်ရှင်လာစေရန်မှာ မဖြစ်နိုင်ပေ။

လူမသတ်ဘုရင် အကျိုးသက်ရောက်မှု၏ ဖြစ်နိုင်စွမ်း ပြုပြင်ပြောင်းလဲမှုကို ကျနော် ခံယူခဲ့သော်လည်း အခြား အခြေအနေအများစုတွင် ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲမှုမျိုး မရှိချေ။ ရှင်ယူဆောင်းအတွက်လည်း ထိုနည်းတူပင် ဖြစ်သည်။ အကယ်၍ ပြန်လည် ရှင်သန်ခြင်းသာ ဖြစ်နိုင်ခဲ့လျှင် ယူဂျွန်ဟော့အနေဖြင့် နောက်ပြန်ဆုတ်ရန် လိုအပ်မည် မဟုတ်ပေ။

သို့သော်လည်း ကျနော်သာ ရှင်ယူဆောင်း၏ ဝိညာဉ်ကို တစ်နည်းနည်းဖြင့် ရရှိနိုင်မည်ဆိုလျှင်...

“အသေးစိတ်ကိုတော့ အခုလောလောဆယ် ကျနော် မပြောနိုင်သေးဘူး။ စိတ်မရှိပါနဲ့”

နက္ခတ်များ ကျနော့်ကို စိုက်ကြည့်နေသော အခြေအနေမျိုးတွင် ကျနော့် အနာဂတ် အစီအစဉ်များကို ထုတ်မပြောချင်ပေ။ ယခင် အခြေအနေများကြောင့် ကျနော့်ကို မနှစ်သက်သော နက္ခတ်များစွာ ရှိနေ၏။

ကျနော် ငါးစာ ချထားပြီးပြီ ဖြစ်ရာ သူတို့တွေ ငါးစာကို ကိုက်မကိုက် စောင့်ကြည့်ရန်သာ ကျန်တော့သည်။ အရေးကြီးသည်မှာ စိတ်ရှည်ရန် ဖြစ်၏။

ပတ်ဝန်းကျင်ရှိ လူများကို ကြည့်ကာ ကျနော်ပြောလိုက်သည်။

“ငါတို့ တွေ အရာအားလုံးကို စနစ်တကျ ပြန်စီစဉ်ကြမလား”

ထို့နောက်တွင်တော့ ကျနော့် အဖွဲ့သားများမှာ စောင့်ဆိုင်းနေခဲ့သကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် ကျနော့်ဆီ ချဉ်းကပ်လာကြသည်။ ရှင်ယူဆောင်းနှင့် လီဂီယောင်တို့မှာ လီဟန်းဆောင်နှင့်အတူ ရှိနေပြီး လီဂျီဟယ်ကတော့ အနည်းငယ် စိတ်ကောက်နေသော အမူအရာဖြင့် အဝေးတစ်နေရာတွင် ရပ်နေလေ၏။

အဆင့်နိမ့် ဒိုကဲဘီ တစ်ကောင်၏ အသံကို ကျနော် ကြားလိုက်ရသည်။

[ကျနော်ကတော့ လျော်ကြေးရှင်းတမ်းကို ယာယီ တာဝန်ယူဆောင်ရွက်မယ့် ဒိုကဲဘီ ‘ယောင်ကီ’ ပါ]

သူသည် ဒိုကဲဘီ အသစ်လေး ဖြစ်ပြီး အနည်းငယ် တောင့်တင်းသော အသံဖြင့် ပြောနေ၏။

[ပဉ္စမမြောက် ဇာတ်ဝင်ခန်းအတွက် ထပ်ဆောင်း လျော်ကြေးတွေကို အခုပဲ ရှင်းတမ်းထုတ်ပေးပါတော့မယ်]

အဆင့်မြင့် ဒိုကဲဘီများအားလုံး ပျောက်ကွယ်သွားသောကြောင့် ဖြစ်ပေလိမ့်မည်။

[သင်သည် ‘အဲလိန်းတောအုပ်၏ဇီဝစွမ်းအား’ ကို ရရှိပါသည်။]

လူများသည် လေထဲမှ ကျလာသော အသီးလေးများကို ဖမ်းယူလိုက်ကြသည်။

[ဒါက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုမှာ လူကြိုက်အများဆုံး အနာရောဂါ ပျောက်ကင်းစေတဲ့ ပစ္စည်းပါ။ ပြင်းထန်စွာ ဒဏ်ရာရခဲ့ရင်တောင် ဒါကို စားပြီး အိပ်စက်လိုက်ရင် အမြန်ဆုံး ပြန်လည် ကောင်းမွန်လာနိုင်ပါတယ်]

ဤမျှ ယဉ်ကျေးသော ဒိုကဲဘီမျိုးကို ကျနော် မြင်ဖူးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သဖြင့် ယုံရခက်လှသည်။ ထို့နောက် ဒိုကဲဘီက ကျနော်နှင့် အခြားသော သူအချို့ကို စကားပြောလာ၏။

[အဓိက ပါဝင်ကူညီသူတွေအတွက် ထပ်ဆောင်း လျော်ကြေးကိုတော့ ဒီညနေပိုင်းမှာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကြိုးစားအားထုတ်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လာမယ့် ဇာတ်ဝင်ခန်းတွေမှာလည်း ဆက်လက် ကြိုးစားကြဖို့ မျှော်လင့်ပါတယ်]

အသံ ပျောက်ကွယ်သွားပြီး အသီးများကို ကိုင်ထားသော လူအားလုံးကို ကျနော် ကြည့်လိုက်သည်။ ကျနော် မသိသော ဇာတ်ကောင်များမှာ သေဆုံးသွားကြလိမ့်မည်ဖြစ်ပြီး အချို့သော လူများမှာလည်း ယခုပင် သေဆုံးနေကြပေလိမ့်မည်။ သို့ပေသိ ကျနော်တို့ ရှင်သန်ခဲ့သည်။ အဖွဲ့ဝင်များသည် ကျေးဇူးတင်ရမည့်လား၊ ဝမ်းနည်းရမည့်လား မသေချာ ဖြစ်နေကြ၏။ ဤသို့ ဖြစ်လာလျှင် တစ်စုံတစ်ယောက်က ကိုယ်စားပြုခေါင်းဆောင်အဖြစ် လုပ်ဆောင်ပေးရမည် ဖြစ်သည်။

ကျနော် သူတို့ကို စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အားလုံးပဲ၊ ပင်ပန်းသွားကြပြီ”

မည်သည့်အရာကိုမျှ ဆုံးဖြတ်မထားသော အချိန်မှာ ခဏတာမျှသာ ဖြစ်၏။ ဝမ်းနည်းစရာမှာ ဝမ်းနည်းစရာဖြစ်ပြီး ပျော်ရွှင်စရာမှာ ပျော်ရွှင်စရာ ဖြစ်သည်။ ကျနော်တို့သာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဆိုလျှင် အနည်းဆုံးတော့ ဤအချိန်အခိုက်အတန့်များသည် အဓိပ္ပာယ်ရှိနေမည်ဖြစ်၏။

“ခင်ဗျားတို့ တကယ် ကြိုးစားခဲ့ကြတယ်”

ဆုလာဘ်များနှင့် ပတ်သက်၍ ကျနော် မည်သည့်အရာကိုမျှ မပြောသောအခါ အဖွဲ့သားများ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသော အမူအရာများ ဖြည်းဖြည်းချင်း ပြည့်နှက်လာသည်။ ဆုလာဘ်များမှာ သူတို့ အတွက် ထိုက်တန်ပါသည်။

ပထမဆုံး စကားစလိုက်သူမှာ လီဂျီဟယ် ဖြစ်သည်။

“...ဒါနဲ့ ဦးလေးကြီးက တကယ့်ကို အံ့ဩစရာပဲ။ ဆရာ့ထက်တောင် ပိုပြီး ကြည့်ကောင်းနေတယ်လို့တောင် ခဏလောက် ထင်လိုက်မိသေးတယ်။ ကျမ အသိအမှတ်ပြုပါတယ်”

ထို့နောက် လီဟန်းဆောင် နှင့် ယောင်ဟီဝန်တို့ကလည်း ဝင်ပြောကြ၏။

“...တကယ့်ကို အံ့မခန်းပါပဲ”

“ငါကတော့ တော်တော်လေးကို လန်းဆန်းသွားတယ်”

...ဤလူများ၊ ကျနော့်ကို ပြောချင်ကြသည်မှာ ဤမျှသာလော။ သူတို့တွေ အုတ်အော်သောင်းနင်း ဖြစ်နေကြသည်ကို ကြည့်ပြီး ကျနော့်မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်လာသည်။ ကနဦး ဇာတ်ဝင်ခန်းများ၏ အကြီးမားဆုံးသော အကျပ်အတည်းမှာ ပြီးဆုံးသွားခဲ့ပြီး ဆိုးလ်ကိုလည်း ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။ လောလောဆယ်တွင်တော့ နောက်ထပ် ဇာတ်ဝင်ခန်း အနည်းငယ် ကျော်လွန်သည်အထိ ဆိုးလ်သည် ခြိမ်းခြောက်ခံရမည် မဟုတ်ပေ။

“ဒေါ့ဂျာလည်း တော်တော် ပင်ပန်းသွားပြီ”

ယူဆန်းအာက ကျနော့်ကို စိုက်ကြည့်ကာ တောက်ပစွာ ပြုံးပြလေသည်။

ဖြစ်နိုင်သည်မှာ ဤအရာက ကျနော့်အတွက် ပေးအပ်သော ဆုလာဘ် ဖြစ်ပေလိမ့်မည်။

တစ်စုံတစ်ခုက ကျနော့်ကို တိုက်မိသည့် အသံနှင့်အတူ ရှင်ယူဆောင်းက သူမ၏ နဖူးကို ကျနော့်နံဘေးတွင် မှီထားလိုက်၏။ လီဂီယောင်ကတော့ အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း မည်သည့်အရာမျှ မပြောခဲ့ချေ။ ကျနော်သည် ရှင်ယူဆောင်း၏ ခေါင်းပေါ်သို့ လက်ကို သာသာလေး တင်လိုက်သည်။

...ဟုတ်တယ်။ ဒါကလည်း ဆုလာဘ်တစ်ခုပဲ။

……………………………………………………………………………………………..

ညနေခင်းတွင်တော့ အဓိက ပါဝင်ကူညီသူများအတွက် ထပ်ဆောင်းလျော်ကြေးပေးအပ်ခြင်း အစီအစဉ် စတင်လေပြီ။ ထပ်ဆောင်းလျော်ကြေး ရရှိသည့် အဓိက ပါဝင်ကူညီသူ သုံးဦးရှိ၏။ ထိုသူတို့မှာ ကျနော်၊ ယောင်ဟီဝန် နှင့် ယူဂျွန်ဟော့ တို့ပင် ဖြစ်သည်။

[ပဉ္စမမြောက် ဇာတ်ဝင်ခန်းအတွက် ထပ်ဆောင်းလျော်ကြေးမှာ အဆင့် B စွမ်းရည်တစ်ခု ဖြစ်ပါသည်။]

အခြားသူတစ်ယောက်အမြင်ဖြင့်ကြည့်ပါက အဆင့် B စွမ်းရည်မှာ ဆုလာဘ်တစ်ခုအနေနှင့် မထိုက်တန်ဟု ဆိုနိုင်သော်လည်း အမှန်စင်စစ် မျှတမှုရှိပေသည်။ အက္ခရာအဆင့် နိမ့်နေခြင်းမှာ ထိုစွမ်းရည်က အသုံးမဝင်ဟု မဆိုလိုပေ။

ထို့အပြင် ဇာတ်ဝင်ခန်းလျော်ကြေးမှာ ‘လွတ်လပ်စွာ ရွေးချယ်ခွင့်’ ပုံစံမျိုး ဖြစ်သည်။ တစ်နည်းအားဖြင့် ကျနော် အလိုရှိသည့် အဆင့် B စွမ်းရည်ကို စိတ်ကြိုက်ရွေးချယ်နိုင်၏။ အဆင့် B စွမ်းရည်များထဲတွင် ရရှိရန် ခက်ခဲသော စွမ်းရည်တစ်ခု ရှိနေပြီး ၎င်းကို ကျနော် ရယူရမည် ဖြစ်သည်။

[အဆင့် B စွမ်းရည်များ စာရင်းကို ကြည့်ရှုလိုပါသလား။]

ထိုစာရင်းမှာ သောင်းနှင့်ချီသော စွမ်းရည်များ ပါဝင်သည့် စာရင်းတစ်ခု ဖြစ်သည်။ ယခင်ကတည်းက စဉ်းစားထားသည့် စွမ်းရည်တစ်ခု ရှိနေသောကြောင့် ခက်ခဲသော ရွေးချယ်မှုများကို ကျနော် ရှောင်ရှားနိုင်ခဲ့၏။

[လျော်ကြေးအဖြစ် အဆင့် B စွမ်းရည် ‘မုသားထောက်လှမ်းနိုင်စွမ်း’ ကို ရယူလိုပါသလား။]

ကျနော် ခေါင်းညိတ်ပြလိုက်သောအခါ အလင်းဖျော့ဖျော့လေး တစ်ခုနှင့်အတူ နောက်ထပ် မက်ဆေ့ချ်များ ပေါ်လာသည်။

[သီးသန့်စွမ်းရည် ‘မုသားထောက်လှမ်းနိုင်စွမ်း’ ကို စွမ်းရည်စာရင်းထဲသို့ ထည့်သွင်းပြီးပါပြီ။]

နောက်ဆုံးတော့ ကျနော် ဤစွမ်းရည်ကို ရရှိခဲ့လေပြီ။ မုသားထောက်လှမ်းနိုင်စွမ်း မရှိခြင်းမှာ တကယ့်ကို စိတ်ပျက်စရာ ကောင်းလှ၏...။

ကျနော် နောက်လှည့်ကြည့်လိုက်သောအခါ ယောင်ဟီဝန်မှာ တစ်ခုခုကို ရွေးချယ်ရန် အခက်တွေ့နေသည်ကို မြင်လိုက်ရသည်။

ဘေးတွင်ရှိနေသော လီဂျီဟယ်ကို ကျနော်မေးလိုက်၏။

“ဟေ့…. ယူဂျွန်ဟော့ ဘယ်မှာလဲဆိုတာ နင် သိလား”

“အာ… သူ အမဆောဟွာနဲ့အတူ တစ်နေရာကို သွားတယ်”

...လီဆောဟွာဟုတ်လား။

လီဂျီဟယ်မှာ ကျနော် ဘာတွေးနေသည်ကို သိနေသကဲ့သို့ သနားစဖွယ် မျက်လုံးများဖြင့် ကျနော့်ကို ကြည့်လာသည်။

“...ဟူး… ဦးလေးကြီး တွေးနေသလိုမျိုး မဟုတ်ပါဘူး”

“...”

“တကယ်ပါ။ ကျမ တစ်ချိန်လုံး စောင့်ကြည့်နေတာ။ ရှင်တို့ နှစ်ယောက်နဲ့ လုံးဝကို ကွဲပြားပါတယ်။ ကျမ သေချာပေါက် ပြောရဲတယ်”

ကျနော် ခေါင်းကိုက်သွားရသည်။ ပြောရမည်ဆိုလျှင် ဒုတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင် သူတို့မှာ ချစ်သူများ ဖြစ်ခဲ့ကြသည်မှာ သေချာသော်လည်း တတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင်မူ ကျနော် မမှတ်မိတော့ပေ။ ယူဂျွန်ဟော့အတွက် လျှောက်လှမ်းရမည့် လမ်းမှာ ရှည်လျားလှ၏။ သို့ဆိုလျှင် သူ ဘယ်ကို သွားခဲ့သနည်း။ သူ၏ ညီမလေးကို သွားခေါ်ခြင်းလော။

[ဆဌမမြောက် ဇာတ်ဝင်ခန်းမှာ သုံးရက်အတွင်း စတင်ပါမည်။]

စနစ်မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာလေသည်။ ယူဂျွန်ဟော့ ဘာလုပ်ချင်သည်ကို ကျနော် သိလိုက်သည်ဟု ထင်မိ၏။ ဆဌမမြောက် ဇာတ်ဝင်ခန်းမှာ အခြားသော ဒေသများမှ ကိုယ်စားလှယ်များနှင့် ရင်ဆိုင်ရမည်ပင်။

ယူဂျွန်ဟော့သည် အေးအေးဆေးဆေး မနေနိုင်သောသူ ဖြစ်သဖြင့် ယခင် နောက်ပြန်ဆုတ်ခြင်းတုန်းက မရရှိခဲ့သော ဖုံးကွယ်ထားသည့် စွမ်းရည်များနှင့် ပစ္စည်းအချို့ကို သွားရောက် ရယူနေခြင်း ဖြစ်ပေလိမ့်မည်။

ဆိုးလ်ဒေသတွင် ဖုံးကွယ်ထားသော ဇာတ်ဝင်ခန်းများ ရှိနေသေးသည်။ ထိုဇာတ်ဝင်ခန်းတို့ကို ယူဂျွန်ဟော့က ယူသွားမည်အား တွေးမိ၍ အနည်းငယ် စိတ်မကောင်း ဖြစ်မိသော်လည်း စွမ်းရည်များကို ယူဂျွန်ဟော့က အကုန်သိမ်းကျုံးယူသွားခြင်းထက်စာလျှင် ပို၍ ကောင်းမွန်ပါသေးသည်။

ထို့အပြင် ကျန်ရှိနေသော ဇာတ်ဝင်ခန်းများကို ပို၍ လွယ်ကူစေရန်အတွက် ယူဂျွန်ဟော့သည် ယခုထက် ပိုမို အစွမ်းထက်ရန် လိုအပ်၏။

“အာ…. ဟုတ်သားပဲ။ ဆရာက ဦးလေးကြီးအတွက် မက်ဆေ့ချ် တစ်ခု ထားခဲ့တယ်”

“ငါ့အတွက်ဟုတ်လား”

လီဂျီဟယ်သည် ခေါင်းညိတ်ပြရင်း ဓါးကို ဆုပ်ကိုင်ကာ တည်ကြည်သော လေသံဖြင့် ကြေညာလိုက်သည်။

“ကင်ဒေါ့ဂျာ… ကတိသစ္စာ သက်တမ်း ကုန်ဆုံးသွားပြီတဲ့”

ကျနော့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။ တည်ရှိမှု ကတိသစ္စာကို ကျနော်မေ့နေခဲ့ခြင်း ဖြစ်သည်။

—အဲ့ဒါဆိုရင် ငါ့ကို ပဉ္စမမြောက် ဇာတ်ဝင်ခန်း မပြီးမချင်း အန္တရာယ် မပြုဘူးလို့ ကတိပေး။ တကယ်လို့ မင်းသာ အဲ့ဒီလို မလုပ်နိုင်ဘူးဆိုရင် ငါ တကယ် မကူညီဘူး။

—ငါ ကတိပေးတယ်။

ကျနော်တို့ ဤကတိကို ပေးခဲ့ကြ၏။

ဒီမအေဘေးကတော့ကွာ....

သူသည် ဤကတိကြောင့် ကျနော့်ကို အသက်ရှင်ခွင့် ပေးခဲ့ခြင်းလော။ ထို့နောက် ထူးဆန်းသော စကားတစ်ခွန်းကို ကျနော် သတိရသွားသည်။

—ငါ မင်းကို မသတ်ဘူး။ ငါ မင်းကို တစ်ချက်ပဲ ထိုးမယ်။

ကျနော် တံတွေးကို မသိမသာ မျိုချလိုက်မိသည်။

အဲ့လိုထိုးဖို့က သူ့ရဲ့အစီအစဉ် မဟုတ်ပါစေနဲ့။

ယူဂျွန်ဟော့သည် ကျနော့်ကို ထိုးရန်အတွက် စွမ်းရည်တစ်ခုခုကို သင်ယူနေခြင်းလော။

“ဒါနဲ့... ရှင်တို့ နှစ်ယောက်က ဘယ်လို ကတိမျိုး ပေးခဲ့ကြတာလဲ”

“ပါးစပ်ပိတ်ထားစမ်းပါ”

မည်သို့ပင်ဆိုစေကာမူ အဆင်ပြေသွားမည် ဖြစ်၏။ ကျနော့်တွင် ကပ်ဘေး ရှင်ယူဆောင်း အသုံးပြုခဲ့သည့် သားရဲဘုရင်၏ အာရုံခံစားမှု ရှိနေပြီး ထိုစွမ်းရည်မှာ အဆင့် ၃ ရှိ၏။

...ကျနော့်တွင် စာမှတ်မှတစ်ဆင့် ရရှိထားသော လေ၏လမ်းစဉ် ရှိသလို အားကိုးရသော အပေါင်းအဖော်များလည်း ရှိနေလေသည်။

လီဂျီဟယ်၏ မျက်လုံးများကို ကျနော် အားကိုးတကြီး ကြည့်လိုက်သောအခါ လီဂျီဟယ်က စကားပြောလာသည်။

“ဦးလေးကြီးကို ဆရာ့ဆီကနေ ကျမ မကာကွယ်ပေးဘူးဆိုတာ သိတယ်မလား”

“နင့်ဆီက ဘာမှ မျှော်လင့်မထားပါဘူး”

လီဂျီဟယ်အစား လီဟန်းဆောင် ကို ကျနော်အားကိုးတကြီး ကြည့်လိုက်သည်။ သူသည် ယူဂျွန်ဟော့၏ အဖွဲ့ဝင် မဟုတ်ဘဲ ကျနော့်၏ အဖွဲ့ဝင် ဖြစ်သည်ဟု ရှင်ယူဆောင်းကို သူပြောခဲ့စဉ်က ကျနော် တကယ့်ကို စိတ်လှုပ်ရှားခဲ့ရ၏။ လီဟန်းဆောင်က ကျနော့်ကို စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ကြည့်ပြီးနောက် ပြောလိုက်သည်။

“ဟိုလေ... ဒေါ့ဂျာ”

“ဟုတ်ကဲ့”

“အမှန်အတိုင်း ပြောရရင် ကျုပ် ယူဂျွန်ဟော့ကို နည်းနည်းတော့ ကြောက်မိတယ်”

“...အာ… ရပါတယ်။ နားလည်ပါတယ်”

စဉ်းစားကြည့်လျှင် လီဟန်းဆောင်၏ ခွန်အားမှာ ယူဂျွန်ဟော့ကြောင့် ဖြစ်တည်လာခြင်း ဖြစ်သည်။

ချီး။

သို့သော်လည်း စိတ်ပျက်ရန်အတွက် စောလွန်းသေးသည်။

ကျနော့်တွင် ယောင်ဟီဝန် ရှိနေသေး၏။ ယောင်ဟီဝန်မှာ မူရင်းဝတ္ထုထဲတွင် ပါဝင်ခြင်းမရှိသော သူဖြစ်ပြီး ကျနော့်လက်နှင့် ကျနော် ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သူ ဖြစ်သည်။

ယောင်ဟီဝန်က ခေါင်းကို ကုတ်ရင်း ပြောလာသည်။

“ဘာအကြောင်းလဲဆိုတာ ငါ မသိပေမဲ့ နင်တို့ နှစ်ယောက်ကြားက တိုက်ပွဲမှာ ငါ ပါဝင်ပတ်သက်မှာ မဟုတ်ဘူးနော်”

“...ဟမ်”

“ငါက နင်တို့ နှစ်ယောက်ကြားက ကိစ္စကို နှောင့်ယှက်မှာမဟုတ်ဘူး... ဒါက ဘာတွေလဲဟ”

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က ချစ်ခင်နှစ်လိုဖွယ် အပြုံးတစ်ခု ပြုံးနေပါသည်။]

ကျနော့်ကျောရိုးတစ်လျှောက် ရုတ်တရက် ချမ်းစိမ့်သွားသည်။ ထိုနက္ခတ်မှာ ဘာတွေ တွေးနေသနည်း။

[‘ကောင်းကင်ဘုံ၏ စာရေးတော်’ နက္ခတ်က ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ ကို တည်ကြည်သော မျက်လုံးများဖြင့် စောင့်ကြည့်နေပါသည်။]

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် က လန့်ဖျပ်သွားပြီး အမူအရာကို ပြောင်းလဲလိုက်ပါသည်။]

“ဒေါ့ဂျာ”

ကျနော် အံ့ဩတကြီး မော့ကြည့်လိုက်သောအခါ ယူဆန်းအာက ကျနော့်ကို တည်ငြိမ်စွာ ပြုံးပြနေ၏။

“စိတ်မပူပါနဲ့။ ဂျွန်ဟော့က လူဆိုးမဟုတ်ပါဘူး”

“...အဲ့ဒီလိုပဲ မျှော်လင့်ရတာပေါ့”

“သူက မိတ်ဆွေကောင်း တစ်ယောက်ဖြစ်မှာ သေချာပါတယ်”

ယူဆန်းအာ၏ စကားကို ကြားပြီး ကျနော် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဘာကြောင့်မှန်း မသိသော်လည်း ဤအချိန်တွင် ဟန်ဆိုယောင်းကို သတိရသွားမိ၏။ ကျနော့်အပြင် ယူဂျွန်ဟော့မှာ မည်သို့သော လူစားမျိုးဖြစ်သည်ကို သိသူမှာ ဟန်ဆိုယောင်းတစ်ဦးတည်းသာ ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ဟန်ဆိုယောင်း ဤနေရာမှာ ရှိနေခဲ့လျှင်တောင် ကျနော့်ကို ကာကွယ်ပေးမည် မဟုတ်ပေ...။

ဇာတ်ဝင်ခန်း ပြီးဆုံးသွားသော်လည်း ဟန်ဆိုယောင်း ယခု ဘာလုပ်နေသည်ကို ကျနော် မသိရှိချေ။

ကျနော်တို့တွေ ပတ်ဝန်းကျင်ကို ရှင်းလင်းပြီး ပစ္စည်းများကို သိမ်းဆည်းခဲ့ကြသည်။

ညနက်ပိုင်းသို့ ရောက်လာသော်လည်း ယူဂျွန်ဟော့မှာ ပြန်မလာသေးပေ။ ထိုအစား ကင်းလှည့်သွားသော ယောင်ဟီဝန်မှာ ပစ္စည်းအချို့နှင့်အတူ ပြန်ရောက်လာခဲ့၏။

ကျနော် အံ့ဩသွားရသည်။

“ဒါတွေ ကျန်သေးတာလား”

ယောင်ဟီဝန်၏ လက်ထဲတွင် ဘီယာခြောက်ဗူးနှင့် ဆိုဂျူးများ ပါလာသည်။ ယောင်ဟီဝန်က ပြုံးလျက် ဆို၏။

“အထိမ်းအမှတ်အနေနဲ့ တစ်ခွက်လောက် သောက်ကြရအောင်”

ကျနော်တို့တွေ မီးပုံဖိုကာ ထိုင်လိုက်ကြသည်။ ဘီယာဗူးကို လှမ်းယူလိုက်သော လီဂျီဟယ်၏ လက်ကို ကျနော် အမြန် ရိုက်ချလိုက်၏။

“နင်က အသက်မပြည့်သေးဘူး”

“...အခုချိန်မှာ ဥပဒေတွေမှ မရှိတော့တာ။ ကျမ အသက်မပြည့်သေးတာက ဘာဖြစ်လို့လဲ”

“ကလေးတွေနဲ့အတူ အချိုရည်ပဲ သောက်စမ်းပါ”

ပြောနေရင်းဖြင့် အရက်ကို တစ်ငုံ ကျနော် အမြန်သောက်လိုက်သည်။ ယောင်ဟီဝန်မှာ သောက်နေရင်း ပါးပြင်များ နီရဲနေပြီး လီဟန်းဆောင် မှာမူ ဘီယာအနည်းငယ် သောက်ပြီးနောက် ဝက်ဝံတစ်ကောင်ကဲ့သို့ ဟောက်ကာ အိပ်ပျော်သွားလေပြီ။ သူမှာ ကြည့်ရသည်ထက် အသည်းပိုနုပုံရ၏။

“ဒီအရသာက...”

လီဂျီဟယ်မှာ ခိုးပြီး အနည်းငယ် သောက်လိုက်ရာမှ မျက်နှာနီရဲလျက် မှောက်သွားသည်။ အံ့ဩစရာကောင်းသည်မှာ ယူဆန်းအာမှာ ဆိုဂျူးလေးပုလင်း ကုန်သွားသော်လည်း မူးသည့်အရိပ်အယောင် အနည်းငယ်မျှ မပြခြင်းပင်။

“ကျမက အရက် တော်တော်သောက်နိုင်တယ်”

စဉ်းစားကြည့်လျှင် ကုမ္ပဏီ အခမ်းအနားများတွင် ယူဆန်းအာ အရက်သောက်သည်ကို ကျနော် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

“...မူးဖို့က ခက်ခဲလွန်းတယ်”

ယူဆန်းအာ၏ စကားလုံးများထဲတွင် ဝမ်းနည်းမှုတို့ ပါဝင်နေသည်။ ကုမ္ပဏီမှ အမျိုးသားအချို့မှာ ယူဆန်းအာ မူးနေစဉ် တစ်ခုခု လုပ်ချင်ခဲ့ကြသည်မှာ အမှန်ပင်။ ဖြစ်နိုင်သည်မှာ ယခုမှသာ ယူဆန်းအာ စိတ်အေးလက်အေး သောက်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

“ဒီနေ့အတွက်တော့ သောက်လို့အဆင်ပြေတယ်မလား”

ယူဆန်းအာက ပုံမှန်ထက် ပို၍ ဖြူဖျော့နေသလိုဖြစ်နေသောကြောင့် ကျနော် အားနာစွာဖြင့် မျက်နှာလွှဲလိုက်မိသည်။

ကောင်းကင်တွင် လမင်းမှာ အထီးကျန်စွာ သာနေပြီး ယနေ့တွင်တော့ မိစ္ဆာတို့၏ ဟိန်းဟောက်သံများ မကြားရပေ။ ကျနော်တို့ ပတ်ဝန်းကျင်ရှိ အခြားသော အဖွဲ့များမှာလည်း ဆူညံစွာ သောက်စားနေကြ၏။

ဤကဲ့သို့ အခြေအနေမျိုးတွင် ကျနော် ကောင်းကောင်း သောက်ချင်မိသောကြောင့် သောက်ကိုသောက်ဖို့လိုသည်ဟု တွေးမိ၏။

ဤကမ္ဘာမှာ အရက်မသောက်ဘဲ မည်သည့်အရာကိုမျှ သည်းမခံနိုင်သော ကမ္ဘာတစ်ခု ဖြစ်သည်။ ထို့နောက် ကျနော့် ဖန်ခွက်ဘေးတွင် မီးပွားလေးများ ပေါ်လာ၏။ အံ့ဩသွားသော ယူဆန်းအာက ကျနော့်ကို ကြည့်လာသည်။

ကျနော် ခေါင်းညိတ်ပြလိုက်၏။ အရက် အလွန်အကျွံ မသောက်ခဲ့သည်မှာ ကံကောင်းလှသည်။ အရက်များကို မြေကြီးပေါ်သို့ ကျနော် သွန်ချလိုက်သည်။

[‘ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား’ နက္ခတ်က သင့်အား စကားပြောလိုပါသည်။]

အိုလံပတ်က နောက်ဆုံးတော့ ငါးစာဟပ်လာလေပြီ။

အခန်း ၁၁၂

- အပိုင်း ၂၂ - ကတိကဝတ်သုံးခု (၄)

‘ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား’ နက္ခတ် ။ ထိုကဲ့သို့သော ဘွဲ့နာမကို အသုံးပြုသူမှာ အိုလံပတ်စ်၏ နတ်ဘုရား ၁၂ ပါးထဲမှ တစ်ပါးဖြစ်သည့် ဒီယွန်နီဆပ်စ်သာ ရှိသည်။

[ ‘ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား’ နက္ခတ်က သီချင်းတစ်ပုဒ်ကို ညည်းဆိုနေပါသည်။]

ကျနော် သီချင်းသံကို မကြားရသော်လည်း မည်သည့်တေးသွားမှန်းမသိသော သံစဉ်တစ်ခုနှင့်အတူ ကခုန်နေသည့် အရက်စက်များကို မြင်နေရ၏။ လေပူဖောင်းလေးများသည် သက်ရှိများကဲ့သို့ လှုပ်ရှားနေကြပြီး မြေပြင်ပေါ်တွင် ဂီတသင်္ကေတများစွာ ဖြစ်ပေါ်လာလေသည်။ ထိုသင်္ကေတများသည် ကျနော်နှင့် ယူဆန်းအာကြားတွင် ထပ်တလဲလဲ ကူးလူးလှုပ်ရှားနေကြ၏။

ယူဆန်းအာက ထိုသင်္ကေတများကို ဂရုတစိုက် ကြည့်ရှုပြီးနောက် ပြောလိုက်သည်။

“ဒါက puppy waltz ပဲ”

“ယူဆန်းအာက ဂီတသင်္ကေတတွေကို ဖတ်တတ်တာလား”

“နည်းနည်းပါးပါးပါ”

ယူဆန်းအာက ခေါင်းလေးစောင်းကာ ဆက်ပြော၏။

“ရှိုပန်က ဘာလို့ ရုတ်တရက် ပေါ်လာတာပါလိမ့်”

ကျနော် မပြောတတ်ချေ။ ပထမဦးစွာ ဒီယွန်နီဆပ်စ်က ရှိုပန်အကြောင်း သိနေသည်မှာပင် ထူးဆန်းနေသည်။ မဟုတ်သေး။ မူရင်းပုံပြင်အရဆိုလျှင် သူသည် နောက်မျိုးဆက်များ၏ ဂီတယဉ်ကျေးမှုကို အလွန်အမင်း စိတ်ဝင်စားသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဒါက မထူးဆန်းလှပေ။

ဂီတသင်္ကေတများသည် စက်ဝိုင်းပုံစံ ဖြစ်ပေါ်လာပြီးနောက် ကျန်ရှိနေသော ဆိုဂျူးပုလင်းများဆီသို့ မြားပုံစံ ညွှန်ပြလိုက်ကြသည်။ ယူဆန်းအာက တွေးတောပြီးပြောလိုက်သည်။

“...သူက ကျမတို့ကို ပိုသောက်ခိုင်းနေတာလား”

“သောက်ကြတာပေါ့”

ဤအရာကို အခြားနည်းဖြင့် အဓိပ္ပာယ်ဖွင့်နိုင်စရာ မရှိချေ။

“ယူဆန်းအာ။ နည်းနည်းပဲ သောက်ဦး။ အနည်းဆုံး ကျနော်တို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ အသိစိတ်ရှိနေမှ ဖြစ်မယ်”

ကျနော် မူးသွားခဲ့လျှင် အဖွဲ့သားများကို ကာကွယ်ပေးရန် တစ်စုံတစ်ယောက် လိုအပ်လေသည်။ ဆိုင်ဒါ(အချိုရည်)သာ သောက်ထားသည့် လီဂီယောင်နှင့် ရှင်ယူဆောင်းတို့ကို နှိုး၍ရသော်လည်း သူတို့ကို ကောင်းကောင်း အိပ်စေချင်၏။

“ဒေါ့ဂျာက အရက်မသောက်နိုင်ဘူးလား”

“ကျနော်က အရက် သိပ်မသောက်နိုင်ပါဘူး”

ယူဆန်းအာ၏ ဖန်ခွက်ကို အသာအယာ တိုက်လိုက်ပြီး ဆိုဂျူးကို ကျနော် သောက်လိုက်သည်။ အရက်သည် ကျနော့်ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ပူရှိန်းသော ခံစားမှုကို ဖြစ်ပေါ်စေ၏။ သို့သော်လည်း ဂီတသင်္ကေတများမှာ ရပ်တန့်မသွားပေ။

“...ကျနော် ထပ်သောက်ရမယ် ထင်တယ်”

ကျနော် ဆက်တိုက် အနည်းငယ်မျှ သောက်လိုက်မိသည်။ ကျနော့်အတွင်းပိုင်းမှ အပူရှိန်များ တက်လာပြီး မျက်နှာနီရဲလာသည်ကို ခံစားနေရ၏။ ဂီတသင်္ကေတများ၏ လှုပ်ရှားမှုမှာ ပို၍ သွက်လက်လာသည်။

မဟုတ်သေး။ ကျနော် မူးနေ၍ ပိုသွက်လက်နေသလို မြင်နေရခြင်းလော။ ယူဆန်းအာက ပြုံးလိုက်သည်။

“ဒေါ့ဂျာနဲ့ အတူသောက်ရတာ ဝမ်းသာပါတယ်။ ကျမ နည်းနည်း အထီးကျန်နေခဲ့တာ”

ထို့ကြောင့် ကျနော် နောက်ထပ် အနည်းငယ် ထပ်သောက်လိုက်မိပြန်သည်။ မွှေးကြိုင်သော အနံ့တစ်ခု တက်လာပြီးနောက် စိတ်ထဲတွင် အနည်းငယ် နေလို့ ပိုကောင်းလာသလို ခံစားရ၏။ ကျနော် ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ ယူဆန်းအာနှင့် အလွန်နီးကပ်နေသည်ကို တွေ့လိုက်ရသည်။

ငါက သူနဲ့သိသိသာသာကို ခပ်ဝေးဝေးမှာရှိနေခဲ့တာမဟုတ်ဘူးလား။

ကျနော့်အထင် မှားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထွက်ပေါ်လာသော အသက်ရှူသံမှာ ပြင်းထန်နေ၏။ ထိုအသက်ရှူသံမှာ ကျနော့် အသက်ရှူသံလော သို့မဟုတ် ယူဆန်းအာ၏ အသက်ရှူသံလောဆိုသည်ကို ကျနော် မသိချေ။ ယူဆန်းအာ၏ ပုခုံးသည် ကျနော့်ပုခုံးနှင့် အသာအယာ ထိကပ်နေသည်။

“ဒေါ့ဂျာ”

“ဗျာ”

ယူဆန်းအာ၏ မျက်နှာမှာ မိတ်ကပ်မပါသော မျက်နှာဖြစ်သည်မှာ သိသာလှသော်လည်း အပြစ်အနာအဆာ ရှာရန် ခက်ခဲလှသည်။ ယူဆန်းအာက ကျနော့်ဘက်သို့ ဖြည်းညင်းစွာ မှီလာ၏။ ယူဆန်းအာ၏ မျက်နှာမှာ ပို၍ ပို၍ နီးကပ်လာသည်။

ဂီတသင်္ကေတများသည် ကျနော်တို့ ပတ်ဝန်းကျင်တွင် ပြင်းထန်စွာ ကခုန်နေကြသည်။ ပုခုံးချင်း ထိတွေ့နေမှုကြောင့် ကျနော့်နှလုံးခုန်သံများ မြန်ဆန်လာ၏။

...နေဦး၊ တစ်ခုခုတော့ ထူးဆန်းနေတယ်။

[သီးသန့်စွမ်းရည် ‘Fourth Wall’ က မူးယစ်နေမှုအချို့ကို ဖယ်ရှားပေးလိုက်ပါသည်။]

မက်ဆေ့ချ် ပေါ်လာပြီးနောက် ကျနော့်စိတ်များ ကြည်လင်သွားသည်။ မှန်ပေသည်။ လက်တွေ့တွင် ဤသို့ ဖြစ်မလာနိုင်ပေ။ ယူဆန်းအာသည် ထိုကဲ့သို့သော လူစားမျိုး မဟုတ်ချေ။ ဤအရာမှာ Ways of Survival ဖြစ်နေ၍သာ ဖြစ်နိုင်ခြင်းဖြစ်သည်။ ယူဆန်းအာ၏ ပုခုံးကို မြဲမြံစွာ ကိုင်လိုက်ပြီး ယူဆန်းအာကို ကျနော် သတိပေးလိုက်၏။

“ယူဆန်းအာ။ သတိထားပါဦး”

“ဟင်။ အာ... ဟာ”

လန့်သွားသော ယူဆန်းအာက မျက်တောင်တဖျတ်ဖျတ် ခတ်နေလေသည်။ ယူဆန်းအာ၏ မျက်နှာမှာ ပထမဦးဆုံးအကြိမ်အဖြစ် နီရဲသွား၏။

“ကျ-ကျမ၊ ဘာတွေ လုပ်မိ...”

ထင်ထားသည့်အတိုင်းပင်။ ယူဆန်းအာ၏ ဆန္ဒဟုတ်မနေခဲ့ချေ။ အနည်းငယ် စိတ်မသက်မသာဖြစ်သော ခံစားချက်ဖြင့် မြေပြင်ပေါ်တွင် ဝဲပျံနေသော ဂီတသင်္ကေတများဘက်သို့ လှည့်၍ ကျနော် ပြောလိုက်သည်။

“ကစားနေတာတွေကို ရပ်ပြီး လိုရင်းကိုပဲ ပြောပါ”

ဂီတသင်္ကေတများအားလုံး တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြသည်။ သန်းခေါင်ယံ ပွဲတော်ကြီး ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွား၏။ အရက်ပူဖောင်းများ မြေပြင်ပေါ်သို့ ကျသွားပြီး လျှပ်စစ်မီးပွားများ လွင့်စင်သွားသည်။ ထို့နောက် ပူဖောင်းများမှာ စကားလုံးများအဖြစ် ပုံပေါ်လာ၏။

–မင်းက ပျင်းဖို့ကောင်းလိုက်တာ

မြေပြင်ပေါ်တွင် ရေးထားသော စာလုံးများကို မြင်ပြီး ကျနော် အနည်းငယ် အံ့ဩသွားမိသည်။ မြေပြင်ပေါ်ရှိ ပူဖောင်းများဖြင့် ရေးထားသော စကားလုံးအနည်းငယ်မှာ မကြီးကျယ်လှဟု ထင်ရသော်လည်း Ways of Survival ထဲတွင် နက္ခတ်များက ကိုယ်စားလှယ်များနှင့် ဆက်သွယ်ရန်မှာ အလွန်တရာ ခက်ခဲလှသည်။ ထို့ကြောင့်ပင် နက္ခတ်များသည် ‘တိုက်ရိုက်မဟုတ်သော မက်ဆေ့ချ်များ’ ကို ပေးပို့ရန် ဒိုကဲဘီ ချန်နယ်များကို အသုံးပြုကြခြင်း ဖြစ်၏။

ဒိုကဲဘီများ၏ အကူအညီမပါဘဲ ကမ္ဘာမြေသို့ မက်ဆေ့ချ်များ ဖြန့်ဝေခြင်းမှာ အဆင့်အမြင့်ဆုံး နက္ခတ်များကြားတွင်သာ ဖြစ်နိုင်ပြီး ဖြစ်နိုင်စွမ်း သုံးဆွဲမှုမှာလည်း အလွန်ကြီးမားလှသည်။ ဤကမ္ဘာကြီး၏ ဖြစ်နိုင်စွမ်းမှာ ‘ဘာသာစကား’ အပေါ်တွင် အထိမခံနိုင်အောင် ဖြစ်နေတတ်၏။

ကောင်းကင်ယံရှိ မဟာတွင်းနက်ကြီးမှ ခပ်သဲ့သဲ့ အော်ဟစ်သံတစ်ခုကို ကျနော် ကြားလိုက်ရသည်။ ဤကမ္ဘာ၏ နတ်ဘုရားမှာ ဒီယွန်နီဆပ်စ်၏ တည်ရှိမှုကို သတိပြုမိသွားလေပြီ။ ကိုယ်စားလှယ်တစ်ဦးမှတစ်ဆင့် မဟုတ်ဘဲ တိုက်ရိုက် မက်ဆေ့ချ် ပေးပို့လိုက်ခြင်းမှာ သူ၏ နောက်ခံကို ယုံကြည်မှုရှိကြောင်း ပြသနေခြင်းပင်...။ ထင်ထားသည့်အတိုင်းပင်…. အိုလံပတ်စ်၏ နတ်ဘုရား ၁၂ ပါးမှာ ကွဲပြားခြားနားလှ၏။

ကျနော်က တမင်တကာပင် ရန်စသည့် လေသံဖြင့် ပြောလိုက်သည်။

“ခင်ဗျား တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုရင် လူကိုယ်တိုင် လာပြီး စကားပြောလေ”

ထို့နောက်တွင်တော့ စကားလုံးတန်းကြီးက လှုပ်ရှားသွား၏။

–ငါက အဲဒီ လက်တံတွေပါတဲ့ ကောင်တွေကို သဘောမကျဘူး။ သူတို့နဲ့ တိုက်ရိုက်ရင်ဆိုင်ရတာ စိတ်ရှုပ်ဖို့ကောင်းတယ်။ ငါသာ တကယ် ဆင်းလာရင် လူတိုင်း သေကုန်လိမ့်မယ်။

အမှန်တကယ်တော့ ကျနော် ဘာကိုမှ မျှော်လင့်ထားခဲ့ခြင်းမရှိပေ။ အကယ်၍ အိုလံပတ်စ်၏ နတ်ဘုရား ၁၂ ပါးသာ အမှန်တကယ် ဆင်းသက်လာခဲ့လျှင် ဆိုးလ်မြို့ကြီးသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

–ငါ့အဖေကြောင့် ငါ့အမေက အဲဒီလိုပဲ သေဆုံးသွားခဲ့ရတာ။

ယူဆန်းအာသည် ထိုစာကြောင်းကို မြင်သောအခါ ကျနော့်ဘက်သို့ ကပ်ကာ တိုးတိုးလေး မေးလာ၏။

“...ဒါက ဘာကို ဆိုလိုတာလဲဟင်”

“သူ့ရဲ့ မွေးဖွားခြင်း ဒဏ္ဍာရီအကြောင်း ပြောနေတာ ဖြစ်နိုင်တယ်”

ကျနော် သိထားသလောက်ဆိုလျှင် ဒီယွန်နီဆပ်စ်၏ မိဘများမှာ ဇုစ်နှင့် သီးဘီးစ် ပြည်မှ မင်းသမီး ဆဲမလီတို့ ဖြစ်ကြသည်။ ဟီရာသည် ဇုစ်နှင့် ဆဲမလီကို မနာလိုဖြစ်ကာ ဆဲမလီ၏ အထိန်းတော်အဖြစ် ဟန်ဆောင်ပြီး ဆဲမလီအား ဤသို့ လှုံ့ဆော်ခဲ့သည်။

‘ဇုစ်ဆိုတာ အတုအယောင် ဖြစ်နိုင်တယ်။ အိုလံပတ်စ်မှာရှိနေချိန်မှာ သူက ဘယ်လိုပုံစံမျိုးနဲ့နေတာလဲဆိုတာကို ပြခိုင်းကြည့်ပါလား’

ဆဲမလီသည် အယုံ သွင်းခံလိုက်ရပြီး ဇုစ်အား ထိုကဲ့သို့ ပြသရန် တောင်းဆိုခဲ့သည်။ ထို့နောက်တွင်တော့ ဆဲမလီသည် ဇုစ်၏ တောက်ပလွန်းသော အရှိန်အဝါကြောင့် သေဆုံးခဲ့ရလေသည်။

ယူဆန်းအာသည် ထိုပုံပြင်ကို နားထောင်ပြီးနောက် ခေါင်းလေးစောင်းသွား၏။

“ဟင်... ကျမ သိထားတဲ့ ပုံပြင်နဲ့တော့ နည်းနည်း ကွဲလွဲနေသလိုပဲ။ ကျမ သိထားသလောက်ဆိုရင် သူ့အမေက သီးဘီးစ်ပြည်က မင်းသမီး မဟုတ်ဘူးလေ...”

ယူဆန်းအာ၏ ဗဟုသုတကို ကျနော် အနည်းငယ် အံ့ဩသွားမိသည်။ ယူဆန်းအာသည် ကိုရီးယားသမိုင်းတင်မကဘဲ ဒဏ္ဍာရီပိုင်းမှာပါ အဆင့် ၁ ဘွဲ့ရထားသလားဟုပင် တွေးမိ၏။ ဟုတ်ပေသည်၊ ကျနော့်တွင်တော့ ထိုကဲ့သို့သော ဘွဲ့မျိုး မရှိချေ။

စကားလုံးတန်းကြီးသည် သဘောကျသွားသည့်ဟန်ဖြင့် ပြောင်းလဲသွားပြန်သည်။

–ဟ။ မင်းတို့ လူသားတွေက ငါ့အကြောင်းကို တော်တော်လေး သိကြတာပဲ။

ယူဆန်းအာ ပြောသကဲ့သို့ပင် ဒီယွန်နီဆပ်စ်၏ မွေးဖွားခြင်း ဒဏ္ဍာရီမှာ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ သီးဘီးစ်ပြည်မှ မင်းသမီး ဆဲမလီက သူ၏ မိခင်ဖြစ်သည်ဟူသော ဗားရှင်းဖြစ်ပြီး၊ နောက်တစ်မျိုးမှာ ဟေးဒီးစ်၏ ဇနီး ပါစီဖုန်း က သူ၏ မိခင်ဖြစ်သည်ဟူသော ဗားရှင်းဖြစ်သည်။

ကျနော်က ဒီယွန်နီဆပ်စ်ကို မေးလိုက်၏။

“ကျနော် သိချင်လို့ပါ။ အဲဒီ ဗားရှင်းနှစ်ခုထဲက ဘယ်ဟာက အစစ်အမှန်လဲ”

–အဲဒါက အရေးကြီးလို့လား။

“အရေးကြီးပါတယ်။ ဒုတိယဗားရှင်း ဖြစ်နေဖို့ လိုအပ်တဲ့ အကြောင်းပြချက် ရှိလို့ပါ”

အမှန်တကယ်တော့ ကျနော် အရက်သောက်ရန် သဘောတူခဲ့ခြင်းမှာ ယောင်ဟီဝန်ကို မြူဆွယ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။

ဒီယွန်နီဆပ်စ်သည် ပါစီဖုန်း၏ သားတော် ဖြစ်သည်။ အကယ်၍ ဤဒဏ္ဍာရီသာ မှန်ကန်ခဲ့လျှင် ဒီယွန်နီဆပ်စ်သည် ဟေးဒီးစ်၏ ဇနီးဖြစ်သူ ပါစီဖုန်းနှင့် ဆက်သွယ်ပေးနိုင်ပေလိမ့်မည်။

–ရိုင်းစိုင်းတဲ့ လူသားပဲ။

စကားလုံးတန်းကြီးမှာ တုန်ခါသွား၏။

–ဒါပေမဲ့ ငါက ရိုင်းစိုင်းတဲ့ လူသားတွေကို သဘောကျတယ်။

အမှန်တကယ်တော့ မည်သည့်ဒဏ္ဍာရီဖြစ်သည်ကို ကျနော် သိရှိပြီးသား ဖြစ်သည်။ Ways of Survival ထဲတွင် ဒီယွန်နီဆပ်စ်၏ ပုံပြင်ကို ဖော်ပြထားပြီးသားပင်။

–အရင်တုန်းက မင်းလိုပဲ မိုက်မဲစွာ သတ္တိရှိတဲ့ လူသားတစ်ယောက် ရှိခဲ့ဖူးတယ်။ သူက စောင်းကို တော်တော်လေး ကောင်းကောင်း တီးခတ်နိုင်ခဲ့တာ။ ဒါပေမဲ့ သူကတော့ အဆုံးသတ်မလှခဲ့ဘူး။

“ကျနော်ကတော့ ကွဲပြားပါလိမ့်မယ်”

–ငါက မရဏကမ္ဘာရဲ့ အဝင်ဝကို ဖွင့်ပေးနိုင်တယ်။ ‘ကြွယ်ဝသော ည၏ ဖခင်’က ငါ့ကို သဘောမကျပေမဲ့ မရဏကမ္ဘာရဲ့ နတ်ဘုရားမကတော့ ငါ့စကားကို နားထောင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါက အရမ်းအန္တရာယ်များပြီး မင်း အသက်ရှင်လျက် ပြန်လာနိုင်မယ်လို့လည်း အာမမခံနိုင်ဘူး။

“ရပါတယ်”

–ကောင်းပြီလေ။ ငါက စိတ်အားထက်သန်တဲ့ လူတွေကို သဘောကျတယ်။

ထူးခြားသော အခြေအနေကြောင့် ကျနော် ရင်ခုန်လာမိသည်။ ဒီယွန်နီဆပ်စ်၏ အတွေးအမြင်များကို ကျနော် ဘယ်သောအခါမှ ကြိုတင် ခန့်မှန်း၍မရနိုင်လောက်ချေ။

–ဒါကို စိတ်ထဲမှာ မှတ်ထားပါ။ ငါ မင်းကို ၁၂ နာရီပဲ အချိန်ပေးနိုင်မယ်။ တကယ်လို့ မင်းဟာ သတ်မှတ်ထားတဲ့အချိန်အတွင်း ပြန်မလာနိုင်ခဲ့ရင် မင်း ဘယ်တော့မှ ဇာတ်ဝင်ခန်းတွေဆီ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။

ကျနော့်ခေါင်းထဲတွင် မူးဝေလာပြီးနောက် ရုတ်တရက် အိပ်ငိုက်လာသည်။ ဘာဖြစ်တော့မည်ကို ကျနော် သိလိုက်၏။

ချီး။ ဒါကြောင့်လည်း သူက ငါ့ကို အရက်တိုက်ခဲ့တာကိုး။

ကျနော် အလောတကြီး ပြောလိုက်သည်။

“ယူဆန်းအာ။ ကလေးတွေကို နှိုးလိုက်ပါဦး”

ထိုစကားမှာ ကျနော့်၏ နောက်ဆုံး စကားလုံးများ ဖြစ်ပေလိမ့်မည်။

[လျှို့ဝှက်ဇာတ်ဝင်ခန်း အသစ်တစ်ခု ရောက်ရှိလာပြီဖြစ်သည်။]

ကျနော် မျက်လုံးမှိတ်လိုက်သော အခိုက်အတန့်တွင် အရက်စက်များမှာ ရယ်မောနေကြပုံရ၏။

–‘ကြွယ်ဝသော ည၏ ဖခင်’ က မင်းရဲ့ စကားကို နားထောင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။

…………………………………………………………………………………………..

['ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား' နက္ခတ်က သင်၏ ဝိညာဉ်ကို လမ်းပြနေပါသည်။]

['သင်သည် ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ ချုပ်နှောင်မှုများမှ လွတ်မြောက်သွားပြီဖြစ်သည်။]

အရောင်အသွေးများစွာက ကျနော့်စိတ်ထဲ ဖြတ်သန်းသွားပြီး မူးယစ်ဆေးသုံးစွဲထားသကဲ့သို့ ခံစားနေရလေသည်။ ကျနော့်နဖူးမှ စူးရှသော နာကျင်မှုတစ်ခု ခံစားလိုက်ရပြီးနောက် တိုးညင်းသော အသံတစ်ခုကို ကြားလိုက်ရသည်။

[ဒါက ဘယ်သူလဲ]

[...စိတ်ဝင်စားဖို့ကောင်းသားပဲ]

[ကိုယ်စားလှယ်တစ်ယောက်ရဲ့ ဝိညာဉ်က နက္ခတ်တွေရဲ့ ကမ္ဘာထဲမှာ လမ်းလျှောက်နေတာလား]

[မင်း နောင်တရလိမ့်မယ်]

ထိုအသံက အဆိုးမြင်စကားများကို ပြောနေ၏။ ထိုအသံပိုင်ရှင်မှာ အိုလံပတ်စ်မှ တစ်စုံတစ်ယောက် ဖြစ်နိုင်ပေသည်။

[သီးသန့်စွမ်းရည် 'Fourth Wall' အသက်ဝင်လာပါသည်။]

ဆူညံနေသော အသံများမှာ အသံပိတ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

[အသက်ရှင်နေသူတစ်ဦး၏ ဝိညာဉ်က မရဏကမ္ဘာထဲသို့ ဝင်ရောက်လာပါသည်။]

[မရဏကမ္ဘာ၏ တရားသူကြီးများက သင်ရှိနေခြင်းကို သတိပြုမိသွားပြီဖြစ်သည်။]

နောက်ဆုံး မက်ဆေ့ချ်ကို ကြားလိုက်ရသည်နှင့် ကျနော့်ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော အမှတ်အသားများ ပျောက်ကွယ်သွား၏။ လောကကြီးမှာ လျင်မြန်စွာ လည်ပတ်သွားပြီး ကျနော့်ခန္ဓာကိုယ်မှာ လေးလံစွာ နစ်မြုပ်သွားတော့သည်။ ခဏအကြာတွင် တစ်နေရာရာသို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရ၏။ လှုပ်ရှားရ ခက်ခဲနေသော်လည်း မျက်လုံးဖွင့်လိုက်လျှင် ဘာကို မြင်ရမည်ကို ကျနော် ခန့်မှန်း၍ ရလေသည်။

မရဏကမ္ဘာ၏ လေထုမှာ စေးကပ်နေ၏။ ကျနော့်လက်ချောင်းထိပ်မှ သဲများမှာ အေးစက်နေသည်။ ဟေးဒီးစ် အုပ်ချုပ်သော မရဏကမ္ဘာ၏ မြစ်နားတွင် ကျနော်ရောက်နေခြင်း ဖြစ်နိုင်၏။

ဟေးဒီးစ်၏ နန်းတော်ဆီသို့ စီးဆင်းနေသော အာခီရွန် မြစ်ရှိပြီး မရဏကမ္ဘာ၏ လှေလှော်သမား ခါရွန် က ကျနော့်ကို စောင့်ကြိုနေပေလိမ့်မည်။ ထို့နောက်တွင်တော့...

“ဟေ့။ ထစမ်း။ မင်း ဒီမှာ ဘာလုပ်နေတာလဲ”

ကျနော့်ခေါင်းကို တစ်ခုခုနှင့် ထုရိုက်ခံလိုက်ရပြီး ကျနော့်အပေါ်သို့ ဆီများ လောင်းချလိုက်သလို ခံစားလိုက်ရသည်။ ကျနော် အသက်ပြင်းပြင်းရှူရင်း ထထိုင်လိုက်၏။ တစ်စုံတစ်ယောက်က ကျနော့်ခန္ဓာကိုယ်ကို စမ်းသပ်နေပြီး ကျနော့်လည်ပင်းကို ဆွဲကာ မလိုက်သည်။

“လူသစ်လား။ ငါ ဒီမျက်နှာကို တစ်ခါမှ မမြင်ဖူးပါဘူး”

ကျနော်လည်း ထိုမျက်နှာကို တစ်ခါမှ မမြင်ဖူးချေ။ ထိုမျက်မှာပိုင်ရှင်မှာ ကြမ်းတမ်းသော မျက်နှာနှင့် ကြွက်သားကြီးမားသော လူတစ်ယောက် ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူများမှာ ကျနော်တို့အား စိုက်ကြည့်နေကြ၏။

“ကြည့်ရတာ အဆင်ပြေပုံပဲ။ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ဦး။ တစ်ခုခု ပါလာနိုင်တယ်”

“ဟေ့…. သွားမထိနဲ့။ သူ ဒီကို ပြုတ်ကျလာတာဆိုရင် ပျက်စီးနေမှာပဲ။ သိပ်မကြာသေးခင်က ရောက်လာတဲ့ အရူးကို မေ့သွားပြီလား”

“အဲဒီ အရူးကောင်က နည်းနည်း ထူးခြားနေလို့ပါ။ အဲ့ဒီအရူးလိုလူမျိုးတွေက ပေါများတာမလို့လား”

ထိုလူများ အချင်းချင်း စကားပြောနေသည်ကို လွှတ်ထားလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ ပူပြင်းသော အပူရှိန်ကို ခံစားရသည့် ကျယ်ဝန်းသော နေရာတစ်ခု ဖြစ်၏။ တစ္ဆေများ ပေါများနေသည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာမှာ မရဏကမ္ဘာ ဖြစ်ပုံရသည်။

မရဏကမ္ဘာ၏ သတ္တုများဖြင့် ပြုလုပ်ထားသော သံဘောင်များကို နေရာအနှံ့ တွေ့ရပြီး သတ္တုအရည်ကျိုရန် ဖိုများလည်း ရှိနေသည်။ စက်ရုံတစ်ခုကဲ့သို့ လေထုမျိုး ဖြစ်နေလေ၏။ သေဆုံးပြီးသော ဝိညာဉ်များကို မရဏကမ္ဘာတွင် ကျွန်ပြုထားပြီး တစ်ခုခုကို ပြုလုပ်ခိုင်းနေခြင်း ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းမှာ ဧရာမ စက်ရုပ်ကြီးတစ်ရုပ်နှင့် တူနေပြီး...

ဒါက ဘာနေရာလဲ။

“ဟေ့… မင်းက ငါ့ကို လျစ်လျူရှုနေတာလား”

သူ၏ စကားကို ဂရုမစိုက်ဘဲ ကျနော့်ကို ကိုင်ထားသော သူ၏ လက်မောင်းကို ဖြည်းညင်းစွာ ကျနော် လိမ်ချိုးလိုက်သည်။

“ဘာ... ဘာလဲဟ။ ဒီခွန်အားက...”

ဤသာမန်ညောင်ညတွေနှင့် ကျနော် အချိန်ဖြုန်းမနေနိုင်ချေ။ ကျနော် လက်ခံရရှိထားသော လျှို့ဝှက်ဇာတ်ဝင်ခန်းကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

[လျှို့ဝှက်ဇာတ်ဝင်ခန်း - ရှုခင်းကြည့်ရန် လမ်းလျှောက်ခြင်း]

အမျိုးအစား

လျှို့ဝှက်

ခက်ခဲမှု

A+

ပြီးမြောက်ရန်လိုအပ်ချက်

တရားသူကြီးများ၏ အကြည့်ကို ရှောင်ရှားပြီး မြေပြင်ပေါ်သို့

ဘေးကင်းစွာ ပြန်ရောက်ရန်

အချိန်ကန့်သတ်ချက်

၁၂ နာရီ

ဆုလာဘ်

၁၀,၀၀၀ ဒင်္ဂါး

ကျရှုံးမှု

မရဏကမ္ဘာ၏ နေထိုင်သူအဖြစ် အတင်းအဓမ္မ သတ်မှတ်ခံရလိမ့်မည်

ဇာတ်ဝင်ခန်းမှာ မှန်ကန်နေသည်။ ဒီယွန်နီဆပ်စ် ပြောခဲ့သော အချိန်မှာ တိကျ၏။ သို့ဆိုလျှင် ကျနော်က ဘာကြောင့် ဒီနေရာကို ရောက်နေရသနည်း။ အာခီရွန်မြစ်မှာ ကျနော်ပြုတ်ကျရမှာ မဟုတ်ဘူးလော။

“ဒီ... ဒီကောင်က…. ငါတို့ကို အထင်သေးရဲတယ်ပေါ့လေ...”

လူကောင်ကြီးကြီးနှင့် လူက ကျနော့်ခေါင်းကို ထိုးရန် ပြင်လိုက်စဉ်မှာပင် ကျနော့်နောက်ဘက်မှ အသံတစ်ခု ကြားလိုက်ရသည်။

“ဟိုမှာ ဘာဖြစ်နေတာလဲ။ ပျော်စရာ တစ်ခုခု ဖြစ်နေလို့လား”

“အ... အား”

“ဟားဟား၊ ငါ့ကိုလည်း ပေးဝင်ပါဦး။ ဟုတ်တယ်လေ။ ငါ နေ့တိုင်း Gundam လုပ်နေရလို့ ပျင်းလွန်းလို့ သေတော့မယ်”

“ပြေးကြ။ ပြေးကြတော့”

ကျနော့်ကို ဝိုင်းထားသော လူများမှာ နောက်သို့ ဆုတ်သွားကြ၏။ ဆုတ်သွားကြပုံမှာ မြက်စားသတ္တဝါများက သားရဲနှင့် တွေ့လိုက်ရသကဲ့သို့ပင်။ ထိုအသံလာရာဘက်သို့ ကျနော် လှည့်ကြည့်လိုက်သည်။ အသံပိုင်ရှင်မှာ ပိန်ပါးသော ခန္ဓာကိုယ်နှင့် နဖူးပေါ်တွင် ဆံပင်ဝဲကျနေသော လူငယ်တစ်ယောက် ဖြစ်သည်။ ထိုလူငယ်က ကျနော့်ကို တွေ့သွားပြီး ကျနော့်ဆီသို့ လျှောက်လာ၏။

သူက ကျနော့်ကို သေချာ စိုက်ကြည့်ပြီးနောက် ထိတ်လန့်သွားသည့် အမူအရာဖြင့် ရေရွတ်လိုက်သည်။

“...ခင်ဗျား ဘာလို့ ဒီမှာ ရှိနေတာလဲ”

ကျနော် သူ၏ စကားကို ခဏမျှ နားမလည်နိုင် ဖြစ်သွား၏။ ဤလူက ကျနော့်ကို သိနေသည်လော။

“ဘာလဲဟ။ ခင်ဗျား ကျုပ်ကို မမှတ်မိဘူးလား။ ခင်ဗျား တကယ်ပဲ မေ့သွားတာလား”

ထိုလူငယ်က သူ၏ နဖူးပေါ်မှ ဆံပင်များကို ပင့်တင်လိုက်သောအခါ ကျနော် သူ့ကို မှတ်မိသွားသည်။

...ချီး။

စဉ်းစားကြည့်တော့မှ မရဏကမ္ဘာဆိုတာ သေဆုံးသူတွေ လာတဲ့နေရာပဲ။ ငါ အဲဒါကို လုံးဝ မတွေးမိခဲ့ဘူး။ ငါ သတ်ခဲ့တဲ့ လူတွေ သေပြီးရင် ဒီကို ရောက်လာမှာက သဘာဝပဲလေ။

“အာ… အဲဒီလောက်ကြီး သတိကြီးထားပြီးမနေစမ်းပါနဲ့။ ကျုပ်တို့ နှစ်ယောက်လုံး သေနေတာပဲ မဟုတ်ဘူးလား”

စပ်စုလိုသော လူငယ်၏ အကြည့်များမှာ ပိုမို နီးကပ်လာ၏။ ထိုအကြည့်တွင် ယုတ်မာပြီး ရက်စက်သော အကြည့်များ ပါဝင်နေသည်။ ကျနော် သူ့ကို ခဏတာမျှသာ တွေ့ခဲ့ဖူးသော်လည်း ၎င်းမှာ မေ့ဖျောက်၍မရသော စွဲလမ်းမှုတစ်ခု ဖြစ်သည်။ ထိုလူက ပြုံးလိုက်၏။

“ဟုတ်ပြီလေ။ ခင်ဗျားကို ဘယ်သူ သတ်လိုက်တာလဲ။ ကျေးဇူးပြုပြီး ပါးစပ်လေး ဟပြီး ပြောပြပါဦး။ ဟင်”

ပထမဆုံး ဇာတ်ဝင်ခန်းမှာတင် သေဆုံးခဲ့သည့် ထင်ယောင်ထင်မှားမိစ္ဆာ ကင်နမ်ဝန်သည် ဟေးဒီးစ်၏ နယ်မြေထဲတွင် ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

အခန်း ၁၁၃

- အခန်း ၂၂ - ကတိကဝတ်သုံးခု (၅)

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ ဤနေရာက မည်သို့သောနေရာဖြစ်သည်ကို ကျနော် ရှာဖွေတွေ့ရှိသွား၏။ ထို့နောက်တွင်တော့ ကျနော် စိတ်ပျက်အားငယ်မှုတို့ကို ခံစားလိုက်ရတော့သည်။

ချီးပဲ။

သံသယဖြစ်စရာ မလိုတော့ချေ။ ဤနေရာမှာ...

“အဲဒီလောက်ကြီး စိုးရိမ်မနေပါနဲ့။ ခင်ဗျား အနားတိုးလာလို့ ကျုပ်က ကိုက်စားမှာ မဟုတ်ပါဘူး”

ကင်နမ်ဝန်က ကျနော့်ကို ပြောလိုက်သဖြင့် ကျနော် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သေချာသွားလေပြီ။ ဤနေရာမှာ မရဏကမ္ဘာ၏ နာမည်ကျော် အကျဉ်းထောင်ဖြစ်သော တာတာရပ်စ် ပင်။

အကျဉ်းထောင်၏ အဝင်ဝကို စောင့်ကြပ်နေသော ခေါင်းသုံးလုံးပါသည့် သားရဲကြီးကို ကျနော်လှမ်းကြည့်လိုက်၏။ ထိုသားရဲကြီးမှာ ဒဏ္ဍာရီလာ သားရဲခွေးကြီးဖြစ်သည့် 'ကာဘာရပ်စ်'ပင် ဖြစ်သည်။ ထိုခွေးကြီး၏ ခေါင်းနှစ်လုံးမှာ ငိုက်မြည်းနေပြီး ကျန်ခေါင်းတစ်လုံးကမူ ကင်းစောင့်နေလေသည်။

“အဲဒီခွေးမသားက စတုတ္ထအဆင့် ရှိတဲ့ သတ္တဝါပဲ။ အောက်ထပ်တွေမှာဆိုရင် ဒီထက် သန်မာတာတွေတောင် ရှိသေးတယ်”

ကင်နမ်ဝန်က ငရဲပြည်၏ လမ်းပြတစ်ဦးကဲ့သို့ ပြောဆိုနေလေ၏။

သူ၏စကားမှာ မှန်ကန်ပေသည်။ 'Ways of Survival' ထဲတွင်လည်း ဤကဲ့သို့ပင် ဖော်ပြထားသည်။ အင်အားအကြီးဆုံး အကျဉ်းသားများကို တာတာရပ်စ်၏ အောက်ဆုံးထပ်များတွင် ပိတ်လှောင်ထားလေ့ရှိပြီး အောက်ထပ်သို့ ဆင်းသွားလေလေ ကာဘာရပ်စ်၏ အရွယ်အစားမှာလည်း ပိုမိုကြီးမားလာလေလေ ဖြစ်၏။

ကင်နမ်ဝန်က တဟားဟားရယ်မောကာ မေးလိုက်သည်။

“ငရဲပြည်ကို ဘယ်လိုထင်လဲ”

ကျနော် သူ၏အမူအရာကို စောင့်ကြည့်ရင်း ပါးစပ်ကို ဖွင့်လိုက်သည်။ ဤကဲ့သို့ စိတ်ဖောက်ပြန်နေသူမျိုး၏ အမူအရာ ပြောင်းလဲသွားသောအခါ စိုးရိမ်ထိတ်လန့်မိသည်မှာ သဘာဝပင်။

“ငါ မေးစရာရှိတယ်”

“ဘာလဲ”

“မင်းအပြင် တခြားလူတွေကော ဒီမှာ ရှိသေးလား”

“အကိုကြီးရှိတယ်လေ”

“ငါက ငါ့အကြောင်းကို ပြောနေတာ မဟုတ်ဘူး”

ကျနော် ဘေးနားမှ ဖြတ်သန်းသွားသော တစ္ဆေများ၏ မျက်နှာများကို သေချာ လိုက်ကြည့်မိသော်လည်း ကျနော် သိကျွမ်းသော မျက်နှာတစ်ခုမျှ မရှိချေ။ ဥပမာအားဖြင့် 'မေးခွန်းများ၏ ကပ်ဘေး' သို့မဟုတ် ဆောင်းမင်းဝူကဲ့သို့သော သူမျိုးတွေကိုပေါ့။

ကင်နမ်ဝန်က ကျနော့်ကို ပြောပြ၏။

“ကျုပ်လည်း မသိဘူး။ ရထားပေါ်ကလူတွေထဲမှာ ကျုပ်တစ်ယောက်ပဲ ဒီကို ရောက်လာတာ”

ဟေးဒီးစ်၏ မရဏကမ္ဘာမှာ မရေမတွက်နိုင်သော ကမ္ဘာများထဲမှ တစ်ခုသာ ဖြစ်သည်။ သေဆုံးသွားသော ကိုယ်စားလှယ်များမှာ သူတို့၏ ယုံကြည်ကိုးကွယ်မှု သို့မဟုတ် ကျပန်းဝိသေသလက္ခဏာများအလိုက် မတူညီသော မရဏကမ္ဘာများဆီသို့ ရောက်ရှိသွားကြခြင်း ဖြစ်နိုင်ပေသည်။ မြုံအီဆန်နှင့် ဆောင်းမင်းဝူတို့အတွက်လည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်။

ကင်နမ်ဝန်၏ မျက်နှာအမူအရာကို အကဲခတ်ရင်း ကျနော် မေးလိုက်သည်။

“မကြာသေးခင်က ဒီကို မိန်းကလေးတစ်ယောက် ရောက်လာသေးလား”

“မိန်းကလေးဟုတ်လား”

“ဆံပင်အဖြူရောင်နဲ့... မြင်းမြီးပုံစံ စည်းထားတာလေ။ သူက တကယ့်ကို လှတယ်”

ကင်နမ်ဝန်က ခဏမျှ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ရုတ်တရက် တဟားဟား ရယ်မောတော့သည်။

“အဟား၊ အခုမှပဲ နားလည်သွားတော့တယ်”

ရှင်ယူဆောင်းကို သူမြင်ဖူးသလား သိရရန် ကျနော် နားစွင့်နေမိသည်။

“အကိုကြီးက မိန်းကလေးတစ်ယောက်ကို ကယ်ရင်းနဲ့ သေသွားတာလား”

“...”

“ဒါက အကိုကြီးတို့လို လူတွေရဲ့ ပြဿနာပဲ။ အချစ်ကြောင့် သေရတယ်ဆိုတော့... ခင်ဗျားကိုခင်ဗျား ဒဏ္ဍာရီပုံပြင်ထဲမှာ ရောက်နေတယ်လို့ ထင်နေတာလား”

“သူ့ကို မြင်ခဲ့လား။ အဲဒါကိုပဲ ဖြေစမ်းပါ”

“မမြင်မိပါဘူး။ အကိုကြီးရဲ့ ချစ်သူလေးကို ကျုပ်က ဘယ်လိုလုပ် မြင်နိုင်မှာလဲ”

မျှော်လင့်ထားသည့်အတိုင်း ရှင်ယူဆောင်း၏ ဝိညာဉ်မှာ ဤနေရာသို့ ရောက်မလာသေးချေ။ သို့ပေသိ ရှင်ယူဆောင်းသည် အာခီရွန်မြစ်ကို ဖြတ်ကျော်ရဦးမည် ဖြစ်၏။ ရှင်ယူဆောင်းသည် အခြားကမ္ဘာတစ်ခုမှ ရောက်လာသော ဝိညာဉ်ဖြစ်သဖြင့် ဤကမ္ဘာမှ ပြန်လည်နှင်ထုတ်ခြင်း မခံရမီ ဤနေရာတွင် ခဏတာ ကြန့်ကြာနေပေလိမ့်မည်။ ကျနော် လုပ်ရမည့်အလုပ်မှာ ထိုအချိန်မတိုင်မီ ရှင်ယူဆောင်း၏ ဝိညာဉ်ရှိရာသို့ ရောက်ရှိရန်သာ ဖြစ်၏။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ”

ကျနော် မေးလိုက်သည်။

“ကျုပ် တစ်ခုခု လုပ်နေတာလေ။ အခုတော့ အကိုကြီးလည်း ကျုပ်နဲ့အတူ လာလုပ်ရမှာပေါ့”

ကင်နမ်ဝန်က သူ၏လက်မှ ပြာများကို ခါချလိုက်ပြီး တစ်ခုခုကို ညွှန်ပြလိုက်သည်။

“အဲဒါပဲလေ။ Gundam နဲ့ မတူဘူးလား”

ထိုအရာကို ကျနော်စိုက်ကြည့်လိုက်၏။ ၎င်း၏ ပုံပန်းသဏ္ဌာန်မှာ ဧရာမဘီလူးကြီးတစ်ဦးနှင့် ဆင်တူနေသည်။ ဧရာမလက်နက်ကြီးကို အမည်းရောင် တောက်ပြောင်နေသော သတ္တုများဖြင့် ပြုလုပ်ထားပြီး သက်ရှိတစ်ဦးကဲ့သို့ ဖြည်းညင်းစွာ အသက်ရှူနေ၏။ ၎င်းမှာ ဒဏ္ဍာရီများထဲမှ ကြောက်စရာအကောင်းဆုံးသော စစ်ပွဲကြီးအတွက် ပြင်ဆင်ထားသည့် လက်နက်တစ်ခု ဖြစ်ပေသည်။

ထိုလက်နက်မှာ 'ဧရာမဘီလူးစစ်သည်တော်'ပင်။ ဟေးဒီးစ်သည် 'ဂိုင်ဂန်တိုမာခီယာ' အတွက် ကြိုတင်ပြင်ဆင်နေပြီ ဖြစ်သည်။ ဟေးဒီးစ်မှာ ဂိုင်ဂန်တိုမာခီယာအတွက် ပြင်ဆင်သည်ဟူသော အကြောင်းပြချက်ဖြင့် အပျော်အပါးမက်ကာ အချင်းချင်း တိုက်ခိုက်နေကြသည့် အိုလံပတ်စ်မှ နတ်ဘုရား ၁၂ ပါးနှင့် များစွာ ကွာခြားလှ၏။

စဉ်းစားကြည့်လျှင် ဟေးဒီးစ်သည် ဂရိဒဏ္ဍာရီလာ နက္ခတ်တစ်ဦး ဖြစ်သော်လည်း သူသည် အိုလံပတ်စ် နက်ဗျူလာ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ချေ။

ထိုစဉ် အဝင်ဝဘက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ကင်နမ်ဝန်က ကျနော့်ပုခုံးကို ဆွဲကိုင်လိုက်၏။

“လာ…ကျုပ်နဲ့ လိုက်ခဲ့”

“ဘာလို့လိုက်ရမှာလဲ”

“ကြီးကြပ်သူ လာနေတာ မမြင်ဘူးလား။ ကျုပ် အလုပ်လုပ်နေတဲ့ နေရာရှိတယ်။ အဲဒီကိုသွားပြီး တူနဲ့ ထုနေသလိုမျိုး ဟန်ဆောင်နေလိုက်။ ခင်ဗျားက လူသစ်ဆိုတော့ မြန်မြန်ဆန်ဆန် လှုပ်ရှားရမယ်။ နားလည်လား”

ဤမျှလောက်ကိုတော့ ကျနော် သိရှိပြီးသား ဖြစ်သည်။ အကယ်၍ ဤနေရာက တာတာရပ်စ်၏ ကျွန်ပန်းပဲရုံသာ ဖြစ်မည်ဆိုလျှင် ကျနော် ထိုအကြောင်းကို သိထားသည်များ ရှိလေသည်။ ထို့ကြောင့်ပင် ကျနော်သည် တာတာရပ်စ်ကို မြင်ရသောအခါ အံ့ဩမနေခြင်း ဖြစ်၏။

ကင်နမ်ဝန်က နှုတ်ခမ်းကို ကိုက်လိုက်သည်။

“ခင်ဗျား ဘာလို့ ကျုပ်ကို အဲဒီလိုမျိုး ကြည့်နေတာလဲ”

ကျနော် မပြောဘဲ နေရန် ကြိုးစားသော်လည်း မနေနိုင်တော့ချေ။

“မင်း ငါ့အပေါ်မှာ ဘာမှ မခံစားရဘူးလား”

“ဘာတွေ ခံစားရမှာလဲ”

ကင်နမ်ဝန်က ခဏမျှ စဉ်းစားဟန်ပြုလိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

“အဟား…. အကိုကြီးက ကျုပ်ကို ကြောက်နေတာလား”

“...”

“ကျုပ်က လက်စားချေလိမ့်မယ်လို့ ထင်နေတာမလား။ ဟုတ်တယ်မလား”

မကြောက်ဘဲနေလျှင် ထိုသူကသာ ပုံမှန်မဟုတ်သူ ဖြစ်ပေလိမ့်မည်။ ကျနော်သည် မူရင်းဝတ္ထုထဲမှ ယူဂျွန်ဟော့ထက်ပင် ပို၍ စိတ်ဝေဒနာ ခံစားနေရသော လူသတ်သမားတစ်ဦးကို သတ်ခဲ့သူ ဖြစ်သည်။ ယခုအခါ သူက ကျနော့်အပေါ် ရုတ်တရက် ရင်းနှီးဖော်ရွေစွာ ဆက်ဆံနေခြင်းမှာ မသင်္ကာစရာပင်။

“ဟားဟား၊ မကြောက်ပါနဲ့။ ကျုပ်တို့ နှစ်ယောက်လုံး သေပြီးသားတွေပဲကို။ အချင်းချင်း သတိထားနေဖို့ လိုလို့လား။ ဒီကိုရောက်ပြီးတဲ့နောက် ကျုပ်လည်း အများကြီး ပြောင်းလဲသွားပါတယ်။ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့ အချိန်တွေ အများကြီး ရခဲ့တယ်လေ”

ကျနော် စကားပင် မဆိုနိုင်တော့ချေ။ ‘ထင်ယောင်ထင်မှားမိစ္ဆာ’ ကင်နမ်ဝန် နောင်တရသည်ဆိုခြင်းမှာ ယူဂျွန်ဟော့ မိန်းကလေးဖြစ်သွားသည်ဆိုခြင်းထက်ပင် ပို၍ မဖြစ်နိုင်သော အရာဖြစ်သည်။ ထိုစကားမှာ မုသားဖြစ်ကြောင်း သိသော်လည်း ‘မုသားထောက်လှမ်းနိုင်စွမ်း’ ကို ကျနော် အသုံးပြုလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဤစွမ်းရည်မှာ ကျနော် အသုံးပြုရန် ရယူထားသည့် စွမ်းရည်တစ်ခု ဖြစ်ပေသည်။

[ထိုစကားမှာ အမှန်ဖြစ်ကြောင်း သင်သည် အတည်ပြုပြီးပါပြီ။]

...ဘာလဲဟ။

ကျနော် အံ့ဩမှင်သက်သွားကာ သူ့ကို စိုက်ကြည့်လိုက်မိသည်။ ကင်နမ်ဝန်က အော်ဟစ်ပြောဆိုလာ၏။

“ကျုပ် အမှန်အတိုင်း ပြောနေတာပါ။ ကျုပ်ပြောတာကို ဘာလို့ မယုံရတာလဲ။ ကျုပ်က အပြစ်တွေအတွက် နောင်တရပြီး ပေးဆပ်နေတာလေ။ အကိုကြီး ကျုပ်ကို သတ်လိုက်တဲ့အတွက်တောင် ကျေးဇူးတင်နေတာပါ”

“ဘာလို့လဲ”

“စားချိန်တန်ရင် ထမင်းကျွေးတယ်။ အိပ်ချိန်တန်ရင် အိပ်ရတယ်။ ကျောင်းလည်း သွားစရာမလိုသလို မိဘတွေရဲ့ ပွစိပွစိ ပြောတာကိုလည်း နားထောင်စရာ မလိုတော့ဘူး... နည်းနည်းတော့ ပူပေမဲ့ ဒီနေရာက အကောင်းဆုံးပဲ”

သူသည် ငရဲပြည်ရှိ တာတာရပ်စ်အကြောင်းကို ပြောနေခြင်း ဖြစ်သည်။

“ဒါ့အပြင် ပျင်းလာရင် Gundamလည်း ဆင်လို့ရသေးတယ်။ မကောင်းဘူးလား”

သူသည် ‘ဧရာမဘီလူးစစ်သည်တော်’ ကို Gundamအဖြစ် မြင်နေခြင်း ဖြစ်၏။

“ဒါတွေအားလုံးက အကိုကြီး ကျေးဇူးကြောင့်ပါပဲ။ ကျုပ် အတည်ပြောတာ။ တကယ်ပဲ ကျေးဇူးတင်ပါတယ်”

ဒီကောင်ကတော့ တကယ်ကို အရူးပဲ။

[ဇာတ်ကောင် ‘ကင်နမ်ဝန်’ က သင့်အပေါ် ကောင်းမွန်သော အထင်အမြင် ရှိနေပါသည်။]

ချီး။ စနစ်မက်ဆေ့ချ်တွေပါ တက်လာမှတော့ မယုံလို့ မရတော့ချေ။

“ဒါဆိုရင် မြန်မြန် ဒီဘက်ကို လာခဲ့။ အချိန်မရှိဘူး”

ကင်နမ်ဝန်က ကျနော့်ကို သူ၏ အလုပ်ရုံဆီသို့ ခေါ်ဆောင်သွား၏။ အလုပ်စားပွဲပေါ်တွင် သူ၏ ကိရိယာများကို တန်းစီချထားပြီး Gundamကို ပြုလုပ်ထားသော သတ္တုများကိုလည်း မြင်နေရသည်။ ထိုသတ္တုမှာ မရဏကမ္ဘာ၏ သတ္တုတစ်မျိုး ဖြစ်ပေသည်။ ဤအနေအထားမှာ ထိုသူ၏ ‘ဂျွန်အီဗျောင်’ ရောဂါအတွက် ဖန်တီးပေးထားသော အနေအထားတစ်ခုဟု ကျနော် ခံစားလိုက်ရသည်။

(ဂျွန်အီဗျောင်ဆိုတာက ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်တဲ့ရောဂါပါ)

ကင်နမ်ဝန်က ပြောသည်။

“သူတို့ လာနေပြီ။ နားထောင်ကြည့်လိုက်”

ကာဘာရပ်စ်ကြီးက စတင်ဟောင်တော့သည်။

ဝုတ်...

ထိုအသံကို ကြားလိုက်ရသောအခါ ကျနော့်အရိုးများပင် အေးခဲသွားသလို ခံစားလိုက်ရ၏။ ကြိမ်လုံးနှင့် တုတ်တို့ကို ကိုင်ဆောင်ထားသော အုပ်ချုပ်ရေးမှူးသည် ကာဘာရပ်စ်ကြီး၏ ဘေးမှ ဖြတ်ကျော်ကာ တာတာရပ်စ်ထဲသို့ ဝင်လာသည်။ သူသည် အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ဟေးဒီးစ်၏ လက်အောက်ငယ်သား တစ်ဦး ဖြစ်ပေသည်။ သူသည် တရားသူကြီးများကဲ့သို့ အစွမ်းမထက်သော်လည်း ကျနော်သာ အဖမ်းခံလိုက်ရမည်ဆိုပါက မည်သို့မျှ ကောင်းလိမ့်မည် မဟုတ်ချေ။

ကျနော် မတ်တပ်ရပ်ကာ တူဖြင့် ထုနေဟန် ဆောင်လိုက်သည်။ ကင်နမ်ဝန်က ကျနော့်ဘေးတွင် တဟားဟား ရယ်နေ၏။ အုပ်ချုပ်ရေးမှူးသည် အဝင်ဝရှိ စင်မြင့်တစ်ခုပေါ်သို့ တက်ကာ အက်ကွဲနေသော အသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

[၁ ထပ်မှာ ရှိတဲ့ ကျွန်တွေ အားလုံး နားထောင်ကြစမ်း။ အခု ရှောင်တခင် စစ်ဆေးမှု ပြုလုပ်မယ်]

ကင်နမ်ဝန်က မျက်မှောင်ကြုတ်ကာ ညည်းညူလိုက်၏။

“ဒီကောင်တွေက အမြဲတမ်း တစ်ပုံစံတည်းပဲ။ ဘာမှ လုပ်စရာ မရှိရင် စစ်ဆေးမှုဆိုတာကြီးက လာပြီ...”

သို့ပေသိ အုပ်ချုပ်ရေးမှူး၏ နောက်ထပ်စကားများကြောင့် ကင်နမ်ဝန် နှုတ်ဆိတ်သွားရတော့သည်။

[မရဏကမ္ဘာထဲကို တရားမဝင် ကျူးကျော်သူတစ်ယောက် ရောက်နေတယ်။ အသက်ရှင်နေတဲ့ လူသားတစ်ယောက်ရဲ့ ဝိညာဉ်က အာခီရွန်မြစ်ကို ဖြတ်ကျော်လာတယ်လို့ သိရတယ်]

တစ္ဆေများမှာ ဇဝေဇဝါဖြစ်နေသော အမူအရာများ ရှိနေကြသည်။ အုပ်ချုပ်ရေးမှူး၏ စကားများ ဆက်လက် ထွက်ပေါ်လာ၏။

[ဒီအကြောင်းကို ‘မဟာသေမင်း’ သိသွားရင် မင်းတို့လည်း ကြောက်စရာကောင်းတဲ့ အဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်။ ဒီစစ်ဆေးမှုဟာ မသန့်စင်တဲ့ ကျူးကျော်သူကို ရှာဖွေဖို့ပဲ။ ပုံမှန် စစ်ဆေးမှု မဟုတ်လို့ စိုးရိမ်မနေကြနဲ့။ အားလုံး ကိုယ့်နေရာမှာပဲ ရပ်နေကြ]

ချီး။

အခြေအနေက ကျနော် မျှော်လင့်ထားတာထက် ပိုမြန်နေပေသည်။ ဤသို့ဆိုလျှင်တော့...

ကင်နမ်ဝန်၏ မကျေမနပ် ပြောဆိုသံကို ကြားလိုက်ရသည်။

“ဒါက တကယ်ကို မဖြစ်နိုင်တာပဲ။ အသက်ရှင်နေတဲ့သူ တစ်ယောက်ယောက် ဒီကို ရောက်လာရင်တောင် ဘာလို့ တာတာရပ်စ်ထဲမှာ လာပုန်းနေမှာလဲ။ ဒီထဲကို ဝင်လာရင် ပြန်ထွက်လို့မှ မရတာကို၊ ဟုတ်တယ်မလား”

“...”

“အကိုကြီး”

“ဪ... အင်း”

ကျနော် တစ်ချက်တွန့်ဆုတ်သွားပြီးမှ ပြန်ဖြေလိုက်မိသည်။

ကင်နမ်ဝန်က ကျနော့်ကို ကြည့်ကာ အံ့အားသင့်နေသော အသံဖြင့် ရေရွတ်လိုက်၏။

“ကျုပ် တစ်ခုလောက် မေးချင်လို့။ ဒါက... အကိုကြီးအကြောင်း ပြောနေတာများလား...”

“ဟုတ်တယ်”

“ချီး”

ကင်နမ်ဝန်က တူကို ပစ်ချလိုက်ကာ ရယ်မောတော့သည်။

“ဝိုး။ အကိုကြီးက အသက်ရှင်နေသေးတဲ့သူ ဆိုတာ တကယ်ကို အံ့ဩစရာပဲ။ ကျုပ်က အသက်ရှင်နေတဲ့သူနဲ့ စကားပြောနေခဲ့တာလား”

ကင်နမ်ဝန်မှာ ဒေါသထွက်ရမည်လော သို့မဟုတ် ပျော်ရွှင်ရမည်လော မဝေခွဲနိုင်သော အမူအရာမျိုး ဖြစ်နေလေသည်။ ကျနော် သက်ပြင်းချကာ မေးလိုက်သည်။

“ဒီမှာ ပုန်းစရာ နေရာရှိလား”

“ချီး။ အကျဉ်းထောင်ထဲမှာ ပုန်းချင်တာလား။ ဘယ်မှာမှ ပုန်းစရာ ရှာမတွေ့ရင် ဟိုဘက်က Gundamထဲမှာပဲ သွားပုန်းလိုက်တော့”

‘ဧရာမဘီလူးစစ်သည်တော်’ ကို ကျနော်ကြည့်လိုက်မိသည်။ ထိုထဲတွင် တကယ် ပုန်း၍ ရနိုင်ပေသည်။ ပြဿနာမှာ ၎င်းသည် ‘သက်ရှိသတ္တဝါ’ လို ဖြစ်နေခြင်းပင်။ ထိုထဲသို့ ဝင်သွားလျှင် ကျနော် အစာခြေဖျက်ခြင်း ခံရဖို့ များလှသည်။

“အဲဒါက ပြီးသွားပြီလား”

“မပြီးသေးဘူး။ အူတိုင်မှာ တစ်ခုခု မှားနေလို့လေ။ အကိုကြီး တကယ်ပဲ အဲဒီထဲမှာ ပုန်းမလို့လား”

“ဟင့်အင်း”

“ကောင်းကောင်း စဉ်းစားတတ်သားပဲ။ အဲဒီထဲ ဝင်သွားရင် အကိုကြီး ပျောက်ကွယ်သွားလိမ့်မယ်”

“...မင်း ငါ့ကို ကျေးဇူးတင်တယ်လို့ ငါ ထင်နေတာ”

“ကျုပ်က သေပြီးသားလူတွေအပေါ်မှာပဲ ကောင်းတာ။ အကိုကြီး အသက်ရှင်နေတုန်းမှာ ဆုံမိတာကိုတော့ စိတ်မကောင်းပါဘူး။ အကိုကြီးလည်း မြန်မြန်သေပြီးမှ ဒီကို တစ်ခေါက်ပြန်လာခဲ့ပါဦး”

ကင်နမ်ဝန်က ကျနော်သည် အလွန်ဆိုးရွားသော အခြေအနေနှင့် ကြုံတွေ့နေရသကဲ့သို့ ပြောဆိုလိုက်သည်။ ကျနော်တို့ စကားပြောနေစဉ်မှာပင် အုပ်ချုပ်ရေးမှူးသည် ဤနေရာအနီးသို့ ချဉ်းကပ်လာလေပြီ။ အကယ်၍ ‘ဧရာမဘီလူးစစ်သည်တော်’ သာ ပြီးစီးသွားခဲ့လျှင် ကျနော်သည် ကာဘာရပ်စ်ကြီးကို အနိုင်ယူကာ ဟေးဒီးစ်၏ နန်းတော်ဆီသို့ တိုက်ရိုက်သွားနိုင်ပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ ထိုအရာမှာ မဖြစ်နိုင်တော့ချေ။

[သင့်သီးသန့်ဝိသေသလက္ခဏာ၏ အကျိုးသက်ရောက်မှုကြောင့် သင်ဖတ်ခဲ့သော စာအုပ်များမှ မှတ်ဉာဏ်များ ပိုမိုအားကောင်းလာပါသည်။]

‘Ways of Survival’ ထဲက အကြောင်းအရာများကို ကျနော် အသည်းအသန် ရှာဖွေလိုက်မိသည်။ ယူဂျွန်ဟော့သည် နောက်ပြန်ဆုတ်ခြင်း သက်တမ်း၏ အလယ်နှင့် နောက်ပိုင်းကာလများတွင် မရဏကမ္ဘာသို့ ရောက်ရှိခဲ့ဖူးသည်။ ထိုစဉ်က သူ ဘာများလုပ်ခဲ့သနည်း။

「 “ဘုရင်ကြီးကို သွားပြောလိုက်။ ဧရာမဘီလူးစစ်သည်တော်ကို ငါယူမယ်” 」

「 “မသေချင်ရင် အားလုံး ဖယ်ကြစမ်း” 」

...ချီး။ တကယ့် အရူးပဲ။

ဖတ်တုန်းကတော့ သဘောကျခဲ့သော်လည်း ယခုကျနော့် အခြေအနေအတွက်မူ ဘာမှ အသုံးမဝင်ချေ။

ဟေးဒီးစ်၏ တရားသူကြီးများကို ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ နောက်ပြန်ဆုတ်သူ ယူဂျွန်ဟော့အတွက်သာ ဖြစ်နိုင်ပေသည်။ သူ့တွင် ထိုကဲ့သို့သော အစွမ်းနှင့် အခွင့်အရေးမျိုး ရှိ၏။ သို့သော် ကျနော်ကမူ...

မဟုတ်သေးဘူး၊ ခဏလေး။ ငါကရော ဘာလို့ သူ့လိုမျိုး မလုပ်နိုင်ရမှာလဲ။

ကျနော့် အတွေးဦးတည်ချက်မှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဟုတ်ပေသည်။ ယူဂျွန်ဟော့ကဲ့သို့ ကျနော်အမှန်တကယ် ပြုမူ၍မရနိုင်ချေ။

သို့ပေသိ ဤကိစ္စကို ဖြေရှင်းရန် သတ္တိရှိသော နည်းလမ်းများစွာ ရှိနေသေးသည်။ ကျနော် အဘယ်ကြောင့် တရားသူကြီးများ၏ အဖမ်းခံရမှာကို ကြောက်နေရမည်နည်း။ ကျနော်သည် လျှို့ဝှက်ဇာတ်ဝင်ခန်းတွင် ကျရှုံးကာ မရဏကမ္ဘာ၏ အမြဲတမ်းနေထိုင်သူ ဖြစ်သွားမှာလော။ မဟုတ်လျှင် တရားသူကြီးများသည် ဟေးဒီးစ်၏ သဘောထားကို ကြည့်ကာ ကျနော့်ကို ဖျက်ဆီးပစ်ရန် ကြိုးစားကြမှာလော။

ငါကတော့ ငအပဲ။

ပြဿနာတစ်ခုကို ဖြေရှင်းနိုင်လျှင် စိုးရိမ်နေစရာ မလိုတော့ချေ။ အုပ်ချုပ်ရေးမှူးသည် နောက်ဆုံးတွင် ကျနော်တို့၏ အလုပ်ရုံဆီသို့ ရောက်လာသည်။ ကျနော် သူ့ကို ရင်ဆိုင်လိုက်၏။

အုပ်ချုပ်ရေးမှူးက မေးလာသည်။

“မင်းက ဘယ်သူလဲ”

“ခင်ဗျားတို့ ရှာနေတဲ့သူပေါ့”

ထိုအခိုက်အတန့်တွင် အုပ်ချုပ်ရေးမှူး၏ မျက်လုံးများထဲတွင် အလင်းတစ်ခု တောက်ပသွားသည်။ တစ်နေရာရာမှ သတ္တုချင်း ထိခိုက်သံကို ကြားလိုက်ရ၏။ ကျနော့်ကိုယ်ခန္ဓာမှာ တဖြည်းဖြည်း အေးခဲလာသလို ခံစားရကာ ကျောထဲမှာလည်း စိမ့်တက်သွားသည်။ အကယ်၍ ကျနော် ယခု လှည့်ကြည့်လိုက်လျှင် ဟေးဒီးစ်၏ တရားသူကြီးများသည် ကျနော့်လည်ပင်းကို လာရောက်ဆွဲကိုင်ပေလိမ့်မည်။

အေးစိမ့်မှုကို အံတုကာ ကျနော် ပြောလိုက်၏။

“ကျနော့်ကို မသတ်ခင် သေချာစဉ်းစားသင့်တယ်”

ကျနော့်တွင် ယူဂျွန်ဟော့ကဲ့သို့ ခွန်အားမရှိသော်လည်း သူ၌မရှိသော အရာတစ်ခု ကျနော့်တွင် ရှိသည်။

“အခု ကျနော့်ကို သတ်လိုက်ရင် ခင်ဗျားတို့ ဂိုင်ဂန်တိုမာခီယာ မှာ သေချာပေါက် ရှုံးနိမ့်သွားလိမ့်မယ်”

အုပ်ချုပ်ရေးမှူး၏ မျက်လုံးများ တုန်လှုပ်သွားကာ အေးစိမ့်မှုမှာ ခဏမျှ လျော့ပါးသွားသည်။ ဤအခွင့်အရေးကို ကျနော်လက်လွတ်မခံဘဲ ‘ဧရာမဘီလူးစစ်သည်တော်’ ကို မော့ကြည့်လိုက်၏။

“ကြွယ်ဝသော ည၏ ဖခင်ကို သွားပြောလိုက်ပါ။ ဧရာမဘီလူးစစ်သည်တော်ကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ ကျနော် သိတယ်လို့”

ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှု တစ်ခုက လွှမ်းမိုးသွားသည်။ ကျနော့်လည်ပင်း တစ်ဝိုက်မှာ တဖြည်းဖြည်း အေးခဲလာသော်လည်း ကျနော် အံတုခြင်း မပြုခဲ့ချေ။

ဒါဟာ စမ်းသပ်မှုတစ်ခုပဲ။

ရေခဲမှုမှာ လည်ပင်းမှတစ်ဆင့် ပုခုံးနှင့် ရင်ဘတ်ဆီသို့ ဆင်းလာသည်။ ကျနော် မထိတ်လန့်ခဲ့ပေ။ နည်းနည်းလေးသာ လိုတော့၏။

နောက်ထပ် နည်းနည်းလေးပဲ။

နောက်ဆုံးတွင် အေးစိမ့်မှုမှာ ကျနော့်နှလုံးသား အနားသတ်များဆီသို့ ရောက်ရှိလာသည်။ ထို့နောက်တွင်တော့ ထိုအရာမှာ မှော်ဆန်စွာပင် ရုတ်တရက် ရပ်တန့်သွားတော့သည်။

ထို့နောက် ကျနော့် ခေါင်းထဲတွင် မက်ဆေ့ချ်တစ်ခု ပေါ်လာ၏။

[လျှို့ဝှက်ဇာတ်ဝင်ခန်းကို အဆင့်မြှင့်တင်လိုက်ပါပြီ။]

.

.

ခဏအကြာတွင် တရားသူကြီး၏ လမ်းပြမှုဖြင့် ဟေးဒီးစ်၏ နန်းတော်ဆီသို့ ကျနော်ဦးတည်ထွက်ခွာခဲ့သည်။ ကျနော် ဝေးရာသို့ ရောက်သွားစဉ် နောက်လှည့်ကြည့်လိုက်ရာ ကာဘာရပ်စ်ကြီး၏ နောက်တွင် ကင်နမ်ဝန်ကို မြင်လိုက်ရ၏။ ကျနော့်ကို ကြောင်တောင်တောင် စိုက်ကြည့်နေသော ကင်နမ်ဝန်ဆီသို့ ကျနော် လက်ဝေ့ယမ်းပြလိုက်သည်။

ငရဲမှာပဲ ကောင်းကောင်းနေခဲ့လိုက်ဦး။ နမ်ဝန်ရေ။

All Chapters