← Chapters

အခန်း (၁၁၄-၁၁၆)

Vol. 8 Ch. 114-116

အခန်း (၁၁၄-၁၁၆)

Vol. 8 Ch. 114-116

အခန်း ၁၁၄

- အပိုင်း ၂၂ - ကတိကဝတ်သုံးခု (၆)

ကင်နမ်ဝန်၏ နောက်ဆုံးအကြည့်မှာ ကျနော့်မှတ်ဉာဏ်ထဲတွင် ကျန်ရစ်နေသော်လည်း သူ့ကို ကယ်တင်ရန် အစကတည်းက ကျနော် လာခဲ့ခြင်း မဟုတ်ချေ။ ထို့ပြင် သူကိုယ်တိုင်က ငရဲကို သဘောကျနေမှတော့ ကျနော်က မည်သည့်အတွက်ကြောင့် သူ့ကို ကယ်တင်ပေးရမည်နည်း။

ခြေထောက်မပါသော တရားသူကြီးသည် လှေကားများပေါ်သို့ တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ တက်သွားသည်။ လမ်းတစ်လျှောက်ရှိ အချို့သော ဝိညာဉ်ကိုယ်ထည်များသည် ကျနော့်ကို စိတ်ဝင်တစား ကြည့်နေကြ၏။ သူတို့သည် ဟေးဒီးစ်၏ နန်းတော်တွင် နေထိုင်ကြသော နက္ခတ်များလော။ ကျနော် မဝေခွဲတတ်ချေ။ ဤနေရာတွင် ရှိနေသမျှ အားလုံးက နက္ခတ်များတော့ မဟုတ်နိုင်လောက်။

တရားသူကြီးသည် ကျနော် အာရုံလွင့်နေသည်ကို သိပုံရကာ နောက်လှည့်မကြည့်ဘဲ စကားဆိုလာသည်။

[ကောင်းကောင်း နောက်ကမလိုက်ရင် လမ်းပျောက်သွားလိမ့်မယ်]

ထိုအသံမှာ စူးရှရှနိုင်လှသဖြင့် ကျနော့်ကို သက်သောင့်သက်သာ မရှိဖြစ်စေသည်။ သို့ပေသိ ထိုစကားမှာ မှန်ကန်သော အကြံပေးချက်ပင် ဖြစ်၏။

တရားသူကြီးကို တစ်ချက်ကြည့်လိုက်ပြီးမှ မျက်နှာကြက်ဆီသို့ အကြည့်ရွှေ့ကာ ပါးစပ်ကို အနည်းငယ် ဟကာ ကျနော်စကားပြောလိုက်သည်။

'ဟေ့...ငါပြောတာ ကြားရလား'

တရားသူကြီး မကြားနိုင်လောက်သည့် အသံတိုးတိုးလေး ကျနော်ရေရွတ်လိုက်ခြင်း ဖြစ်၏။

'မင်း နားထောင်နေတယ်ဆိုတာ ငါသိတယ်'

ဤနေရာသည် ကမ္ဘာမြေမဟုတ်ဘဲ ဟေးဒီးစ်၏ မရဏကမ္ဘာ ဖြစ်သည်။ ကျနော် သိချင်မိသည်။ ဤနေရာတွင် ဒိုကဲဘီ ရုပ်သံလိုင်းက အလုပ်လုပ်ပါမည်လော။ ထိုစဉ် တိုးညင်းသော အသံတစ်ခု ကျနော့်နားထဲသို့ ဝင်လာသည်။

–...အင်း

ဒိုကဲဘီ ဆက်သွယ်ရေးမှ ပြန်ကြားချက် ရောက်လာသည်။ ကြားရသောအသံမှာ ဘီဟွန်း၏ အသံမဟုတ်ချေ။

'မင်းက ဒိုကဲဘီ အသစ်လား'

–ဟုတ်ကဲ့။ ကျနော်က အဆင့်နိမ့် ဒိုကဲဘီ ယောင်ကီပါ။ ဘီဟွန်းက ဌာနချုပ်ကို သွားနေတုန်း ကျနော်က ယာယီ စီမံခန့်ခွဲသူအဖြစ် တာဝန်ယူထားတာပါ

ဒိုကဲဘီ ယောင်ကီ။ ဖြစ်နိုင်သည်မှာ သူသည် နေ့လယ်ပိုင်းက ပဉ္စမမြောက် ဇာတ်ဝင်ခန်းအတွက် လျော်ကြေးရှင်းတမ်းများကို ကိုင်တွယ်ခဲ့သည့် ဒိုကဲဘီ ဖြစ်ပေလိမ့်မည်။ ကျနော် လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်၏။

'မင်း ဘာလို့ အလုပ်ကို သေသေချာချာ မလုပ်တာလဲ'

–ဗျာ

'လျှို့ဝှက်ဇာတ်ဝင်ခန်းက အဆင့်မြှင့်တင်သွားပြီလေ။ ဒါနဲ့များ ဘာလို့အဆင့်မြှင့်တင်လိုက်တဲ့အချက်တွေကို ငါ့ကို မပြောပြသေးတာလဲ'

ငါကတော့ ဒီလို ကြောက်စရာကောင်းတဲ့ နေရာအထိ လာခဲ့ရတာလေ။ အနည်းဆုံးတော့ လျော်ကြေး ရသင့်တာပေါ့။

–အာ... အဲ့ဒါက...

ကြည့်ရသည်မှာ ဤဒိုကဲဘီသည် အသစ်ကလေး ဖြစ်ပုံရသည်။ ဘီဟွန်းသည် အလုပ်ကို မည်မျှ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်း ကျနော် သိလိုက်ရလေသည်။ ဘီဟွန်းက ဉာဏ်နည်းနည်းလေး နည်းတာပဲ ပြောစရာရှိသည်။ ဒိုကဲဘီသည် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောလာသည်။

–ဟို... ဟိုလေ...

'အခု ဘာဖြစ်ပြန်တာလဲ'

–ဇာတ်ဝင်ခန်းကို ဘယ်လို အဆင့်မြှင့်တင်ရမှာလဲဟင်

ကျနော် ခဏမျှ စကားမထွက်နိုင်အောင် ဖြစ်သွားရသည်။

'ဒိုကဲဘီက ဘာဖြစ်လို့ လာမေးနေရတာလဲ'

–ဘီ... ဘီဟွန်းက ပြောထားလို့ပါ။ တစ်ခုခု မသေချာရင် ကင်ဒေါ့ဂျာကို မေးပါတဲ့

အဲ့ဒီ ဘီဟွန်းဆိုတဲ့ကောင်က ငါ့ကို အကြံပေးအရာရှိ လုပ်ခိုင်းထားတာလား။

–ခ... ခဏလေး စောင့်ပေးပါဦး။ တခြား ဒိုကဲဘီကို လှမ်းမေးလိုက်ပါ့မယ်။ အာ... ပြီးတော့...

'...ဘာရှိသေးလို့လဲ'

–အားနာပေမဲ့... စုပြုံနေတဲ့ သွယ်ဝိုက်မက်ဆေ့ချ်တွေကို လက်ခံချင်ပါသလား။ ကျနော်လည်း ဒီလို အခြေအနေမျိုးနဲ့ ပထမဆုံး ကြုံဖူးတာမို့လို့ပါ...

မလိုလားသော်လည်း ကျနော်ခေါင်းညိတ်ပြလိုက်မိသည်။ ဘီဟွန်းကို သတိရရမည့်နေ့ ရောက်လာလိမ့်မည်ဟု ကျနော် ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ ထို့နောက်တွင်တော့ ကျနော့်ခေါင်းထဲတွင် မက်ဆေ့ချ်များ တစ်ရှိန်ထိုး ပေါ်လာတော့သည်။

[‘ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား’နက္ခတ်သည် သင်ဒုက္ခရောက်နေသည်ကို ကြည့်ကာ ဝမ်းသာအားရ ဖြစ်နေပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’နက္ခတ်သည် သင့်စွန့်စားခန်းအတွက် စိတ်လှုပ်ရှားနေပါသည်။]

[‘လျှို့ဝှက်ကြံစည်သူ’နက္ခတ်သည် သင်မည်သို့ လွတ်မြောက်လာမည်ကို သိချင်နေပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်သည် သင်သည် သင့်အပေါင်းအဖော်များထံ ဘေးကင်းစွာ ပြန်ရောက်နိုင်ရန် ဆုတောင်းပေးနေပါသည်။]

...

ထင်သည့်အတိုင်းပင်၊ နက္ခတ်များသည် ကျနော့်ကို စောင့်ကြည့်ရသည်ကို စွဲလန်းနေကြ၏။ အခြားတစ်ဖက်တွင်မူ နက္ခတ်အချို့က မရဏကမ္ဘာ၏ လှပသောပတ်ဝန်းကျင်ကို ငေးမောနေကြ၏။

[‘မျက်စိတစ်ဖက်တည်းရှိသော မေတ္တေယျ’နက္ခတ်သည် မရဏကမ္ဘာကို အထင်ကြီး လေးစားနေပါသည်။]

[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’နက္ခတ်သည် မရဏကမ္ဘာ၏ အသွင်အပြင်ကို ကြည့်ကာ အကြီးအကျယ် တုန်လှုပ်နေပါသည်။]

[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’နက္ခတ်သည် သူ၏ ကိုးကွယ်ယုံကြည်မှုကို သံသယဝင်လာပါသည်။]

...

ဤအရာသည် အချို့သော နက္ခတ်များအတွက်တော့ ကြည့်ကောင်းသော ပြကွက်တစ်ခု ဖြစ်နေလေသည်။ နက္ခတ်တိုင်းကတော့ ဟေးဒီးစ်၏ ရဲတိုက်ထဲသို့ မလာနိုင်ကြချေ။

[ဒင်္ဂါး ၁၂,၀၀၀ကို ထောက်ပံ့ရရှိပါသည်။]

ဟေးဒီးစ်၏ နန်းတော်ကို ပြသရုံမျှဖြင့် ကျနော် ဒင်္ဂါး ၁၂,၀၀၀ ရရှိခဲ့၏။ အတော်လေး အကျိုးအမြတ်များသော ကိစ္စပင်။ ဤသည်မှာ ပုဂ္ဂလိကပိုင်နယ်မြေတစ်ခုကို ချောင်းရိုက်ပြီး ပြသနေရသကဲ့သို့ပင် ခံစားမိနေတော့သည်။

အချိန်အနည်းငယ် ကုန်ဆုံးသွားသည်။ တိတ်ဆိတ်စွာ လမ်းလျှောက်နေသော တရားသူကြီးသည် နောက်ဆုံး၌ ပြောလာတော့သည်။

[ငါတို့ ရောက်ပြီ]

တံခါးပွင့်သွားကာ ကြီးမားသော တည်ခင်းဧည့်ခံပွဲခန်းမကြီး ပေါ်လာသည်။ အတွင်းပိုင်းမှာ မှောင်မည်းနေသဖြင့် မည်သည့်အရာကိုမျှ မမြင်ရချေ။ တရားသူကြီးသည် ပျောက်ကွယ်သွားပြီး တံခါးမှာလည်း ပြန်ပိတ်သွား၏။

မှောင်မည်းနေသော ခန်းမအလယ်တွင် အလင်းရောင် သေးသေးလေးတစ်ခု ပေါ်လာသည်။ ရှေးဟောင်း ဘဲဥပုံ စားပွဲတစ်လုံးက ကျနော့်ကို စောင့်ကြိုနေ၏။ ထိုနေရာတွင် ဘုရင့်ရုပ်တုဟု ယူဆရသော ခန့်ညားထည်ဝါသည့် ရုပ်တုတစ်ခုလည်း ရှိနေလေသည်။ စားပွဲပေါ်တွင်မူ သွားရည်ကျစရာ ကောင်းလောက်အောင် ဆွဲဆောင်မှုရှိလှသော ဟင်းလျာများစွာ ရှိနေ၏။

စားပွဲအဆုံးတွင်မူ ကျနော့်ကို ကြည့်နေသော အမျိုးသမီးတစ်ဦး ရှိနေလေသည်။

[စိတ်ဝင်စားစရာပဲ။ သက်ရှိဝိညာဉ်တစ်ခုက ဒီရဲတိုက်အထိ ရောက်လာတယ်ပေါ့။ ပြီးတော့... စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ စောင့်ကြည့်သူတွေကိုလည်း ခေါ်လာသေးတယ်... ဒီနေ့ကတော့ တကယ်ကို ထူးခြားတဲ့နေ့ပဲ]

ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်း ကျနော် ချက်ချင်း သိလိုက်သည်။ ဟေးဒီးစ်၏ နန်းတော်တွင် အိမ်ရှင်မနေရာ၌ ထိုင်နိုင်သော တည်ရှိမှုမှာ တစ်ခုတည်းသာ ရှိ၏။ ကျနော် အရိုအသေပေးလိုက်ပြီးနောက် စကားစလိုက်သည်။

"အခုလို တွေ့ရတာ ဂုဏ်ယူမိပါတယ်၊ 'အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ'ကြီးခင်ဗျာ"

အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ။ သူသည် ဟေးဒီးစ်၏ ဇနီးဖြစ်ပြီး ကျော်ကြားလှသော မရဏကမ္ဘာ၏ ဘုရင်မ ပါစီဖုန်း ပင် ဖြစ်သည်။

[နင်က ငါ့ရဲ့ ဘွဲ့နာမကို သိနေတာပဲ။ နင်က ယဉ်ကျေးတဲ့ ကိုယ်စားလှယ်တစ်ယောက်ပဲ]

"အဲ့လောက်အထိ ချီးမွမ်းခံရဖို့ မထိုက်တန်ပါဘူးဗျာ"

[ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ငါ့ရဲ့ စစ်မှန်တဲ့အသံကို ကြားရတာတောင် နင့်ရဲ့ဝိညာဉ်က တုန်လှုပ်မသွားတာပဲ]

ပြန်စဉ်းစားကြည့်လျှင် နက္ခတ်များ၏ စစ်မှန်သောအသံကို ကြားရသည့်အခါ ကျနော် သိပ်ပြီး ဘာမှမခံစားရချေ။

ပါစီဖုန်းသည် အနည်းဆုံး ဒဏ္ဍာရီလာအဆင့်ရှိသော နက္ခတ်တစ်ပါး ဖြစ်သည်။ ကျနော်တို့ကြားရှိ ကွာဟချက်ကြောင့် ပါစီဖုန်း၏ စစ်မှန်သော စကားလုံးများကို ကြားလိုက်ရသည့်အခါ ကျနော့်ဝိညာဉ်မှာ ထိခိုက်ပျက်စီးသွားပြီး ချေမှုန်းခံလိုက်ရသင့်သည်။

ထို့အပြင် ယခင်က သမိုင်းဝင်အဆင့် နက္ခတ်ဖြစ်သော ကင်ယူရှင်၏ စကားများကိုလည်း ကျနော်ကြားခဲ့ဖူးသေး၏...

[သီးသန့်စွမ်းရည် 'Fourth Wall' မှာ အားကောင်းစွာ အသက်ဝင်နေပါသည်။]

စွမ်းရည် မက်ဆေ့ချ်တွင် 'အားကောင်းစွာ' ဟူသော စကားလုံး ပါဝင်လာသည်မှာ ဤသည်မှာ ပထမဆုံးပင်။ ဖြစ်နိုင်သည်မှာ ကျနော် တွေ့ဆုံနေရသည့် ပုဂ္ဂိုလ်ကြောင့် ကျနော့်၏ မသိစိတ်က ဤအခြေအနေကို 'လက်တွေ့မဆန်' ဟု ယူဆနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

[ထိုင်ပါ။ ကိုယ်စားလှယ် ကင်ဒေါ့ဂျာ]

ပါစီဖုန်း၏ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်စကားဆိုကာ ပါစီဖုန်း၏ မျက်နှာချင်းဆိုင်တွင် ကျနော်ထိုင်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် ဤသည်မှာ မျှော်လင့်မထားသော အခွင့်အရေးပင် ဖြစ်၏။ ချိုမြိန်လှသော ဟင်းလျာနံ့များက ကျနော့်နှာခေါင်းကို လာရောက်ဆွဲဆောင်နေသည်။

ပတ်ဝန်းကျင်ကို ကျနော် ဝေ့ကြည့်လိုက်သော်လည်း ပါစီဖုန်း တစ်ဦးတည်းသာ စားပွဲတွင် ထိုင်နေကြောင်းကို တွေ့ရလေသည်။

"ဘုရင်ကြီးရော ဘယ်မှာလဲဗျ"

[ဘုရင်ကြီးက နင့်ရဲ့ ရုတ်တရက် ရောက်လာမှုကို သဘောမကျဘူး။ ဒါကြောင့် ငါကပဲ နင်နဲ့ စကားပြောတာ ပိုကောင်းလိမ့်မယ်လို့ ထင်လို့ပါ]

အဆုံးသတ်မှာတော့ ဤသို့ပင် ဖြစ်လာခဲ့သည်။ ကျနော် မျှော်လင့်ထားပြီးသားပင်။ အိုလံပတ်စ်၏ အကြီးအကဲ သုံးဦးနှင့် တွေ့ဆုံဖူးသော ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးချေ။ ထို့အပြင် ကျနော်က အော်ဖီးယပ်စ် ကဲ့သို့လည်း စောင်းကို ကျွမ်းကျင်စွာ မတီးတတ်ချေ။

"ကျနော် မေးခွန်းတစ်ခုလောက် မေးပါရစေ"

[မေးနိုင်ပါတယ်]

"ဒါက ခင်ဗျားရဲ့ စစ်မှန်တဲ့ ကိုယ်ခန္ဓာလား"

[ဒါကတော့ ဝိညာဉ်ကိုယ်ထည်ပေါ့။ ငါ့ရဲ့ စစ်မှန်တဲ့ကိုယ်ခန္ဓာက နင့်လို လူသားတစ်ယောက် ခံနိုင်ရည်ရှိတဲ့ အရာမျိုး မဟုတ်ဘူး]

ပါစီဖုန်း၏ ဝိညာဉ်ကိုယ်ထည်ကို တည်ငြိမ်စွာ ကျနော် စိုက်ကြည့်နေမိသည်။ ပါစီဖုန်းသည် အဖွားအိုတစ်ဦးနှင့် ဆင်တူနေ၏။

...ဒါကတော့ တကယ်ကို ကြောက်စရာကောင်းတဲ့ ဝါသနာပဲ။

အမှန်အတိုင်းပြောရလျှင် ကျနော် ဤသို့ပင် တွေးလိုက်မိသည်။ ပါစီဖုန်းက ညင်သာစွာ ပြုံးလိုက်သည်။

[နင်က ဒီလို အသက်ကြီးတဲ့ အမျိုးသမီးတွေကို သဘောမကျဘူးလား]

"အဲ့ဒါက ပြဿနာမဟုတ်ပါဘူး"

ပါစီဖုန်းသည် အဖွားအို သို့မဟုတ် အဖိုးအိုနှင့် တူနေသည်ဖြစ်စေ ကိစ္စမရှိချေ။ ပြဿနာမှာ ပါစီဖုန်းသည် ပထမဆုံး ဇာတ်ဝင်ခန်းတုန်းက မြေအောက်ရထားပေါ်က 'အဖွားအို' နှင့် တစ်ပုံစံတည်း တူနေခြင်းပင် ဖြစ်၏။

[နင် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင် တခြားတစ်ယောက်အဖြစ် ပြောင်းပေးနိုင်ပါတယ်]

ပါစီဖုန်း၏ အသွင်အပြင်မှာ ယူဆန်းအာ၏ ပုံရိပ်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ သူသည် ပုံမှန် ယူဆန်းအာ မဟုတ်ချေ။ ဤယူဆန်းအာမှာ အနက်ရောင် တရုတ်ဝတ်စုံနှင့် ခြေအိတ်ရှည်နှင့် ဇာအတွင်းခံကိုသာ ဝတ်ဆင်ထားကာ ဆွဲဆောင်မှုရှိသော မိတ်ကပ်များရှိသည့် ယူဆန်းအာဖြစ်သည်။

သူ၏ မျက်နှာကို စိုက်ကြည့်ရင်း ကျနော့်မျက်နှာ ရဲတက်လာသည်။

ချီး... သူက ငါ့အိပ်မက်တွေကိုပါ ချောင်းကြည့်ထားတာလား။

"အဖွားအို အသွင်အတိုင်းပဲ နေပေးပါ"

ပါစီဖုန်းသည် ကျနော့်စကားကို နားမထောင်ခဲ့ချေ။

[အချိန် သိပ်မရှိဘူးဆိုတော့ လိုရင်းကိုပဲ ပြောပါတော့]

"ခင်ဗျား မသိဘူးလား"

[ငါ့ကလေးဆီကနေ အနည်းအကျဉ်းတော့ ကြားထားပါတယ်။ ဒါပေမဲ့ နင့်ဆီကနေ တိုက်ရိုက် ကြားရတာက ပိုပြီးတော့ အဓိပ္ပာယ်ရှိတာပေါ့]

ပါစီဖုန်း၏ကလေးဆိုသည်မှာ ဒီယွန်နီဆပ် ကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။ ကျနော် ခေါင်းညိတ်ပြလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူကာ ရှင်းပြလိုက်သည်။

"ကျနော် အမျိုးသမီးတစ်ယောက်ရဲ့ ဝိညာဉ်ကို လာရှာတာပါ။ ခင်ဗျား ကြားပြီးသား ဖြစ်မဖြစ်တော့ မသိဘူး။ ဒါပေမဲ့ ကျနော်ကတော့ အလဲအလှယ် လုပ်ဖို့ အဆင်သင့်ပါပဲ"

[ဝိညာဉ်တဲ့လား... အဲ့ဒါက ခေတ်နောက်ကျနေတဲ့ အယူအဆပဲ]

ပါစီဖုန်းသည် တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး မျက်လွှာများကို ဖြည်းဖြည်းချင်း ချလိုက်သည်။ မကြာခင်မှာပင် ပါစီဖုန်း၏ ရှည်လျားသော လက်ချောင်းများက လှုပ်ရှားလာကာ သူ၏ ပန်းကန်ပြားပေါ်ရှိ အမဲသားတုံးကို စတင် လှီးဖြတ်တော့သည်။

ကျနော် စိတ်ရှည်စွာ စောင့်နေမိသည်။ လှီးဖြတ်နေခြင်းမှာ အလွန်နှေးကွေးစွာ ဆောင်ရွက်နေခြင်း ဖြစ်၏။ ခက်ရင်းက အသားကို ခိုင်မြဲစွာ ထိန်းထားစဉ် ဓါးမှာ ရှေ့တိုးနောက်ဆုတ် ဖြည်းဖြည်းချင်း လှုပ်ရှားနေကာ အသားကို အသေးစိတ် လှီးဖြတ်နေလေသည်။ အသားတုံးကို သပ်ရပ်စွာ လှီးဖြတ်လိုက်သည့်အခါ နီရဲသော အသားရည်များ စီးကျလာသည်။ ခက်ရင်းသည် ထိုးစိုက်ထားသော အသားတုံးကို ဂရုတစိုက် မလိုက်၏။

ပါစီဖုန်းသည် အသားတုံးကို စားရမည်လော သို့မဟုတ် မစားရဘဲ ထားရမည်လောဟု ဝေခွဲမရသကဲ့သို့ မျက်နှာပျက်သွား၏။ သူသည် ကျနော့်ကိုပင် မေ့လျော့သွားပုံရသည်။

ကျနော် စကားပြောရန် ပြင်လိုက်သော်လည်း ပါစီဖုန်းက အရင်ဦးအောင် စကားစလိုက်သည်။ ဟုတ်ပေသည်။ ပါစီဖုန်းမှာ အသားကို စားရန်အတွက် စကားစလိုက်ခြင်း ဖြစ်၏။

[ဒီကမ္ဘာမှာ 'ဝိညာဉ်' ဆိုတဲ့အရာ မရှိဘူး]

ဝိညာဉ်များ မရှိ။ ထိုအချက်မှာ ခေတ်သစ် ရူပဗေဒပညာရှင်များအားလုံး သဘောတူကြမည့် ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း ပြဿနာမှာ ထိုစကားကို ပြောနေသူမှာ နတ်ဘုရားတစ်ပါး ဖြစ်နေခြင်းပင်။ ဝိညာဉ်များ တည်ရှိမှုကို ကာလရှည်ကြာစွာ ကာကွယ်ပြောဆိုခဲ့သော အိုလံပတ်စ်မှ နတ်ဘုရားတစ်ပါးက ဤသို့ ဆိုလာခြင်း ဖြစ်သည်။

ကျနော်က လှောင်ပြောင်သည့်လေသံဖြင့် "ပလေတိုနဲ့ အရစ်စတိုတယ်တို့သာ သိရင် သင်္ချိုင်းထဲကနေ ထထိုင်ကြတော့မှာပဲ" ဟု ပြောလိုက်၏။

[သူတို့က အခုအချိန်မှာ နက္ခတ်တွေ ဖြစ်နေကြပြီဆိုတော့ သူတို့ရဲ့ သင်္ချိုင်းတွေထဲမှာ ရှိနေကြမှာ မဟုတ်ဘူး]

"ကျနော်က ဒီကို ကစားဖို့ လာခဲ့တာ မဟုတ်ဘူး"

[ငါလည်း ကစားနေတာ မဟုတ်ဘူး။ ကိုယ်စားလှယ် ကင်ဒေါ့ဂျာ။ ဝိညာဉ်ဆိုတာ မရှိဘူး။ အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် ဆက်လက်ရှင်သန်ချင်ကြတဲ့ လူသားတွေ ဖန်တီးထားတဲ့ ထင်ယောင်ထင်မှားတစ်ခုသက်သက်ပဲ]

"ဒါဆို မရဏကမ္ဘာမှာ ရှိနေတဲ့လူတွေကရော။ သူတို့က ဝိညာဉ်တွေ မဟုတ်ဘူးလား"

ပါစီဖုန်းသည် စောနက လှီးဖြတ်လိုက်သည့် အသားကို ညွှန်ပြလိုက်သည်။

[သူတို့က ဒီလိုမျိုးတွေပဲ]

အသားတုံးမှာ ပါစီဖုန်း၏ ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။ ပါစီဖုန်းသည် ထိုအသား၏ အရသာကို မြိန်ယှက်စွာ ခံစားနေသကဲ့သို့ အချိန်ယူ၍ ဝါးနေ၏။ ပါစီဖုန်း၏ နီရဲသော နှုတ်ခမ်းလွှာများမှာ ဆွဲဆောင်မှုရှိစွာ တောက်ပနေလေသည်။

[အင်း... ဒီအသားက အရမ်းကို ထူးခြားတယ်။ နင်လည်း တစ်ခါလောက် မြည်းကြည့်ပါလား]

ပါစီဖုန်း စားနေသည့် အသားမျိုး ကျနော့်ရှေ့တွင် ပေါ်လာသည်။ ကျနော် ငုံ့ကြည့်လိုက်ပြီး ခဏအကြာတွင် ပြောလိုက်၏။

"ကျနော် မစားချင်ဘူး"

[နင်က ရိုင်းစိုင်းပြနေတာလား]

"ဟုတ်ကဲ့။ ကျနော် တကယ်ပဲ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျနော် ရိုင်းရိုင်းစိုင်းစိုင်းပဲ နေရပါလိမ့်မယ်"

ကျနော် စားလိုက်လျှင် ဧကန်မုချ အရသာရှိပေလိမ့်မည်။ Ways of Survival ထဲတွင် ထိုအရသာအကြောင်းကို အနည်းဆုံး စာမျက်နှာ ၁၂ မျက်နှာခန့် ဖော်ပြထားသည်။ သို့သော်လည်း ရှည်လျားသော ဖော်ပြချက်၏ အဆုံးတွင် အောက်ပါစာကြောင်းကို ရေးသားထား၏။

「 ယူဂျွန်ဟော့သည် နောက်ပြန်ဆုတ်ခြင်းခရီးစဉ်၏ အဆုံးသတ်အထိ ထိုအစားအစာကို စားခဲ့မိသည်ကို နောင်တရနေခဲ့သည်။ 」

မရဏကမ္ဘာမှ အစားအစာကို စားမိသူများသည် ကမ္ဘာမြေသို့ ပြန်၍မရတော့ချေ။ ပါစီဖုန်းမှာ ကျနော့်စိတ်ကို ဖတ်မိသွားပုံရကာ ရယ်မောလိုက်၏။

[မရဏကမ္ဘာကလူတွေက နင်ထင်သလို ကြောက်စရာ မကောင်းပါဘူးဟ။ လူသိများတဲ့ သီအိုရီအများစုက မှားယွင်းနေတာပါ။ နင့်မှာ ဘုရင်ကြီးရဲ့ ခွင့်ပြုချက်သာ ရှိမယ်ဆိုရင် မရဏကမ္ဘာကနေ အချိန်မရွေး ထွက်သွားလို့ ရပါတယ်။ အဲ့ဒါက နင်တို့ကမ္ဘာမှာရှိတဲ့ 'စစ်မှုထမ်းဟောင်း' တွေရဲ့ သဘောတရားနဲ့ ဆင်တူတယ်လေ]

"စစ်တပ်ထဲက ဘဝက ကျနော့်ဘဝမှာ အဆိုးရွားဆုံး အမှတ်တရပဲ"

[အဲ့လိုလား။ နင်တို့နိုင်ငံက အမျိုးသားတွေက စစ်တပ်ထဲမှာပဲ ဆက်နေသင့်တယ်လို့ ပြောကြတယ် မဟုတ်လား။ အဲ့ဒါကြောင့် ငါက စစ်မှုထမ်းတာက ကိစ္စမရှိဘူးလို့ ထင်ခဲ့တာ။ ငါ့ဘက်က အထင်မှားသွားတာ ထင်တယ်]

တခြားနိုင်ငံက နတ်ဘုရားမတစ်ပါးက ကိုရီးယားအမျိုးသားတွေ အကြောင်းကို အဘယ်ကြောင့် ဒီလောက်တောင် သိနေရသနည်းကို ကျနော် မသိတော့ချေ။ ပါစီဖုန်းက ဆက်လက်၍ ပြောလိုက်သည်။

[ကိုယ်စားလှယ် ကင်ဒေါ့ဂျာ။ နင်က နင်ထင်ထားတာထက် ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရမှာပါ]

"ကျနော့်ကို တပ်ကြပ်ကြီးအဖြစ် အမြဲတန်းတာဝန်ထမ်းဆောင်ဖို့ အကြံပေးခဲ့တဲ့လူကလည်း အလားတူစကားမျိုးပဲ ပြောခဲ့ဖူးတယ်"

[သူက ငါ့လိုပဲ အသားကို အကြံပေးခဲ့လို့လား။ ဥပမာဟာ… နင့်ရှေ့မှာရှိနေတဲ့ အသားလိုမျိုးပေါ့။ အဲ့ဒါကို စားလိုက်ရင် ဘာဖြစ်သွားမလဲဆိုတာ နင်သိလား]

"နွားတစ်ကောင်ရဲ့ အသားအရသာကို ခံစားရမှာပေါ့"

[နင်က အခုချက်ချင်းပဲ 'ဓါးသခင်' တစ်ယောက် ဖြစ်သွားနိုင်တာဟ]

ကျနော် ခဏမျှ နားကြားမှားသွားသည်ဟု ထင်လိုက်မိသည်။ ဓါးသခင်ဆိုသည်မှာ ဤကမ္ဘာမှ ထွက်ခွာသွားသော ပြန်လာသူများပင်လျှင် ကြိုးစားအားထုတ်ပြီးမှ ရောက်ရှိနိုင်သည့် မြင့်မားသော အဆင့်အတန်းတစ်ခု ဖြစ်သည်။

[ဘေးနားက ပါစတာကို စားလိုက်ရင်လည်း နင်ဟာ 'မဟာမှော်ဆရာ' တစ်ယောက် ဖြစ်လာနိုင်တယ်]

...ဒီပါစတာကလား

[စွပ်ပြုတ်ကတော့ နင့်ကို SSS-အဆင့် မုဆိုးတစ်ယောက် ဖြစ်အောင် လုပ်ပေးနိုင်တယ်]

ဒီနေရာက... ငရဲအစား အံဖွယ်ကမ္ဘာကြီး ဖြစ်နေတာလား

ကျနော် တံတွေးမမြိုဘဲ မနေနိုင်တော့ချေ။ ဒီအသားကို စားရုံရုံဖြင့် လက်ရှိ ယူဂျွန်ဟော့ကို ကျော်လွှားနိုင်မည့် စွမ်းအားကို ရရှိနိုင်မည် ဖြစ်သည်။

[နင် မစားသေးဘူးလား]

ခက်ရင်းကို ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်ပြီး အသားတစ်တုံးကို ကျနော်ထိုးလိုက်သည်။ ခက်ရင်းက အသားကို ထိုးစိုက်လိုက်သည့် ခဏမှာပင် ထူးဆန်းသော မြင်ကွင်းများ ကျနော့်မျက်စိရှေ့တွင် ဖျတ်ခနဲ ပေါ်လာ၏။ ထိုမြင်ကွင်းမှာ ဓါးတစ်လက်ဖြင့် တစ်ကိုယ်တည်း လေ့ကျင့်နေသော အမျိုးသားတစ်ဦး၏ အမှတ်တရပင် ဖြစ်သည်။

「 ငါ အားနည်းလို့ မဖြစ်ဘူး။ ဓါးပညာကို သင်ယူရမယ်။ 」

「 ငါ ပိုပြီးတော့ သန်မာလာအောင် ကြိုးစားမယ်။ 」

「 ငါ... ငါ နောက်ဆုံးတော့ လုပ်နိုင်ပြီ။ ငါ လုပ်နိုင်ခဲ့ပြီ။ 」

မြင်ကွင်း အနည်းငယ်သာ ရှိသော်လည်း ကျနော် အံ့အားသင့်သွားကာ ခက်ရင်းကို ပြန်ချလိုက်သည်။ ကျနော် ထိုးလိုက်သည်မှာ သေနေသော နွားတစ်ကောင် မဟုတ်ချေ။

"ဒါက..."

ပါစီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

[ဟုတ်တယ်။ ဒီအသားတုံး သေးသေးလေးက... လူသားတွေ ယုံကြည်နေကြတဲ့ ဝိညာဉ်ဆိုတာပဲ]

ပါစီဖုန်းသည် အသားကို ထပ်မံ၍ စားလိုက်ပြန်သည်။ ဤအသားကို စားလျှင် ဓါးသခင် ဖြစ်လာနိုင်သည်ဟု ပါစီဖုန်း အဘယ်ကြောင့် ပြောခဲ့သည်ကို ကျနော် နောက်ကျမှ နားလည်သွားတော့သည်။ ကျနော်လှမ်းပြောလိုက်၏။

"...ဒါထဲမှာ ဓါးသခင်ရဲ့ မှတ်ဉာဏ်တွေ ပါဝင်နေတာပဲ"

[အမှတ်တရတွေဟုတ်လား။ မဟုတ်ဘူး။ ပိုပြီး တိတိကျကျ ပြောရရင်တော့...]

ပါစီဖုန်းသည် စကားလုံးရွေးရန် ခဏမျှ ရပ်လိုက်သည်။

[အဲ့ဒါက ဇာတ်လမ်းတစ်ခုပဲ]

ပါစီဖုန်း၏ နှုတ်ခမ်းကို လျက်လိုက်သည့် မြင်ကွင်းက ကျနော့်ကို ကြက်သီးထသွားစေသည်။

[အဲ့ဒါက နက္ခတ်တွေအားလုံး အကြိုက်ဆုံး အစားအစာဖြစ်တဲ့ ဇာတ်လမ်းပဲ]

အခန်း ၁၁၅

- အပိုင်း ၂၂ - ကတိကဝတ်သုံးခု (၇)

ကျနော့်ရှေ့နက္ခတ်၏ ပါးစပ်မှ ထွက်ပေါ်လာသော စကားလုံးများကို ကြားလိုက်ရချိန်တွင် ကျနော် ကြက်သီးမွေးညင်းများ ထသွားရသည်။ ဇာတ်လမ်းများကို ရူးသွပ်ကြသူများသည် ဇာတ်လမ်းများကို စားသုံးကြ၏။ ဤသည်မှာ နက္ခတ်များ၏ သဘာဝပင် ဖြစ်သည်။

[သေခြင်းတရားဆိုတာ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အဆုံးသတ်ပဲ။ အသားဖြစ်သွားတဲ့ နွားတစ်ကောင်က ပြန်ရှင်မလာနိုင်သလိုမျိုး သေဆုံးသွားတဲ့သူတွေကလည်း ပြန်ရှင်မလာနိုင်တော့ဘူး။ သူတို့ရဲ့ ဇာတ်လမ်းက ပြီးဆုံးသွားပြီ]

"ခြွင်းချက်တွေ ရှိတယ်ဆိုတာ ကျနော် သိပါတယ်"

[အဲ့ဒါတွေက အလကား ဒဏ္ဍာရီတွေပါ။ ဘယ်ခြွင်းချက်မှ မရှိဘူး]

ထိုစကားမှာ မုသားသာ ဖြစ်သည်။ ဂရိဒဏ္ဍာရီတွင် ဤကဲ့သို့သော အဆိုတစ်ခု ရှိ၏။

" စတိုင်စ်မြစ်ကို တိုင်တည်ပြီး ခင်ဗျား ကျိန်ဆိုနိုင်လား"

ပါစီဖုန်းသည် သဘာဝကျစွာပင် မကျိန်ဆိုနိုင်ချေ။ ပါစီဖုန်း၏ မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် ဒေါသအရိပ်အယောင်များ လွှမ်းမိုးသွားသည်။

[...နင် ယုံကြည်နေတဲ့ ဝိညာဉ်ဆိုတာက အကြမ်းထည် ဇာတ်လမ်းအစုအဝေးတစ်ခုသက်သက်ပဲ]

"ကျနော်က အဲ့ဒီ အကြမ်းထည် ဇာတ်လမ်းအစုအဝေးကိုပဲ လိုချင်တာ"

[မရဏကမ္ဘာမှာ နောက်ကြောင်းပြန်ကြည့်တဲ့သူက နောင်တရတတ်တယ်။ အချိန်တွေ ကုန်ဆုံးသွားပြီဆိုတာကို နင် နားလည်ဖို့ လိုတယ်]

အကယ်၍ ပါစီဖုန်းက ဤမျှအထိ တင်းခံနေပါက ကျနော် သိမ်းဆည်းထားသော အကွက်ကို ထုတ်သုံးရတော့မည်။

"ဘုရင်မကြီး။ အချိန်ဆိုတာက 'ရှေ့ကိုပဲ သွားနေတာ' မဟုတ်ဘူးဆိုတာကို ခင်ဗျား သိထားမယ်လို့ ကျနော် ထင်ခဲ့တာ"

ထိုခဏတွင် ကမ္ဘာကြီးမှာ မီးခိုးရောင်သို့ ပြောင်းလဲသွားသည်။ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များက ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွား၏။ တခဏလောက် ပါစီဖုန်း၏ စစ်မှန်သော အနှစ်သာရကို မြင်တွေ့လိုက်ရသည်ဟု ကျနော် ခံစားလိုက်ရသည်။ ကျနော့်ပါးစပ်မှာ ဟ၍မရသော်လည်း အော်ဟစ်လိုက်ချင်စိတ်များ ပေါက်နေမိသည်။

ဝိညာဉ်တွေ မရှိဘူး ဟုတ်လား။ အခု ငါ ခံစားနေရတဲ့ ကြောက်စိတ်ကရော ငါ့ဝိညာဉ်က ခံစားနေရတာ မဟုတ်ဘူးလား။

သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်သွားချိန်တွင် ကျနော့်ကျောပြင်၌ ချွေးများ စိုရွှဲနေတော့သည်။

ပါစီဖုန်းက ဘာမှမဖြစ်ခဲ့သလိုမျိုး ပြုံးပြလိုက်၏။

[ခစ်ခစ်... တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ အိုလံပတ်စ်က 'ထူးခြားမှု' လို့ ခေါ်တဲ့ ကလေးလေးဆိုတော့လည်း ထိုက်တန်ပါတယ်]

ပါစီဖုန်း၏ အပြုံးမှာ ယခင်နှင့် သိသိသာသာ ကွဲပြားနေသည်။ စကားပြောစရာမလိုဘဲ ကျနော် ခံစားမိနေ၏။ ယခုမှစ၍ ကျနော့်ရည်မှန်းချက်ဆီသို့ ရောက်နိုင်တော့မည်ဖြစ်သည်။

"အဲ့ဒါတင် မဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ တာတာရပ်စ်မှာ ထုတ်လုပ်နေတဲ့ 'မဟာဘီလူးစစ်သည်တော်'ကို ကျနော် တွေ့ခဲ့တယ်။ ခင်ဗျား ကျနော်နဲ့ သဘောတူညီမှု လုပ်မယ်ဆိုရင် အဲ့ဒါကို သုံးနိုင်ဖို့ ကြာမယ့်အချိန်ကို လျှော့ချပေးနိုင်လိမ့်မယ်..."

[အဲ့ဒါက ဇာတ်လမ်းပဲ။ ဂိုင်ဂန်တိုမာခီယာက အရေးကြီးတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပေမဲ့ မဟာဘီလူးစစ်သည်တော်ကို နင့်ရဲ့ အကူအညီမပါဘဲ အချိန်မီ အပြီးသတ်နိုင်ပါတယ်]

ကျနော် ခဏမျှ ဆွံ့အသွားရသည်။ ပါစီဖုန်းမှာ တကယ်ကို ကြောက်စရာကောင်းသော နတ်ဘုရားမတစ်ပါးပင်။ ယခုက ပါစီဖုန်း၏ အလှည့် ဖြစ်၏။

[ဒါပေမဲ့ နင်က ဒီသတင်းအချက်အလက်တွေကို ဘယ်လို သိနေတာလဲဆိုတာ ငါ့ကို ပြောပြမယ်ဆိုရင်တော့ ဒီသဘောတူညီမှုကို ငါ စဉ်းစားပေးကောင်း စဉ်းစားပေးနိုင်တယ်...]

"အဲ့ဒါက ရှင်းပြဖို့ ခက်တယ်ဗျ။ အမှန်အတိုင်း ပြောရရင် ဘယ်လို ရှင်းပြရမလဲဆိုတာ ကျနော် မသိဘူး"

ဤသည်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ ဤအချက်ကို ထုတ်ဖော်လိုက်ပါက ကျနော့်၏ အနာဂတ် အစီအစဉ်များအားလုံး ပျက်စီးသွားပေလိမ့်မည်။ ပါစီဖုန်းက ကျနော့်အဖြေမှာ မှန်ကန်ခြင်း ရှိမရှိ သိနိုင်ရန် ကျနော့်မျက်လုံးများကို စူးစိုက်ကြည့်နေသည်။ ထို့နောက်တွင် သူမက ထူးဆန်းသော အသံဖြင့် ရေရွတ်လိုက်၏။

[တကယ်ပါပဲ၊ ■■■■■■...]

...ဘာလဲဟ

နောက်တစ်စက္ကန့်အကြာတွင် နက္ခတ်များ၏ မက်ဆေ့ချ်များက ကျနော့်နားထဲ၌ ပေါက်ကွဲထွက်လာတော့သည်။

['ရွှေခေါင်းကွင်း၏ အကျဉ်းသား' နက္ခတ်သည် မိမိနားကိုပင် မိမိ မယုံနိုင်ဖြစ်နေပါသည်။]

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်၏ မျက်လုံးများ ပြူးကျယ်သွားပါသည်။]

['ကောင်းကင်ဘုံ၏ စာရေးတော်' နက္ခတ်က ဘုရင်မကြီး၏ သတိလက်လွတ်ဖြစ်မှုကို ထောက်ပြနေပါသည်။]

['လျှို့ဝှက်ကြံစည်သူ' နက္ခတ်မှာ အာရုံစိုက်နေပါသည်။]

ပါစီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။

[ဖိတ်ခေါ်မထားတဲ့ ဧည့်သည်တွေ ငြိမ်ငြိမ်နေကြစမ်း]

ကျနော်က တုန်လှုပ်သွားသော မျက်နှာထားဖြင့် မေးလိုက်သည်။

"ခုနက ခင်ဗျား ဘာပြောလိုက်တာလဲ"

[အာ... အဲ့ဒါက အရေးကြီးတဲ့အရာ မဟုတ်ပါဘူး]

ကျနော် တကယ်ကို ဇဝေဇဝါ ဖြစ်သွားရသည်။

■■■■■■ဟုတ်လား

ကျနော် ထိုစကားလုံးကို သေချာစွာ အသံမထွက်နိုင်သော်လည်း ပါစီဖုန်း၏ စကားလုံးများမှာ စစ်ထုတ်ခံထားရသည့် သတင်းအချက်အလက်များကဲ့သို့ပင်။ ယေဘုယျအားဖြင့် ဇာတ်ဝင်ခန်းထဲတွင် လူသိရှင်ကြား မထုတ်ပြန်သေးသည့် သတင်းအချက်အလက်များ၌ ဤသို့ ဖြစ်တတ်သည်။ သို့သော်လည်း လူတစ်ယောက်က ထိုသတင်းအချက်အလက်ကို သိရှိထားပြီးသားဆိုပါက စစ်ထုတ်မှုမှာ အသက်မဝင်ချေ။

ထိုသို့ဖြစ်ခဲ့ခြင်းမှာ အဓိပ္ပာယ်မရှိပေ။ Ways of Survival တစ်ခုလုံးကို ဖတ်ခဲ့သော်လည်း ကျနော် မသိသေးသည့် သတင်းအချက်အလက်များ ရှိနေသေးသည်လား။

မဟုတ်မှလွဲရော...

[စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ဒီဖျော်ဖြေရေးကို ဒီမှာပဲ ရပ်လိုက်တော့မယ်။ ငါ နင်နဲ့ သဘောတူညီမှု ယူစရာ အကြောင်းမရှိဘူး။ နင့်ဆီက သတင်းအချက်အလက်တွေကို သိဖို့ တခြားနည်းလမ်းတွေ ငါ သုံးလို့ ရတာပဲလေ]

ဓါးမြှောင်ပေါ်မှ အလင်းပြန်မှုမှာ ကြောက်စရာကောင်းသော ပုံစံဖြင့် တောက်ပနေသည်။ ဘာကြောင့်လဲဆိုသည်ကို ကျနော် သိချင်စိတ် မရှိတော့ချေ။

[ငါ ဒါကိုပဲ ထပ်ခါထပ်ခါ တွေးနေမိတာ... နင်က တကယ် စားလို့ကောင်းမယ့်ပုံပဲ]

ပါစီဖုန်းက ရုတ်တရက် အနီးသို့ ချဉ်းကပ်လာပြီး ကျနော့်မေးစေ့ကို လှမ်းကိုင်လိုက်သည်။ ထိုင်ခုံကို နောက်သို့ ဆုတ်မပစ်ဘဲ ထိန်းထားရင်း ကျနော်ပြုံးပြလိုက်၏။

"ဇာတ်ဝင်ခန်း အလယ်အလတ်မှာ ကိုယ်စားလှယ်တစ်ယောက်ကို အန္တရာယ်ပြုလိုက်ရင် ဖြစ်ပေါ်လာမယ့် ဖြစ်နိုင်စွမ်း မုန်တိုင်းကို ခင်ဗျား တောင့်ခံနိုင်ပါ့မလား"

[ဟင်း... နင်က တကယ် ရိုင်းတာပဲ။ ငါက ဒီလောက် ဖြစ်နိုင်စွမ်းမျိုးကို ရင်မဆိုင်နိုင်ဘူးလို့ နင်က ထင်နေတာလား]

"ကျနော့်ကို စောင့်ကြည့်နေတဲ့ နက္ခတ်တွေကလည်း ဒါကို ခွင့်လွှတ်မှာ မဟုတ်ဘူး"

ပါစီဖုန်းက ရယ်မောလိုက်သည်။

[ဘုရင်ကြီးက ဒီလို အဆင့်မရှိတဲ့ နက္ခတ်တွေကို ကြောက်လိမ့်မယ်လို့ နင်က ထင်နေတာလား]

အမှန်တကယ်ပင် ဟေးဒီးစ်အနေဖြင့် ဤမျှအထိ မာနထောင်လွှားရန် ထိုက်တန်ပေသည်။ သို့သော်လည်း 'အဆင့်မရှိသော' ဟူသည့် စကားလုံးကို ဤကဲ့သို့ အသုံးမပြုသင့်ချေ။

['ရွှေခေါင်းကွင်း၏ အကျဉ်းသား' နက္ခတ်သည် ရန်စခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ၏ တုတ်ကို ဝေ့ယမ်းနေပါသည်။]

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် အေးစက်သော အကြည့်များဖြင့် ဓါးကို ဆွဲထုတ်လိုက်ပါသည်။]

['လျှို့ဝှက်ကြံစည်သူ' နက္ခတ်သည် စိတ်လှုပ်ရှားနေပြီး အခြေအနေကို ပို၍ မြှောက်ပင့်ပေးနေပါသည်။]

ပါစီဖုန်းကလည်း စွမ်းအားများကို ထုတ်ဖော်လိုက်၏။

[သိပြီ။ နင်တို့တွေက အခုပဲ စမ်းကြည့်ချင်တာလား]

ခန်းမ၏ မျက်နှာကြက်မှာ မဟူရာတိမ်တိုက်များဖြင့် ပြည့်နှက်လာတော့သည်။ မိုးကြိုးမုန်တိုင်းကဲ့သို့ နီကျင်ကျင်နှင့် ပြာလွင်လွင် လျှပ်စစ်မီးပွားများ ဖြစ်ပေါ်လာပြီး စားသောက်ပွဲခန်းမတစ်ခုလုံးသို့ ဖြူလွင်သော မီးလျှံများ ပျံ့နှံ့သွားသည်။ ဤသည်မှာ နက္ခတ်များအကြား တိုက်ပွဲပင် ဖြစ်၏။

ပါစီဖုန်း၏ ကိုယ်ထည်မှ ကြီးမားသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ဤအတိုင်းသာ ဆက်သွားပါက ကျနော် ပေါက်ကွဲသွားပေလိမ့်မည်။

ကျနော် တည်ငြိမ်စွာပင် ပြောလိုက်၏။

"ခင်ဗျားက ဇာတ်လမ်းတွေကို နှစ်သက်တယ်လို့ ပြောခဲ့တယ်နော်"

ကျနော့်စကားကြောင့် နက္ခတ်များ၏ တင်းမာနေသော အငွေ့အသက်များမှာ ခဏမျှ လျော့ပါးသွားသည်။

"ဒါဆို တခြား သဘောတူညီမှုတစ်ခု လုပ်ရင်ကော ဘယ်လိုလဲ"

['လျှို့ဝှက်ကြံစည်သူ' နက္ခတ်သည် သင်၏ စကားကို နားထောင်နေပါသည်။]

ပါစီဖုန်းက ကျနော့်ကို စူးစိုက်ကြည့်လာ၏။

"ခင်ဗျား ကျနော့်ကို ကူညီမယ်ဆိုရင် ကမ္ဘာပေါ်မှာ စိတ်ဝင်စားဖို့ အကောင်းဆုံး ဇာတ်လမ်းကို ကျနော် ပြမယ်။ ခုနက ခင်ဗျားစားခဲ့တဲ့ အသားနဲ့တောင် နှိုင်းယှဉ်လို့မရတဲ့ ဇာတ်လမ်းမျိုးပေါ့"

[အဲ့ဒါက ငါ အဲ့ဒီဇာတ်လမ်းကို စားလို့ရမယ်လို့ ဆိုလိုတာလား]

"ခင်ဗျားက အစားအသောက် အကောင်းစားတွေကို နှစ်သက်တယ်ဆိုရင် နောက်ထပ် ဘာအစားအစာမှ လိုတော့မှာ မဟုတ်ဘူး။ ဒီဇာတ်လမ်းက လုံလောက်ပါလိမ့်မယ်"

ပါစီဖုန်းက ကျနော် ဆိုလိုသည်ကို သတိပြုမိသွားပြီး ရယ်မောလိုက်သည်။

[...နင်က ငါ့ကို မစားခိုင်းဘဲနဲ့ အကျိုးအမြတ်ကိုပဲ ယူဖို့ ကြံနေတာလား]

"ကျနော် ခင်ဗျားကို မြည်းစမ်းခွင့် ပေးမှာပါ။ ဒါပေမဲ့ ခင်ဗျား ကျနော့်ကို အခု စားလိုက်မယ်ဆိုရင်တော့ ခင်ဗျား တစ်သက်လုံး နောင်တရသွားလိမ့်မယ်"

[ဘာလို့လဲ]

"မစားခဲ့ရင် ပိုပြီး အရသာရှိမှာပဲလို့ ခင်ဗျား တွေးမိသွားမှာမို့လို့လေ"

ပါစီဖုန်းမှာ စိတ်ဝင်စားသွားပုံရ၏။

[...နင်က ဘာလို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလဲ]

"ကျနော်က အချိန်ကို အန်တုနိုင်တဲ့ တည်ရှိမှုတွေကို ထောက်ပံ့သူ မရှိဘဲနဲ့ ရင်ဆိုင်နိုင်လို့ပဲ"

ပါစီဖုန်း၏ မျက်လုံးများ အနည်းငယ် တုန်လှုပ်သွားသည်။

"ကျနော်က ဒီကမ္ဘာကြီးရဲ့ နတ်ဘုရား အကူအညီမပါဘဲနဲ့ ပြန်လာသူ တစ်ယောက်ကို ချေမှုန်းခဲ့သလို ကပ်ဘေးတွေကိုလည်း တားဆီးနိုင်ခဲ့တယ်။ အခုထိ ဇာတ်ဝင်ခန်း ငါးခုပဲ ရှိသေးတာတောင်မှပေါ့"

ပါစီဖုန်းက အောက်နှုတ်ခမ်းကို ဆွဲဆောင်မှုရှိရှိ ကိုက်လိုက်သည်။

"အသက်ရှင်နေတဲ့ ဝိညာဉ်တစ်ခုအနေနဲ့ ကျနော် မရဏကမ္ဘာကို ရောက်လာပြီး ခင်ဗျားနဲ့ အခုလို ဆုံတွေ့ခဲ့တယ်။ ကျနော် အနာဂတ်မှာ ဘာတွေ ဆက်လုပ်မလဲဆိုတာ ခင်ဗျား မသိချင်ဘူးလား"

[နင်က စကားပြော တကယ်ကောင်းတာပဲ။ ဒါပေမဲ့...]

ပါစီဖုန်းက အကြည့်ကို ချလိုက်ပြီး ဆက်ပြောသည်။

[ဒါက သဘောတူညီမှုတစ်ခုနဲ့ မတူဘူးနော်]

"ဒါကို ပိုးပန်းခြင်းလို့လည်း ခေါ်လို့ ရပါတယ်"

[...ဟမ်]

ကျနော် ပြုံးလိုက်၏။

"ကျနော် အတည်ပြောနေတာပါ။ ခင်ဗျား တစ်ခါမှ မမြင်ဖူးသေးတဲ့ ဇာတ်လမ်းတွေကိုရော၊ မသိရရင် မနေနိုင်လောက်အောင် ဖြစ်စေမယ့် ဇာတ်လမ်းတွေကိုပါ ကျနော် ပြပါ့မယ်"

နက္ခတ်တွေနဲ့ သဘောတူညီမှု လုပ်ဖို့ စဉ်းစားခဲ့တာ မှားယွင်းခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့က ထာဝရကာလမှာ ပိတ်မိနေသူတွေ ဖြစ်၏။ အဆင့်မရှိသော ကိုယ်စားလှယ်လေးတွေနဲ့ အတည်ပေါက် သဘောတူညီမှုတွေ သူတို့ မလုပ်နိုင်ချေ။ ထိုသို့ဆိုပါက ရယ်စရာကောင်းပြီး ဖြစ်နိုင်ခြေမရှိသော အရာတွေကို ပြောလိုက်တာက ပိုကောင်းပေလိမ့်မည်။ အနည်းဆုံးတော့ အမှတ်ရစရာ ဖြစ်သွားနိုင်၏။

ဒဏ္ဍာရီတွေအားလုံးလိုပင် နတ်ဘုရားများသည် လှည့်ဖြားတတ်သော စကားလုံးပေါင်း ရာချီထက် စစ်မှန်သော စကားလုံး အနည်းငယ်ကို ပို၍ စိတ်လှုပ်ရှားတတ်ကြသည်။ အမှန်တကယ်ပင် ပါစီဖုန်း၏ မျက်နှာထားမှာ စိတ်ဝင်စားနေပုံပေါက်နေလေ၏။

[ဟင်း... ဒါက ခက်တာပဲ။ ဒါကြောင့်ပဲ ယောက်ျားတွေဆိုတာ...]

"ဒါက ခင်ဗျားကို ပိုးပန်းတာ မဟုတ်ဘူးနော်၊ 'ကြွယ်ဝသော ည၏ ဖခင်' ကို ပိုးပန်းနေတာ"

ကျနော့်စကားကြောင့် ပါစီဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး တဟားဟား အော်ရယ်တော့သည်။ ပါစီဖုန်းက ကျနော့်ဆီမှ နောက်သို့ ဆုတ်သွားပြီး စားပွဲပေါ်တွင် ခြေထောက်ချိတ်၍ ဖြည်းဖြည်းချင်း ထိုင်လိုက်၏။ ပါစီဖုန်း၏ စူးရှသော အကြည့်များက ကျနော့်တစ်ကိုယ်လုံးကို ဝေ့ကြည့်သွားသည်။

[တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ]

ယူဆန်းအာ၏ ကိုယ်ခန္ဓာဖြင့် ဤကဲ့သို့ ပုံစံမျိုး လုပ်နေသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ ပါစီဖုန်းက ဟင်းလင်းပြင်ကို စိုက်ကြည့်ရင်း မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။ ခဏမျှသာ ဖြစ်သော်လည်း နာရီပေါင်းများစွာကြာသော လေးလံသည့် တိတ်ဆိတ်မှုကြီးကဲ့သို့ ခံစားရသည်။ ထိုတိတ်ဆိတ်မှု၏ ဖိအားကြောင့် ကျနော် အသက်ရှူကျပ်လုနီးပါး ဖြစ်နေချိန်တွင် ပါစီဖုန်းက စကားပြောလာလေသည်။

[ငါ နင့်ကို တာဝန်တစ်ခု ပေးမယ်]

နောက်ဆုံးတော့ ရောက်ရှိလာလေပြီ။

[နင်က ငါ့ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်း ပြချင်တာလား။ နင်သာ အောင်မြင်မယ်ဆိုရင် နင်အလိုရှိတဲ့ ဝိညာဉ်ကို ငါရှာခွင့်ပေးမယ်]

ထို့နောက် စနစ်မက်ဆေ့ချ်တစ်ခု ပေါ်လာတော့သည်။

[ဝှက်ထားသော ဇာတ်ဝင်ခန်းအသစ်တစ်ခု စတင်လိုက်ပါပြီ။]

ပါစီဖုန်း၏ စကားများကို ကြားလိုက်ရချိန်တွင် ကျနော့်ခေါင်းထဲ၌ ဒဏ္ဍာရီအချို့ ဖြတ်ပြေးသွားသည်။ ထိုအချက်က ဟာကြူလီ ဆောင်ရွက်ခဲ့ရသည့် '၁၂ ပါးသော တာဝန်များ' ကို သတိရသွားစေ၏။ ပါစီဖုန်း၏ မျက်လုံးများမှာ တောက်ပနေသည်။

[ငါ အဲ့ဒါကို တစ်ခါလောက် မြင်ဖူးချင်တယ်။ အိုလံပတ်စ်က ကလေးတွေကတော့ ဒါကို မကြာခဏ လုပ်လေ့ရှိပေမဲ့ ငါကတော့ ငါ့ရဲ့ဘုရင်ကြီးနဲ့ ဆုံပြီးကတည်းက ဒါကို မကြည့်ဖြစ်တော့ဘူး]

"ဘယ်လို တာဝန်မျိုးလဲ"

[နင့်ရဲ့ တာဝန်ကတော့ မြွေရဲ့ ခေါင်းကို ဖြတ်ပစ်ဖို့ပဲ]

"...မြွေဟုတ်လား။ ခေါင်းအများကြီးပါတဲ့ မြွေကို ပြောတာလား"

အနည်းငယ် ကြောက်ရွံ့နေသည့် အသံဖြင့် ကျနော် မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် 'ထိုမြွေ' မှာ ဒုတိယအဆင့်ရှိသော သတ္တဝါဖြစ်နေသောကြောင့်ပင်။ ပါစီဖုန်းက ခေါင်းခါပြလိုက်သည်။

[ငါက ဟိုက်ဒြာကို ပြောတာမဟုတ်ဘူး။ ဟိုက်ဒြာကို ဟာကြူလီ တစ်ယောက်ပဲ သတ်နိုင်တာ။ နင်သတ်ရမယ့် မြွေက တခြားနေရာမှာ ရှိတယ်]

"ဒါပေမဲ့ ဇာတ်ဝင်ခန်းကြောင့် ကျနော် အဝေးကြီး သွားလို့မရဘူးလေ"

[စိတ်မပူပါနဲ့။ နင်သွားတဲ့ နေရာတိုင်းမှာ အဲ့ဒီမြွေက ရှိနေမှာပါ]

ပါစီဖုန်းက လက်ချောင်းများဖြင့် ပေါ့ပါးစွာ လက်ဖျောက်တီးလိုက်ရာ ဟင်းလင်းပြင်ထဲတွင် ဖန်သားပြင်တစ်ခု ပေါ်လာလေသည်။ ချန်နယ်တစ်ခုနှင့် ချိတ်ဆက်ထားကြောင်း မက်ဆေ့ချ် ပေါ်လာပြီး ဤဖန်သားပြင်မှာ ဘာလဲဆိုသည်ကို ကျနော် သိလိုက်ရသည်။

...ဒါက နက္ခတ်တွေ ငါတို့ကို စောင့်ကြည့်နေတဲ့ ပုံစံမျိုးလား။

ဖန်သားပြင်တစ်ခုလုံးကို စိမ်းလန်းစိုပြေနေသည့် တောအုပ်ကြီးတစ်ခုက ဖုံးလွှမ်းထားသည်။ ဤနေရာမှာ မကြာခင် စတင်တော့မည့် ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်း၏ ဇာတ်ခုံဖြစ်ကြောင်း သိလိုက်ရရန် သိပ်မကြာလိုက်ချေ။

နေပါဦး။ ဒါက ဘာလဲဟ။

"" ဦးလေးကြီး... ဟိုနားက သစ်သားတွေ နည်းနည်းလောက် ဆွဲထုတ်ပြီး အနားယူဖို့ နေရာလုပ်လိုက်စမ်းပါ ။ ရှင်က ဒါမျိုးတွေ လုပ်တာ တော်တယ် မဟုတ်လား ""

"" ငါက မြေရှင်းရတာ မကျွမ်းကျင်ဘူး။ ငတုံးမ ""

ကျနော် ဖန်သားပြင်ကို စိုက်ကြည့်နေမိသည်။ ထိုလူနှစ်ယောက်မှာ ပျောက်ဆုံးနေသော ဂုံဖီဒူနှင့် ဟန်ဆိုယောင်းတို့ ဖြစ်နေလေသည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်းက မစရသေးဘူး မဟုတ်လား။ ပါစီဖုန်းက ကျနော့်ကို စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။

[ဘယ်လိုလဲ။ နင် စမ်းကြည့်ချင်လား။ ဒါက ခက်ခဲကောင်း ခက်ခဲနိုင်ပေမဲ့ လုပ်ရကျိုးနပ်တဲ့ တာဝန်တစ်ခုပဲ]

ကျနော် သတိပြန်ဝင်လာသည်။ ပါစီဖုန်းက ကျနော့်ကို သတ်စေချင်နေသည့် 'မြွေ' မှာ ဘာလဲဆိုသည်ကို ကျနော် ခံစားမိလိုက်ပြီ ဖြစ်သည်။ ကျနော်က ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြလိုက်၏။

…………………………………………………………………………………………

ကိုယ်စားလှယ်ဖြစ်သူ ထွက်ခွာသွားသည်နှင့် ခန်းမအတွင်း၌ အမှောင်ထုက လွှမ်းမိုးလာခဲ့သည်။

ပါစီဖုန်းသည် တစ်ဦးတည်း ကျန်ရစ်ခဲ့ပြီး စားသောက်ပွဲမှ ကျန်ကြွင်းသော အစားအစာများကို စိုက်ကြည့်နေရင်း ပြောလိုက်၏။

[ဒါတွေ အကုန်သိမ်းလိုက်တော့။ အရသာ လုံးဝမရှိဘူး]

အမှောင်ထုထဲမှ လက်များ ပေါ်ထွက်လာပြီး ပန်းကန်များကို အလျင်အမြန် သိမ်းဆည်းသွားကြသည်။ အစားအစာများ အမှိုက်ပုံးထဲသို့ တန်းတန်းမတ်မတ် ရောက်သွားသည်ကို ပါစီဖုန်းက စောင့်ကြည့်နေလေသည်။ ဓါးသခင်၊ SSS အဆင့် မုဆိုး၊ ၁၀ ဆင့်မြောက် မှော်ဆရာ...။

ပါစီဖုန်းသည် ဤကဲ့သို့သော အရသာအကောင်းစားများကိုပင် ငြီးငွေ့နေပြီ ဖြစ်သည်။ ထိုစဉ် အမှောင်ထုထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။

–ပါစီဖုန်း... နင် ဘာလို့ အဲ့ဒီလို လုပ်လိုက်တာလဲ။

ထိုအသံမှာ ဟင်းလင်းပြင်ကြီး တစ်ခုလုံးကနေ စကားပြောနေသကဲ့သို့ပင်။

[အို... ကျမရဲ့ ရှက်တတ်တဲ့ ခင်ပွန်းသည်က နောက်ဆုံးတော့ စကားပြောလာပြီပဲ]

–ငါက ဘာလို့လဲလို့ မေးနေတာ

[ဟေးဒီးစ်... ရှင်ကိုယ်တိုင်လည်း ဒါကို အလိုရှိခဲ့တာပဲ မဟုတ်လား]

–ငါ အဲ့ဒီလို တစ်ခါမှ မပြောခဲ့ဘူး

ပါစီဖုန်းက အမှောင်ထုထဲသို့ စူးစိုက်ကြည့်လိုက်သည်။

[ရှင်က ကိုယ်စားလှယ်တွေကို သဘောကျခဲပါတယ်။ ကျမ ထင်တာတော့ ရှင်က အဲ့ဒီကလေးကို အထူးတလည် သဘောကျနေပုံပဲ။ ကျမ အထင်မှားနေတာလား]

–နင်က ဘာလို့ အဲ့ဒီလို ထင်ရတာလဲ

[သူ မရဏကမ္ဘာထဲကို ဝင်လာတုန်းက သူ့ကို ရှင် သတ်မပစ်ခဲ့ဘူးလေ]

အမှောင်ထုမှာ ခဏမျှ တိတ်ဆိတ်သွားသည်။

[ဇုစ်မှာ ဟာကြူလီရှိနေတာကို ရှင် အမြဲတမ်း မနာလို ဖြစ်နေခဲ့တာမလား။ အခုတစ်ခေါက်တော့ ကျမ ရှင့်ရဲ့ စိတ်ကို နည်းနည်း မြင်လိုက်ရသလိုပဲ]

ပါစီဖုန်းသည် ကိုယ့် လက်ကို ခဏမျှ ငုံ့ကြည့်ပြီးနောက် လက်သီးကို တင်းတင်းဆုပ်လိုက်၏။

[ရိုးရိုးသားသား ပြောရရင် ဒါက တကယ် အံ့သြဖို့ ကောင်းပါတယ်။ ကျမတောင် ရင်ဆိုင်ဖို့ မတတ်နိုင်တဲ့ နက္ခတ်အချို့ ရှိနေတယ်။ အဲ့ဒီ နက္ခတ်တွေ အားလုံးက ကိုယ်စားလှယ် တစ်ယောက်တည်း နောက်ကိုပဲ လိုက်နေကြတာ...]

အမှောင်ထုထဲတွင် ဖန်သားပြင်တစ်ခု ပေါ်လာသည်။ သို့သော်လည်း ချန်နယ်၏ အချက်ပြမှုမှာ မတည်ငြိမ်သဖြင့် ဗီဒီယိုမှာ ချက်ချင်း ပေါ်မလာခဲ့ချေ။ အမှောင်ထုသည် ထိုဖန်သားပြင်ကို စိုက်ကြည့်ရင်း စကားဆိုလေသည်။

–မကြာခင်မှာ နောက်ဆုံးသော နေ့ရက်တွေရဲ့ နိမိတ်လက္ခဏာတွေ ပေါ်လာတော့မယ်

နောက်ဆုံးသော နေ့ရက်များ။ ပါစီဖုန်းသည် ထိုစကားများကို နားထောင်ရင်း မယုံကြည်မှု၊ သံသယနှင့် စိုးရိမ်ပူပန်မှုများ ရောပြွမ်းလျက် ပြောလိုက်သည်။

[...တကယ်ပဲ နောက်ဆုံးသော နေ့ရက်တွေ ရောက်လာတော့မှာလား]

–ဖြစ်နိုင်ပါတယ်

[အဲ့ဒီအချိန် ရောက်ရင်လည်း ရှင် ကျမဘေးမှာ ရှိနေဦးမှာ မဟုတ်လား]

ဟေးဒီးစ်က ပြန်မဖြေခဲ့ချေ။ နွေးထွေးသော အမှောင်ထုက ပါစီဖုန်း၏ ကိုယ်ထည်ကို ဂရုတစိုက် ဝန်းရံထားလိုက်သည်။ ပါစီဖုန်းက ထိုအမှောင်ထုကို ခံစားရင်း ပြောလိုက်သည်။

[အဲ့ဒီကလေးက ကျမကို ဘယ်လို ဇာတ်လမ်းမျိုး ပြမလဲဆိုတာ တကယ်ကို မျှော်လင့်နေမိပြီ]

မရဏကမ္ဘာမှ ထွက်ခွာရန် အမှောင်ထုထဲတွင် ရွေ့လျားနေသည့် ကင်ဒေါ့ဂျာကို ပါစီဖုန်း၏ မျက်လုံးများက စောင့်ကြည့်နေလေသည်။ ကင်ဒေါ့ဂျာသည် နောက်သို့ လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်လှမ်းနေခဲ့သည်။

ပါစီဖုန်းက ကင်ဒေါ့ဂျာကို ချစ်စရာကောင်းသည်ဟု ထင်နေသည့်အလား ပေါ့ပါးစွာ ရယ်မောလိုက်လေသည်။

အခန်း ၁၁၆

- အပိုင်း ၂၃ - စွန့်ပစ်ခံရသော ကမ္ဘာ (၁)

တရားသူကြီး၏ လမ်းပြမှုဖြင့် မရဏကမ္ဘာ၏ ထွက်ပေါက်ဆီသို့ ကျနော် ဦးတည်နေလေသည်။ မျက်လုံးများကို အဝတ်ဖြင့် စည်းထားသောကြောင့် မည်သည့်နေရာသို့ ရောက်နေသည်ကို မသိရချေ။ ကျနော်တို့တွေ အထက်သို့ တက်လိုက်၊ အောက်သို့ ဆင်းလိုက်နှင့် သွားနေရသလို ခံစားရ၏။ ခရီးအတော်ဝေးဝေး လမ်းလျှောက်ပြီးနောက်တွင်တော့ တရားသူကြီးက မျက်စိစည်းကို ဖြေပေးလိုက်၏။

[ဒီလမ်းအတိုင်းသာ ဆက်လျှောက်သွားပါ]

ကျနော် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ကျဉ်းမြောင်း၍ မှောင်မည်းနေသော လမ်းတစ်ခုကို မြင်လိုက်ရသည်။ ဤလမ်းမှာ ကူးတို့သမား ခါရွန်ထံသို့ သွားစရာမလိုဘဲ ထွက်နိုင်သည့် ထွက်ပေါက်ဖြစ်ပုံရသည်။

[မင်းက 'ရှေ့' ကိုပဲ ကြည့်သင့်တယ်]

"အဲ့ဒါက ဘာကို ဆိုလိုတာလဲ"

ကျနော် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း တရားသူကြီးမှာ ပျောက်ကွယ်သွားလေပြီ။

ကျနော်လည်း ဤလမ်းအတိုင်း လမ်းလျှောက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ အလင်းရောင်များ မှေးမှိန်သွားပြီး ကျနော့်ပတ်ဝန်းကျင်တွင် အမှောင်ထုက ကြီးစိုးလာသည်။ အစပိုင်းတွင်တော့ နံရံများကို စမ်းတဝါးဝါးဖြင့် လမ်းကြောင်းရှာနေခဲ့သော်လည်း မကြာမီမှာပင် နံရံများ ပျောက်ကွယ်သွားခဲ့သည်။ ကျနော့်အတွက် အမှီသဟဲပြုစရာ တစ်ခုမျှ မရှိတော့ဘဲ သမုဒ္ဒရာပြင်ကျယ်ထဲတွင် လမ်းညွှန်ပြစရာ မရှိဘဲ မျောပါနေသည့် သင်္ဘောတစ်စင်းကဲ့သို့ ခံစားလိုက်ရသည်။

အော်ဖီးယပ်စ်၏ ဒဏ္ဍာရီမှာ ကျနော့်ခေါင်းထဲသို့ ရုတ်တရက် ဝင်လာသည်။ ကျနော်သာ နောက်ကို လှည့်ကြည့်လိုက်ရင် ဘာဖြစ်သွားမလဲ။ ထိုစဉ် အမှောင်ထုထဲမှ မှိန်ဖျော့ဖျော့ အလင်းတစ်ခု ပေါ်လာသည်။

[နင်က နင့်ရဲ့နောက်ကွယ်မှာ ရှိနေတာတွေကို ကြောက်နေတာပဲ။ ဒါကြောင့်လည်း နင်က သနားစရာကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်နေတာပေါ့]

၎င်းမှာ ပါစီဖုန်းထံမှ ပေးပို့သော မက်ဆေ့ချ်တစ်ခု ဖြစ်သည်။

[ဒါကို မှတ်ထားပါ။ 'ရှေ့' ကို ရှာနိုင်ဖို့ဆိုရင် 'နောက်' ဆိုတာ ဘယ်မှာလဲဆိုတာကို နင်အရင်သိရမယ်။ ဘာလို့လဲဆိုတော့ နောက်ဆိုတာ ရှိမှသာ ရှေ့ဆိုတာက တည်ရှိနိုင်လို့ပဲ]

ပြောရမည်ဆိုလျှင် တရားသူကြီးကလည်း အလားတူစကားမျိုး ပြောခဲ့ဖူးသည်။ သို့သော်လည်း ထိုစကားများမှာ ကျိုးကြောင်းဆီလျော်ရုံမျှဖြင့် ကျနော်က ရုတ်တရက်ကြီး ထိုးထွင်းအလင်းရောင် ရရှိသွားပြီး ကြီးမားသော ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်လိမ့်မည်ဟု မဆိုလိုချေ။

[နင့်အတွက် လှုံ့ဆော်မှု တစ်ခုခု လိုနေပုံပဲ...]

ဟင်းလင်းပြင်ထဲမှ အလင်းတန်းမှာ ဝေခွဲမရဖြစ်နေသည့်အလား ရှည်လျားသွားသည်။

[ကောင်းပြီလေ။ နင့်ကို ကမ္ဘာဦးဝင်္ကပါရဲ့ အစပထမဆီအထိတော့ ငါခေါ်သွားလို့ မရဘူး။ ဒါပေမဲ့ ဒီလောက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်]

ကျနော် တစ်ခုခုကို ရုတ်တရက် ခံစားလိုက်ရသည်။ အလင်းတန်းမှာ ပျောက်ကွယ်သွားပြီး ကျနော့်ရှေ့တွင် ပိုးစုန်းကြူးလေးတစ်ကောင် ပေါ်လာသည်။ ထိုပိုးစုန်းကြူးမှာ အဝေးမှလာသော အလင်းရောင်တစ်ခု ဖြစ်၏။ အလွန်ပင် နုနယ်ပြီး လှုပ်ခတ်နေသော အလင်းရောင်လေးပင်။ မည်သူကမျှ ကျနော့်ကို မပြောပြသော်လည်း ဤအလင်းရောင်မှာ မည်သူဖြစ်ကြောင်း ကျနော် သိနေသည်။

–ရှင်...

ဤအလင်းရောင်မှာ ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းက ရှင်ယူဆောင်းပင် ဖြစ်သည်။

–အား... အား...

ရှင်ယူဆောင်း မည်မျှကြာအောင် စောင့်ဆိုင်းနေခဲ့ရသနည်း ဆိုသည်ကို ရှင်ယူဆောင်း ၏ အသံကို ကြားရုံဖြင့် ကျနော် သိနိုင်လေသည်။ ရှင်ယူဆောင်း သာ ကမ္ဘာဦးဝင်္ကပါ၏ အစ၌ ရှိနေခဲ့လျှင် အချိန်၏ သဘောတရားမှာ ကွဲပြားနေပေလိမ့်မည်။ ကျနော့်အတွက်တော့ မကြာသေးသော်လည်း ရှင်ယူဆောင်းအတွက်မူ နှစ်အတော်ကြာနေခဲ့ပြီလည်း ဖြစ်နိုင်၏။

အလင်းရောင်လေးမှာ အကြိမ်အနည်းငယ် တုန်ယင်သွားပြီးနောက် ဝေခွဲမရသော အသံဖြင့် စကားဆိုလေသည်။

–ဦးလေး...

ရှင်ယူဆောင်းသည် ငယ်ရွယ်သော ရှင်ယူဆောင်း၏ မှတ်ဉာဏ်များကြောင့် လွှမ်းမိုးခံနေရပုံရသည်။

–အဲ့ဒီလို... အဲ့ဒီလို ခေါ်လို့ရမလား။ မရဘူးလား...

ရှင်ယူဆောင်းသည် ကျနော့်ကို သံယောဇဉ်ဖြစ်စွာဖြင့် ခေါ်ဆိုနေပုံ ပေါက်လေသည်။ ထိုသံယောဇဉ်မှာ တစ်နေရာရာတွင် ချည်နှောင်ခံထားချင်သည့် ဆန္ဒတစ်ခုလည်း ဖြစ်သည်။ 'ဦးလေး' ဆိုသည့် စကားလုံးမှာ ၄၁ ကြိမ်မြောက် ရှင်ယူဆောင်း၏ နောက်ဆုံးကျန်ရှိနေသော တွယ်တာမှုလည်း ဖြစ်နိုင်သည်။ ကျနော် ညင်သာစွာ ပြုံးလိုက်မိသည်။

"အခုချိန်မှာ နင်က ငါ့ထက် အသက်ကြီးနေပြီပဲ။ ဒါတောင် ဦးလေးလို့ ခေါ်ချင်သေးတာလား"

နူးညံ့သော အလင်းရောင်လေးမှာ နောက်တစ်ကြိမ် တုန်ယင်သွားပြန်သည်။ ထိုအလင်းမှာ ကျနော့်မျက်နှာကို အသာအယာ ထိတွေ့လာ၏။ ထိုအပြုအမူထဲတွင် နွေးထွေးမှုများ ပါဝင်နေသည်။

ကျနော့်နှလုံးသားမှာ နာကျင်မှုကို ခံစားလိုက်ရသည်။ ရှင်ယူဆောင်း တကယ်ကို အချိန်အကြာကြီး စောင့်နေခဲ့ရပုံပင်။ ထိုသို့ဖြစ်လင့်ကစား ဤကလေးမှာ ထပ်ပြီး စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

"စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ငါ အခု နင့်ကို မကယ်တင်နိုင်သေးဘူး"

အလင်းရောင်လေးမှာ နားလည်သကဲ့သို့ အထက်အောက် လှုပ်ခတ်သွားသည်။

–သိပ်ပြီး အားမစိုက်ပါနဲ့။ ကျမရဲ့ ဇာတ်လမ်းက...

"မပြီးသေးပါဘူး"

ရှင်ယူဆောင်း၏ စကားမဆုံးခင်မှာပင် ကျနော် ဖြတ်ပြောလိုက်သည်။

"နင် အကြာကြီး ခံစားခဲ့ရပြီးပြီ။ အဲ့ဒါက ဒီအတိုင်း ပြီးသွားလို့ မရဘူး"

–ဘာလို့လဲ...

"ငါ အဲ့ဒီလို အဖြစ်ခံမှာ မဟုတ်လို့ပဲ"

အလင်းရောင်လေးက ကျနော့်ကို စိုက်ကြည့်နေလေသည်။ ရှင်ယူဆောင်းမှာ ဝေခွဲမရဖြစ်နေသလို သနားစရာကောင်းအောင် တုန်ယင်နေ၏။

–ကျမ ဒီကမ္ဘာရဲ့ မှတ်ဉာဏ်တွေကတစ်ဆင့် ဦးလေးအကြောင်းကို သိခွင့်ရခဲ့တယ်။ ဒါပေမဲ့ ဦးလေးက... ကျမအပေါ် ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ။ ဦးလေးက ကျမကို သိလို့လား

ကျနော် ပြန်မဖြေခဲ့ချေ။ ကျနော်တို့မှာ မတူညီသော နည်းလမ်းများဖြင့် အပြန်အလှန် သိကျွမ်းခဲ့ကြခြင်း ဖြစ်သည်။ ၄၁ ကြိမ်မြောက် ရှင်ယူဆောင်းက ငယ်ဘဝမှတ်ဉာဏ်များမှတစ်ဆင့် ကျနော့်ကို သိရှိသကဲ့သို့ ကျနော်ကလည်း Ways of Survival မှတစ်ဆင့် သူ့ကို သိရှိခဲ့သည်။ ထို့သို့ပင်ဖြစ်သော်လည်း မည်သို့သိခဲ့ကြောင်းကို ကျနော် ရှင်းမပြနိုင်ခဲ့ချေ။

–ကျမ ခံစားချက်က ထူးဆန်းနေတယ်။ ကျမ ဦးလေးကို သေချာပေါက် မသိဘူး။ ဒါပေမဲ့ ရှင့်အနားမှာ ရှိနေတဲ့အခါ ရှင့်အကြောင်း၊ အရာအားလုံးကို နားလည်နေသလို ခံစားရတယ်။ ရှင်က 'နတ်ဘုရား' တစ်ပါးလိုပဲ...

ကျနော်သာ တကယ်ပဲ နတ်ဘုရားတစ်ပါး ဖြစ်ခဲ့လျှင်၊ ဤလောကတွင် အရည်အချင်း မရှိဆုံး နတ်ဘုရား ဖြစ်ပေလိမ့်မည်။ အရာအားလုံးကို သိနေသော်လည်း မည်သည့်အရာကိုမျှ ရှင်းပြနိုင်စွမ်းမရှိသည့် ဤလောကတွင် အကူအညီအမဲ့ဆုံးသော နတ်ဘုရားပင်။

ရှင်ယူဆောင်း၏ အလင်းရောင်မှာ လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။ ကျနော် ရှင်ယူဆောင်း ကို မမြင်ရသော်လည်း မည်သို့သော ပုံစံရှိမည်ကို သိနေသလို ခံစားရသည်။

–ကျေးဇူးပြုပြီး ကျမကို ကယ်ပေးပါ... တောင်းဆိုပါတယ်...

"ကယ်မှာပါ"

လေထဲတွင် တုန်ခါနေသော အလင်းတန်းလေးမှာ သေးငယ်သွားပြီး ကျနော်လည်း ထိုအလင်းဆီသို့ လက်လှမ်းလိုက်မိသည်။ ကျနော့်နှလုံးသားမှာ အကျဉ်းချခံထားရသလို ခံစားရသည်။ ရှင်ယူဆောင်း၏ စိတ်ပျက်အားငယ်မှုများကို ကျနော် ခံစားနိုင်လေသည်။ ကြာရှည်လှသော စောင့်ဆိုင်းမှုများမှာ ခါးသီးလှ၏။

ဖော်ပြ၍မရနိုင်သော ဝမ်းနည်းပူဆွေးမှုတို့ကြောင့် ကျနော့်နှလုံးသားမှာ နာကျင်လာရသည်။ ပါစီဖုန်း၏ စကားများမှာ တဖြည်းဖြည်းနှင့် ကျိုးကြောင်းဆီလျော်လာသည်။ ရှေ့သို့ ဆက်လှမ်းနိုင်ရန်အတွက် နောက်ကွယ်တွင် တစ်ခုခု ရှိနေရမည်။ ဤအရာသည် ကျနော့်၏ 'နောက်' ဖြစ်သလို တစ်ချိန်တည်းမှာပင် ကျနော် ရင်ဆိုင်ရမည့် 'ရှေ့' လည်း ဖြစ်ပေသည်။

ယူဂျွန်ဟော့လည်း ဤကဲ့သို့ ခံစားရမည် ထင်သည်။ သူသည် အတိတ်သို့ အမြဲတစေ ပြန်သွားနေသော်လည်း ရှေ့သို့သာ ဆက်လှမ်းနိုင်ခဲ့သည်။

ကျနော် သွားရမည့်လမ်းကြောင်းကို သေချာသွားသည့်အခါ ပတ်ဝန်းကျင်မှာ တည်ငြိမ်သွားသည်။ ပြန့်ကျဲနေသော အမှောင်ထုထဲတွင် အလင်းတန်းတစ်ခု ပေါ်လာ၏။

[သူ့ကို ငါ့ရဲ့ စွမ်းအားနဲ့ ခဏတော့ ထိန်းထားပေးတယ်။ ဒါပေမဲ့ နင် သူ့ကို ကယ်ချင်တယ်ဆိုရင်တော့ နင့်မှာ အချိန်အများကြီး မကျန်တော့ဘူး]

ရှင်ယူဆောင်း၏ ဖျော့တော့သော နွေးထွေးမှုကို ကျနော် မှတ်မိနေသေးသည်။ ပါစီဖုန်းက ဆက်ပြီး စကားဆိုသည်။

[ဒါကို မှတ်ထားပါ။ လူသားတွေဆိုတာ 'ပုံပြင်တွေ' ပဲ။ နင် သူ့ကို ပြန်ခေါ်လာနိုင်တဲ့ အချိန်မှာ သူ့ရဲ့ ပုံပြင်တွေ ဘယ်လောက်အထိ ကျန်ရှိနေဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး]

ထို့နောက်တွင်တော့ တစ်နေရာရာသို့ ဆွဲခေါ်ခြင်းကို ကျနော်ခံလိုက်ရသည်။ တစ္ဆေများ၏ အော်ဟစ်သံများမှာ ဝေးကွာသွားပြီး ကျနော့်ခန္ဓာကိုယ်၏ အာရုံခံစားမှုများမှာ တစ်ခုပြီးတစ်ခု ပြန်လည်ရောက်ရှိလာသည်။ မျက်ခွံများပေါ်သို့ ကျရောက်နေသော နွေးထွေးသည့် နေရောင်ခြည်ကို ကျနော် ခံစားလိုက်ရသည်။ စိုစွတ်မှုကို ခံစားရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ရင်းနှီးနေသော မျက်နှာတစ်ခုကို ကျနော်မြင်လိုက်ရ၏။

"...ဦးလေး"

ငယ်ရွယ်သော ရှင်ယူဆောင်းက ကျနော့်ကို ကြည့်နေခြင်းပင်။ ထိုကလေး၏ ကြည်လင်သော မျက်လုံးများက ကျနော့်ကို စိတ်သက်သာရာရစေသည်။ ရှင်ယူဆောင်း၏ မြန်ဆန်နေသော နှလုံးခုန်သံမှာလည်း တဖြည်းဖြည်း နှေးကွေးသွားသည်။ ကျနော် ပြန်ရောက်လာပြီ။ ကျနော် ဖြည်းဖြည်းချင်း အသက်ရှူလိုက်ရာ ကျနော့်ခန္ဓာကိုယ်ရှိ ကြွက်သားများမှာလည်း ပြန်လည်လှုတ်ရှားနိုင်လာတော့သည်။

[သီးသန့်ဇာတ်ဝင်ခန်း - မရဏကမ္ဘာ၏ ဘုရင်မ ပြီးဆုံးသွားပါပြီ။]

[အောင်မြင်မှုဆုလာဘ်အဖြစ် ဒင်္ဂါး ၁၅,၀၀၀ ရရှိပါသည်။]

အဆင့်မြှင့်တင်ထားသော ဇာတ်ဝင်ခန်းအတွက် လျော်ကြေးငွေကိုလည်း ရရှိခဲ့သည်။ ဒိုကဲဘီမှာ သူ၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပုံရသည်။

['ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား' နက္ခတ်က သင် ဘေးကင်းစွာ ပြန်ရောက်လာတဲ့အတွက် ဂုဏ်ပြုနေပါသည်။]

ထိုမက်ဆေ့ချ်ကို မြင်လိုက်ရသည့်အခါမှ ကျနော့်၏ ဒေါသများမှာ ပေါက်ကွဲသွားတော့သည်။

မအေဘေး ဒီယွန်နီဆပ်သာ ကျနော့်ကို တာတာရပ်စ်ထဲသို့ မပို့ခဲ့လျှင် ကျနော် ဤမျှ ဒုက္ခရောက်ခဲ့စရာ အကြောင်းမရှိချေ။ ကျနော် တာတာရပ်စ်ထဲတွင် ကင်နမ်ဝန်နှင့် ပိတ်မိနေပြီး လက်ကျန်ဘဝတစ်ခုလုံးကို Gundam လုပ်ရင်း ကုန်ဆုံးရတော့မည့်အရေးနှင့် နီးစပ်ခဲ့၏။

['ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား' နက္ခတ်က သင့်ကို စိတ်မဆိုးရန် တောင်းဆိုနေပါသည်။]

[ဒင်္ဂါး ၇,၉၄၂ ကို ထောက်ပံ့လိုက်ပါသည်။]

၇,၉၄၂ဟုတ်လား။ ဘယ်လိုမျိုး တောင်းပန်မှုကြီးလဲ။ ထားပါတော့လေ၊ သူက ဒင်္ဂါးတွေ ပေးနေသေးတာဆိုတော့ ငါခွင့်လွှတ်ပေးလိုက်ပါမယ်။

[သီးသန့်ဇာတ်ဝင်ခန်းအသစ် တစ်ခု ရှိနေပါသည်။]

အသစ်ရောက်လာသော သီးသန့်ဇာတ်ဝင်ခန်းကို ကျနော် ချက်ချင်း အတည်ပြုလိုက်သည်။

[သီးသန့်ဇာတ်ဝင်ခန်း

မြွေအမဲလိုက်ပွဲ]

အမျိုးအစား

သီးသန့်

ခက်ခဲမှု

S

ပြီးမြောက်ရန်အခြေအနေ

ဆဋ္ဌမမြောက် အဓိကဇာတ်ဝင်ခန်း နယ်မြေအတွင်းရှိ ပစ်မှတ်ကို

အမဲလိုက်ပါ။

အချိန်သတ်မှတ်ချက်

အဓိကဇာတ်ဝင်ခန်း ပြီးဆုံးသည်အထိ။

ဆုလာဘ်

ဒင်္ဂါး ၈၀,၀၀၀ နှင့် 'အမှောင်ဆုံးသော နွေဦး၏

ဘုရင်မ'၏ ယုံကြည်မှု။

ကျရှုံးမှု

မရဏကမ္ဘာသို့ ဝင်ရောက်ခွင့်မရှိ။

မျှော်လင့်ထားသည့်အတိုင်း ပါစီဖုန်း၏ တောင်းဆိုချက်မှာ သီးသန့်ဇာတ်ဝင်ခန်း ပုံစံဖြင့် ရောက်ရှိလာခြင်းပင်။

[ပစ်မှတ် အနီးအနားသို့ ရောက်ရှိပါက ဇာတ်ဝင်ခန်း အချက်ပေးသံမှာ အလိုအလျောက် မြည်လာပါလိမ့်မည်။]

မြွေအမဲလိုက်ပွဲ။ ပစ်မှတ်ကို အတိအကျ ဖော်ပြမထားသော်လည်း ၎င်းမှာ နောက်ထပ်ဇာတ်ဝင်ခန်းမှ 'မြွေ' ဖြစ်လိမ့်မည်ဟု ကျနော် ခန့်မှန်းနိုင်လေသည်။

ကျနော် ဖြည်းဖြည်းချင်း ထထိုင်လိုက်သည့်အခါ ရှင်ယူဆောင်းက စိုးရိမ်တကြီး မေးလာသည်။

"ဦးလေး။ အဆင်ပြေရဲ့လား"

"အင်း။ အဆင်ပြေပါတယ်"

"အမယူဆန်းအာက ဦးလေးကို ကြည့်ထားပေးဖို့ ကျမကို ပြောထားလို့..."

ကျနော် သတိမလစ်ခင် ယူဆန်းအာကို ပြောခဲ့သည်များကို ပြန်သတိရသွားသည်။

"ယူဆန်းအာ ကလား"

ယူဆန်းအာကို ရှာရသည်မှာ မခက်ခဲလှချေ။ ယူဆန်းအာသည် မြေပြင်ပေါ်တွင် ကွေးကွေးလေး အိပ်မောကျနေလေသည်။ ယူဆန်းအာ၏ အိပ်ပျော်နေသော မျက်နှာကို ကျနော် ကြည့်လိုက်သည့်အခါ ပါစီဖုန်း၏ ပုံရိပ်ကို ပြန်မြင်ယောင်လာမိသည်။ ထိုအခါ ကျနော့်မျက်နှာမှာ ပူထူသွားရ၏။

...

ဒါနဲ့ တရုတ်ဝတ်စုံနဲ့ အတွင်းခံလှလှလေးကတော့... တကယ်ကို လန်းလွန်းသည်။

" ဦးလေး မနိုးခင်လေးတင် အမ အိပ်ပျော်သွားတာ"

"အာ..."

"တကယ်လို့ ဦးလေးသာ နိုးမလာရင် တခြားလူတွေကို သွားပြောဖို့လည်း မှာထားသေးတယ်"

ထိုစကားလုံးများက ကျနော့်ရင်ထဲတွင် အပြစ်မကင်းမှုကို လှုံ့ဆော်လိုက်သည်။ ယူဆန်းအာ၏ မျက်လုံးအောက်တွင် မျက်ကွင်းညိုနေသည်ကို ကျနော် မြင်နေရသည်။ ယူဆန်းအာလည်း အမူးလွန်ပြီး ပင်ပန်းနေမှာပင်...။

တရုတ်ဝတ်စုံဟုတ်လား။ အတွင်းခံလှလှလေးဟုတ်လေး။ ချီး….ငါက တကယ့် အမှိုက်ကောင်ပဲ။

"အခုမှ နိုးလာတာလား"

ယောင်ဟီဝန်နှင့် လီဟန်းဆောင်တို့ ကျနော့်ဆီသို့ ချဉ်းကပ်လာကြသည်။ သူတို့မှာ ချွေးများဖြင့် ရွှဲနစ်နေပြီး မနက်ပိုင်း တိုက်ခိုက်ရေးလေ့ကျင့်မှုမှ ပြန်လာခြင်း ဖြစ်ဟန်တူသည်။

ယောင်ဟီဝန်က ကျနော့်ကို ပြောလိုက်၏။

"ဒေါ့ဂျာ နိုးပြီဆိုတော့ ငါတို့ သွားဖို့ အဆင်သင့်ဖြစ်ပြီ"

"အဆင်သင့်ဟုတ်လား"

"တခြားလူတွေ စနေကြပြီလေ"

စဉ်းစားကြည့်မှ ပတ်ဝန်းကျင်တွင် မနေ့ကလောက် လူမများတော့ချေ။ ကျနော် မေးလိုက်၏။

"ညတွင်းချင်း ဘာတွေဖြစ်သွားတာလဲ"

"ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်းကို ကြေညာလိုက်ပြီလေ"

...ဒီလောက်တောင် မြန်မြန်ကြေညာလိုက်တာလား။

ကျနော် မေးခွန်းထုတ်ရန် အချိန်ပင်မရလိုက်မီ ကောင်းကင်ယံတွင် ကြီးမားသော စာသားများ ပေါ်လာလေသည်။

[ရှင်သန်သူများအားလုံး ယောင်ဆန်ဘူတာမှာ စုရုံးရန် တိုက်တွန်းပါသည်။]

ကျနော်တို့ တွေ ပစ္စည်းများသိမ်းဆည်းကာ ထွက်ခွာခဲ့ကြသည်။

ကျနော်တို့သည် ယောင်ဆန်ထဲသို့ ရောက်ရှိနေပြီးသားဖြစ်သဖြင့် ဘူတာသို့သွားရန် မခက်ခဲလှချေ။ ယူဆန်းအာကို ကျနော်ပွေ့ချီလာပြီး ကျန်ပစ္စည်းများကိုတော့ ယောင်ဟီဝန်နှင့် လီဟန်းဆောင်တို့က တာဝန်ယူကြသည်။

လီဂီယောင်နှင့် ရှင်ယူဆောင်းတို့သည် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပြီး ကျနော်တို့နောက်သို့ လိုက်လာကြသည်။ ယူဂျွန်ဟော့၏ အဖွဲ့သားများ ဘယ်ကိုရောက်သွားသည်ကိုတော့ ကျနော် မသိရှိချေ။

မကြာမီတွင် ရှင်သန်သူများဖြင့် ပြည့်နှက်နေသော ဘူတာအနီးသို့ ကျနော်တို့ ရောက်ရှိသွားကြသည်။ ဆိုးလ်တွင် ရှင်သန်ကျန်ရစ်သူ ဤမျှများပြားနေသေးသည်ကို ကျနော် မယုံနိုင်အောင် ဖြစ်ရ၏။ လူတိုင်းသည် လေထဲတွင် လွင့်မျောနေသော ကြီးမားသည့် စနစ်မျက်နှာပြင်ကို စူးစိုက်ကြည့်နေကြသည်။

"အဲ"

"ဒီနေရာလား"

အဖွဲ့သားများနှင့်အတူ စနစ်မျက်နှာပြင်ကို ကျနော် မော့ကြည့်လိုက်သည်။ မရဏကမ္ဘာတွင် ကျနော် မြင်တွေ့ခဲ့ရသော မြင်ကွင်းနှင့် အတူတူပင် ဖြစ်သည်။ စိမ်းလန်းစိုပြည်သော တောအုပ်အတွင်း၌ သတ္တဝါဆန်းများ ပြေးလွှားနေကြ၏။ ထိုအရာများမှာ ထင်ရှားသော ဒဏ္ဍာရီလာ သတ္တဝါများ ဖြစ်ကြသော်လည်း ဧရာမ ဂေဟစနစ်တစ်ခု၏ အစိတ်အပိုင်းတစ်ခုအလား ဖြစ်နေလေသည်။

စနစ်မျက်နှာပြင်ပေါ်တွင် ကိုယ်စားလှယ် အချို့လည်း ရောက်ရှိနေကြပြီ ဖြစ်သည်။ အမဲလိုက်ခြင်းကို စတင်နေသော အချို့သော လူများသည် သတ္တဝါဆန်းတစ်ကောင်၏ ခေါင်းကို ဖြတ်လိုက်ရင်း ရယ်မောနေကြသည်။

ဒိုကဲဘီတို့သည် ထိုနေရာကို ခရီးသွားလုပ်ငန်း နေရာတစ်ခုအလား အလွန်ကောင်းမွန်စွာ တည်းဖြတ်ထားကြသည်။

တစ်စုံတစ်ယောက်က ပြောလိုက်၏။

"ဟမ်။ သူတို့က ဂျပန်တွေ မဟုတ်ဘူးလား"

ကျနော့်မှတ်ဉာဏ်ထဲတွင်တော့ ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်းသည် အခြားသော ဒေသတစ်ခုနှင့် ယှဉ်ပြိုင်ရမည့် ပွဲတော်ဇာတ်ဝင်ခန်း ဖြစ်ကြောင်း သိရှိနေလေသည်။ စနစ်မျက်နှာပြင်ပေါ်တွင် ပေါ်လာသော အမျိုးသားမှာ ဂျပန်နိုင်ငံ၏ နာမည်ကြီး ကိုယ်စားလှယ် တစ်ဦးဖြစ်သော အိဇုမိ ပင် ဖြစ်သည်။

တိုကျိုဒေသမှာ ကျနော်တို့ထက် မြန်ဆန်သဖြင့် ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်းသို့ အစောကြီးကတည်းက ရောက်ရှိနေကြခြင်း ဖြစ်ပေလိမ့်မည်။ အဖက်ဖက်မှ ကြည့်လျှင် တောင်ကိုရီးယားသည် အားနည်းသော အနေအထားမှ စတင်ခဲ့ရသည်ဟု ဆိုနိုင်လေသည်။

[အဓိကဇာတ်ဝင်ခန်း အသစ်တစ်ခု ရောက်ရှိလာပါသည်။]

All Chapters