← Chapters

အခန်း (၁၁၇-၁၁၉)

Vol. 8 Ch. 117-119

အခန်း (၁၁၇-၁၁၉)

Vol. 8 Ch. 117-119

အခန်း ၁၁၇

- အပိုင်း ၂၃ - စွန့်ပစ်ခံရသော ကမ္ဘာ ( ၂)

စနစ်မက်ဆေ့ချ်နှင့်အတူ ဇာတ်ဝင်ခန်း၏ အကြောင်းအရာများမှာ ကျနော့်ခေါင်းထဲသို့ တိုးဝင်လာလေသည်။

[အဓိကဇာတ်ဝင်ခန်း #၆

????]

အမျိုးအစား

အဓိက

ခက်ခဲမှု

???

ပြီးမြောက်ရန်အခြေအနေ

???

အချိန်ကန့်သတ်ချက်

???

ဆုလာဘ်

???

ကျရှုံးမှု

???

"ဟမ်… ခက်ခဲမှုအဆင့်ရော၊ ပြီးမြောက်ရန်အခြေအနေတွေရော ဘာမှမရှိဘူးပဲ"

"...ငါတို့ကို ဘာတွေလုပ်ခိုင်းနေတာလဲ။ ဘာလို့ အားလုံးက မေးခွန်းထုတ်စရာတွေ ဖြစ်နေတာလဲ"

ဇဝေဇဝါဖြစ်နေသော လူများသည် ဇာတ်ဝင်ခန်းဇယားကို အကြိမ်ကြိမ် ခေါ်ယူကြည့်ရှုကြသော်လည်း ဇာတ်ဝင်ခန်း၏ အကြောင်းအရာများမှာ မေးခွန်းသင်္ကေတများဖြင့်သာ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ ကျနော်ကတော့ ထိုအခြေအနေကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သဖြင့် အံ့သြခြင်းမရှိပေ။ အကြောင်းမှာ ဤဇာတ်ဝင်ခန်းသည်...

"လူအနည်းငယ်ပဲ ဒီဇာတ်ဝင်ခန်းကို အောင်မြင်အောင် လုပ်နိုင်လိမ့်မယ်"

ကျနော့်အနီးတွင် ရပ်နေသော အရပ်ရှည်ရှည် လူလတ်ပိုင်း အမျိုးသားတစ်ဦးက ကြေညာလိုက်၏။

"ခင်ဗျားက..."

"မတွေ့ရတာ ကြာပြီနော်။ ကင်ဒေါ့ဂျာ။ မင်းကို ငါ နှုတ်ဆက်တာ ဒါပထမဆုံးပဲ ထင်တယ်"

...ဒီဦးလေးကြီးလည်း ဒီကို ရောက်နေတာပဲ။

ကျနော် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ထိုအမျိုးသားက အရင်ဆုံး လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလာလေသည်။

"ငါက ယောင်အီဒိုပါ။ ကြားနေဘုရင် လို့လည်း ခေါ်ကြတယ်"

"ကျနော်က ကင်ဒေါ့ဂျာပါ"

ကြားနေဘုရင် ယောင်အီဒို။ သူသည် အကြွင်းမဲ့ပလ္လင် တိုက်ပွဲတွင် ရှင်သန်ကျန်ရစ်ခဲ့သည့် ဆိုးလ်ရှိ နည်းပါးလှသော ဘုရင်များထဲမှ တစ်ဦး ဖြစ်သည်။ မေတ္တေယျဘုရင် ချာဆန်းဂယောင်နှင့် အလှဘုရင်မ မင်ဂျီဝန်တို့နှင့်အတူ ကျန်ရစ်သူတစ်ဦးလည်း ဖြစ်၏။

ယောင်အီဒိုနှင့် ပတ်သက်ပြီး ကျနော် သဘောကျမိသည်မှာ သူသည် မိမိ၏ ဆန္ဒအလျောက် ပလ္လင်ကို စွန့်လွှတ်ခဲ့သည့် တစ်ဦးတည်းသော ဘုရင် ဖြစ်ခြင်းကြောင့်ပင်။

"ပလ္လင်တိုက်ပွဲတုန်းကရော အခုတစ်ခေါက်ရော ဒေါ့ဂျာရဲ့ လုပ်ဆောင်ချက်တွေကို တကယ့်ကို သဘောကျမိပါတယ်။ ငါ့ရဲ့ ထောက်ပံ့သူကလည်း ဒေါ့ဂျာအကြောင်း ဘယ်လောက်တောင် ပြောနေလဲဆိုတာ ဒေါ့ဂျာ သိမှာမဟုတ်ဘူးဗျ။ ပြောသမျှ စကားတွေရဲ့ ထက်ဝက်လောက်က ဒေါ့ဂျာအကြောင်းတွေချည်းပဲ"

သူက ခန့်ညားသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

ဒါနဲ့ သူ့ထောက်ပံ့သူက ဘယ်သူပါလိမ့်။

ကျနော် စွမ်းရည်တစ်ခုကို ချက်ချင်း အသုံးပြုလိုက်သည်။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ ကို အသက်သွင်းလိုက်ပါသည်။]

ထွက်ပေါ်လာသောစာရင်းသည် ဝိသေသလက္ခဏာနှင့် ထောက်ပံ့သူကိုသာ ဖော်ပြသည့် အကျဉ်းချုပ် စာရင်းတစ်ခု ဖြစ်သည်။

[အကျဉ်းချုပ်စာရင်း၏ စီစဉ်ဖော်ပြထားမှုများကို ပြောင်းလဲလိုက်ပါသည်။]

[ဇာတ်ကောင်အကျဉ်းချုပ်]

အမည်

ယောင်အီဒို

ဝိသေသလက္ခဏာ

နမော်နမဲ့ပညာရှင် (သာမန်)၊ ကြားနေဘုရင် (သူရဲကောင်း)

ထောက်ပံ့သူ

နှစ်ဖက်ချွန် ကစားရာတွင် ကျွမ်းကျင်သူ

...ယခုကြည့်လိုက်မှပဲ ကျနော့်တွင် မေးခွန်းတစ်ခု ရှိလာတော့သည်။ သေချာပေါက် ဤနက္ခတ်ပဲ ဖြစ်ရမည်။ ‘နှစ်ဖက်ချွန် ကစားရာတွင် ကျွမ်းကျင်သူ’ ဟူသော အမည်မှာ ရှုပ်ထွေးသော အလုပ်ကိုလုပ်တတ်သည့် ရှေးရိုးစွဲလူတစ်ဦးနှင့် တူနေသော်လည်း အမှန်တကယ်တွင်မူ ‘ဘုရင်’ တစ်ပါး၏ ဘွဲ့နာမည် ဖြစ်သည်။

[ကြားနေသံတမန်ရေးကို အားပေးသည့် နက္ခတ်တစ်ခုက သူ၏ ဘွဲ့နာမည်ကို ထုတ်ဖော်လိုက်ပါသည်။]

[‘နှစ်ဖက်ချွန် ကစားရာတွင် ကျွမ်းကျင်သူ’ နက္ခတ်သည် သင့်အပေါ် ကောင်းမွန်သော စေတနာများ ပြသနေပါသည်။]

ထိုနာမည်မှာ ကြားနေသံတမန်ရေးကြောင့် ကျော်ကြားသော ဂျိုဆွန်းဘုရင် ‘ဂွမ်ဟွာဂွန်’ ၏ ဘွဲ့နာမည် ဖြစ်၏။

ယောင်အီဒိုတွင် ကြားနေဘုရင် ဟူသော ဘွဲ့အမည် ရှိနေခြင်းမှာ အကြောင်းမဲ့ မဟုတ်ချေ။

သူ့ကို ကျနော် မေးလိုက်သည်။

"ပိုပြီး ရှင်းပြပေးပါဦး။ ဘာလို့ လူအနည်းငယ်ပဲ ဒီဇာတ်ဝင်ခန်းကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ပြောရတာလဲ"

"အာ… မင်း မသိသေးဘူးပဲ"

ဘုရင်များသည် သတင်းအချက်အလက်များကို လျင်မြန်စွာ ရရှိထားကြသည်။ သေချာပေါက် ကျနော် အသိဆုံး ဖြစ်သော်လည်း သူတို့ပြောသည်ကို နားထောင်ရန် လိုအပ်သေးသည်။ ကျနော်သိထားသော ‘Ways of Survival’ ထဲက အကြောင်းအရာများနှင့် ကွဲပြားနေခြင်းမျိုး ရှိနေနိုင်ခြင်းကြောင့် ဖြစ်သည်။

"ဒီမနက် အဆင့်နိမ့် ဒိုကဲဘီတွေ ပေးတဲ့ အချက်အလက်တွေအရ ဆိုရင်တော့ ဒီဇာတ်ဝင်ခန်းမှာ ပါဝင်မယ့်သူတွေဟာ စေတနာ့ဝန်ထမ်းတွေ ဖြစ်ရမယ်လို့ ဆိုတယ်"

"စေတနာ့ဝန်ထမ်းတွေဟုတ်လား"

"ဟုတ်တယ်။ ဒီဇာတ်ဝင်ခန်းက လူတိုင်း ပါဝင်ဖို့ မလိုဘူး။ မပါဝင်ခဲ့ရင်လည်း ဘာပြစ်ဒဏ်မှ မရှိဘူး။ ငါတို့ အခုထိ ကြုံတွေ့ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ယှဉ်ရင်တော့ ဒါဟာ မယုံနိုင်စရာပဲလေ"

ကျနော် မျှော်လင့်ထားသလိုပင်။ စနစ်မျက်နှာပြင်ကို လက်ညှိုးထိုးပြရင်း ကျနော်မေးလိုက်သည်။

"ပါဝင်မယ့်သူတွေက အဲဒီကို သွားကြရမှာလား"

"အဲ့လိုတော့ ငါလည်းကြားထားတာပဲ"

ယောင်အီဒို၏ စကားအဆုံးတွင် နေရာအနှံ့မှ သက်ပြင်းချသံများကို ကြားလိုက်ရသည်။

"ဘာလဲဟ။ ငါတို့အားလုံး သွားစရာမလိုဘူး ဟုတ်လား"

"မိုက်တယ်ကွာ။ တော်သေးတာပေါ့။ ဟိုသတ္တဝါဆန်းတွေကို ကြည့်ပါဦး... ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ"

ဤအချိန်တွင် ကိုယ်စားလှယ်များကို အကြမ်းဖျင်းအားဖြင့် အမျိုးအစား သုံးမျိုး ခွဲခြားနိုင်၏။ ပထမအမျိုးအစားမှာ ခိုးကြောင်ခိုးဝှက် စောင့်ကြည့်နေသူများ ဖြစ်သည်။ သူတို့အနက် အများစုမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိကြဘဲ ပုန်းအောင်းနေရုံဖြင့် ရှင်သန်နိုင်မည်ဟု ထင်နေကြသူများ ဖြစ်ပေသည်။

သို့သော် ထိုအတွေးမှာ မှားယွင်းလှ၏။ အချိန်အနည်းငယ် ကြာပြီးနောက်တွင် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ ဇာတ်ဝင်ခန်း အခက်အခဲများသည် အဆမတန် မြင့်တက်လာလိမ့်မည် ဖြစ်သည်။ ထိုကိုယ်စားလှယ်များသည် ဇာတ်ဝင်ခန်းတွင် မပါဝင်ခဲ့သည့်အတွက် ကြောက်မက်ဖွယ်ကောင်းသော အနာဂတ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

"...စိတ်ဝင်စားစရာပဲ မဟုတ်လား"

ဒုတိယအမျိုးအစားကတော့ ဇာတ်ဝင်ခန်း၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် အတော်အတန် အသားကျနေသူများ ဖြစ်သည်။ သူတို့သည် စနစ်မျက်နှာပြင်ကို ကြည့်ရင်း သို့မဟုတ် မိမိတို့၏ ကိရိယာများကို ကြိုတင်စစ်ဆေးရင်း စိတ်ဓာတ်ကို မြှင့်တင်နေကြသည်။ ထိုသူတွေသည် အချိန်အတော်ကြာအောင် ရှင်သန်နိုင်စွမ်း ရှိကြပေလိမ့်မည်။

နောက်ဆုံး တတိယအမျိုးအစားမှာမူ...

"ယောင်အီဒို။ ဘယ်မှာလဲ"

လူအုပ်အပြင်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ယောင်အီဒိုက နာရီကိုကြည့်ကာ ညည်းတွားလိုက်၏။

"အချိန်တန်ပြီပဲ"

"ခင်ဗျား သွားလို့ရပါတယ်။ ကျနော် အဆင်ပြေတယ်"

"မဟုတ်ဘူး။ ငါ တစ်ယောက်ထဲ သွားလို့မဖြစ်ဘူး။ အဲဒါက အဓိပ္ပာယ်မရှိဘူးလေ"

"...ဘာကို ဆိုလိုတာလဲ"

"ဒေါ့ဂျာ။ တကယ်တော့ ငါက မင်းကို လာရှာတာပါ"

"ကျနော့်ကို ရှာတာဟုတ်လား"

ယောင်အီဒိုက ခေါင်းညိတ်လိုက်သည်။

"ဘုရင်တွေမရှိတဲ့ ကမ္ဘာ"

သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ ခဏတာမျှသာ ဖြစ်သော်လည်း လူအများအပြား၏ အကြည့်များက ဤနေရာသို့ စုပြုံနေသကဲ့သို့ ခံစားရလေသည်။ ယောင်အီဒိုက ထိုအကြည့်များကို သတိပြုမိဟန်ဖြင့် နက်နဲသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

"ဒီကံဆိုးမိုးမှောင်ကျနေတဲ့ ကမ္ဘာမှာ ကျန်ရစ်နေတဲ့ ဘုရင်တွေက မင်း လာမှာကို စောင့်နေကြတယ်"

ထိုဘုရင်များသည် တတိယအမျိုးအစား ဖြစ်သည်။ သူတို့သည် ရှင်သန်ရန်အတွက် အခြားသူများကို အသုံးချမည့်သူများ ဖြစ်ကြ၏။

…………………………………………………………………………………………..

ယောင်အီဒို၏နောက်သို့ လိုက်ပါကာ ဘုရင်များ စုဝေးရာနေရာသို့ ကျနော် လိုက်သွားခဲ့သည်။

သူတို့သည် ယောင်ဆန်ဘူတာ၏ ဗဟိုပလက်ဖောင်းတွင် စုဝေးနေကြပြီး အစည်းအဝေးခန်းမကို ကြီးမားသော တဲတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ တဲပတ်ပတ်လည်တွင် ကင်းစောင့် ဒါဇင်ပေါင်းများစွာ ရှိနေ၏။ သူတို့တစ်ဦးချင်းစီမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုသူများသည် ဘုရင်များ၏ ထိပ်သီးတပ်ဖွဲ့များ ဖြစ်ကြ၏။ ကျနော်တို့တွေ ရှင်ယူဆောင်းနှင့် တိုက်ခိုက်နေစဉ်အတွင်း သူတို့သည် အခြားနယ်မြေများတွင် သတ္တဝါဆန်းများကို အမဲလိုက်နေခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။

"စိတ်မကောင်းပါဘူး။ ဘုရင်တွေပဲ အတွင်းထဲကို ဝင်လို့ရပါမယ်"

ကင်းစောင့်များက ကျနော်တို့ကို တားဆီးသဖြင့် ကျနော်က ကျနော့်အဖွဲ့သားများကို ပြန်ကြည့်လိုက်သည်။

ယောင်ဟီဝန်နှင့် လီဟန်းဆောင်တို့က အခြေအနေကို နားလည်သဖြင့် ခေါင်းညိတ်ပြကြသည်။ ယူဆန်းအာကိုတော့ လီဟန်းဆောင်နှင့်အတူ ထားခဲ့လိုက်၏။

"ဒေါ့ဂျာ။ တစ်ခုခုဖြစ်ရင် အော်လိုက်နော်။ နားလည်လား"

ယောင်ဟီဝန်က ကျနော့်ကို ပြောသည်။

ယောင်ဟီဝန်ကို ပြုံးပြလိုက်ပြီး တဲတံခါးကို ဖွင့်ကာ ကျနော်ဝင်လိုက်သည်။

[ဤနေရာတွင် အသံလှိုင်းတားဆီးခြင်း ကို အသက်သွင်းထားပါသည်။]

သူတို့မှာ အသံလှိုင်းတားဆီးခြင်း တောင် ရှိနေတာလား။

လူစုံတက်စုံ ရှိနေပုံရပေသည်။ အတွင်းသို့ ကျနော်လှမ်းဝင်လိုက်ရာ ကျယ်ဝန်းသော နေရတွေင် ဝိုင်းဝန်းသော စားပွဲတစ်ခုကို မြင်လိုက်ရ၏။ စားပွဲပေါ်တွင် ဘီစကစ်အနည်းငယ်နှင့် အမဲခြောက်အချို့ ရှိနေလေသည်။ လူများ ထိုင်နေကြသော ထိုင်ခုံများမှာ တစ်ခုနှင့်တစ်ခု မတူကြချေ။ အချို့မှာ ပလတ်စတစ် ထိုင်ခုံများ၊ အချို့မှာ သစ်သားထိုင်ခုံများ ဖြစ်ကြပြီး ဆိုဖာတစ်ခုတောင် ရှိနေသေးသည်။ သို့သော်လည်း သူတို့တွေ ဘယ်နေရာမှာပဲ ထိုင်နေပါစေ ၎င်းမှာ သေချာပေါက် ပလ္လင်တစ်ခုပင် ဖြစ်သည်။

ရှင်သန်ကျန်ရစ်သော ဘုရင်များ ဤနေရာတွင် ရှိနေကြ၏။

"ငါတို့အဖွဲ့က အသာစီးရနိုင်တယ်လို့ ပြောတာလား။ တောင်ကိုရီးယားက နောက်ကျမှ ရောက်လာသူပဲ ဖြစ်လိမ့်မယ်။ ရောက်နှင့်နေတဲ့သူတွေကို ငါတို့ ရင်ဆိုင်နိုင်မယ်လို့ ထင်လို့လား။ ဒါပေမဲ့ ငါတို့အဖွဲ့ သွားမယ်ဆိုရင်တော့ ရင်ဆိုင်နိုင်မှာ သေချာတယ်။ ငါပဲ သွားမယ်..."

ကျနော် ပေါ်လာသဖြင့် ထိုလူလတ်ပိုင်း အမျိုးသား၏ ဟိန်းထွက်နေသော အသံမှာ တိုးဝင်ပျောက်ကွယ်သွားသည်။ ဘုရင်များအားလုံး ကျနော့်ကို စိုက်ကြည့်နေကြ၏။

"နောက်ဆုံး ဘုရင် ရောက်လာပြီပဲ"

အလှဘုရင်မ မင်ဂျီဝန်က ပြောလိုက်သည်။

မင်ဂျီဝန်ကို အသာအယာ နှုတ်ဆက်လိုက်ပြီး ဘုရင်များကို ကျနော် ဝေ့ကြည့်လိုက်၏။ ယူဂျွန်ဟော့ကတော့ ဤနေရာတွင် မရှိချေ။ ကျနော်အပါအဝင် စုစုပေါင်း လူ ၆ ဦး ရှိနေလေသည်။

အလှဘုရင်မ မင်ဂျီဝန်။ မေတ္တေယျဘုရင် ချာဆန်းဂယောင်။ ကြားနေဘုရင် ယောင်အီဒို။ လေလွင့်သူများ၏ ဘုရင်မ။

ထိုသူ ၄ ဦးအပြင် ကျန်ရှိနေသော တစ်ဦးမှာ...

ထူးဆန်းလှသည်။ ကျနော် သူ့ကို မသိချေ။

"ဒီလူက ဘယ်သူလဲ"

"ကျနော်က ကင်ဒေါ့ဂျာပါ"

"ဪ…. မင်းက... အဟမ်း… အဟမ်း။ ငါက ယောအီဒိုရဲ့ သမ္မတ ယူဟျွန်ဟိုပါ"

ယောအီဒိုရဲ့ သမ္မတဟုတ်လား။ သမ္မတက သေသွားပြီ မဟုတ်လား။ ဒါက ဘာတွေလဲ။

မင်ဂျီဝန်က မကျေမနပ်အသံဖြင့် ဝင်ပြောလိုက်သည်။

"...ယူဟျွန်ဟိုက ဘုရင်တစ်ပါး မဟုတ်ပေမဲ့ သူက အင်အားကြီးအဖွဲ့တစ်ခုကို ဦးဆောင်ထားတယ်။ ဒါကြောင့် သူ ဒီကို ရောက်နေတာ"

"ဘာဘုရင်လဲ။ မင်းတို့က ဒါကို တကယ်ပဲ ဂျိုဆွန်းမင်းဆက်လို့ ထင်နေတာလား။ ငါတို့က ဒီမိုကရေစီခေတ်မှာ ရှင်သန်နေတာကွ။ သတိလေးဘာလေးဝင်ကြပါဦး"

တိတ်တဆိတ်ပင် ဇာတ်ကောင်အကျဉ်းချုပ်ကို ကျနော် အသက်သွင်းလိုက်သည်။

[ဇာတ်ကောင် အကျဉ်းချုပ်]

အမည်

ယူဟျွန်ဟို

ဝိသေသ လက္ခဏာ

အကျင့်ပျက် နိုင်ငံရေးသမား (ရှားပါး)

ထောက်ပံ့သူ

နိုင်ငံတော်အရေးကိစ္စများကို ခြယ်လှယ်ရာတွင် ကျွမ်းကျင်သောသခင်

သီးသန့် စွမ်းရည်

လာဘ်ထိုးခြင်း အဆင့် ၅၊ စစ်အင်အား ကွပ်ကဲမှု အဆင့် ၄၊ အကျင့်ပျက်စွမ်းအား အဆင့် ၆၊ လူထုကို ထိန်းချုပ်နိုင်စွမ်း အဆင့် ၇...

ကျနော် ရုတ်တရက် သတိရသွားသည်။ ပထမဆုံး ဇာတ်ဝင်ခန်းမှ ရှင်သန်လာသည့် နိုင်ငံရေးသမားတစ်ဦး။ နောက်ပြန်ဆုတ်ခြင်း အကြိမ်အတော်များများတွင် ထိုကဲ့သို့သောလူမျိုး သေချာပေါက် ရှိခဲ့ဖူးသည်။ ပုံမှန်ဆိုလျှင် ယောအီဒိုသည် သတ္တဝါဆန်းများ၏ လွှမ်းမိုးမှုအောက်တွင် ပျက်စီးသွားလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ သူက ကံကောင်းသွားပုံရ၏။

[ ‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ် သည် ဂျိုဆွန်း၏ အကျင့်ပျက် အရာရှိများအပေါ် ဒေါသထွက်နေပါသည်။]

[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ် သည် ကိုယ်စားလှယ် ယူဟျွန်ဟိုကို မုန်းတီးပါသည်။]

ဤမက်ဆေ့ချ်များသည် ယူဟျွန်ဟို၏ ထောက်ပံ့သူနှင့် ပတ်သက်နေပေလိမ့်မည်။ ဂျိုဆွန်းခေတ်တွင် နေထိုင်ခဲ့သည့် နိုင်ငံတော်အရေးကိစ္စများကို ခြယ်လှယ်ရာတွင် ကျွမ်းကျင်သောသခင်...။

ယူဆန်းအာသာ ဤနေရာတွင် ရှိနေခဲ့လျှင် မေးမြန်းလို့ရလောက်မည် ဖြစ်သည်။

"ဒီလူကတော့ လီဆော့ယောင်လို့ ခေါ်ပါတယ်။ အလားတူအကြောင်းပြချက်နဲ့ပဲ တက်ရောက်လာတာပါ။ ခင်ဗျား ကြားဖူးမလားတော့ မသိဘူး၊ သူ့ကို လေလွင့်သူများ၏ ဘုရင်မ လို့ ခေါ်ကြတာပါ"

လေလွင့်သူများ၏ ဘုရင်မက ကျနော့်ကို ကြည့်လိုက်သည်။ လေလွင့်သူများ၏ဘုရင်မသည် မျက်နှာဖုံးကို တပ်ထားဆဲပင် ဖြစ်၏။ ကျနော်က ထိုမျက်နှာဖုံးကို ခဏမျှ စိုက်ကြည့်နေပြီးမှ ဘယ်ဘက်သို့ ခေါင်းလှည့်လိုက်သည်။

"မိတ်ဆက်နေဖို့ မလိုပါဘူး။ ကျနော့်ကို ဘာလို့ ဒီကို ခေါ်လိုက်တာလဲ ဆိုတာပဲ သိချင်ပါတယ်"

စားပွဲ၏ အလယ်တွင် ထိုင်နေသော ယောင်အီဒိုက ကျနော့်စကားကို ကြားပြီးနောက် ပြောလိုက်သည်။

"ငါတို့က ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်းမှာ ပါဝင်မယ့် ကိုယ်စားပြုပုဂ္ဂိုလ်တွေကို ရွေးချယ်ဖို့ ဒီကို ရောက်နေတာပါ"

ဤသည်က သူတို့ရဲ့ ရည်ရွယ်ချက်ပင်။ ယောင်အီဒို၏နောက်တွင် ယူဟျွန်ဟိုက ဆက်ပြော၏။

"ဒီနေရာမှာ စုဝေးနေတဲ့သူတွေက လက်ရှိ ဆိုးလ်ဒေသမှာ အင်အားအကြီးဆုံးသူတွေပဲ။ ကင်ဒေါ့ဂျာကတော့ နှိုင်းယှဉ်ရင် အင်အားနည်းပေမဲ့ ဇာတ်ဝင်ခန်းမှာ ပါဝင်ကူညီခဲ့မှုကြောင့် အထူးဖိတ်ကြားခံရတဲ့ ဂုဏ်ပြုမှုကို ရရှိခဲ့တာပါ"

"အာ… ဟုတ်လား"

အထူးတဲ့လား။ ဂုဏ်ပြုမှုတဲ့လား။ တကယ်ကို ရယ်စရာကောင်းတဲ့ လူပဲ။ ဇာတ်ဝင်ခန်းတွေကို ငါဖြတ်ကျော်နေတုန်းက သူက တစ်နေရာရာမှာ ပုန်းနေခဲ့ပြီးမှ... အခုမှ ဒီလိုစကားမျိုး ပြောချင်နေတာလား။

ယူဟျွန်ဟိုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ဆက်ပြောလေသည်။

"ထပ်ပြောရရင် အခုက လူရိုင်းတွေလို နေထိုင်မှုကို ငါတို့တွေ ရပ်တန့်ရမယ့် အချိန်ပဲ။ ငါတို့တွေဟာ ကျောက်ခေတ်ဦးကာလကို ပြန်ရောက်သွားပြီး လူမှုအသိုင်းအဝိုင်းရဲ့ ရုန်းကန်မှုတွေကို ထပ်ခါတလဲလဲ လုပ်ဆောင်ခဲ့ကြရတယ်။ ဒါပေမဲ့ ငါတို့ရဲ့ ပင်ကိုယ်အရည်အသွေးက တင်းကျပ်တဲ့ လူမှုကျင့်ဝတ်တွေအတိုင်း လှုပ်ရှားတတ်တဲ့ နိုင်ငံသားတွေပဲလေ။ ဒါကြောင့် နောက်ထပ် ဇာတ်ဝင်ခန်း ပါဝင်သူတွေကို ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်တာက ပိုမကောင်းဘူးလား"

သူ၏ပြောစကားများက ခွေးဟောင်သံသာသာပဲ ဖြစ်သော်လည်း သူက မှန်ကန်သည့် စကားလုံးအချို့ကို ရောနှောသုံးစွဲသွားသဖြင့် နားထောင်လို့တော့ ကောင်းနေလေသည်။ မင်ဂျီဝန်က ပြန်လည် တုံ့ပြန်လိုက်၏။

"ရှင်ပြောတဲ့ ဒီမိုကရေစီ နည်းလမ်းဆိုတာက ဘာကို ဆိုလိုတာလဲ"

"ငါ အရင်က ပြောခဲ့သလိုပဲ… အင်အားကြီးမားတဲ့ အချိုးအစားအလိုက် ပါဝင်သူတွေကို ခွဲဝေတာက မှန်ကန်တယ်လို့ ငါကတော့ ထင်တယ်"

ယောင်အီဒိုက ချက်ချင်းပင် ပြန်ချေပလိုက်၏။

"အရေအတွက်ကိုပဲ ကြည့်မယ်ဆိုရင် ယောအီဒိုအဖွဲ့က အင်အားအကြီးဆုံးဆိုတာ ငါ သိတယ်။ အဲဒီအဆိုပြုချက်က မတရားဘူး"

"ယောင်အီဒို။ မင်းရဲ့ စကားတွေကြောင့် စိတ်မကောင်းဖြစ်မိတယ်။ ငါတို့အားလုံးက ကိုရီးယားလူမျိုးတွေ မဟုတ်ဘူးလား။ သတ်မှတ်ထားတဲ့ အဖွဲ့တစ်ခုကနေ လူအများအပြား ရွေးချယ်ခံရတာက ပြဿနာမရှိဘူးလေ။ ဇာတ်ဝင်ခန်းထဲ ရောက်သွားရင် ငါတို့က နိုင်ငံခြားသား ရန်သူတွေကို ရင်ဆိုင်ရမှာကွ။ အဲဒီအချိန်ကျရင် ငါတို့တွေဟာ ဘယ်အဖွဲ့ကလဲ ဆိုတာက အရေးကြီးတော့မှာမဟုတ်ဘူး။ ရန်သူက ရှေ့မှာ ရှိနေတာကို ငါတို့ အချင်းချင်း တိုက်ခိုက်နေကြမှာလား"

သူက တကယ့်ကို နိုင်ငံရေးသမားတစ်ဦးပင် ဖြစ်သော်လည်း ယောင်အီဒိုကတော့ ထိုမျှလွယ်လွယ်နှင့် နားယောင်မည့်သူ မဟုတ်ချေ။

"ဘယ်သူ့ကို ရွေးရွေး အရေးမကြီးဘူးဆိုရင် မင်းတို့အဖွဲ့ထဲကပဲ ရွေးရမယ့် အကြောင်းပြချက် မရှိတော့ဘူးပေါ့"

"အဟမ်း… ဒီမိုကရေစီ နည်းလမ်းအရဆိုရင် ငါတို့ဆီမှာ စွမ်းအားကြီးတဲ့သူတွေ အများကြီးရှိတာမလို့..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျနော် စိတ်ပျက်သွားသည်။

"ကျနော်တို့က ဒါကို ပြောဖို့ ဒီကို ရောက်နေတာလား။ လူတွေကို ဘာလို့ ရွေးနေရတာလဲ ဆိုတာကို ကျနော် မသိဘူး။ သွားချင်တဲ့သူ အားလုံးကိုပဲ လွှတ်လိုက်ပါလား"

"ငါတို့လည်း အစက အဲဒီလိုပဲ တွေးခဲ့တာပါပဲ။ ဒါပေမဲ့ အခြေအနေက ပြောင်းလဲသွားပြီ"

"ပြောင်းလဲသွားပြီဟုတ်လား"

မင်ဂျီဝန်က ခေါင်းညိတ်ပြသည်။

"ဇာတ်ဝင်ခန်းမှာ ကန့်သတ်လူဦးရေ ရှိနေတယ်"

ကန့်သတ်ထားတယ်ဟုတ်လား။

"ဘုရင်တွေက ဒိုကဲဘီတွေဆီကနေ မက်ဆေ့ချ်တစ်ခု ရရှိခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ ရဦးမှာ မဟုတ်သေးဘူး"

ထိုအချိန်တွင် စနစ်မက်ဆေ့ချ်တစ်ခုက ကျနော့်ဦးနှောက်ထဲတွင် လက်ခနဲ ပေါ်လာ၏။

[ဆိုးလ်ဒေသ၏ ကနဦး ကန့်သတ်လူဦးရေမှာ ၁၀ ဦး ဖြစ်သည်။]

[နောက်ဆက်တွဲ ကန့်သတ်လူဦးရေ ပမာဏကို ဇာတ်ဝင်ခန်းအတွင်းရှိ ကိုယ်စားလှယ်များအပေါ် မူတည်၍ ဆုံးဖြတ်မည် ဖြစ်ပါသည်။]

ဪ။ ဒါကြောင့် သူတို့ အချင်းချင်း စကားရည်လုပွဲလုပ်နေကြတာကိုး။

အခြား ကိုယ်စားလှယ်များနှင့် မတူသည်မှာ ဘုရင်များသည် ဇာတ်ဝင်ခန်း အစပိုင်းတွင် အားကောင်းသော အရှိန်အဟုန်ကို ရယူနိုင်ရန် မည်မျှအရေးကြီးကြောင်း သိကြသည်။ အကယ်၍ သူတို့သည် ကနဦး ကန့်သတ်လူဦးရေအတွင်း မိမိတို့၏ အင်အားစုများကို ထည့်သွင်းနိုင်ခဲ့လျှင် နောင်လာမည့် ဇာတ်ဝင်ခန်းများ၏ ဦးဆောင်မှုကို သူတို့အဖွဲ့က ရရှိလိမ့်မည်ဟု ထင်နေကြလေ၏။ အဆုံးသတ်တွင်တော့ ဤနေရာသည် ဘုရင်များ၏ နေရာအတွက် စစ်တလင်းတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။

"ငါ့အဖွဲ့ သွားမယ်။ ဇာတ်ဝင်ခန်း နယ်မြေထဲမှာ ဂျပန်တွေ အများကြီး ရှိနေတယ်လို့ ငါ ကြားထားတယ်။ ရှီလာ ရဲ့ မျိုးဆက်တစ်ခုအနေနဲ့ ငါက ဦးဆောင်တာက မှန်ကန်တယ်လို့ ထင်တယ်"

"မဟုတ်ဘူး။ ငါ သွားမယ်။ ဘတ်ဂျေ က ရှေးယခင်ကတည်းက ဂျပန်နဲ့ စစ်ပွဲတွေ အများကြီး ဖြစ်ခဲ့တာ"

"အဲဒါက ဘတ်ဂျေ လေ။ နင့်ရဲ့ ထောက်ပံ့သူက ဘတ်ဂျေနှောင်းပိုင်းခေတ်ကဆိုတော့ ဂျပန်တွေနဲ့စစ်ပွဲအများကြီး နွှဲခဲ့တယ်လို့မဆိုနိုင်ဘူး"

"နင် ဘာကို ဆိုလိုတာလဲ။ ငါပဲ သွားမယ်။ နင့်ရဲ့ အရမ်းကိုဟောင်းနွမ်းနေတဲ့ ခေတ်က ထောက်ပံ့သူကို ငါက ဘာလို့ ယုံကြည်ရမှာလဲ..."

"အားလုံး ခဏလောက် စောင့်ကြပါဦး။ ကျေးဇူးပြုပြီး စိတ်အေးအေး ထားကြပါ..."

ယောင်အီဒိုက ရှေ့သို့ ထွက်လာသော်လည်း ထိုရှုပ်ထွေးမှုများကို မထိန်းချုပ်နိုင်ချေ။ ကျနော် သက်ပြင်းချရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လေလွင့်သူများ၏ ဘုရင်မ ကို မြင်လိုက်ရသည်။ သူသည် ဘာစကားမျှ မပြောဘဲ ကျနော့်ကို စောင့်ကြည့်နေ၏။ သူ၏ မျက်နှာဖုံးအောက်တွင် အပြုံးအနည်းငယ် ရှိနေသည်ကို ကျနော် မြင်နေရသည်။

ကျနော် ဒါကို အဆုံးသတ်ပေးရမည်။ အချင်းချင်း ငြင်းခုံနေကြသည့် ဘုရင်များ၏ ကြားတွင် သွေးထွက်သံယို ဖြစ်တော့မည့်အလား ပြင်းထန်သော အငွေ့အသက်က ဖုံးလွှမ်းနေသည်။

"အခု ဒါကို ငြင်းခုံနေလို့ ဘာမှ ထူးလာမှာ မဟုတ်ဘူး"

ကျနော် ထိုစကားကို ပြောလိုက်သည့် ခဏတွင် ဘုရင်များက ကျနော့်ကို လှည့်ကြည့်လာကြသည်။ ယူဟျွန်ဟို၏ မျက်လုံးများထဲတွင် 'ဒါက ဘာကို ဆိုလိုတာလဲ' ဆိုသည့် မေးခွန်းများ ပြည့်နှက်နေ၏။

မြေပြင်က အနည်းငယ် တုန်ခါလာသည်ကို ကျနော် ခံစားလိုက်ရပြီး စားပွဲပေါ်မှ ဘီစကစ်တစ်ခုကို ကောက်ယူလိုက်သည်။

အခုတော့ သူ လာနေပြီပဲ။ သူက ဘာလို့ အမြဲတမ်း နောက်ကျမှ ရောက်လာရတာလဲ။

"နောက်ဆုံး ဘုရင်က ရောက်မလာသေးဘူးလေ"

ကျနော် ဘီစကစ်ကို ချိုးလိုက်သည့် ခဏတွင် တဲ၏ ဘေးတစ်ဖက်မှာ ပေါက်ကွဲသွားပြီး မိမိကိုယ်ကိုယ် ယောအီဒို၏ သမ္မတဟု သမုတ်ထားသောသူမှာ အော်ဟစ်ကာ လဲကျသွားလေသည်။

"အားးးး"

ယူဟျွန်ဟို၏ နောက်ကွယ်တွင် လူတစ်ယောက် ပေါ်လာ၏။ တဲ၏ ပေါက်ထွက်နေသော အပေါက်မှတစ်ဆင့် ကျနော်လှမ်းကြည့်လိုက်ရာ လဲကျနေသော ကင်းစောင့် ဒါဇင်ပေါင်းများစွာကို မြင်လိုက်ရသည်။

ကျနော်တို့၏ နောက်ပြန်ဆုတ်သူကြီးပင်။ ဘယ်နှစ်ကြိမ် နောက်ပြန်ဆုတ်ဆုတ် သူ၏ ဒေါသကတော့ အတူတူပင် ဖြစ်သည်။ ထူးခြားပြင်းထန်သော မျက်လုံးများက လူအုပ်ကို ဝေ့ကြည့်လိုက်ပြီးနောက် မကြာမီမှာပင် ကျနော့်ဆီမှာ ရပ်တန့်သွားသည်။

"ဘ-ဘုရင်"

ဘုရင်အချို့က အံ့အားသင့်ကာ ရေရွတ်လိုက်ကြ၏။

ထို့နောက်တွင်တော့ ဘုရင် ယူဂျွန်ဟော့ က ပြောလိုက်လေသည်။

"နောက်ထပ် ဇာတ်ဝင်ခန်းမှာ ပါဝင်မယ့်သူတွေကို ငါပဲ ကြေညာမယ်"

အခန်း ၁၁၈

- အပိုင်း ၂၃ - စွန့်ပစ်ခံရသော ကမ္ဘာ (၃)

သဘောထားကွဲလွဲရန် နေရာမရှိတော့ချေ။ ယူဂျွန်ဟော့အတွက် ကိုယ်စားလှယ်များ ရွေးချယ်ခြင်းသည် ဆွေးနွေးရမည့် အကြောင်းအရာမဟုတ်ဘဲ တင်ပြချက်တစ်ခုသာ ဖြစ်သည်။

"မကျေနပ်ချက်ရှိရင် အခုပြော"

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်ရှေ့တွင် မကျေနပ်မှုကို ဖော်ပြနိုင်စွမ်း မရှိကြတော့ပေ။ ဘုရင်များသည် အမြင့်မြတ်ဆုံးဘုရင် ယူဂျွန်ဟော့၏ စွမ်းအားကို သိရှိကြပြီး ပုန်ကန်ရန်ပင် မတွေးဝံ့ဘဲ တုန်ရင်နေကြ၏။

လူတစ်ယောက်မှလွဲလို့ပေါ့။

"ထ-ထွက်သွားစမ်း။ အခုချက်ချင်းထွက်သွား"

ကံဆိုးစွာပင် မိမိကိုယ်ကိုယ် ယောအီဒို၏ သမ္မတဟု သမုတ်ထားသောသူသည် အမြင့်မြတ်ဆုံးဘုရင်အကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ချေ။ ထိုနိုင်ငံရေးသမားသည် ကောလဟာလများကို စိတ်မဝင်စားခဲ့ခြင်းဖြစ်သည်။

"မင်းက ဘယ်ကနေ..."

ခွပ်

"အားးးး"

ယူဟျွန်ဟိုသည် သူ၏လက် အချေခံလိုက်ရသဖြင့် အော်ဟစ်လေတော့သည်။

"ငါ့လက်။ ငါ့လက်"

ဂျွတ်

"အားးးး…. သက်တော်စောင့်တွေ။ ငါ့သက်တော်စောင့်တွေ ဘယ်ရောက်ကုန်တာလဲ"

ယူဟျွန်ဟိုသည် အကူအညီရရန် ရုန်းကန်နေသော်လည်း သူ့ကို ကူညီနိုင်မည့်သူ တစ်ဦးမျှ ဤနေရာတွင် မရှိချေ။ ယူဂျွန်ဟော့သည် သူ၏ကျောပေါ်တွင် နင်းထားပြီး အသက်ရှူရန်ပင် နေရာမပေးသဖြင့် ခဏအကြာတွင် ယူဟျွန်ဟို သတိလစ်သွားလေသည်။

အရာအားလုံး တည်ငြိမ်သွားသည်နှင့် ယူဂျွန်ဟော့က ပြောလိုက်သည်။

"မကျေနပ်တဲ့သူ မရှိဘူးလို့ ငါထင်တယ်။ ဒါဆိုရင် လူစာရင်းကို ငါကြေညာမယ်"

ဘုရင်များ၏ မျက်နှာများမှာ တင်းမာသွားကြသည်။ ယူဂျွန်ဟော့သည် တကယ့်ကို အံ့မခန်းပင်။ အာဏာကို အလွန်လွယ်ကူစွာပင် ရယူသွားနိုင်ခဲ့သည်။

ဘုရင်များသည် 'ရွေးချယ်သူ' နေရာမှ 'ရွေးချယ်ခံရသူ' နေရာသို့ ချက်ချင်းပင် ကျဆင်းသွားကြ၏။ ကျနော်က စားပွဲပေါ်မှ အမဲခြောက်တစ်ခုကို ကောက်ယူလိုက်ပြီး ယူဂျွန်ဟော့၏ စကားများကို စောင့်ဆိုင်းနေလိုက်သည်။

မင်ဂျီဝန်က ကျနော့်ဘေးမှနေ၍ ငေးကြည့်နေ၏။

「 ရှင်က ဘယ်လိုလုပ် ဒီလောက်တောင် တည်ငြိမ်နေနိုင်တာလဲ 」

စိတ်တော့မကောင်းပါဘူး။ ဒါပေမဲ့ ငါက သူတို့နဲ့ အခြေအနေချင်း မတူဘူးလေ။ ဘာလို့လဲဆိုတော့ ငါက ယူဂျွန်ဟော့ကိုယ်တိုင် 'အပေါင်းအဖော်' အဖြစ် အသိအမှတ်ပြုထားတဲ့သူ မလို့ပဲ။

ယူဂျွန်ဟော့က ကတိပေးထားမှုမှာ ပြီးဆုံးသွားပြီဟု ကျနော့်ကို ခြိမ်းခြောက်ခဲ့သော်လည်း ကျနော့်ကိုတော့ အသိအမှတ်ပြုထားဆဲ ဖြစ်သည်။

ယူဂျွန်ဟော့က ပြောလိုက်၏။

"ပထမဆုံးရွေးမယ့်လူကတော့ ပြောစရာမလိုအောင် ငါပဲ ဖြစ်လိမ့်မယ်"

ကောင်းတယ်။ ဒီလိုရွေးမှာက အသိသာကြီးပဲလေ။ သူကိုယ်တိုင် ပြုလုပ်ထားတဲ့ စာရင်းမှာ သူက ဘယ်လိုလုပ် မပါဘဲ နေပါ့မလဲ။

ယူဂျွန်ဟော့၏နောက်တွင် သူ၏အဖွဲ့ဝင်များ ဖြစ်ကြသော လီဂျီဟယ်နှင့် လီဆောဟွာတို့ ပေါ်လာသည်။

လီဟန်းဆောင်နှင့် ယောင်ဟီဝန်တို့ကလည်း စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် အထဲသို့ လှမ်းကြည့်နေကြသည်။ အထူးသဖြင့် ယောင်ဟီဝန်မှာ အထဲသို့ ခုန်ဝင်တော့မည့်အလား ဖြစ်နေသော်လည်း ကျနော့်မျက်နှာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်၏။

ယူဂျွန်ဟော့က ဆက်ပြောလေသည်။

"ဒုတိယလူကတော့ လီဂျီဟယ် ပဲ"

ဒုတိယမြောက်လူက ကျနော် ဖြစ်လိမ့်မည်ဟု ထင်ထားသဖြင့် ကျနော် အံ့ဩသွားသည်။

ကောင်းပြီလေ။ ငါက အစကတည်းက သူ့ရဲ့အဖွဲ့သား မဟုတ်တော့ ငါ့ကို အရင်ခေါ်လိုက်ရင် သူ့အဖွဲ့သားတွေ စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်တာဆိုတော့ ရှိစေတော့။

ယူဂျွန်ဟော့မှာ အပြင်ပန်းတွင် အေးစက်သော်လည်း သူ၏လူများကိုတော့ ဂရုစိုက်တတ်၏။ ထိုခံစားချက်ကို ကျနော် နားလည်ပေးနိုင်လေသည်။

လီဂျီဟယ်သည် ဝမ်းသာမှုကို မဖုံးကွယ်နိုင်ဘဲ ကျနော့်ကို ကြည့်ကာ ပြုံးပြနေသည်။

...ဒါပေမဲ့ ဒါက နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။

"တတိယလူကတော့ လီဆောဟွာ ပဲ"

လီဆောဟွာက ခေါင်းညိတ်ပြပြီး ရှေ့သို့ ထွက်လာသည်။ လူတစ်ယောက်၏ အမည်ကို ခေါ်လိုက်တိုင်း ဘုရင်များ၏ မျက်နှာများမှာ မှောင်ကျသွား၏။ သူတို့အားလုံးမှာ မကောင်းသော အငွေ့အသက်ကို ခံစားနေကြရလေသည်။ ယူဂျွန်ဟော့၏ စာရင်းသည် ပြောင်းလဲ၍မရသော စာရင်းတစ်ခု ဖြစ်နေ၏။

「 လူ ခုနစ်ယောက် ကျန်သေးတယ်။ ငါတို့မှာ အခွင့်အရေး ရှိသေးတယ် 」

「 အမြင့်မြတ်ဆုံးဘုရင် မှာ အဖွဲ့ဝင် သုံးယောက်ပဲ ရှိတာ။ သူ တခြားလူတွေကို ရွေးရလိမ့်မယ် 」

「 ကျန်တဲ့လူတွေထဲမှာ ငါတို့က အင်အားအကြီးဆုံးပဲ... 」

သူတို့ ဘာတွေးနေကြသည်ကို သူတို့မျက်နှာများကို ကြည့်ရုံဖြင့် ကျနော် သိနိုင်သည်။

ငါလား။ မှန်ပါတယ်။ ငါ မစိုးရိမ်ပါဘူး။ ငါက စာရင်းထဲမှာ ပါကိုပါမှာပဲလေ။ နောက်တစ်ယောက်က ငါ ဖြစ်ကောင်း ဖြစ်နိုင်...

"စတုတ္ထလူကတော့ လီဟန်းဆောင် ပဲ"

...ဘာ

လီဟန်းဆောင်သည် သူ၏အမည်ကို ခေါ်လိုက်သဖြင့် မျက်နှာမှာ ဖြူလျော့သွားသည်။

"ကျ-ကျုပ်ကို ပြောတာလား..."

ယူဂျွန်ဟော့က ထိုစကားကို လျစ်လျူရှုကာ နောက်တစ်ယောက်ကို ကြည့်လိုက်သည်။

"ပဉ္စမလူကတော့ ယောင်ဟီဝန် ပဲ"

"...ငါလား"

ယောင်ဟီဝန်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားသည်။ သူက ကျနော့်အစား ယောင်ဟီဝန်ကို ရွေးလိုက်သည်မှာ ထင်မှတ်မထားသော အရာပင်။ ဒီကောင်က ကျနော့်အဖွဲ့ထဲကလူတွေကို လိုက်ရွေးနေတာလား။

"ဆဋ္ဌမလူကတော့ လီဂီယောင် ပဲ"

"...ဟမ်။ ဗျာ"

ထို့နောက် ယူဂျွန်ဟော့သည် လီဂီယောင်၏ဘေးတွင် ရှိနေသော ရှင်ယူဆောင်းကို ကြည့်လိုက်သည်။ ရှင်ယူဆောင်းသည် ကြောက်ရွံ့သော မျက်လုံးများဖြင့် လီဂီယောင်၏နောက်တွင် ပုန်းနေ၏။ ဇဝေဇဝါ ဖြစ်နေသော လီဂီယောင်မှာ ခဏမျှ မှင်တက်သွားသော်လည်း သူက ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်သကဲ့သို့ ရှင်ယူဆောင်း၏ ရှေ့တွင် ကာရပ်လိုက်သည်။ ယူဂျွန်ဟော့သည် ထိုကလေးနှစ်ယောက်ကို ခန့်မှန်းရခက်သော အကြည့်ဖြင့် ငုံ့ကြည့်နေပြီးနောက် ခေါင်းကို လွှဲလိုက်လေသည်။

"ဒါဆိုရင်..."

ယူဂျွန်ဟော့၏ မျက်လုံးများသည် နောက်ဆုံးတွင် ကျနော့်ဆီ၌ ရပ်တန့်သွားသည်။ ဟုတ်ပေသည်။ နောက်ဆုံးတော့ ကျနော့်အလှည့် ရောက်လာပြီ ဖြစ်သည်။

ဒီကောင်က တမင်သက်သက် ငါ့ကို နောက်ဆုံးအထိ ချန်ထားခဲ့တာလား။ ဇာတ်လိုက်တစ်ယောက်ဆိုတဲ့အတိုင်း ပွဲကို ဘယ်လို စီစဉ်ရမလဲဆိုတာကို သူ ကောင်းကောင်း သိတာပဲ။

"...ကျန်တဲ့ဟာကိုတော့ မင်းပဲ တာဝန်ယူလိုက်တော့"

ကျနော် အမဲခြောက် စားနေရင်း သီးသွားသည်။ ယူဂျွန်ဟော့သည် တဲအတွင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် လုပ်စရာ မရှိတော့သည့်အလား လှည့်ထွက်သွားတော့သည်။

ဒါပဲလား။ တကယ်ကြီးလား။

...ဒါဆို ငါကရော။ သူက ငါ့ကို ဘာလို့ အဲ့ဒီလိုမျိုး ကြည့်ခဲ့တာလဲ။

ကျနော် ခဏမျှတွေဝေသွားပြီးမှ သူ၏နောက်သို့ လိုက်သွားသော်လည်း ယူဂျွန်ဟော့က ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကျနော် ထိုနေရာ၌ ဘယ်လောက်ကြာကြာ ရပ်နေမိသည် မသိချေ။

ယောင်ဟီဝန်သည် အဝေးမှနေ၍ ကျနော့်ကို ဂရုတစိုက် မေးမြန်းလာသည်။

"နင်တို့ နှစ်ယောက်က ရင်းနှီးကြတာ မဟုတ်ဘူးလား"

ကျနော်လည်း ထိုသို့ပင် ထင်ခဲ့သည်။

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သဘောကျကာ ရယ်မောနေပါသည်။ ]

လီဂျီဟယ်ကလည်း ထူးဆန်းသော လေသံဖြင့် ဝင်ပြောသည်။

"ဦးလေးကြီး။ မနေ့ညက ဆရာနဲ့ တွေ့ခဲ့တာ မဟုတ်ဘူးလား။ ဦးလေးကြီးက စာရင်းမှာ ပထမဆုံး ဖြစ်မယ်လို့ ကျမ ထင်နေတာ..."

"ဘာကို ဆိုလိုတာလဲ"

"မနေ့ညက ဆရာက ဦးလေးကြီးကို သွားတွေ့မယ်လို့ ပြောခဲ့တယ်လေ"

"မနေ့ညကလား"

"တစ်နာရီ ဒါမှမဟုတ် နှစ်နာရီ ဝန်းကျင်လောက်မှာထင်တယ်။ ဦးလေးကြီး အဲ့အချိန်က အိပ်နေတာလား"

ကျနော် ထိုအချိန်ကို ပြန်စဉ်းစားကြည့်လိုက်သည်။ မနက် တစ်နာရီနှင့် နှစ်နာရီကြား... ကျနော် မရဏလောကသို့ မသွားခင်လေး ဖြစ်လိမ့်မည်။

"အဲ့ဒီအချိန်မှာ ငါ နိုးနေပါတယ်။ ဒါပေမဲ့ ယူဂျွန်ဟော့ ရောက်မလာခဲ့ဘူး"

"ထူးဆန်းလိုက်တာ။ သူက ဦးလေးကြီးကို ရှာဖို့ သေချာပေါက် သွားခဲ့တာပါ။ ပြန်လာတဲ့ အချိန်မှာလည်း သူ နည်းနည်း စိတ်တိုနေတယ်"

"စိတ်တိုနေတယ်ဟုတ်လား"

"ဆရာ စိတ်တိုတဲ့အခါ ဘယ်လိုပုံစံမျိုး ဖြစ်တတ်လဲဆိုတာ ဦးလေးကြီး သိတာပဲ။ လူတစ်ယောက်ကို ရွံရှာသလိုမျိုး ကြည့်တဲ့ပုံစံလေ..."

ကျနော် ထိုအချိန်က မှတ်ဉာဏ်များကို ပြန်လည် စဉ်းစားကြည့်မိသည်။

မရဏလောကကို မသွားခင်လေးမှာ ငါ ဘာလုပ်နေခဲ့ပါလိမ့်။ ဪ… ဟုတ်ပြီ။

မှတ်ဉာဏ်တစ်ခု ခေါင်းထဲ ပေါ်လာသည်။ ထိုအချိန်တွင် ကျနော်က ယူဆန်းအာနှင့်အတူ အရက်သောက်နေခဲ့သည်။ ဒီယွန်နီဆပ်က အရက်တွေ လောင်းထည့်ပေးပြီး ပတ်ဝန်းကျင် အခြေအနေကို ထူးဆန်းအောင် လုပ်ခဲ့သည်။ ပြီးတော့...အဲ…ဟာ…။

[ ‘ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား’ နက္ခတ်က နောက်ပြောင်သော အမူအရာကို ပြုလုပ်နေပါသည်။ ]

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သဘောကျကာ ရယ်မောနေပါသည်။ ]

[ ဒင်္ဂါး ၅၀၀ ထောက်ပံ့လိုက်ပါသည်။ ]

ကျနော် ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြနေရသဖြင့် စိတ်ထဲ အနည်းငယ် ရှုပ်ထွေးသွားသည်။ အဖွဲ့ဝင်များမှာ အံ့အားသင့်သွားကြ၏။ ယောင်ဟီဝန်က ကျနော့်ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်။

"...နင်က ယူဆန်းအာ ကို နမ်းလိုက်တာလား"

"မဟုတ်ဘူး။ အဲ့ဒါ မဟုတ်ဘူး... နင် ဘယ်ကနေ ကြားလာတာလဲ"

"တကယ်ကြီး ဒီယွန်နီဆပ် ကြောင့်လား။ နင် မူးချင်ယောင် ဆောင်နေခဲ့တာ မဟုတ်ဘူးလား"

"အဲ့ဒါ ဒီယွန်နီဆပ် ကြောင့်ပါ၊ ပြီးတော့ ဘာမှလည်း မဖြစ်ခဲ့ဘူး"

ယောင်ဟီဝန်က ကျနော့်ကို သံသယရှိသော မျက်လုံးများဖြင့် ကြည့်နေသည်။

…ဒါက ဘယ်လိုဖြစ်ပြီး ဒီအကြောင်းကို ရောက်သွားရတာလဲ။

"ဟွန်း... ယူဂျွန်ဟော့က မြင်သွားလို့များလား။ အဲ့ဒါကြောင့် သူ စိတ်တိုနေတာ ဖြစ်မယ်..."

"ယူဂျွန်ဟော့က အဲ့ဒီလို လူမျိုး မဟုတ်ပါဘူး"

"ယူဂျွန်ဟော့က ဒေါ့ဂျာရဲ့ အနမ်းခန်းကို မြင်ခဲ့ရင်တောင် စိတ်တိုရမယ့် အကြောင်းရင်း မရှိဘူးလို့ ထင်တာပဲ..."

"နမ်းခဲ့တာ မဟုတ်ပါဘူး"

ကျနော်က ညည်းညူလိုက်ရာ လီဂျီဟယ်က ပြုံးလျက် အော်ဟစ်လိုက်သည်။

"အာ…. ကျမ သိပြီ ထင်တယ်..."

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က အဲ့ဒါဟာ အဖော်ဟုသတ်မှတ်ခြင်းကြောင့်ဟု ပြောနေပါသည်။ ]

ယောင်ဟီဝန်က ခေါင်းစောင်းကာ ရေရွတ်လိုက်၏။

"...အဖော်လို့သတ်မှတ်ခြင်းဟုတ်လား"

လီဂျီဟယ်က ပြင်းထန်သော စကားတစ်ခွန်းကို ပြောလိုက်သည်။

"အမကြီးရဲ့ ထောက်ပံ့သူက ဘာလဲ။ အဲ့ဒါကို အဖော်ဖြစ်ခြင်းလို့ပဲ သူတို့ ထင်တာလား"

"ဘာကို ဆိုလိုတာလဲ"

"အဖော်တွေဟုတ်လား…ကျုပ် နားလည်သွားပြီ ထင်တယ်"

လီဟန်းဆောင်က မမျှော်လင့်ဘဲ ဝင်ပြောလာသည်။

"စဉ်းစားကြည့်ရင်….. ကင်ဒေါ့ဂျာ။ အဲ့ဒီလို လုပ်နေတာကို မြင်ရင် ကျုပ်လည်း စိတ်ဆိုးမိမှာပဲ"

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က မမျှော်လင့်ထားသော စကားကြောင့် နှာခေါင်းရှုံ့လိုက်ပါသည်။ ]

"...ဟမ်။ ဟန်းဆောင် က ဘာလို့ စိတ်ဆိုးမိမယ်လို့ပြောရတာလဲ"

လီဂျီဟယ်က နှာခေါင်းသွေး ထွက်တော့မည့်ပုံစံဖြင့် ကြည့်နေလေသည်။

လီဟန်းဆောင်၏ အမူအရာမှာ တည်ကြည်နေ၏။ လီဟန်းဆောင်က ဘယ်လို အရှိုက်ကိုထိုးမည့် စကားမျိုးများ ပြောမလဲဆိုသည်ကို ကျနော် စိုးရိမ်နေမိသည်။

"ကျုပ်တို့က ဇာတ်ဝင်ခန်း တိုင်းမှာ အသက်နဲ့ ရင်းနေကြရတာ။ ယူဂျွန်ဟော့က နောက်လာမယ့် ဇာတ်ဝင်ခန်းတွေ အတွက် ပြင်ဆင်ဖို့ မနက်တိုင်း ခန္ဓာကိုယ်ကို လေ့ကျင့်တယ်။ သူက သူ့ရဲ့အပေါင်းအဖော်တွေကို ကာကွယ်ဖို့ နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေတာ"

"...ဟမ်"

လီဂျီဟယ်သည် မမျှော်လင့်ထားသော အဖြေကြောင့် ထူးဆန်းသော အမူအရာ ပြုလုပ်လိုက်သည်။ ယောင်ဟီဝန်က လီဟန်းဆောင်၏ စကားများကို သံသယရှိသော အမူအရာဖြင့် နားထောင်နေသည်။

"အဲ့ဒီလို အခြေအနေမျိုးမှာ အပေါင်းအဖော်တစ်ယောက်က လိင်မှုကိစ္စဆန္ဒတွေမှာ မျက်ကန်းတစ္ဆေနေတာကို မြင်ရရင် ကျုပ်လည်း စိတ်မကောင်း ဖြစ်မိမှာပဲ။ သစ္စာဖောက်ခံရသလိုလည်း ခံစားရလိမ့်မယ်။ ယူဂျွန်ဟော့က စစ်သားတစ်ယောက် မဟုတ်ပေမဲ့ သူက အရမ်းကို စည်းကမ်းကြီးတဲ့သူလေ။ အဲ့ဒီလို လူမျိုးက လူတွေ စည်းကမ်းမရှိတဲ့အခါ အရမ်းကို ထိခိုက်လွယ်တယ်။ သူတို့ရဲ့ ဦးစားပေးခဲ့တာတွေက မှားနေတယ်လို့ ခံစားရလိမ့်မယ်"

"အင်း... အဲ့ဒါက အဓိပ္ပာယ် ရှိသားပဲ"

ယောင်ဟီဝန်က သဘောတူလိုက်သည်။

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သူ၏ကိုယ်စားလှယ် အပေါ် စိတ်ပျက်နေပါသည်။ ]

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် လီဟန်းဆောင်၏ မှားယွင်းသော အဖော်ဟုသတ်မှတ်ခြင်း အယူအဆအပေါ် မကျေမနပ် ဖြစ်နေပါသည်။ ]

လီဟန်းဆောင်၏ စကားကို ကြားပြီးနောက် ထိုအချက်မှာ အမှန်ပင် ဖြစ်နိုင်သည်ဟု ကျနော် တွေးမိသွားသည်။ Ways of Survival ထဲမှ အခန်းတစ်ခန်းကို ရုတ်တရက် သတိရလာမိ၏။ ကျနော်သည် စာသားကို ဖွင့်ကြည့်ပြီး ယူဂျွန်ဟော့၏ တတိယမြောက် နောက်ပြန်ဆုတ်ခြင်းအပိုင်းမှ အထောက်အထားကို ရှာဖွေတွေ့ရှိခဲ့သည်။

「 သနားစရာကောင်းတဲ့လူပဲ။ မင်းက မိန်းမတစ်ယောက်ရဲ့ အကြည့်တစ်ချက်နဲ့တင် ကိုယ့်ကိုယ်ကိုယ် ရောင်းစားလိုက်တာလား 」

「 ကာမဆန္ဒ ပြင်းထန်တဲ့သူတွေကို ငါ့ရဲ့ အပေါင်းအဖော်စာရင်းကနေ ချန်လှပ်ထားတယ်။ အဲ့ဒီလို လူမျိုးတွေက အမှားလုပ်ဖို့ လွယ်ကူလွန်းလို့ပဲ 」

ယူဂျွန်ဟော့က ကျနော့်ကို တကယ်ကြီး အထင်လွဲသွားတာဆိုရင်တော့ အတော်လေးကို မတရားလွန်းလှပေသည်။

နမ်းခဲ့တာတောင် မဟုတ်ဘဲနဲ့ အထင်လွဲစရာလား။ ချီးပဲ။

ယခုချိန်တွင် အထင်လွဲမှားမှုတစ်ခုပါလို့ သူ့ကို သွားပြောလို့လည်း မရတော့ချေ...။

"ကင်ဒေါ့ဂျာ။ ကျန်တဲ့သူတွေကို ရွေးချယ်ချင်လို့ပါ"

မင်ဂျီဝန်က ကျနော့်ဆီ ရုတ်တရက် ချဉ်းကပ်လာသည်။

ကျနော် နောက်လှည့်ကြည့်လိုက်သည့်အခါ အခြားဘုရင်များက ကျနော့်ကို စောင့်ကြည့်နေကြသည်အား မြင်လိုက်ရ၏။

"အမြင့်မြတ်ဆုံးဘုရင်က ခြောက်ယောက် ရွေးသွားတော့ ကျန်တာ လေးနေရာပဲ ရှိတော့တယ်"

"ငါတို့ လေးယောက် ရွေးရမယ်..."

ယောအီဒို အဖွဲ့မှာ ပျက်စီးသွားပြီ ဖြစ်သဖြင့် ယခုဆိုလျှင် ဘုရင်ငါးပါးသာ ကျန်ရှိတော့သည်။ မျက်စိတစ်ဖက်တည်းရှိသော မေတ္တေယျဘုရင် ချာဆန်းဂယောင်က အခြေအနေကို သတိထားမိသွားပြီး အရင်ဆုံး စကားစလိုက်သည်။

"ဟင်း... လေးနေရာပဲ ကျန်တော့တာဆိုတော့ ကျန်တဲ့လူတွေက..."

"ကျနော်တို့တွေ တိုက်ပွဲတစ်ခုနဲ့ ဆုံးဖြတ်ကြရင် ဘယ်လိုလဲ"

ကျနော်က အကြံပြုချက် ပေးလိုက်သည်။

"ကျနော်တို့အချင်းချင်း အငြင်းပွားနေရင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ လူတိုင်းက ကိုယ့်တပ်ဖွဲ့ဝင်တွေကိုပဲ နေရာပေးချင်ကြတာဆိုတော့ တိုက်ခိုက်ကြတာပေါ့။ နိုင်တဲ့ဘုရင်က ကျန်တဲ့နေရာတွေကို ဆုံးဖြတ်ပေးရမယ်"

ကျနော့်စကားကြောင့် ဘုရင်များမှာ တစ်ဦးကိုတစ်ဦး အကဲခတ်လိုက်ကြသည်။ ခဏအကြာတွင် အဖြေတစ်ခုကို ကြားလိုက်ရ၏။

"ကောင်းပါပြီ"

………………………………………………………………………………………

ကြားနေဘုရင်က သူသည် ရွေးချယ်မခံတော့ဘဲ နေမည်ဖြစ်ကြောင်း ထပ်မံ ကြေညာလေသည်။

"ငါ ဒီမှာပဲ နေခဲ့မယ်။ တစ်ယောက်ယောက်ကတော့ ဒီမှာနေပြီး လူတွေကို ဦးဆောင်သင့်တယ်လေ..."

၎င်းမှာ ပညာရှိသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။ အကယ်၍ ဇာတ်ဝင်ခန်းတွင် ရှေ့မတိုးနိုင်ပါက ဤနေရာတွင် ခိုင်မာသော အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခြင်းမှာ မဆိုးလှသော အကြံတစ်ခုပင် ဖြစ်၏။ ထို့အပြင် လူများ မသိသေးသော်လည်း ကျန်ရစ်ခဲ့သည့် ကိုယ်စားလှယ်များအတွက် ဇာတ်ဝင်ခန်းတစ်ခု ကျန်ရှိနေသေးသည်။ ပြင်းထန်သော လှုံ့ဆော်မှုများကို နှစ်သက်သည့် ဒိုကဲဘီများသည် ကိုယ်စားလှယ်များကို ငြိမ်းချမ်းစွာ နေထိုင်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။

လေလွင့်သူများ၏ဘုရင်မကလည်း ရွေးချယ်မခံတော့ဘဲ နေမည်ဖြစ်ကြောင်း လက်မြှောက်ပြလိုက်သည်။ အခြားသော ဘုရင်များမှာ အံ့အားသင့်သွားပုံ ရသော်လည်း ပြိုင်ဘက်များ လျော့နည်းသွားသဖြင့် ကံကောင်းသည်ဟု ယူဆနေကြ၏။ မင်ဂျီဝန်က ကျနော့်ကို ကြည့်ကာ ယုံကြည်ချက်ရှိရှိ ကြေညာလေသည်။

"အရင်ကလို နည်းလမ်းဟောင်းကြီးကတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူးနော်"

ကျနော်သည် စုဆောင်းထားသော ဒင်္ဂါးများဖြင့် အကြွင်းမဲ့ပလ္လင်ကို သိမ်းပိုက်ခဲ့သည်အား မင်ဂျီဝန်က သိနေပုံရသည်။

...ငါက အဲ့လောက်အထိ အရည်အချင်းမရှိလောက်ဘူးလို့ ထင်နေတာလား။

ကျနော်တို့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ငါးမိနစ်မပြည့်မီမှာပင် တိုက်ပွဲမှာ ပြီးဆုံးသွားလေသည်။

မည်သူနိုင်သနည်း။ မေးနေရန်ပင် မလိုတော့ချေ။

"မဖြစ်နိုင်တာ... အမြင့်မြတ်ဆုံးဘုရင် တစ်ယောက်တည်းပဲ ဘီလူးသတ္တဝါတွေလို အစွမ်းထက်တယ်လို့ ထင်ခဲ့တာ။ ရှင်က ဘယ်လိုလုပ် ဒီလောက်တောင် သန်မာလာရတာလဲ"

ချာဆန်းဂယောင်မှာ သွေးသံရဲရဲ ဖြစ်နေပြီး မင်ဂျီဝန်ကလည်း မေဟိုက်နေလေသည်။ မှန်ပေသည်။ အစကတည်းက ဤသို့ လုပ်ခဲ့လျှင် ပို၍ လွယ်ကူပေလိမ့်မည်။

ကျနော်က ပခုံးတွန့်ပြလိုက်ပြီး ပြောလိုက်သည်။

"အစောပိုင်း သတ်မှတ်ချက်က ၁၀ ယောက်ဆိုတော့ အားလုံး ခဏစောင့်နေကြပါ။ ဒုတိယအချီက မကြာခင် စတော့မှာပါ"

"...ဟား…. ရှင့်မှာ နည်းလမ်းပေါင်းစုံ ရှိနေတာပဲ။ ဘယ်သူ့ကို ရွေးမှာလဲ"

"တစ်ယောက်က ကျနော် ဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကတော့ ဒီမိန်းကလေးပါပဲ"

ကျနော့်စကားကြောင့် ရှင်ယူဆောင်း၏ မျက်လုံးများမှာ တောက်ပသွားသည်။ ရှင်ယူဆောင်းသည် တစ်ဦးတည်း ကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

"ကျန်တဲ့ နှစ်ယောက်ကတော့... ကျနော် စဉ်းစားထားတဲ့လူ ရှိတယ်"

"ကျမ မဟုတ်ဘူးလား"

"မဟုတ်ဘူး၊ မင်ဂျီဝန် မဟုတ်ဘူး"

"ချီး... အေးပါ။ ဟုတ်ပါပြီ"

မင်ဂျီဝန်သည် ဖုန်ထူသော မြေပြင်ပေါ်မှ ထလိုက်သည်။ စိတ်ဓာတ်ကျနေသော ဘုရင်များသည် တစ်ယောက်ပြီးတစ်ယောက် နေရာမှ ထွက်ခွာသွားကြ၏။ ကျနော်က ကျနော့်အဖွဲ့သားများကို အမိန့်ပေးလိုက်သည်။

"အရင် ထွက်သွားနှင့်ကြပါ။ ကျနော် လုပ်စရာရှိလို့။ နောက်မှ ဘူတာရုံရှေ့မှာ ပြန်ဆုံကြတာပေါ့"

အဖွဲ့သားများက ခေါင်းငြိမ့်ပြကာ တဲအပြင်သို့ ထွက်သွားကြသဖြင့် လူစည်ကားနေသော တဲအတွင်းမှာ တစ်ခဏအတွင်းတွင် လူနည်းနည်းသာကျန်တော့သည်။

...

ခဏအကြာတွင် တဲအတွင်း၌ ကျနော်အပြင် မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦးသာ ကျန်ရှိတော့သည်။ ထို့နောက်တွင်တော့ ထိုအမျိုးသမီးသည် ပထမဆုံးအကြိမ် စကားစလိုက်၏။

"နင့်မှာ သူငယ်ချင်းတွေ အများကြီး ရှိပုံရတယ်"

နောက်ဆုံးအချိန်အထိ ကျနော် တွန့်ဆုတ်နေမိသည်။ ထိုအမျိုးသမီးနှင့် ကျနော်စကားမပြောချင်ခဲ့ပေ။ သို့သော် နောက်လာမည့် ဇာတ်ဝင်ခန်းတွင် ကျနော် လိုအပ်သည့်လူကို ရရှိရန် ထိုအမျိုးသမီး၏ အကူအညီကို တောင်းရပေလိမ့်မည်။

ကျနော် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လေလွင့်သူများ၏ဘုရင်မကို ပြောလိုက်သည်။

"မတွေ့ရတာ ကြာပြီနော်။ အမေ"

အခန်း ၁၁၉

- အပိုင်း ၂၃ - စွန့်ပစ်ခံရသော ကမ္ဘာ (၄)

ကျနော့်စကားကြောင့် လေလွင့်သူများ၏ဘုရင်မက ခပ်ဖွဖွ ပြုံးလိုက်သည်။

"မတွေ့ရတာ ကြာပြီ ဟုတ်လား။ ပြီးခဲ့တဲ့ အခေါက်ကတောင် ငါ နင့်ကို ငါမြင်လိုက်ပါသေးတယ်"

"အဲ့ဒီတုန်းကတော့ ကျနော်တို့က တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားရုံတင်ပဲလေ"

ယခုအချိန်အထိ လေလွင့်သူများ၏ဘုရင်မကို နှစ်ကြိမ်တိုင်တိုင် ကျနော်မြင်တွေ့ခဲ့ရပြီး ဖြစ်၏။ ပထမတစ်ကြိမ်မှာ ဟန်ဆိုယောင်းနှင့် ကျနော်တို့ ဆောင်းမင်းဝူကို နှိမ်နင်းခဲ့စဉ်ကဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ သားရဲကပ်ဘေး သုတ်သင်ခံရစဉ်က ဖြစ်၏။

ယခုမှာ တတိယအကြိမ်မြောက်ပင်...။

လေလွင့်သူများ၏ဘုရင်မသည် မျက်နှာဖုံးကို ဖြည်းညှင်းစွာ ချွတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုသူမှာ ကျနော်ထင်ထားတဲ့သူ အမှန်ပင် ဖြစ်နေ၏။

ကျနော်က မေးလိုက်သည်။

"ဘယ်တုန်းက ထွက်လာတာလဲ"

"မကြာသေးခင်ကမှပါ"

ကျနော်တို့ ခဏမျှ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြသည်။ ကျနော်နှင့် အမေသည် ရုပ်ချင်းမဆင်ချေ။ မည်သို့ပင် ကြည့်စေကာမူ အမေ၏မျက်နှာမှာ အသက် ၃၀ ကျော်အရွယ်မျှသာ ရှိသေးသည်ဟု ထင်ရသည်။ ကျနော် ငယ်စဉ်က အမေ့ကို ကျနော့် အစ်မဝမ်းကွဲဟု ထင်ကြသည့် လူများနှင့် ခဏခဏ ကြုံခဲ့ဖူးသည်။ ထိုသို့ကြုံခဲ့ခြင်းမှာ ကျနော့်အဖေ့ရှိနေခဲ့စဉ်ကတည်းက ဖြစ်၏။

"ဆိုးလ်မှာ နေခဲ့တာလား"

အမေက ပြန်ဖြေသည်။

"ငါ သိတဲ့လူတစ်ယောက်နဲ့ တွေ့ဖို့ လာခဲ့တာပါ"

"အဲ့ဒီတော့ ဆိုးလ်ဒေသ ထဲမှာ မတော်တဆ ပိတ်မိသွားတာပေါ့"

"ဟုတ်တယ်"

"လွတ်လာပြီးပြီပဲ။ ဘာလို့ အကျဉ်းသားဝတ်စုံကို ဝတ်ထားရတာလဲ"

"ဘာဖြစ်လို့လဲလို့ ထင်လို့လဲ။ အပြစ်ဖြေချင်တဲ့ ဆန္ဒကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့"

"...အပြစ်ဖြေတာဟုတ်လား။ အမေကလား"

"လူသားတိုင်းက အကျဉ်းသားတွေပဲလေ။ သူတို့မှာ ကိုယ်ပိုင် အကျဉ်းထောင်တွေ ရှိကြတာပဲ"

အမေ့ကို ကျနော်စိုက်ကြည့်နေမိသည်။ ထိုသို့သော အရှက်မရှိသည့် လေသံမျိုးဖြင့် ပြောနေသဖြင့် အမေသည် တကယ်ကို ပြောင်းလဲမသွားခဲ့မှန်းသိသာလှသည်။ အမေက ကျနော့်ကို ပြောသည်။

"ကျေးဇူးတင်စကား တစ်ခွန်းတောင် မပြောတော့ဘူးလား။ ငါသာ မရှိရင် နင် ပိုပြီး ဒုက္ခရောက်မှာ"

...အမှန်ပင်။ အမေ ကူညီခဲ့သည်မှာ သေချာပေသည်။ အမေသည် သူ၏တပ်ဖွဲ့များကို မြောက်ဘက်ရှိ ကပ်ဘေးဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ကပ်ဘေးမှာ မည်မျှပင် အားနည်းသည်ဆိုစေကာမူ ထိုအလုပ်မှာ ခက်ခဲလှ၏။ အမှန်အတိုင်းပြောရလျှင် အမေသည် ထိုအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု ကျနော် ယုံကြည်ထားခဲ့သည်။ အမေ့ကို ကျနော်မုန်းတီးသော်လည်း အမေ့အကြောင်းကိုမူ ကောင်းစွာ သိရှိနေခဲ့၏။

"နင်က နင့်အမေနဲ့ ပြန်တွေ့ရတာကို သိပ်ပျော်ပုံမရဘူးပဲ"

"တကယ်ကြီး ကျနော့်ကို ပျော်စေချင်တာလား"

"နည်းနည်းပါ"

[ သီးသန့်စွမ်းရည် ‘မုသားထောက်လှမ်းနိုင်စွမ်း အဆင့် ၁’ အသက်ဝင်လာပါပြီ။]

[ ထိုစကားသည် မမှန်ကန်ကြောင်း အတည်ပြုနိုင်ပါသည်။ ]

ရယ်စရာကောင်းလှ၏။ ထိုစကားမှာ မုသားမှန်း သိသော်လည်း ကျနော် စစ်ဆေးကြည့်နေမိသေးသည်။ ကျနော် ပြောလိုက်သည်။

"အမေ အသက်ရှင်နေတာပဲ။ အမေက တကယ့်ကို ရှင်သန်နိုင်စွမ်း ကောင်းတဲ့သူပါ"

"ဒါက နင် ငါ့ကို ပြောပြခဲ့တဲ့ ဇာတ်လမ်းကြောင့်ပါ"

"...ဖြစ်နိုင်ပါတယ်"

"အကျဉ်းထောင်က ငါ့ဆီကိုလာတွေ့ပြီး ဖတ်ခဲ့တဲ့ ဝတ္ထုအကြောင်း ပြောပြခဲ့တာ နင်တစ်ယောက်ပဲ ရှိတယ်လေ"

ထိုအချက်မှာ မှန်ကန်ပေသည်။ အကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံခဲ့သည့် အချိန်တစ်လျှောက်လုံးတွင် အမေနှင့် ကောင်းမွန်သော အလ္လာပသလ္လာပစကားမျိုး တစ်ခါမျှ ကျနော်မပြောဖြစ်ခဲ့ချေ။ Ways of Survival အကြောင်းကိုသာ ကျနော် ပြောပြခဲ့မိသည်။ နောက်ပိုင်းတွင် ကျနော် ငြီးငွေ့လာသဖြင့် အမေ့ဆီ သွားရောက်ခြင်းကို ရပ်တန့်ခဲ့၏။

"ဝတ္ထုအကြောင်းကလွဲရင် ကျနော့်မှာ ပြောစရာ တခြား ဘာမှမှ မရှိတာ"

"ဘယ်လိုလုပ် ပြောစရာမရှိတာ ဖြစ်နိုင်မှာလဲ"

"ကျနော့်မှာ ရှိသမျှ အရာအားလုံးက အဲ့ဒီဝတ္ထုပဲလေ"

အတိတ်မှ ပုံရိပ်တစ်ခုမှာ စိတ်ထဲတွင် ပေါ်လာပြီး ပြန်လည် ပျောက်ကွယ်သွားသည်။ အကယ်၍ Ways of Survival သာ မရှိခဲ့လျှင် သို့မဟုတ် ထိုဇာတ်လမ်းကို ရေးသားခဲ့သည့် စာရေးဆရာသာ မရှိခဲ့လျှင် ယခုအချိန်၌ ဤကမ္ဘာပေါ်တွင် ကျနော်ရှိနေတော့မည် မဟုတ်ပေ။ မိဘမရှိသော ကင်ဒေါ့ဂျာအတွက် ထိုဇာတ်လမ်းမှာ တစ်ခုတည်းသော နှစ်သိမ့်မှု ဖြစ်ခဲ့၏။

အမေက တိုးတိုးလေးရေရွတ်သည်။

"ဒါက စိတ်ကူးယဉ်ဝတ္ထု တစ်ပုဒ်ထက် မပိုပါဘူး..."

"နောက်ဆုံးတော့လည်း အဲ့ဒီဝတ္ထုကြောင့်ပဲ အမေ အသက်ရှင်ခဲ့တာပဲ မဟုတ်ဘူးလား"

ကျနော်တို့ ခဏမျှ တိတ်ဆိတ်စွာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြသည်။

[ ‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် သင့်ကို စိတ်လှုပ်ရှားသော မျက်လုံးများဖြင့် ကြည့်နေပါသည်။ ]

[ ‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်သည် သင့်ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေပါသည်။ ]

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သင့်ကို ဝမ်းနည်းသော မျက်လုံးများဖြင့် စောင့်ကြည့်နေပါသည်။ ]

တိတ်ဆိတ်မှုကို အရင်ဆုံး ကျနော်ဖြိုခွဲလိုက်သည်။

"အမေ ဘာဝိသေသ လက္ခဏာ ရခဲ့လဲ။ အဲ့ဒါက ကျနော် ပြောပြခဲ့တဲ့ ဝတ္ထုနဲ့ ဆက်စပ်နေနိုင်တယ်"

"ငါက နင့်ကို ပြောပြရမှာလား"

"ပြောရမယ်။ ကျနော့်ကို အမေ့ရဲ့သားလို့ သတ်မှတ်ထားသေးရင်ပေါ့"

"နင်ကရော ငါ့ကို နင့်ရဲ့အမေလို့ သတ်မှတ်ထားသေးရဲ့လား"

"နည်းနည်းသတ်မှတ်ပါတယ်"

[ ‘လီဆော့ယောင်’ ဇာတ်ကောင်သည် ‘မုသားထောက်လှမ်းနိုင်စွမ်း အဆင့် ၁’ ကို အသုံးပြုလိုက်ပါသည်။ ]

[ ‘လီဆော့ယောင်’ က ထိုစကားသည် မမှန်ကန်ကြောင်း အတည်ပြုလိုက်ပါသည်။ ]

ချီး။ အမေက ဒီစွမ်းရည်ကို ရထားနှင့်ပြီးသားပဲ။

အမေ့ မျက်နှာအမူအရာတွင် ဝမ်းနည်းရိပ်ကလေး တစ်ချို့ ရှိနေလေသည်။ ထိုအရာက သရုပ်ဆောင်နေခြင်း ဟုတ်မဟုတ်ကိုမူ ကျနော် သိနိုင်စွမ်း မရှိချေ။

အမေက မေး၏။

"နင် ငါ့အပေါ်မှာ ရန်ငြိုးထားနေတုန်းပဲလား"

" အဲ့ဒီအကြောင်းကိုပြောဖို့ ကျနော်လာတာ မဟုတ်ဘူး"

"နင့်အဖေက လူဆိုးတစ်ယောက်ပါ"

"ကျနော် သိပါတယ်"

ဤကမ္ဘာပေါ်တွင် ‘လူဆိုးများ’ ဆိုသည်မှာ အမှန်တကယ်ပင် ရှိကြ၏။ ထိုလူဆိုးများထဲရှိ အမျိုးအစား တစ်ခုမှာ ဇနီးမယားအပေါ် အကြမ်းဖက်ခြင်း၊ တရားမဝင် လောင်းကစားခြင်းနှင့် မိသားစု၏ စားဝတ်နေရေးကို ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်တတ်ကြသည်။

ကျနော့်အဖေသည် လူဆိုးတစ်ယောက် ဖြစ်ခဲ့သည်။ ထိုအရာကို ကျနော် သိသလို အမေလည်း သိပြီး တောင်ကိုရီးယား၏ ဥပဒေများကလည်း ထိုအတိုင်းပင် သတ်မှတ်ထားသည်။ သို့ပေသိ...။

"ကျနော့်အဖေက လူဆိုးတစ်ယောက် ဖြစ်နေရုံနဲ့ အမေ့ရဲ့ လုပ်ရပ်တွေက မှန်ကန်သွားတာ မဟုတ်ဘူး"

"ပိုကောင်းတဲ့ ဘဝတစ်ခုအတွက် ငါတို့ စတေးခဲ့ရတဲ့ အရာတွေ ရှိခဲ့တာပဲ"

"တောင်ကိုရီးယားမှာ အဲ့ဒီလို ဥပဒေမျိုး မရှိဘူး။ လူသတ်မှု ကျူးလွန်တဲ့ ဘယ်လူသားမဆို အကျဉ်းထောင်ထဲ သွားရမယ်ဆိုတဲ့ ဥပဒေပဲ ရှိတယ်"

"နင်က ဝတ္ထုတွေပဲ ဖတ်နေလို့ ဘဝကို အဲ့ဒီလောက် ရိုးရှင်းတယ်လို့ ထင်နေတာ"

"ကျနော့်အတွက်တော့ လက်တွေ့ဘဝက ဝတ္ထုနဲ့ ပိုတူတယ်။ အမေ့ကြောင့်လေ"

ဤအခြေအနေသို့ ရောက်ရှိလာသည့်အခါ ကျနော်တို့စကားဝိုင်းမှာ အမေနှင့် သားကြားက သာမန် စကားပြောဆိုမှု မဟုတ်တော့ချေ။ ထို့ကြောင့်ပင် အမေနှင့် စကားမပြောလိုခြင်း ဖြစ်သည်။ ကျနော်တို့ စကားပြောလျှင် ဘာဖြစ်မည်ကို ကျနော် သိပြီးသားဖြစ်၏။ ကျနော်တို့ နှစ်ဦးလုံးသည် တစ်ဦးကိုတစ်ဦး မည်သို့ နာကျင်အောင် လုပ်ရမည်ကို ကောင်းစွာ သိရှိနေကြသည်။

ကျနော်က စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။

"ကျနော် ဘာလို့ အမေ့ကို လိုက်ရှာနေတယ်ဆိုတာ အမေ သိလား"

"ဘာလို့လဲဆိုတာ ငါ့ကို ပြောပြလေ"

"အမေ လိမ်နေရင် ကျနော် သိနိုင်တယ်။ ဒါကြောင့် ဟန်ဆောင်မနေပါနဲ့တော့"

ကျနော့်အမေက ခပ်ဖွဖွ ပြုံးလိုက်၏။

"အမေ့ဆီမှာ အကျဉ်းသားနံပါတ် ၄၀၆ ရှိတယ် မဟုတ်လား။ အဲ့ဒီ အဖွားကြီးကို ကျနော့် ခဏလောက် ငှားပေးပါ"

"...အဲ့ဒီအဖွားကြီးထက်စာရင် ယောင်ဝူချိကို ထောက်ပံ့သူအဖြစ် ရထားတဲ့ ကိုယ်စားလှယ်ကို ခေါ်သွားတာက ပိုမကောင်းဘူးလား။ ငါ့မှာ အသုံးဝင်တဲ့ ကိုယ်စားလှယ်တွေ အများကြီး ရှိပါတယ်"

"ယောင်ဝူချိရဲ့ ကိုယ်စားလှယ်က အမေ့ရဲ့ အပေါင်းအဖော်ပဲလေ။ ပြီးတော့ အဲ့ဒီအဖွားကြီးက ကျနော့်အတွက် ပိုပြီး အကူအညီ ဖြစ်လောက်မှာမလို့ပါ"

ကျနော့်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် အမေခေါင်းညိတ်လိုက်သည်။

"သေချာတာပေါ့။ ပြိုင်ဘက်တွေကြောင့် သူက အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်။ ဒါနဲ့ နင်က အကျဉ်းသားနံပါတ် ၄၀၆ ရဲ့ ထောက်ပံ့သူကို ဘယ်လိုလုပ် သိနေတာလဲ"

"ကျနော် မပြောနိုင်ဘူး"

"နင့်မှာ ထောက်ပံ့သူတွေကို သိနိုင်တဲ့ စွမ်းရည် ရှိနေတာလား"

အမေ့ကို ကျနော် ဘာမှ မပြောနိုင်ချေ။

"အမေ သူ့ကို ကျနော့်ဆီ ငှားမှာလား"

"ငါ ငှားပေးပါ့မယ်။ ဒါပေမဲ့..."

အမေ နောက်ထပ် ဘာပြောမည်ကို ကျနော် အနည်းငယ် ကြောက်မိသည်။ အမေသည် ကျနော် လုံးဝ စိတ်ကူးမယဉ်နိုင်သော အပေးအယူ တစ်ခုကို အကြံပြုလာပေလိမ့်မည်။ အမေက ခပ်ဖျော့ဖျော့ အပြုံးဖြင့် ဆိုလေသည်။

"နောက်တစ်ခါကျရင် ငါ့ကို နင့်ရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါဦး"

ကျနော် ဆွံ့အသွားရသည်။

...ချီး။ ဒါက အကွက်စေ့တဲ့ ထိုးနှက်ချက်ပဲ။

အမေသည် လူဆိုးတွေကို ပိုဆိုးအောင် လုပ်ရာတွင် အတော်ဆုံးပင်။

"ဒေါ့ဂျာ။ လက်တွေ့ဘဝကို သေသေချာချာ ကြည့်စမ်းပါ။ စိတ်ကူးယဉ်မှုတွေက လက်တွေ့ ဖြစ်လာရင်တောင်မှ စိတ်ကူးယဉ်မှုကို လက်တွေ့လို့ နင် သတ်မှတ်လို့မရဘူး"

[ သီးသန့်စွမ်းရည် ‘Fourth Wall’ က ပြင်းထန်စွာ တုန်လှုပ်နေပါသည်။ ]

စကားလုံး အနည်းငယ်မျှကိုသာ ကြားလိုက်ရသော်လည်း ကျနော့် ကမ္ဘာတစ်ခုလုံး တုန်ခါသွားသလို ခံစားလိုက်ရသည်။ ကျနော် သေချာပေါက် သိလိုက်ရ၏။ ဤလူသားသည် ကျနော် မုန်းတီးလှသော လက်တွေ့ဘဝကို အပြင်းထန်ဆုံး သတိပေးချက်ပင် ဖြစ်နေလေသည်။

"နင် နားလည်လား"

[ အထူးစွမ်းရည် ‘မိမိကိုယ်ကိုယ် ဆင်ခြေပေးခြင်း အဆင့် ၁’ အသက်ဝင်လာပါသည်။ ]

ရွံစရာကောင်းလိုက်တာ။ အခုမှ သူက အမေတစ်ယောက်လို ပြုမူချင်နေတာဆိုပဲ။ အမေနဲ့ငါက နောက်ပြန်လှည့်လို့ မရတော့တဲ့အထိ ဝေးကွာသွားပြီးပြီလေ။

[ သီးသန့်စွမ်းရည် ‘Fourth Wall’ ၏ တုန်လှုပ်မှု ငြိမ်သက်သွားပါသည်။ ]

ကျနော် ဆက်လက် မအောင့်အီးနိုင်တော့ဘဲ ထရပ်လိုက်သည်။

"အင်း။ စိတ်ကူးယဉ်မှုက လက်တွေ့နဲ့ တူတယ်လို့ ကျနော်ကတော့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်က အမြဲတမ်း အဲ့ဒီလိုပဲ ရှင်သန်လာခဲ့လို့ပဲ"

"..."

"အမေ့အတွက်တော့ ဒါက သနားစရာကောင်းတယ်လို့ ထင်စရာကောင်းလိမ့်မယ်။ ဒါပေမဲ့ ဒါကိုတော့ မှတ်ထားပါ။ အနည်းဆုံးတော့ ကျနော်က အမေ့လိုမျိုး ‘လက်တွေ့ဘဝကို စိတ်ကူးယဉ်မှုအဖြစ်’ မရောင်းစားခဲ့ဘူး"

ထိုနောက်ဆုံး စကားများကို ပြောပြီး ကျနော် တဲထဲမှ ထွက်လာခဲ့သည်။ အေးမြသော လေထုက ကျနော့် ဝတ်ရုံကော်လံထဲမှတစ်ဆင့် ကိုယ်ခန္ဓာဆီသို့ ရောက်ရှိလာ၏။ ကျနော် ရှေ့ကို ကြည့်လိုက်တော့ အနည်းငယ် လန့်သွားပုံရသော ယူဆန်းအာကို တွေ့လိုက်ရသည်။

"ကျ-ကျမ တောင်းပန်ပါတယ်... ဒေါ့ဂျာက နောက်ကျနေလို့..."

ခက်ခဲလှသည်။ မဟုတ်သေးပေ။ ခက်ခဲသည်ဆိုသည်ထက်... အရှက်ရမိသည်။

"ယူဆန်းအာ အကုန်လုံး ကြားလိုက်တာလား"

ယူဆန်းအာသည် အလွန်အမင်း တောင်းပန်သည့်အနေဖြင့် ခေါင်းငုံ့လိုက်ရာ ယူဆန်းအာ၏ ဦးခေါင်းထိပ်ကိုပင် မြင်နေရလေသည်။

နောက်ဆုံးတွင် ကျနော် သက်ပြင်းချလိုက်မိသည်။

"လမ်းခဏလောက် လျှောက်ကြမလား"

ကျနော်တို့ ယောင်ဆန်ဘူတာ၏ ပလက်ဖောင်းတစ်လျှောက် လမ်းလျှောက်ခဲ့ကြသည်။ သေချာပေါက် အေးစက်သော လေတိုက်နေသော်လည်း ကျနော့်ပါးပြင်ကို ထိတွေ့ချိန်တွင်မူ အပူချိန် ပြောင်းလဲသွား၏။ ကျနော့်မှာ ခေါင်းလျှော်ဖို့ပင် အချိန်မရှိခဲ့သော်လည်း ယူဆန်းအာ၏ ဆံပင်နံ့ကလေးကမူ လတ်ဆတ်ပြီး မွှေးပျံ့နေသည်။

ကျနော်က မေးလိုက်သည်။

"အမူးပြေပြီလား"

"ကျမ အဆင်ပြေပါတယ်။ ဒါနဲ့ ဒေါ့ဂျာက ကျမကို ကျောပိုးပြီး ခေါ်လာခဲ့တယ်လို့ ကြားတယ်။ ကျမ တောင်းပန်ပါတယ်။ ဒေါ့ဂျာကို ဒုက္ခပေးလိုက်မိပြီ"

"အဲ့လိုလုပ်ပေးခဲ့တာက ယူဆန်းအာက ကျနော့်ကို ဂရုစိုက်ပေးခဲ့လို့ပါ"

ကျနော်တို့ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျနော်က စတင်၍ စကားပြောလိုက်သည်။

" ဘာလို့ အမေနဲ့သားက အဲ့ဒီလို စကားပြောနေကြတာလဲလို့ဆိုပြီး ထူးဆန်းတယ်လို့ ထင်နေတာမလား "

"အဲ့ဒီလို မထင်ပါဘူး"

ယူဆန်းအာ လိမ်နေခြင်းပင်။ အလွန်ပင် ထူးဆန်းလှသည်။

"ယူဆန်းအာ သိချင်လား"

ယူဆန်းအာ၏ မျက်လုံးများ ခေတ္တမျှ တုန်လှုပ်သွား၏။

"...ဒေါ့ဂျာ အဆင်ပြေမယ်ဆိုရင်တော့ သိချင်ပါတယ်"

ကျနော် ခါးသီးစွာ ပြုံးလိုက်သည်။ ဟုတ်ပေသည်၊ ယခုအချိန်မှာ ပြောပြရန် အချိန်ပင် ဖြစ်၏။ ကျနော်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် အလွန်အမင်း တည်ငြိမ်နေဟန်ဖြင့် ဆိုလိုက်သည်။

"ကျနော့်အမေက ကျနော့်အဖေကို သတ်ခဲ့တာ"

ထူးဆန်းသည်မှာ ကျနော့်စကားလုံးများက ရယ်စရာ ကောင်းနေသလိုပင်။ သူစိမ်းတစ်ယောက်၏ ဇာတ်လမ်းကို ပြောပြနေသကဲ့သို့ ကျနော် ဆိုမိသည်။

"အမေက သူ့ရဲ့ လူသတ်မှုအတွက် အကျဉ်းထောင်ထဲ သွားခဲ့ရတယ်"

ကျနော် ဆက်လက်ပြီး ပြောပြနေမိသည်။

"ကျနော့်အဖေက... ဒါကို ပြောရတာ အရှက်ရဖို့ကောင်းပေမဲ့ သူက သေသင့်တဲ့လူပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လောင်းကစားမှု၊ ငွေကြေးခဝါချမှုအကုန်လုပ်ခဲ့တဲ့သူလေ... ကျနော်နဲ့ အမေဟာ နေ့တိုင်း ကြောက်လန့်တကြား ရှင်သန်ခဲ့ရတယ်။ ခန္ဓာကိုယ်မှာ ဒဏ်ရာမရှိတဲ့နေ့ဆိုတာ တစ်ရက်မှ မရှိခဲ့ဘူး။ တစ်ခါတလေ သူက ကျနော့်ကိုလည်း ရိုက်တယ်။ အဲ့လိုနဲ့ တစ်နေ့မှာတော့ အမေက ဆုံးဖြတ်ချက် ချလိုက်ပြီး အဲ့ဒီကိစ္စ ဖြစ်ပျက်ခဲ့တာပဲ"

"ဟာ..."

"ဒီကိစ္စကို ကုမ္ပဏီမှာ တော်တော်လေး လူသိများတယ်လို့ ကျနော် ထင်ထားတာ။ ယူဆန်းအာက မသိဘူးလား"

ယူဆန်းအာဆီမှ မည်သည့်အဖြေမှ ပြန်မလာချေ။ ယူဆန်းအာသည် မထိသင့်သည့် ဒဏ်ရာတစ်ခုကို ကိုင်တွယ်မိလိုက်ပြီဖြစ်ကြောင်း နောက်ကျမှ သတိထားမိသွားလေသည်။

"ယူဆန်းအာ အခု ပိုပြီး ထူးဆန်းတယ်လို့ ခံစားနေရပြီလား။ အမေ လုပ်ခဲ့တာက တရားမဝင်ဘူး ဆိုပေမဲ့ ကျနော်က ဘာလို့ အမေ့ကို အဲ့ဒီလောက် မုန်းနေရတာလဲဆိုပြီး တွေးနေမိတာလား"

"မဟုတ်ပါဘူး။ ကျမက ဒေါ့ဂျာ မဟုတ်တဲ့အတွက် အပြည့်အဝတော့ နားမလည်နိုင်ပါဘူး..."

" ကျနော် အမေ့ကို ခွင့်လွှတ်သင့်တယ်လို့ ယူဆန်းအာ ထင်လား"

ယူဆန်းအာ ဘာမှ မပြောနိုင်တော့ချေ။ ကျနော်လည်း မတတ်နိုင်ပေ။ ထိတွေ့လိုက်မိသော ဒဏ်ရာက ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။

နေရခက်သော တိတ်ဆိတ်မှုအပြီးတွင် ကျနော်က ထပ်မံ ပြောလိုက်သည်။

"‘Underground Killer’ ဆိုတဲ့ စာအုပ်ကို သိလား။ အဲ့ဒါက အရင်တုန်းက ကျိုဘို ရဲ့ အရောင်းရဆုံးစာရင်းမှာ ပါခဲ့တာလေ"

ကျနော်က ထိုစာအုပ်အကြောင်းကို ရုတ်တရက်ကြီး ပြောလိုက်သောကြောင့် ယူဆန်းအာက ကျနော် စကားလမ်းကြောင်း ပြောင်းနေသည်ဟု ထင်ကာ နေရခက်စွာပင် ပြန်ဖြေလိုက်သည်။

"ကြားဖူးသလိုပဲ။ အဲ့ဒါက တော်တော်လေး နာမည်ကြီးတဲ့ စာအုပ် မဟုတ်လား"

"အဲ့ဒီစာအုပ်က အကျဉ်းထောင်ထဲ ရောက်နေတဲ့ နှိပ်စက်ခံ အမျိုးသမီးတစ်ယောက်က ခင်ပွန်းကို သတ်ပြီးနောက် ရေးခဲ့တဲ့ အက်ဆေးစာအုပ်ပဲ။ အဲ့ဒီအချိန်တုန်းက ဝေဖန်ရေးသမားတွေက အမွှမ်းတင်ခဲ့ကြတာပေါ့။ ‘Notes from Underground’ ရဲ့ ကိုရီးယားဗားရှင်း ထွက်လာပြီဆိုပြီး ပြောကြတာ။ တကယ်တော့ အဲ့ဒါက လွန်လွန်ကျူးကျူး ချီးမွမ်းခံထားရတာပါ"

ယူဆန်းအာ၏ မျက်နှာက ရုတ်တရက် ညှိုးငယ်သွားသည်။ ယူဆန်းအာ သတိထားမိသွားပြီ ဖြစ်၏။ ကျနော်က စကားလမ်းကြောင်းကို လုံးဝ ပြောင်းလဲလိုက်ခြင်း မဟုတ်ပေ။

"ဟုတ်ပါတယ်။ အဲ့ဒီစာအုပ်ကို ကျနော့်အမေ ရေးခဲ့တာ"

ယူဆန်းအာ၏ နှုတ်ခမ်းများ အံ့အားသင့်စွာ ပွင့်ဟသွားလေသည်။

"သတင်းထောက်တွေ ကျနော့်အိမ်ရှေ့မှာ စောင့်နေခဲ့ကြတာကို ကျနော် အခုထိ မှတ်မိသေးတယ်။ အဲ့ဒီအက်ဆေးက အစစ်အမှန်လားလို့ ကျနော့်ကို ခဏခဏ မေးကြတယ်"

"..."

"ကျနော့်အတန်းဖော်တွေ ပြောခဲ့တာတွေကိုလည်း ကျနော် အကုန်မှတ်မိနေတယ်။ ကျနော့်အမေက လူသတ်မှုကို ရောင်းစားပြီး ပိုက်ဆံရှာတယ်လို့ သူတို့က ကျနော့်ကို ပြောခဲ့ကြတာ"

"ဒေါ့ဂျာ..."

"ကျနော့်ဆွေမျိုးတွေကလည်း ပြောကြသေးတယ်။ ကျနော့်အမေက လူသတ်သမားပဲတဲ့။ ဘယ်လိုများ သတင်းစာထဲမှာ မျက်နှာပြရဲတာလဲတဲ့"

ယူဆန်းအာက တစ်ခုခု ပြောချင်နေသော်လည်း ကျနော်က ဆက်ပြောနေမိသည်။

"ဒါကြောင့် ကျနော့်အတွက် နည်းနည်းတော့ ခက်ခဲခဲ့တယ်။ မဟုတ်ဘူး။ အချိန်အတော်ကြာအောင် ခက်ခဲခဲ့တာပါ"

"..."

"လူသတ်သမားရဲ့ သားဖြစ်ရတာကို ကျနော် သည်းခံနိုင်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် အဖျော်ဖြေခံ ရောင်းစားခံရတာကတော့ တစ်ခြားစီပဲ။ ကျနော့်ရဲ့ ဘဝကို တစ်စုံတစ်ယောက်က ပိုက်ဆံအဖြစ် ပြောင်းလဲလိုက်တာက လုံးဝကို မတူညီတဲ့ ကိစ္စပါ"

ကျနော် ကောင်းကင်ကို ကြည့်လိုက်မိသည်။ ညအချိန် မဟုတ်သော်လည်း ဝေးကွာသော နက္ခတ်များက ကျနော့်ကို စောင့်ကြည့်နေကြကြောင်း ကျနော် ယခင်ကထက် ပို၍ သေချာနေသည်။ ဖြစ်နိုင်သည်မှာ ဤဇာတ်လမ်းသည်လည်း သူတို့အတွက် ရည်ရွယ်ခြင်း ဖြစ်ပေလိမ့်မည်။

သို့ပေသိ မည်သည့်နက္ခတ်မှ ကျနော့်ထံ ဒင်္ဂါးများ မပို့ခဲ့ချေ။ ဝမ်းသာသင့်သလား ကျနော် မသိပေ။

" ကျနော့်အမေကို ကျနော် ခွင့်လွှတ်သင့်သေးတယ်လို့ ယူဆန်းအာ ထင်နေတုန်းပဲလား"

ကျနော်က အဖြေတစ်ခုကို မလိုလားချေ။ ပထမဆုံးအနေဖြင့် ကျနော့်ကို ယူဆန်းအာနားလည်ပေးရန်လည်း ကျနော် မလိုလားချေ။ ဖြစ်နိုင်သည်မှာ ဤအရာသည် ချမ်းသာကြွယ်ဝသော မိသားစုတွင် ကြီးပြင်းလာသည့် ယူဆန်းအာအပေါ် ကျနော် ပြုလုပ်မိသော အကျည်းတန်ဆုံး အကြမ်းဖက်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ ဘယ်သောအခါမှ နားမလည်နိုင်မည့်သူတစ်ဦးအပေါ် အတင်းအဓမ္မ ဖော်ပြလိုက်သော ကျနော့်၏ မပျော်ရွှင်မှုများသာ ဖြစ်သည်။

ကြင်နာတတ်သော ယူဆန်းအာသည် သူ့အနေဖြင့် နားလည်ပေးရန် မဖြစ်နိုင်ကြောင်း သိရှိသွားကာ ဝမ်းနည်းနေပေလိမ့်မည်။ ကျနော် ရယ်မောလိုက်သည်။

"တောင်းပန်ပါတယ်။ နောက်တာပါ"

"ရှင်"

"ဒါက အလိမ်အညာတွေပါ။ ယူဆန်းအာ အလိမ်ခံလိုက်ရတာလား။ ဒီလိုမျိုး ဝတ္ထုထဲကလို ကိစ္စတွေ ရှိမယ်လို့ ထင်နေတာလား။ ကျနော်နဲ့ အမေက သာမန်လူတွေပါ၊ ကျနော့်အဖေက ကျနော် ငယ်ငယ်တုန်းက မတော်တဆမှုတစ်ခုနဲ့..."

ထိုစဉ် သေးငယ်ပြီး နူးညံ့သောအရာတစ်ခုက ကျနော့်လက်ကို ဆုပ်ကိုင်လိုက်သည်။ ထိုအထိအတွေ့က အလွန်ပင် နွေးထွေးလှသဖြင့် ကျနော် ပြောမည့်အကြောင်းအရာကိုပင် မေ့လျော့သွားရ၏။ ခေတ္တမျှ... ကျနော် လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်မိသည်။

ယူဆန်းအာသည် ကျနော့်ကို ကြည့်မနေချေ။ ထို့ကြောင့်ပင် ကျနော်ကလည်း ယူဆန်းအာကို ကြည့်မနေပေ။ ကျနော်တို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းမဆိုင်ဘဲ လက်ချင်းတွဲလျက် လမ်းလျှောက်ခဲ့ကြသည်။ ဤမျှနှင့်တင် လုံလောက်နေသကဲ့သို့ပင်။ ထူးဆန်းသည်မှာ ကျနော့်နှလုံးသားက တဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့သည်။

[ သီးသန့်စွမ်းရည် ‘Fourth Wall’ က အနည်းငယ်မျှ တုန်လှုပ်နေပါသည်။ ]

ဖြစ်နိုင်သည်မှာ လက်တွေ့ဆန်သော ယူဆန်းအာ၏ခန္ဓာကိုယ် အပူချိန်ကြောင့် ဖြစ်ပေလိမ့်မည်။

"ဒေါ့ဂျာ"

ဘူတာအဝင်ဝသို့ ကျနော်တို့ ရောက်ရှိလာသောအခါ လူများ တိုးဝှေ့လာကြသည့် အသံကို ကြားလိုက်ရသည်။ ကျနော်တို့ လက်များကို အလိုအလျောက်ပင် လွှတ်လိုက်မိကြ၏။ ယောင်ဟီဝန်က ကျနော်တို့ဆီ ပြေးလာပြီး မေးလေသည်။

"နင်တို့နှစ်ယောက် ပြန်နမ်းနေကြတာလား"

"န-နမ်းတယ်ဟုတ်လား"

"ယူဆန်းအာစီ မျက်နှာက နီမြန်းနေတာပဲ။ နင်တို့ လုပ်လိုက်ပြီပဲ။ နင်တို့ တကယ်ကိုလုပ်လိုက်ပြီ"

ကျနော်သာ ယူဆန်းအာအကြောင်းကိုသာ မသိခဲ့ပါက ကျနော့်ကို ကြိတ်ကြွေနေသည်ဟု အထင်အမှားကြီး မှားမိပေလိမ့်မည်။

"လျှောက်နောက်မနေနဲ့။ ငါတို့ ဘာမှ မဖြစ်ခဲ့ဘူး"

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ"

ယောင်ဟီဝန်က ကျနော့်ကို ကြည့်ကာ ဆိုလေသည်။

"ထူးဆန်းတဲ့ အဖွားကြီးတစ်ယောက် ငါတို့ကို လာရှာနေတယ်။ ဒေါ့ဂျာ ခေါ်ထားတာလား"

တုတ်ကောက်ကိုင်ထားသော အဖွားအိုတစ်ဦးသည် လူစုနောက်မှ ထွက်လာခဲ့သည်။

"ဒီအသုံးမကျတဲ့ အဖွားကြီးက အကူအညီ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်..."

အခြား အကျဉ်းသားများကဲ့သို့ပင် ထိုအဖွားအိုသည် အပြာရောင် အကျဉ်းထောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုအဖွားအိုမှာ အကျဉ်းသားနံပါတ် ၄၀၆ ပင် ဖြစ်သည်။ အမေက အလုပ်လုပ်တာ အတော်လေး မြန်ဆန်လှသည်။

"နင်က ကင်ဒေါ့ဂျာလား"

"ဟုတ်ကဲ့။ ကျနော်ပါ"

"နင့်အကြောင်းကို လီဆော့ယောင်ဆီကနေ အများကြီး ကြားဖူးပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ်"

"ကျနော်လည်း တွေ့ရတာ ဝမ်းသာပါတယ်"

လီဆော့ယောင် ဆိုသည်မှာ ကျနော့်အမေ၏ အမည်ပင် ဖြစ်သည်။

ကျနော်က အဖွဲ့ဝင်များကို လှည့်ကြည့်ကာ ဆိုလိုက်သည်။

"သူက ကျနော် ခေါ်ထားတဲ့လူ အမှန်ပါပဲ။ ကဲ... သွားကြရအောင်"

ယောင်ဆန်ဘူတာမှ ကျနော်တို့ ထွက်လာခဲ့ပြီး လူများ စုဝေးနေသည့် နေရာသို့ သွားလိုက်ကြသည်။ ယူဂျွန်ဟော့၏ အဖွဲ့နှင့် ဘုရင်များသည် ထိုနေရာတွင် စုဝေးနေကြပြီ ဖြစ်သည်။

ကောင်းကင်ယံရှိ မဟာတွင်းနက်ကြီးထဲမှ အဖြူရောင် သလင်းကျောက်တစ်ခုက ဖြည်းညှင်းစွာ ကျဆင်းလာခဲ့သည်။ ၎င်းမှာ အလင်းရောင်များ တောက်ပနေသော သလင်းကျောက်တစ်ခုပင် ဖြစ်၏။

[ ကူပြောင်း သလင်းကျောက် ]

ထိုသလင်းကျောက်မှာ ကျနော်တို့ နောက်ထပ် ဇာတ်ဝင်ခန်း နယ်မြေသို့ သွားရောက်ရန်အတွက် အသုံးပြုရမည့် ပစ္စည်းပင် ဖြစ်သည်။

All Chapters