အခန်းယ(၁၂၃-၁၂၅)
Vol. 8 Ch. 123-125
အခန်း ၁၂၃
- အပိုင်း ၂၄ - ပြောင်းလဲနိုင်သော အရာများ (၃)
「 ဆူဇူကီးသည် တောအုပ်ထဲတွင် လမ်းလျှောက်ရင်း 'ငါ တကယ် ကံကောင်းတာပဲ' ဟု တွေးနေမိသည် ။ 」
ဆူဇူကီးသည် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်အမှတ်ရရင်း တုန်ရင်သွား၏။ သားရဲများကို စေခိုင်းပြီး ဓါးမြှောင်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့် မိန်းကလေးငယ်တစ်ဦး။ မူလာခါမိ တစ်ချက်တည်းနှင့် သေဆုံးသွားပုံကို ဆူဇူကီး မမေ့နိုင်သေးပေ။
'တောင်ကိုရီးယားက ကြောက်ဖို့ကောင်းတာပဲ။ ကလေးတစ်ယောက်တောင် ဒီအဆင့်ရှိနေပြီ'
ထိုကလေးက ကလေးအရွယ်သာရှိသေးသဖြင့် ထိုကလေးမအနီးရှိ အမျိုးသားမှာ မည်မျှအထိ အစွမ်းထက်မည်ကို ဆူဇူကီး ခန့်မှန်း၍ မရပေ။ ထိုအမျိုးသားသည် ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖြူဖွေးသော ဓါးတစ်လက်ကို ကိုင်ဆောင်ထားသည်။ ဝတ်ရုံ၏ အရောင်မှလွဲ၍ သူ့တွင် ထူးခြားချက် မရှိသော်လည်း ဆူဇူကီးအတွက်မူ သူသည် အသက်သခင်ပင် ဖြစ်၏။
"ကျေးဇူးအများကြီး တင်ပါတယ်။ ခင်ဗျားသာ ဒီမှာမရှိရင် ကျနော် သေနေလောက်ပြီ"
"ကျေးဇူးတင်ဖို့မလိုပါဘူး"
"တကယ်ကို အထင်ကြီးမိပါတယ်။ ကိုရီးယားလူမျိုးဆီက အကူအညီ ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
"ကူညီပေးရမှာက သဘာဝပါပဲ"
အဖြူရောင်ဝတ်ရုံနှင့် အမျိုးသားမှာ နှိမ့်ချစွာ ပြောဆို၏။ အားလုံးထက် ဆူဇူကီး ပိုသဘောကျသည်မှာ ထိုအမျိုးသားသည် ဂျပန်စကား ကျွမ်းကျင်ခြင်းပင်။ ၎င်းမှာ သိသာထင်ရှားသော စွမ်းရည်တစ်ခုဖြစ်သော်လည်း 'အခြားကမ္ဘာသုံး ဘာသာပြန်စွမ်းရည်' ရှိခြင်းမှာ သူသည် ဂျပန်ယဉ်ကျေးမှုကို နှစ်သက်သည်ဟူသော လက္ခဏာပင် ဖြစ်၏။
ဆူဇူကီးက မေးလိုက်၏။
"အာ… ခင်ဗျားနာမည်ကို မသိရသေးဘူး။ နာမည်လေး သိခွင့်ရှိမလား။ ကျနော်က ဆူဇူကီး တဆွတ်ယ ပါ"
"ငါ့နာမည်က ဒေါ့ဂျာပါ။ ကင်ဒေါ့ဂျာ"
"ကင်မူ ဒိုဂျေဂါဟုတ်လား"
"...ကင်ဒေါ့ဂျာပါ"
"ဪ"
ကင် ဒိုဂျေဂါ။ အတော်ကောင်းသည့်နာမည်ပင်။ ဆူဇူကီးသည် ဤကိုရီးယားနာမည်ကို သဘောကျသွားသည်။
"ဒါနဲ့ စောစောက ကလေးမလေးကို တွေ့လိုက်သေးလား။ သူက ကျနော့်လုပ်ဖော်ကိုင်ဖက်ကို သတ်လိုက်တာပါ..."
"ကံမကောင်းစွာနဲ့ပဲ လွတ်သွားတယ်"
"ဟူး... ဟုတ်လား"
ဆူဇူကီးသည် ဤအရာမှာ အမှန်လား၊ မမှန်လား မသိချေ။ မမှန်လျှင်ပင် ဘာမှမတတ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ဤသူမှာ တောင်ကိုရီးယားလူမျိုး ဖြစ်သည်။ သူသည် ကလေးကို ဝှက်ထားခြင်း သို့မဟုတ် မမြင်ချင်ယောင်ဆောင်ခြင်းမှာ မဆန်းပေ။
သို့သော်လည်း စိတ်ပျက်စရာတော့ ကောင်းလှ၏။ အကယ်၍ ထိုကလေးမကို ဖမ်းမိလျှင် ဆူဇူကီးမှာ အလွန်လွယ်ကူစွာ လက်စားချေနိုင်မည် ဖြစ်သည်။ ဂျပန်နိုင်ငံမှ တတိယမြောက် အုပ်စု၏ အစိတ်အပိုင်းအနေဖြင့် သူသည် ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်း၏ လျှို့ဝှက်ချက်ဖြစ်သော 'လူသေးသေးလေးအသွင်ပြောင်းလဲခြင်း' အကြောင်းကို သိရှိထားပြီးသား ဖြစ်သည်။
သူက ပြောလိုက်၏။
"ခင်ဗျားက ကျနော့်ကို ကယ်ခဲ့တာဆိုတော့ လူသေးသေးလေးအသွင်ပြောင်းလဲတာကို မြင်လိုက်မှာပေါ့"
"ကလေးမ သေးငယ်သွားပုံကို ပြောတာဆိုရင်တော့ မြင်လိုက်တာပေါ့"
"ဒါဆိုရင်တော့ ရှင်းရတာ မြန်တာပေါ့။ ကျနော်တို့က မတူညီတဲ့ နိုင်ငံတွေက ဖြစ်ပေမဲ့ ဒီဇာတ်ဝင်ခန်းမှာ အချင်းချင်း တိုက်ခိုက်နေဖို့ မလိုပါဘူး။ ကျနော်တို့ရဲ့ ရန်သူတွေက လူသေးသေးလေးတွေပါ။ လူသားတွေ မဟုတ်ဘူးလေ"
"သိပါတယ်။ ဒါကြောင့်လည်း ငါက ဆူဇူကီးကို ကယ်ခဲ့တာပေါ့"
ကံကောင်းထောက်မစွာဖြင့် သူ၏ ရှေ့မှ ကိုရီးယားအမျိုးသားမှာ သဘောတူပုံရ၏။ ကင် ဒိုဂျေဂါက ပြောသည်။
"ဒါနဲ့ ဂျပန်ဘက်က အတော်များများ သိထားပုံပဲနော်"
"ဟုတ်ပါတယ်။ ကျနော်တို့ ဇာတ်ဝင်ခန်းကို အမြန်ကျော်ဖြတ်ခဲ့ကြတဲ့အပြင် အရင်က ကစားသမားတွေထဲမှာလည်း အလားတူ ဖြစ်ရပ်တွေ ရှိခဲ့ဖူးလို့ပါ"
"အလားတူပဲလား"
"လူသားတစ်ယောက် လူသေးသေးလေးအဖြစ် ပြောင်းလဲသွားတဲ့ ဖြစ်ရပ်အချို့ ရှိခဲ့ပါတယ်"
"သူတို့ ဘာဖြစ်သွားကြလဲ"
"အများစုကတော့ သေကုန်ကြပြီ။ တစ်ယောက်ကတော့ အသက်ရှင်နေပါသေးတယ်"
ကင် ဒိုဂျေဂါသည် ထိုစကားကို ကြားသောအခါ တစ်စုံတစ်ခုကို တွေးတောနေပုံရ၏။ ထိုကိုရီးယားလူမျိုး ဘာတွေးနေသည်ကို သိရန် ခက်ခဲလှသည်။ အနည်းငယ် စိတ်ပူသွားသော ဆူဇူကီးက စကားစလိုက်၏။
"ဒါက သတိပေးတဲ့ အနေနဲ့ ပြောတာပါ။ ကျနော် တောင်ကိုရီးယားကို မမုန်းပါဘူး"
"...ဘာကြောင့် အဲ့ဒီစကား ပြောတာလဲ"
" ဂျပန်က ကိုရီးယားကို မုန်းတယ်လို့ ကိုရီးယားလူမျိုးတွေက ထင်နေကြတာ မဟုတ်ဘူးလား"
ထိုစကားမှာ ဂျပန်၏ ပထမအုပ်စုတွင် ပါဝင်သော ဝန်ကြီးချုပ် ပြောခဲ့သည့် စကား ဖြစ်သည်။ ဝန်ကြီးချုပ်ဆိုသည်မှာ အမည်ပြောင်သာဖြစ်ပြီး တကယ့် ဝန်ကြီးချုပ်တော့ မဟုတ်ပေ။
— တောင်ကိုရီးယားလူမျိုးတွေမှာ ပြင်းထန်တဲ့ အမျိုးသားရေး စိတ်ဓာတ်ရှိတယ်။ သူတို့ရဲ့ နိုင်ငံကို မကောင်းပြောတဲ့သူမှန်သမျှ သူတို့ မုန်းကြလိမ့်မယ်။
ဆူဇူကီးသည် ဝန်ကြီးချုပ်ကို မကြိုက်သော်လည်း သူ၏စကားကို နားထောင်ခြင်းဖြင့် မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။
"အကိုကင်။ ကျနော်လည်း ကင်အာယောင်း နဲ့ ပတ်ဆောင်ဂျီ ကို ကြိုက်ပါတယ်"
"..."
"ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ကလည်း တကယ် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲကို ကျနော့်အမေ သိပ်ကြိုက်တာ"
ကိုရီးယားလူမျိုးတစ်ဦးနှင့် တွေ့သောအခါ ကင်အာယောင်း၊ ပတ်ဆောင်ဂျီ နှင့် ဆောင်းဦးရွက်ကြွေ ချစ်သက်သေ တို့ကို အမြဲတမ်း ထည့်ပြောပါဟူ၍ ဝန်ကြီးချုပ်က အကြံပေးထားခဲ့၏။
"ငါကတော့ ဂျပန်မန်ဂါ (ကာတွန်း) တွေကို သဘောကျတယ်"
"အာ-အာ။ ဟုတ်လား"
ဝန်ကြီးချုပ် ပြောသည်မှာ မှန်နေပုံရသည်။ ဆူဇူကီးသည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။
"ခင်ဗျားက ဘယ်မန်ဂါကို ကြိုက်တာလဲ"
"ငါ့အတွက် တစ်ခုထဲ ရွေးပြဖို့တော့ခက်တယ်။ အခုချိန်မှာတော့ ဆက်ဖတ်နိုင်ပါဦးမလား မသိတော့ဘူး"
"...ဟုတ်ပါတယ်လေ။ နည်းနည်းတော့ စိတ်မကောင်းစရာပေါ့။ ကျနော် အပတ်တိုင်း စောင့်ဖတ်ခဲ့တဲ့ မန်ဂါလည်းရှိပါတယ်။ ဒါပေမဲ့ အခုတော့ အဲ့ဒီမန်ဂါကိုရေးတဲ့သူက အသက်ရှင်သေးရဲ့လားတောင် မသိတော့ဘူး"
ထိုသို့သော အရာများကို တွေးတောမိခြင်းမှာ ခါးသီးလှသည်။ ဆူဇူကီးသည်လည်း ထိုအရာများကို နှစ်သက်သူဖြစ်၏။ မန်ဂါမှာလည်း ထိုအထဲမှ တစ်ခုပင်။
"ဘာလို့လဲဆိုတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီလေ" 」
—ဦးလေး။
ရှင်ယူဆောင်း၏ အသံက စိတ်နှစ်ထားမှုကို ဖြတ်တောက်လိုက်သည်။ 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' အဆင့် ၂ ကို အသုံးပြုနေစဉ် ဖြစ်သောကြောင့် ရှင်ယူဆောင်းကို ကျနော် ချက်ချင်း ပြန်မဖြေနိုင်ခဲ့ပေ။
[ သီးသန့်စွမ်းရည် 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' အဆင့် ၂ ပြီးဆုံးသွားပါပြီ။ ]
[ ဇာတ်ကောင် 'ဆူဇူကီး တဆွတ်ယ' အပေါ် သင်၏ နားလည်နိုင်စွမ်းမှာ သိသိသာသာ မြင့်တက်လာပါသည်။ ]
ဇာတ်ကောင်တစ်ခုအတွင်း စိတ်နှစ်ထားခြင်းက သူတို့ကို နားလည်ရန် ပိုမိုလွယ်ကူစေသည်။ သူ၏ စိတ်နေစိတ်ထားမှာ ရိုးရှင်းလှသောကြောင့် အဆင်ပြေချောမွေ့ခဲ့ခြင်း ဖြစ်၏။ ကျနော် သတိလစ်နေခြင်းမဟုတ်သောကြောင့် အာရုံစိုက်နိုင်စွမ်း အလွန်အမင်း မမြင့်မားသော်လည်း ဆူဇူကီး ဘာတွေးနေသည်ကို ဖတ်ရန်မှာ မခက်ခဲခဲ့ပေ။
—ဦးလေး
—ဆောရီး။ ငါ စွမ်းရည်တစ်ခု လေ့ကျင့်နေလို့ အလုပ်ရှုပ်သွားတယ်။
သေးငယ်နေသော ရှင်ယူဆောင်းမှာ လောလောဆယ် ကျနော့်အိတ်ကပ်ထဲတွင် ရှိနေလေသည်။ ကျနော်တို့၏ ထောက်ပံ့သူ ကတိကဝတ်ကြောင့် ရှင်ယူဆောင်းသည် ကျနော့်ထံ တိုက်ရိုက်ဆက်သွယ်မှုဖြင့် စကားပြောလာခြင်း ဖြစ်သည်။
...ဒါက နည်းနည်းတော့ အံ့ဩစရာပဲ။ ရှင်ယူဆောင်း ဘာမေးချင်နေသလဲဆိုတာကို မတွေးဘဲနဲ့တောင် သိနေတာပါလား။
သူ၏ ဇာတ်ကြောင်းကို ဆက်ပြောနေဆဲဖြစ်သော ဆူဇူကီး တဆွတ်ယကို ကျနော်ကြည့်လိုက်သည်။ ဆူဇူကီးမှာ 'Ways of Survival' ထဲတွင် ခဏတာ ပါဝင်ခဲ့သည့် ဇာတ်ကောင်တစ်ခု ဖြစ်သည်။ ဇာတ်လမ်းပြောပြမှု ချောမွေ့စေရန် ကမ္ဘာကြီးကို သူ၏ ရှုထောင့်မှ ဖော်ပြခဲ့ဖူးသော်လည်း 'Ways of Survival' ထဲတွင် စာမျက်နှာ အနည်းငယ်တွင်သာ သူ ပါခဲ့ဖူး၏။ စာရေးဆရာများသည် ဝတ္ထုထဲက သာမန်လူ အများစုကို အခန်းအနည်းငယ်အတွင်း အဆုံးတတ်ပစ်ကြသည်မှာ ဆန်းလှသည်မဟုတ်ချေ။
—သမီး နားမလည်နိုင်ဘူး။ သာမန်လူတစ်ယောက်က ဘယ်လိုလုပ် ဒီလို ရက်စက်တဲ့ အလုပ်တွေကို လုပ်နိုင်ရတာလဲ...
ရှင်ယူဆောင်းသည် ဘာသာစကား မတူသောကြောင့် နားမလည်နိုင်သော်လည်း စကားပြောဆိုမှု၏ အဓိကအချက်ကို ရိပ်မိခဲ့သည်။ ရှင်ယူဆောင်း၏ စိတ်လှုပ်ရှားမှုကို ကျနော် သတိမထားဘဲ မနေနိုင်ခဲ့ပေ။
"ကျနော် ဆိုလိုတာက…အကိုကင်..."
စကားပြောနေသော ဆူဇူကီးမှာ သာမန်တက္ကသိုလ်ကျောင်းသား တစ်ယောက်နှင့် တူလှသည်။ သူသည် အခြားသူများနှင့် စကားပြောရခြင်းကို အလွန်ပျော်ရွှင်တတ်သည့် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို တွေ့နိုင်သော သာမန်လူငယ်တစ်ဦး ဖြစ်သည်။ ရှင်ယူဆောင်းကို ကျနော်ပြောလိုက်၏။
—တောင်ကိုရီးယားမှာလည်း ဒီလိုလူတွေကို ငါအများကြီး မြင်ဖူးတယ်။ ရှင်သန်ဖို့အတွက် တစ်စုံတစ်ယောက်ကို သတ်ရတဲ့ သာမန်လူတွေပေါ့။
—အဲ့ဒီတုန်းကတော့ ဇာတ်ဝင်ခန်းကြောင့်မို့လို့ ဘာမှမတတ်နိုင်ခဲ့တာလေ။
—အခုလည်း အတူတူပဲ။ အဲ့ဒီလူက ဇာတ်ဝင်ခန်းကြောင့်မို့လို့ လုပ်နေတာ။
—ဒါက ဆင်ခြေသက်သက်ပဲ။ သူ ရှုံးနိမ့်ခဲ့ရင်တောင် သူ သေမှာမဟုတ်ဘူးလေ...
—အဲ့ဒီလို မတွေးနဲ့
ရှင်ယူဆောင်းကို ကျနော်မေးလိုက်သည်။
—အကယ်၍ သေသွားတဲ့ လူသေးသေးလေးတွေကသာ အခု ငါတို့နေရာမှာဆိုရင် အခြေအနေက ထူးခြားသွားလိမ့်မယ်လို့ နင်ထင်လား
—ဆူဇူကီးက မကောင်းတဲ့လူလို့ သမီးမထင်ပါဘူး။ ဒါပေမဲ့ သူက လူကောင်းတစ်ယောက်လို့လည်း သမီး မပြောချင်ဘူး
—မကောင်းမှုဆိုတာ သာမန်ပဲ။ ငါတို့က သာမန်လူတွေဆိုပေမဲ့ ငါတို့က အဆိုးရွားဆုံး ကပ်ဘေးတွေနဲ့ တူနေတာပဲလေ
—ဒါဆို သူက လူဆိုးမဟုတ်ဘူးလား
—မဟုတ်ဘူး။ လူသားတိုင်းက တစ်ယောက်နဲ့တစ်ယောက်အတွက် ကပ်ဘေးတွေကြီးပဲ
ကျနော် တမင်တကာ ပုံကြီးချဲ့ ပြောလိုက်ခြင်း ဖြစ်သည်။ ဤသို့ မပြောခဲ့လျှင် ရှင်ယူဆောင်းသည် လူသတ်ခဲ့ရသည့် အပြစ်ရှိစိတ်မှ ရုန်းထွက်နိုင်မည် မဟုတ်ပေ။ ရှင်ယူဆောင်းက မေး၏။
—ဒါဆို သမီးကလည်း အနာဂတ်မှာ ကပ်ဘေးတစ်ခု ဖြစ်လာမှာလား
—မစိုးရိမ်နဲ့။ အဲ့ဒီလို မဖြစ်အောင် ငါ တားဆီးပေးမယ်
ကျနော့် နားထဲတွင် တဝီဝီမြည်သံ တစ်ခု ကြားလိုက်ရပြီး ကျနော့် ပတ်ပတ်လည်တွင် ပိုးကောင်များ ပျံသန်းနေလေသည်။ ဆူဇူကီးသည် သူ၏ ဇာတ်ကြောင်းကို ဆက်ပြောရင်း စိတ်အနှောင့်အယှက် ဖြစ်သွားပုံရ၏။
"ဒီမှာရှိတဲ့ ပိုးကောင်တွေကျတော့ ကမ္ဘာပေါ်က ပိုးကောင်တွေနဲ့ အရွယ်အစား အတူတူပဲလား။ သူတို့က လူသေးသေးလေးတွေအတွက် ကပ်ဘေးတွေ မဟုတ်ဘူးလား"
"ဟုတ်တယ်နော်"
ထိုသို့ မဖြစ်နိုင်ပေ။ ဤသေးငယ်သော ကမ္ဘာတွင် ပိုးကောင်များသည် ကမ္ဘာမြေပေါ်ကအတိုင်း အရွယ်အစား တူညီမနေနိုင်ပေ။
—ယူဆောင်း။ သူတို့ ဘာပြောနေလဲဆိုတာ နင် နားလည်လား
ရှင်ယူဆောင်းနှင့် လီဂီယောင်တို့ ယဉ်ပါးအောင် လုပ်နိုင်သော မျိုးစိတ်များမှာ မတူညီသော်လည်း 'ကွဲပြားသော ဆက်သွယ်နိုင်စွမ်း' မှတစ်ဆင့် အခြားမျိုးစိတ်များ၏ ဘာသာစကားကို နားလည်ရန် ဖြစ်နိုင်ပေသည်။ ကျနော် အစကတည်းက ရှင်ယူဆောင်းနှင့် လီဂီယောင်ကို အုပ်စုခွဲထားခဲ့ရသည့် အကြောင်းရင်း တစ်ခု ရှိ၏။
—အကိုကြီး... ဒုတိယအဖွဲ့... တွေ့ပြီ...
—ကောင်းပြီလေ။ ဒါဆို ငါ့ရဲ့ မက်ဆေ့ချ်ကို သူတို့ဆီ ပို့ပေးနိုင်မလား
ရှင်ယူဆောင်း ခေါင်းငြိမ့်လိုက်သည်ကို ကျနော် ခံစားလိုက်ရသည်။ ပတ်ပတ်လည်တွင် ပျံသန်းနေသော ပိုးကောင်များသည် မကြာမီ တောအုပ်ထဲသို့ ပျောက်ကွယ်သွားကြ၏။ ဆူဇူကီးသည် အဝေးသို့ ပျံသွားသော ပိုးကောင်များကို ကြည့်ရင်း မေးလိုက်သည်။
"အကိုကင်။ ကျနော် ပြောတာကို နားထောင်နေရဲ့လား"
"နားထောင်နေပါတယ်။ အခြားကမ္ဘာက သတ္တဝါတွေအကြောင်း ပြောနေတာ မဟုတ်လား"
ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် မန်ဂါအကြောင်း ပြောနိုင်သည့်လူမှာ အလွန်ရှားပါးသည်ဟု ကျနော် ထင်မိသည်။ ကျနော် လက်ခံနိုင်ရန် ကြိုးစားလိုက်၏။
"အဲ့ဒီမန်ဂါဇာတ်လမ်းအမျိုးအစားက ဂျပန်မှာ နာမည်ကြီးတယ်လို့ ငါ ကြားဖူးတယ်"
"ဟားဟား။ ဟုတ်ပါတယ်။ အခြားကမ္ဘာက သတ္တဝါတွေကို ကျနော် အကြိုက်ဆုံးပဲ။ အခု ကျနော်တို့ အခြေအနေနဲ့လည်း ဆင်တူတယ်။ ဒါပေမဲ့ သရုပ်ဖော်ဖို့တော့ ခက်တယ်"
ဤကမ္ဘာ မပျက်စီးမီလေးတွင် ဂျပန်နိုင်ငံ၏ ဇာတ်လမ်း အကြောင်းအရာများမှာ တောင်ကိုရီးယားနှင့် ဆင်တူနေပေလိမ့်မည်။
ဂျပန်နှင့် တောင်ကိုရီးယား၏ ဝတ္ထုကဏ္ဍများသည် အတိတ်သို့ ပြန်သွားသည့် ဇာတ်လမ်းများနှင့် ပြည့်နှက်နေ၏။ သို့ပေသိ ဂျပန်ဘက်က အခြေအနေမှာ ပို၍ဆိုးရွားပေလိမ့်မည်။ ဂျပန်လူငယ်များသည် အတိတ်သို့ ပြန်သွားသည့်တိုင် မျှော်လင့်ချက်မရှိဟု တွေးတောကြ၏။
ကျနော် မေးလိုက်သည်။
"ခက်ခဲမှ ပိုပျော်စရာကောင်းတာ မဟုတ်ဘူးလား"
"ဗျာ"
"ဒါက ငါ သဘောကျတဲ့ အရာပဲ"
"ခင်ဗျားက ပျော်နေတာပဲ"
ဆူဇူကီးသည် ချုံပုတ်နိမ့်များကို ခုတ်ထွင်ရှင်းလင်းရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
"ဒါနဲ့ ပြောရဦးမယ်၊ ကျနော်တို့ဘက်မှာ မန်ဂါရေးတဲ့သူ တစ်ယောက်ပါတယ်။ အာဆုခါ လန် ဆိုတဲ့ တစ်ယောက်လေ..."
အာဆုခါ လန် ဟုတ်လား။
"...အဲ့ဒီလူကလည်း အကိုကင် ပြောသလိုမျိုး ပြောဖူးတယ်။ ဇာတ်လမ်းတစ်ပုဒ်က အရမ်းလွယ်ကူနေရင် မပျော်စရာမကောင်းဘူးတဲ့"
"အဲ့ဒီလူက..."
"အို… ရောက်ပါပြီ"
တောအုပ်၏ အလယ်ဗဟိုတွင် သေးငယ်သော ကွင်းပြင်တစ်ခု ပေါ်လာသည်။ နေရာအနှံ့မှနေ၍ စိုးရိမ်တကြီး စောင့်ဆိုင်းနေမှုများက ကျနော့်အသားအရေကို လာရောက်ပွတ်တိုက်နေသကဲ့သို့ပင် ခံစားမိနေလေသည်။ ဖြစ်နိုင်သည်မှာ ဤနေရာသည် ဂျပန်မှဦးဦးဖျားဖျား ရောက်ရှိလာသူများ၏ အဓိက အခြေစိုက်စခန်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း တစ်ခုခုတော့ ထူးဆန်းနေ၏။
[ သင်သည် တစ်စုံတစ်ယောက်၏ 'ကိုလိုနီ' အတွင်းသို့ ဝင်ရောက်ခဲ့ပါပြီ။ ]
[ သင်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ 'ကိုလိုနီနယ်သား' ဖြစ်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီပါသည်။ ]
[ ကိုလိုနီ အကျိုးသက်ရောက်မှုက သင်၏ စွမ်းရည်အလုံးစုံကို လျှော့ချလိုက်ပါသည်။ ]
ကျနော့်အပေါ်ထားရှိသည့် ဆူဇူကီး၏ အမူအရာမှာ ပြောင်းလဲသွားခဲ့လေပြီ။
ဆူဇူကီးက ကျနော့်ကို ပြောလိုက်၏။
"ခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းရတာ ပိုကောင်းတယ်လို့ မင်း ပြောခဲ့တယ်မလား"
လက်နက်ကိုင်ထားသော ဂျပန်လူမျိုး ဒါဇင်ပေါင်းများစွာမှာ ချုံပုတ်များထဲမှ ထွက်လာကြသည်။
"ကောင်းပြီလေ။ ဒါဆိုရင်လည်း ခက်ခဲအောင်လုပ်ပေးရတော့မှာပေါ့"
မမျှော်လင့်ထားသည့် သစ္စာဖောက်မှုကြောင့် ကျနော် အနည်းငယ် အံ့ဩသွားမိသည်။ ဆူဇူကီးက မူလကတည်းက ဤကဲ့သို့သော လူစားမျိုးလော။
[ သီးသန့်စွမ်းရည် 'ဇာတ်ကောင်စာရင်း' အသက်ဝင်လာပါသည်။ ]
[ ဇာတ်ကောင် အနှစ်ချုပ် ]
အမည်
ဆူဇူကီး တဆွတ်ယ
ဝိသေသ လက္ခဏာ
မျက်နှာနှစ်ဖက်ရှိသူ (ရှားပါး)
ထောက်ပံ့သူ
တိတ်ဆိတ်သောဓါး
သဘောပေါက်ပြီ။ ဒါက သူ့ရဲ့ ဝိသေသ လက္ခဏာပဲ။ ငါအတော်ကိုလိုသွားတယ်။
မည်သို့ပင်ဆိုစေကာမူ 'Ways of Survival' မှာ အဆုံးမရှိနိုင်သော ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ စာမျက်နှာ အနည်းငယ်အတွင်း အနှစ်ချုပ်မဖော်ပြနိုင်သော လူ ဘယ်နှယောက်များ ရှိလောက်မည်နည်း။
ထို့ပြင် 'ကိုလိုနီ' အကျိုးသက်ရောက်မှု အသက်ဝင်နေသဖြင့် ဤနယ်မြေ၏ ဘုရင်မှာ 'မြွေ' ဟုတ်ပုံမရချေ။ သူသည် ကျနော်က ကိုရီးယားလူမျိုးမှန်း သိသိကြီးနှင့် ဤဘက်သို့ တမင်တကာ မောင်းနှင်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏...
"မင်းက ဂျိုဆင်ဂျင်း ကို ခေါ်လာတာလား"
(ဘာသာပြန်သူမှတ်ချက် - ဂျပန်တွေ ကိုရီးယားကို နာမ်နှိမ်ပြီး ခေါ်သော အမည်က ဂျိုဆင်ဂျင်းပါ။ မြန်မာတွေ ယိုးဒယားလို့ခေါ်သလိုမျိုးပေါ့)
ချုံပုတ်များထဲမှ ထွက်လာသော ဆာမူရိုင်းတစ်ဦးက ပြောလိုက်ရာ ဆူဇူကီးမှာ ခေါင်းငုံ့သွားသည်။ ထိုဆာမူရိုင်းက မေး၏။
"မင်။က တတိယအုပ်စုကပဲ။ ဝန်ကြီးချုပ်အုပ်စုကလား"
"မဟုတ်ပါဘူး..."
"ဒါဆိုရင် ဒါက လက်ဆောင်ပဏ္ဏာဆက်သတာလား"
"ဟုတ်ပါတယ်"
"မင်းနာမည်က ဘယ်သူလဲ"
"ဆူဇူကီး တဆွတ်ယ ပါ"
"သိပြီ။ ကောင်းတယ် ဆူဇူကီး။ အခုကစပြီး မင်းက ငါတို့အုပ်စုဝင်ဖြစ်သွားပြီ"
ဝန်ကြီးချုပ်...
အခြေအနေများမှာ ပို၍ ဆိုးရွားလာခဲ့လေပြီ။ ကျနော် သိသရွေ့တော့ 'ဝန်ကြီးချုပ်' ဟု ခေါ်ဆိုခြင်းခံရသော ဂျပန်ကိုယ်စားလှယ်မှာ တစ်ယောက်တည်းသာ ရှိသည်။ သူသည် ကျနော် ဖမ်းရမည့် 'မြွေ' အပြင် အရှိန်အဝါ အရှိဆုံးနှင့် အသတိထားရဆုံး ရန်သူများထဲမှ တစ်ဦး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းရည်သည် ကိုရီးယားလူမျိုးများအပေါ် လုံးဝနီးပါး လွှမ်းမိုးမှု ရှိနေသောကြောင့် ဖြစ်၏။
ထိုဆာမူရိုင်းသည် ရှေ့သို့ တိုးလာပြီး စကားပြောသည်။ သူက ဝန်ကြီးချုပ်တော့ မဟုတ်ပေ။
"မဟာ ဂျပန်အင်ပါယာရဲ့ ကျွန်က ကိုလိုနီထဲကို လမ်းလျှောက်ဝင်လာခဲ့ပြီပဲ"
'မကျိုးပဲ့နိုင်သောယုံကြည်မှု'ဓါး၏ လက်ကိုင်ကို ဆုပ်ကိုင်ရင်း ကျနော် ပြောလိုက်သည်။
"တကယ်လို့ ငါ့ကို မင်းတို့တွေ အခု တိုက်ခိုက်ရင် လူသေးသေးလေးအသွင်ပြောင်းလဲမှု စတင်သွားမှာနော်"
"ငါတို့က မင်းကို တိုက်မှာ မဟုတ်ဘူး။ မင်းက ငါတို့ကို တိုက်မှာ"
"ငါက ဘာလို့ လုပ်ရမှာလဲ"
"အဲ့ဒီလိုမှ မဟုတ်ရင် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သေရလိမ့်မယ်"
ဘာဖြစ်တယ်။
"ဒေါ့ဂျာ... တောင်းပန်ပါတယ်"
အသံလာရာဘက်သို့ ကျနော် ကြည့်လိုက်ရာ ဘေးချင်းယှဉ် ရပ်နေသော လူသေးသေးလေး လေးဦးကို တွေ့လိုက်ရသည်။ အတိအကျ ပြောရလျှင် သူတို့မှာ 'လူသေးသေးလေးအဖြစ် အသွင်ပြောင်းခံထားရသူများ' ဖြစ်၏။ ထိုလူတွေမှာ လီဟန်းဆောင်၊ လီဂီယောင်၊ လီဂျီဟယ်... နောက်ဆုံးတွင်တော့ ပြုံးနေသော အမှတ် ၄၀၆ အဖွားအိုတို့ ဖြစ်ကြလေသည်။
ဆာမူရိုင်းသည် လီဟန်းဆောင် ၏ လည်ပင်းကို ဓါးဖြင့် တေ့ထားလိုက်သည်။ "
အခု အခြေအနေကို နားလည်ပြီလား"
ကျနော် မရယ်ဘဲ မနေနိုင်တော့ပေ။ ပုံမှန်ဆိုလျှင် ဤအရာမှာ ကပ်ဘေးတစ်ခု ဖြစ်နိုင်သော်လည်း ကျနော်ကတော့ အတော်လေး ဝမ်းသာမိသည်။ မျှော်လင့်ထားသည့်အတိုင်း ကျနော့်အပေါင်းအဖော်များသည် ဂျပန်များကို နာကျင်အောင် လုပ်ခဲ့ကြပြီး လူသေးသေးလေးများ ဖြစ်သွားခဲ့ကြသည်ပင်။
ရှင်ယူဆောင်းက မေး၏။
—ဦးလေး၊ သမီးတို့ ဘာလုပ်ကြမလဲ
ဘာလုပ်ရမှာလဲ။
[ ၁၀ မိနစ်အတွင်း 'လူသေးသေးလေးများ' ကို အမဲလိုက်ပါ။ မဟုတ်ပါက သင်သည် ကပ်ဘေး၏ လှုပ်ရှားမှုများကို လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိဟု ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက ဆုံးဖြတ်ပါလိမ့်မည်... ]
မြွေကို ဖမ်းရန်အတွက် အချိန်မှာ မှားယွင်းနေသော်လည်း...
ကောင်းပြီလေ။ ပစ်မှတ်အသစ်ကလည်း သိပ်တော့ ကွာခြားတာတော့ မဟုတ်ဘူး။
"လာစမ်းပါ၊ ဂျိုဆင်ဂျင်း"
ကောင်းကင်ကို မော့ကြည့်ရင်း ကျနော် သက်ပြင်းချလိုက်သည်။ ထို့နောက်တွင်တော့ ကြယ်တာရာများသည် ကျနော် စောင့်မျှော်နေခဲ့သကဲ့သို့ တောက်ပလာခဲ့၏။
[ ကိုရီးယား ကျွန်းဆွယ်၏ နက္ခတ်များအားလုံးသည် သင့်အား ကြည့်ရှုနေကြပါသည်။ ]
သူတို့က ဤမျှအထိ စက်ဆုပ်ရွံရှာမှုကို ဖော်ပြနေကြမှတော့ မည်သို့မှ မတတ်နိုင်တော့ပေ။
[ ကိုရီးယား ကျွန်းဆွယ်၏ နက္ခတ်များသည် ဂျပန်တွေ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် ဒေါသထွက်နေကြပါသည်။ ]
[ အချို့သော ကာလတစ်ခုတွင် အသက်ရှင်ခဲ့ကြသည့် နက္ခတ်အချို့သည် သင့်ထံမှ ခေါ်ယူမှုကို စောင့်ဆိုင်းနေကြပါသည်။ ]
တစ်ဖက်လူကို အပြစ်ပေးရန်မှာ ကျနော့်အတွက် သင့်တော်လှပေတော့သည်။
အခန်း ၁၂၄
- အပိုင်း ၂၄ - ပြောင်းလဲနိုင်သော အရာများ (၄)
[ သင်၏ ပုံမှန်မဟုတ်သော အမူအကျင့်များကို ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက သတိပြုမိသွားပါပြီ။ ]
ကျနော် မတိုက်ခိုက်ရသေးသော်လည်း ကျနော့်ကိုယ်ခန္ဓာမှာ သိသိသာသာ သေးသိမ်စပြုလာသည့် လက္ခဏာများ ပြသနေလေသည်။ အကယ်၍ ကျနော်သာ ပြစ်ဒဏ်ခတ်ခံရပါက အခြားအပေါင်းအဖော်များကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားပေလိမ့်မည်။
သူတို့ထံသို့ တမင်တကာ နှေးကွေးစွာ ချဉ်းကပ်ရင်း ကျနော် မေးလိုက်သည်။
"ဘာလို့ ကိုရီးယားလူမျိုးတွေအပေါ် ရန်လိုနေကြတာလဲ"
မူရင်းဝတ္ထုထဲတွင် ဂျပန်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ စောစောစီးစီး မစတင်ခဲ့ပေ။ ထို့ပြင် ကျနော်က အကြွင်းမဲ့ပလ္လင်ကို ဖျက်ဆီးခဲ့သောကြောင့် တောင်ကိုရီးယား၏ ဇာတ်ဝင်ခန်းထဲသို့ ဝင်ရောက်မှုမှာ ပို၍ နှေးကွေးသွားခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့ ဖြစ်ပျက်လာရခြင်းပင်...
"မေးနေဖို့ လိုသေးလို့လား။ မင်းတို့က ငါတို့ကို အရင် ရန်စခဲ့တာလေ"
"...ဒါက အမျိုးသားရေး စိတ်ဓာတ်အကြောင်း ပြောနေတာလား။ ငါ့မှာတော့ ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ်မျိုး မရှိပါဘူး"
"မင်းတို့ ဂျိုဆင်ဂျင်းတွေက ငါတို့ကို အရင် သတ်ခဲ့တာ"
ကျနော်က လီဟန်းဆောင် ကို ကြည့်ပြီး မေးလိုက်သည်။
"တကယ်လား"
"မဟုတ်ပါဘူး။ ကျုပ်တို့တွေက လူသေးသေးလေးတွေကို ကာကွယ်ဖို့အတွက် တိုက်ခိုက်ခဲ့တာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ဂျပန်တွေကိုတော့ မသတ်ခဲ့ပါဘူး"
"မင်းတို့ မသတ်ခဲ့ဘူးဟုတ်လား"
ထိုဆာမူရိုင်းက အံကြိတ်လိုက်သည်။
"ငါက မင်းတို့အကြောင်း ပြောနေတာ မဟုတ်ဘူး။ အပြစ်ကင်းချင်ယောင်ဆောင်နေတာကို ရပ်လိုက်စမ်း"
ငါတို့က အရင်ဆုံး ဝင်ရောက်လာသူတွေ မဟုတ်ဘူးလား။
...နေဦး။
ဂျပန်ကိုယ်စားလှယ်တွေ အဘယ်ကြောင့် ဤကဲ့လို ခံစားနေရသနည်းကို ကျနော် တစ်နည်းနည်းနဲ့ သိလိုက်ရလေပြီ။
ထိုဆာမူရိုင်းက အော်ဟစ်လိုက်သည်။
"အုတ်အော်သောင်းနင်းဖြစ်အောင် မလုပ်နဲ့..."
ဟုတ်ပြီ၊ ဒါပဲ။
[ သီးသန့်စွမ်းရည် 'စာမှတ်' ကို အသက်သွင်းနိုင်ပါပြီ။ ]
[ စာမှတ် နံပါတ် (၄) ကို အသက်သွင်းလိုက်ပါပြီ။ ]
[ 'လေ၏လမ်းစဉ်' အဆင့် ၈ ကို အသက်သွင်းလိုက်ပါပြီ။ ]
ကျနော့်ထံသို့ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ လေဖိအားကြောင့် နောက်သို့ လွင့်စင်သွားသော ဂျပန်များ အော်ဟစ်နေကြစဉ် ထိုခဏအတွင်း ကျနော်က အပေါင်းအဖော်များကို ကယ်တင်လိုက်သည်။
"အားလုံးပဲ… ကျနော့်ကို မြဲမြဲတွယ်ထားကြ"
လီဟန်းဆောင် နှင့် လီဂျီဟယ်တို့က ကျနော့်ပုခုံးပေါ်တွင် တွယ်ကပ်ထားကြပြီး လီဂီယောင်ကတော့ ရှင်ယူဆောင်းနှင့်အတူ ကျနော့်အိတ်ကပ်ထဲသို့ တိုးဝင်သွားသည်။
"ဒါ ငါ့နေရာလေ"
"နင်က တခြားအိတ်ကပ်ထဲ သွားပါလား"
ကလေးတွေ ရန်ဖြစ်နေစဉ်မှာပင် ကျနော်က အမှတ် ၄၀၆ အဖွားအိုကို လက်နှစ်ဖက်ဖြင့် ပွေ့ချီလိုက်သည်။
"ဒါဆို ငါ သွားပြီ"
တောအုပ်ထဲသို့ ကျနော်ပြေးဝင်သွားလိုက်သည်။ ဤနေရာရှိ ဂျပန်အားလုံးကို ရင်ဆိုင်နေရန် မလိုပေ။ အကယ်၍ ကျနော်က တစ်စုံတစ်ယောက်ကို သတ်မိပါက ကျနော့်အစီအစဉ်မှာ ကျရှုံးသွားပေလိမ့်မည်။
[ ကပ်ဘေးတစ်ခုအပေါ် ရန်လိုသော လုပ်ရပ်များကို ထောက်လှမ်းမိပါသည်။ ]
[ သင့်အား ပထမဆုံး ဇာတ်ဝင်ခန်း ပြစ်ဒဏ် ပေးအပ်လိုက်ပါပြီ။ ]
[ သင်၏ ကိုယ်ခန္ဓာ အရွယ်အစားမှာ သေးငယ်သွားပါပြီ။ ]
[ သင်၏ စွမ်းရည်အလုံးစုံမှာ လျော့နည်းသွားပါသည်။ ]
တိုက်ပွဲ၏ အတိုင်းအတာကြောင့် ပြစ်ဒဏ်မှာ စတင်နေပြီ ဖြစ်သည်။ ကျနော့်ကိုယ်ခန္ဓာမှာ ၅ စင်တီမီတာခန့် သေးငယ်သွား၏။ ကံကောင်းထောက်မစွာဖြင့် ကျနော့် ဝတ်ရုံမှာလည်း ကိုယ်ခန္ဓာနှင့်အတူ ကျုံ့သွားခဲ့သည်။ SSS-grade ပစ္စည်းပီပီ အသုံးပြုသူနှင့်အညီ ပုံသဏ္ဌာန် ပြောင်းလဲပေးနိုင်၏။ မည်မျှအထိ သေးငယ်သွားနိုင်မည်နည်းဆိုသည်ကို ကျနော် သိချင်မိသည်။
"သူ့ကို ဖမ်းကြ"
ကျနော့်နောက်မှ လိုက်လာကြသော ဂျပန်များကို တွေ့လိုက်ရသည်။
[ အချို့သော နက္ခတ်များသည် နိုင်ငံ၏ အရှက်ရဖွယ် သမိုင်းကြောင်းအတွက် လက်စားချေလိုကြပါသည်။ ]
[ ဒင်္ဂါး ၂,၀၀၀ ထောက်ပံ့မှု ရရှိပါသည်။ ]
ကိုရီးယား နက္ခတ်များဆီမှ မက်ဆေ့ချ်များမှာ ကျနော့်နားထဲတွင် ဆူညံနေလေသည်။ အမှန်စင်စစ် သူတို့ ဒေါသထွက်နေကြသည်မှာ မဆန်းပေ။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အချို့သော ဂျပန်များတွင် ဒေါသကို ဆွပေးနိုင်သည့် နက္ခတ်များ ရှိနေကြ၏။
ကျနော့်ပုခုံးကို တွယ်ကပ်နေသော လီဂျီဟယ်ကို ကျနော် မေးလိုက်သည်။
"နင့်ရဲ့ ထောက်ပံ့သူက 'သစ္စာရှင်စစ်သူကြီး' ဖြစ်ပါလျက်နဲ့ ဘာလို့ အခုကတည်းက အဖမ်းခံနေရတာလဲ"
"...ဒီနားမှာ ရေမှ မရှိတာ"
'သစ္စာရှင်စစ်သူကြီး' သည် 'နဂါးနှစ်ကောင်ဓါး' ကို မရရှိသေးခင်အထိ ရေမရှိလျှင် အသုံးမဝင်ပေ။ လီဟန်းဆောင် မှာတော့ ကလေးတွေကို ကာကွယ်ပေးရင်း ပြစ်ဒဏ်ခတ်ခံရပုံပေါ်ပြီး လီဂီယောင်ကတော့... လက်ရှိတွင် ရှင်ယူဆောင်းနှင့် စကားပြောနေလေသည်။
"နင်က ပိုးကောင်တွေကို တန်ဖိုးထားသင့်တယ်။ အလကားနေရင်း သတ်ဖို့မလိုဘူး"
"...လူသေးသေးလေးတွေက ပိုးကောင်တွေ မဟုတ်ဘူး"
"သူတို့က ပိုးကောင်တွေလို သေးသေးလေးတွေပဲဟာ"
ဟုတ်ပေသည်။ မည်သို့ဖြစ်ပျက်ခဲ့သည်ကို ကျနော် သိနေ၏။ လီဂီယောင် တစ်ယောက် စိတ္တဇလူသတ်သမား ဖြစ်သွားမည်ကို ကျနော် တစ်ခါတစ်ရံတွင် စိုးရိမ်မိ၏။
"သူ ဝန်ကြီးချုပ်ရှိတဲ့ဘက်ကို သွားနေပြီ"
"ဝန်ကြီးချုပ်ကို ဆက်သွယ်လိုက်ကြ"
ပြစ်ဒဏ်နှင့် ကိုလိုနီအကျိုးသက်ရောက်မှုကြောင့် 'လေ၏လမ်းစဉ်'ကို သုံးထားသော်လည်း ဂျပန်များမှာ ကျနော့်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။ ကျနော်က လီဟန်းဆောင် နှင့် အခြားသူများကို ပြောလိုက်၏။
"မြွေဖမ်းပွဲမတိုင်ခင် ကျနော် ဖမ်းရမယ့်လူတစ်ယောက် ရှိတယ်"
"ဝန်ကြီးချုပ်ကို ဖမ်းရမှာလား"
"သူက ဂျပန်တိုက်ခိုက်ရေးသမားတွေကို ဦးဆောင်နေတဲ့သူပဲ။ သူ သေသွားရင်တော့ ကပ်ဘေးတွေက ခဏလောက် ငြိမ်သွားလိမ့်မယ်"
လူသေးသေးလေးအဖြစ် အသွင်ပြောင်းခြင်း စတင်သည်နှင့် ကပ်ဘေးများနှင့် ကွာဟချက်မှာ အလွန်ကြီးမားသွားသည်။ အကယ်၍ ယခု ဝန်ကြီးချုပ်ကို မဖမ်းမိပါက နောက်ပိုင်းတွင် ကိုင်တွယ်ရ အခက်ခဲဆုံး ဖြစ်လာပေလိမ့်မည်။
ကျနော့်လက်ပေါ်တွင် ထိုင်နေသော အမှတ် ၄၀၆ အဖွားအိုက ကျနော့်ကို မေးလာ၏။
"လူငယ်လေး... ငါက လေးနေလား"
"လေးပါတယ်"
ထိုအဖွားအိုမှာ လေးလံလှသည်။ ကျနော့်ကိုယ်ခန္ဓာ အရွယ်အစား သေးငယ်သွားခြင်းကြောင့် မဟုတ်ပေ။
"နားလည်ရဲ့လား။ အခွင့်အရေးက တစ်ခါပဲ ရှိတာနော်"
အဖွားအိုက ရယ်မောလိုက်သည်။
"အေးပါ... အေးပါ"
ဤစစ်ဆင်ရေး၏ အဓိကအချက်မှာ အမှတ် ၄၀၆ အဖွားအိုပင် ဖြစ်သည်။ မြွေကို လွတ်သွားခဲ့လျှင်တောင် ဝန်ကြီးချုပ်ကို ရှာတွေ့ခဲ့သည်မှာ ကံကောင်းခြင်း ဖြစ်နိုင်ပေသည်။ ဝန်ကြီးချုပ်က သန်မာသော်လည်း ဤအဖွားအို ရှိနေသရွေ့ ဝန်ကြီးချုပ်မှာ သေချာပေါက် အသတ်ခံရမည်သာ ဖြစ်သည်။
ထိုစဉ် ကျနော့်ရှေ့ရှိ ချုံပုတ်များထဲမှ လူတစ်ယောက် ထွက်ပေါ်လာသည်။
"ငါ့ရဲ့ ထောက်ပံ့သူက ဆူညံနေတာပဲ... ဘာတွေ အုတ်အော်သောင်းနင်း ဖြစ်နေတာလဲ"
ထိုသူမှာ ရွှေလက်ပတ်ကို ဝတ်ဆင်ထားပြီး ယာကူဇာတစ်ဦးနှင့် တူလှသည်။ ကျနော် ရှာနေသည့်သူမှာ သူဖြစ်ကြောင်း ပြောနေရန်ပင် မလိုပေ။ သူကတော့ 'ဝန်ကြီးချုပ်' ယာမာမိုတို ပင် ဖြစ်၏။
"...ဂျိုဆင်ဂျင်းလား"
ဝန်ကြီးချုပ်မှာ လူသေးသေး မိန်းကလေး တစ်ဦးကို ပိတ်လှောင်ထားသည့် သံလှောင်အိမ်တစ်ခုကို ကိုင်ထားသည်။
လီဂျီဟယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီလူကတော့..."
လှောင်အိမ်ထဲရှိ မိန်းကလေးမှာ ပထမအုပ်စုမှ 'အာဆုခါ လန်' ဖြစ်နိုင်ပေသည်။ အာဆုခါ လန် သည် 'ကပ်ဘေး' ဖြစ်ရန် ငြင်းဆန်ခဲ့သည့် ပထမဦးဆုံးသော ဂျပန်လူမျိုးဖြစ်သည်။ ကိုရီးယားလူမျိုးတိုင်းမှာ လူကောင်းမဟုတ်သကဲ့သို့ ဂျပန်တိုင်းမှာလည်း လူဆိုးများ မဟုတ်ကြပေ။ ကောင်းခြင်းနှင့် ဆိုးခြင်းဆိုသည်မှာ အခြေအနေအရ တိုက်ဆိုင်မှုများကသာ ဆုံးဖြတ်သွားခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်က မေးလိုက်၏။
"ဟေ့... မင်းက ဘယ်သူလဲ"
[ သီးသန့်စွမ်းရည် 'ဇာတ်ကောင်စာရင်း' အသက်ဝင်လာပါသည်။ ]
[ ဇာတ်ကောင် အကျဉ်းချုပ် ]
အမည်
ယာမာမိုတို ဟာဂျီမဲ
အသက်
၆၄ နှစ်
ထောက်ပံ့သူ
ကိုရီးယားအင်ပါယာကို ကျူးကျော်သူ
ဝိသေသ လက္ခဏာ
နယ်ချဲ့သမား (သူရဲကောင်း)၊ ကာမမှုမိစ္ဆာ (သူရဲကောင်း)၊
ကိုရီးယားဆန့်ကျင်ရေးသမား (ရှားပါး)
သီးသန့် စွမ်းရည်
လက်ဗလာတိုက်ခိုက်ရေး အဆင့် ၇၊ အဆင့်မြင့် လက်နက်လေ့ကျင့်မှု
အဆင့် ၄၊ ဂျပန်ကန်ဒို အဆင့် ၈၊ စိတ်တည်ငြိမ်မှု အဆင့် ၃၊ လူထုကို
ကွပ်ကဲနိုင်စွမ်း အဆင့် ၄...
အထူးစွမ်းရည်
နယ်ချဲ့ခြင်း အဆင့် ၇၊ ဝိညာဉ်အာရုံစူးစိုက်မှု အဆင့် ၅
စွမ်းရည်အလုံးစုံ
ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၆၀ (+၁၀)၊ ခွန်အား အဆင့် ၆၀ (+၁၀)၊ လျှင်မြန်မှုအဆင့် ၆၀ (+၁၀)၊ မှော်စွမ်းအင် အဆင့် ၆၀ (+၁၀)။
ခြုံငုံအကဲဖြတ်ချက်
ဤသူမှာ ဂျပန်ရှိ အဓိက အုပ်စုကြီး လေးခုထဲမှ တစ်ခုကို ဦးဆောင်နေသော ယာမာမိုတို ဟာဂျီမဲ ဖြစ်သည်။ သူသည်
တစ်စုံတစ်ရာသော နိုင်ငံမှ လူများအပေါ် အစွမ်းထက်သော သြဇာသက်ရောက်စေရန် 'နယ်ချဲ့ခြင်း'ကို အသုံးပြုနိုင်သည်။ အကယ်၍ သင်သည် ကိုရီးယား သို့မဟုတ် တရုတ်လူမျိုး
ဖြစ်ပါက ဤသူကို ရင်မဆိုင်ရန် တိုက်တွန်းချင်ပါသည်။
"ဘာလို့ ကိုလိုနီကျွန်တွေက ဒီကို ရောက်နေတာလဲ"
တောင်ကိုရီးယားတွင် ဘုရင်သုံးပါး ရှိသကဲ့သို့ ဂျပန်တွင်လည်း ဤလူ ရှိနေသည်။ နိုင်ငံတိုင်းတွင် မည်သည့်ခေတ်ကို ရောက်နေပြီလဲဆိုသည်ကို သတိမမူမိသူများ ရှိစမြဲပင်။
[ ဇာတ်ဝင်ခန်း အထောက်အပံ့ကြောင့် ယာမာမိုတို ဟာဂျီမဲ၏ ထပ်တူကျမှု မြင့်တက်လာပါသည်။ ]
ကိုရီးယားအင်ပါယာကို ကျူးကျော်သူ... ယာမာမိုတို၏ နောက်ကွယ်ရှိ ထောက်ပံ့သူမှာ ဂျပန်၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်သော အီတို ဟီရိုဘူမီ ပင် ဖြစ်သည်။
[ 'နယ်ချဲ့ခြင်း' ၏ အကျိုးသက်ရောက်မှုက သင်၏ လှုပ်ရှားမှုများကို လေးလံထိုင်းမှိုင်းစေပါသည်။ ]
[ 'နယ်ချဲ့ခြင်း' ၏ အကျိုးသက်ရောက်မှုက သင့်စိတ်ဓာတ်ကို အားနည်းစေပါသည်။ ]
ယာမာမိုတို၏ အထူးစွမ်းရည် 'နယ်ချဲ့ခြင်း' သည် သမိုင်းတွင် ဂျပန်၏ အုပ်စိုးမှုကို ခံခဲ့ရဖူးသည့်သူများအပေါ်တွင် အစွမ်းထက်သော အစွမ်းကျဆင်းစေမှုကို ပေးလေသည်။ စိတ်ပိုင်းဆိုင်ရာ အစွမ်းလျော့ကျစေမှုကို Fourth Wall က ခုခံပေးထားသော်လည်း ကျနော့် လှုပ်ရှားမှုများအပေါ် ကန့်သတ်ချက်မှာမူ အတော်ပင် ကြီးမားလှသည်။
အဖမ်းမခံရအောင် ကြိုးစားရင်း ကျနော်ပြောလိုက်၏။
"လူကြီးလူကောင်းတစ်ယောက်လို ဟန်ဆောင်ဖို့ မကြိုးစားစမ်းနဲ့"
"အညတရလူသား..."
ကိုရီးယားအင်ပါယာကို ကျူးကျော်သူမှာ ဤဇာတ်ဝင်ခန်းတွင် ဇာတ်လမ်းများကို စုဆောင်းရန် ကြိုးစားနေပုံရသည်။ သို့ပေသိ ထိုသို့ ဖြစ်လာမည် မဟုတ်ပေ။
[ မိမိနိုင်ငံ၏ လွတ်လပ်ရေးကို တောင့်တသော နက္ခတ်က သင့်အား ကြည့်ရှုနေပါသည်။ ]
[ ထိုမဟာ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းက သင်သာ ကျည်ဆန်သုံးတောင့် ပေးမည်ဆိုပါက သူ့ကို သတ်ပေးမည်ဟု ကတိပြုပါသည်။ ]
ယာမာမိုတိုထံသို့ တည့်တည့် ကျနော် ပြေးဝင်သွားသည်။ 'မကျိုးပဲ့နိုင်သောယုံကြည်မှု'ဓါးကို ပြန်သိမ်းလိုက်ပြီး 'ဂန်ပြောင်းဝီ' ကို ထုတ်ယူလိုက်၏။
"သူ့ကို သတ်ကြ"
ပါးနပ်လှသော ယာမာမိုတိုသည် သူ၏လူများကို အသားဒိုင်းသဖွယ် အသုံးပြုခဲ့သည်။ ကျနော်သာ တစ်စုံတစ်ယောက်ကို သတ်လိုက်သည်နှင့် တစ်ပြိုင်နက် လူသေးသေးလေးအဖြစ် ပြောင်းလဲသွားမည်ကို သူသိနေ၍ ထိုသို့ပြုလုပ်ခြင်း ဖြစ်သည်။
ယာမာမိုတိုကိုယ်တိုင်ကို သတ်ရန်မှာ ပြဿနာမဟုတ်ပေ။ ပြဿနာမှာ ကျနော်သတ်ဖြတ်ပြီးနောက် ရရှိမည့် ထိခိုက်မှုမှာ လူသေးသေးလေးအဖြစ် ပြောင်းလဲသွားရုံတင် မကခြင်းပင် ဖြစ်၏။
အကယ်၍ ကျနော်သာ တစ်စုံတစ်ယောက်ကို သတ်လိုက်ပါက 'လူမသတ်ဘုရင်' ၏ အကျိုးသက်ရောက်မှုကို ဆုံးရှုံးရပေလိမ့်မည်။ အမှန်စင်စစ် ဤဇာတ်ဝင်ခန်းတွင် 'လူမသတ်ဘုရင်' ဂုဏ်ပုဒ်ကို စွန့်လွှတ်ရန် ကျနော် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့သော်လည်း ယခုချက်ချင်းတော့ မဟုတ်သေးပေ။ ဝန်ကြီးချုပ်ကို ကိုယ်တိုင်သတ်ရန် ကျနော်မတတ်နိုင်သေးချေ။
ထို့ကြောင့် ဤနေရာတွင် တိုက်ခိုက်မည့်သူမှာ ကျနော် မဟုတ်ပေ။
[ 'ဂန်ပြောင်းဝီ' ၏ အထူးရွေးချယ်ခွင့် 'ကြယ်တာရာတို့၏ ပဲ့တင်သံ' အသက်ဝင်လာပါသည်။ ]
[ 'ကြယ်တာရာတို့၏ ပဲ့တင်သံ' က သင့်အား နက္ခတ်တစ်ခုထံမှ အကူအညီတောင်းခံရန် ခွင့်ပြုလိုက်ပါသည်။ ]
[ အကူအညီတောင်းခံခြင်းခံရသောနက္ခတ်သည် သင့်တောင်းဆိုချက်ကို ငြင်းပယ်နိုင်ပြီး နက္ခတ်က တောင်းဆိုချက်ကို တုံ့ပြန်လျှင် 'ဂန်ပြောင်းဝီ' အသုံးပြုနိုင်သည့် အကြိမ်အရေအတွက်မှာ လျော့ကျသွားမည် ဖြစ်ပါသည်။ ]
ကမ္ဘာမြေ အဝိုင်းပြားကို ကျနော် လှည့်လိုက်ရာ မိုးကောင်းကင်အဝိုင်းပြားပေါ်ရှိ နက္ခတ်များမှာ တောက်ပစွာ လင်းလက်လာသည်။
[ ကြီးမြတ်သော နက္ခတ်များက ကြယ်တာရာများမှတစ်ဆင့် စီးဆင်းလာသော သင့်အသံကို ကြားသိရပါသည်။ ]
နက္ခတ်တစ်ခုကို ခေါ်ယူရန် ကျနော် မတွန့်ဆုတ်ခဲ့ပေ။
" 'နိုင်ငံ့လွတ်လပ်ရေး တိုက်ပွဲဝင်သူရဲကောင်း' ကို ကျနော် အလိုရှိပါတယ်"
ကိုရီးယားကျွန်းဆွယ်၏ ရှည်လျားလှသော ကျူးကျော်ခံရမှု သမိုင်းတစ်လျှောက်တွင် လွတ်လပ်ရေးတိုက်ပွဲဝင်သူဟူသော ဘွဲ့ထူးကို ရရှိခဲ့သူများစွာ ရှိခဲ့သည်။ ထိုသူများထဲတွင် 'နိုင်ငံ့လွတ်လပ်ရေး တိုက်ပွဲဝင်သူရဲကောင်း' ဟူသော အမွှမ်းတင်စကားလုံးကို ရရှိထားသူမှာ တစ်ဦးတည်းသာ ရှိ၏။
အဘယ်ကြောင့်ဆိုသော် ကိုရီးယားကျွန်းဆွယ်ရှိ အခြားသော နက္ခတ်များအားလုံးက ထိုဘွဲ့ထူးပိုင်ရှင်ကို ဤအမွှမ်းတင်စကားလုံးအား ပေးအပ်ထားကြသောကြောင့် ဖြစ်သည်။
['နိုင်ငံ့လွတ်လပ်ရေး တိုက်ပွဲဝင်သူရဲကောင်း' နက္ခတ်က သင့်ခေါ်ယူမှုကို တုံ့ပြန်လိုက်ပါသည်။ ]
တည်ငြိမ်ပြီး ကြည်လင်သော စွမ်းအင်တစ်ခုက ကျနော့်စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး ထိုနက္ခတ်၏ ပုံရိပ်မှာ ပေါ်ထွက်လာသည်။ ထိုနက္ခတ်သည် အနက်ရောင် ဝတ်စုံနှင့် အဖြူရောင် စကတ်ကို ဝတ်ဆင်ထား၏။ ထိုနက္ခတ်သည် နက္ခတ်တစ်ခု၏ ရာဇပလ္လင်ပေါ်သို့ တက်လှမ်းရန်အတွက် အလွန်ပင် ငယ်ရွယ်လွန်းလှသော မိန်းကလေးတစ်ဦး ဖြစ်လေသည်။
ကျနော် နှုတ်ဆက်ရန် ပါးစပ်ဟလိုက်သော်လည်း ထိုနက္ခတ်က ခေါင်းယမ်းပြလိုက်သည်။ ကျေးဇူးတင်စကား ပြောရန်ပင် မလိုကြောင်း ပြလိုက်သကဲ့သို့ ဖြစ်၏။ ကျနော် ခေါင်းညိတ်ပြလိုက်၏။ ဂျပန်တွင် အီတို ရှိလျှင် တောင်ကိုရီးယားတွင်လည်း ဤနက္ခတ် ရှိနေပေသည်။
"ဘာလဲဟ... သူ့ရဲ့ ထောက်ပံ့သူက ဘယ်သူလဲ"
ဇဝေဇဝါဖြစ်နေသော ဂျပန်ကိုယ်စားလှယ်များမှာ အော်ဟစ်လိုက်ကြသည်။ သို့ပေသိ ကျနော့်ထံတွင် မည်သည့် ထူးခြားသော လက္ခဏာမှ မတွေ့ရသဖြင့် ဂျပန်များမှာ စိတ်အားပြန်တက်လာကြ၏။
[ အထူးစွမ်းရည် 'လွတ်လပ်ရေး ကြေညာခြင်း အဆင့် ၁' က နယ်ချဲ့ခြင်း၏ အကျိုးသက်ရောက်မှုကို ခုခံလိုက်ပါသည်။ ]
ကျနော့် တိုက်စစ်က စတင်နေပြီဖြစ်ကြောင်း သူတို့ မသိရှိကြပေ။
[ အထူးစွမ်းရည် 'အကြမ်းမဖက်နယ်မြေ' က သင်နှင့် အချို့သော နိုင်ငံမှ လူများ၏ လှုပ်ရှားမှုများကို ပိတ်ဆို့လိုက်ပါသည်။ ]
ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်ရှိ ဂျပန်အားလုံးမှာ ကျောက်ရုပ်သဖွယ် အေးခဲသွားကြသည်။
"ငါ့ခန္ဓာကိုယ် ဘာဖြစ်သွားတာလဲ"
'နယ်ချဲ့ခြင်း' သည် ကိုရီးယားလူမျိုးများအပေါ်တွင် သီးသန့်အသုံးပြုသော အထူးစွမ်းရည် ဖြစ်ခဲ့လျှင် 'အကြမ်းမဖက်နယ်မြေ' မှာ ဂျပန်များအပေါ်တွင် သီးသန့်အသုံးပြုသော အထူးစွမ်းရည် ဖြစ်၏။ ဤအထူးစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် ထိုဧရိယာအတွင်းရှိ ဂျပန်များအားလုံးမှာ ခြေတစ်လှမ်းမျှ မရွေ့နိုင်တော့ပေ။ ထိုစွမ်းရည်မှာ တစ်မိနစ်တိတိ ကြာမြင့်မည် ဖြစ်သည်။
"လှုပ်ကြစမ်း... ခုချက်ချင်း လှုပ်ကြစမ်း"
ဖရိုဖရဲ ဖြစ်နေသော ဂျပန်များထဲတွင် ယာမာမိုတို တစ်ဦးတည်းသာ သဘောကျစွာ ရယ်မောနေလေသည်။ သူသည်လည်း ကျနော့်၏ အထူးစွမ်းရည်အတွင်း ပိတ်မိနေ၏။
"ဒီနက္ခတ်ရဲ့ စွမ်းအားက... စိတ်ဝင်စားစရာပဲ။ ငါ့ရဲ့ ထောက်ပံ့သူကတော့ ရူးမတတ် ဖြစ်နေပြီ"
"..."
"ဒါပေမဲ့ မင်းလည်း လှုပ်လို့မရဘူးလေ။ မင်းက ငါ့ကို ဘယ်လိုသတ်မှာလဲ"
ကျနော် ပြုံးလိုက်သည်။
"ငါက မင်းကို သတ်မှာ မဟုတ်ဘူး"
သဘာဝကျသော စကားကိုသာ ကျနော်ပြောလိုက်၏။ ယာမာမိုတိုကို သတ်မည့်သူမှာ အစကတည်းက သတ်မှတ်ပြီးသား ဖြစ်သည်။
"အဖွား... အခုလုပ်လိုက်တော့"
ကျနော့် ဘယ်ဘက်လက်ပေါ်တွင် ထိုင်နေသော အကျဉ်းသား အမှတ် ၄၀၆က လှုပ်ရှားလိုက်သည်။ မှော်ပညာတစ်ခုကဲ့သို့ပင် အဖွားအို၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကြီးထွားလာ၏။
"အဲ... အဲဒါက ဘာကြီးလဲ"
အမှန်စင်စစ် အဖွားအိုသည် လူသေးသေးလေးအဖြစ် အသွင်ပြောင်းခြင်းဒဏ်ကို မည်သည့်အခါကမျှ မခံခဲ့ရပေ။ အဘယ်ကြောင့်ဆိုသော် အဖွားအိုသည် အစကတည်းက 'လူသေးသေးလေး' တစ်ဦး ဖြစ်နေသောကြောင့်ပင်။ ကျနော့်အမေ၏ လက်အောက်ငယ်သား ဖြစ်သော ယောင်ဝူချိ ၏ ထောက်ပံ့သူက အဖွားအိုအပေါ်တွင် အသုံးပြုပေးထားသော မှော်ပညာကြောင့်ပင် ဖြစ်လေတော့သည်။
"မထိတ်လန့်ကြနဲ့။ သူက အဖွားကြီးတစ်ယောက်ပဲ ဥစ္စာ"
ဂျပန်များမှာ ချည်နှောင်ထားသည့် စွမ်းအားကြောင့် ယိုင်နဲ့နေကြသော်လည်း အဖွားအိုကို တားဆီးရန် ကြိုးစားကြသည်။ အဖွားအိုမှာမူ ပြုံးလျက်ဖြင့် သူတို့ထံသို့ ချဉ်းကပ်သွား၏။
[ ဇာတ်ကောင် 'လီဘုတ်ဆွန်း' က 'သက်ကြီးရွယ်အို အဆင့် ၇' စွမ်းရည်ကို အသက်သွင်းလိုက်ပါသည်။ ]
[ 'လီဘုတ်ဆွန်း' ထက် ငယ်ရွယ်သော ဇာတ်ကောင်များသည် လီဘုတ်ဆွန်းအပေါ် ရိုသေလေးစားမှုကို ခံစားရပါလိမ့်မည်။ ]
"ချီး... ဘာတွေလဲကွာ"
မြေအောက်ရထားပေါ်တွင် လူကြီးများကို နေရာဖယ်ပေးရသကဲ့သို့ ဂျပန်များမှာ ဆုတ်ခွာပေးလိုက်ကြရသည်။ ထိုသို့ပြုမူခြင်းမှာ တမင်တကာ ပြုလုပ်ခြင်း မဟုတ်သည်မှာတော့ အသေအချာပင်။
"ဟဲဟဲ... လမ်းဖယ်ပေးလို့ ကျေးဇူးတင်ပါတယ်ကွယ်။ တကယ်တော့ နေရာဖယ်ပေးဖို့ မလိုပါဘူး"
[ ဇာတ်ကောင် 'လီဘုတ်ဆွန်း' က 'လူကြီးခွန်အား အဆင့် ၆' စွမ်းရည်ကို အသက်သွင်းလိုက်ပါသည်။ ]
"ဒီအဖွားကြီးက သန်လှချည်လား"
အဖွားအိုက တွန်းထုတ်လိုက်သဖြင့် ဂျပန်များမှာ အော်ဟစ်ကာ လဲကျသွားကြသည်။ အဖွားအို၏ လက်မောင်းများမှာ ပေါက်ထွက်တော့မတတ် ဖောင်းကြွနေ၏။ အဖွားအို၏ ပုံပန်းသဏ္ဌာန်မှာ ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသည်။ လီဟန်းဆောင်မှာမူ ခမ်းနားလှသော ထိုကြွက်သားများကို ငေးကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။
"သူ့ကို...တား... တားကြစမ်း"
ဝန်ကြီးချုပ် ယာမာမိုတိုမှာ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သိရှိသွားပြီး အော်ဟစ်လိုက်သည်။
ကျနော်က ပြောလိုက်၏။
"အဖွား... မြန်မြန် လုပ်လိုက်တော့"
လီဘုတ်ဆွန်းက ခေါင်းညိတ်ပြသည်။ အခြေအနေမှာ အသာစီးရနေသော်လည်း အဖွားအိုသည် တစ်စုံတစ်ယောက်ကို သတ်လိုက်သည်နှင့် လူသေးသေးလေး ဖြစ်သွားမည် ဖြစ်သည်။ အရေးကြီးသောအချက်မှာ လူသေးသေးလေး မဖြစ်မီ ပစ်မှတ်ကို သတ်ပစ်ရန် ဖြစ်၏။ လီဘုတ်ဆွန်း၏ ထောက်ပံ့သူထံမှ စွမ်းအင်များ ပေါ်ထွက်လာသည်။
['နိုင်ငံ့လွတ်လပ်ရေး တိုက်ပွဲဝင်သူရဲကောင်း' နက္ခတ် နှင့် 'ဟာဘင်၏ လက်ဖြောင့်သေနတ်သမား'တို့က ပေါင်းစပ်အကျိုးသက်ရောက်မှု တစ်ခုကို ဖန်တီးလိုက်ပါသည်။ ]
[ 'ဟာဘင်၏ လက်ဖြောင့်သေနတ်သမား'သည် ပစ်မှတ်ကို ၁၀၀ ရာခိုင်နှုန်း ထိမှန်နိုင်စွမ်းကို ရရှိပါလိမ့်မည်။ ]
[ 'ဟာဘင်၏ လက်ဖြောင့်သေနတ်သမား' ၏ ကျည်ဆန်ထိခိုက်စေမှုမှာ ၁၅၀ ရာခိုင်နှုန်း တိုးလာမည် ဖြစ်ပါသည်။ ]
ယခုအချိန်တွင် လီဘုတ်ဆွန်းမှာ အဖွားအိုတစ်ဦးထက် တိုက်ခိုက်ရေးသမားတစ်ဦးနှင့် ပိုတူနေလေသည်။ ပြောရမည်ဆိုလျှင် ရည်ရွယ်ချက်တစ်ခုတည်းအတွက်သာ သူ၏ဘဝကို မြှုပ်နှံခဲ့သည့် တိုက်ခိုက်ရေးသမားတစ်ဦးလို ဖြစ်နေသည်။
"သက်ကြီးရွယ်အို ထိုင်ခုံတွေမှာ ထိုင်နေတာ ဘယ်လောက်တောင် ကြာပြီလဲ။ ဒါက ကိုရီးယားအင်ပါယာ မဟုတ်ဘူး။ ငါက လူငယ်တွေနဲ့ အဆင်ပြေအောင် နေခဲ့ပေမဲ့ သူတို့ကလည်း ဘယ်အချိန်မှာ လမ်းဖယ်ပေးရမလဲဆိုတာ သိသင့်တယ်"
[ ဇာတ်ကောင် 'လီဘုတ်ဆွန်း' က 'သုံးချက်ပစ် အဆင့် ၁' စွမ်းရည် ကို အသက်သွင်းလိုက်ပါသည်။ ]
လီဘုတ်ဆွန်းက လက်ညှိုးနှင့် လက်မကို ၉၀ ဒီဂရီ ထောင့်ချိုးထားကာ သေနတ်ပုံစံ ပြုလုပ်လိုက်သည်။ လီဘုတ်ဆွန်း၏ လက်ညှိုးထိပ်တွင် မှော်စွမ်းအင်များ ဖြစ်ပေါ်လာ၏။ ကိုယ်စားလှယ် အများစုမှာ မှော်စွမ်းအင် ကျည်ဆန်များကြောင့် ထိခိုက်မှု အနည်းငယ်သာ ရှိတတ်ကြသည်။ လူတစ်ယောက်မှအပ ဖြစ်သည်။
ဝန်ကြီးချုပ်မှာ ထိတ်လန့်သွား၏။
"အဲ... အဲဒီစွမ်းရည်က….. နင့်ရဲ့ ထောက်ပံ့သူက...ဘယ်သူလဲ"
「 ဇာတ်ခုံအသွင်ပြောင်းခြင်း 」
အချင်းချင်း ဆက်စပ်နေသော နက္ခတ်များ တွေ့ဆုံသည့်အခါ ဖြစ်ပေါ်တတ်သော ဖြစ်စဉ်မှာ စတင်အသက်ဝင်လာသည်။
ပတ်ဝန်းကျင် ရှုခင်းများမှာ ပုံပျက်သွားပြီး ကျနော့်နားထဲတွင် မီးရထားစက်ခေါင်း၏ အင်ဂျင်သံကို ကြားလိုက်ရသကဲ့သို့ ခံစားရသည်။ မြင်ကွင်းမှာ ရှေးဟောင်း မီးရထားဘူတာရုံ စင်္ကြံတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ကျနော် ဤနေရာကို ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်သော်လည်း ဤနေရာမှာ မည်သည့်နေရာဖြစ်ကြောင်း ကျနော် သိနေသည်။
၁၉၀၉ ခုနှစ်၊ ဟာဘင်၊ တရုတ်ပြည်။
"အား..."
ထိုနေရာမှာ အီတို ဟီရိုဘူမီ သေဆုံးခဲ့သည့် နေရာပင် ဖြစ်သည်။
"ဟင့်အင်း... ချီးပဲ... သူ့ကို တားကြစမ်း"
ယာမာမိုတိုက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဇာတ်ခုံအသွင်ပြောင်းခြင်း ဖြစ်ပေါ်ရန်အတွက် နက္ခတ်နှင့် ထပ်တူကျမှုမှာ အကြွင်းမဲ့ ရှိနေရမည် ဖြစ်သည်။
[ ဇာတ်ခုံအသွင်ပြောင်းခြင်း၏ လွှမ်းမိုးမှုသည် 'သုံးချက်ပစ်' ၏ သီးသန့်ပျက်စီးမှုကို သက်ရောက်သွားပါသည်။ ]
[ ကျည်ဆန်များ၏ ထိခိုက်စေမှုမှာ ၂၀၀၀ ရာခိုင်နှုန်း တိုးလာမည် ဖြစ်သည်။ ]
လူတစ်ဦးတည်းကို သတ်ရန်သာ ပြုလုပ်ထားသော ကျည်ဆန်များမှာ လီဘုတ်ဆွန်း၏ လက်ညှိုးထိပ်တွင် တောက်လောင်နေ၏။
['ကိုရီးယားအင်ပါယာကို ကျူးကျော်သူ' နက္ခတ်က ဂျပန်နိုင်ငံ၏ အခြားသော နက္ခတ်များထံမှ အကူအညီ တောင်းခံနေပါသည်။ ]
['ကိုရီးယားအင်ပါယာကို ကျူးကျော်သူ' နက္ခတ်က အော်ဟစ်မြည်တမ်းလျက် ကိုယ်စားလှယ် 'လီဘုတ်ဆွန်း' ကို စိုက်ကြည့်နေပါသည်။ ]
အကျဉ်းသား အမှတ် ၄၀၆ လီဘုတ်ဆွန်း၏ နောက်ကွယ်မှ ထောက်ပံ့သူမှာ အီတို ဟီရိုဘူမီ ကို လုပ်ကြံသတ်ဖြတ်ခဲ့သူ၊ တရားမျှတမှုဘက်တော်သား 'အန်ယောင်ဂွန်း' ပင် ဖြစ်သည်။
"နှုတ်ဆက်ပါတယ်... ဂျပန်အရှင်သခင်ကြီး"
ကျည်ဆန်သုံးချက် ထွက်ပေါ်သွားပြီး ယာမာမိုတိုမှာ သူ၏ ရင်ဘတ်ကို ငေးကြည့်ရင်း နောက်သို့ လဲကျသွားတော့သည်။
အခန်း ၁၂၅
- အပိုင်း ၂၄ - ပြောင်းလဲနိုင်သောအရာများ (၅)
ယာမာမိုတိုသည် ကျည်ဆန်သုံးတောင်ဖြင့်ပင် အသက်ပျောက်သွားသည်။ လီဘုတ်ဆွန်း၏ လက်ညှိုးထိပ်မှ အနောက်တိုင်း ကောင်ဘွိုင်တစ်ဦးကဲ့သို့ အဖြူရောင်မီးခိုးများ ထွက်ပေါ်နေလေ၏။ လီဘုတ်ဆွန်းသည် တကယ့်ကို သန်မာလှသော အဖွားအိုတစ်ဦးပင် ဖြစ်သည်။
[ ကျော်ကြားသော ကပ်ဘေးတစ်ခု ကျဆုံးသွားပါသည်။ ]
[ 'နယ်ချဲ့ဝါဒီ' ဟု ခေါ်တွင်သော ကပ်ဘေး ကွယ်ပျောက်သွားပါသည်။]
[ သင်သည် ဒင်္ဂါး ၅,၀၀၀ ရရှိပါသည်။ ]
[ အဓိက ပါဝင်ကူညီသူများ - လီဘုတ်ဆွန်း၊ ကင်ဒေါ့ဂျာ ]
မြွေဟောက်ကို ကိုယ်တိုင် မဖမ်းလိုက်ရသည်မှာ နှမြောစရာကောင်းသော်လည်း ဝန်ကြီးချုပ်ကို အမဲလိုက်နိုင်ခဲ့သည်မှာ မဆိုးလှသော ဝင်ငွေပင် ဖြစ်သည်။ လာမည့်စစ်ပွဲတွင် ဝန်ကြီးချုပ် မရှိတော့ခြင်းမှာ ဂျပန်စစ်တပ်၏ ရှေ့ဆက်တိုးမှုကို များစွာ အဟန့်အတား ဖြစ်စေလိမ့်မည်။ ရရှိသော လျော်ကြေးမှာလည်း ကြီးမားလှ၏။
[ အချို့သော နက္ခတ်များက သင်၏ လွန်ကဲသော အမျိုးသားရေး စိတ်ဓာတ်အပေါ် ကန့်ကွက်နေကြပါသည်။ ]
ကျနော့် ဇာတ်ဝင်ခန်းနှင့် ပတ်သက်ပြီး ညည်းညူနေကြသော နက္ခတ်များစွာ ရှိသော်လည်း မတတ်နိုင်ပေ။ ကိုရီးယားကျွန်းဆွယ်၏ အမျိုးသားရေး ဝါဒသည် ဒင်္ဂါးများကို ပေးစွမ်းနိုင်သည်။ အကယ်၍ ကျနော်က ဇာတ်လမ်းတစ်ပုဒ်ကို ရောင်းရမည်ဆိုလျှင် ဈေးကြီးကြီးဖြင့် ရောင်းရသည်က ပိုကောင်း၏။
[ ကိုရီးယားကျွန်းဆွယ်ရှိ နက္ခတ်များစွာက သင်၏ ပြန်လည်အသက်သွင်းမှုကို အားပေးနေကြပါသည်။ ]
[ ဒင်္ဂါး ၁၀,၀၀၀ ထောက်ပံ့ခံရပါသည်။ ]
ဧကန်စင်စစ် ယခင်နေ့ရက်ဟောင်းများကို မမေ့သေးသော နက္ခတ်များ ရှိနေကြဆဲပင်။ တွေဝေနေကြသော ဂျပန်ကိုယ်စားလှယ်များမှာ ယာမာမိုတိုထံသို့ ပြေးသွားကြသော်လည်း နောက်ကျသွားခဲ့လေပြီ...
"ဝ... ဝန်ကြီးချုပ်"
ထိုအတောအတွင်း မီတာအနည်းငယ် အကွာအဝေးတွင် ရှိနေသော လီဘုတ်ဆွန်းထံသို့ ကျနော် ပြေးသွားလိုက်သည်။ လီဘုတ်ဆွန်း၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ သေးသိမ်သွား၏။
[ ဇာတ်ကောင် 'လီဘုတ်ဆွန်း' သည် ကပ်ဘေးတစ်ခုအနေဖြင့် ရပိုင်ခွင့်များကို အလုံးစုံ စွန့်လွှတ်လိုက်ပါသည်။ ]
[ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ ဒိုကဲဘီက လီဘုတ်ဆွန်း၏ လုပ်ရပ်ကို ဇာတ်ဝင်ခန်းအား ဆန့်ကျင်သည့် လုပ်ဆောင်ချက်အဖြစ် ရှုမြင်ပါသည်။ ]
[ လူသေးသေးလေးအဖြစ် ပြောင်းလဲခြင်း စတင်ပါမည်။ ]
လီဘုတ်ဆွန်းတွင် ပင်ပန်းနွမ်းနယ်နေသော မျက်နှာအမူအရာ ရှိနေသော်လည်း ထိုသို့ဖြစ်ရခြင်းမှာ 'သုံးချက်ပစ်' စွမ်းရည်ကို အသုံးပြုလိုက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် ဖြစ်ပုံရသည်။ အချို့သော နက္ခတ်များ၏ အထူးစွမ်းရည်များသည် အသုံးပြုသူအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေနိုင်သည်။ ထို့ကြောင့် လီဘုတ်ဆွန်းသည် အထူးစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် လုံးဝ အင်အားကုန်ခမ်းသွားခြင်း ဖြစ်၏။
"လူငယ်လေး... ငါ့ကို တစ်ပါတည်း ခေါ်သွားပါဦး"
"ကျနော့်အိတ်ကပ်ထဲက အဝတ်အစားတွေကို အရင်ဆုံး ဝတ်လိုက်ပါဦး"
အစောပိုင်းက လူသေးသေးလေးများကို ကယ်တင်ခဲ့စဉ်က အပြန်အလှန်အနေဖြင့် ရရှိခဲ့သော အဝတ်အစား အပိုင်းအစ အချို့ ရှိနေလေသည်။ ကျနော်က အဖွားအိုကို ကျနော့်ဝတ်ရုံ၏ ဘယ်ဘက်အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်ပြီး လီဂျီဟယ်က အဖွားအိုကို အဝတ်အစား ဝတ်ဆင်ရန် ကူညီပေးလိုက်သည်။
[ 'လေ၏လမ်းစဉ်' အဆင့် ၈ အသက်ဝင်လာပါသည်။ ]
'စာမှတ်' အတွက် ကျန်ရှိသော အချိန်မှာ ၁၀ မိနစ် ဖြစ်သည်။ ယခု ကျနော်သည် ၁၀ မိနစ်အတွင်း ဤတောအုပ်ဧရိယာမှ ထွက်ခွာရမည် ဖြစ်သည်။
"ဝန်ကြီးချုပ် သေသွားပြီ"
"သူတို့ကို တားကြဟေ့"
ဂျပန်များမှာ ဒေါသထွက်နေကြသည်။
[ သင်သည် ဒုတိယမြောက် ဇာတ်ဝင်ခန်း ပြစ်ဒဏ်ကို လက်ခံရရှိပါသည်။ ]
[ ၅ မိနစ်အတွင်း 'လူသေးသေးလေးများ' ကို အမဲလိုက်ပါ။ အမဲမလိုက်ပါက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုသည် သင့်အား ကပ်ဘေးတစ်ခု၏ လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် ရည်ရွယ်ချက် မရှိဟု ဆုံးဖြတ်ပါလိမ့်မည်။ ]
ချီး။ ၁၀ မိနစ် မဟုတ်ဘဲ ၅ မိနစ်တောင် ဖြစ်သွားပြီ။ အချိန်က အရမ်းတိုတောင်းလိုက်တာ။
"ကျမကိုလည်း တစ်ပါထဲ ခေါ်သွားပေးပါ"
ယာမာမိုတို သေဆုံးချိန်တွင် ပြုတ်ကျကျန်ရစ်ခဲ့သော လှောင်အိမ်အတွင်းမှ ဂျပန်အမျိုးသမီးက အော်ဟစ်လိုက်သည်။
"တောင်းဆိုပါတယ်။ တောင်းဆိုပါတယ်"
ကျနော် မတွန့်ဆုတ်ခဲ့ပေ။ အစကတည်းက အာဆုခါ လန်ကို ကျနော်နှင့်အတူ ခေါ်သွားရန် ရည်ရွယ်ထားပြီးသား ဖြစ်သည်။ လေပြင်းတစ်ချက်ကဲ့သို့ ရှေ့သို့ ကျနော်ခုန်တက်လိုက်ပြီး လှောင်အိမ်ကို ရိုက်ခွဲကာ အာဆုခါ လန်ကို ကျနော့်လက်ထဲသို့ ထည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်။ တကယ်ပါ..."
နှုတ်ဆက်စကားများကို ကျော်လိုက်ပြီး ခြေထောက်နှစ်ဖက်လုံး၏ ကြွက်သားများကို တင်းခံလိုက်သည်။
"သေချာကိုင်ထားပါ"
ကျနော့်၏ မှော်စွမ်းအင်အားလုံးကို အသုံးပြုလိုက်သည်။ လေထုမှာ နှစ်ခြမ်းကွဲသွားပြီး အမြန်ဆုံး 'လမ်းကြောင်း' တစ်ခု ပေါ်ထွက်လာ၏။ ကျနော့်ခြေထောက်များ ဝန်းကျင်ရှိ လေ၏စွမ်းအားက ကြွက်သားများ၏ တိကျသော လှုပ်ရှားမှုများကို ဖမ်းယူကာ အကောင်းဆုံး အရှိန်နှုန်းကို ဖန်တီးပေးလေသည်။
'နယ်ချဲ့ခြင်း' ကွယ်ပျောက်သွားသဖြင့် ယခင်ကထက် ပြေးရသည်မှာ ပိုလွယ်ကူသွားသည်။ သို့သော်လည်း ကျနော့် စွမ်းရည်များမှာ ထက်ဝက် လျော့ကျနေသဖြင့် အမြန်နှုန်းမှာ စိတ်ကျေနပ်စရာ မရှိသေးပေ။ သို့ပေသိ လျှင်မြန်မှု အဆင့် ၃၀ ဖြင့်ပင် ဤကဲ့သို့ အမြန်နှုန်းကို ရရှိနိုင်ခြင်းမှာ 'လေ၏လမ်းစဉ်' သည် အမှန်တကယ်ပင် ကြီးမြတ်သော စွမ်းရည် ဖြစ်သောကြောင့် ဖြစ်၏။
အာဆုခါ လန်က ကျနော့်ကို ပြောလိုက်သည်။
"ရှင်က တကယ်မြန်တာပဲ။ ဒီအမြန်နှုန်းက ဂျပန်က ခါလာဆုတို့နဲ့တောင် ယှဉ်လို့ရတယ်"
"ငါ့မှာ ခွန်အားသာ ပိုရှိရင် ဒီထက်တောင် ပိုမြန်သေးတယ်"
"ခါလာဆုကို သိလား"
"အဲ့ဒါက ဂျပန်က နာမည်ကြီး မိစ္ဆာတစ်ကောင်ပဲ"
'လေ၏လမ်းစဉ်' ကို သုံးလျှင် ခါလာဆုထက် ပိုမြန်သင့်သော်လည်း ယခုက ထိုသို့ ပြောနေရမည့် အချိန်မဟုတ်ပေ။ ထို့ပြင် 'လေ၏လမ်းစဉ်' က ကျနော့်၏ ကိုယ်ပိုင်စွမ်းရည် ဖြစ်သည်ဟုလည်း ပြော၍မရနိုင်ပေ။ 'စာမှတ်' တွင် အချိန်ကန့်သတ်ချက် ရှိနေလေသည်။
"သူ့ကို သတ်ကြ။ ဘာပဲဖြစ်ဖြစ် ငါတို့ကလည်း လူသေးသေးလေးတွေ ဖြစ်သွားကြမှာပဲ"
"လူသေးသေးလေးတွေကိစ္စကို ငါတို့ တာဝန်ယူမယ်။ ဒါကြောင့် သူ့ကိုသာ သတ်လိုက်ကြ"
ဂျပန်များက မတွန့်ဆုတ်ကြတော့ပေ။
"ဝန်ကြီးချုပ်အတွက် လက်စားချေကြဟေ့"
ဓါးအချို့က ကျနော့်ပခုံးကို ကပ်လျက် လွဲချော်သွားကြသည်။ အခြေအနေက အန္တရာယ်ရှိသော်လည်း ထိုအချိန်တွင် ကျနော့်ရှေ့မှ မြေပြင်အနေအထားက စတင်ပြောင်းလဲလာ၏။ ပတ်ဝန်းကျင်ရှိ သစ်ပင်များက လှုပ်ရှားလာပြီး တောအုပ်လမ်းကြောင်းပုံစံ ဖြစ်ပေါ်လာသည်။ တောအုပ်၏ ပုံသဏ္ဌာန်က ပြောင်းလဲနေခြင်း ဖြစ်သည်။
ထိုသို့ပြောင်းလဲခြင်းမှာ မှော်အတတ်ဟု ကျနော် ထင်လိုက်မိသော်လည်း အာဆုခါ လန်က ပြောလာ၏။
"ညရောက်နေပြီ။ သတိထား"
'Ways of Survival' ထဲတွင် ဖော်ပြထားသည်ကို ကျနော် ယခုမှ သတိရလိုက်သည်။ 'ငြိမ်းချမ်းမြေ' ၏ တောအုပ်ဧရိယာသည် ညဘက်တွင် ပုံသဏ္ဌာန် ပြောင်းလဲတတ်ပေသည်။
ပြောင်းလဲသွားပုံမှာ ဝင်္ကပါအမျိုးအစား တစ်ခုဖြစ်ပြီး တောအုပ်ကိုယ်တိုင်က ဧရာမ သတ္တဝါကြီးတစ်ကောင်၏ အစာအိမ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ကျနော် လျှောက်သွားသည့် နေရာတိုင်းတွင် စေးကပ်သော အစာခြေရည်များ ထွက်ပေါ်လာ၏။ 'ငြိမ်းချမ်းမြေ' မှ လူသေးသေးလေးများ ဤတောအုပ်ထဲသို့ မဝင်ရဲကြသည့် အကြောင်းရင်းမှာ ညဘက်တွင် မည်သူမျှ ပြန်မလာနိုင်ကြသောကြောင့် ဖြစ်သည်။
"သူ့ကို ဖမ်းကြဟေ့"
"အားးး"
တောအုပ်၏ အသွင်ပြောင်းမှု စတင်နေပြီဖြစ်ရာ ကျနော့်နောက်သို့ လိုက်လာသော ဂျပန်များမှာ လမ်းပျောက်နေပုံရသည်။ အမှန်စင်စစ် ကြီးမားသော ကပ်ဘေးများကို တောအုပ်က အစာမခြေနိုင်သော်လည်း အချိန်ဆွဲရန်အတွက်မူ လုံလောက်ပေသည်။
[ ၃ မိနစ်အတွင်း 'လူသေးသေးလေးများ' ကို အမဲလိုက်ပါ။ ]
ကျနော် အစွမ်းကုန် ကြိုးစားသော်လည်း ဝင်္ကပါကဲ့သို့သော တောအုပ်ဧရိယာက ကျနော်၏ လမ်းကြောင်း သိမြင်မှုကို ထုံထိုင်းသွားစေသည်။ 'Ways of Survival' ထဲတွင် ညဘက်တောအုပ်မှ လွတ်မြောက်ရန် သီးခြားနည်းလမ်း မရှိပေ။ ထိုအစား...
"ဒီဘက်ကိုသွား"
'Ways of Survival' ထဲတွင် ရေးသားထားသည်မှာ -
「 'ငြိမ်းချမ်းမြေ' တွင် ပထမဆုံး ရရှိရမည့်သူမှာ အာဆုခါ လန် ဖြစ်သည် ။ 」
အာဆုခါ လန်၏ ညွှန်ကြားချက်များနောက်သို့ ကျနော်လိုက်ခဲ့သည်။
"ဟိုသစ်ပင်နားရောက်ရင် ညာဘက်ကို ပြေးပါ"
"ဂျပန်မလေး... နင်က လမ်းကို သိလား"
လီဘုတ်ဆွန်းက ကျွမ်းကျင်သော ဂျပန်ဘာသာဖြင့် မေးလိုက်ရာ အာဆုခါ လန်က တွန့်ဆုတ်စွာ ပြန်ဖြေသည်။
"ကျမ ဒီတောအုပ်အကြောင်း ကောင်းကောင်းသိပါတယ်"
"ဟဲဟဲ... ဒါက သက်ဆိုင်ရာ စွမ်းရည်တစ်ခုလား"
"...ဟုတ်ကဲ့"
အာဆုခါ လန် လိမ်နေသည်ကို ကျနော် သိသည်။ အာဆုခါ၏ ဤတောအုပ်ကို လမ်းညွှန်နိုင်ခြင်းမှာ လမ်းရှာသည့် စွမ်းရည်ကြောင့် မဟုတ်ပေ။ 'ငြိမ်းချမ်းမြေ' နှင့် ပတ်သက်လျှင် အာဆုခါသည် ကျနော် 'Ways of Survival' ကို ကျွမ်းကျင်သကဲ့သို့ပင် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်နိုင်သည်။ ဂျပန်များ အာဆုခါကို ကယ်ထားရသည့် အကြောင်းရင်းမှာလည်း ထိုကြောင့်ပင် ဖြစ်ပေလိမ့်မည်။
အာဆုခါ လန်ကို မချီကာ 'လေ၏လမ်းစဉ်' ကို အမြင့်ဆုံးအဆင့်အထိ ကျနော် အသုံးပြုလိုက်သည်။ ကျနော် လျင်မြန်စွာ ပြေးနေသော်လည်း အချိန်ကန့်သတ်ချက်က ပို၍ပင် မြန်နေသေးသည်။
[ ၁ မိနစ်အတွင်း 'လူသေးသေးလေးများ' ကို အမဲလိုက်ပါ။ ]
နည်းနည်းပဲ။ နည်းနည်းပဲ လိုတော့တယ်။
"သူ့ကို ဖမ်းကြဟေ့"
"သူ့ကို မဖြစ်မနေ ဖမ်းရမယ်"
လမ်းကြောင်းများ အကြိမ်ကြိမ် လိမ်ခေါက်သွားသည်နှင့်အမျှ ကျနော့်နောက်သို့ လိုက်လာသော ဂျပန်များ အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားသည်။
"ရောက်ခါနီးပြီ"
နောက်ဆုံးတွင် တောအုပ်ဧရိယာ၏ အဆုံးသို့ ကျနော်ရောက်ရှိခဲ့သည်။
[ သင်သည် သတ်မှတ်ထားသော အချိန်အတွင်း လူသေးသေးလေးများကို အမဲမလိုက်နိုင်ခဲ့ပါ။ ]
[ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ ဒိုကဲဘီများက သင့်အား ကပ်ဘေးတစ်ခု၏ လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် ရည်ရွယ်ချက် မရှိဟု ဆုံးဖြတ်လိုက်ပါသည်။ ]
[ သင့်အား တတိယမြောက် ဇာတ်ဝင်ခန်း ပြစ်ဒဏ်ကို ပေးလိုက်ပါသည်။ ]
[ လူသေးသေးလေးအဖြစ် ပြောင်းလဲခြင်း စတင်ပါမည်။ ]
ချီးပဲ။
"ကျနော့်ဆီကနေ ခွာကြတော့"
ကျနော်၏ အော်ဟစ်သံကြောင့် အဖွဲ့သားများက တစ်ခုခုကို သတိပြုမိသွားကြပြီး ကျနော့်ကိုယ်ပေါ်မှ ဖယ်ခွာလိုက်ကြသည်။ ကျနော့်ခန္ဓာကိုယ်မှာ ဖျော်ရည်စက်ထဲတွင် ထည့်ပြီး လှည့်ခြင်း ခံနေရသလို ခံစားလိုက်ရ၏။ ခန္ဓာကိုယ်ထဲမှ အင်အားများ ဆုတ်ယုတ်သွားပြီး နားထဲတွင်လည်း မိုးခြိမ်းသံကဲ့သို့ အသံများ ကြားနေရသည်။
မျက်တောင်တစ်ခတ်အချိန်အတွင်း ကျနော့် မြင်ကွင်းမှာ မြေပြင်နှင့် ကပ်လျက် ဖြစ်သွားလေပြီ။ ဤသည်က လူသေးသေးလေးတစ်ယောက်၏ ခံစားချက်မျိုးပင်။ ကံကောင်းသည်မှာ ဝတ်ရုံက ကျနော့်ခန္ဓာကိုယ်နှင့်အတူ သေးသွားခြင်း ဖြစ်သည်။ 'မကျိုးပဲ့နိုင်သောယုံကြည်မှု'ဓါး အပါအဝင် ပစ္စည်းအားလုံးကို သီးခြားနယ်ပယ်ထဲတွင် ထည့်ထားခဲ့သဖြင့် မည်သည့်ပစ္စည်းမျှ ဆုံးရှုံးမှု မရှိပေ။ ပြဿနာမှာ ထိုပစ္စည်းများကို ပြန်ထုတ်သည့် အခါတွင်မှ ဖြစ်လောက်ပေမည်။
"ဦးလေး... အဆင်ပြေရဲ့လား"
အဖွဲ့သားများကို ကျနော်ခေါင်းညိတ်ပြလိုက်ပြီး အဝေးမှ ကျနော့်ကို ကြည့်နေသော အာဆုခါ လန်ကို လှမ်းပြောလိုက်သည်။
"အာဆုခါ လန်"
"...ကျမ နာမည်ကို သိနေတာလား"
"တခြား ဂျပန်တွေ ပြောတာကြားလို့ သိတာပါ။ ငါ့အဖွဲ့သားတွေကို ဗာရိုနီကာ ရဲတိုက်ဆီ ခေါ်သွားပေးဖို့ တောင်းဆိုချင်ပါတယ်"
ကျနော့်စကားကြောင့် အာဆုခါ လန်၏ မျက်လုံးများ ပြူးကျယ်သွား၏။ ကျနော်က 'ငြိမ်းချမ်းမြေ' ထဲက နေရာတစ်ခုရဲ့ နာမည်ကို ဘယ်လိုများ သိနေရတာလဲဆိုပြီး အာဆုခါ လန် အံ့သြနေခြင်း ဖြစ်သည်။
"ရှင်းပြဖို့ အချိန်မရှိဘူး။ တောင်းဆိုပါတယ်။ သူတို့ကို ကျနော် ဒီမှာပဲ တားခဲ့လိုက်မယ်"
"နားလည်ပါပြီ"
အဝေးမှ ဂျပန်များ၏ အသက်ရှူသံများကို ကြားနေရသည်။ ထိုဂျပန်တို့ထဲမှ သုံးယောက်မှာ ကျနော့်နောက်သို့ အဆုံးအထိ လိုက်လာနိုင်ခဲ့ကြ၏။ သူတို့၏ အရပ်အမောင်းများမှာ ကွဲပြားသော်လည်း ရုတ်တရက်ဆိုသလို ထိုသူများမှာ မိစ္ဆာကြီးများကဲ့သို့ ထင်မှတ်ရပေသည်။
"ချီးထုတ် ဂျိုဆင်ဂျင်း"
အကယ်၍ ဂျပန်တစ်ယောက်တည်းသာဆိုလျှင် အဖွဲ့သားများ စုပေါင်းအားဖြင့် တစ်နည်းနည်းနှင့် အနိုင်ယူနိုင်ကောင်း ယူနိုင်ပေလိမ့်မည်။ သို့သော် ယခုက သုံးယောက် ဖြစ်နေလေသည်။
ကျနော်တို့ စွမ်းအားအားလုံးကို အသုံးပြုလျှင်ပင် ထိုသူများကို အနိုင်ယူနိုင်ရန်မှာ သေချာမှု မရှိပေ။ လီဟန်းဆောင်က ပြောလာ၏။
"ခင်ဗျားကို တစ်ယောက်တည်း ထားခဲ့လို့ မဖြစ်ဘူး"
"အားလုံး အသက်ရှင်ဖို့အတွက် ခင်ဗျားတို့ သွားမှဖြစ်မယ်။ ကျနော့်မှာ တစ်ယောက်တည်း လွတ်အောင်ပြေးဖို့ နည်းလမ်းရှိတယ်"
ဝင်္ကပါတောအုပ်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်လာခဲ့ရသော ဂျပန်များက မြေပြင်ပေါ်သို့ တံတွေးထွေးကာ ကျနော်တို့ကို ရက်စက်စွာ ပြုံးပြနေကြသည်။
"ပိုးကောင်တွေလို နင်းခြေပစ်မယ်"
ထိုသူများ ချဉ်းကပ်လာသည်ကို ကြည့်ရင်း ကျနော် အော်ပြောလိုက်၏။
"ဂီယောင်"
လီဂီယောင်က နားလည်မှုရှိရှိနှင့် ခေါင်းညိတ်ပြသည်။ ပိုးကောင်ငယ်လေးများမှာ ဤဘက်သို့ ပျံသန်းလာကြ၏။
"ခဏနေမှ ပြန်တွေ့ကြမယ်"
ပိုးကောင်များက ကျနော့်အဖွဲ့သားများကို တစ်ယောက် သို့မဟုတ် နှစ်ယောက်စီ ကျောပေါ်တွင် တင်ဆောင်သွားကြသည်။ ပိုးကောင်များ၏ အမြန်နှုန်းအရ ကျနော် အချိန်ဆွဲပေးနေစဉ်အတွင်း တော်တော်လေး ဝေးဝေးသို့ ရောက်သွားနိုင်ပေလိမ့်မည်။
"သတိထား။ ဦးလေး"
ဆာမူရိုင်း ဓါးတစ်လက် ကျနော့်ဆီသို့ ပျံသန်းလာစဉ် ရှင်ယူဆောင်းက အော်ဟစ်လိုက်သည်။
ဓါးမှာ ကျနော့်ဘေးမှ မြေပြင်သို့ စိုက်ဝင်သွား၏။ မှော်စွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်လာသဖြင့် ကျနော်သည် လျင်မြန်စွာ လိမ့်ရှောင်လိုက်ရသည်။ ကျနော် လူသားတစ်ယောက် ဖြစ်နေစဉ်ကဆိုလျှင် အရေးမကြီးသော်လည်း ယခုမူ ဓါး၏ အသွားကပင် ကျနော့်အတွက် အန္တရာယ်ရှိနေပေပြီ။ မတော်တဆထိမိလိုက်ရုံဖြင့် ကျနော်သည် နှစ်ပိုင်း ပြတ်သွားနိုင်ချေ ရှိသည်။
"သေပေတော့"
လီဘုတ်ဆွန်းနှင့်အတူ ဝန်ကြီးချုပ်ကို ဖမ်းရန် အစီအစဉ် ရှိခဲ့သော်လည်း ယခုမူ ကျနော့်မှာ သီးခြား နည်းလမ်း မရှိပေ။ ဝင်္ကပါတောအုပ်ထဲသို့ ပြန်ပြေးဝင်ခြင်းဖြင့် တစ်နည်းနည်းနှင့် အချိန်ဆွဲနိုင်ကောင်း ဆွဲနိုင်လိမ့်မည်။ သို့မဟုတ်...
"သူ့ကို ငါသတ်လိုက်မယ်။ မင်းတို့က ကျန်တဲ့လူတွေနောက် လိုက်ကြ"
ဂျပန် သုံးယောက်ထဲမှ နှစ်ယောက်က ခေါင်းညိတ်ကာ ပိုးကောင်များပေါ်ရှိ လူများနောက်သို့ လိုက်သွားကြသည်။ ထိုသို့ အဖြစ်မခံနိုင်ပေ။
[ အထူးစွမ်းရည် 'အကြမ်းမဖက်ဇုန်' အဆင့် ၁ ကို အသုံးပြုလိုက်ပါသည်။ ]
ဂျပန်များ ရပ်တန့်သွားကြ၏။
"ချီူ. နောက်တစ်ခါထပ်ဖြစ်ပြန်ပြီ"
လှုပ်မရ ဖြစ်နေသော ဂျပန်များက ကျနော့်ကို စိတ်ပျက်လက်ပျက်ဖြင့် ပြန်ကြည့်လာကြသည်။
လူသေးသေးလေးအဖြစ် ပြောင်းလဲသွားမှုကြောင့် ကျနော့် မှော်စွမ်းအင်မှာ သိသိသာသာ လျော့နည်းသွားခဲ့ပြီဖြစ်ရာ ထိုသူသုံးယောက်ကို တားဆီးရန်အတွက်ပင် မှော်စွမ်းအင် အမြောက်အမြား အသုံးပြုလိုက်ရသည်။ ကျနော့်ဦးခေါင်းမှာ ကိုက်ခဲလာပြီး နှာခေါင်းမှလည်း သွေးများ စီးကျလာ၏။
['နိုင်ငံလွတ်လပ်ရေး တိုက်ပွဲဝင်သူ' နက္ခတ်က သင့်အား ကောင်းချီးပေးလိုက်ပါသည်။ ]
မက်ဆေ့ချ်နှင့်အတူ အထူးစွမ်းရည် အသုံးပြုရန် လိုအပ်သော မှော်စွမ်းအင်မှာ လျော့နည်းသွားပြီး ကျနော့်ခန္ဓာကိုယ်မှာလည်း သက်သောင့်သက်သာ ဖြစ်သွားသည်။ နက္ခတ်တစ်ခု၏ အသံကို ကျနော့်ဦးခေါင်းထဲတွင် ကြားလိုက်ရ၏။
[ ကလေးငယ်။ ဒါဟာ နင့်ရဲ့ တောင်းဆိုမှုကို ငါတုံ့ပြန်ပေးတဲ့ နောက်ဆုံးအကြိမ်ပဲ ]
"ကျေးဇူးတင်ပါတယ်။ အာဇာနည်ကြီး"
[ သမိုင်းဆိုတာက အမှားတွေ ထပ်မလုပ်မိဖို့ မှတ်တမ်းတင်ထားတာ ဖြစ်တယ်။ နင့်ရဲ့ တစ်ကိုယ်ရည် အောင်မြင်မှုအတွက် အတိတ်ကို ပြန်မလုပ်မိအောင် သတိထားပါ ]
'နိုင်ငံလွတ်လပ်ရေး တိုက်ပွဲဝင်သူ'နက္ခတ်သည် သူ့ကို အသုံးပြုကာ ကျနော့်ဘက်က လွန်ကျူးစွာလုပ်ဆောင်ခဲ့ခြင်းကို သတိပြုမိသွားပုံရသည်။ ကျနော်က 'အကြမ်းမဖက်ဇုန်' ကို အကြမ်းဖက်မှုအတွက် အသုံးပြုလိုက်သဖြင့် ထိုနက္ခတ်မှာ ဒေါသထွက်သွားခြင်း ဖြစ်၏။ ခက်ခက်ခဲခဲ ကျနော် ခေါင်းညိတ်ပြလိုက်ပြီး ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။
[ အကြမ်းမဖက်ဇုန် သက်တမ်းကုန်ရန် ၃၀ စက္ကန့် လိုတော့ပါသည်။ ]
'အကြမ်းမဖက်ဇုန်' ပြီးသွားသည်နှင့် တောအုပ်ဧရိယာဆီသို့ ကျနော် အစွမ်းကုန် ပြေးရပေလိမ့်မည်။
ဓါးများမှာ ပြင်းထန်သော မှော်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ကျနော့်ကို နှစ်ပိုင်းဖြတ်ရန် အားခဲထားကြသည်။ ကျနော် ဤနေရာတွင် သေဆုံးမည် မဟုတ်သော်လည်း အမှားတစ်ခု လုပ်မိပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ပေသည်။
၁၅ စက္ကန့်၊ ၁၄ စက္ကန့်၊ ၁၃ စက္ကန့်...
ထိုအချိန်တွင် ထူးဆန်းသော မက်ဆေ့ချ်တစ်ခုကို ကြားလိုက်ရ၏။
['ခံစစ် သခင်' နက္ခတ်က သင်၏ အခြေအနေအပေါ် ကိုယ်ချင်းစာကာ သနားနေပါသည်။ ]
...ဟင်။
ရင်းနှီးနေသော နက္ခတ်တစ်ခု၏ အမည်ကို ကြားလိုက်ရသည့် ခဏတွင် ထူးဆန်းသော အသံတစ်ခုနှင့်အတူ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
[ ဇာတ်ကောင် 'ဂုံဖီဒူ' က 'လက်နက်ခံတပ်' အဆင့် ၁ ကို အသက်သွင်းလိုက်ပါသည်။ ]
ဒက် ဒက် ဒက် ဒက် ဒက်