← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 17 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 17 Ch. 231-232

‎အခန်း (၂၃၁) - အမှန်တရား၊ စနစ်တကျ ပြင်ဆင်ထားမှုနှင့် အစီအစဉ်နှစ်ခု

‎

‎

‎

‎ယွမ်ကျွင်း၏ အမုန်းတရားများ ပြည့်နှက်နေသောအသံကို နားထောင်နေရင်း ကုချန်သည် ဂရုစိုက်ဟန် မပြခဲ့ပေ။

‎

‎

‎ယွမ်ကျွင်းသည် သက်တမ်းရှည်နန်းတော်အကြောင်း ပြောဆိုရာတွင်... အမုန်းတရားများ ပြည့်နှက်နေသော်လည်း သက်တမ်းရှည်နန်းတော်မှ ချီးမြှင့်ထားသော အသက်ရှည်ပစ္စည်းသာ မရှိခဲ့လျှင်... သူသည် နှစ်ပေါင်းကိုးသောင်းတိုင်အောင် မိမိကိုယ်ကို ချိပ်ပိတ်ခြင်းပြုကာ... ယခုအချိန်ထိ မည်သို့ အကောင်းပကတိ ရှင်သန်နိုင်မည်နည်း။

‎

‎

‎သက်တမ်းရှည်နန်းတော်မှ ပေးသနားသော သက်တမ်းရှည်ပစ္စည်း ရှိနေခြင်းကြောင့်သာ ယွမ်ကျွင်းအနေဖြင့် မိမိကိုယ်ကို ချိပ်ပိတ်ရန် မလိုအပ်ခဲ့ခြင်းဖြစ်သည်။

‎

‎

‎' ချီစွမ်းအင်တစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း ' ပညာရပ်နှင့် ပေါင်းစပ်ထားသော်လည်း... နှစ်ပေါင်းကိုးသောင်း ကြာမြင့်ပြီးနောက်တွင် ယွမ်ကျွင်း၏ကျင့်ကြံမှုအဆင့်သည် အရှင်သခင်အဆင့်တွင်သာ ရပ်တန့်နေပြီး... ထျန်းကျွင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။

‎

‎

‎ဤအရာအားလုံးသည် ကုချန်၏ယခင်ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

‎

‎

‎ဤယွမ်ကျွင်းသည် တကယ်ပင် အသုံးမကျသူ ဖြစ်ချေသည်။

‎

‎

‎ကုချန်၏ စိတ်ထဲတွင် သူ့အား "အသုံးမကျသူ" ဟူ၍ သတ်မှတ်ထားသည်ကို ယွမ်ကျွင်း မသိရှိခဲ့ပေ။

‎

‎

‎သူ၏မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ကုချန်ကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

‎

‎

‎" ကုချန်... မင်းသိလား လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးသောင်းတုန်းက သက်တမ်းရှည်နန်းတော်ရဲ့ မူလပစ်မှတ်က မင်းပဲ... ဒါပေမယ့် အဲဒီအချိန်တုန်းက မင်းရဲ့အရည်အချင်းက ထက်မြက်လွန်းလို့... အထက်စီးဆန်တဲ့ ထျန်းကျွင်းတွေရဲ့ မနာလိုမှုကိုတောင် ဆွဲဆောင်နိုင်ခဲ့တယ်... အဲဒါကြောင့် သူတို့က မင်းကို မြေတောင်မမြှောက်ပေးတော့ဘဲ ငါ့ကို ပျိုးထောင်ဖို့ ရွေးချယ်ခဲ့ကြတာ "

‎

‎

‎" အဲဒီအချိန်တုန်းက မယ်ကူထျန်းကျွင်းက သက်တမ်းရှည်နန်းတော် ကိုယ်စား ငါ့ကို ကတိပေးခဲ့တယ်... ငါသာ သက်တမ်းရှည်နန်းတော်အတွက် ကောင်းကောင်း အလုပ်လုပ်ပေးမယ်ဆိုရင်... 'အသက်ရှည်လောင်းလျာ' စာရင်းထဲ ထည့်ပေးမယ်တဲ့... အနာဂတ်မှာ သက်တမ်းရှည်နန်းတော်ရဲ့ ထျန်းကျွင်းတွေနဲ့အတူ ယှဉ်တွဲပြီး... ထျန်းကျွင်းရာထူးကိုတောင် ရနိုင်မယ်လို့ ပြောခဲ့တာ "

‎

‎

‎ဤအကြောင်းကို ပြောနေရင်း ယွမ်ကျွင်း၏အကြည့်များသည် ရုတ်တရက် ထူးဆန်းသွားပြီး သူ၏အသံတွင် ဖော်ပြ၍မရနိုင်သော လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

‎

‎

‎" ရယ်စရာပဲ... ငါက မင်းကို ကလဲ့စားချေဖို့တောင် မစဉ်းစားရသေးဘူး... သက်တမ်းရှည်နန်းတော်က အဘိုးကြီးတွေက အရင်ဆုံး မနေနိုင် မထိုင်နိုင် ဖြစ်လာကြတာပဲ...သူတို့က မင်းရဲ့ ထက်မြက်မှုကို သတိထားမိပြီး မင်းကို မထိန်းချုပ်နိုင်မှာ... အနာဂတ်မှာ မရေရာမှုတွေ ဖြစ်လာမှာကို ကြောက်ကြတယ်... အဲဒါကြောင့် နတ်ဆိုးနယ်မြေရဲ့ နယ်စပ်ဆီသွားတဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်ကြတာပဲ "

‎

‎

‎" သူတို့ရဲ့ မူလရည်ရွယ်ချက်က... နတ်ဆိုးနယ်မြေကို အသုံးပြုပြီး မင်းကို ရှင်းထုတ်ပစ်ဖို့ပဲ... ဒါပေမယ့် ဘယ်သူထင်မှာလဲ... ရလဒ်က မင်းကို တကယ် မထိန်းချုပ်နိုင် ဖြစ်သွားစေခဲ့တာပဲ... ဟားဟားဟားဟား..... "

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက နတ်ဆိုးနယ်မြေ နယ်စပ်သို့ သွားရာလမ်းကြောင်း ပွင့်လာခြင်းသည် သက်တမ်းရှည်နန်းတော်မှ ထျန်းကျွင်းများ၏ လက်ချက်ပင်လော။

‎

‎

‎ယွမ်ကျွင်း၏စကားများကြောင့် ကုချန် မျက်ခုံးပင့်မိသွားသည်။

‎

‎

‎ဤရလဒ်သည် သူမျှော်လင့်ထားသည်ထက် အနည်းငယ် ကျော်လွန်နေခဲ့သည်။

‎

‎

‎အသက်ရှည်နန်းတော်သည် နတ်ဆိုးနယ်မြေ နယ်စပ်သို့သွားရာ လမ်းကြောင်းကို ဖွင့်နိုင်သည့် နည်းလမ်း မည်သို့ ရှိနေရသနည်း။

‎

‎

‎ယွမ်ကျွင်းပေးသော အကြောင်းပြချက်မှာ ယုတ္တိမရှိလှပေ။

‎

‎

‎" အဲဒီ ထျန်းကျွင်းတွေက ငါ့ကို သတိထားနေတယ်ဆိုရင် သူတို့ကိုယ်တိုင် ငါ့ကို ရှင်းပစ်လို့ ရတာပဲ... နတ်ဆိုးနယ်မြေကို ဆွဲထည့်လိုက်တာက နည်းနည်းလေး မှားတာနဲ့ အဆုံးမဲ့ကမ္ဘာတစ်ခုလုံး ပျက်စီးသွားနိုင်တယ်... ဒါက သူတို့အတွက် တွက်ခြေကိုက်တဲ့ ကိစ္စ မဟုတ်သလိုပဲ "

‎

‎

‎ကုချန်က တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

‎

‎

‎ထျန်းကျွင်းများသည် သူ့ကို သတိထားနေသည်ဆိုပါက ကိုယ်တိုင် အရေးယူနိုင်ပေသည်။ ကျားကိုခိုင်းပြီး ဝံပုလွေကို မျိုစေသကဲ့သို့ နတ်ဆိုးနယ်မြေကို အဘယ်ကြောင့် အသုံးပြုရန် လိုအပ်ရသနည်း။

‎

‎

‎အကယ်၍... လွဲချော်သွားပြီး နတ်ဆိုးနယ်မြေကသာ အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်မည်ဆိုပါက... သူတို့၏ အဆုံးမဲ့ကမ္ဘာကို သိမ်းပိုက်မည့် နောက်ဆက်တွဲ အစီအစဉ်ကို... ထိခိုက်စေမည် မဟုတ်ပါလော။

‎

‎

‎" ဟားဟားဟား... ကုချန်... သက်တမ်းရှည်နန်းတော်က အဘိုးကြီးတွေကို ငါဘာလို့ မုန်းတီးနေလဲ မင်းသိလား "

‎

‎

‎ယွမ်ကျွင်းသည် မျက်ရည်များ ကျလာသည်အထိ ရယ်မောနေလေသည်။

‎

‎

‎" အဲဒီ အဘိုးကြီးတွေက ထျန်းကျွင်းအဆင့်ကို သူတို့ကိုယ်ပိုင်စွမ်းအားနဲ့ တက်လှမ်းခဲ့ကြတာ မဟုတ်ဘူး... အင်မော်တယ်နယ်မြေက အင်အားစုတချို့နဲ့ ပူးပေါင်းပြီး... အထက်အင်မော်တယ်တွေရဲ့ ချီးမြှင့်မှုကို လက်ခံရယူခဲ့တဲ့ ကံကောင်းတဲ့ သစ္စာဖောက်တွေပဲ...အဲဒီလိုလုပ်မှ သူတို့က ထျန်းကျွင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြတာ "

‎

‎

‎" နန်းတော်ထဲက ထျန်းကျွင်းတချို့ဆိုရင်... အရင်က တားမြစ်နယ်မြေ အရှင်သခင်တွေကနေ ပြောင်းလဲလာကြတာလေ... ရယ်စရာကောင်းလိုက်တာ... တကယ့်ကို ရယ်စရာပဲ "

‎

‎

‎" ငါနောက်မှ သိလိုက်ရတာက... နတ်ဆိုးနယ်မြေ လမ်းကြောင်းပွင့်လာတာက ကြိုတင်သတ်မှတ်ထားပြီးသား ကိစ္စတစ်ခုပဲ... အဲဒီအဘိုးကြီးတွေက သူတို့ရဲ့နည်းလမ်းတွေနဲ့ ဒီဖြစ်စဉ်ကို... နည်းနည်းလေး စောအောင် လုပ်လိုက်ကြရုံပဲ "

‎

‎

‎" သူတို့က နတ်ဆိုးနယ်မြေ လမ်းကြောင်းကို စောစောဖွင့်ပြီး မင်းကို ခုခံခိုင်းချင်ကြတာ... ဒီလိုလုပ်တာက မင်းရဲ့အင်အားကို ပြုန်းတီးစေပြီး... ထိန်းချုပ်လို့ရတဲ့ အတိုင်းအတာတစ်ခုအတွင်း ထားရှိနိုင်ရုံတင်မကဘူး နတ်ဆိုးနယ်မြေကိုပါ တားဆီးနိုင်တယ်... ဒီလို ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ အစီအစဉ်မျိုးကို အဲဒီအဘိုးကြီးတွေက သဘောကျတာ... မင်းကို ကိုယ်တိုင် အရေးယူမှာ မဟုတ်ဘူး "

‎

‎

‎" တကယ်လို့များ အဲဒီအချိန်တုန်းက မင်းသာ အသတ်ခံလိုက်ရရင်... နောင်အနာဂတ်မှာ နတ်ဆိုးနယ်မြေ လမ်းကြောင်းပွင့်လာတဲ့အခါ... အဲဒီအဘိုးကြီးတွေက ကိုယ်တိုင်သွားပြီး စောင့်ကြပ်ရမှာပေါ့ "

‎

‎

‎ယွမ်ကျွင်း၏စကားများကို နားထောင်ရင်း... ကုချန်သည် အမူအရာ မပျက်ယွင်းခဲ့သော်လည်း... သူ၏မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။

‎

‎

‎တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးသောင်းတုန်းက သူကလည်း ယွမ်ကျွင်းလိုပဲ သက်တမ်းရှည်နန်းတော်က ထျန်းကျွင်းဆိုသူတွေရဲ့ စစ်တုရင်နယ်ရုပ်အဖြစ် သဘောထားခံခဲ့ရတာကိုး။

‎

‎

‎နှမြောစရာကောင်းသည်မှာ... ကုချန်သည် သာမန် ဧကရာဇ်အဆင့်တစ်ဦးသာ ဖြစ်ခဲ့လျှင် ထိုထျန်းကျွင်းများ၏ ဆန္ဒအတိုင်း ဖြစ်လာနိုင်ပြီး... နောက်ဆုံးတွင် မည်သူက သူ့ကို လှည့်ကွက်ဆင်ခဲ့သည်ကိုပင် မသိလိုက်ဘဲ... သေဆုံးသွားရနိုင်သည်။

‎

‎

‎သို့သော် ယခုအခါ... ကုချန်သည် စစ်တုရင်ခုံတစ်ခုလုံးကို မှောက်လှန်ပစ်နိုင်သည့်... အင်အားကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။

‎

‎

‎ထိုထျန်းကျွင်းများသည်... ကိုယ့်ရှူးကိုယ်ပတ် ကြုံရဖို့သာ ရှိတော့သည်။

‎

‎

‎" ဒါဆို ဧကရာဇ်ဂိတ်မှာ ငါ့ကို ချုံခိုတိုက်ခိုက်ခဲ့တာကလည်း အဲဒီထျန်းကျွင်းတွေ ခိုင်းလို့ လုပ်ခဲ့တာလား "

‎

‎

‎ကုချန်က ဆက်လက် မေးမြန်းလိုက်သည်။

‎

‎

‎" မဟုတ်ဘူး... အဲဒါတော့ မဟုတ်ဘူး... ဧကရာဇ်ဂိတ်မှာ မင်းကို တိုက်ခိုက်သတ်ဖြတ်ဖို့ လုပ်တာက... ငါ့သဘောဆန္ဒသက်သက်ပဲ "

‎

‎

‎ယွမ်ကျွင်း၏မျက်နှာပေါ်မှ ရူးသွပ်မှုများ အနည်းငယ် လျော့ပါးသွားခဲ့သည်။

‎

‎

‎" ငါအရင်က ပြောခဲ့သလိုပဲ... သက်တမ်းရှည်နန်းတော်က အဘိုးကြီးတွေက နတ်ဆိုးနယ်မြေလမ်းကြောင်း ပွင့်တော့မယ်ဆိုတာ သိပြီးသား... အဆုံးမဲ့ကမ္ဘာက နောက်ဆုံးကျရင် ပျက်စီးရမယ်ဆိုတာ သိနေကြတော့... မိုးမရွာခင် ကြိုပြင်တဲ့အနေနဲ့ သိမ်းပိုက်ဖို့ ကမ္ဘာသစ်တွေကို ရှာဖွေနေခဲ့ကြတာ "

‎

‎

‎" အဲဒီနေ့ တကယ်ရောက်လာရင်... အဲဒီအဘိုးကြီးတွေက ငါ့ကို သနားညှာတာမှုမရှိဘဲ စွန့်ပစ်ကြမယ်ဆိုတာ... ငါကောင်းကောင်း သိတာပေါ့ "

‎

‎

‎" ဒါ့အပြင်... သက်တမ်းရှည်နန်းတော်ထဲမှာ မင်းက နတ်ဆိုးနယ်မြေနယ်စပ်ကို နှစ်ပေါင်းကိုးသောင်းကြာ မသေဘဲ စောင့်ကြပ်နေနိုင်တာကို မြင်ပြီး... မင်းကို ငါ့နေရာမှာ အစားထိုးဖို့ 'အသက်ရှည်လောင်းလျာ' အဖြစ် ရွေးချယ်ချင်နေတဲ့... မသေမသိုး အဘိုးကြီးတချို့ ရှိနေသေးတယ် "

‎

‎

‎" ဒါပေါ့... ငါက အဲဒီအဘိုးကြီးတွေ စိတ်တိုင်းကျ ဖြစ်ခွင့်မပေးနိုင်ဘူးလေ... အဲဒါကြောင့် ငါ့ရဲ့ကိုယ်ပွားတစ်ခုကို လွှတ်ပြီး မင်းကို တိုက်ခိုက်သတ်ဖြတ်ဖို့ လုပ်ခဲ့တာပဲ... နှမြောစရာကောင်းတာက မအောင်မြင်ခဲ့တာပဲ "

‎

‎

‎" ဒါပေမယ့်လဲ ဖြစ်ပါတယ်... ငါက အရန်အစီအစဉ် ပြင်ဆင်ထားပြီးသားလေ...မင်းကို တိုက်ခိုက်နေတုန်းမှာပဲ မင်းရဲ့ကုမိသားစုကို ဖျက်ဆီးဖို့ လူလွှတ်ထားခဲ့တာ "

‎

‎

‎" ကုမိသားစုရဲ့ ကံဆိုးမိုးမှောင်ကျမှုကို မင်းသိလိုက်တာနဲ့... မင်းမသေသရွေ့ အဆုံးမဲ့ကမ္ဘာကို ပြန်လာပြီး စုံစမ်းမယ်ဆိုတာ ငါသိတယ်...အဲဒီကျရင် သက်တမ်းရှည်နန်းတော်က အဘိုးကြီးတွေက မင်းကို ကိုင်တွယ်ဖို့... ငါ့ကိုပဲ အားကိုးရတော့မှာလေ "

‎

‎

‎" ပြီးတော့ နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ငါမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာခဲ့တာပဲ "

‎

‎

‎" ငါမမျှော်လင့်ထားတဲ့ တစ်ခုတည်းသော အရာကတော့... မင်းရဲ့အင်အား တိုးတက်နှုန်း အရမ်းမြန်နေတာပဲ... ငါ့အစီအစဉ်တွေကို လုံးဝ ဖျက်ဆီးပစ်လိုက်တာ... တကယ်ကို မုန်းစရာကောင်းချက်ပဲ "

‎

‎

‎ယွမ်ကျွင်းသည် အရာအားလုံးကို တွက်ချက်ထားပြီး... နှစ်ဖက်ညှပ် အစီအစဉ်များပင် ရေးဆွဲထားခဲ့သည်။ အကယ်၍... ကုချန်အား လုပ်ကြံမှု အောင်မြင်ခဲ့ပါက ကလဲ့စားချေနိုင်ရုံသာမက... ဖုံးကွယ်နေသော ရန်သူကြီးတစ်ဦးကိုပါ ရှင်းလင်းနိုင်မည်ဖြစ်ရာ... ဝမ်းမြောက်စရာ ကိစ္စပင် ဖြစ်လိမ့်မည်။

‎

‎

‎မအောင်မြင်ခဲ့လျှင်လည်း... ကုမိသားစုပျက်စီးခြင်းကို အသုံးပြု၍ ကုချန်အား အဆုံးမဲ့ကမ္ဘာသို့ ပြန်လာရန်... မျှားခေါ်နိုင်မည်ဖြစ်သည်။ ထို့အပြင်... ပြဿနာများ ဖန်တီးလိုက်ခြင်းအားဖြင့် သက်တမ်းရှည်နန်းတော်သည် သူ့အား အလွယ်တကူ လက်မလွှတ်ရဲတော့ဘဲ... ဆက်လက်အားကိုးကာ အသုံးပြုလာရမည်ဖြစ်သည်။

‎

‎

‎ဤကဲ့သို့သော ဉာဏ်နီဉာဏ်နက်များသည် တကယ်ပင် အပြစ်ပြောစရာ မရှိချေ။

‎

‎

‎သို့သော်... သူ တွက်ချက်၍ မရနိုင်ခဲ့သော တစ်ခုတည်းသော အရာမှာ... ကုချန်၏ ကျိုးကြောင်းဆီလျော်မှု မရှိလောက်အောင် မြန်ဆန်လွန်းသည့်... အင်အားတိုးတက်မှုပင် ဖြစ်သည်။

‎

‎

‎ထိုအချက်ကြောင့်ပင်... နောက်ဆက်တွဲ အဖြစ်အပျက်များသည် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ကင်းကာ... ရှုပ်ထွေးသွားခဲ့ရခြင်း ဖြစ်သည်။

‎

‎

‎အံ့ဩစရာ မရှိတော့ပေ... ဧကရာဇ်ဂိတ်တွင် ထိုနက်နဲဆန်းကြယ်သော ဧကရာဇ်မှ သူ့အား တိုက်ခိုက်သတ်ဖြတ်စဉ်က... ကုမိသားစု ပျက်စီးတော့မည့် အခြေအနေကို ချက်ချင်း ပြသခဲ့သည်မှာ... အကြောင်းမဲ့သက်သက် မဟုတ်ပေ။ သူ့တွင် ဤကဲ့သို့ ရည်ရွယ်ချက်များ ရှိနေခဲ့ခြင်းသာ.....

‎အခန်း (၂၃၂) - ရွေးချယ်မှု နှစ်ကြိမ်စလုံးမှားယွင်းခြင်း၊ ယွမ်ကျွင်း၏ နိဂုံး

‎

‎

‎

‎ကုချန်၏စိတ်ထဲတွင် အရာအားလုံးသည် နောက်ဆုံး၌ ဆက်စပ်သွားခဲ့လေပြီ။

‎

‎

‎ဖြစ်ရပ်များ၏ သီးခြားအကြောင်းအရာများသည် သူ၏မျက်စိရှေ့တွင် ရှင်းလင်းစွာ ပေါ်လာခဲ့သည်။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်းသိန်းချီက... လူသားဧကရာဇ်သည် ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ကာ... စစ်မှန်သော အင်မော်တယ် နှစ်ပါးကို သတ်ဖြတ်ပြီး... ရွှယ်ကျန်းကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ၎င်းသည်... အဆုံးမဲ့ကမ္ဘာရှိ သက်ရှိများအတွက် အချိန်ဆွဲပေးရန် ရည်ရွယ်ပြီး... နောင်လာနောက်သားများ စစ်မှန်သော အင်မော်တယ်များ၏ အစာမဖြစ်လာစေရန်... ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။

‎

‎

‎သို့သော် ရွှယ်ကျန်းသည် လှည့်ကွက်ငယ်တစ်ခုကို အသုံးပြုပြီး... အဆုံးမဲ့ကမ္ဘာအတွင်းရှိ အချို့သော သက်ရှိများကို သစ္စာဖောက်စေကာ... သူ၏လက်အောက်ခံအဖြစ် အမှုထမ်းစေခဲ့သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာရှိ သက်ရှိသန်းပေါင်းများစွာကို သစ္စာဖောက်ခဲ့သူများသည် သက်တမ်းရှည်နန်းတော်ကို စတင်တည်ထောင်ခဲ့သူများ ဖြစ်နိုင်ခြေများသည်။

‎

‎

‎ထို့နောက်... သက်တမ်းရှည်နန်းတော်မှ ထိုအသက်ရှည်ထျန်းကျွင်းများသည် အင်မော်တယ်တစ်သောင်းမျှော်စင်မှ... စစ်မှန်သော အင်မော်တယ်များကို လျှို့ဝှက်စွာ အမှုထမ်းခဲ့ကြ၏။ သူတို့သည် ကမ္ဘာလောကတွင်... လူသားဧကရာဇ် ချန်ထားခဲ့သော ခြေရာများကို ဖျက်ပစ်ကာ... လူသားဧကရာဇ် ချန်ထားခဲ့သော နေလဧကရာဇ်ကျမ်းစာ အမွေအနှစ်များကို... တိတ်တဆိတ် ဖျက်ဆီးခဲ့ကြသည်။

‎

‎

‎ ထို့အပြင်... အဆုံးမဲ့ကမ္ဘာအတွင်းရှိ ဧကရာဇ်အဆင့် ကျွမ်းကျင်သူများကို သူတို့၏ ထောင်ချောက်ထဲသို့... ကျရောက်စေရန် စဉ်ဆက်မပြတ် မြှူဆွယ်ခဲ့ကြပြီး... အင်မော်တယ်တစ်သောင်းမျှော်စင်မှ အသက်ရှည်ပစ္စည်းများဖြင့် လဲလှယ်ခဲ့ကြသည်။

‎

‎

‎နောက်ပိုင်းတွင်... အချိန်ကြာလာသည်နှင့်အမျှ ထိုအသက်ရှည်ထျန်းကျွင်းများသည် တဖြည်းဖြည်း ပိုဆိုးဝါးလာပြီး... အဆုံးမဲ့ကမ္ဘာအတွင်း သူတို့အတွက် ညစ်ပတ်ပြီး ခက်ခဲသော အလုပ်များကို လုပ်ဆောင်ပေးမည့်... 'ကိုယ်စားလှယ်' များကို စတင်ပျိုးထောင်လာကြသည်။

‎

‎

‎ယွမ်ကျွင်းသည် သက်တမ်းရှည်နန်းတော်မှ ရှေးဟောင်းအသက်ရှည်ထျန်းကျွင်းများ ရွေးချယ်ခဲ့သော 'ကိုယ်စားလှယ်' ဖြစ်သည်။

‎

‎

‎ယွမ်ကျွင်း၏စကားများအရ... အချိန်ကြာလာသည်နှင့်အမျှ ထိုအသက်ရှည်ထျန်းကျွင်းများသည်... မျိုးပွားမြေအဖြစ် အသုံးပြုရန် ကမ္ဘာသစ်များကို ရှာဖွေနေပုံရပြီး... သူတို့၏ ပူးပေါင်းသူများသည်လည်း... မူလက အင်မော်တယ်တစ်သောင်းမျှော်စင်တွင် ရွှယ်ကျန်းတစ်ဦးတည်းသာ ရှိခဲ့ရာမှ... အင်မော်တယ်နယ်မြေ အင်အားစုများစွာအထိ တဖြည်းဖြည်း တိုးချဲ့လာခဲ့သည်။

‎

‎

‎သက်တမ်းရှည်နန်းတော်ဆိုတာ ဒါပါလား... အသက်ရှည်ထျန်းကျွင်းတွေဆိုတာ ဒါပါလား.....

‎

‎

‎ကုချန်၏မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ပေါ်လာလေသည်။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက သူသည် လုံးဝ အမှောင်ထဲတွင် ရှိနေခဲ့သလိုပင်။ နတ်ဆိုးနယ်မြေသို့ သွားရာလမ်းကြောင်း ရုတ်တရက် ပွင့်သွားခြင်းသည်လည်း သက်တမ်းရှည်နန်းတော်အတွင်းရှိ ထျန်းကျွင်းများ၏ လက်ချက်ဖြစ်ကြောင်း သိလိုက်ရသည်။

‎

‎

‎တစ်နည်းအားဖြင့် ပြောရလျှင် ယွမ်ကျွင်း၏ သစ္စာဖောက်မှုသည် ကုချန်ကို နှိုးဆော်လိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။

‎

‎

‎သို့မဟုတ်ပါက... သူသည် ယခုအချိန်ထိ ဧကရာဇ်ဂိတ်ကို... စောင့်ကြပ်နေဆဲ ဖြစ်နိုင်သည်။ သို့မဟုတ်... သူ၏ခန္ဓာကိုယ်အတွင်းရှိ တာအိုဒဏ်ရာများကို မထိန်းချုပ်နိုင်တော့ဘဲ... ဝမ်းနည်းပူဆွေးမှုဖြင့် သေဆုံးသွားနိုင်ပေသည်။

‎

‎

‎" သက်တမ်းရှည်နန်းတော်က ထျန်းကျွင်းတွေ... အဲဒီတုန်းက မင်းကို စိတ်ကြိုက်ကြိုးကိုင်နိုင်ခဲ့တာက လူ့သဘာဝကို ကောင်းကောင်းသိလို့ပဲ... မင်း အမှန်တရားကို သိလိုက်တာနဲ့ အဆုံးမဲ့ကမ္ဘာက သက်ရှိသန်းပေါင်းများစွာအတွက် မင်းကိုယ်မင်း စတေးပြီး.... နတ်ဆိုးနယ်မြေကို တစ်ယောက်တည်း သွားစောင့်မယ်ဆိုတာ သူတို့ သိနေခဲ့တယ် "

‎

‎

‎ယွမ်ကျွင်းသည် ကုချန်ကိုစိုက်ကြည့်ရင်း သူ၏နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာ၏။

‎

‎

‎" ရလဒ်ကလဲ တကယ်ပဲ ဒီလိုဖြစ်လာခဲ့တာပဲ... ဒါပေမယ့် ငါကိုယ်တော် မထင်ခဲ့တာက အဆုံးမဲ့ကမ္ဘာက သက်ရှိသန်းပေါင်းများစွာက ဒီလောက် မိုက်မဲလိမ့်မယ် ဆိုတာပဲ... မင်းထွက်သွားပြီး မကြာခင်မှာပဲ ငါကိုယ်တော်ဘာမှမလုပ်ရသေးဘဲနဲ့... ဒီသာမန်လူတွေက မင်းရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားကြတယ်လေ "

‎

‎

‎" ငါကိုယ်တော်က သူတို့ကို သိပ်ပြီး လမ်းညွှန်မှု မပေးခဲ့ပေမယ့်... သက်ရှိများစွာက မင်းအပေါ် မကောင်းတဲ့ သဘောထားတွေ ထားရှိလာကြတယ်... မင်းက နတ်ဆိုးနယ်မြေကို လုံးဝ သွားမစောင့်ကြပ်ဘဲ အင်မော်တယ်တက်လှမ်းခြင်း ကံကောင်းမှုကို တစ်ယောက်တည်း ခံစားပြီး... အဆုံးမဲ့ကမ္ဘာက သက်ရှိသန်းပေါင်းများစွာရဲ့ လမ်းကြောင်းကို ဖြတ်တောက်လိုက်တယ်လို့ ထင်နေကြတာ "

‎

‎

‎" ဟားဟားဟား... ဘယ်လောက်တောင် လှောင်ပြောင်ချင်စရာကောင်းလိုက်လဲ... မင်းက အဆုံးမဲ့ကမ္ဘာ လူသားမျိုးနွယ်အတွက် နတ်ဆိုးနယ်မြေကို စောင့်ကြပ်ပေးခဲ့ပေမယ့်... လူသားမျိုးနွယ်က မင်းရဲ့ကျေးဇူးကို လုံးဝ နားမလည်ဘဲ... ရန်သူလိုတောင် သဘောထားကြတာလေ "

‎

‎

‎ယွမ်ကျွင်း၏မျက်နှာပေါ်ရှိ ထူးဆန်းသောအပြုံးကို ကြည့်နေသော်ငြား ကုချန်၏အမူအရာသည် တည်ငြိမ်နေဆဲဖြစ်သည်။

‎

‎

‎သူသည် လူသားမျိုးနွယ်၏သဘာဝကို ယခင်ကတည်းက သိမြင်ခဲ့ပြီးဖြစ်သည်။ သို့မဟုတ်ပါက ယွမ်ကျွင်း၏သစ္စာဖောက်မှုကို ခံရပြီးနောက် နတ်ဆိုးနယ်မြေကို ကာကွယ်ရန် လုံးဝ လက်လျှော့လိုက်မည် မဟုတ်ပေ။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက နတ်ဆိုးနယ်မြေ ဖရိုဖရဲဖြစ်မှုသည် အဆုံးမဲ့ကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားခဲ့သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာ ဧကရာဇ်မျိုးနွယ်စုများသည်... ယွမ်ကျွင်း၏ ညွှန်ကြားမှုနှင့် လွှမ်းမိုးမှုအောက်တွင် ကုချန်ကို သစ္စာဖောက်ခဲ့ပြီး... နှစ်ပေါင်းကိုးသောင်းတိုင်အောင် နယ်စပ်သို့ မည်သည့် အထောက်အပံ့မှ မပေးပို့ခဲ့သော်လည်း.....

‎

‎

‎သာမန်လူများကရော ဘာထူးသနည်း.....

‎

‎

‎သူတို့သည်... နတ်ဆိုးနယ်မြေ ဖရိုဖရဲဖြစ်မှုကို လုံးဝ မသိနားမလည်သည် မဟုတ်သော်လည်း... နှစ်ပေါင်းကိုးသောင်းတိုင်အောင် ထိုလူများသည်... နတ်ဆိုးနယ်မြေမှ ခြိမ်းခြောက်မှုသည် သူတို့နှင့် မသက်ဆိုင်သကဲ့သို့... တိတ်ဆိတ်နေခဲ့ကြသည်။

‎

‎

‎ဤကဲ့သို့သော လုပ်ရပ်များသည် စိတ်ပျက်စရာကောင်းပြီး ပို၍ပင် စိတ်ကုန်စေသည်။

‎

‎

‎ကုချန် ဧကရာဇ်ဂိတ်ကို စွန့်ခွာခဲ့ခြင်းသည်... အဆုံးမဲ့ကမ္ဘာ ဧကရာဇ်မျိုးနွယ်စုများမှ သူ့အား... သစ္စာဖောက်ခဲ့ရုံသက်သက်ကြောင့် မဟုတ်ပေ။ ပိုကြီးမားသော အကြောင်းပြချက်မှာ... အဆုံးမဲ့ကမ္ဘာမှ သာမန်လူများအပေါ်... စိတ်ပျက်သွားခြင်းကြောင့်ဖြစ်သည်။ ဧကရာဇ်ဂိတ်ကို မထောက်ပံ့ခဲ့ကြခြင်းက တစ်ပိုင်းဖြစ်သော်လည်း... ကုမိသားစု ပျက်စီးလုနီးပါး ဖြစ်နေချိန်တွင်... မည်သူတစ်ဦးတစ်ယောက်မျှ ကုမိသားစုအတွက်... တရားမျှတမှု စကားတစ်ခွန်းမျှပင် ထွက်မပြောခဲ့ကြ၍ပင်။

‎

‎

‎ဤကဲ့သို့သော ကမ္ဘာကြီးကို ကုချန်အနေဖြင့် ကာကွယ်ရန် ဘာလိုအပ်သေးသနည်း။ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းက ပို၍ သန့်ရှင်းသွားပေလိမ့်မည်။

‎

‎

‎ဤအကြောင်းကို တွေးမိသောအခါ ကုချန်၏နှလုံးသားထဲတွင် ရုတ်တရက် ခံစားချက်များ လှုပ်ရှားသွားလေသည်။

‎

‎

‎ဤအခြေအနေအထိ ရောက်လာရခြင်းသည် ထိုသာမန်လူများ၏ ကိုယ်ပိုင်ရွေးချယ်မှု သက်သက်သာဖြစ်သည်။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်း သိန်းချီက... သူတို့သည် ရေနဂါးမှ နဂါးအဖြစ် ပြောင်းလဲနိုင်မည့်... အခွင့်အရေး ရှိခဲ့သည်။ လူသားဧကရာဇ် ချန်ထားခဲ့သော အထွတ်အထိပ်ကျမ်းစာများကို အားကိုးလျက်... လူတိုင်း နဂါးကဲ့သို့ ဖြစ်လာမည့် စည်ပင်ဝပြောသော ခေတ်တစ်ခုကို ဖန်တီးကာ... နောက်ဆုံးတွင် အင်မော်တယ်နယ်မြေ၏ ခြိမ်းခြောက်မှုမှ လွတ်မြောက်နိုင်မည့် အခွင့်အရေး ရှိခဲ့သည်။

‎

‎

‎သို့သော်... နောက်ဆုံးရလဒ်မှာ လူနည်းစုက သစ္စာဖောက်ရန် ရွေးချယ်ခဲ့ပြီး... လူများစုက ဂရုမစိုက်ဘဲနေရန် ရွေးချယ်ခဲ့ကြသည်။ မည်သူမျှ ထကြွပုန်ကန်ခြင်း မပြုခဲ့ကြပေ။ ထို့ကြောင့်... လူသားဧကရာဇ် မသေဆုံးမီ ဖန်တီးခဲ့သော... ကောင်းမွန်သည့် အခြေအနေသည် လုံးဝ ပျက်စီးသွားခဲ့ရ၏။

‎

‎

‎ယခုအခါ အဆုံးမဲ့ကမ္ဘာမှ သာမန်လူများသည် ဒုတိယအကြိမ် ရွေးချယ်ခွင့်ရခဲ့ကြသည်။ သူတို့သည် ဧကရာဇ်ဂိတ်ကို ထောက်ပံ့ရန် သို့မဟုတ် ကုမိသားစု အန္တရာယ်ကြုံတွေ့နေရချိန်တွင် ကုမိသားစုဘက်မှ ပြောဆိုရန် ရွေးချယ်နိုင်ခဲ့သည်။

‎

‎

‎သို့သော် သာမန်လူများသည် နောက်တစ်ကြိမ် လက်လျှော့လိုက်ပြန်သည်။ သူတို့သည် သူရဲဘောကြောင်သူများ ဖြစ်ရန် ရွေးချယ်ခဲ့ကြသည်။ ၎င်းသည် ကုချန်ကို လုံးဝ စိတ်ပျက်စေခဲ့ပြီး နောက်ဆုံးတွင် အဆုံးမဲ့ကမ္ဘာကို စွန့်ခွာရန် ဆုံးဖြတ်ချက်ချစေခဲ့သည်။

‎

‎

‎ရွေးချယ်မှု နှစ်ကြိမ်... ဤသာမန်လူများသည် နှစ်ကြိမ်စလုံး မှားယွင်းစွာ ရွေးချယ်ခဲ့ကြသည်။

‎

‎

‎ထို့ကြောင့် အဆုံးမဲ့ကမ္ဘာ၏ လက်ရှိအခြေအနေအတွက် လူသားမျိုးနွယ်သည် မည်သူ့ကိုမျှ အပြစ်တင်စရာ မရှိပေ။ ၎င်းသည် သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှုကြောင့်သာ ဖြစ်သည်။

‎

‎

‎" ကုချန်... ငါဘာလို့ မင်းကို ဒီအကြောင်းတွေ အကုန်ပြောပြလိုက်လဲ သိလား "

‎

‎

‎ယွမ်ကျွင်း၏လေသံသည် ပြောင်းလဲသွားကာ တိုးညှင်းသော အသံဖြင့် ပြောဆိုလိုက်သည်။

‎

‎

‎သူဘာကြောင့် အရာအားလုံးကို လွယ်လွယ်ကူကူ ထုတ်ဖော်ပြောပြလိုက်ရသနည်း။

‎

‎

‎ကုချန်နှင့် သက်တမ်းရှည်နန်းတော် နှစ်ခုစလုံးသည်... ယွမ်ကျွင်း၏အမုန်းတရား ပစ်မှတ်များဖြစ်ကြောင်း... ကုချန် ကောင်းစွာသိသည်။ ယခုအခါ... ယွမ်ကျွင်းသည် ကုချန်၏လက်ထဲတွင် ရောက်နေပြီဖြစ်ရာ... လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ကုချန်ကို အရာအားလုံး ပြောပြလိုက်ခြင်းသည်... ကုချန်နှင့် သက်တမ်းရှည်နန်းတော်တို့ သေသည်အထိ တိုက်ခိုက်ကြပြီး... နှစ်ဖက်စလုံး အကြီးအကျယ် ထိခိုက်ဆုံးရှုံးစေရန် မျှော်လင့်ခြင်းသာဖြစ်သည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ... ဘယ်ဘက်ကပဲ ထိခိုက်နစ်နာပါစေ... ယွမ်ကျွင်းအတွက် သတင်းကောင်း ဖြစ်လိမ့်မည်။

‎

‎

‎ဒါသည်လည်း မသေဆုံးမီ သူလုပ်နိုင်သည့် တစ်ခုတည်းသော ပေါ်ပေါ်ထင်ထင် လုပ်ကြံမှုပင်ဖြစ်သည်။

‎

‎

‎နှမြောစရာကောင်းသည်မှာ... ကုချန်၏လက်ရှိအင်အားဖြင့် ထျန်းကျွင်းများကို မဆိုထားနှင့်... သာမန် အင်မော်တယ်ထျန်းကျွင်းများကိုပင်... သတ်ဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သက်တမ်းရှည်နန်းတော်ကို ဖျက်ဆီးရန်မှာ... သူ့အတွက် မခက်ခဲပေ။

‎

‎

‎" ကုချန်... သက်တမ်းရှည်နန်းတော်ရဲ့ တည်နေရာ အတိအကျက..... "

‎

‎

‎ရုတ်တရက် ယွမ်ကျွင်းသည် စကားစလိုက်၏။ သူသည် ကုချန်အား သက်တမ်းရှည်နန်းတော်၏ တည်နေရာ အတိအကျကို ပြောပြတော့မည့်ဟန်ရှိသည်။ သို့သော်... သူ မပြောနိုင်မီတွင် သူ၏ နတ်ဘုရားဝိညာဉ် အတွင်းပိုင်းတွင် ထားရှိသော... စစ်မှန်သော အင်မော်တယ် တားမြစ်ပိတ်ပင်မှု စတင်လှုပ်ရှားလာကာ... ယွမ်ကျွင်း၏ မျက်နှာသည် ချက်ချင်း ကြောက်မက်ဖွယ် ဖြစ်သွားခဲ့လေသည်။

‎

‎

‎နောက်တစ်ခဏတွင်... ယွမ်ကျွင်း၏ လက်ကျန် နတ်ဘုရားဝိညာဉ် အပိုင်းအစသည် ရေခဲနှင့် နှင်းများ အရည်ပျော်ကျသွားသကဲ့သို့... ပျောက်ကွယ်သွားလေတော့သည်။ သူသေဆုံးသည်အထိ သက်တမ်းရှည်နန်းတော်၏ တည်နေရာ အတိအကျကို မပြောပြနိုင်ခဲ့ပေ။

‎

‎

‎ဤရလဒ်သည် ကုချန်အတွက် အံ့ဩစရာ မဟုတ်ပေ။

‎

‎

‎သက်တမ်းရှည်နန်းတော်သည် သတိကြီးစွာ ထားတတ်၏။ ယွမ်ကျွင်း၏အသိစိတ်ပင်လယ်ထဲတွင် တားမြစ်ပိတ်ပင်မှု တစ်ခုပင် ထည့်ထားခဲ့လေသည်။ သက်တမ်းရှည်နန်းတော်၏ တည်နေရာ အတိအကျကို တစ်စုံတစ်ယောက်အား ထုတ်ဖော်ပြောခွင့်ပြုမည် မဟုတ်ပေ။

‎

‎

‎မသိရသည်မှာ... လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းက ကုဝူရှန့်သည် သက်တမ်းရှည်နန်းတော်၏ တည်နေရာသို့... မည်သို့ အမှတ်မထင် ရောက်ရှိသွားခဲ့သနည်း ဆိုသည်ပင်။ တိုက်ဆိုင်မှုလား သို့မဟုတ် တစ်စုံတစ်ယောက်၏ တမင်စီစဉ်မှု ရလဒ်လော။

‎

‎

‎" သက်တမ်းရှည်နန်းတော်..... "

‎

‎

‎ယွမ်ကျွင်း၏ဝိညာဉ်လွင့်ပါးကာ... ပြန့်ကျဲသွားသောနေရာကို ကြည့်ရင်း... ကုချန်သည် တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။

‎

‎

‎ယွမ်ကျွင်း သေဆုံးသွားပြီဖြစ်ရာ... သူ၏နောက်ထပ်ပစ်မှတ်မှာ သက်တမ်းရှည်နန်းတော်အတွင်းရှိ... ရှေးဟောင်းအသက်ရှည်ထျန်းကျွင်းများပင် ဖြစ်တော့သည်။

All Chapters