အခန်း (၂၃၇-၂၃၈)
Vol. 17 Ch. 237-238
အခန်း (၂၃၇) - ဖီးနစ်ဧကရာဇ် သခင်အဖြစ် ခံယူခြင်း၊ အရှင်သခင်သုံးပါး မောင်းထုတ်ခံရခြင်းနှင့် တစ်ခုတည်းသော နည်းလမ်း
ကျန်းထျန်း?
ကျန်းထျန်းရှေးဟောင်းဧကရာဇ်မှ သစ္စာခံယူရန် ရွေးချယ်လိုက်သည့်အခါ... လင်းအရှင်နှင့် ရွှမ်အရှင်တို့သာမက... ဖီးနစ်ဧကရာဇ်ပင် အံ့အားသင့်သွားရပြီး... ကျန်းထျန်းရှေးဟောင်းဧကရာဇ်အား အကြိမ်ကြိမ် ကြည့်မိလိုက်ကြသည်။
မူလက အရှင်ငါးပါးအနက်... မိမိသာလျှင် ဆုံးဖြတ်ချက်အပြတ်သားဆုံးဟု သူထင်မှတ်ခဲ့သော်လည်း... ကျန်းထျန်းရှေးဟောင်းဧကရာဇ်သည် သူ့ထက်ပင် ပိုမိုပြတ်သားနေမည်ဟု... မထင်မှတ်ထားခဲ့မိချေ။
ကောင်းကင်ဘုံအရှင်သခင်မှ အခြားသူများအား... အင်မော်တယ်တက်လှမ်းခြင်း၌ ကူညီနိုင်စွမ်းမရှိကြောင်း ပြောကြားသည်ကို ကြားသိခဲ့ရလျက်နှင့်ပင်... သူသည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ... ချက်ချင်းဆိုသလို မိမိ၏ဝိညာဉ်အမှတ်အသားကို ဆက်သကာ... ကောင်းကင်ဘုံအရှင်သခင်အား သခင်အဖြစ် အသိအမှတ်ပြုရန်... ရွေးချယ်လိုက်သည်။
" ကျန်းထျန်းဆိုတဲ့လူက ဘာလို့ ဒီလောက်တောင် ပြတ်သားနေရတာလဲ "
ဖီးနစ်ဧကရာဇ်သည် နားမလည်နိုင်စွာ တွေးတောမိလိုက်၏။ သူ မသိရှိထားသော "အတွင်းသတင်း" တစ်စုံတစ်ရာကို ထိုသူ သိရှိထားလေသည်လော။
ဖီးနစ်ဧကရာဇ်သည် စိတ်ထဲ၌ တီးတိုးရေရွတ်နေမိ၏။ ဤကျန်းထျန်းရှေးဟောင်းဧကရာဇ်သည် သူ့နည်းတူ မူလရှေးဟောင်းတွင်းနက်မှ လာသူဖြစ်သော်လည်း... ဧကရာဇ်အဖြစ် ရောက်ရှိကာ အရှင်သခင်ဖြစ်လာသည့် သက်တမ်းမှာ... အခြားအရှင်များထက် များစွာ လျော့နည်းသည်။ တားမြစ်နယ်မြေရှိ အရှင်သခင်အများအပြားအနက်... သူသည် အသက်အငယ်ဆုံးဖြစ်လေသည်။
ထို့အပြင် တားမြစ်နယ်မြေသို့ ဝင်ရောက်ပြီးနောက်... ဤလူသည် အမြဲတစေ အနေအထိုင် သိုသိပ်လေ့ရှိပြီး... တားမြစ်နယ်မြေတစ်ခုတည်းမှ အရှင်သခင်များနှင့်ပင်... များစွာ ဆက်ဆံလေ့ မရှိပေ။ ထို့ကြောင့်... ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည် ကျန်းထျန်းရှေးဟောင်းဧကရာဇ်မှာ... အတိတ်က လူသားမျိုးနွယ်မှ မွေးဖွားလာသော ဧကရာဇ်တစ်ပါးဖြစ်သည်မှလွဲ၍... သူ၏နောက်ခံနှင့်ပတ်သက်ပြီး မည်သည်ကိုမျှ မသိရှိကြချေ။
သို့သော်... တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ပြီး အရှင်သခင်တစ်ပါးအဖြစ် ခံယူရန် ရွေးချယ်လိုက်ပြီဖြစ်ရာ... လူသားမျိုးနွယ်ဧကရာဇ် ဟုတ်မဟုတ်မှာ အရေးမကြီးတော့ပေ။ ထို့ကြောင့်... တားမြစ်နယ်မြေတစ်ခုတည်းရှိ အခြားအရှင်သခင်များသည်... သူ့အား သိပ်ပြီး အာရုံမစိုက်ခဲ့ကြခြင်း ဖြစ်သည်။
ကျန်းထျန်းရှေးဟောင်းဧကရာဇ်၏ ပြတ်သားသော သစ္စာခံယူမှုကြောင့်... ကုချန်သည်လည်း ဤအရှင်သခင်အား အကြိမ်ကြိမ် ကြည့်မိသည်အထိ... ဖြစ်သွားရသည်။
ထို့နောက်... ကုချန်သည် ကျန်းထျန်းရှေးဟောင်းဧကရာဇ်အား နက်ရှိုင်းစွာ ကြည့်လိုက်ပြီး... သူဆက်သလာသော ဝိညာဉ်အမှတ်အသားကို သိမ်းဆည်းလိုက်ကာ... လျစ်လျူရှုထားသောလေသံဖြင့် ပြောကြားလိုက်သည်။
" ဒီလိုဆိုမှတော့ မင်းရဲ့သစ္စာခံမှုကို ငါလက်ခံတယ် "
" ဟုတ်ကဲ့ပါ "
ကုချန်မှ သူ၏ဝိညာဉ်အမှတ်အသားကို သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ... ကျန်းထျန်းရှေးဟောင်းဧကရာဇ်သည် စကားထပ်မဆိုတော့ဘဲ ဘေးတစ်ဖက်သို့ တည်ငြိမ်စွာ ဆုတ်ခွာသွားသဖြင့်... သူ၏စိတ်ထဲတွင် မည်သည်ကို တွေးတောနေသည်အား... မည်သူမျှ ခန့်မှန်း၍ မရနိုင်တော့ချေ။
ကျန်းထျန်းရှေးဟောင်းဧကရာဇ်မှ သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီကို မြင်လိုက်ရသဖြင့်... ဖီးနစ်ဧကရာဇ်၏ စိတ်အစဉ်သည် ရုတ်ချည်းဆိုသလို လှုပ်ရှားသွားပြီး... အတွေးပေါင်းများစွာ တမဟုတ်ချင်း ဖြတ်သန်းသွားလေ၏။
သူချက်ချင်း ဆုံးဖြတ်ချက်ချမှ ဖြစ်မည်ကို သိ၏။ အကယ်၍ သူသာ ဆက်လက်တုံ့ဆိုင်းနေပါက... ဤကောင်းကင်ဘုံအရှင်သခင်အား စိတ်အလိုမကျ ဖြစ်သွားစေမည်ကို စိုးရိမ်ရပြီး... ထိုအချိန်ကျမှ သစ္စာခံယူချင်ပါသည်ဟု ပြောလျှင်ပင်... အခွင့်အရေးရတော့မည် မဟုတ်ပေ။
ဤအချက်ကို တွေးမိသောအခါ... ဖီးနစ်ဧကရာဇ်သည် သွားကိုတင်းတင်းကြိတ်လိုက်ပြီး ကုချန်အား ဦးညွှတ်ကာ... လက်ဝါးနှစ်ဖက်ကို မြှောက်လျက် သူ၏ဝိညာဉ်အမှတ်အသားကို ဆက်သလိုက်သည်။
" ဖီးနစ်ဧကရာဇ်ကလဲ ကောင်းကင်ဘုံအရှင်သခင်ကို သခင်အဖြစ် အသိအမှတ်ပြုပြီး ဘယ်လိုအမိန့်မျိုးကိုမဆို နာခံပါ့မယ်! "
ကုချန်၏မျက်နှာထားမှာ ပုံမှန်အတိုင်းပင်ဖြစ်ပြီး ဖီးနစ်ဧကရာဇ်၏ ဝိညာဉ်အမှတ်အသားကို အလားတူ လက်ခံလိုက်လေသည်။
ကုချန်မှ သူ၏ဝိညာဉ်အမှတ်အသားအား လက်ခံလိုက်သည်ကို မြင်သောအခါ... ဖီးနစ်ဧကရာဇ်သည် ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး ကျန်းထျန်းရှေးဟောင်းဧကရာဇ်ကဲ့သို့ပင်... ဘေးတစ်ဖက်သို့ ဆုတ်ခွာသွား၏။ သို့သော် သူ့စိတ်ထဲတွင်မူ... ပိုင်ဆိုင်ရခြင်းနှင့် ဆုံးရှုံးခြင်း ခံစားချက်တို့ကို... ခံစားနေရဆဲ ဖြစ်သည်။
အကြောင်းမှာ... သခင်အဖြစ် အသိအမှတ်ပြုလိုက်သည့် သူ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်သည်... အမှန်တကယ် မှန်ကန်ခြင်း ရှိမရှိ သူကိုယ်တိုင်လည်း မသိသောကြောင့်ပင်။
သေချာသည်မှာ... ဤသည်က ဖီးနစ်ဧကရာဇ်၏ ဘဝတစ်လျှောက်လုံးတွင် ပြုလုပ်ခဲ့သမျှသော လောင်းကြေးများအနက်... အကြီးမားဆုံးသော လောင်းကြေးပင် ဖြစ်တော့သည်။
ကျန်းထျန်းရှေးဟောင်းဧကရာဇ်နှင့် ဖီးနစ်ဧကရာဇ်တို့ နှစ်ဦးစလုံးသည်... မျက်စိတစ်မှိတ်အတွင်း သခင်အဖြစ် အသိအမှတ်ပြုခဲ့ကြသော်လည်း... ကျန်ရှိနေသော အရှင်သခင်သုံးပါးမှာမူ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်နေရဆဲဖြစ်ပြီး... ကုချန်အား သခင်အဖြစ် အသိအမှတ်ပြုသင့် မပြုသင့် တွေးတောနေကြဆဲ ဖြစ်သည်။
သို့သော်... အသက်နှစ်ရှိုက်ရှူချိန်မျှ ပြည့်ရုံသာ ကုန်ဆုံးသွားပြီး... ကျန်ရှိနေသော အရှင်သခင်သုံးပါး ဆုံးဖြတ်ချက် မချရသေးမီမှာပင်... ကုချန်သည် အေးစက်စွာ ပြောကြားလိုက်တော့သည်။
" မင်းတို့အားလုံး အထက်ကောင်းကင်ဘုံကနေ ချက်ချင်း ထွက်သွားကြတော့ "
ဆုံးဖြတ်ချက်မပြတ်သားသော ဤအရှင်သခင်သုံးပါးကို ရင်ဆိုင်ရာတွင် ကုချန်အနေဖြင့် လက်ခံလိုစိတ် မရှိတော့ချေ။
ဆုံးဖြတ်ချက် မပြတ်သားသူများကို လက်ခံထားရုံဖြင့် မည်သည့်အကျိုး ရှိမည်နည်း။
" ဘယ်လို..... "
ကုချန်မှ ထွက်ခွာရန် အမိန့်ပေးလိုက်သည်ကို မြင်သောအခါ... ကျန်ရှိနေသော အရှင်သခင်သုံးပါးမှာ ချက်ချင်းဆိုသလို... ကြောင်အသွားကြလေသည်။
ကောင်းကင်ဘုံအရှင်သခင်မှ သူတို့၏သစ္စာခံမှုကို လက်ခံရန် အဆင်သင့်မဖြစ်တော့ဘူးဟု ဆိုလိုခြင်းလော။
သို့သော် သူတို့ ဆုံးဖြတ်ချက် မချရသေးသည်မှာ သိသာနေသည်ပင်။
ခဏတာအတွင်း အရှင်သခင်သုံးပါး၏ မျက်နှာထားများသည် မတည်မငြိမ် ဖြစ်သွားကြ၏။
သူတို့သည် သစ္စာခံရန် ကောင်းကင်ဘုံသို့ ရိုးသားစွာ ရောက်ရှိလာခဲ့ကြပြီး... အတော်အတန်သော ရိုးသားမှုကိုလည်း... ပြသခဲ့ကြသည်။ သို့သော် ဤကောင်းကင်ဘုံအရှင်သခင်သည် မျက်နှာသာ လုံးဝမပေးပေ။ တုံ့ဆိုင်းနေသည့် အသက်နှစ်ရှိုက်ရှူချိန်ပြည့်ရုံသာ ရှိသေးသော်လည်း... သူတို့ကို လက်ခံလိုစိတ် မရှိတော့ချေ။ ဤသည်မှာ သူတို့ကို လွန်စွာ အထင်သေးလွန်းရာ ရောက်သည်။
အရှင်သခင်သုံးပါး၏စိတ်ထဲတွင် ဒေါသများ တိတ်တဆိတ် ထွက်ပေါ်လာသော်လည်း... ကုချန်နှင့် သူတို့အကြား ကွာခြားချက်ကို နက်နက်ရှိုင်းရှိုင်း သိရှိထားသဖြင့်... ထုတ်ဖော်မပြရဲကြပေ။
သူတို့၏ခိုးလိုးခုလုဖြစ်နေသော မျက်နှာထားများကို ကြည့်ရင်း... ကုချန်သည် အားနာခြင်း အလျဉ်းမရှိဘဲ... မျက်ခွံကို အနည်းငယ် ပင့်ကာ ပြောဆိုလိုက်သည်။
" ဘာလဲ... ငါက မင်းတို့ကို မောင်းထုတ်ပေးရဦးမှာလား "
ဤအရှင်သခင်များသည် မိမိကိုယ်ကို အထင်ကြီးနေကြသော်လည်း... ကုချန်၏စိတ်ထဲတွင်မူ အရှင်သခင်အနည်းငယ်က သစ္စာလာခံခြင်းဆိုသည်မှာ... တကယ်တမ်းတွင် မရှိမဖြစ် ကိစ္စမဟုတ်ကြောင်း သူတို့ မသိကြပေ။
အကယ်၍... ဖီးနစ်ဧကရာဇ်နှင့် ထိုကျန်းထျန်းရှေးဟောင်းဧကရာဇ်တို့သာ လုံလောက်သော ရိုးသားမှုကို မပြသခဲ့ဘဲ... အနေအထိုင် မတတ်ခဲ့လျှင် ကုချန်အနေဖြင့်... သူတို့ကိုလည်း လက်ခံရန် အစီအစဉ်ပင် ရှိမည်မဟုတ်ချေ။
" ..... "
ကုချန်၏ အနည်းငယ် ရန်လိုသော လေသံကို ကြားလိုက်ရသဖြင့်... မိုက်မဲစွာ ဆက်နေပါက မည်သို့ ဖြစ်လာမည်ကို... လင်းအရှင်နှင့် အခြားသူများ မသိဘဲ နေပါမည်လော။
ထို့ကြောင့်... အရှင်သခင်သုံးပါးမှာ သူတို့၏ မျက်နှာပေါ်တွင် တောင့်တင်းသော အပြုံးကို အတင်းဆင်မြန်းလျက်... စိတ်မပါတပါ လေသံဖြင့် ပြောလိုက်ကြရသည်။
" ကျုပ်တို့... ပြန်လိုက်ပါဦးမယ် "
အရှင်သခင်သုံးပါးမှာ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြလျက်နှင့်ပင် ကပျာကယာ ထွက်ခွာသွားကြ၏။
ဤကောင်းကင်ဘုံအရှင်သခင်သည် အဘယ်ကြောင့်ဤမျှ မောက်မာနေရသနည်း။ သူ၏ခွန်အား ကြီးမားနေလျှင်ပင် ဘာဖြစ်သနည်း။ သူတို့ကို အင်မော်တယ်တက်လှမ်းနိုင်ရန် ကူညီနိုင်စွမ်း မရှိဘူးဆိုလျှင် သူတို့လည်း ဂရုမစိုက်တော့ပေ။
" ဖီးနစ်ဧကရာဇ်နဲ့ ကျန်းထျန်းတို့က သိပ်ပြီး ဆုံးဖြတ်ချက် မပြတ်သားကြဘူးပဲ... ကောင်းကင်ဘုံအရှင်သခင်က လူတွေကို အင်မော်တယ်တက်လှမ်းဖို့ မကူညီနိုင်ဘူးဆိုမှတော့... သူတို့နှစ်ယောက်က သူ့ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်တော့ရော ဘာထူးမှာလဲ... သက်တမ်းကုန်တဲ့အခါကျရင်လဲ သေရမှာပဲဥစ္စာ "
အထက်ကောင်းကင်ဘုံ တားမြစ်နယ်မြေမှ စိတ်ပျက်လက်ပျက် ထွက်ခွာလာပြီးနောက် လင်းအရှင်က ဒေါသတကြီး ပြောဆိုလိုက်သည်။
" ကိုယ့်သက်တမ်းမကုန်မချင်း... အဲ့ဒီ ကောင်းကင်ဘုံအရှင်သခင်ရဲ့ ခိုင်းစေတာကို ခံရပြီး သေဆုံးသွားရမယ့်အစား... ကိုယ့်နယ်မြေကို ကိုယ်အုပ်ချုပ်ပြီး လွတ်လွတ်လပ်လပ် နေတာကမှ ပိုကောင်းဦးမယ် "
" တာအိုရဲဘော်လင်း ပြောတာ လုံးဝမှန်တယ် "
ရွှမ်အရှင်သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလိုက်၏။
" ကျုပ်ထင်တာတော့... အဲ့ဒီနှစ်ယောက်လဲ ရူးသွားကြပြီထင်တယ်... ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို အလကား လွှင့်ပစ်လိုက်ကြတာပဲ.....
ခင်ဗျားတို့နှစ်ယောက်... ကျုပ်တို့ရဲ့ သက်တမ်းက ကုန်ခါနီးနေပြီ... အခု အဆုံးမဲ့ကမ္ဘာမှာ အင်မော်တယ်တက်လှမ်းဖို့က မျှော်လင့်ချက် မရှိတော့ဘူး... အနာဂတ်တစ်ခုကို ရှာဖွေဖို့ ဟွမ်သွမ့်ပင်လယ်ရဲ့ နက်ရှိုင်းတဲ့ နေရာဆီကို အတူတူ သွားကြရင် မကောင်းဘူးလား... ဘယ်လိုသဘောရလဲ "
" အကောင်းဆုံးပဲ "
လင်းအရှင်နှင့် အခြားအရှင်သခင်တစ်ပါးတို့သည် သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြ၏။
မှန်ပေသည်... ဤသည်မှာ သူတို့ရှေ့၌ ကျန်ရှိနေသော... တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။
အဆုံးမဲ့ကမ္ဘာရှိ အင်မော်တယ်တက်လှမ်းခြင်း လမ်းကြောင်းသည် ပိတ်ဆို့ခံထားရပြီဖြစ်ရာ... လျှို့ဝှက်ဆန်းကြယ်ပြီး ကျယ်ပြောလှသော ဟွမ်သွမ့်ပင်လယ်ထဲတွင်... သူတို့ အင်မော်တယ်တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိကောင်းရှိနိုင်သည်ဟုသာ... မျှော်လင့်ရတော့မည်။
ဤသည်မှာ ယခင် တားမြစ်နယ်မြေ အရှင်သခင်များအတွက် မလွဲမသွေ လျှောက်လှမ်းရမည့် လမ်းလည်း ဖြစ်သည်။
အဆုံးမဲ့ကမ္ဘာ၏ သမိုင်းကြောင်းတွင်... တားမြစ်နယ်မြေ၌ နေထိုင်ခဲ့သော်လည်း အင်မော်တယ်လမ်းကြောင်း ပွင့်လာသည်အထိ... မစောင့်ဆိုင်းနိုင်ခဲ့သော အချို့သော အရှင်သခင်များသည် သူတို့၏ ဘဝနောက်ဆုံးအချိန်တွင်... သာမန်အတိုင်း သေဆုံးသွားရန် မည်သူမျှ ဆန္ဒမရှိကြပေ။ ထို့ကြောင့်... သူတို့အားလုံးသည် ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းသော နေရာများသို့ ဝင်ရောက်ကာ... ထိုမျှော်လင့်ချက်ပါးပါးလေးအတွက် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။
ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာအတွင်း... ဟွမ်သွမ့်ပင်လယ်နက်ထဲသို့ ဝင်ရောက်သွားသော မည်သည့်အရှင်သခင်မျှ ပြန်မလာခဲ့ကြခြင်းမှာ... ဝမ်းနည်းစရာပင် ကောင်းလှသည်။
ထိုယခင်... တားမြစ်နယ်မြေ အရှင်သခင်များသည် ဟွမ်သွမ့်ပင်လယ်နက်ထဲတွင် အရာရာမဲ့ သေဆုံးသွားခဲ့ကြခြင်းလော... သို့တည်းမဟုတ် ထာဝရရှင်သန်ခြင်းနှင့် အင်မော်တယ်တက်လှမ်းခြင်းအတွက်... လုံလောက်သော အခွင့်အရေးကို ရရှိသွားခဲ့ကြခြင်းလော ဆိုသည်ကို... လင်းအရှင်နှင့် အခြားသူများလည်း မသိရှိကြချေ။ ယခုတွင်မူ သူတို့သည် နောက်ဖြစ်နိုင်ခြေကိုသာ မျှော်လင့်ရတော့မည် ဖြစ်သည်။
...
အထက်ကောင်းကင်ဘုံ ပင်မခန်းမဆောင်အတွင်း၌.....
လင်းအရှင်နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက်... ကုချန်၏အကြည့်သည် နောက်ဆုံးတွင် ကျန်းထျန်းရှေးဟောင်းဧကရာဇ်ထံသို့ ရောက်ရှိသွားပြီး... အေးစက်စွာ မေးမြန်းလိုက်သည်။
" ပြောစမ်း... မင်းက ဘာလို့ ငါ့ကို သခင်အဖြစ်... အသိအမှတ်ပြုချင်ရတာလဲ "
ဖီးနစ်ဧကရာဇ်ကတော့... ပါးလှပ်ပြီး လေထဲတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အင်မော်တယ်တက်လှမ်းခြင်း မျှော်လင့်ချက်အတွက်... သူ့အား သခင်အဖြစ် အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ကုချန် သိသည်။
သို့ပေမယ့် ဤကျန်းထျန်းရှေးဟောင်းဧကရာဇ်ကတော့ ထိုကဲ့သို့ အတွေးမျိုး လုံးဝ မရှိပုံရပြီး... သူသည် မိမိအပေါ် ကျေးဇူးတင်ရှိနေသည့် အရိပ်အယောင်တချို့ ရှိနေကြောင်း... ကုချန် အာရုံခံမိနေသည်။
သူသည်... ကျန်းထျန်းရှေးဟောင်းဧကရာဇ်နှင့် ယခင်က တစ်ခါမှ မတွေ့ဆုံဖူးသည်မှာ သေချာပါလျက်နှင့်... ထိုသူသည် သူ့ကို ဘာအတွက်ကြောင့် ကျေးဇူးတင်နေရသနည်း။
အခန်း (၂၃၈) - ကျန်းထျန်း၏ အတိတ်၊ ကြီးမားလှသော ကျေးဇူးတရား၊ မိုးကြိုးရေကန်၏ တည်နေရာ
ကုချန်မှ ထိုသို့မေးလိုက်သည့်အခါ ဖီးနစ်ဧကရာဇ်ပင် ကျန်းထျန်းရှေးဟောင်းဧကရာဇ်အား ကြည့်မိလိုက်သည်။
ဘာကြောင့်များ... ကျန်းထျန်းရှေးဟောင်းဧကရာဇ်သည် အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ... ကုချန်အား သစ္စာခံရန် ချက်ချင်းဆိုသလို ရွေးချယ်လိုက်ရသနည်းဆိုသည့်အပေါ်... သူကိုယ်တိုင်လည်း သိချင်နေသောကြောင့် ဖြစ်သည်။
သူသည် လောင်းကြေးအကြီးကြီး ထပ်တတ်သူမို့လို့ပါဟု ပြောရုံနှင့် ရှင်းပြ၍ မရနိုင်ကြောင်း သိသာလှသည်။
ကုချန်နှင့် ပူးပေါင်းရန် ကာလရှည်ကြာ ရည်ရွယ်ထားသော မိမိကိုယ်တိုင်ပင်လျှင် ခဏတာ တုံ့ဆိုင်းနေခဲ့မိသည် မဟုတ်ပါလော။
သို့သော်... ကျန်းထျန်းရှေးဟောင်းဧကရာဇ်သည် အနည်းငယ်မျှပင် တွေဝေခြင်း မရှိခဲ့သည်မှာ... ဖီးနစ်ဧကရာဇ်အား အမှန်တကယ်ပင် အံ့အားသင့်သွားစေခဲ့သည်။
" သခင်ကြီးက အမှန်တကယ်ပဲ ထွင်းဖောက်မြင်နိုင်တဲ့ မျက်လုံးမျိုး ပိုင်ဆိုင်ထားတာပဲ "
ကျန်းထျန်းရှေးဟောင်းဧကရာဇ်သည် လက်သီးဆုပ် ဂါရဝပြုလိုက်ရင်း ပြောဆိုလိုက်သည်။
" ကျွန်တော်မျိုး.... သခင်ကြီးကို သစ္စာခံယူရတဲ့ အကြောင်းရင်းက အင်မော်တယ်တက်လှမ်းဖို့အတွက် မဟုတ်ပါဘူး... ကျွန်တော်မျိုးအတွက် ကလဲ့စားချေပေးခဲ့ပြီး... နှစ်ရှည်လများ စွဲလမ်းနေခဲ့တဲ့ ကိစ္စရပ်တစ်ခုကို ဖြေရှင်းပေးခဲ့တဲ့... သခင်ကြီးရဲ့ ကျေးဇူးတရားကြောင့်ပါပဲ "
ထိုသို့ပြောပြီးနောက် ကုချန်၏အမေးကိုပင် မစောင့်ဆိုင်းတော့ဘဲ ကျန်းထျန်းရှေးဟောင်းဧကရာဇ်မှ ဆက်လက်ပြောကြားလိုက်သည်။
" လွန်ခဲ့တဲ့ နှစ်သောင်းချီတုန်းက... ကျွန်တော်မျိုးဟာ အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ ရဲ့ မျိုးဆက်သစ်လူငယ်တွေကြားမှာ... ထင်ရှားကျော်ကြားတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်... အဲ့ဒီအချိန်တုန်းက ကျွန်တော်မျိုးဟာ လူငယ်သွေးတွေ ကြွနေပြီး... ဒီကျယ်ပြောလှတဲ့ ကမ္ဘာကြီးကို အတားအဆီးမရှိ ဖြတ်သန်းသွားလာနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ် "
" နောက်ပိုင်းမှာ ကျွန်တော်မျိုးဟာ တစ်လျှောက်လုံး ကျင့်ကြံအားထုတ်လာခဲ့ပြီး လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်... အဆင့်တူ ရန်သူအပေါင်းကို အနိုင်ယူခဲ့ပြီး နှစ်ပေါင်း သုံးထောင်အတွင်းမှာပဲ... ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်ရှိခဲ့ပါတယ် "
သူက နှစ်ပေါင်း သုံးထောင်အတွင်း ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်ခဲ့တယ် ဟုတ်လား။
သူ့ဘေးတွင်ရှိနေသော ဖီးနစ်ဧကရာဇ်သည် ဤစကားကို ကြားသောအခါ ခေါင်းမငြိမ့်ဘဲ မနေနိုင်တော့ပေ။
ဤနှုန်းသည် အဆုံးမဲ့ကမ္ဘာတစ်ခုလုံးရှိ ရှေးဟောင်းဧကရာဇ်များကြားတွင်ပင် အလွန်မြန်ဆန်သည်ဟု သတ်မှတ်၍ ရသည်။
" ကျွန်တော်မျိုးဟာ ဧကရာဇ်တစ်ပိုင်း ဖြစ်နေပြီမို့လို့... ဧကရာဇ်အဆင့်ကို ရောက်ဖို့ဆိုတာ ကျွန်တော်မျိုးရဲ့ မျက်လုံးထဲမှာ... လွယ်ကူတဲ့ ကိစ္စတစ်ခုလိုပဲ ဖြစ်နေခဲ့တယ် "
ကျန်းထျန်းရှေးဟောင်းဧကရာဇ်၏ မျက်နှာပေါ်တွင် ခါးသီးသော အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။
" အဲ့ဒီအချိန်တုန်းက... အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုတွေက ကျွန်တော်မျိုးရဲ့မိတ်ဆွေကို ဖိနှိပ်နေတာကို ကြည့်မနေနိုင်ခဲ့လို့... မိတ်ဆွေအတွက် ရှေ့ထွက်ရပ်တည်ပေးခဲ့မိပြီး... အဲ့ဒီကိစ္စကို အလေးအနက် မထားခဲ့မိပါဘူး "
" ကျွန်တော်မျိုးရဲ့ အမြင်မှာတော့... အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုတွေဟာ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်တွေ ရှိပေမယ့်... ကျွန်တော်မျိုးက ဧကရာဇ်တစ်ပိုင်း ဖြစ်နေပြီမို့လို့ အနာဂတ်မှာ ဧကရာဇ်ဖြစ်လာဖို့ဆိုတာ သေချာသလောက် ရှိနေတဲ့ ကိစ္စတစ်ခုပါ... ဒါကြောင့် အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုဆိုတာတွေကို ဘာကြောင့် ကြောက်ရမှာလဲပေါ့ "
" ဒါပေမယ့်... အဲ့ဒီဧကရာဇ်မျိုးနွယ်စုတွေက ဒီလောက်ထိ ရက်စက်ကြမ်းကြုတ်မယ်လို့ ဘယ်သူက ထင်မှာလဲ... သူတို့က ကျွန်တော်မျိုးကို ပိတ်မိသွားအောင် မပြည့်စုံတဲ့ ဧကရာဇ်အစီအရင်တစ်ခုကို တည်ဆောက်ထားရုံတင်မကဘဲ... ကျွန်တော်မျိုးရဲ့ ရှေ့မှာတင် ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို... တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့ကြတယ် "
" အတင်းအကျပ် ဖိအားပေးခံရတဲ့အောက်မှာ... ကျွန်တော်မျိုးရဲ့ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ကာကွယ်ဖို့အတွက်... ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ပဲ ရွေးချယ်နိုင်ခဲ့တယ် "
ကျန်းထျန်းရှေးဟောင်းဧကရာဇ်၏အသံမှာ အလွန်တိုးညင်းနေသော်လည်း... သူ၏အသံထဲတွင် ပါဝင်နေသော နာကျင်မှုနှင့် ရုန်းကန်ရမှုတို့ကို... မည်သူမဆို ကြားသိနိုင်နေ၏။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း... နက်ရှိုင်းစွာ အမြစ်တွယ်နေသော အမုန်းတရားများသည်... သူ့ကို အမြဲတစေ လွှမ်းခြုံထားဆဲ ဖြစ်သည်။
" ယန်မိသားစု ဧကရာဇ်မျိုးနွယ်... မင်းတို့ ဖြစ်နေတာကိုး..... "
ဤစကားကို ကြားသောအခါ ကုချန်သည် နောက်ဆုံးတွင် နားလည်သွားသည့် အကြည့်မျိုး ဖြစ်သွား၏။
အတိတ်ကာလ၌... ဧကရာဇ်တစ်ပိုင်းတစ်ယောက်သည် ယန်မိသားစုကို ပြစ်မှားမိခဲ့သဖြင့်... ယန်မိသားစုသည် မပြည့်စုံသော ဧကရာဇ်အစီအရင်တစ်ခု တည်ဆောက်ကာ... ထိုဧကရာဇ်တစ်ပိုင်းကို ပိတ်လှောင်ထားခဲ့ပြီး သူ၏ရှေ့မှောက်တွင်... ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြရသည်ကို... လက်ပိုက်ကြည့်နေစေခဲ့သည့် အကြောင်းအရာအား... ကုတောက်လင်း ပြောပြသည်ကို သူကြားဖူးခဲ့သည်။
နောက်ပိုင်းတွင် သူ့ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများ၏ လုံခြုံရေးအတွက်... ထိုဧကရာဇ်တစ်ပိုင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ဘဲ... သူ၏ အသက်နှင့် တာအိုလမ်းစဉ်မှာ ချုပ်ငြိမ်းသွားခဲ့ရသည်။
ထိုဧကရာဇ်တစ်ပိုင်းသည်... မိမိရှေ့မှောက်တွင် ရှိနေသော ကျန်းထျန်းရှေးဟောင်းဧကရာဇ် ဖြစ်နေလိမ့်မည်ဟု... မည်သူက ထင်မှတ်ထားမည်နည်း။
သူသည် မိမိအား ဘာကြောင့် ကျေးဇူးတင်နေရသလဲဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
အဘယ်ကြောင့်ဆိုသော်... ကျန်းထျန်းရှေးဟောင်းဧကရာဇ်၏ ရန်သူဖြစ်သော ယန်မိသားစုသည်... ကုချန်၏လက်ချက်ဖြင့် ပျက်စီးသွားခဲ့သောကြောင့်ပင်။
ကုချန် အနည်းငယ် နားမလည်ဖြစ်မိသည်မှာ... ကျန်းထျန်းရှေးဟောင်းဧကရာဇ်သည် မသေဆုံးသေးဘဲ... လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားလျက်နှင့်... ယန်မိသားစုကို အဘယ်ကြောင့် ကိုယ်တိုင် ဖျက်ဆီး၍... အရေးမယူခဲ့သနည်းဆိုသည့် အချက်ပင်။ အဘယ်ကြောင့်များ သည်းခံပြီး ယနေ့အထိ စောင့်ဆိုင်းနေခဲ့သနည်း။
" ယန်မိသားစု တည်ဆောက်ထားတဲ့... မပြည့်စုံတဲ့ ဧကရာဇ်အစီအရင်က ကျွန်တော်မျိုးကို ဘာမှ မလုပ်နိုင်ပါဘူး... ဒါပေမယ့် ကျွန်တော်မျိုးရဲ့ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေရဲ့ အသက်ကို ကယ်တင်ဖို့အတွက်... ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လိုအပ်ခဲ့ပါတယ် "
ကျန်းထျန်းရှေးဟောင်းဧကရာဇ်မှ အသံအုပ်အုပ်ဖြင့် ပြောဆိုလိုက်သည်။
" အဲ့ဒီအချိန်တုန်းက ကျွန်တော်မျိုးဟာ ကမ္ဘာအနှံ့ ခရီးသွားရင်း... လျှို့ဝှက်နယ်မြေတစ်ခုမှာ အဖိုးတန်တဲ့ ကိုယ်စားလှယ် အဆောင်လက်ဖွဲ့တစ်ခုကို ရရှိခဲ့ဖူးပါတယ်... ဒါကြောင့် မူလက ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး... ဟန်ဆောင်သေဆုံးမှုကို ဖန်တီးလို့ ကျန်ရှိနေသေးတဲ့ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေကို ကယ်တင်ပြီးမှ... ယန်မိသားစုကို ပြန်လည်စာရင်းရှင်းဖို့ စီစဉ်ထားခဲ့တာပါ "
" ဒါပေမယ့် ကိုယ်စားလှယ် အဆောင်လက်ဖွဲ့ကို အားကိုးပြီး ပြန်လည်မွေးဖွားလာတဲ့အချိန်မှာ... ယန်မိသားစုက သူတို့ရဲ့ ကတိကို လုံးဝ မတည်ခဲ့ဘူးဆိုတာ သိလိုက်ရတယ်... သူတို့က ကျွန်တော်မျိုးရဲ့ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေ အားလုံးကို သတ်ဖြတ်ပစ်ခဲ့ကြပြီး... တစ်ယောက်ကိုမှ ချန်ရစ်မထားခဲ့ပါဘူး "
ဤနေရာအရောက်တွင်... ကျန်းထျန်းရှေးဟောင်းဧကရာဇ်၏အသံသည် လေးလံသွားကာ... နက်ရှိုင်းစွာ အမြစ်တွယ်နေသော အမုန်းတရားများဖြင့် ပြည့်နှက်သွားလေသည်။
" ဒီသတင်းကို သိလိုက်ရတဲ့အချိန်မှာ... မိုးပြိုကျသွားသလို ခံစားလိုက်ရပြီး... စိတ်ထဲမှာ ကလဲ့စားချေလိုစိတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ် "
" ကျွန်တော်မျိုးအတွက် ပိုပြီး လက်မခံနိုင်စရာ ကောင်းတာက... ယန်မိသားစုဟာ ကျွန်တော်မျိုးရဲ့ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေထဲက... အရေးကြီးဆုံးအပိုင်းကိုပဲ ဖမ်းဆီးနိုင်ခဲ့တာပါ... ယန်မိသားစုရဲ့ လက်ကနေ လွတ်မြောက်နိုင်ခဲ့ပြီး... ကမ္ဘာလောကထဲမှာ အသက်ရှင် ကျန်ရစ်နေသေးတဲ့... တချို့သော ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေ ရှိနေပါသေးတယ် "
" ဒါပေမယ့်... ဒါပေမယ့် တချို့ မြင့်မြတ်နယ်မြေတွေနဲ့ မဟာကျောင်းတော်တွေလို့ ခေါ်ကြတဲ့ အဖွဲ့အစည်းတွေက ယန်မိသားစုရဲ့ မျက်နှာသာရဖို့အတွက်... ကျန်ရှိနေသေးတဲ့ ကျွန်တော်မျိုးရဲ့ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေ အားလုံးကို ဖမ်းဆီးပြီး... ယန်မိသားစုဆီ ဆက်သခဲ့ကြတယ် "
" ကျွန်တော်မျိုး ယန်မိသားစုကို မုန်းပါတယ်... ဒါပေမယ့် အဲ့ဒီလို မြင့်မြတ်နယ်မြေတွေနဲ့ မဟာကျောင်းတော်တွေဆိုတာကို... ပိုလို့တောင် မုန်းတီးပါသေးတယ် "
ကျန်းထျန်းရှေးဟောင်းဧကရာဇ်၏ အသံမှာ အက်ကွဲနေလေသည်။
" နောက်ပိုင်းမှာ... အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော်မျိုးဟာ နောက်ဆုံးမှာ ဧကရာဇ်အဆင့်ကို ရောက်ရှိခဲ့ပါတယ်... ပထမဆုံးအနေနဲ့ အဲ့ဒီ မြင့်မြတ်နယ်မြေတွေနဲ့ မဟာကျောင်းတော်တွေကို... တစ်ခုပြီးတစ်ခု တိတ်တဆိတ် သုတ်သင်ရှင်းလင်းခဲ့ပါတယ် "
" နောက်ပိုင်း ယန်မိသားစုကို ဖျက်ဆီးချင်တဲ့အချိန်မှာတော့... အဲ့ဒီ မြင့်မြတ်နယ်မြေတွေနဲ့ မဟာကျောင်းတော်တွေ ပျက်စီးသွားတာကြောင့်... ဧကရာဇ်မဟာမိတ်အဖွဲ့က သတိထားမိသွားပြီး သဲလွန်စတွေကို ခြေရာခံလာကြပါတယ်... အဲ့ဒါကြောင့် ကျွန်တော်မျိုး လှုပ်ရှားလို့ မရတော့ဘူးဆိုတာ သိလိုက်ပါတယ် "
" အတင်းအကျပ် ဖိအားပေးခံရတဲ့အောက်မှာ... ကျွန်တော်မျိုးအနေနဲ့ မူလရှေးဟောင်းတွင်းနက်ထဲကို ဝင်ရောက်လို့... အရှင်သခင်တစ်ပါးအဖြစ် ဟန်ဆောင်ပြီး သူတို့ကို ယာယီ ရှောင်တိမ်းနေဖို့ပဲ ရွေးချယ်နိုင်ခဲ့တယ်... ဘာလို့လဲဆိုတော့ တားမြစ်နယ်မြေအသီးသီးကသာ... အဲ့ဒီ ဧကရာဇ်မဟာမိတ်အဖွဲ့ဝင် ဧကရာဇ်တွေ စုံစမ်းစစ်ဆေးဖို့ မဝံ့ရဲတဲ့... တစ်ခုတည်းသော နေရာတွေ ဖြစ်နေလို့ပါ "
" ကျွန်တော်မျိုး စောင့်ဆိုင်းရင်း စောင့်ဆိုင်းနေခဲ့ပေမဲ့ သင့်တော်တဲ့ အခွင့်အရေးကို ဘယ်တော့မှ မတွေ့ခဲ့ရပါဘူး "
" နောက်ပိုင်းမှာ သခင်ကြီး ရောက်ရှိလာခဲ့ပါတယ်... သခင်ကြီးက အရင်ဆုံး ယန်မိသားစုကို ဖျက်ဆီးခဲ့ပြီးနောက် ယန်ဧကရာဇ်ကို သတ်ဖြတ်လို့... ကျွန်တော်မျိုးအတွက် ဒီကလဲ့စားချေမှုကို အပြီးသတ်ပေးခဲ့ပါတယ် "
ကျန်းထျန်းရှေးဟောင်းဧကရာဇ်မှ ဖြည်းညင်းစွာ ပြောပြလိုက်သည့်အခါ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များအားလုံး ရှင်းလင်းသွားတော့သည်။
ဧကရာဇ်မဟာမိတ်အဖွဲ့ ရှိနေခြင်းကြောင့်... ကျန်းထျန်းရှေးဟောင်းဧကရာဇ်သည် ကလဲ့စားချေရန် သင့်တော်သော အခွင့်အရေးကို ဘယ်တော့မျှ ရှာမတွေ့နိုင်ခဲ့ဘဲ... တားမြစ်နယ်မြေထဲတွင် ပုန်းအောင်းကာ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။
သူ အခွင့်အရေး မတွေ့ရသေးမီမှာပင်... ကုချန်က အရေးယူဆောင်ရွက်ခဲ့ပြီး... ယန်မိသားစုနှင့် ယန်ဧကရာဇ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်မည်ဟု... မည်သူက ထင်မှတ်ထားမည်နည်း။
ကျန်းထျန်းရှေးဟောင်းဧကရာဇ်အတွက် ဤသည်မှာ ကြီးမားလှသော ကျေးဇူးတရားပင် ဖြစ်သည်။
ကျန်းထျန်းရှေးဟောင်းဧကရာဇ်၏ အတွေ့အကြုံမှာ... အမှန်တကယ်ပင် အလွန်တရာ ဆိုးရွားလှသဖြင့်... ကုချန်လည်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
" အံ့ဩစရာ မရှိတော့ပါဘူး..... "
သူ၏ဘေးတွင်ရှိနေသော ဖီးနစ်ဧကရာဇ်သည်လည်း ရုတ်တရက် နားလည်သွားသည့် အကြည့်မျိုး ဖြစ်သွား၏။
ကျန်းထျန်းရှေးဟောင်းဧကရာဇ်သည် တားမြစ်နယ်မြေ အရှင်သခင်အသီးသီးအနက်... ဘာကြောင့် အသက်အငယ်ဆုံး ဖြစ်နေရသလဲဆိုသည်ကို... သူ ယခင်က နားမလည်နိုင်ခဲ့ပေ။
ဒါပေမယ့်... ကောင်းကင်ချောက်နက်ထဲကို ဝင်ရောက်သွားတဲ့ အရှင်သခင် တစ်ဆယ့်ရှစ်ပါးအနက်... သူက နောက်ဆုံးမှာ အသက်ရှင်လျက် ထွက်ပေါ်လာတဲ့ အရှင်သခင်ငါးပါးထဲက တစ်ပါး ဖြစ်ခဲ့တယ်။
သူက တားမြစ်နယ်မြေထဲမှာ ပုန်းအောင်းနေဖို့အတွက်... အရှင်သခင်တစ်ပါးအဖြစ် ဟန်ဆောင်ထားခဲ့တာ ဖြစ်ပြီး တကယ်တမ်းကျတော့... သူ့ရဲ့ ချီနဲ့သွေးက အခြားအရှင်သခင်တွေထက် အများကြီး သာလွန်နေတာကြောင့်... အဲ့ဒီ ရက်စက်ကြမ်းကြုတ်တဲ့ ကောင်းကင်ချောက်နက်ထဲမှာ... နောက်ဆုံးအထိ အသက်ရှင် ကျန်ရစ်နိုင်ခဲ့တာ ဖြစ်နေတာကိုး။
" သခင်ကြီးက ယန်မိသားစုကို ဖျက်ဆီးပြီး... ကျွန်တော်မျိုးအတွက် ကလဲ့စားချေပေးခဲ့တာကြောင့်... ကျွန်တော်မျိုးရဲ့ အကြီးမားဆုံးသော ကျေးဇူးရှင်ပါပဲ... ဒီနေ့ကစပြီး ကျန်းထျန်းရဲ့ အသက်ဟာ... သခင်ကြီးရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေပြီး ဘာငြီးငြူသံမှ ရှိမှာ မဟုတ်ပါဘူး "
ကျန်းထျန်းရှေးဟောင်းဧကရာဇ်သည် တိုးညင်းခိုင်မာသော အသံဖြင့် ပြောဆိုလိုက်သည်။
တာအိုလမ်းစဉ်ကို ရရှိပြီးကတည်းက သူ၏ဘဝသည် အမုန်းတရားအတွက်သာ ရှင်သန်ခဲ့ခြင်း ဖြစ်သည်။
ယခု ကုချန်သည် သူ့အတွက် ကလဲ့စားချေပေးခဲ့ပြီဖြစ်ရာ... ကုချန်သည် သဘာဝကျစွာပင် သူ၏အကြီးမားဆုံးသော ကျေးဇူးရှင် ဖြစ်လာခဲ့ပြီး... ယခုကဲ့သို့ ပြတ်သားစွာ သစ္စာခံယူခဲ့ခြင်းမှာ လုံးဝ ကျိုးကြောင်းဆီလျော်မှု ရှိလှသည်။
ကျန်းထျန်းရှေးဟောင်းဧကရာဇ်၏ ခိုင်မာသော မျက်နှာထားကို ကြည့်ရင်း... ဖီးနစ်ဧကရာဇ်၏ စိတ်ထဲတွင် အရေးတကြီး လိုအပ်မှုတစ်ခု... တဖြည်းဖြည်း မြင့်တက်လာ၏။
မဖြစ်ချေဘူး။ ကျန်းထျန်းရှေးဟောင်းဧကရာဇ်ရဲ့ ရင်ထဲကလာတဲ့ ဝန်ခံစကားက ကုချန်ရဲ့ ယုံကြည်မှုကို ရရှိသွားပြီဆိုတာ သိသာတယ်။ သူက ကျန်းထျန်းနဲ့ တစ်ချိန်တည်းမှာ သစ္စာခံခဲ့တာဆိုတော့ နောက်ကျကျန်နေခဲ့လို့ မဖြစ်ဘူး။
ဤအချက်ကို တွေးမိသောအခါ... ဖီးနစ်ဧကရာဇ်၏ မျက်လုံးများသည် လက်ခနဲ ဖြစ်သွားပြီး... တိုးညင်းစွာ ပြောဆိုလိုက်တော့သည်။
" သခင်ကြီး... ကျွန်တော်မျိုး တင်ပြချင်တဲ့ အရမ်း လျှို့ဝှက်တဲ့ သတင်းတစ်ခု ရှိပါတယ် "
" အတိတ်ကာလတုန်းက... တားမြစ်နယ်မြေထဲကို ချောင်းမြောင်းကြည့်ရှုနေတဲ့... လျှို့ဝှက်ဆန်းကြယ်တဲ့ ဧကရာဇ်တစ်ပါးရဲ့ ခြေရာကို လိုက်ရင်းနဲ့... ဟွမ်သွမ့်ပင်လယ်ရဲ့ နက်ရှိုင်းတဲ့ နေရာကို မှားယွင်းဝင်ရောက်မိခဲ့ပြီး... ဟွမ်သွမ့်မိုးကြိုးရေကန်တစ်ခုကို တွေ့ရှိခဲ့ပါတယ် "
" အဲ့ဒီ ကောင်းကင်ရေကန်ထဲမှာ ကောင်းကင်မိုးကြိုးတွေ လိမ့်ဆင်းနေပြီး အရမ်းကို အံ့ဩဖွယ်ကောင်းလှပါတယ်... ဒါပေမယ့် ကျွန်တော်မျိုးကို အရမ်းကို အန္တရာယ်ရှိတယ်လို့လဲ ခံစားရစေပါတယ် "
" အဲ့ဒီအချိန်တုန်းက ကျွန်တော်မျိုး မဆင်မခြင် စုံစမ်းစစ်ဆေးတာမျိုး မလုပ်ခဲ့ဘဲ... အဲ့ဒီ ဟွမ်သွမ့်ကောင်းကင်ရေကန်ရဲ့ တည်နေရာကိုပဲ မှတ်သားထားခဲ့ပါတယ်... တကယ်လို့ သခင်ကြီး စိတ်ဝင်စားတယ်ဆိုရင်... ကျွန်တော်မျိုးက အဲ့ဒီတည်နေရာကို သခင်ကြီးကို ပြောပြဖို့ ဆန္ဒရှိပါတယ်... နောင်တစ်ချိန်မှာ အခြားကိစ္စ မရှိဘူးဆိုရင်... သခင်ကြီး သွားရောက် စုံစမ်းစစ်ဆေးနိုင်ပါတယ် "