အခန်း (၂၃၉-၂၄၀)
Vol. 18 Ch. 239-240
အခန်း (၂၃၉) - ကွယ်လွန်ပြီးနောက် တွက်ချက်မှု၊ အသက်ရှည်ခြင်းကို ပေးသနားခြင်းနှင့် အသုံးမကျသူအား မမွေးမြူခြင်း
စကားပြောနေစဉ်တွင် ဖီးနစ်ဧကရာဇ်၏ မျက်လုံးများထဲ၌ တုံ့ဆိုင်းမှုနှင့် ရုန်းကန်ရမှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။
အတိတ်ကာလတုန်းက... သူသည် တားမြစ်နယ်မြေအား စမ်းသပ်စစ်ဆေးနေသည့်... လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ နောက်သို့လိုက်ရင်း... ဟွမ်သွမ့် အတွင်း နက်ရှိုင်းစွာ ရောက်ရှိသွားကာ... ထိုလျှို့ဝှက်ဆန်းကြယ်သော ဟွမ်သွမ့်ကောင်းကင်ရေကန် တည်ရှိမှုကို... မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်က ဖီးနစ်ဧကရာဇ်သည် ကောင်းကင်ရေကန်အား စစ်ဆေးကြည့်ရှုရန် မရဲခဲ့ပေ။
အကြောင်းမှာ... သူ၏အရှင်သခင်အဆင့် ကျင့်ကြံခြင်းဖြင့်ပင်... ထိုကောင်းကင်ရေကန်ထံမှ ဖော်မပြနိုင်သော အန္တရာယ်အငွေ့အသက်ကို... ခံစားနေရသောကြောင့် ဖြစ်သည်။
အကယ်၍... သူသာ တိုးကပ်သွားမည်ဆိုပါက... သူ့ကို စောင့်ကြိုနေမည့်အရာမှာ... သေဆုံးခြင်းသာ ဖြစ်လိမ့်မည်ဟု... ခံစားခဲ့ရသည်။
ဖီးနစ်ဧကရာဇ်၏ အာရုံခံစားမှုမှာ အလွန်ထက်မြက်လှသည်။ သူသည် အဆုံးမဲ့ကမ္ဘာ အတွင်း... အင်မော်တယ်တက်လှမ်းခြင်းအတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သော်လည်း... အခွင့်အရေး မရောက်လာသေးပေ။ ထို့ကြောင့်... ဖီးနစ်ဧကရာဇ်သည် ကောင်းကင်ရေကန်ကို စွန့်စားပြီး... မစစ်ဆေးလိုခဲ့ခြင်း ဖြစ်သည်။
ဖီးနစ်ဧကရာဇ်သည် ထိုလျှို့ဝှက်ဆန်းကြယ်သောကောင်းကင်ရေကန်၏ တည်နေရာများကို မှတ်သားထားလိုက်ပြီး တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
သို့သော်... သူ၏စိတ်ထဲတွင်မူ ဤလျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ရေကန်ကို... အရန်အစီအစဉ်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။
အကယ်၍... အဆုံးမဲ့ကမ္ဘာတွင် အင်မော်တယ်တက်လှမ်းရန် မျှော်လင့်ချက် ကုန်ဆုံးသွားပါက... သူသည် ဟွမ်သွမ့်ကောင်းကင်ရေကန်အတွင်း ဝင်ရောက်စစ်ဆေးရန် စွန့်စားပြီး... အင်မော်တယ်တက်လှမ်းမည့် အခွင့်အရေး ရှာဖွေနိုင်မလား ကြည့်ရှုရန်... ရည်ရွယ်ထားခဲ့သည်။
မူလက ဖီးနစ်ဧကရာဇ်၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်သော်လည်း... ယခုအခါ ရှေးဟောင်းဧကရာဇ် ကျန်းထျန်း၏ သစ္စာရှိစွာ ခိုလှုံမှုကြောင့်... ကောင်းကင်ဘုံအရှင်သခင်၏ မျက်လုံးထဲတွင် သူ၏ 'အဆင့်အတန်း' ကို ခိုင်မာစေရန်အတွက်... ဖီးနစ်ဧကရာဇ်သည် အရာအားလုံးကို ပုံအောလိုက်ကာ ဤအကြီးမားဆုံး လျှို့ဝှက်ချက်ကိုပါ... ကုချန်အား ပြောပြလိုက်ခြင်း ဖြစ်သည်။
ဟွမ်သွမ့်ပင်လယ် နက်ရှိုင်းသော နေရာမှ လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ရေကန်တဲ့လား။
ဖီးနစ်ဧကရာဇ် ပြောပြသည်ကို ကြားလိုက်ရသောအခါ... ကုချန်၏စိတ်ထဲတွင် အသက်ရှည်ခြင်းနန်းဆောင် တည်ရှိရာ... ဟွမ်သွမ့်ကောင်းကင်ရေကန်ကို ချက်ချင်း သတိရသွားသည်။
ဖီးနစ်ဧကရာဇ် တွေ့ရှိခဲ့သော ဟွမ်သွမ့်ကောင်းကင်ရေကန်သည် သက်တမ်းရှည်နန်းတော် တည်ရှိရာနေရာ ဖြစ်နိုင်ခြေ အလွန်များသည်။
တကယ်ကို 'ဖိနပ်စုတ်အောင် ရှာတာတောင် မတွေ့ဘဲ မထင်မှတ်ဘဲ လွယ်လွယ်လေး တွေ့လိုက်ရတာပဲ'။
ကုချန်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။
ယခင်က... သူသည် ယွမ်ကျွင်းထံမှ ကောင်းကင်ရေကန်၏ တိကျသော တည်နေရာကို မရရှိခဲ့သော်လည်း... မထင်မှတ်ဘဲ ယခု ဖီးနစ်ဧကရာဇ်က ကောင်းကင်ရေကန်၏ တည်နေရာကို... သူ၏အိမ်တံခါးဝအထိ လာပို့ပေးနေပြီ ဖြစ်သည်။
ဒါပေမဲ့... ဖီးနစ်ဧကရာဇ် နောက်ယောင်ခံလိုက်ခဲ့တဲ့ တားမြစ်နယ်မြေကို စမ်းသပ်စစ်ဆေးနေသူ... လျှို့ဝှက်ဆန်းကြယ် ဧကရာဇ်အဆင့် ပညာရှင်ဆိုတာ... ယွမ်ကျွင်းရဲ့ ကိုယ်ပွားတွေထဲက တစ်ခုများ ဖြစ်နေမလား။
ကုချန်သည် စဉ်းစားခန်း ဝင်သွား၏။
မသေဆုံးမီက... သက်တမ်းရှည်ခြင်းနန်းတော်အပေါ် ထားရှိခဲ့သော ယွမ်ကျွင်း၏ သဘောထားကို ကြည့်လျှင်... ဤသည်မှာ ဖြစ်နိုင်ခြေ အလွန်များသည်။
အဆုံးမဲ့ကမ္ဘာတစ်ခုလုံးတွင် သက်တမ်းရှည်နန်းတော်၏ တည်နေရာအတိအကျကို သိရှိသော သက်ရှိဆို၍ ယွမ်ကျွင်းတစ်ဦးတည်းသာ ရှိလောက်သည်။
သို့သော် ကန့်သတ်ချက် တစ်ခု တည်ရှိနေခြင်းကြောင့် သူသည်ကောင်းကင်ရေကန်၏ တည်နေရာကို အခြားသူများအား ထုတ်ဖော်မပြောနိုင်ပေ။
ကိုယ်ပွားတစ်ခုကို အသုံးပြုပြီး... အရှင်သခင် တစ်ပါးကို ငါးစာချ၍ မျှားခေါ်ကာ... ဟွမ်သွမ့် ပင်လယ်အတွင်း နက်ရှိုင်းစွာ တိတ်တဆိတ် ခေါ်ဆောင်သွားပြီး... ဟွမ်သွမ့်မိုးကြိုးရေကန်၏ တည်နေရာကို 'မတော်တဆ' တွေ့ရှိသွားစေခြင်း... ဤသည်မှာ ယွမ်ကျွင်း ချန်ထားခဲ့သော အရန်အစီအစဉ်တစ်ခု တကယ်ဖြစ်နိုင်သည်။
ယွမ်ကျွင်း.....
ကုချန်သည် အနည်းငယ် သက်ပြင်းချလိုက်မိ၏။
ဒီကောင်က သေပြီးသွားတာတောင် ဒီလောက်ထိ တွက်ချက်ထားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။
ဒီလူရဲ့အင်အားက မကြီးမားလှပေမယ့် သူ့ရဲ့ ဉာဏ်နီဉာဏ်နက်ကတော့ ထိပ်တန်းပါပဲ။
ဟိုတုန်းက တားမြစ်နယ်မြေကို စမ်းသပ်စစ်ဆေးတယ် ဆိုတာက ဖီးနစ်ဧကရာဇ်ကို မျှားခေါ်ဖို့ သက်သက်ပဲ။ တမင် လုပ်ဆောင်ခဲ့တာ။
ဖီးနစ်ဧကရာဇ်ကိုတောင် ယွမ်ကျွင်း ကြိုတင်ရွေးချယ်ထားတာ ဖြစ်နိုင်သည်။ ပထမအချက်က ဖီးနစ်ဧကရာဇ်၏ အင်အား လုံလောက်သောကြောင့်ဖြစ်ပြီး... ဒုတိယအချက်က ဖီးနစ်ဧကရာဇ်သည် အလိုက်အထိုက်နေတတ်ပြီး... နောက်ဆက်တွဲ ကပ်ဘေးများနှင့် စမ်းသပ်မှုများကို ရှင်သန်ကျော်ဖြတ်နိုင်လောက်အောင်... လိုက်လျောညီထွေ နေတတ်သောကြောင့် ဟွမ်သွမ့်ကောင်းကင်ရေကန်၏ တည်နေရာကို ထိန်းသိမ်းထားနိုင်မည်ဟု ယူဆ၍ ဖြစ်သည်။
သို့သော် မည်သို့ပင်ဖြစ်စေ... ဟွမ်သွမ့်ကောင်းကင်ရေကန်၏ တည်နေရာကို ရရှိပြီဖြစ်၍... သက်တမ်းရှည်ခြင်းနန်းတော်အပေါ် ကုချန်၏ ကလဲ့စားချေမှု အစီအစဉ်ကို... စတင် အကောင်အထည် ဖော်နိုင်ပြီ ဖြစ်သည်။
" မင်း လုပ်တာ အရမ်းကောင်းတယ် "
ဟွမ်သွမ့်ကောင်းကင်ရေကန်၏ တိကျသော တည်နေရာကို မှတ်သားပြီးနောက် ကုချန် ခေါင်းအနည်းငယ်ညိတ်ကာ ဖီးနစ်ဧကရာဇ်ကို ချီးကျူးလိုက်သည်။
ထို့နောက်... ကုချန်သည် သူ၏လက်ချောင်းကို တစ်ချက်တီးလိုက်ရာ... သူ ပေါ့ပါးစွာ ဖွဲ့စည်းလိုက်သော အသက်ရှည်ခြင်းပစ္စည်း နှစ်ခုသည်... ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့၏ ရှေ့သို့... အသီးသီး ကျဆင်းလာသည်။
" ဒါက..... "
သူ၏ရှေ့ရှိ... အင်မော်တယ်ချီထဲမှ ထွက်ပေါ်နေသော ကြွယ်ဝသည့် အသက်ရှည်ခြင်း အရှိန်အဝါကို ခံစားလိုက်ရသောအခါ... ဖီးနစ်ဧကရာဇ်၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ... ပြည့်နှက်သွား၏။ အချိန်ကြာမြင့်စွာ ဆာလောင်မွတ်သိပ်နေသူတစ်ဦး အစားအစာကို တွေ့လိုက်ရသကဲ့သို့... သူ၏တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရသည်... ၎င်းမှာ သူ၏ နှလုံးသားနှင့် ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ လာသော တောင့်တမှုမျိုး ဖြစ်သည်။
ဘေးနားရှိ ရှေးဟောင်းဧကရာဇ် ကျန်းထျန်းသည်လည်း ဖီးနစ်ဧကရာဇ်ထက် မသာလွန်ပေ။
သူ၏ သွေးနှင့်ချီမှာ ဖီးနစ်ဧကရာဇ်ထက် ပိုမိုကြွယ်ဝသော်လည်း... ထိုအသက်ရှည်ခြင်းပစ္စည်း အစုအဝေးက... သူ့ကို နှလုံးသားအောက်ခြေမှ တောင့်တမှုကို... ခံစားရစေဆဲ ဖြစ်သည်။
" ဒါက အသက်ရှည်ခြင်းပစ္စည်းပဲ... စုပ်ယူပြီး ချေဖျက်လိုက်ရင်... မင်းတို့နှစ်ယောက်လုံးရဲ့ သက်တမ်းကို... နှစ်တစ်သောင်းစီ တိုးစေနိုင်တယ် "
ကုချန်သည် ပေါ့ပါးစွာ ပြောလိုက်၏။
သူ၏ တည်ငြိမ်သော အသံသည်... ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့၏ နားထဲတွင်... မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွားစေခဲ့သည်။
သူတို့၏သက်တမ်းကို နှစ်တစ်သောင်း တိုးစေနိုင်တဲ့ အသက်ရှည်ခြင်းပစ္စည်းတဲ့လား။
ဒါ... ဒါ.....
တစ်ခဏချင်းတွင်... ဖီးနစ်ဧကရာဇ်၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရနိုင်အောင် တုန်ရီလာပြီး... ရုတ်တရက် ရရှိလိုက်သော အံ့အားသင့်စရာကြောင့်... လွှမ်းမိုးခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။
သူသည်... အရာအားလုံးကို ပုံအောပြီး ကုချန်ထံ သစ္စာခံရန် ရွေးချယ်ခဲ့ခြင်းမှာ... မရေရာသော အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို... လောင်းကြေးထပ်ရန် အတွက်သာ ဖြစ်သည်။
ထို့အပြင် အင်မော်တယ်တက်လှမ်းခြင်းမှာ ဘာအတွက်နည်း။ ထာဝရအသက်ရှင်သန်ပြီး ကမ္ဘာမြေနှင့်အတူ ယှဉ်တွဲအုပ်စိုးရန် မဟုတ်ပါလော။
ယခု ကောင်းကင်ဘုံအရှင်သခင်မှ... သက်တမ်းကို နှစ်တစ်သောင်း တိုးစေနိုင်သော အသက်ရှည်ခြင်းပစ္စည်းကို... ဤမျှ လွယ်ကူရိုးရှင်းစွာ ပေးသနားလိုက်ရာ... ဖီးနစ်ဧကရာဇ် မည်သို့ မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။
" ဒီပစ္စည်းက တန်ဖိုးကြီးလွန်းပါတယ်..... "
ဘေးနားရှိ ရှေးဟောင်းဧကရာဇ် ကျန်းထျန်းသည်လည်း အက်ကွဲသော အသံဖြင့် ပြောဆိုလိုက်သည်။
သူသည်... ကောင်းကင်ဘုံအရှင်သခင်ထံ ယခုမှ သစ္စာခံကာစ ဖြစ်ပြီး... ဘာမျှပင်လုပ်ဆောင်ရခြင်း မရှိသေးဘဲ... ဤမျှ တန်ဖိုးကြီးသော ဆုလာဘ်ကို ရရှိလိုက်ခြင်းသည်... သင့်လျော်ပါ့မည်လော။
" မင်းတို့က ငါကိုယ်တော်ဆီမှာ အမှုထမ်းတာပဲ... ငါကိုယ်တော်က မင်းတို့အပေါ် မတရား ဆက်ဆံမှာ မဟုတ်ဘူး "
ကုချန်သည် အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
ဤအသက်ရှည်ခြင်းပစ္စည်း နှစ်ခုကို ဖွဲ့စည်းခြင်းသည် သူ့အတွက် ဘာမျှ မဟုတ်ပေ။ အများဆုံး အချိန်နည်းနည်း ပေးလိုက်ရရုံသာဖြစ်သည်။
ဧကရာဇ်ကောင်းတစ်ပါးသည် စစ်သည်များကို အငတ်မထားပေ။
ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့သည်... သစ္စာခံရန် သူတို့၏ ဝိညာဉ်အမှတ်အသားများကို ပေးအပ်ထားသော်လည်း... သူတို့အနေဖြင့် စိတ်ပါလက်ပါ အလုပ်လုပ်စေရန်အတွက်... သင့်လျော်သော မျက်နှာသာပေးမှုအချို့ လိုအပ်ကြောင်း... ကုချန် ကောင်းစွာ သိ၏။
အရှင်သခင်တစ်ပါး၏ သက်တမ်းကို... နှစ်တစ်သောင်း တိုးစေနိုင်သော ဤအသက်ရှည်ခြင်းပစ္စည်းသည်... ဤနှစ်ဦးအား သူ့အတွက် ဆက်ကပ်လုပ်ကိုင်ပေးရန်... လုံလောက်ပေသည်။
" အရှင်သခင်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ် "
ဖီးနစ်ဧကရာဇ်သည်... အသက်ရှည်ခြင်းပစ္စည်းကို စိတ်လှုပ်ရှားစွာ ယူလိုက်ပြီး... ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံကာ... စုပ်ယူချင်စိတ်များ ဖြစ်ပေါ်နေသည်။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ ကံကောင်းသည်ဟု တွေးနေမိသည်။
အရေးကြီးသော အချိန်တွင်... အခြေအနေကို သုံးသပ်ပြီး မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ခဲ့သည်မှာ... ကောင်းလေစွ။ သို့မဟုတ်ပါက... ဤအသက်ရှည်ခြင်းပစ္စည်း ဝေစုသည်... မည်သည့်နေရာသို့ ရောက်သွားမည်နည်း။
တာအိုရဲဘော် လင်းနှင့် အခြားသူများသာ... ကောင်းကင်ဘုံအရှင်သခင်က ဤမျှ တန်ဖိုးကြီးသော ပစ္စည်းကို ပေးသနားသည်ကို သိလျှင်... ပြင်းထန်စွာ နောင်တရနေကြမည် မဟုတ်လော။
" ကျေးဇူးတင်ပါတယ် အရှင်သခင် "
ဘေးနားရှိ ရှေးဟောင်းဧကရာဇ် ကျန်းထျန်းသည်လည်း အသက်ရှည်ခြင်းပစ္စည်းကို ယူလိုက်၏။
ကုချန်သည်... သူ့ဘဝ၏ အကြီးမားဆုံးသော နာကျည်းချက်အတွက် ကလဲ့စားချေပေးခဲ့သဖြင့်... သူသည် ကုချန်အပေါ် အလုပ်အကျွေးပြုချင်စိတ်... ရှိထားပြီး ဖြစ်သည်။ ယခု ဤအသက်ရှည်ခြင်းပစ္စည်းနှင့်ဆိုလျှင်... သူ၏ အရှင်သခင်အတွက်... ပိုမိုလုပ်ဆောင်ပေးနိုင်တော့မည် ဖြစ်သည်။
နှစ်ဦးစလုံး ဆုလာဘ်ကို လက်ခံပြီးနောက် ကုချန်မှ လျစ်လျူရှုဟန်ဖြင့် ထပ်ပြောလိုက်သည်။
" ငါကိုယ်တော်က မင်းတို့ကို အသက်ရှည်ခြင်းပစ္စည်း... အများဆုံး သုံးကြိမ်ပဲ ပေးသနားမယ်... မင်းတို့ရဲ့ သက်တမ်းကို နှစ်သုံးသောင်းအထိ အာမခံပေးမယ် "
" တကယ်လို့ နှစ်သုံးသောင်း ကြာပြီးတာတောင်... မင်းတို့က အဆင့်မတက်နိုင်သေးဘူး ဆိုရင်တော့... သေမျိုးလောကထဲမှာ အိုမင်းပြီး သေဆုံးသွားကြပေတော့ "
ကုချန်သည် လက်အောက်ငယ်သားများကို... သူ့အတွက် အလုပ်လုပ်ရန် စုဆောင်းနေခြင်း ဖြစ်ပြီး... အသုံးမကျသူများကို မွေးမြူထားရန် မဟုတ်ပေ။
နှစ်ပေါင်း သုံးသောင်း... အကယ်၍ သူတို့နှစ်ဦးသာ ထျန်းကျွင်းအဆင့်သို့ အဆင့်မတက်နိုင်သေးလျှင်... သေတာက သေတာပင်။ ကုချန်အနေဖြင့်... သူတို့၏အသက်ကို ဆွဲဆန့်ရန် အသက်ရှည်ခြင်းပစ္စည်းများ... ထပ်မံ ပေးသနားမည် မဟုတ်ပေ။
သို့မဟုတ်ပါက ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည် သက်တမ်းရှည်နန်းတော်ရှိ ထိုထျန်းကျွင်းများနှင့် ဘာကွာခြားတော့မည်နည်း။
" ဟုတ်ကဲ့ပါ "
ကုချန်၏စကားကို ကြားသောအခါ... ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့၏... နှလုံးသားထဲမှ ပျော်ရွှင်မှုများမှာ အနည်းငယ် လျော့ကျသွားပြီး... မရေရာသော အရေးတကြီး လိုအပ်မှုတစ်ခု... အစားထိုး ဝင်ရောက်လာ၏။
နှစ်ပေါင်း သုံးသောင်း... သူတို့မှာ နှစ်ပေါင်း သုံးသောင်းသာ... အချိန်ရှိတော့သည်။
အခန်း (၂၄၀) - ကုချန်၏ အမိန့်၊ ဧကရာဇ်၏ အမွေအနှစ်နှင့် လျှို့ဝှက်ဆန်းကြယ်သော အလင်းတံဆိပ်
" မင်းတို့ နှစ်ယောက် စိုးရိမ်ပူပန်နေစရာ မလိုပါဘူး... မင်းတို့နှစ်ယောက်သာ စိတ်အားထက်ထက်သန်နဲ့ ကျင့်ကြံရင်... ထျန်းကျွင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုပါ "
ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းတို့၏ အနည်းငယ် စိုးရိမ်နေသည့် အမူအရာများကို မြင်သောအခါ ကုချန်သည် တည်ငြိမ်စွာ ပြောဆိုလိုက်၏။
ယခုဆိုလျှင်... ကုချန်သည် စစ်မှန်သော ဧကရာဇ်ကျမ်းစာများစွာကို... ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူသည် ထိုကျမ်းစာနှစ်ခုကို ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းတို့အား လေ့လာရန်နှင့်... အမှားအမှန်ကို ခွဲခြားသိရှိရန် ပေးအပ်ရုံသာ... လိုအပ်သည်။ နှစ်ပေါင်း သုံးသောင်းအတွင်း... ထျန်းကျွင်းအဆင့်ကို တက်လှမ်းနိုင်ရန်မှာ... ခက်ခဲသော အရာတစ်ခု ဖြစ်မည် မဟုတ်ပေ။
" ထျန်းကျွင်းအဆင့် "
ဖီးနစ်ဧကရာဇ်သည် အံ့အားသင့်သွား၏။ ဧကရာဇ်အဆင့်ကို ချိုးဖျက်ပြီးနောက် အင်မော်တယ်တက်လှမ်းခြင်း မဟုတ်ပါလား။ သူ၏သခင်ကြီး ပြောဆိုသည့် ဤထျန်းကျွင်းအဆင့်ဆိုသည်မှာ ဘာများလဲ။
" မင်းတို့ နှစ်ယောက်ကတော့... အခုထိ တုယောင်ဧကရာဇ်အဆင့်ပဲ ရှိပါသေးတယ်... အရှင်သခင်လို့ ခေါ်ဆိုနိုင်ပေမဲ့... တကယ်တမ်းကျတော့ ဧကရာဇ်အဆင့် မဟုတ်သေးဘူး... အရှင်သခင်အဆင့်အထက်မှာ ထျန်းကျွင်းအဆင့်ရှိပြီး... ထျန်းကျွင်းအဆင့်ပြီးမှသာ အင်မော်တယ်တက်လှမ်းခြင်းကို ရရှိနိုင်မှာ "
ကုချန်သည် အကျဉ်းချုပ် မိတ်ဆက်ပေးရုံသာ ရှိပြီး အသေးစိတ် ရှင်းပြခြင်း မရှိခဲ့ချေ။
သို့သော် ထိုမျှနှင့်ပင် ဖီးနစ်ဧကရာဇ်အား အကြီးအကျယ် ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ရှေးပဝေသဏီမှ ယနေ့အထိ... အဆုံးမဲ့ကမ္ဘာရှိ သက်ရှိများ သိရှိခဲ့သည်မှာ... ဧကရာဇ်အဆင့်ပြီးနောက်... အင်မော်တယ်တက်လှမ်းခြင်းကို ရရှိနိုင်သည် ဆိုခြင်းပင်။
သို့သော်... ယခု ကုချန်မှ အဆုံးမဲ့ကမ္ဘာက ဧကရာဇ်အဆင့်ဟု ခေါ်ဆိုနေသည်မှာ... တုယောင်ဧကရာဇ်အဆင့်၊ အရှင်သခင်အဆင့်သာ ဖြစ်ပြီး... အရှင်သခင်အဆင့်ပြီးနောက် ထျန်းကျွင်းအဆင့် ရှိသေးကာ... ထျန်းကျွင်းအဆင့်ပြီးမှသာ အင်မော်တယ်တက်လှမ်းနိုင်မည်ဟု... ပြောဆိုခဲ့သည်။
ဖီးနစ်ဧကရာဇ်သည် ကုချန်၏စကားကို ဘယ်တော့မျှ သံသယဝင်မည် မဟုတ်ပေ။
သို့သော် သူ၏ သခင်ကြီးသည် ဤမျှ လျှို့ဝှက်သော အချက်အလက်များကို မည်သို့ သိရှိနေပါသနည်း။
ဤအရာများသည် သူတို့ကဲ့သို့ပင် နှစ်သိန်းချီ၊ သို့မဟုတ် နှစ်သန်းချီတိုင်အောင် အသက်ရှင်နေခဲ့သော ရှေးဟောင်းအရှင်သခင်များပင် မသိရှိခဲ့သည့် အရာများ မဟုတ်လော။
ခဏတာအတွင်းမှာပင် ဖီးနစ်ဧကရာဇ်၏ ကုချန်အပေါ် အံ့သြလေးစားမှုနှင့် ကြည်ညိုလေးမြတ်မှုတို့သည် ပို၍ပင် နက်ရှိုင်းလာခဲ့သည်။
သူသည် စိတ်ထဲ၌ပင် တိတ်တဆိတ် တွေးနေမိသည်။
သူ့ရဲ့သခင်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဘဝကူးပြီး ပြန်လည် ကျင့်ကြံအားထုတ်လာတဲ့ 'ရှေးဟောင်းဘီလူးကြီး' များ ဖြစ်နေမလား။
မဟုတ်လျှင်... ကုချန်သည် ဤမျှ တိုတောင်းသော ကာလအတွင်း... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်လာနိုင်ကာ... ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်များစွာကို သိရှိနေနိုင်သည်ကို... ရှင်းပြရန် လမ်းမရှိပေ။
" ကောင်းပြီ...နောက်တစ်ခု... မင်းတို့နှစ်ယောက်ကို အလုပ်တစ်ခု ပေးအပ်စရာ ရှိတယ် "
ကုချန်၏ အသံကြောင့်... ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းရှေးဟောင်းဧကရာဇ် နှစ်ဦးစလုံး နားစွင့်လိုက်ပြီး... ကုချန်၏ ညွှန်ကြားချက်များကို နားထောင်ရန် အာရုံစိုက်လိုက်ကြသည်။
သူတို့၏ လက်ရှိ သစ္စာစောင့်သိမှု အဆင့်အရ... ကုချန်က သူတို့၏ ယခင် တာအိုရဲဘော်များဖြစ်သည့်... လင်းအရှင်နှင့် ရွှမ်အရှင်တို့အား သတ်ရန် အမိန့်ပေးခဲ့လျှင်ပင်... ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းတို့သည်... အနည်းငယ်မျှ တုံ့ဆိုင်းခြင်း ရှိမည်မဟုတ်ချေ။
" မင်းတို့ရဲ့ အနာဂတ်တာဝန်ကတော့... ကုမိသားစု တစ်ခုလုံးအတွက်... တရားဟောဖို့နဲ့ သင်ကြားပေးဖို့ပဲ "
" သူတို့အားလုံးမှာ ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းလမ်းတွေ ရှိပါတယ်... မင်းတို့နှစ်ယောက်က ကုမိသားစုရဲ့ မျိုးဆက်သစ် လူငယ်တွေကို လမ်းညွှန်ပေးဖို့နဲ့... သူတို့ရဲ့ သံသယတွေကို ရှင်းလင်းပေးဖို့ပဲ လိုတယ် "
ကုချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဤသည်မှာ... သူတို့နှစ်ဦးကို လက်ခံရန် ဆုံးဖြတ်လိုက်စဉ်ကတည်းက... သူ စဉ်းစားပြီးသား ဆုံးဖြတ်ချက် ဖြစ်သည်။
လက်ရှိတွင် ကုမိသားစု၌ အရင်းအမြစ်များ မလုံလောက်စရာ မရှိပေ။ မိသားစု၏ အရင်းအမြစ်များသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤမျှ ကြီးမားသော ကျင့်ကြံခြင်း အရင်းအမြစ် ပမာဏသည် မိသားစုအတွင်းရှိ လူတိုင်းကို သူတော်စင်တစ်ပါးအဖြစ် မွေးထုတ်ပေးရန် လုံလောက်သည်ထက် ပိုနေပြီ။
သို့သော်.. ယခု ကျင့်ကြံခြင်း အရင်းအမြစ်များ ပေါများလာသော်လည်း... လိုအပ်နေသည့် တစ်ခုတည်းသောအရာမှာ... ကုမိသားစုဝင်များကို လမ်းညွှန်ပေးနိုင်မည့် ဆရာသမားများသာ ဖြစ်သည်။
ယခင်က ဤအလုပ်အား ကုဝူရှန့်က အမြဲတစေ ကိုင်တွယ်ခဲ့ရသည်။
ယခုတွင်မူ ကုချန်သည် ကုဝူရှန့်အား လွတ်လပ်ခွင့်ပေးကာ... ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် အာရုံစိုက်စေပြီး... ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းရှေးဟောင်းဧကရာဇ်တို့အား... ဤတာဝန်ကို လွှဲပြောင်းယူစေရန် ဆုံးဖြတ်လိုက်သည်။
သူတို့နှစ်ဦးစလုံးသည်... တစ်ချိန်က ဧကရာဇ်အဆင့်တွင် ရှိခဲ့ဖူးပြီး... ဖီးနစ်ဧကရာဇ်မှာ အလွန်ကြာမြင့်သော ကာလတစ်ခုအထိ... တည်ရှိခဲ့သော ရှေးဟောင်းအရှင်သခင်တစ်ပါး ဖြစ်သည်။ သူတော်စင်အဆင့်ပင် မရောက်သေးသော... လူငယ်မျိုးဆက်များကို ကျင့်ကြံမှု၌ လမ်းညွှန်ပေးခြင်းသည်... ပို၍ လွယ်ကူရိုးရှင်းသော အလုပ်တစ်ခု ဖြစ်သည်။
အဆုံးမရှိ ကျင့်ကြံခြင်း အရင်းအမြစ်များ ပံ့ပိုးပေးနိုင်မှုနှင့်... အရှင်သခင်နှစ်ပါး၏ လမ်းညွှန်မှုတို့ ပေါင်းစပ်လိုက်သောအခါ... ကုမိသားစု၏ လူငယ်မျိုးဆက်များ၏ အနာဂတ် အောင်မြင်မှုများသည်... အတိုင်းအဆမရှိ ကြီးမားလာမည်မှာ သေချာလှသည်။
ကုမိသားစု၏ မျိုးဆက်သစ် လူငယ်များကို ကျင့်ကြံမှု၌ လမ်းညွှန်ပေးရုံသာလော။
ကုချန်၏အမိန့်ကို ကြားလိုက်ရသောအခါ... ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းရှေးဟောင်းဧကရာဇ် နှစ်ဦးစလုံး... အံ့အားသင့်သွားခြင်း မဖြစ်ဘဲ မနေနိုင်တော့ပေ။
သူတို့၏သခင်ကြီးသည်... သူတို့အား ခက်ခဲသော တာဝန်တစ်ခုခုကို ပေးအပ်လိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း... ဤမျှ ရိုးရှင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။
သို့သော် ကုမိသားစု၏ လူငယ်မျိုးဆက်များသည်... သူတို့၏ သခင်ကြီး အလေးထားဆုံးသော လူများဖြစ်သည်ဟု တွေးမိသောအခါ... ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းရှေးဟောင်းဧကရာဇ်တို့သည် သတိထားမိလိုက်ကြသည်။ အလုပ်မှာ ရိုးရှင်းသော်လည်း... သူတို့သည် လုံးဝ ပေါ့ဆ၍ မဖြစ်ချေ။
" ကျွန်တော်မျိုးတို့ဟာ တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်ပြီး... တတ်နိုင်သမျှ အစွမ်းကုန် ပြီးမြောက်အောင် ဆောင်ရွက်မှာပါ "
" ကောင်းပြီ... မင်းတို့ နှစ်ယောက် သွားလို့ရပြီ "
နှစ်ဦးစလုံး... အမိန့်ကို လက်ခံလိုက်သည်ကို မြင်သောအခါ... ကုချန်က စိတ်ကျေနပ်စွာ လက်ဝှေ့ယမ်းပြပြီး... ဆုတ်ခွာရန် အချက်ပြလိုက်သည်။
ထို့နောက်... ကုချန်၏အကြည့်သည် ပြောင်းလဲသွားပြီး... ခြေလှမ်းတစ်လှမ်းတည်းဖြင့် လူသားဧကရာဇ် လျှို့ဝှက်နယ်မြေအတွင်းသို့... ရောက်ရှိသွားခဲ့သည်။
မြစ်များမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး... ရှေးဟောင်းကျွန်းပေါ်ရှိ ယင်နှင့်ယန် တာအိုသစ်ပင်မှ... ယင်နှင့်ယန် မိခင်ချီများကို ထုတ်လွှတ်ပေးနေကာ... ရှေးဟောင်းကျွန်းတစ်ခုလုံးအား လွှမ်းခြုံထားသည်။ ယင်နှင့်ယန် တာအိုသစ်ပင်အောက်၌... ရှေးဟောင်းခေါင်းတလား နှစ်လုံးသည်... တိတ်ဆိတ်စွာ တည်ရှိနေကြသည်။
ကုချန်သည်... ၎င်းတို့ထဲမှ သွေးစွန်းနေသော ရှေးဟောင်းခေါင်းတလားကို ကြည့်လိုက်ပြီး... အတွေးထဲတွင် နစ်မြုပ်သွားခဲ့သည်။
ကောင်းကင်ချောက်နက်တွင် လူသားဧကရာဇ်က ဤခေါင်းတလားထဲ၌ သူ၏ 'လက်ဆောင်' တစ်ခုကို ချန်ထားခဲ့ကြောင်း သူ့အား ပြောပြခဲ့သည်။
ယခု ကိစ္စအားလုံး ပြီးဆုံးသွားပြီဖြစ်ရာ ကုချန်သည် လူသားဧကရာဇ်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ကာ လူသားဧကရာဇ်၏ လက်ဆောင်ဟု ခေါ်ဆိုသော အရာသည် အမှန်တကယ် ဘာဖြစ်သည်ကို ကြည့်ရှုရန် ပြင်ဆင်နေသည်။
ရှေးဟောင်းခေါင်းတလား နှစ်လုံးအနက်... လူသားဧကရာဇ်၏ ကွဲကြေနေသော အကြေးခွံကို မြှုပ်နှံထားသည့် ခေါင်းတလားမှာ... ကြာမြင့်စွာကတည်းက ပွင့်နေခဲ့ပြီး... အတွင်းပိုင်းမှာ ဗလာနတ္တိ ဖြစ်နေခဲ့သည်။
သွေးစွန်းနေသော ရှေးဟောင်းခေါင်းတလား တစ်လုံးသာ တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲ ဖြစ်သည်။
ယခင်က... ချီယန်ဧကရာဇ် လူဧကရာဇ်လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့စဉ်က... အတွင်းမှ လက်တစ်ဖက်က သူ့အား ခေါင်းတလားထဲသို့ ဆွဲသွင်းခဲ့ပြီး... သူ၏သွေးများ စီးကျလာကာ ချက်ချင်း ပျက်စီးသွားခဲ့သည်။
သာမန် အရှင်သခင်တစ်ပါးသည် ခေါင်းတလားကို ထပ်မံချဉ်းကပ်ဖွင့်ရန် မဝံ့ရဲဖြစ်သင့်သည်မှာ သဘာဝကျသည်။
သို့သော် ကုချန်သည် မကြောက်မရွံ့ ဖြစ်နေသည်။ ရွှယ်ကျန်းအင်မော်တယ်၏ ခန္ဓာကိုယ်တစ်ဝက်သည် ဤခေါင်းတလားထဲ၌ ဖိနှိပ်ခံထားရကြောင်း သူ သိနှင့်နေပြီးသား ဖြစ်သည်။
မင်ကူအင်မော်တယ်ကိုပင် သူ ပေါ့ပေါ့ပါးပါး ဖိနှိပ်ထားနိုင်ခဲ့ရာ... စစ်မှန်သော အင်မော်တယ်၏ ခန္ဓာကိုယ်အကြွင်းအကျန် တစ်ဝက်ဆိုသည်မှာ... ဘာမျှ မဟုတ်ပေ။
ကုချန်သည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ... သွေးစွန်းနေသော ရှေးဟောင်းခေါင်းတလားဆီ ချဉ်းကပ်သွားပြီး... လက်ဝါးဖြင့် ခေါင်းတလား၏အဖုံးကို... ပေါ့ပေါ့ပါးပါး မလိုက်သည်။
" ဒုန်း...! "
ခေါင်းတလားအဖုံးကို မလိုက်သည်နှင့်အမျှ... ရှေးဟောင်းခေါင်းတလား တုန်ခါသွားပြီး... သွေးစွန်းနေသော လက်မောင်းတစ်ဖက်သည် အတွင်းမှ ရုတ်တရက် ထိုးထွက်လာကာ... ကုချန်အား ချက်ချင်း ဆွဲကိုင်ရန် ကြိုးစားသည်။ တစ်ချိန်တည်းမှာပင်... အရှင်သခင်အဆင့်ထက် သာလွန်သော ခန့်ညားထည်ဝါသည့် ဖိအားတစ်ခုသည်... ကုချန်အား ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။
သို့သော်... ကုချန်သည် မျက်လုံးတစ်ချက်ပင် မမှိတ်ဘဲ... ယင်ကောင်ကို ရိုက်ချလိုက်သကဲ့သို့... လက်ဝါးကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ... သွေးစွန်းနေသော လက်မောင်းသည် ချက်ချင်းဆိုသလို... ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
" အား! "
တစ်ချိန်တည်းမှာပင် ရှေးဟောင်းခေါင်းတလား အတွင်းမှ အော်ဟစ်သံတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
" သေခြင်းတရားကို တောင်းခံနေတာပဲ "
ကုချန်က လျစ်လျူရှုသည့် လေသံဖြင့် တီးတိုးရေရွတ်ပြီး ခေါင်းတလားအတွင်းသို့ အကြည့်ကို ပစ်သွင်းလိုက်သည်။
သွေးစွန်းနေသော ရွှယ်ကျန်း၏ အင်မော်တယ်ခန္ဓာကိုယ် တစ်ဝက်သည် ခေါင်းတလားအတွင်း၌ လဲလျောင်းနေသည်ကို သူ မြင်လိုက်ရသည်။
စစ်မှန်သော နတ်နဂါးပုံသဏ္ဌာန်ရှိပြီး... မျက်စိကျိန်းလောက်အောင် ရွှေရောင် ထွက်ပေါ်နေသော တံဆိပ်တစ်ခုသည်... ဤအင်မော်တယ်ခန္ဓာကိုယ် တစ်ဝက်၏ ရင်ဘတ်ပေါ်၌... အမှတ်အသားပြုထားသည်။ ၎င်းသည် ရွှေရောင် စည်းကမ်းချက် ကွင်းဆက်များစွာကို ထုတ်လွှတ်ကာ... ဤအင်မော်တယ်ခန္ဓာကိုယ် တစ်ဝက်ကို ခေါင်းတလားအတွင်း၌... ခိုင်မြဲစွာ ချုပ်နှောင်ထားသည်။
ထိုမှတစ်ပါး ခေါင်းတလားသည် ဗလာနတ္တိဖြစ်ပြီး အခြားပစ္စည်းများ မရှိပေ။
ခေါင်းတလားထဲသို့ ဆွဲသွင်းခံခဲ့ရသော ချီယန်ဧကရာဇ်မှာ... ရွှယ်ကျန်း၏ အင်မော်တယ်ခန္ဓာကိုယ် တစ်ဝက်က လုံးဝ ဝါးမြိုသွားခဲ့ပြီး... အဝတ်စုတ်တစ်စပင် မကျန်ခဲ့တော့ပုံ ရသည်။
ကုချန်သည်... ရွှယ်ကျန်း၏ ခန္ဓာကိုယ် အကြွင်းအကျန်၏ ရင်ဘတ်ပေါ်၌... အမှတ်အသားပြုထားသော တံဆိပ်ကို ကြည့်လိုက်ပြီး... အတွေးထဲတွင် နစ်မြုပ်သွားခဲ့သည်။
ဤတံဆိပ်မှလွဲ၍ ခေါင်းတလားထဲတွင် ရွှယ်ကျန်း၏ ခန္ဓာကိုယ် အကြွင်းအကျန် တစ်ဝက်သာ ရှိသည်။
ကုချန်သည်... စစ်မှန်သော အင်မော်တယ်၏ ခန္ဓာကိုယ် အကြွင်းအကျန် တစ်ဝက်သည်... လူသားဧကရာဇ်က သူ့အတွက် ချန်ထားခဲ့သည့် လက်ဆောင်ဟု... ခေါ်ဆိုသည့်အရာ ဖြစ်လိမ့်မည်ဟု မယုံကြည်ပေ။
ဤတံဆိပ်သည် လူသားဧကရာဇ်မှ သူ့အတွက် ချန်ထားခဲ့သော 'လက်ဆောင်' ဖြစ်ပါသလော။
ဤအချက်ကို တွေးမိသောအခါ... ကုချန်သည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ... ရွှယ်ကျန်း၏ ကျန်ရှိနေသေးသော ခန္ဓာကိုယ် အကြွင်းအကျန် တစ်ဝက်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ပြီး... ခေါင်းတလားအတွင်းမှ ထွက်ပေါ်လာသော နာကျင်စွာ အော်ဟစ်သံသည်လည်း... ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထို့နောက်... ကုချန်သည် နတ်နဂါးပုံသဏ္ဌာန် တံဆိပ်ကို သူ၏လက်ဝါးထဲသို့ ဆွဲယူလိုက်ပြီး... ဂရုတစိုက် စစ်ဆေးရန်အတွက်... သူ၏နတ်ဝိညာဉ် အစိတ်တစ်ပိုင်းကို... ထည့်သွင်းလိုက်လေသည်။