← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 18 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 18 Ch. 241-242

‎အခန်း (၂၄၁) - လျှို့ဝှက်ဆန်းကြယ်သော သံလိုက်အိမ်မြှောင်၊ အဆုံးမဲ့ကမ္ဘာ၏ ပြင်ပနှင့် ရှောင်းယွဲ့ ပြန်လည်မွေးဖွားခြင်း

‎

‎

‎

‎နဂါးပုံသဏ္ဍာန် အမှတ်အသားသည် တောက်ပနေပြီး ကုချန်၏လက်ဝါးပြင်ပေါ်တွင် စစ်မှန်သောနဂါးငယ်လေးတစ်ကောင် ခွေလျက်ရှိနေသကဲ့သို့ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။

‎

‎

‎ကုချန်၏ နတ်ဘုရားအာရုံတစ်မျှင် ဝင်ရောက်သွားသည့်အခါ ထိုအမှတ်အသား၏ ပုံသဏ္ဍာန်သည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

‎

‎

‎စူးရှသော အလင်းတန်းများ ဖြာထွက်လာပြီး နဂါးဟိန်းသံများသည် ကောင်းကင်ယံအထိ တုန်ခါသွားစေသည်။

‎

‎

‎မျက်တောင်တစ်ခတ်အတွင်း ထိုတောက်ပသော နဂါးပုံသဏ္ဍာန်အလင်းတန်းသည် အနည်းငယ်ဟောင်းနွမ်းနေသည့် လက်ဖဝါးအရွယ်အစားရှိ စက်ဝိုင်းပြားတစ်ခုအဖြစ် ပြောင်းလဲကာ ကုချန်၏လက်ဝါးပေါ်၌ ငြိမ်သက်စွာ တည်ရှိနေလေသည်။

‎

‎

‎" ဒါက..... "

‎

‎

‎ကုချန်သည် သူ၏လက်ဖဝါးထဲမှ စက်ဝိုင်းပြားကို ကြည့်လိုက်သည်။

‎

‎

‎ထိုအရာသည် လက်ဖဝါးအရွယ်အစားသာရှိပြီး မျက်နှာပြင်ပေါ်တွင် အဆုံးမဲ့တာအို အက္ခရာသင်္ကေတများ ထူထပ်စွာ ရေးထိုးထားကာ နဂါးပုံသဏ္ဍာန်လက်တံတစ်ခုက လည်ပတ်နေသည်။

‎

‎

‎ဤအရာသည် သံလိုက်အိမ်မြှောင်တစ်ခုနှင့် တူနေသည်လော။

‎

‎

‎ကုချန်သည် အနည်းငယ် အံ့အားသင့်သွား၏။

‎

‎

‎လူသားဧကရာဇ်က သူ့အတွက် ချန်ထားခဲ့မည့်လက်ဆောင်မှာ ဤကဲ့သို့ပစ္စည်းမျိုးဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။

‎

‎

‎" သံလိုက်အိမ်မြှောင်..... "

‎

‎

‎ကုချန်သည် တွေးတောလိုက်သည်။

‎

‎

‎ဤလက်ဖဝါးအရွယ်အစားရှိ... သံလိုက်အိမ်မြှောင်သည် အနည်းငယ်ဟောင်းနွမ်းနေပုံရပြီး... ရှည်လျားလှသော နှစ်ကာလများစွာကတည်းက တည်ရှိခဲ့သည့်ပုံ ပေါက်နေသည်။

‎

‎

‎သံလိုက်အိမ်မြှောင်ပေါ်ရှိ နဂါးပုံသဏ္ဍာန်လက်တံသည်... ဦးတည်ချက်မငြိမ်မသက် လှုပ်ရှားနေပြီး တစ်ခါတစ်ရံတွင်... လုံးဝကွဲပြားခြားနားသော အရပ်မျက်နှာများကို... ညွှန်ပြနေတတ်သည်။

‎

‎

‎လူသားဧကရာဇ်က တစ်စုံတစ်ရာကို အရိပ်အမြွက်ပြလို၍ ဤသံလိုက်အိမ်မြှောင်ကို ချန်ထားခဲ့ခြင်းလော။

‎

‎

‎သို့မဟုတ် လူသားဧကရာဇ် သူ့ကို အမှန်တကယ် ပေးလိုသည့်အရာမှာ သံလိုက်အိမ်မြှောင် ညွှန်ပြနေသည့် နေရာတွင် ရှိနေခြင်းလော။

‎

‎

‎ကုချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

‎

‎

‎သို့သော်... အကယ်၍ သံလိုက်အိမ်မြှောင်ညွှန်ပြသည့်နေရာသည်... လူသားဧကရာဇ် အမှန်တကယ် ချန်ထားလိုသည့်အရာ ရှိသောနေရာဖြစ်ပါက... အဘယ်ကြောင့် သံလိုက်အိမ်မြှောင်၏ တည်နေရာပြခြင်းသည်... အဆက်မပြတ် ပြောင်းလဲနေရသနည်း။

‎

‎

‎ကုချန်၏ လေ့လာချက်အရ... အသက်ရှူထုတ်သုံးချိန် အတွင်းမှာပင်... နဂါးပုံသဏ္ဍာန်လက်တံ ညွှန်ပြသည့် တည်နေရာများသည်... အကြိမ်ပေါင်းများစွာ ပြောင်းလဲနေခဲ့သည်။

‎

‎

‎သေချာသည်မှာ... သံလိုက်အိမ်မြှောင် ပျက်နေခြင်း ဖြစ်နိုင်သလို... ၎င်းညွှန်ပြနေသည့်အရာမှာ ပုံသေနေရာတစ်ခုမဟုတ်ဘဲ... သက်ရှိသတ္တဝါတစ်မျိုးမျိုး ဖြစ်နေခြင်းလည်း ဖြစ်နိုင်သည်။

‎

‎

‎" ကြည့်ရအောင် "

‎

‎

‎ကုချန်သည် သံလိုက်အိမ်မြှောင်ကို ကောက်ယူလိုက်ပြီး... ခြေလှမ်းအသာလှမ်းကာ ညွှန်ပြရာ... အရပ်မျက်နှာအတိုင်း စတင်ရှာဖွေလိုက်သည်။

‎

‎

‎သူ၏လက်ရှိစွမ်းအားဖြင့် အဆုံးမဲ့ကမ္ဘာ အတွင်းရှိ မည်သည့်နေရာကိုမဆို... မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိနိုင်သည့်အတွက်... တည်နေရာများ မြန်မြန်ဆန်ဆန် ပြောင်းလဲနေလျှင်ပင်... တည်နေရာအတိအကျကို ရှာဖွေရန် ကုချန်အတွက် မခက်ခဲပေ။

‎

‎

‎သို့သော်... အသက်ရှူသွင်းထုတ်ချိန်အနည်းငယ် ကြာပြီးနောက်... အထက်ကောင်းကင်ဘုံ ခန်းမဆောင်ကြီးထဲ၌ ကုချန်၏ပုံရိပ် ပြန်လည်ပေါ်လာသည့်အခါ... သူ၏မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်နေသည်။

‎

‎

‎အကြောင်းမှာ... ကုချန်၏ စူးစမ်းရှာဖွေမှုအရ သံလိုက်အိမ်မြှောင် ညွှန်ပြနေသည့်အရာမှာ... အဆုံးမဲ့ကမ္ဘာအတွင်း၌ ရှိမနေကြောင်း... အံ့သြဖွယ် တွေ့ရှိလိုက်ရသောကြောင့်ဖြစ်သည်။

‎

‎

‎ကုချန်သည် အဆုံးမဲ့ကမ္ဘာအတွင်း မည်သည့်နေရာ၌ပင် ရှာဖွေစေကာမူ... ထူးဆန်းသော သံလိုက်အိမ်မြှောင်၏ လက်တံသည်... ပြင်ပကမ္ဘာရှိ ဟွမ်သွမ့်ပင်လယ်ဆီသို့သာ... တစ်ညီတစ်ညွတ်တည်း ညွှန်ပြနေခဲ့သည်။

‎

‎

‎သံလိုက်အိမ်မြှောင် လမ်းညွှန်ပြသနေသော အရာဝတ္ထုသည် အဆုံးမဲ့ကမ္ဘာထဲတွင်မရှိဘဲ ဟွမ်သွမ့်ပင်လယ်ထဲတွင် ရှိနေခြင်းဖြစ်သည်။

‎

‎

‎တခဏအတွင်းမှာပင်... ကုချန်သည် လူသားဧကရာဇ် ချန်ထားခဲ့သော ဤထူးဆန်းသည့် သံလိုက်အိမ်မြှောင်အပေါ်... ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။

‎

‎

‎ဟွမ်သွမ့်ပင်လယ်ရှိရာ... အရပ်မျက်နှာသို့ လေးနက်စွာ လှမ်းကြည့်ပြီးနောက်... ကုချန်သည် သံလိုက်အိမ်မြှောင်ကို ယာယီ သိမ်းဆည်းလိုက်လေ၏။

‎

‎

‎ဟွမ်သွမ့်ပင်လယ်သို့ သွားရောက်ရန် အချိန်မတန်သေးပေ။

‎

‎

‎အကန့်အသတ်မဲ့ဓားကို အပြည့်အဝ သန့်စင်ပြီးစီးခြင်း မရှိသေးသလို... 'ချီတစ်ပါးမှ သန့်စင်ခြင်းသုံးပါး ခွဲထွက်ခြင်း' ကိုအသုံးပြု၍... ဒုတိယကိုယ်ခန္ဓာကို ဦးစွာ ဖွဲ့စည်းရပေဦးမည်။ ထို့နောက်မှသာ... ဟွမ်သွမ့်ပင်လယ်ထဲသို့ ဝင်ရောက်ကာ... 'သက်တမ်းရှည်နန်းတော်' ကို ဖျက်ဆီးပြီး သံလိုက်အိမ်မြှောင်၏ လျှို့ဝှက်ချက်ကို စူးစမ်းရန်... အချိန်ကျရောက်မည် ဖြစ်သည်။

‎

‎

‎ကုချန်သည်... ရွှယ်ကျန်း နှင့် မင်ကူအင်မော်တယ် တို့ကို ဆက်တိုက် သတ်ဖြတ်ခဲ့ပြီး... 'သက်တမ်းရှည်နန်းတော်' နှင့် 'အင်မော်တယ်တစ်သောင်းမျှော်စင်' တို့၏ အစီအစဉ်ကောင်းများကို... ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

‎

‎

‎အမှောင်ထဲတွင် ပုန်းအောင်းနေကြသော ထိုလူများသည် ရုတ်တရက် တိတ်တဆိတ် တိုက်ခိုက်လာနိုင်သေးသည် မဟုတ်ပါလော။

‎

‎

‎အကယ်၍... ကုချန်သာ အဆုံးမဲ့ကမ္ဘာထဲတွင် ရှိနေပါက... ဖြေရှင်းနိုင်မည်ဖြစ်သည်။

‎

‎

‎သို့သော်... ကုချန်သာ အဆုံးမဲ့ကမ္ဘာမှ ထွက်ခွာသွားပါက... အထက်ကောင်းကင်ဘုံ နှင့် ကုမိသားစု၏ လုံခြုံရေးကို... အာမခံနိုင်မည် မဟုတ်ပေ။

‎

‎

‎အထက်ကောင်းကင်ဘုံ တားမြစ်နယ်မြေအပြင်ဘက်ရှိ... မဟာအစီအရင်သည် ဧကရာဇ်အဆင့်အတန်းဝင် အထွတ်အထိပ် အစီအရင်ဖြစ်သော်လည်း... လက်ရှိတွင် ကုချန်နှင့် ရန်ဘက်ပြုနေသော ရန်သူများထဲ၌... စစ်မှန်သော အင်မော်တယ်နှင့် အင်မော်တယ်အရှင်သခင်အဆင့် ရှိသူများပင်... ပါဝင်နေနိုင်သည်။

‎

‎

‎ထိုကဲ့သို့သော ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ... လက်ရှိ 'ကပ်ဘေးတစ်သောင်း သတ်ဖြတ်ခြင်းအစီအရင်' ၏ စွမ်းအားမှာ... လုံလောက်မှုမရှိ ဖြစ်လာနိုင်သည်။

‎

‎

‎ကုချန်အနေဖြင့်... ဟွမ်သွမ့်ပင်လယ်ထဲသို့ မဆင်မခြင် ဝင်ရောက်သွားပြီးမှ... မိမိ၏ အခြေစိုက်စခန်း ဖျက်ဆီးခံလိုက်ရလျှင်... ထိုရလဒ်သည် သူ မလိုလားအပ်ဆုံး အရာပင် ဖြစ်သည်။

‎

‎

‎ထို့ကြောင့်... အသင့်လျော်ဆုံးနည်းလမ်းမှာ 'ချီတစ်ပါးမှ သန့်စင်ခြင်းသုံးပါး ခွဲထွက်ခြင်း' ကို အသုံးပြု၍... ဒုတိယကိုယ်ခန္ဓာကို ဦးစွာဖွဲ့စည်းပြီး ကိုယ်ခန္ဓာတစ်ခုက အထက်ကောင်းကင်ဘုံကို စောင့်ကြပ်ကာ... ကျန်တစ်ခုက ဟွမ်သွမ့် ကိုစူးစမ်းလေ့လာခြင်းသည်သာ... စိတ်အချရဆုံး ဖြစ်ပေလိမ့်မည်။

‎

‎

‎" ဒီလိုဆိုမှတော့ အခုပဲ ဒုတိယကိုယ်ခန္ဓာကို စတင်ဖွဲ့စည်းတော့မယ် "

‎

‎

‎ကုချန်သည် ခြေချိတ်ထိုင်လိုက်ပြီး... မျက်လုံးများကို အနည်းငယ်မှိတ်ကာ... 'ချီတစ်ပါးမှ သန့်စင်ခြင်းသုံးပါး ခွဲထွက်ခြင်း' နည်းလမ်းအတိုင်း... ဒုတိယကိုယ်ခန္ဓာကို စတင်ဖွဲ့စည်းလေတော့သည်။

‎

‎

‎'ချီတစ်ပါးမှ သန့်စင်ခြင်းသုံးပါး ခွဲထွက်ခြင်း' ဆိုသည်မှာ... အမည်နှင့်လိုက်ဖက်စွာပင် မူလခန္ဓာကိုယ်အပါအဝင် ခန္ဓာကိုယ်သုံးခုကို... တပြိုင်နက်တည်း ပိုင်ဆိုင်နိုင်စေခြင်း ဖြစ်သည်။

‎

‎

‎ခန္ဓာကိုယ်သုံးခုသည် သန့်စင်ခြင်းသုံးပါး ဖြစ်ပြီး... ယခု ကုချန် ဖွဲ့စည်းမည့်အရာမှာ... ဒုတိယမြောက် ကိုယ်ခန္ဓာဖြစ်သည်။

‎

‎

‎...

‎

‎

‎" နောက်ဆုံးတော့... နောက်ဆုံးတော့..... "

‎

‎

‎အထက်ကောင်းကင်ဘုံ တားမြစ်နယ်မြေ၏ နက်ရှိုင်းသောနေရာရှိ... ကုချင်းရွဲ့၏ ကျင့်ကြံရာဂူအတွင်း၌... လရောင်ကဲ့သို့ အဖြူရောင် နန်းတော်ဝတ်စုံကို ဝတ်ဆင်ထားသော... ပုံရိပ်တစ်ခု ရှိနေသည်။ အေးစက်တည်ငြိမ်သော မျက်နှာသွင်ပြင်နှင့်... နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေရှိသည့် ထိုအမျိုးသမီးသည်... သူ၏လက်များကို ကြည့်ရှုရင်း... လှပကြည်လင်သော မျက်ဝန်းများထဲတွင်... အတိုင်းအဆမဲ့ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

‎

‎

‎" ဂုဏ်ယူပါတယ် ဆရာသခင် "

‎

‎

‎ကုချင်းရွဲ့သည်... သူ၏ရှေ့တွင် ရပ်နေသော နတ်သမီးတစ်ပါးကဲ့သို့ ထူးခြားသည့် အမျိုးသမီးကို ကြည့်ကာ... နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုစကား ဆိုလိုက်သည်။

‎

‎

‎သူ၏ရှေ့မှ အမျိုးသမီးမှာ... မူလအစအင်မော်တယ်ရွှံ့၏ အကူအညီဖြင့်... ရုပ်ခန္ဓာကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည့်... ကောင်းကင်နတ်သမီး ရှောင်းယွဲ့ ပင်ဖြစ်သည်။

‎

‎

‎သူ၏ဆရာသခင်သည် ရုပ်ခန္ဓာကို... အောင်မြင်စွာ ပြန်လည်ဖွဲ့စည်းနိုင်သည်ကို မြင်လိုက်ရသောအခါ... ကုချင်းရွဲ့မှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင် ဖြစ်ရသည်။

‎

‎

‎သူသည် သိုလှောင်လက်စွပ်ကို ရရှိပြီးနောက်... ကောင်းကင်နတ်သမီး ရှောင်းယွဲ့နှင့် သဘောတူညီမှု... ရယူခဲ့ကြသည်။ ကောင်းကင်နတ်သမီး ရှောင်းယွဲ့က... သူ့ကို တပည့်အဖြစ်လက်ခံပြီး... ကျင့်ကြံခြင်းလမ်းစဉ်ကို လမ်းညွှန်ပေးရမည်။

‎

‎

‎ကုချင်းရွဲ့ကမူ... အနာဂတ်တွင် ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပေးနိုင်မည့်... မြင့်မြတ်သော ရတနာများကို ရှာဖွေပေးရန် တာဝန်ယူရမည်ဖြစ်သည်။

‎

‎

‎ထိုအချိန်က... ကုချင်းရွဲ့သည် ချက်ချင်း သဘောတူခဲ့သော်လည်း... ဤကိစ္စကို ပြီးမြောက်အောင်မြင်ရန် မည်မျှခက်ခဲမည်ကို... ရှင်းလင်းစွာ သိရှိထားခဲ့သည်။

‎

‎

‎ယခုမူ... တစ်နှစ်၊ နှစ်နှစ်မပြည့်ခင်မှာပင် ဆရာသခင်သည် သူ၏ရုပ်ခန္ဓာကို... အောင်မြင်စွာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ရာ... ဤသည်မှာ အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။

‎

‎

‎ဤအရာအားလုံးသည် ဘိုးဘေး ရှိနေခြင်းကြောင့်သာ ဖြစ်ကြောင်း ကုချင်းရွဲ့ သိရှိသည်။

‎

‎

‎အကယ်၍ ဘိုးဘေးသာ မရှိခဲ့လျှင်... ဆရာသခင်အနေဖြင့် ရုပ်ခန္ဓာပြန်လည်ဖွဲ့စည်းနိုင်ရန် မည်သည့်အချိန်ထိ စောင့်ဆိုင်းရမည်ကို... သိနိုင်မည် မဟုတ်ပေ။

‎

‎

‎" ရုပ်ခန္ဓာကို ပြန်လည်ဖွဲ့စည်းနိုင်လိုက်တော့မှပဲ... ဒီအဆုံးမဲ့ကမ္ဘာကြီးမှာ ငါ့အတွက် ရပ်တည်စရာနေရာတစ်ခု... အမှန်တကယ် ရှိလာတော့တယ် "

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် တိုးညှင်းစွာ သက်ပြင်းချလိုက်၏။

‎

‎

‎" ဆရာသခင်... ဆရာသခင်ရဲ့ လက်ရှိအဆင့်က ဘာလဲဟင်... စစ်မှန်တဲ့ အင်မော်တယ် အဆင့်လား "

‎

‎

‎ကုချင်းရွဲ့က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

‎

‎

‎" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် တခစ်ခစ်ရယ်မောကာ ခေါင်းခါလိုက်သည်။

‎

‎

‎" ဟိုးအရင်တုန်းက... ဆရာသခင် အထွတ်အထိပ်ရောက်နေချိန်မှာတောင်... စစ်မှန်တဲ့ အင်မော်တယ် ကျင့်ကြံခြင်းအဆင့်ပဲ ရှိခဲ့တာ... အခုမှ လက်ကျန်ဝိညာဉ်တစ်ခုနဲ့ ရုပ်ခန္ဓာကို ပြန်လည်ဖွဲ့စည်းထားရုံ ရှိသေးတယ်... လက်ရှိ ကျင့်ကြံခြင်းအဆင့်က မင်းတို့ရဲ့ အဆုံးမဲ့ကမ္ဘာ စကားနဲ့ပြောရရင်... ဧကရာဇ်အဆင့်လောက်ပဲ ရှိသေးတယ် "

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့ ရည်ညွှန်းသော ဧကရာဇ်အဆင့် ဆိုသည်မှာ... အဆုံးမဲ့ကမ္ဘာ၏ တုယောင်ဧကရာဇ် အဆင့်... ဆိုလိုသည်မှာ အရှင်သခင်အဆင့် ကျင့်ကြံခြင်းမျိုးသာ ဖြစ်ပြီး... ကုချန်ကဲ့သို့ စစ်မှန်သော ဧကရာဇ်အဆင့် မဟုတ်ပေ။

‎

‎

‎" အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်အဆင့်..... "

‎

‎

‎ကုချင်းရွဲ့သည် မသိစိတ်ဖြင့် လျှာကို ထုတ်လိုက်မိသည်။

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့က ဂရုမစိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော်လည်း... ဘိုးဘေး၏ ရှေ့မှောက်တွင် မည်သည့် ဧကရာဇ်အဆင့်မဆို လက်ဖဝါးတစ်ချက် သို့မဟုတ် ဓားတစ်ချက်သာ ခံနိုင်မည် ဖြစ်သော်လည်း... အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို ခြုံငုံကြည့်ပါက ထိုကဲ့သို့သော တည်ရှိမှုများသည်... ရှေးခေတ်ကာလကတည်းက အထွတ်အထိပ်တွင် အမှန်တကယ် ရပ်တည်နိုင်ခဲ့သော သူများအဖြစ် သတ်မှတ်ခံရကြောင်း... ကုချင်းရွဲ့ သိထားသည်။

‎

‎

‎" ငါ့ရဲ့ ရုပ်ခန္ဓာကို... ပြန်လည်ဖွဲ့စည်းရာမှာ ကူညီပေးခဲ့တဲ့ ကျေးဇူးတရားအတွက်... ကျေးဇူးတင်စကားဆိုဖို့ ကုကောင်းကင်ဧကရာဇ်ကို... သွားရှာလိုက်ဦးမယ် "

‎

‎

‎ကုချင်းရွဲ့နှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက်... ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ကုချန်ကို ရှာဖွေကာ... ကျေးဇူးတင်စကားဆိုရန် ပြင်ဆင်လိုက်သည်။

‎

‎အခန်း (၂၄၂) - ရှောင်းယွဲ့ ကုမိသားစုနှင့် နှောင်ဖွဲ့ရန် ဆုံးဖြတ်ခြင်း၊ ထျန်းကျွင်းတို့၏ ပူးပေါင်းကြံစည်မှု

‎

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် သူ၏ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်ပြီးနောက်... ကုချန်အား ကျေးဇူးတင်စကားဆိုရန် ရည်ရွယ်ခဲ့သော်လည်း... ကုချန်မှာ ဒုတိယကိုယ်ပွားကို သန့်စင်ရန် တံခါးပိတ်ကျင့်ကြံနေသဖြင့်... မတွေ့လိုက်ရပေ။

‎

‎

‎သို့သော်... သူသည် ကုချန်ထံ သစ္စာခံထားသည့် ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့ကို တွေ့မြင်ခဲ့ရပြီး... ကုတောက်လင်းထံမှ ထိုအရှင်သခင်နှစ်ပါး၏ လက်ရှိအခြေအနေကို သိရှိခဲ့ရသည်။

‎

‎

‎ကုကောင်းကင်ဧကရာဇ်က သူတို့ကို ကုမိသားစုမျိုးဆက်သစ်လူငယ်များအား သင်ကြားပေးရန် အမိန့်ပေးခဲ့သည်တဲ့လော။

‎

‎

‎ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့ကို ကြည့်ရင်း ရှောင်းယွဲ့၏ စိတ်ထဲတွင် ဖော်မပြနိုင်သော အရေးတကြီးလိုအပ်မှုမျိုး ခံစားလိုက်ရသည်။

‎

‎

‎ပထမက... နတ်ဆိုးနယ်မြေမှ ချီလျန်မျိုးနွယ်ဖြစ်ပြီး... ယခု အဆုံးမဲ့ကမ္ဘာမှ တားမြစ်နယ်မြေအရှင်သခင်များကပါ... ဤကုမိသားစုဘိုးဘေးထံ သစ္စာခံလာကြပြီ ဖြစ်သည်။

‎

‎

‎အကယ်၍... သူ့အနေဖြင့် ပိုမိုကြီးမားသော 'အသုံးဝင်မှု' ကို အမြန်ဆုံး မပြသနိုင်ပါက... ကုမိသားစုတွင် သို့မဟုတ် ကုချန်၏ အမြင်တွင်... သူ၏ 'အရေးပါမှု'မှာ လျင်မြန်စွာ ပျောက်ဆုံးသွားမည်ကို... စိုးရိမ်မိသည်။

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် အနည်းငယ် စိတ်လှုပ်ရှားသွား၏။

‎

‎

‎ယခင်က... သူသည် ကုချင်းရွဲ့၏ ဆရာဖြစ်ခြင်း၊ ရုပ်ခန္ဓာပြန်လည်ရရှိပြီးနောက် စစ်မှန်သော အင်မော်တယ်အဆင့် သို့ ပြန်လည်ရောက်ရှိနိုင်ခြင်းတို့ကြောင့်... ကုချန်၏ အင်အားစုများကြားတွင် အရေးပါသော နေရာတစ်ခု မရနိုင်လျှင်တောင်... မရှိမဖြစ် လိုအပ်သူတစ်ဦး ဖြစ်နေလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

‎

‎

‎သို့သော်... ယခုအခါ ချီလျန်မျိုးနွယ်နှင့် အဆုံးမဲ့ကမ္ဘာမှ အရှင်သခင်များ ဆက်တိုက် သစ္စာခံလာမှုကို မြင်တွေ့ရသောအခါ... သူ၏ယခင်အတွေးများမှာ အလွန်နုံအလွန်းကြောင်း ရှောင်းယွဲ့ သဘောပေါက်လိုက်သည်။

‎

‎

‎ဤကုမိသားစုဘိုးဘေး ပိုမိုသန်မာလာသည်နှင့်အမျှ... အနာဂတ်တွင် အင်အားကြီးသူများစွာ... လာရောက်သစ္စာခံကြပေလိမ့်မည်။ ယခုပင်... စစ်မှန်သော အင်မော်တယ်အဆင့်များ လာရောက်သစ္စာခံနေကြပြီဆိုလျှင်... အနာဂတ်တွင် အင်မော်တယ်အရှင်သခင်အဆင့်များပါ... လာရောက်သစ္စာခံလာကြမည် မဟုတ်ပါလော။

‎

‎

‎ထိုအခါ... သူဂုဏ်ယူခဲ့သော စစ်မှန်သော အင်မော်တယ်တိုက်ခိုက်ရေးစွမ်းရည်သည်... ကုချန်၏မျက်လုံးထဲတွင် အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။

‎

‎

‎ထို့ကြောင့်... နောက်ကောက်မကျကျန်ရစ်စေရန်နှင့် ကုမိသားစု၏ သင်္ဘောကြီးပေါ်တွင် ရေရှည်လိုက်ပါနိုင်ရန်... အပြောင်းအလဲအချို့ ပြုလုပ်ရပေမည်။ အနည်းဆုံးတော့ ကုမိသားစုတွင် သူ၏ 'အရေးပါမှု' ကို မြှင့်တင်ရပေမည်။

‎

‎

‎ဤသို့ တွေးတောပြီးနောက်... ရှောင်းယွဲ့သည် ချက်ချင်းပင် ကုဝူရှန့်အား သွားရောက်တွေ့ဆုံကာ... ဖီးနစ်ဧကရာဇ်တို့ကဲ့သို့ပင် သူလည်း ကုမိသားစုမျိုးဆက်သစ်များကို... အခမဲ့ သင်ကြားပေးနိုင်ကြောင်း ပြောဆိုလိုက်သည်။

‎

‎

‎" အရှင်မက ကျွန်တော့်ကုမိသားစု မျိုးဆက်သစ်တွေကို အခမဲ့ သင်ကြားပေးမယ်လို့ ဆိုလိုတာလား "

‎

‎

‎ရှောင်းယွဲ့၏ ရည်ရွယ်ချက်ကို နားလည်လိုက်သော ကုဝူရှန့်က အနည်းငယ် အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

‎

‎

‎" ဟုတ်ပါတယ် "

‎

‎

‎ရှောင်းယွဲ့သည် ခေါင်းညိတ်လိုက်ကာ.....

‎

‎

‎" ကျွန်မက ကုကောင်းကင်ဧကရာဇ်ရဲ့ ကျေးဇူးကြောင့်... ရုပ်ခန္ဓာပြန်လည်ပုံဖော်နိုင်မယ့် ရတနာကို ရရှိခဲ့ပြီး... အခု ဘဝသစ်တစ်ခု ရရှိထားတာပါ... ဒါကြောင့် ကျေးဇူးပြန်ဆပ်တာက သဘာဝကျပါတယ် "

‎

‎

‎" အခု ကျွန်မရဲ့ရုပ်ခန္ဓာလဲ ပြန်ရပြီဆိုတော့... အင်အားကို ဖြည်းဖြည်းချင်း ပြန်မြှင့်တင်ဖို့ပဲ လိုတော့တာ... ချင်းရွဲ့လေးကို သင်ပေးတာကလွဲရင် တခြားလုပ်စရာလဲ မရှိပါဘူး... ဒါကြောင့် ကုမိသားစု တပည့်တွေအနေနဲ့ ကျင့်ကြံခြင်းမှာ သံသယတွေ အခက်အခဲတွေရှိရင်... အချိန်သတ်မှတ်ပြီး လာမေးလို့ရပါတယ်... ကျွန်မ ဖြေကြားပေးပါ့မယ် "

‎

‎

‎" ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့ဗျာ... ကောင်းကင်နတ်သမီး ရှောင်းယွဲ့ရဲ့ လမ်းညွှန်မှုကို ရမယ်ဆိုရင်... ကျွန်တော့်ကုမိသားစု တပည့်တွေ တကယ် ကံကောင်းကြတာပါပဲ "

‎

‎

‎ကုဝူရှန့်က ရိုးသားစွာ ပြောလိုက်သည်။

‎

‎

‎" ဒါပေမဲ့... ဒီကိစ္စကို ဘိုးဘေး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာရင်တော့... ကျွန်တော် ပြန်တင်ပြရပါဦးမယ် "

‎

‎

‎ကုဝူရှန့် ထိုသို့ ပြောလိုက်သော်လည်း... ဘိုးဘေးအနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက်မရှိကြောင်း... သူသိနေသည်။

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့ဆိုသည်မှာ တစ်ချိန်က စစ်မှန်သော အင်မော်တယ် အဆင့်လေ။

‎

‎

‎သူ၏အဆင့်အတန်း ကျဆင်းသွားပြီး... စစ်မှန်သော အင်မော်တယ်အဆင့် တိုက်ခိုက်နိုင်စွမ်း မရှိတော့သော်လည်း... သူ၏အတိတ်က အသိပညာနှင့် အမြင်များက ရှိနေဆဲဖြစ်သည်။

‎

‎

‎ထိုသို့သော ပုဂ္ဂိုလ်မျိုးမှ ကုမိသားစု လူငယ်များကို ကိုယ်တိုင် သင်ကြားပေးမည်တဲ့လော။

‎

‎

‎ထိုသတင်းကိုသာ ကြားလျှင်... ကလေးစုတ်လေးများ ပါးစပ်စေ့မရအောင် ပျော်ရွှင်ကြမည်မှာ... ကုဝူရှန့် အာမခံရဲသည်။

‎

‎

‎အကယ်၍... ဤအခွင့်အရေးကို အဆုံးမဲ့ကမ္ဘာ ဒေသကြီးငါးခုရှိ သက်ရှိအားလုံး သိရှိသွားပါက... သွားရည်ကျကာ မနာလိုစိတ်ဖြင့် ရူးသွပ်သွားကြပေလိမ့်မည်။

‎

‎

‎စဉ်းစားကြည့်ပါ... ချီပင်လယ်အဆင့်... ခန္ဓာသန့်စင်ခြင်းအဆင့်... နတ်တံတားအဆင့်နှင့် တာအိုနန်းတော်အဆင့်သာ ရှိကြသေးသော ကလေးတစ်သိုက်သည်... အရှင်သခင်နှစ်ပါးနှင့် စစ်မှန်သော အင်မော်တယ်တစ်ပါးထံမှ ကိုယ်တိုင်လမ်းညွှန်မှု ရရှိနိုင်ကြမည် ဆိုပါက... ဤသည်မှာ မည်မျှကြီးမားသော အခွင့်အရေးနှင့် ကောင်းချီးမင်္ဂလာ ဖြစ်ပါသနည်း။

‎

‎

‎သတင်းသာ ပေါက်ကြားသွားလျှင် မည်သူမျှ ယုံကြည်နိုင်မည်ပင် မဟုတ်ပေ။

‎

‎

‎ကုဝူရှန့်ကိုယ်တိုင်ပင် အနည်းငယ် စိတ်လှုပ်ရှားမိသည်။

‎

‎

‎သူသည် လက်ရှိတွင်... ဧကရာဇ်တစ်ပိုင်းအဆင့် သာရှိသေးပြီး... တစ်ခါတစ်ရံ ကျင့်ကြံခြင်းတွင် သံသယအချို့ ကြုံတွေ့ရသော်လည်း... ထိုကိစ္စသေးသေးမွှားမွှားလေးများအတွက်... ဘိုးဘေးကို မနှောင့်ယှက်လိုခဲ့ပေ။

‎

‎

‎ယခု... ရှောင်းယွဲ့ထံမှ လမ်းညွှန်မှုအချို့ ရရှိနိုင်ပါက... ဧကရာဇ်အဆင့်သို့ တက်လှမ်းမည့်လမ်းကြောင်းမှာ... ပိုမိုချောမွေ့သွားပေလိမ့်မည်။

‎

‎

‎" ဒါဆိုရင်... ကျေးဇူးတင်ပါတယ် "

‎

‎

‎ကုဝူရှန့်ကို သူ၏ရည်ရွယ်ချက်အား ရှင်းပြပြီးနောက်... ရှောင်းယွဲ့သည် ကျက်သရေရှိစွာ... ပြန်လည်ထွက်ခွာသွား၏။ ထွက်ခွာသွားချိန်တွင်... သူ၏ လှပသော မျက်နှာပေါ်၌... မှေးမှိန်သော အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

‎

‎

‎ဖီးနစ်ဧကရာဇ်တို့ကဲ့သို့ပင်... ကုမိသားစုလူငယ်များကို ပညာသင်ကြားပေးခြင်းသည်... သူ့ကို ကုမိသားစုတစ်ခုလုံးနှင့်... နက်ရှိုင်းစွာ နှောင်ဖွဲ့ထားပေလိမ့်မည်။

‎

‎

‎ထိုအချိန်ရောက်လျှင် ကုချန် မည်မျှပင် သန်မာလာပါစေ.....

‎

‎

‎ကုမိသားစုအကြောင်း တွေးမိတိုင်း... သူ ကုမိသားစုအတွက် လုပ်ပေးခဲ့သည်များကို သတိရနေမည်ဖြစ်ရာ... သူ့ကို မတရားဆက်ဆံမည် မဟုတ်ပေ။

‎

‎

‎" ပြန်ရောက်ရင် သေချာ ပြင်ဆင်ထားမှ ဖြစ်မယ်..... "

‎

‎

‎ရှောင်းယွဲ့သည် တီးတိုးရေရွတ်လိုက်၏။

‎

‎

‎လုပ်မည်ဟု ဆုံးဖြတ်ပြီးမှတော့ အကောင်းဆုံး လုပ်ဆောင်ရပေမည်။

‎

‎

‎သူ့တွင်... အတိတ်က မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းသာ ရှိသော်လည်း... ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် မှတ်ဉာဏ်များစွာ... ရှိနေသည်။ နတ်ဘုရားစွမ်းရည်များ၊ ကျင့်ကြံခြင်းနည်းစနစ်များနှင့်... အဆင့်တက်လှမ်းခြင်းဆိုင်ရာ အဓိကအချက်များကို သေချာစွာ စုစည်းပြီးနောက်... သူ သေချာပေါက် ကောင်းမွန်စွာ သင်ကြားပေးမည်ဖြစ်သည်။

‎

‎

‎အနည်းဆုံးတော့ ထိုတားမြစ်နယ်မြေအရှင်သခင်နှစ်ပါးအောက်တော့ အရောက်ခံမည် မဟုတ်ပေ။

‎

‎

‎... ... ... ...

‎

‎

‎ကောင်းကင်တားမြစ်နယ်မြေအတွင်းတွင် ကုမိသားစုသည် စည်ပင်ဝပြောလျက်ရှိသည်။

‎

‎

‎တစ်ချိန်တည်းမှာပင်... အဆုံးမဲ့ကမ္ဘာ၏ ပြင်ပ... ဟွမ်သွမ့်ပင်လယ် နက်ရှိုင်းသော နေရာတွင်.....

‎

‎

‎အဆုံးမဲ့ ဟွမ်သွမ့်ကောင်းကင်ရေကန်အတွင်း အနက်ရှိုင်းဆုံးနေရာ၌ ရှေးဟောင်းနန်းတော်ကြီးတစ်ခု ပေါလောပေါ်လျက်ရှိသည်။

‎

‎

‎အဆုံးမဲ့ ခရမ်းရောင်မိုးကြိုးများက နန်းတော်ကြီးကို လွှမ်းခြုံထားသော်လည်း အနည်းငယ်မျှ ထိခိုက်စေခြင်း မရှိပေ။

‎

‎

‎နန်းတော်ကြီးအတွင်းတွင်... ခမ်းနားထည်ဝါသော ပလ္လင်များရှိပြီး... အဆုံးမဲ့ကမ္ဘာအတွင်းရှိ ဧကရာဇ်နန်းဆောင်နှင့်... လွန်စွာတူညီနေသည်။

‎

‎

‎ယွမ်ကျွင်း တည်ထောင်ခဲ့သော ဧကရာဇ်နန်းဆောင်သည် ဤနေရာကို ပုံတူယူထားခြင်း ဖြစ်သည်။

‎

‎

‎ဤနေရာကား သက်တမ်းရှည်နန်းတော် ပင် ဖြစ်သည်။

‎

‎

‎ယခုအချိန်တွင်... သက်တမ်းရှည်နန်းတော်အတွင်းရှိ ကြီးမားသော ပလ္လင်များပေါ်၌... ပုံရိပ်များ ခန့်ညားစွာ ထိုင်နေကြသည်။

‎

‎

‎ဟွမ်သွမ့်ချီနှင့်... အင်မော်တယ်အလင်းတန်းများ လွှမ်းခြုံထားသော ထိုပုံရိပ်များသည်... အဆုံးမဲ့ကမ္ဘာဧကရာဇ်အဆင့်ကို ကျော်လွန်သော... ကြီးမားနက်ရှိုင်းသည့် အော်ရာများကို ထုတ်လွှတ်နေကြသည်။

‎

‎

‎နန်းဆောင်ထဲတွင် စုစုပေါင်းပလ္လင်ကိုးခု ရှိသည်။

‎

‎

‎ပလ္လင်ရှစ်ခုတွင်... အသက်ရှည်ခြင်း ထျန်းကျွင်း များ နေရာယူထားကြသော်လည်း... ခန်းမအလယ်ရှိ အမြင့်မြတ်ဆုံး ပလ္လင်မှာမူ လွတ်နေသည်။

‎

‎

‎ယခုအချိန်တွင်... ထျန်းကျွင်းရှစ်ပါးစလုံး စုဝေးနေကြပြီး... ခန်းမအတွင်းရှိ လေထုမှာ အလွန်လေးလံနေသည်။

‎

‎

‎" တာအိုရဲဘော် မယ်ကူ... အဆုံးမဲ့ကမ္ဘာမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ငါသိချင်တယ်...ဘာကြောင့် အင်မော်တယ်တစ်သောင်းမျှော်စင်က... အသက်ရှည်ခြင်းပစ္စည်းတွေကို အခုထိ မပေးပို့သေးတာလဲ "

‎

‎

‎ရှေးဟောင်းဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး... ရွှေရောင်ဆံပင်နှင့် အဘိုးအိုတစ်ဦးက... အခြားပလ္လင်တစ်ခုကို ကြည့်ကာ... မေးခွန်းထုတ်လိုက်သည်။ သူ၏အသံသည် အေးစက်လျက် ခံစားချက်ကင်းမဲ့နေလေ၏။

‎

‎

‎" ဟွန့်... အဆုံးမဲ့ကမ္ဘာမှာ ဘာဖြစ်နေလဲဆိုတာ ဒီထျန်းကျွင်းက ဘယ်လိုလုပ် သိမှာလဲ... တာအိုရဲဘော် နဂါးနွေအရှင်... မင်းက ဒါတွေအကုန်လုံး ငါလုပ်ထားတယ်လို့... ထင်နေတာတော့ မဟုတ်ပါဘူးနော် "

‎

‎

‎နဂါးနွေထျန်းကျွင်း၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရင်း မယ်ကူထျန်းကျွင်းမှ အေးစက်စွာ နှာမှုတ်၍ ပြန်လည်ချေပလိုက်သည်။

‎

‎

‎သို့သော်... သူ၏စိတ်ထဲတွင်မူ ယွမ်ကျွင်းကို... အကြိမ်ရာထောင်မက ဆဲဆိုနေမိသည်။

‎

‎

‎ဒီယွမ်ကျွင်းက တကယ့်အသုံးမကျတဲ့ကောင်ပဲ။ ဒီလောက်ကိစ္စသေးသေးလေးကိုတောင် မဖြေရှင်းနိုင်ဘူး။ ငါက သူ့ကို နောက်ထပ် ထျန်းကျွင်းလောင်းအဖြစ် သက်တမ်းရှည်နန်းတော်ထဲမှာ ထောက်ခံပေးချင်နေတာကို။

‎

‎

‎" မင်းလုပ်တာ ဟုတ်မဟုတ်က အရေးမကြီးပါဘူး "

‎

‎

‎အခြား ရှေးဟောင်းထျန်းကျွင်းတစ်ပါးမှ အေးစက်စွာ ဝင်ပြောလိုက်သည်။

‎

‎

‎" အရေးကြီးတာက အဲ့ဒီအဆုံးမဲ့ကမ္ဘာမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာပဲ "

‎

All Chapters