အခန်း (၂၄၅-၂၄၆)
Vol. 18 Ch. 245-246
အခန်း (၂၄၅) - မယ်ကူ ရောက်ရှိလာခြင်း၊ စကြာဝဠာကို ဖြတ်ကျော်ခြင်းနှင့် မောက်မာလွန်းခြင်း
" နတ်ဆိုးနယ်မြေမှာ အင်မော်တယ်တက်လှမ်းတာ..... "
ကုချန်၏မျက်နှာထားသည် အနည်းငယ် ထူးဆန်းသွား၏။ သူ့အနေဖြင့်... ဒုတိယကိုယ်ပွားမှာ မူလခန္ဓာကိုယ်ထက်စောပြီး နတ်ဆိုးနယ်မြေ၌... 'အင်မော်တယ်တက်လှမ်းခြင်း' ကို ရရှိလိမ့်မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။
နတ်ဆိုးနယ်မြေတွင်မူ အင်မော်တယ်တက်လှမ်းခြင်းဟု ခေါ်ဆိုခြင်းထက် 'မသေမျိုးဖြစ်ခြင်း' ဟု ခေါ်ဆိုခြင်းက ပိုမိုမှန်ကန်ပေလိမ့်မည်။
နတ်ဆိုးနယ်မြေတွင် ထျန်းကျွင်းအဆင့်ကို ကျော်လွန်သောသူများကို အင်မော်တယ်ဟု ခေါ်ဆိုကြသည်။
နတ်ဆိုးနယ်မြေ အင်မော်တယ်များသည် အင်မော်တယ်နယ်မြေရှိ စစ်မှန်သော အင်မော်တယ်များနှင့် ညီမျှသည်။
၎င်း၏အထက်တွင် အင်မော်တယ်အရှင်များ ရှိပြီး အင်မော်တယ်နယ်မြေရှိ အင်မော်တယ်အရှင်သခင်များနှင့် ညီမျှသည်။
၎င်းနောက်တွင်မူ... ဥပမာအားဖြင့် မြင့်မြတ်သော ရှီမိုကောင်းကင်အရှင်သည် အင်မော်တယ်ဘုရင်တစ်ပါးဖြစ်ပြီး... အင်မော်တယ်နယ်မြေရှိ အင်မော်တယ်ဘုရင်များနှင့် တန်းတူဖြစ်သည်။
" ဒီဒုတိယကိုယ်ပွားနဲ့ ရင်းနှီးသွားပြီဆိုတာနဲ့ ဟွမ်သွမ့်ပင်လယ်ဘက်ကို ထွက်ခွာတော့မယ် "
ကုချန်သည် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး... မျက်လုံးများကို အနည်းငယ် မှိတ်ကာ... ဒုတိယကိုယ်ပွားနှင့် ရင်းနှီးမှု ရယူလိုက်သည်။
.........
အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်... ဟွမ်သွမ့်ပင်လယ်ထဲတွင်.....
ပုံရိပ်တစ်ခုသည် အဆုံးမဲ့ကမ္ဘာဆီသို့ ဦးတည်ပြီး ဟွမ်သွမ့်ပင်လယ်ကို ဖြတ်ကျော် ပျံသန်းလာ၏။
" အဆုံးမဲ့ကမ္ဘာ... ဒီနေရာကို မရောက်ဖြစ်တာ ကြာပြီပဲ "
မယ်ကူထျန်းကျွင်း၏အသံတွင် ခံစားချက်အချို့ ပါဝင်နေလေသည်။
သက်တမ်းရှည်နန်းတော်သို့ ဝင်ရောက်ပြီး ထျန်းကျွင်းအဆင့်သို့ ရောက်ရှိကတည်းက... အသက်ရှည်ခြင်းတာအိုကို နားလည်သဘောပေါက်ရန်အတွက်... သူသည် ဟွမ်သွမ့်ကောင်းကင်ရေကန်တွင်သာ အချိန်ကုန်ဆုံးလေ့ရှိပြီး... အပြင်ထွက်ခဲ၏။
အဆုံးမဲ့ကမ္ဘာသို့ မလာရောက်ဖြစ်သည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
" ဟွန့်... ယွမ်ကျွင်း ဆိုတဲ့ အသုံးမကျတဲ့ကောင်... သူ ဘာတွေ လုပ်နေလဲဆိုတာ... ဒီထျန်းကျွင်း ကြည့်ရသေးတာပေါ့ "
ခေတ္တမျှ ခံစားချက်တချို့ ဝင်သွားပြီးနောက်... မယ်ကူထျန်းကျွင်းသည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့... မျက်နှာထားမှာ ပြန်လည် မဲမှောင်သွားလေသည်။
ယွမ်ကျွင်းသာ အသုံးမကျခြင်း မဟုတ်လျှင်... သူသည် ဟွမ်သွမ့်ကောင်းကင်ရေကန်တွင်... အသက်ရှည်ခြင်းတာအိုကို ဆက်လက် ရှာဖွေနေနိုင်မည် ဖြစ်သည်။ ယခုလို ကိုယ်တိုင်လာစရာ လိုမည် မဟုတ်ပေ။
သောက်သုံးမကျတဲ့ ယွမ်ကျွင်း... သူက တကယ်ကို အသုံးမဝင်တဲ့ကောင်ပဲ။
" ဒီလိုမှန်းသိရင် အစကတည်းက သူ့ကို အသက်ရှည်အမိန့်တော်လိပ် ချီးမြှင့်ခဲ့မှာ မဟုတ်ဘူး "
မယ်ကူထျန်းကျွင်းသည် မကျေမနပ် ရေရွတ်လိုက်၏။
ယခင်က... ယွမ်ကျွင်းသည် ကုချန်ကို ကိုင်တွယ်ရန်... မယ်ကူထျန်းကျွင်းထံမှ ထျန်းကျွင်းအများအပြား၏ တာအိုလမ်းစဉ်များ ပါဝင်သော... အသက်ရှည်အမိန့်တော်လိပ်ကို ရယူခဲ့သည်။
ယခုကြည့်ရသည်မှာ အမိန့်တော်လိပ်သည် အသုံးမဝင်ခဲ့ခြင်းလော သို့မဟုတ် ယွမ်ကျွင်းမှ မသုံးဘဲ ဝှက်ထားခြင်းလော။
မယ်ကူထျန်းကျွင်းသည်တော့ ဒုတိယအချက်ကိုသာ ပိုမို ယုံကြည်၏။
အသက်ရှည်အမိန့်တော်လိပ်သည်... စစ်မှန်သော ထျန်းကျွင်းတစ်ပါး ကိုယ်တိုင် ရောက်ရှိနေသကဲ့သို့ စွမ်းအားမကြီးသော်လည်း... သာမန် ဧကရာဇ်အဆင့်လောက်မျှ ရှိသူကတော့ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ကုချန် အသက်ရှင်နေသေးတာကို ကြည့်ရင် ယွမ်ကျွင်းက အမိန့်တော်လိပ်ကို မသုံးခဲ့တာ ဖြစ်လောက်တယ်။
ဒါပေမဲ့ အသက်ရှည်အမိန့်တော်လိပ်ကို ဝှက်ထားတော့ရော ဘာလုပ်မှာလဲ။
စစ်မှန်တဲ့ ထျန်းကျွင်းတစ်ပါးရဲ့ ရှေ့မှောက်မှာတော့ ဒါက ဟာသတစ်ခုပါပဲ။
" ကိစ္စတွေကို မြန်မြန်ရှင်းပြီး မြန်မြန်ပြန်မှပဲ... ဒီလောကီနယ်ပယ်ရဲ့ နောက်ကျိနေတဲ့ ချီစွမ်းအင်တွေက... ရွံစရာကောင်းလိုက်တာ "
မယ်ကူထျန်းကျွင်းသည် စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်၏။
ဟွမ်သွမ့်ကောင်းကင်ရေကန်သည် အသက်ရှည်ချီများ လွှမ်းခြုံထားသော နေရာဖြစ်သည်။ စစ်မှန်သည့် အင်မော်တယ်နယ်မြေနှင့် မယှဉ်နိုင်သော်ငြား အဆုံးမဲ့ကမ္ဘာထက်တော့ များစွာ သာလွန်၏။
ထို့ကြောင့်လည်း... သက်တမ်းရှည်နန်းတော်မှ ထျန်းကျွင်းများသည် လောကီနယ်ပယ်သို့ မဆင်းသက်ဘဲ... ဟွမ်သွမ့်ကောင်းကင်ရေကန်တွင်သာ နေလိုကြခြင်း ဖြစ်သည်။
မယ်ကူထျန်းကျွင်းသည်... အဆုံးမဲ့ကမ္ဘာမှ ကိစ္စရပ်များကို မြန်မြန်ဖြေရှင်းပြီး... ဟွမ်သွမ့်ကောင်းကင်ရေကန်သို့ ပြန်သွားချင်ရုံသာ ရှိသည်။
ထို့ကြောင့်... သူသည် အဆုံးမဲ့ကမ္ဘာအနီး ကပ်လာသည့်အခါ... သူ၏အရှိန်အဝါကို မထိန်းချုပ်ဘဲ... ပေါ်ပေါ်ထင်ထင်ပဲ ထုတ်ဖော်ပြသလိုက်သည်။
မယ်ကူထျန်းကျွင်း၏ အမြင်တွင်တော့ ဖုံးကွယ်စရာမလိုအပ်ဟု ထင်မြင်၏။
သူသည် မြင့်မြတ်သော အသက်ရှည်ထျန်းကျွင်းတစ်ပါး ဖြစ်သည်။ အဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်အဆင့်ဆိုသူများမှ မော့ကြည့်ရုံသာ တတ်နိုင်သည့် တည်ရှိမှုမျိုး ဖြစ်သည်။
ခရီးသွားလာရာတွင် မည်သည်ကြောင့် ပုန်းကွယ်နေရမည်နည်း။
သို့သော် မယ်ကူထျန်းကျွင်း မသိလိုက်သည့်အချက်မှာ.....
သူ တဖြည်းဖြည်း နီးကပ်လာချိန်... အဆုံးမဲ့ကမ္ဘာထဲ မဝင်ခင်ကတည်းက... အကြည့်တစ်စုံသည် မိုင်ပေါင်း သန်းချီအဝေးမှတစ်ဆင့်... သူ့ကို စူးစိုက်ကြည့်နေခြင်းပင်။
" ထျန်းကျွင်းအဆင့် ကျင့်ကြံခြင်းအခြေခံပဲ "
အထက်ကောင်းကင် ပင်မခန်းမဆောင်အတွင်းရှိ ကုချန်သည် အဝေးသို့ စူးရှစွာ လှမ်းကြည့်လိုက်သည်။ သူ၏အကြည့်သည် အဆုံးမဲ့စကြာဝဠာကြီးကို ထွင်းဖောက်ပြီး ဟွမ်သွမ့်ပင်လယ်ထဲထိ ရောက်ရှိသွားသကဲ့သို့ပင်။
မယ်ကူထျန်းကျွင်း ရောက်ရှိလာသောအခါ... သူ၏ ဖုံးကွယ်ထားခြင်းမရှိသော အရှိန်အဝါကို ကုချန် ချက်ချင်း အာရုံခံမိလိုက်သည်။
ကုချန်၏ လက်ရှိအဆင့်နှင့်ဆိုလျှင်... သူ၏စိတ်အာရုံသည် အဆုံးမဲ့စကြာဝဠာတစ်ခုလုံးကို လွှမ်းခြုံထားနိုင်ရာ... မယ်ကူထျန်းကျွင်း လာနေသည်ကို သိရှိနေသည်မှာ... သဘာဝကျပေသည်။
ကုချန် ပိုစိတ်ဝင်စားသည်မှာ မယ်ကူထျန်းကျွင်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါပင်။
ထိုလူ၏ အရှိန်အဝါကို သူ ရင်းနှီးဖူးသည်။
ယွမ်ကျွင်း ဟွမ်သွမ့်ပင်လယ်ထဲတွင် သူ့ကို လုပ်ကြံစဉ်က ထုတ်သုံးခဲ့သည့် အသက်ရှည်အမိန့်တော်လိပ်ဆီမှ အရှိန်အဝါပင် ဖြစ်သည်။
အမိန့်တော်လိပ်၌ ထျန်းကျွင်းအများအပြား၏ တာအိုများ ပါဝင်နေခဲ့သည်။
အဲဒီထဲက ထျန်းကျွင်းပုံရိပ်ယောင်တစ်ခုရဲ့ အရှိန်အဝါက အခု အဆုံးမဲ့ကမ္ဘာဆီ လာနေတဲ့ ထျန်းကျွင်းရဲ့ အရှိန်အဝါနဲ့ အတူတူပဲ။
အသက်ရှည်အမိန့်တော်လိပ်ထဲမှာ တာအိုအမှတ်အသား ပါဝင်နေတဲ့ ထျန်းကျွင်းတစ်ပါး.....
ပြီးတော့ အသက်ရှည်အမိန့်တော်လိပ်ကို သက်တမ်းရှည်နန်းတော်က ပေးအပ်ခဲ့တာ.....
ဒါဆိုရင် အဆုံးမဲ့ကမ္ဘာဆီ ချဉ်းကပ်လာတဲ့ ဒီထျန်းကျွင်းက သက်တမ်းရှည်နန်းတော်က လူပဲ ဖြစ်ရမယ်။
" တကယ့်ကို မမျှော်လင့်ဘဲ ရှာတွေ့သွားတာပဲ... ဘာမှတောင် အားစိုက်စရာ မလိုဘူး "
ကုချန်သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။
သူသည် သက်တမ်းရှည်နန်းတော်ကို ပြဿနာရှာရန်အတွက် သွားရန်ပြင်နေစဉ် သူတို့မှ အရင် တံခါးလာခေါက်ခြင်း ဖြစ်သည်။
အဆုံးမဲ့ကမ္ဘာကို ရုတ်တရက် ရောက်လာရသည့် အကြောင်းရင်းကိုလည်း ကုချန် ခန့်မှန်းရ ခက်ခဲခြင်း မရှိပေ။ ယွမ်ကျွင်းနှင့် ကောင်းကင်ချောက်နက် အပြောင်းအလဲ ကိစ္စများကြောင့်သာ ဖြစ်ပေလိမ့်မည်။
" လာတာ အချိန်ကိုက်ပဲ "
ကုချန်သည် ဂရုမစိုက်စွာ ပြုံးလိုက်၏။ ဆက်ပြီး စောင့်ကြည့်မနေတော့ဘဲ... မိုင်ပေါင်း သန်းချီကို ဖြတ်ကျော်ပြီး... လက်ဖဝါးတစ်ဖက် ဆန့်ထုတ်ကာ မယ်ကူထျန်းကျွင်းကို ဖမ်းဆုပ်လိုက်တော့သည်။
ဘာကိစ္စနဲ့ပဲ လာလာ.....
ရောက်လာမှတော့ ပြန်မသွားနဲ့တော့။
" ဝုန်း ! "
ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသော ဟွမ်သွမ့်လက်ဖဝါးကြီးသည်... သက်ရှိပေါင်းများစွာ၏ ထိတ်လန့်တကြား အကြည့်များအောက်တွင်... အဆုံးမဲ့စကြာဝဠာကြီး တစ်ခုလုံးကို ဖြတ်ကျော်ကာ... အပြင်ဘက်နယ်မြေဆီသို့ ဆန့်ထွက်သွားတော့သည်။
" အရှင်သခင်က ဘာလုပ်နေတာလဲ..... "
အထက်ကောင်းကင် တားမြစ်နယ်မြေအတွင်း၌... မထွက်ခွာသေးသော ဖီးနစ်ဧကရာဇ်သည်... ကောင်းကင်ကို ဖြတ်ကျော်သွားသော လက်ဖဝါးကြီးကို ကြည့်ကာ... လွန်စွာ တုန်လှုပ်သွား၏။
ဘာဖြစ်တာလဲ။ အရှင်သခင်က ကိုယ်တိုင် လှုပ်ရှားလိုက်တာလား။
" အရှင်သခင်ကိုယ်တိုင် လှုပ်ရှားအောင် လုပ်နိုင်တယ်ဆိုတော့... ဘယ်သူပဲ ဖြစ်ဖြစ် သေလမ်းပဲ ရှိတော့တယ် "
ဖီးနစ်ဧကရာဇ်နှင့်ယှဉ်လျှင် ကျန်းထျန်းရှေးဟောင်းဧကရာဇ်သည် ပို၍ တည်ငြိမ်နေ၏။
" ဘယ်သူမို့လို့ အရှင်သခင်ကိုယ်တိုင် လှုပ်ရှားရတာလဲ မသိဘူး "
ဖီးနစ်ဧကရာဇ်သည် သိလိုစိတ်ပြင်းစွာ ရေရွတ်လိုက်မိသည်။
လက်ရှိ အဆုံးမဲ့ကမ္ဘာမှာ ကောင်းကင်ဘုံအရှင်သခင်ကိုယ်တိုင် လှုပ်ရှားဖို့ ထိုက်တန်သူ ဘယ်သူရှိသေးလို့လဲ။
ကျန်ရှိနေတဲ့ တားမြစ်နယ်မြေအရှင်တွေတောင် မထိုက်တန်လောက်ဘူး။
...
ဟွမ်သွမ့်ပင်လယ်ထဲတွင်.....
လက်တစ်ကမ်းအကွာတွင်ရှိသော... အဆုံးမဲ့ကမ္ဘာကို ကြည့်ရင်း... မယ်ကူထျန်းကျွင်း၏ မျက်လုံးများသည် အေးစက်နေလေ၏။ နယ်နိမိတ်တံတိုင်းကို ဖြတ်ကျော်ကာ... အဆုံးမဲ့ကမ္ဘာထဲသို့ ဝင်ရောက်ရန် ပြင်လိုက်စဉ်.....
မယ်ကူထျန်းကျွင်း၏ မျက်ဝန်းအိမ်များသည် ရုတ်တရက် ကျုံ့သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော်... အဆုံးမဲ့ကမ္ဘာအတွင်းမှ ဟွမ်သွမ့်လက်ဖဝါးကြီး တစ်ဖက်သည်... မရေမတွက်နိုင်သော အကွာအဝေးကို ဖြတ်ကျော်လျက်... စကြာဝဠာတစ်ခုလုံးကို ကျော်လွန်ကာ... သူ့ထံသို့ တည့်တည့်ကြီး ဖမ်းဆုပ်လာသည်ကို... မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ပစ်မှတ်မှာ သူကိုယ်တိုင် ဖြစ်နေလေသည်။
" ထျန်းကျွင်းတစ်ပါးရဲ့ ရှေ့မှောက်မှာ... ဒီလောက် ရိုင်းစိုင်းရဲတယ်လား... မင်းက တကယ့်ကို မောက်မာလွန်းတယ် "
မယ်ကူထျန်းကျွင်းသည် ဟိန်းဟောက်လိုက်ကာ ဒေါသများသည်လည်း ငယ်ထိပ်သို့တိုင် ဆောင့်တက်သွားကြ၏။
သူ အခုမှ ရောက်ကာစ ရှိသေးတယ်... အဆုံးမဲ့ကမ္ဘာထဲတောင် မဝင်ရသေးဘူး... တစ်ယောက်ယောက်က သူ့ကို စတင် တိုက်ခိုက်ရဲတယ်လား။
ဤမျှ ရဲတင်းသည့် အပြုအမူသည် သူ့အား အမှန်စင်စစ် မထီမဲ့မြင် ပြုလိုက်ခြင်းပင်။
အခန်း (၂၄၆) - ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားခြင်း၊ လက်ဝါးတစ်ချက်ဖြင့် ဖိနှိပ်ခြင်းနှင့် ကုချန်အား မသိရှိခြင်း
မယ်ကူထျန်းကျွင်းသည် မိမိအား တိုက်ခိုက်သူမှာ... မည်သူမည်ဝါဖြစ်ကြောင်း မသိရှိသော်လည်း... ထိုအချက်က သူ့အား ဒေါသထွက်ခြင်းမှ တားဆီးနိုင်စွမ်း မရှိချေ။
အဆုံးမဲ့ကမ္ဘာအတွင်းရှိ သက်ရှိများသည် အများဆုံးမှ အရှင်အဆင့်သာ ရှိကြသည်။ သူ၏ရှေ့မှောက်တွင် ထိုသူတို့သည် လူငယ်လေးများသာ ဖြစ်ကြ၏။ သူ့အား မည်သို့သောသတ္တိဖြင့် တိုက်ခိုက်ရဲသနည်း။
မယ်ကူထျန်းကျွင်းသည် အတိုင်းအဆမရှိ ဒေါသထွက်နေလေ၏။ သူသည်လည်း လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ... ကောင်းကင်နှင့်မြေကြီး၏ ကြီးမားကျယ်ပြန့်မှုကို နားမလည်ဘဲ... သူ့အား တိုက်ခိုက်ရဲသည့် ထိုမောက်မာသောကောင်အား... ထျန်းကျွင်းအဆင့်ရှိသူတစ်ဦးနှင့် ရင်ဆိုင်ရခြင်းမှာ မည်သို့ဖြစ်ကြောင်း... သိရှိနားလည်သွားစေရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုဟွမ်သွမ့်လက်ဝါးကြီး နီးကပ်လာသည်နှင့်အမျှ... မယ်ကူထျန်းကျွင်း၏ မျက်နှာအမူအရာသည်... ရုတ်တရက် ပြောင်းလဲသွားတော့သည်။
အဘယ်ကြောင့်ဆိုသော်... ဤလက်ဝါးရိုက်ချက်ကို ထုတ်လွှတ်လိုက်သူသည် သာမန်အရှင်အဆင့်တစ်ဦး မဟုတ်မှန်း... သူရုတ်တရက် အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။
ထိုလက်ဝါးသည် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထားနိုင်စွမ်းရှိပုံရပြီး... ဤကမ္ဘာလောက၏ အဆုံးမဲ့တာအိုများကို မိမိအတွင်းသို့ ဆွဲယူကာ... ဖန်ဆင်းခြင်းနှင့် ပျက်စီးခြင်းတို့ကို လက်ဝါးရိုက်ချက်တစ်ခုတည်းဖြင့်... အဆုံးသတ်စေနိုင်ပုံရသည်ကြောင့်... မယ်ကူထျန်းကျွင်း၏ စိတ်နှလုံးထဲတွင်... ကြောက်ရွံ့မှုအနည်းငယ် ပေါ်လာစေသည်အထိပင် ဖြစ်၏။
အရှင်အဆင့်တစ်ဦးမှ ဤကဲ့သို့သော လက်ဝါးရိုက်ချက်မျိုးကို မည်သို့ထုတ်ဖော်နိုင်မည်နည်း။
ဤလက်ဝါးပိုင်ရှင်မှာ မည်သူနည်း။
မယ်ကူထျန်းကျွင်း၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး... လက်ဝါးအနည်းငယ် တုန်ယင်သွားကာ "ချွင်" ဟူသော အသံနှင့်အတူ... တောက်ပသော ဧကရာဇ်ဓားတစ်လက် သူ၏လက်ထဲတွင် ပေါ်လာလေသည်။
" ပိုင်းဖြတ်စမ်း! "
မယ်ကူထျန်းကျွင်းသည် အသံကုန် ဟစ်ကြွေးလိုက်ပြီး... လက်ထဲမှ ဧကရာဇ်ဓားဖြင့်... ချက်ချင်း ခုတ်ပိုင်းလိုက်သည်။ အဆုံးမဲ့သော ဓားအလင်းတန်းများသည်... ကောင်းကင်မြစ်ရေအလား စကြဝဠာကို လွှမ်းခြုံလျက်... ထိုဟွမ်သွမ့်လက်ဝါးကြီးဆီသို့ စီးဆင်းသွားလေသည်။
ထိုဟွမ်သွမ့်လက်ဝါးကြီး၏ စွမ်းအားကို သတိပြုမိပြီးနောက်... ဤလက်ဝါးပိုင်ရှင်မှာ မည်သူဖြစ်ကြောင်း မယ်ကူထျန်းကျွင်း အံ့အားသင့်နေသော်ငြား... အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိပေ။ သူသည် ဓားကိုချက်ချင်းထုတ်ကာ အစွမ်းကုန် တိုက်ခိုက်လေတော့သည်။
သို့သော် သူ့အား တုန်လှုပ်စေခဲ့သည်မှာ.....
အရှင်အဆင့်တစ်ဦးကို ဖျက်ဆီးပစ်ရန် လုံလောက်သော... သူထုတ်လွှတ်လိုက်သည့် ကြောက်မက်ဖွယ် ဓားအလင်းမြစ်သည်... ထိုဟွမ်သွမ့်လက်ဝါးကြီး၏ ရှေ့မှောက်တွင်... အရေးမပါသော မိုးဖွဲလေးများကဲ့သို့... ရယ်စရာကောင်းနေခဲ့သည်။
အဆုံးမဲ့သော ဓားအလင်းတန်းများ ပြန့်ကျဲသွားပြီး... ထိုဟွမ်သွမ့်လက်ဝါးကြီးအပေါ် အနည်းငယ်မျှသော အရာပင်... ထင်ကျန်ရစ်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ လက်ဝါးမျက်နှာပြင်ပေါ်ရှိ ဟွမ်သွမ့်ချီများ၌... အရေးမပါသော လှိုင်းဂယက်ငယ်လေးများသာ... ဖြစ်ပေါ်စေခဲ့သည်။
" ဘယ်သူလဲကွ! "
မယ်ကူထျန်းကျွင်းသည် ကျောချမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ဆက်လက်၍ မတွေးရဲတော့ဘဲ... ပင်ကိုအသိစိတ်ဖြင့် နောက်ဆုတ်ရှောင်တိမ်းရန်... ပြင်ဆင်လိုက်သည်။ ဤလက်ဝါးကို မျက်နှာချင်းဆိုင် မရင်ဆိုင်ရဲတော့ချေ။
သို့သော် ထိုဟွမ်သွမ့်လက်ဝါးကြီးသည် နောက်မှလိုက်လာသော်လည်း... အရင်ရောက်ရှိလာသကဲ့သို့... အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ မယ်ကူထျန်းကျွင်း၏ တုန်လှုပ်ခြောက်ခြားပြီး မျှော်လင့်ချက်မဲ့နေသော အကြည့်အောက်၌ပင်... ဝမ်တာအိုအကျဉ်းထောင်တစ်ခုကဲ့သို့ တိတ်ဆိတ်စွာ ပိတ်သွားပြီး... သူ့အား လက်တွင်း၌ ဖမ်းချုပ်ရန် ပြင်ဆင်လိုက်တော့သည်။
" မဟီ အတိုင်းအဆမဲ့! "
မယ်ကူထျန်းကျွင်းသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး လက်ဝါးများကို မရပ်မနား ဝှေ့ယမ်းကာ တာအိုဂါထာများကို ရွတ်ဆိုနေလေသည်။
ချက်ချင်းဆိုသလိုပင် သူ့ဘေးရှိ အဆုံးမဲ့လေဟာနယ်ထဲ၌ ဗုဒ္ဓတာအိုမန္တန်သံများ ပဲ့တင်ထပ်လာခဲ့သည်။
" ဥုံ... မဏိ... ပဒ္မေ..... "
ရွတ်ဖတ်သံများနှင့် ရိုသေကိုင်းရှိုင်းသံများသည် လေဟာနယ်မှသည် လက်တွေ့ဘဝသို့... ဖျော့တော့သောအသံမှသည် ကြီးကျယ်ခမ်းနားသောအသံအဖြစ်သို့ ပြောင်းလဲလာပြီး... အဆုံးမဲ့သော အသံလှိုင်းများ အပြင်ဘက်သို့ ပြန့်ကားသွားကာ... ထိုဟွမ်သွမ့်လက်ဝါးကြီးကို အတင်းအကျပ် ယှဉ်ပြိုင်၍... ဖြိုခွင်းရန် ကြိုးစားနေသကဲ့သို့ ရှိသည်။
တစ်ချိန်တည်းမှာပင်... အဆုံးမဲ့လေဟာနယ်ထဲ၌ ကြီးကျယ်ခမ်းနားသော ဗုဒ္ဓတောင်တော်တစ်ခုလည်း... ဖြည်းညင်းစွာ မြင့်တက်လာလေသည်။
မယ်ကူထျန်းကျွင်းသည် ဗုဒ္ဓတောင်တော်ထိပ်တွင် ထိုင်နေပြီး... မန္တန်သံများနှင့် ဗုဒ္ဓရွတ်ဖတ်သံများသည် အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်နေကာ... ရပ်တန့်ခြင်းမရှိပေ။ ရှေးဟောင်းတောင်တော်တစ်ခုလုံးကို... အဆုံးမဲ့သော ဗုဒ္ဓအလင်းရောင်များဖြင့် လွှမ်းခြုံထားကာ... မြင့်မြတ်၍ သာလွန်ထူးကဲသော ချီစွမ်းအင်များ စီးဆင်းနေ၏။
" ပျက်စီးစမ်း!! "
မယ်ကူထျန်းကျွင်းသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။
သူ၏အောက်ရှိ ဗုဒ္ဓတောင်တော်သည် ရုတ်တရက် ကြီးထွားလာပြီး... အဆုံးမဲ့ဗုဒ္ဓအသံများနှင့် ပူးပေါင်းကာ... ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနိုင်စွမ်းရှိပုံရသော ထိုလက်ဝါးကြီးကို ဖျက်ဆီးပစ်ရန်နှင့်... သူ့အတွက် ရှင်သန်ရာလမ်းကြောင်းတစ်ခု ဖောက်လုပ်ရန်... ရည်ရွယ်လိုက်သည်။
သို့သော်... မယ်ကူထျန်းကျွင်းအား လုံးဝဥဿုံ မျှော်လင့်ချက်မဲ့သွားစေမည့်... မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။
ထိုဟွမ်သွမ့်လက်ဝါးကြီးသည် ဗုဒ္ဓအသံများအားလုံးကို လုံးဝလျစ်လျူရှုလိုက်ကာ... သူ၏အောက်ရှိ ဗုဒ္ဓတောင်တော်သည်လည်း... အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်း၌... အရာအားလုံးကို ချေမှုန်းပစ်လိုက်ပြီး ဆက်လက်နိမ့်ဆင်းကာ... မယ်ကူထျန်းကျွင်းအား လက်ဝါးအတွင်း၌... မြဲမြံစွာ ဆုပ်ကိုင်လိုက်တော့သည်။
" အဟွတ်..... "
ထိုဟွမ်သွမ့်လက်ဝါးကြီး၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရပြီးနောက်... ကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့်... မယ်ကူထျန်းကျွင်းသည် လတ်ဆတ်သော သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။
သူ့ကို ပို၍ မျှော်လင့်ချက်မဲ့စေသည်မှာ... ဟွမ်သွမ့်လက်ဝါးကြီးသည် သူ့ကို လုံးဝဆုပ်ကိုင်ထားပြီးဖြစ်ရာ... ရုန်းထွက်ရန် မဖြစ်နိုင်တော့ခြင်းပင်။ အနည်းငယ် လှုပ်ရှားရုန်းကန်ခြင်းသည်ပင်... သက်သာရာရခြင်းတစ်ခု ဖြစ်နေလေပြီ။
ထိုဟွမ်သွမ့်လက်ဝါးကြီးသည် သူ့ကို မြဲမြံစွာ ချည်နှောင်ထားပြီးနောက်... အဆုံးမဲ့ကမ္ဘာထဲသို့ ရုတ်တရက် ပြန်ဆွဲယူသွားသည်ကို... သူ ခိုကိုးရာမဲ့စွာ ကြည့်နေရုံသာ ရှိတော့သည်။
သူသည် ထျန်းကျွင်းတစ်ပါး ဖြစ်သည်။ ထျန်းကျွင်းတစ်ပါးပင်။
မယ်ကူထျန်းကျွင်းသည် သူ၏စိတ်ထဲတွင် ရူးသွပ်စွာ အော်ဟစ်နေပြီး... အိပ်မက်မက်နေသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်မှုကိုပင်... ခံစားနေရသည်။
တိုက်ခိုက်သူသည် မည်သူဖြစ်သည်ကိုပင် သူ မမြင်လိုက်ရပေ။ အဆုံးမဲ့ကမ္ဘာတစ်ခုလုံး ခြားနေပါလျက်နှင့် ခုခံနိုင်စွမ်း အနည်းငယ်မျှပင် မရှိဘဲ တိုက်ရိုက်ဖမ်းဆီးခံလိုက်ရ၏။
ဤကဲ့သို့ ကြီးမားလှသော ကွာခြားချက်သည် မယ်ကူထျန်းကျွင်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက်မဲ့မှုကိုသာ ကျန်ရစ်စေခဲ့သည်။
အထူးသဖြင့်... ဟွမ်သွမ့်လက်ဝါးကြီးဖြင့် အဆုံးမဲ့ကမ္ဘာထဲသို့ ပြန်လည်ခေါ်ဆောင်ခံရချိန်တွင်... စူးစမ်းလိုစိတ်နှင့် တုန်လှုပ်မှုများ... ပြည့်နှက်နေသော အကြည့်များ သူ့ထံ ကျရောက်လာသည်ကို သတိပြုမိသောအခါ... မယ်ကူထျန်းကျွင်းသည် အလွန်အရှက်ရပြီး ဒေါသထွက်ကာ... နေရာတွင်ပင် သတိလစ်မတတ် ဖြစ်သွားရသည်။
သူသည် အဆုံးမဲ့ကမ္ဘာသို့ မည်သို့ဆင်းသက်မည်ကို... နည်းလမ်းပေါင်းစုံ စိတ်ကူးကြည့်ခဲ့သော်လည်း... ဤကဲ့သို့သော 'ဆင်းသက်ခြင်း' မျိုး ဖြစ်လာလိမ့်မည်ဟု... ဘယ်တုန်းကမျှ မတွေးမိခဲ့ပေ။
သူသည် သက်တမ်းရှည်နန်းတော်၏ မြင့်မြတ်သော ထျန်းကျွင်းတစ်ပါး ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ... သူသည် တစ်စုံတစ်ယောက်၏ လက်ဝါးထဲတွင်... ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေရသည်။ ဤအရှက်ရမှုကြောင့်... မယ်ကူထျန်းကျွင်းသည် မိမိကိုယ်ကို အဆုံးစီရင်ရန်ပင်... တွေးမိသွားလေသည်။
အလင်းနှင့် အရိပ်များ တဖျပ်ဖျပ်ပြောင်းလဲသွားပြီး မြစ်များနှင့် တောင်များ ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
တဒင်္ဂအတွင်းမှာပင်... ထိုဟွမ်သွမ့်လက်ဝါးကြီးသည် မယ်ကူထျန်းကျွင်းအား အဆုံးမဲ့ကုန်းမြေသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး... အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းသို့ တိုက်ရိုက်ရောက်ရှိသွားစေခဲ့သည်။
" ဒါ..... "
ဟွမ်သွမ့်လက်ဝါးကြီးထဲတွင် ဖမ်းချုပ်ခံထားရပြီး... မလှုပ်ရှားနိုင်ဖြစ်နေသော မယ်ကူထျန်းကျွင်းကို မြင်လိုက်ရသောအခါ... ဖီးနစ်ဧကရာဇ်၏ မျက်ခုံးများသည် တုန်လှုပ်မှုဖြင့် ပြည့်နှက်သွားလေ၏။
သူသည် မယ်ကူထျန်းကျွင်းကို တစ်ခါမျှ မမြင်ဖူးသော်လည်း... ဤလူ၏အင်အားသည် မိမိထက် အဆပေါင်းများစွာ သာလွန်ကြောင်း... သူကောင်းစွာ အာရုံခံမိနိုင်သည်။
ဤသူသည် သခင်ကြီး စောစောက ပြောခဲ့သော ထျန်းကျွင်းအဆင့်ရှိသူ ဖြစ်နိုင်သည်။
သို့သော် ခေတ္တမျှ တုန်လှုပ်သွားပြီးနောက် ဖီးနစ်ဧကရာဇ်၏ စိတ်လှုပ်ရှားမှုများမှာ ငြိမ်သက်သွား၏။
အဘယ်ကြောင့်ဆိုသော်... ချောက်နက်ထဲ၌ သူ၏သခင်ကြီးသည်... စစ်မှန်သော အင်မော်တယ်များနှင့်... အင်မော်တယ်အထက်အဆင့်ရှိသူများကိုပင် သတ်ဖြတ်ခဲ့သည်ကို... သူသတိရသွားသောကြောင့်ဖြစ်သည်။ ယခု ဤလူသည် ထျန်းကျွင်းတစ်ပါးမျှသာ ဖြစ်ရာ ဘာပြောစရာ ရှိတော့မည်နည်း။
...
" ဘုန်း! "
အထက်ကောင်းကင်ပင်မနန်းဆောင်အတွင်း၌... ကုချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက်... ရပ်နေသည်။ ဟွမ်သွမ့်လက်ဝါးကြီး၏ ခေါ်ဆောင်လာမှုကြောင့်... မြေပြင်ပေါ်သို့ အားမရှိဘဲ လဲကျနေသော မယ်ကူထျန်းကျွင်းကို ကြည့်ကာ... သူသည် လျစ်လျူရှုထားသောလေသံဖြင့် မေးမြန်းလိုက်သည်။
" မင်းက သက်တမ်းရှည်နန်းတော်က ထျန်းကျွင်းလား? "
" မှန်ပါတယ် "
မယ်ကူထျန်းကျွင်းသည် ရင်ထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်ထားလိုက်ပြီး... မျက်နှာပေါ်တွင် အလွန်ရိုသေသော အပြုံးတစ်ခုကို အတင်းဖျစ်ညှစ်ပြုံးလိုက်ကာ... နှိမ့်ချစွာ ပြောဆိုလေသည်။
" ဒီလူငယ်လေးက သက်တမ်းရှည်နန်းတော်က မယ်ကူထျန်းကျွင်းပါ... အရှင်က ဘယ်သူများလဲလို့ မေးခွင့်ပြုပါ "
ထို့နောက် မယ်ကူထျန်းကျွင်းသည် အလျင်အမြန်ပင် ဆက်ပြောဆိုလိုက်၏။
" ဒီလူငယ်လေးက အဆုံးမဲ့ကမ္ဘာကို လာခဲ့တာ အရှင်နဲ့ ရန်သူဖြစ်လိုတဲ့ ဆန္ဒလုံးဝမရှိပါဘူး... အရင်က အရှင့်ကို ဘယ်နေရာမှာ စော်ကားမိခဲ့လဲ မသိပေမယ့် အရှင့်အနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်.....
တကယ်လို့ အရှင်က မငြင်းပယ်ဘူးဆိုရင်... ကျွန်တော်တို့ သက်တမ်းရှည်နန်းတော်က အရှင့်ကို ဂုဏ်သရေရှိဧည့်သည်တော်အဖြစ် ဆက်ဆံဖို့... အပြည့်အဝ ဆန္ဒရှိပါတယ် "
စကားပြောနေစဉ် မယ်ကူထျန်းကျွင်းသည် မိမိကိုယ်ကို လူငယ်လေးတစ်ဦး၏ နေရာ၌ သဘာဝကျစွာ ထားရှိလိုက်သည်။
အဘယ်ကြောင့်ဆိုသော်... သူ၏ရှေ့မှောက်ရှိလူသည် အလွန်အင်အားကြီးမားလွန်းပြီး... မယ်ကူထျန်းကျွင်းအနေဖြင့် ထိုလူ၏ အတိမ်အနက်ကို... ခန့်မှန်း၍မရနိုင်သောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော ဘုရားတစ်ဆူသည်... ဤအဆုံးမဲ့ကမ္ဘာငယ်လေးထဲတွင် မည်သို့ပုန်းကွယ်နေနိုင်သည်ကို သူနားမလည်သော်လည်း... မယ်ကူထျန်းကျွင်းသည် ကုချန်နှင့် ရန်သူမဖြစ်ရဲကြောင်း ရှင်းလင်းနေသည်။
" မင်း ငါ့ကို မသိဘူးလား? "
မယ်ကူထျန်းကျွင်းသည်... သူ့အား လုံးဝမမှတ်မိပုံရသည်ကို မြင်သောအခါ... ကုချန်သည် အနည်းငယ် အံ့အားသင့်သွားမိ၏။
လွန်ခဲ့သော နှစ်ပေါင်း ၉ သောင်းခန့်က... သက်တမ်းရှည်နန်းတော်သည် ပူးပေါင်းကြံစည်ပြီး... နတ်ဆိုးနယ်မြေနယ်စပ်ကို စောင့်ကြပ်ရန်... သူ့အား ထောင်ချောက်ဆင်ကာ မျှားခေါ်ခဲ့သည်။
သို့သော် ယခုအခါ... သက်တမ်းရှည်နန်းတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော မယ်ကူထျန်းကျွင်းသည်... သူ့ကို မမှတ်မိဘူးတဲ့လော။