အခန်း (၂၅၁-၂၅၂)
Vol. 18 Ch. 251-252
အခန်း (၂၅၁) - လုကမ္ဘာမှ ဧကရာဇ်ညီနောင်နှစ်ပါး မိုးကြိုးရေကန်သို့ ရောက်ရှိလာခြင်းနှင့် ဓားချက်တစ်ချက်တည်းဖြင့် အသတ်ခံရခြင်း
" အစ်ကိုကြီး... ခုနက ဖြတ်သွားတဲ့ သက်ရှိက ဘယ်ကလဲမသိဘူးနော် "
ကုချန် ထွက်ခွာသွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်သည့် လူနှစ်ယောက်အနက်မှ အငယ်ဖြစ်သူက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
" ငါလဲ မသိဘူး "
အစ်ကိုကြီးဟု ခေါ်ဝေါ်ခံရသူသည် ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး မျက်နှာထားမှာ တည်သွား၏။
" ဒီလူရဲ့အင်အားကို ခန့်မှန်းရခက်တယ်... အခြားကမ္ဘာတစ်ခုကနေ ဟွမ်သွမ့်ပင်လယ်ထဲ ဝင်လာတဲ့သူ ဖြစ်လောက်တယ်... ကမ္ဘာကြီးက ကျယ်ပြောပြီး စွမ်းအားရှင်တွေ အများကြီးရှိတော့... ငါတို့ ပေါ့ဆလို့ မဖြစ်ဘူး "
" ဟုတ်ကဲ့ "
အခြားတစ်ယောက်မှာ ဖြေးညင်းစွာ သက်ပြင်းချလိုက်၏။
" ငါတို့ညီအစ်ကိုနှစ်ယောက် လုကမ္ဘာမှာတုန်းက တွင်းအောင်းဖားတွေလို ဖြစ်ခဲ့တာပဲ... လုကမ္ဘာက ထွက်လာမှ... ဒီကမ္ဘာကြီး ဘယ်လောက်ကျယ်လဲဆိုတာ... သိရတော့တယ် "
လုယီသည် သူ၏အတွေ့အကြုံများကို ပြန်တွေးမိပြီး စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။
သူနှင့် သူ၏အစ်ကိုကြီး လုကျားတို့သည် လုကမ္ဘာမှ လာသူများဖြစ်သည်။
လုကမ္ဘာတွင်... လုမျိုးနွယ်သည် အရှင်သခင်များဖြစ်ကြရာ... ကျယ်ပြောလှသော ထိုကမ္ဘာကြီးကို... လုကမ္ဘာဟု အမည်ပေးထားခြင်း ဖြစ်သည်။
သူနှင့် လုကျားတို့သည် သမိုင်းတစ်လျှောက်... လုမျိုးနွယ်မှ မွေးဖွားလာသော... အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များလည်း ဖြစ်ကြသည်။
ထို့အပြင်... သူနှင့်လုကျားတို့သည် ညီအစ်ကိုအရင်းများဖြစ်ကြရာ... လုကမ္ဘာတွင် "ဧကရာဇ်ညီနောင်" ဟူသော ဒဏ္ဍာရီကို... ဖန်တီးနိုင်ခဲ့ကြသည်။
ဧကရာဇ်အဆင့် ရောက်ပြီးနောက်... ညီအစ်ကိုနှစ်ယောက်သည် နှစ်ပေါင်းထောင်ချီကြာအောင်... လုကမ္ဘာတစ်ခုလုံးကို စူးစမ်းရှာဖွေခဲ့ကြသည်။ နောက်ထပ် ရှာဖွေစရာ မရှိတော့သည့်အခါမှသာ... လုကမ္ဘာမှထွက်ခွာပြီး ဟွမ်သွမ့်ပင်လယ်သို့ စွန့်စားသွားရောက်ရန်... စိတ်ကူးရခဲ့ကြသည်။
ထိုသို့ ဟွမ်သွမ့်ပင်လယ်သို့ စွန့်စားသွားရောက်စဉ်... လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးနှင့်... ဆုံတွေ့ခဲ့ကြ၏။
ထိုပုဂ္ဂိုလ်၏ အမည်မှာ ရှောင်ယောက်ထျန်းကျွင်း ဖြစ်သည်။ လှုပ်ရှားမှုတစ်ချက်တည်းဖြင့်... သူ၏စွမ်းအားသည် လုကျာညီအစ်ကိုအား... အကြွင်းမဲ့ ယုံကြည်လက်ခံသွားစေခဲ့သည်။
ထို့နောက်... ရှောင်ယောက်ထျန်းကျွင်းသည် သူတို့ကို သက်တမ်းရှည်ခြင်းတာအို ပေးအပ်မည်ဟု ကတိပြုကာ... သူတည်ထောင်ထားသော "သက်တမ်းရှည်နန်းတော်" သို့ ဝင်ရောက်ရန်... ဖိတ်ခေါ်ခဲ့သည်။
ထို့အပြင်... ရှောင်ယောက်ထျန်းကျွင်းသည် သူတို့သာ သက်တမ်းရှည်နန်းတော်သို့ ဝင်ရောက်ပါက... သက်တမ်းရှည်ခြင်းတာအိုကို ပေးအပ်ရုံသာမက... သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထျန်းကျွင်းအဆင့်ထိ မြှင့်တင်ပေးမည်ဟုလည်း... ကတိပြုခဲ့သည်။
သူ၏စကား မှန်ကန်ကြောင်း သက်သေပြရန်အတွက်... ရှောင်ယောက်ထျန်းကျွင်းသည် ညီအစ်ကိုနှစ်ယောက်အား သက်တမ်းနှစ်ထောင်ချီ ဆက်လက်ရှင်သန်စေနိုင်မည့်... သက်တမ်းရှည်ပစ္စည်းများကို ချက်ချင်း လက်ဆောင်ပေးခဲ့သည်။
လုကျားနှင့် လုယီတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ရှောင်ယောက်ထျန်းကျွင်း၏ ဖိတ်ခေါ်မှုကို လက်ခံလိုက်ကြ၏။
သူတို့အမြင်တွင် တွေးတောစဉ်းစားနေစရာ မလိုပေ။
သူတို့နှစ်ဦးသည် ယခုအခါ... လုကမ္ဘာ၏ အရှင်သခင်များ ဖြစ်နေပြီဆိုသော်လည်း... သူတို့၏သက်တမ်းမှာ နှစ်သောင်းချီမျှသာ ရှိသည်။
အင်မော်တယ်တက်လှမ်းခြင်းဆိုသည်မှာ... ဖမ်းဆုပ်ရခက်ခဲသော အရာဖြစ်သော်လည်း... ယခုတွင် သက်တမ်းရှည်မည့် အခွင့်အရေးစစ်စစ်က... မျက်မှောက်တွင် ရှိနေချေပြီ။ ညီအစ်ကိုနှစ်ယောက်အနေဖြင့်... ဤသည်ကို မဟာကံထူးမှုဟုသာ မှတ်ယူကြရာ... ငြင်းပယ်စရာအကြောင်း မရှိပေ။
ထို့အပြင်... သူတို့၏စွမ်းအားကိုပါ ထပ်မံမြှင့်တင်နိုင်ဦးမည် ဖြစ်ရာ... ဤသည်မှာ လုကျားနှင့် လုယီတို့... အမြဲအိပ်မက်မက်ခဲ့ရသော အရာဖြစ်သည်။
ဧကရာဇ်ဖြစ်လာပြီးနောက်... သူတို့နှစ်ဦး မည်မျှပင် ကြိုးစားကျင့်ကြံသော်လည်း... သူတို့၏စွမ်းအားမှာ ဧကရာဇ်အဆင့်အထွက်အထိပ်တွင်သာ ရပ်တန့်နေပြီး... တိုးတက်လာခြင်း မရှိသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
ယခုအခါ... လုကျားနှင့် လုယီတို့သည် ထျန်းကျွင်းရာထူးကို ရယူရန်... သက်တမ်းရှည်နန်းတော်သို့ အတူတကွ... သွားရောက်နေကြခြင်း ဖြစ်သည်။
" ဟွမ်သွမ့်ပင်လယ်က အဆုံးအစမဲ့တယ်... ဒီထဲမှာ ငါတို့ လုကမ္ဘာတစ်ခုတည်း ရှိတာမှ မဟုတ်တာ... အရမ်းကြီး စိတ်ပူမနေပါနဲ့ "
လုကျားသည် ကုချန် ထွက်ခွာသွားရာ အရပ်ကို တစ်ချက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်ဆိုသည်။
" အခု ငါတို့အတွက် အရေးကြီးဆုံးက သက်တမ်းရှည်နန်းတော်ကို မြန်မြန်ရောက်ဖို့ပဲ... ထျန်းကျွင်းရာထူး ရပြီး အကန့်အသတ်မဲ့ သက်တမ်းကို ပိုင်ဆိုင်ရပြီဆိုရင်... ဒီဟွမ်သွမ့်ပင်လယ်ကြီး ဘယ်လောက်ပဲ ကျယ်ပါစေ... ငါတို့ညီအစ်ကို ကြိုက်တဲ့နေရာ သွားလို့ရပြီ "
" အစ်ကိုကြီး ပြောတာ မှန်ပါတယ် "
လုယီသည် လေးနက်စွာ သဘောတူလိုက်ပြီး... တစ်ချိန်တည်းမှာပင် ကုချန် ထွက်ခွာသွားရာဘက်ကို... အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
ခုနက ထွက်သွားတဲ့လူရဲ့ အရှိန်အဝါကို ကြည့်ရတာ အတော်လေး စွမ်းအားကြီးပုံရပေမယ့် ဘာလုပ်နိုင်မှာလဲ။
သက်တမ်းရှည်တာအိုမရှိရင် နောက်ဆုံးတော့ မြေဝါပုံတစ်ပုံ၊ ဖုန်မှုန့်တစ်ဆုပ်၊ ပြာတစ်ဆုပ် ဖြစ်သွားမှာပါပဲ။
သူတို့ညီအစ်ကိုလို မဟာကံထူးရှင်တွေကသာ ထာဝရရှင်သန်ပြီး လောကကြီးမှာ လွတ်လပ်စွာ ကျင်လည်နိုင်မှာ။
... ... ... ...
" သက်တမ်းရှည်နန်းတော်..... "
အချိန်တစ်ခုကြာ ခရီးနှင်ပြီးနောက်... ကုချန်သည် ဖီးနစ်ဧကရာဇ် မှတ်တမ်းတင်ပေးလိုက်သော... ဟွမ်သွမ့်ပင်လယ် တည်နေရာသို့... နောက်ဆုံးတွင် ရောက်ရှိလာ၏။
သူ၏မျက်စိရှေ့မှ မြင်ကွင်းသည် ကုချန်အား နေရာမှန်ကို ရှာတွေ့ပြီဖြစ်ကြောင်း ပြောပြနေလေသည်။
အဆုံးမဲ့ ဟွမ်သွမ့်ချီများ... ဝန်းရံဖုံးလွှမ်းနေသော နက်ရှိုင်းသည့် နေရာတွင်... ကီလိုမီတာ တစ်သန်းခန့် ကျယ်ဝန်းသော... မိုးကြိုးရေကန်ကြီးတစ်ခု တည်ရှိနေသည်ကို... တွေ့လိုက်ရသည်။
ရေကန်ထဲသို့... မရေမတွက်နိုင်သော ဟွမ်သွမ့်မိုးကြိုးကပ်ဘေးများ ကောင်းကင်မှ ကျဆင်းနေပြီး... ဟွမ်သွမ့်မိုးကြိုးရေကန်ကို ရိုက်ခတ်ကာ... သန်းပေါင်းများစွာသော လျှပ်စီးများကို ဖြစ်ပေါ်စေလျက်ရှိသည်။
ထို့အပြင် ဟွမ်သွမ့်မိုးကြိုးရေကန်အတွင်း၌... ရှေးဟောင်းနန်းတော်ကြီးတစ်ခု တည်ရှိနေသည်ကို ဝေဝါးစွာ မြင်တွေ့ရပြီး... မိုးကြိုးကပ်ဘေး ထောင်ပေါင်းများစွာ၏ ရိုက်ခတ်မှုကို ခံနေရသော်လည်း... လုံးဝ ထိခိုက်ပျက်စီးခြင်း မရှိပေ။
ဤမိုးကြိုးရေကန်၏ မြင်ကွင်းသည်... ကုဝူရှန့်၏ မှတ်ဉာဏ်ထဲမှ မိုးကြိုးရေကန်နှင့်ဖြစ်စေ... ယွမ်ကျွင်း၏ မှတ်ဉာဏ်ထဲမှ ဟွမ်သွမ့်မိုးကြိုးရေကန်နှင့်ဖြစ်စေ... လုံးဝ ထပ်တူကျနေသည်။
မိုးကြိုးရေကန်အတွင်း... မျောပါနေသော ထိုနန်းတော်ကြီးသည်... သက်တမ်းရှည်နန်းတော် ဆိုသည်မှာ... သေချာသလောက်ပင်။
" နောက်ဆုံးတော့ တွေ့ပြီပဲ "
ကုချန်သည် ရယ်မောလိုက်ပြီး... သူ၏ရှေ့မှ မိုးကြိုးရေကန်ကို... လျစ်လျူရှုသော အကြည့်များဖြင့်... ကြည့်လိုက်လေသည်။
သူသည် စိန်ခေါ်ခြင်း မပြုသလို... အခြား ပိုနေမြဲ ကျားနေမြဲ အရာများကိုလည်း... မလုပ်ပေ။ အကန့်အသတ်မဲ့ဓားကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး... ဟွမ်သွမ့်မိုးကြိုးရေကန်ကို ဓားချက်တစ်ချက်တည်းဖြင့်... ပြတ်သားစွာ ခုတ်ပိုင်းလိုက်တော့သည်။
"ဝုန်း... ...... "
အကန့်အသတ်မဲ့ဓား ထွက်ပေါ်လာသည်နှင့်... ခမ်းနားကြီးကျယ်သော ဓားအလင်းတန်း လှိုင်းဂယက်တစ်ခုသည်... အဆုံးမဲ့ ဟွမ်သွမ့်နယ်မြေကို ချက်ချင်း လွှမ်းခြုံသွားလေ၏။
ကြီးမားလှသော ဓားအလင်းတန်းသည်... ကောင်းကင်မြစ်တစ်စင်းသဖွယ် ကြယ်တာရာတစ်ခုအလား ကျဆင်းလာပြီး... ဟွမ်သွမ့်မိုးကြိုးရေကန်ကို ချက်ချင်း ဝါးမျိုသွား၏။
ကုချန်၏အကြည့်သည် တည်ငြိမ်နေပြီး... ဟွမ်သွမ့်မိုးကြိုးရေကန်ကြီး ဓားအလင်းတန်းအောက်တွင် ဖျက်ဆီးခံရသည်ကို... ကြည့်နေလိုက်သည်။
သူ့ခရီးစဉ်၏ ရည်ရွယ်ချက်မှာ... သက်တမ်းရှည်နန်းတော်ကို ဖျက်ဆီးရန်ဖြစ်၍... မည်သူ့ကိုမျှ အရှင်ထားရန် စိတ်ကူးမရှိပေ။
အသက်ရှင်ကျန်ရစ်သူများလား။
ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူများသာလျှင် သူ၏စစ်ဆေးမေးမြန်းခြင်းကို ခံယူခွင့် ရှိပေလိမ့်မည်။
သို့သော် ကုချန်ကို အနည်းငယ် အံ့အားသင့်စေသည်မှာ.....
သူသည် ပေါ့ပေါ့ပါးပါး ဓားတစ်ချက်သာ ခုတ်လိုက်သော်လည်း... သူ၏လက်ရှိစွမ်းအားဖြင့် ဤဓားချက်သည် အရှင်သခင်အားလုံးကို သတ်ဖြတ်ရန် လုံလောက်ပြီး... ထျန်းကျွင်းများပင် ဒဏ်ရာပြင်းထန်စွာ ရရှိစေနိုင်သည်။
သို့သော်... ထိုမိုးကြိုးရေကန်သည် သူ၏ဓားချက်ကို ခံယူပြီးနောက်... အနည်းငယ်သာ တုန်ခါသွားပြီး... နှစ်ပိုင်းပြတ်မသွားပေ။
ရေကန်ထဲရှိ... မိုးကြိုးကပ်ဘေး အများအပြားသာ ပျက်စီးသွားပြီး... စွမ်းအားများစွာ ကုန်ဆုံးသွားပုံရသည်။
သို့ရာတွင်... ဓားအလင်းတန်းမြစ်ကြီး ကျဆင်းလာမှုကြောင့်... မိုးကြိုးရေကန်အတွင်းရှိ ရှေးဟောင်းနန်းတော်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားကာ... သက်တမ်းရှည်နန်းတော်အတွင်းရှိ ရှေးဟောင်းထျန်းကျွင်းရှစ်ပါးကို... ချက်ချင်း ထိတ်လန့်သွားစေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ရှေးဟောင်းနန်းတော်အထက်၌ ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာကြပြီး... အားလုံးသည် ကုချန်ရှိရာဘက်သို့ ထိတ်လန့်ဒေါသထွက်သော မျက်နှာထားများဖြင့်... ကြည့်လိုက်ကြလေသည်။
" ဘယ်သူက တိုက်ခိုက်တာလဲ... သက်တမ်းရှည်နန်းတော်ကို တိုက်ခိုက်ရဲတယ်ပေါ့... သေချင်နေတာလား "
နဂါးနွေအရှင်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သက်တမ်းရှည်နန်းတော်ကို ရှာတွေ့ရုံသာမက... ဤမျှ ရဲတင်းစွာ တိုက်ခိုက်ရဲသူ ရှိလိမ့်မည်ဟု... သူ ထင်မှတ်မထားခဲ့ပေ။
" ဒီလူက ကုချန်နဲ့ တူလိုက်တာ "
အခြား ရှေးဟောင်းထျန်းကျွင်းတစ်ပါးမှ အံ့ဩတကြီး ပြောဆိုလိုက်၏။
" ကုချန်? "
ထျန်းကျွင်းများအားလုံး ထိတ်လန့်သွားကြ၏။ ဤရလဒ်ကို သူတို့ မမျှော်လင့်ထားကြပေ။
အဆုံးမဲ့ကမ္ဘာက ကုချန်က သက်တမ်းရှည်နန်းတော်ကို ရှာတွေ့ပြီး သူတို့ကို လာသတ်တာလား။
ထျန်းကျွင်းရှစ်ပါးလုံးမှာ ထိတ်လန့်တကြား ဖြစ်သွားကြသည်။
" မင်းက ကုချန်လား "
နဂါးနွေအရှင်သည် အလိုအလျောက် မေးမြန်းလိုက်မိသည်။
နတ်ဆိုးနယ်မြေလမ်းကြောင်းကို ဖွင့်ပြီး... ကုချန်ကို စောင့်ကြပ်ခိုင်းရန်... တိတ်တဆိတ် ကြံစည်ခဲ့သူများထဲမှ တစ်ဦးအနေဖြင့်... နဂါးနွေအရှင်သည် ကုချန်၏ရုပ်သွင်ကို... မြင်ဖူးထားသည်။
သူ၏ရှေ့မှ လူသည်... ရုပ်ရည်ရော အရှိန်အဝါပါ ကုချန်နှင့် တူညီနေသော်လည်း... နဂါးနွေအရှင် ယုံကြည်ရခက်နေဆဲ ဖြစ်သဖြင့်... လှမ်း၍ မေးမြန်းလိုက်ခြင်း ဖြစ်သည်။
သို့သော် သူ့ကို ပြန်ဖြေလိုက်သည်မှာ ကုချန်၏ စကားသံမဟုတ်ဘဲ.....
မျက်စိကျိန်းမတတ် တောက်ပပြီး... အတိုင်းအဆမဲ့သည့် ဓားအလင်းတန်းတစ်ခုသာ... ဖြစ်ချေသည်။
အခန်း (၂၅၂) - နဂါးဝံသန္တာန်၊ ဓားတစ်ချက်တည်းဖြင့် အသတ်ခံရခြင်းနှင့် ထျန်းကျွင်းများပင် တုန်လှုပ်သွားခြင်း
ကုချန်သည် ထျန်းကျွင်းများနှင့် စကားပြောပြီး အချိန်ဖြုန်းနေရန် စိတ်ကူးမရှိပေ။
ထျန်းကျွင်းရှစ်ပါး ရှိနေလျှင်ရော ဘာဖြစ်သနည်း။ သူသည် ဓားတစ်ချက်တည်းဖြင့် အကုန်ခုတ်ပိုင်းပစ်လိုက်မည်သာ ဖြစ်သည်။
ဓားတစ်ချက် ထုတ်လိုက်သည်နှင့် ဓားအလင်းတန်းမြစ်ကြီး ပြန်လည်ပေါ်ထွက်လာ၏။ ထိုဓားအလင်းတန်းသည် ဝေးကွာလှသော အဆုံးမဲ့ကမ္ဘာအထိ ရှည်လျားကာ... အရပ်လေးမျက်နှာ ရှစ်မျက်နှာကို လွှမ်းခြုံလျက်... ထျန်းကျွင်းရှစ်ပါးအပေါ်သို့ ကျဆင်းလာသည်။
" မောက်မာလိုက်တာ "
ကုချန်သည် ပြန်လည်တုံ့ပြန်စကားမဆိုဘဲ... ပြတ်သားစွာ တိုက်ခိုက်လာသည်ကို မြင်လိုက်ရသောအခါ... ရှေးဟောင်းထျန်းကျွင်းရှစ်ပါးလုံး ဒေါသထွက်သွားကြသည်။
ကုချန်သည် သေလမ်းရှာနေခြင်းလော။
လွန်ခဲ့သော နှစ်ကိုးသောင်းက... သူသည် ထျန်းကျွင်းများ၏ မျက်လုံးထဲတွင် နယ်ရုပ်လေးတစ်ရုပ်သာဖြစ်ပြီး... သူတို့အလိုကျ လွယ်ကူစွာ ကြိုးဆွဲရာကခဲ့ရသူ ဖြစ်သည်။
သို့သော် ယခုအခါ... ထိုနယ်ရုပ်သည် သက်တမ်းရှည်နန်းတော်သို့ ရောက်လာပြီး... စစ်တုရင်ခုံကို မှောက်လှန်ကာ ကစားသမားများဖြစ်သည့်... သူတို့ကို ရန်မူချင်နေသည်လော။
" နဂါး၊ မြွေ၊ ဖီးနစ်နဲ့ စာကလေးတွေမှာ ရှင်းလင်းပြတ်သားတဲ့ ခွဲခြားမှုတွေ ရှိတယ်... ဖောက်ဖျက်လို့ မရဘူး... နယ်ရုပ်က နယ်ရုပ်နေရာပဲ သိသင့်တယ်... ဘယ်လိုလုပ် စစ်တုရင်ခုံကို မှောက်လှန်နိုင်မှာလဲ "
နဂါးနွေအရှင်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး... လက်ဝါးကိုမြှောက်ကာ ကောင်းကင်ယံအဖြစ်... ဖန်ဆင်းလိုက်သည်။ အကန့်အသတ်မဲ့ဓားမှ ကျဆင်းလာသော... ပြိုင်ဘက်ကင်း ဓားအလင်းတန်းကို ခုခံရန်... ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။
အခြားထျန်းကျွင်းများကမူ လျစ်လျူရှုထားသော မျက်နှာထားများဖြင့် တိတ်ဆိတ်စွာ ရပ်နေကြသည်။
သူတို့အမြင်တွင်... နဂါးနွေအရှင် လှုပ်ရှားလိုက်ပြီဖြစ်၍ သူတို့ဘက်မှ ဝင်ရောက်တိုက်ခိုက်ရန်... မလိုအပ်တော့ဟု ယူဆထားကြသည်။
ထျန်းကျွင်းတစ်ပါး တုံ့ပြန်လိုက်သည်ကပင်... ကုချန်အတွက်... ဂုဏ်ယူစရာ ဖြစ်နေပြီ။ သာမန်နယ်ရုပ်လေးတစ်ရုပ်အား... ကစားသမားအားလုံး ဝိုင်းဝန်းတိုက်ခိုက်ရန်... မည်သို့ ထိုက်တန်ပါမည်နည်း။
" စာကလေးရိုင်းက ကောင်းကင်ကို မျိုချချင်နေတာ... တကယ် သနားစရာကောင်းပြီး ရယ်စရာကောင်းလိုက်တာ "
" တာအိုရဲဘော် နဂါးနွေ လှုပ်ရှားမှတော့ ငါတို့က ကြည့်နေရုံပါပဲ "
ထျန်းကျွင်းများသည် လက်ပိုက်လျက် ဂရုမစိုက်ဟန်ဖြင့် ဝေဖန်မှတ်ချက်ပေးနေကြသည်။
နဂါးနွေအရှင် ကိုယ်တိုင်ပင်လျှင်... ကုချန်၏ဓားချက်ကို မျက်လုံးထဲ မထည့်သကဲ့သို့... အထင်သေးသော အမူအရာဖြင့် ရှိနေလေ၏။
သို့သော်... ဓားအလင်းတန်းမြစ်ကြီး ကျဆင်းလာပြီး... နဂါးနွေအရှင် ဖန်ဆင်းထားသော ကောင်းကင်ဖုံးလက်ဝါးကြီးနှင့် ရိုက်ခတ်မိသောအခါ... နဂါးနွေအရှင်၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားသည်။
အကြောင်းမှာ... ထိုပြိုင်ဘက်ကင်း ဓားအလင်းတန်းသည်... အထွတ်အထိပ် သတ်ဖြတ်လိုစိတ်နှင့်... ထိုးဖောက်လိုစိတ်ကို ကိုယ်စားပြုနေသကဲ့သို့ရှိပြီး... မည်သည့်အရာကမှ မတားဆီးနိုင်သောကြောင့် ဖြစ်သည်။ နဂါးနွေအရှင်၏ လက်ဝါးသည်... ချက်ချင်း ထိုးဖောက်ခံလိုက်ရပြီး... သွေးပွင့်များ ပန်းထွက်လာ၏။
သွေးပွင့်များသည် အဆုံးမဲ့ လေဟာနယ်ထဲသို့ လွင့်စင်သွားပြီး... ကြယ်အများအပြားကို ချက်ချင်း မှေးမှိန်သွားစေကာ... ဖုန်မှုန့်အဖြစ် ပြောင်းလဲပျောက်ကွယ်သွားစေ၏။
ထျန်းကျွင်းသွေးတစ်စက်သည်ပင် ကြယ်များစွာကို ဖောက်ထွင်းဖျက်ဆီးနိုင်သည်။
သို့သော် တောက်ပလှသော အကန့်အသတ်မဲ့ ဓားအလင်းတန်းရှေ့တွင် ထျန်းကျွင်း၏သွေးသည်ပင် အငွေ့ပျံသွားရ၏။
" ဇွက်! "
လက်ဝါး အဖောက်ခံလိုက်ရသဖြင့် နဂါးနွေအရှင်သည် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
သို့သော် လက်ဝါးမှ နာကျင်မှုထက် သူ့ကို ပိုပြီး မယုံနိုင်ဖြစ်စေသည်မှာ ဤဓားချက်၏ စွမ်းအားပင်ဖြစ်သည်။
သူ၏လက်ဝါးဖြင့် ဖန်တီးထားသော ကောင်းကင်ဖုံးအတားအဆီးကြီးသည် စက္ကူတစ်ရွက်ကဲ့သို့ လွယ်ကူစွာ စုတ်ပြဲသွားခဲ့သည်။
ထို့အပြင် ဓားအလင်းတန်းမြစ်ကြီး၏ စွမ်းအားမှာ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိပေ။
အခြားထျန်းကျွင်းများ၏... အနည်းငယ် အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုလျက်... ကောင်းကင်မှ ကျဆင်းလာသော အဆုံးမဲ့ဓားအလင်းတန်းကို ကြည့်ကာ... နဂါးနွေအရှင်၏ရင်ထဲတွင် အန္တရာယ်ခေါင်းလောင်းသံ မြည်ဟီးလာတော့သည်။
ဤအဆုံးမဲ့ ဓားမိုးစက်များကို မတားဆီးနိုင်ပါက... သူသည် အရိုးပင်မကျန်ဘဲ ဤနေရာတွင်ပင်... သေဆုံးရတော့မည်ကို သူ သိလိုက်သည်။
" နဂါးဝံ သန္တာန် "
နဂါးနွေအရှင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ချက်ချင်းဆိုသလိုပင်... ကောင်းကင်အထိ မြင့်မားသော ဓမ္မရုပ်တုပုံရိပ်ကြီးတစ်ခုသည် စုစည်းလာပြီး... သူ၏အနောက်တွင် ပေါ်ထွက်လာလေသည်။
ထိုအရာသည်... ကောင်းကင်အထိ မြင့်မားသော မိစ္ဆာမျောက်ဝံကြီးတစ်ကောင်နှင့် တူသော်လည်း... နဂါးခေါင်းအစစ် သုံးလုံး ပါရှိကာ... အေးစက်ပြီး ကြီးမားသော အညိုရောင်နဂါးမျက်လုံး ခြောက်လုံးဖြင့်... ကုချန်ကို စိုက်ကြည့်နေလေ၏။
ဤသည်မှာ နဂါးနွေအရှင်၏ အနှစ်သာရ... ချီနှင့် ဝိညာဉ်တို့ ပေါင်းစပ်ပေါ်ထွန်းလာခြင်းဖြစ်ပြီး... သူဖန်တီးထားသော အထွတ်အထိပ် ရတနာပညာရပ်လည်း... ဖြစ်သည်။ ဓမ္မရုပ်တုကို အသုံးပြု၍... တိုက်ပွဲဝင်သူတော်စင်ခန္ဓာအဖြစ် ပြောင်းလဲကာ... သူ၏မူလကိုယ်ထက် များစွာသာလွန်သော တိုက်ခိုက်မှုစွမ်းအားကို... ထုတ်ဖော်ခြင်းဖြစ်သည်။
" ဝေါင်း "
နဂါးဝံသန္တာန်ကြီးမှ ဟိန်းဟောက်လိုက်ရာ... နားကွဲလုမတတ် အသံလှိုင်းများကြောင့်... အဆုံးမဲ့ လေဟာနယ်ကြီးပင် ကွဲအက်သွားရ၏။
၎င်းသည် နဂါးနွေအရှင်နှင့်အတူ လှုပ်ရှားပြီး... လက်မောင်းများကို ဖြန့်ကားလျက်... ခေါင်းပေါ်မှ ကျဆင်းလာသော ဓားအလင်းတန်းမြစ်ကြီးကို... တိုက်ရိုက် ရင်ဆိုင်လိုက်လေသည်။
" ဝုန်း! "
ဓားအလင်းတန်းမြစ်ကြီး မညှာမတာ ကျဆင်းလာပြီး နဂါးဝံဓမ္မခန္ဓာကြီးနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွား၏။
ထျန်းကျွင်းများကို ဆွံ့အသွားစေပြီး... ရင်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေသည့်... မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
နဂါးနွေအရှင်သည် သူ၏အစွမ်းအထက်ဆုံး နည်းလမ်းကို အသုံးပြုထားပြီဖြစ်သည်။
သို့သော်... ဓားအလင်းတန်းမြစ်ကြီးသည် ဖျက်ဆီး၍မရ... တားဆီး၍မရနိုင်အောင် ရှိနေဆဲဖြစ်ပြီး... မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးဝံဓမ္မခန္ဓာကြီးကို အပိုင်းပိုင်း ခုတ်ဖြတ်လိုက်ကာ... နောက်ဆုံးတွင် အစအနပင် မကျန်တော့သည်အထိ... ဆုတ်ဖြဲ ဖျက်ဆီးပစ်လိုက်လေသည်။
စွမ်းအားကြီးမားပုံရသော... နဂါးဝံဓမ္မခန္ဓာကြီး အလွယ်တကူ ပျက်စီးသွားသည်ကို မြင်လိုက်ရသော်လည်း... ကုချန်၏အကြည့်မှာ တည်ငြိမ်နေဆဲဖြစ်သည်။
ယခင်က... သူ ဓားတစ်ချက် ထုတ်ခဲ့သော်လည်း... ဟွမ်သွမ့်မိုးကြိုးရေကန်ကို နှစ်ပိုင်းမပြတ်စေနိုင်ခဲ့ခြင်းမှာ... ထိုရေကန်သည် အထွတ်အထိပ်ရတနာ ဖြစ်နေသောကြောင့်ပင်။
ဤနဂါးနွေအရှင်သည် ထျန်းကျွင်းတစ်ပါးမျှသာ ဖြစ်သည်။ ဤဓားချက်ကို ခုခံနိုင်မည့် နည်းလမ်း သူ့တွင် မည်သို့ ရှိနိုင်ပါမည်နည်း။
" အား! "
သူ၏ ဝိညာဉ်အစစ်ပါဝင်သော... ဓမ္မခန္ဓာ ပျက်စီးသွားသဖြင့်... နဂါးနွေအရှင်သည် ဝမ်းနည်းပက်လက် အော်ဟစ်လိုက်မိ၏။ ထိုအသံသည်... ကောင်းကင်ကို တုန်ဟီးစေပြီး... ကြယ်များကိုပင် တုန်ခါသွားစေခဲ့သည်။
သို့သော် နဂါးနွေအရှင်သည် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။
ပြင်းထန်သော ကြောက်ရွံ့မှုကသာ သူ၏စိတ်နှလုံးကို ဝါးမျိုထားပြီးဖြစ်သည်။
ကုချန်၏စွမ်းအားသည် သူထင်မှတ်ထားသည်ထက် များစွာ ကျော်လွန်နေပြီး သူ့ကို ထိတ်လန့်တုန်လှုပ်စေသည်။
ပြေး... မြန်မြန်ပြေးမှ ဖြစ်မည်။
ပြင်းထန်သော ကြောက်ရွံ့မှုသည်... နဂါးနွေအရှင်၏ ရင်ထဲတွင် မြင့်တက်လာပြီး... ဤနေရာမှ အမြန်ဆုံး ထွက်ပြေးရန်သာ... တွန်းအားပေးနေ၏။
နဂါးနွေအရှင်၏ ခန္ဓာကိုယ်သည်... ချက်ချင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး... ဓားအလင်းတန်းမြစ်ကြီးအောက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
သို့သော် သူ မထွက်ခွာနိုင်ခင်မှာပင်.....
ကြက်သီးမွေးညှင်းထစေသော... အေးစက်သည့် ခံစားမှုတစ်ခုသည်... လည်ပင်းဆီမှ ချက်ချင်း ပေါ်ပေါက်လာသည်။
နဂါးနွေအရှင်သည် တုံ့ပြန်ချိန်မရလိုက်ဘဲ... မသိစိတ်ဖြင့် ငုံ့ကြည့်လိုက်မိရာ... သူ့ဘဝ၏ နောက်ဆုံးမြင်ကွင်းကိုသာ... မြင်တွေ့လိုက်လေတော့သည်။
ထာဝရကာလကို ဖြတ်သန်းလာသော... ဓားအလင်းတန်းတစ်ခုသည် မည်သည့်အချိန်က ရောက်ရှိနေသည်မသိ... နောက်ကျမှ ပေါ်လာသယောင် ရှိသော်လည်း ဦးစွာ ရောက်ရှိနေပြီး... သူ၏လည်ပင်းတွင် ဝဲပျံကာ... လျင်မြန်စွာ ဖြတ်တောက်သွား၏။
" ရွှပ်! "
သွေးများ ပန်းထွက်လာပြီး... နဂါးနွေအရှင်၏ ဦးခေါင်းသည်... လေထဲသို့ လွင့်စင်သွားလေ၏။
ထို့နောက်... မရေမတွက်နိုင်သော ဓားအလင်းတန်းများ ဆက်လက်ရောက်ရှိလာပြီး... သူ၏ဦးခေါင်းရော ခန္ဓာကိုယ်ကိုပါ... လွှမ်းခြုံသွားသည်။
ဟွမ်သွမ့်လေမုန်တိုင်းထက်... အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး... နဂါးနွေအရှင်၏ အနှစ်သာရ၊ သွေး၊ အသားနှင့် အရိုးအားလုံးကို... ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
နဂါးနွေအရှင်၏ မူလဝိညာဉ်သည်... အော်ဟစ်ရန်ပင် အခွင့်အရေးမရလိုက်ဘဲ... ခန္ဓာကိုယ်နှင့်အတူ ပြာကျသွားကာ... ဝိညာဉ်အစအနလေးပင် ကျန်ရစ်ခြင်း မရှိတော့ပေ။
ဓားတစ်ချက်တည်းဖြင့် နဂါးနွေအရှင် သေဆုံးသွားခဲ့ပြီ။
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ကျန်ရှိနေသော ထျန်းကျွင်းခုနစ်ပါးလုံး နေရာမှာပင် ကျောက်ရုပ်သဖွယ် ဖြစ်သွားကြသည်။ သူတို့၏နားထဲတွင်... စစ်တုရင်ခုံ မှောက်လှန်ခံရပြီး ကွဲအက်သွားသံနှင့်... မရေမတွက်နိုင်သော နယ်ရုပ်များ မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွားသံကို ကြားလိုက်ရသကဲ့သို့... ခံစားလိုက်ကြရသည်။
" လွန်ခဲ့တဲ့ နှစ်ကိုးသောင်းတုန်းက... သူက နဂါးလေးတစ်ကောင်ပဲ ရှိပါသေးတယ်... အခု နဂါးအစစ်အဖြစ် ပြောင်းလဲသွားပြီလား "
ထျန်းကျွင်းတစ်ပါးကသည် ထိတ်လန့်တုန်လှုပ်နေသော အသံဖြင့် ခက်ခဲစွာ ပြောဆိုလိုက်သည်။
လွန်ခဲ့သော နှစ်ကိုးသောင်းက ကုချန်သည် သန်မာခဲ့သည်။ သို့သော် သက်တမ်းရှည်နန်းတော်မှ ထျန်းကျွင်းများကို အနည်းငယ် ဒုက္ခပေးနိုင်လောက်အောင် သန်မာခဲ့ရုံမျှသာ ဖြစ်သည်။
သို့သော် ယခု ကုချန် ထုတ်ဖော်ပြသလိုက်သော တိုက်ခိုက်စွမ်းအားသည် အနည်းငယ် ဒုက္ခပေးနိုင်ရုံ အဆင့်မဟုတ်တော့ပေ။
ယခင်က 'နဂါးလေး' သည်... ယခုအခါ သူတစ်ပါးကို ဝါးမျိုရန် ဆာလောင်နေသည့်... အလွန်အန္တရာယ်ကြီးမားသော မိစ္ဆာနဂါးကြီးအဖြစ်... ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။
နဂါးနွေအရှင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်းက မည်သည့်အဓိပ္ပာယ်နည်း။
ဤသည်မှာ... လက်ရှိရှိနေသော ထျန်းကျွင်းများသည်လည်း... ကုချန်၏ ဓားချက်တစ်ချက်ကိုပင် တောင့်ခံနိုင်မည် မဟုတ်ကြောင်း... ဖော်ပြနေခြင်းဖြစ်သည်။
" မယ်ကူထျန်းကျွင်းက... သူ့လက်ချက်နဲ့ သေတာလား "
အခြား ရှေးဟောင်းထျန်းကျွင်းတစ်ပါးမှ တစ်စုံတစ်ခုကို တွေးမိသွားပြီး တီးတိုးရေရွတ်လိုက်သည်။
မယ်ကူထျန်းကျွင်း... မည်သည့်အတွက်ကြောင့် ရုတ်တရက် သေဆုံးသွားရသည်ကို... သူတို့ ယခင်က စဉ်းစားမရ ဖြစ်ခဲ့ကြသည်။ သေးငယ်သော အဆုံးမဲ့ကမ္ဘာထဲတွင်... မယ်ကူထျန်းကျွင်းကို မည်သူက... ခြိမ်းခြောက်နိုင်ပါမည်နည်း။
ယခုတော့ သူတို့ သိလိုက်ရပြီဖြစ်သည်။