အခန်း (၂၅၃-၂၅၄)
Vol. 19 Ch. 253-254
အခန်း (၂၅၃) - ရန်သူကို ချေမှုန်းရန် အရှင်ခုနစ်ပါး ပူးပေါင်းခြင်းနှင့် အသက်ချမ်းသာပေးရန် တောင်းဆိုခြင်း
မယ်ကူထျန်းကျွင်း အဆုံးမဲ့ကမ္ဘာ၌... တိတ်တဆိတ် သေဆုံးသွားခဲ့ရသည်မှာ... မဆန်းတော့ပေ။
သူသည် ကုချန်နှင့် ရင်ဆိုင်ခဲ့ရ၍သာ... ဤကဲ့သို့ ကပ်ဘေးသင့်ခဲ့ရခြင်း... ဖြစ်ပေလိမ့်မည်။ တွေးကြည့်ပါလျှင်... နဂါးနွေအရှင်ပင်လျှင် ကုချန်၏ ပြိုင်ဘက် မဟုတ်ခဲ့ပါက... မယ်ကူထျန်းကျွင်းအနေဖြင့် မည်သို့ ယှဉ်နိုင်မည်နည်း ။
သို့သော်... ဤရလဒ်သည် ကျန်ရှိနေသေးသော အရှင်သခင်ခုနစ်ပါးလုံးအတွက်... မယုံကြည်နိုင်ဖွယ်ရာနှင့် ကြောက်မက်ဖွယ်ရာ... ကောင်းနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော်... ယခင်က သူတို့ အရေးမလုပ်ခဲ့သော 'နဂါးပေါက်စ'လေးသည်... ယခုအခါ သူတို့ကိုယ်တိုင် မော့ကြည့်ရမည့် 'နဂါးစစ်'ကြီးအဖြစ်သို့... အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ရှေးဟောင်းထျန်းကျွင်းတစ်ပါးသည်... မယုံကြည်နိုင်သော မျက်နှာထားဖြင့် " ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီလောက်သန်မာတဲ့ ခွန်အားမျိုးကို သူဘယ်လို ရရှိခဲ့တာလဲ..." ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
ကုချန်သည် နှစ်ပေါင်းကိုးသောင်းတိုင် ရှင်သန်ခဲ့ပြီး... ဤမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို... မည်သို့ ရရှိခဲ့သနည်း။ ထျန်းကျွင်းများအားလုံးသည်... အင်မော်တယ်ဒြပ်စင်များကို အဆက်မပြတ် ရယူမှသာလျှင်... ဤမျှကြာရှည်စွာ တည်ရှိနိုင်ကြခြင်း ဖြစ်သည်။
ကုချန်သည်လည်း... အင်မော်တယ်ဒြပ်စင်များ၏ အရင်းအမြစ်ကို ရှာတွေ့ခဲ့သည်များလောဟု တွေးမိကြရာ... ထျန်းကျွင်းများ၏ မျက်နှာထားများမှာ တုန်လှုပ်နေကြပြီး သူတို့၏ စိတ်နှလုံးများမှာ... တည်ငြိမ်မှု ကင်းမဲ့နေကြသည်။
သို့သော်... ကုချန်သည် ထိုထျန်းကျွင်းများအား တုံ့ပြန်ရန်... အချိန်ပေးမည် မဟုတ်ပေ။ နဂါးနွေအရှင်အား... ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်ပြီးနောက်... သူသည် ချက်ချင်းပင် နောက်ထပ် ဓားတစ်ချက်ဖြင့်... ကျန်ရှိနေသော ရှေးဟောင်းထျန်းကျွင်း ခုနစ်ပါးလုံးထံသို့... တိုက်ခိုက်လိုက်တော့သည်။
'ချွင်' ဟူသော အသံနှင့်အတူ... ဓားအလင်းတန်းသည် ပြိုင်ဘက်ကင်းလှကာ... ကောင်းကင်မြစ်ကြီး စီးဆင်းကျလာသကဲ့သို့... အရပ်မျက်နှာအနှံ့ကို လွှမ်းခြုံသွားလျက်... ကျန်ရှိနေသော ရှေးဟောင်းထျန်းကျွင်းအားလုံးကို... ဝါးမြိုသွားတော့သည်။
ဤအခိုက်အတန့်၌... ဓားအလင်းတန်းသည် ကောင်းကင်ယံတစ်ခုလုံးကို လင်းလက်သွားစေပြီး... နဂါးငွေ့တန်းများ သွန်ကျလာသကဲ့သို့ ဟွမ်သွမ့်ပင်လယ်နယ်မြေတစ်ခုလုံးအား... လင်းထိန်သွားစေခဲ့သည်။
" မောက်မာလွန်းတယ် "
အထက်စီးမှ လွှမ်းမိုးလာသော... ကြီးမားလှသည့် ဓားအလင်းတန်းကို ခံစားလိုက်ရသဖြင့်... ရှေးဟောင်းထျန်းကျွင်းတစ်ပါးသည် ဒေါသတကြီး ဟစ်အော်လိုက်၏။ ဓားတစ်ချက်တည်းဖြင့်... ထျန်းကျွင်းခုနစ်ပါးလုံးကို ခုတ်ပိုင်းပစ်မည်ဟူသော အကြံသည်... အလွန်အမင်း မောက်မာလွန်းလှလေ၏။
သို့သော်... နဂါးနွေအရှင် သေဆုံးသွားခဲ့ရသည့် မြင်ကွင်းမှာ... သူတို့၏စိတ်ထဲတွင် စွဲထင်နေဆဲဖြစ်ရာ... ဒေါသထွက်နေကြသော်လည်း မည်သူမျှ... တစ်ဦးတည်း ရင်မဆိုင်ရဲကြပေ။ ထို့အစား... နားလည်မှု အပြည့်ဖြင့် အတူတကွ ပူးပေါင်းကာ... ထိုဓားချက်ကို ခုခံရန် ပြင်ဆင်လိုက်ကြသည်။
" ငါ့ရဲ့ တာအို၊ ငါ့ရဲ့ ဥပဒေသတွေက အရင်ကတည်းက ပြိုင်ဘက်ကင်းခဲ့တယ် "
ထျန်းကျွင်းတစ်ပါးသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကာ... ဧကရာဇ်စေတီတော်တစ်ဆူကို ကိုင်ဆောင်လျက်... လေထဲသို့ မြှောက်တင်လိုက်၏။
ဧကရာဇ်စေတီတော်သည် လည်ပတ်သွားပြီး... အဆုံးမဲ့ မြင့်မြတ်သည့် ဥပဒေသချည်နှောင်ခြင်းများ ကျဆင်းလာကာ... သူ၏ကိုယ်ခန္ဓာအား လုံခြုံစွာ ကာကွယ်ပေးလိုက်၏။ ထို့နောက်... မရေမတွက်နိုင်သော ဥပဒေသကြိုးမျှင်များသည်... ဥပဒေသနဂါးရှည်ကြီးများအဖြစ် ပြောင်းလဲသွားပြီး... ဓားအလင်းတန်းပင်လယ်ဆီသို့ ပြင်းထန်စွာ တိုးဝင်သွားကြလေသည်။
နောက်ထပ် ရှေးဟောင်းထျန်းကျွင်းတစ်ပါးမှာလည်း " အင်မော်တယ်တွေက ကမ္ဘာနှစ်ခုကို ခွဲခြားတယ်... ငါ စကြာဝဠာကို ပိုင်းဖြတ်မယ် " ဟု ကြွေးကြော်ကာ... ဧကရာဇ်လှံရှည်ကြီးကို ကိုင်ဆောင်၍... ရှေ့သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ကမ္ဘာကြီးတစ်ခုလုံးကို ထက်ပိုင်းခွဲလိုက်သကဲ့သို့... အဆုံးမဲ့သော လှံအလင်းတန်းကြီး ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုထျန်းကျွင်းနှစ်ပါးသာမက... ကျန်ရှိသော ထျန်းကျွင်းငါးပါးသည်လည်း... သူတို့၏ နည်းစနစ်များကို ထုတ်ဖော်ကာ... ကုချန်ကို ပူးပေါင်းခုခံကြတော့သည်။
ရှေးဟောင်းထျန်းကျွင်းခုနစ်ပါး ပြိုင်တူတိုက်ခိုက်သည့် မြင်ကွင်းမှာ သာမန်မဟုတ်ချေ။ ဤအခိုက်အတန့်တွင် အဆုံးမဲ့လေဟာနယ်ကြီး ပြိုကွဲသွားကာ ဟွမ်သွမ့်ချီများသည် အရာအားလုံးကို လွှမ်းခြုံသွား၏။
ကမ္ဘာကြီးကို ဖျက်ဆီးကာ... အသစ်ပြန်လည် စတင်တော့မည့်အလား... အဆုံးမဲ့သော တာအိုဥပဒေသများ... ပေါက်ကွဲထွက်ပေါ်လာကြ၏။ ထျန်းကျွင်းတစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းသည်... အရှင်သခင်အဆင့်ထက် များစွာသာလွန်သည်ဖြစ်ရာ... ထျန်းကျွင်းခုနစ်ပါး ပူးပေါင်းတိုက်ခိုက်မှုမှာ ဆိုဖွယ်ရာ မရှိပေ။
ဤမြင်ကွင်းကို ရင်ဆိုင်ရချိန်တွင်... ကုချန်၏ မျက်နှာထားမှာ... ပုံမှန်အတိုင်းပင် တည်ငြိမ်နေ၏။
ထျန်းကျွင်းခုနစ်ပါး ပေါင်းစည်းခြင်းတဲ့လား.....
ယခု သူ၏မျက်လုံးထဲတွင်... အစစ်အမှန်အင်မော်တယ် ခုနစ်ပါး ပေါင်းစည်းလျှင်ပင် မည်သို့မျှ နေမည်မဟုတ်ပါ... ထျန်းကျွင်းခုနစ်ပါးဆိုလျှင် ပြောနေစရာ ပင်လိုမည်မဟုတ်ပေ။
" အလကား သက်သက် ရုန်းကန်နေတာပဲ "
ကုချန်သည် လျစ်လျူရှုစွာဖြင့် တီးတိုးရေရွတ်လိုက်လေသည်။
" ချွင်! "
နောက်ဆုံးတွင်... ကောင်းကင်ကို လွှမ်းခြုံထားသော ဓားအလင်းတန်းမြစ်ကြီးသည်... အရှင်သခင်ခုနစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး... ကောင်းကင်နှင့်မြေကြီး လောင်ကျွမ်းသွားသကဲ့သို့... ကြောက်မက်ဖွယ်ရာ ဟိန်းသံကြီး ထွက်ပေါ်လာ၏။
ထိုအခိုက်အတန့်တွင်... ကောင်းကင်နှင့်မြေကြီးမှာ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး... အဆုံးမဲ့သော အင်မော်တယ်အလင်းတန်းများ ပေါက်ကွဲထွက်လာကာ... မရေမတွက်နိုင်သော မဟာတာအိုသင်္ကေတများ... ပွင့်လန်းလာခဲ့သည်။ ကမ္ဘာကြီးသည်... ဤမျှပြင်းထန်သော တိုက်မိမှုကို မခံနိုင်တော့ဘဲ... အပျက်အစီးများအဖြစ် ပြန်လည်ရောက်ရှိသွားတော့မည့်အလား... မှုန်ဝါးသွားခဲ့သည်။
" ဘုန်း! "
ရုတ်တရက် အသံအစ်အစ်တစ်သံ ထွက်ပေါ်လာ၏။
ဧကရာဇ်လှံရှည်ကို ကိုင်ဆောင်ထားသော... ရှေးဟောင်းထျန်းကျွင်းသည် နောက်သို့... ပြင်းထန်စွာ လွင့်စင်သွား၏။ သူ၏ ဧကရာဇ်လှံရှည်ကြီးမှာ သေသပ်လွန်းစွာ ထက်ပိုင်းကျိုးသွားသည်မှာ... ဓားအလင်းတန်းမှ တိတိကျကျ ပိုင်းဖြတ်လိုက်သကဲ့သို့ပင်။
လှံရှည်နှင့်အတူ ထိုရှေးဟောင်းထျန်းကျွင်း၏ ခန္ဓာကိုယ်သည်လည်း... နာကျင်စွာ အော်ဟစ်သံများနှင့်အတူ နှစ်ပိုင်းပြတ်ကာ... ထျန်းကျွင်း၏သွေးများ ဖျန်းပက်လျက်... လွင့်စင်သွားတော့သည်။
" အား! "
နောက်ထပ် နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ ဧကရာဇ်စေတီကို ဆင့်ခေါ်ခဲ့သော ထျန်းကျွင်းသည်လည်း... နောက်သို့ လွင့်စင်သွားခြင်း ဖြစ်၏။ သူ၏ဧကရာဇ်စေတီမှာ... အပိုင်းအစပေါင်းများစွာ ကွဲကြေသွားပြီဖြစ်ကာ... သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဓားဒဏ်ရာများ ပြည့်နှက်နေပြီး... အချိန်မရွေး ကြေမွသွားတော့မည့်ပုံ ပေါက်နေသည်။ သွေးများ ပက်ဖျန်းလျက်... အသံအစ်အစ်များ ဆက်တိုက်ထွက်ပေါ်လာကာ... ထျန်းကျွင်းအားလုံး နောက်သို့ လွင့်စင်ကုန်ကြလေသည်။
သူတို့၏ ခန္ဓာကိုယ်တစ်ခုစီတိုင်းတွင်... ကြောက်မက်ဖွယ်ရာ ဓားရာများ ဖုံးလွှမ်းနေပြီး... အရိုးဖြူများကိုပင် မြင်နေရလောက်အောင်... ဆိုးရွားစွာ ဒဏ်ရာရရှိထားကြ၏။ ဓားတစ်ချက်... ဓားတစ်ချက်တည်းဖြင့်ပင် ထျန်းကျွင်းခုနစ်ပါးလုံး ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ပြီး... သူတို့၏ ဧကရာဇ်လက်နက်များမှာလည်း ကွဲကြေပျက်စီးသွားခဲ့ရသည်။
" အဟွတ် အဟွတ်... မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး..... "
ထျန်းကျွင်းတစ်ပါးသည်... ပါးစပ်ထောင့်မှ သွေးများကို သုတ်လျက်... စိတ်ထိန်းနိုင်စွမ်း ကင်းမဲ့သွားကာ... မယုံနိုင်စွာ ရေရွတ်လိုက်၏။ သူ၏ရင်ထဲတွင်... ဖော်ပြ၍မရနိုင်သော ရှုံးနိမ့်မှုနှင့် တုန်လှုပ်မှုတို့... ပြည့်နှက်နေလေသည်။
ထျန်းကျွင်းခုနစ်ပါး ပူးပေါင်းတာတောင် ကုချန်ရဲ့ဓားတစ်ချက်ကို မယှဉ်နိုင်ဘူးတဲ့လား။ ဒီလူက ဘယ်လောက်တောင် ကြောက်စရာကောင်းနေတာလဲ။
" ကုချန်... မင်း ဘာလိုချင်တာလဲ... အားလုံးကို ဆွေးနွေးလို့ရပါတယ် "
" ဟုတ်တယ်... ငါတို့နဲ့ မင်းကြားမှာ သေကြေပျက်စီးရလောက်တဲ့ ရန်ငြိုးရန်စမှ မရှိတာ... ဒီမှာ အင်မော်တယ်ဒြပ်စင်တွေ အများကြီး ရှိတယ်... မင်း လိုချင်ရင် ယူသွားလိုက်ပါ "
" မင်း သိချင်တာ ဘာမဆို မေးပါ...ငါတို့ အကုန် ပြောပြပါ့မယ် "
ဤအချိန်တွင်... ထျန်းကျွင်းအချို့သည် ပြိုင်တူပြောဆိုလာကြပြီး... ကုချန်အား 'မိတ်ဝတ်မပျက်' ဆက်ဆံလာကြသည်။ သူတို့ တကယ် ကြောက်လန့်နေကြပြီဖြစ်သည်။
ထျန်းကျွင်းခုနစ်ပါး ပေါင်းစည်းထားသည်တောင်... ကုချန်၏ဓားတစ်ချက်ကို မယှဉ်နိုင်ပေ။ အကယ်၍... ဆက်တိုက်ခိုက်နေပါက သေခြင်းတရားသာ စောင့်ကြိုနေမည်ဖြစ်ကြောင်း... သူတို့ သိထားကြသည်။
ထို့ကြောင့်... အသက်ရှင်ရန်အတွက် ကုချန်အား ရန်သူမှ မိတ်ဆွေအဖြစ် ပြောင်းလဲရန်... ကြိုးပမ်းကြခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ... ဤရှေးဟောင်းထျန်းကျွင်းများသည် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့ကြသူများဖြစ်ရာ... ဤနေရာတွင် အချည်းနှီး သေဆုံးသွားလိုခြင်း မရှိကြပေ။
အသက်ချမ်းသာပေးရန် တောင်းဆိုနေကြသည်လော။ ထျန်းကျွင်းများ၏ ပျော့ပျောင်းသွားသော အသံများကို နားထောင်ရင်း ကုချန်သည် မထီမဲ့မြင် ပြုံးလိုက်၏။
လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းတွင်... ဤအဘိုးကြီးများသည် အထက်စီးတွင် နေလျက်... သက်ရှိအားလုံးကို ကြည့်ရှုနေသော စစ်တုရင်ကစားသမားများအဖြစ်... ကိုယ့်ကိုယ်ကိုယ် မှတ်ယူကာ ကုချန်ကို ပူးပေါင်းကြံစည်ခဲ့ကြစဉ်က... ဤနေ့ရက်မျိုး ရောက်လာမည်ဟု တွေးဖူးခဲ့ကြသလော။ ယခုမှ အသက်ချမ်းသာပေးရန် တောင်းဆိုနေကြခြင်းမှာ... နောက်ကျသွားလေပြီ။
" ငါကိုယ်တော်က မင်းတို့ကို သေစေချင်ရုံ သက်သက်ပဲ "
ကုချန်သည် လျစ်လျူရှုစွာ ပြောကြားလိုက်၏။
ထျန်းကျွင်းများ၏ မျှော်လင့်ချက်မဲ့နေသော အကြည့်များအောက်တွင်... သူသည် အဆုံးမဲ့ဓားကို နောက်တစ်ကြိမ် ထပ်မံ မြှောက်လိုက်ကာ... အဝေးမှနေ၍ နောက်ထပ် ဓားတစ်ချက် ခုတ်ပိုင်းလိုက်လေသည်။ ခမ်းနားထည်ဝါလှသော ဓားအလင်းတန်းသည်... ကောင်းကင်နှင့် နေမင်းကို လွှမ်းမိုးသွားကာ... ပြိုင်ဘက်ကင်းလှပေသည်။
ထိုဓားအလင်းတန်းသည် ကောင်းကင်ကို လင်းလက်စေသကဲ့သို့... ထိုရှေးဟောင်းထျန်းကျွင်းများ၏ ဖြူဖပ်ဖြူရော် မျက်နှာများကိုလည်း... လင်းထိန်သွားစေခဲ့သည်။
" ကုချန်... မင်း တကယ်ပဲ ငါတို့အားလုံးကို အပြတ်ရှင်းပစ်ဖို့... ရည်ရွယ်ထားတာလား "
ကုချန်သည် သနားညှာတာမှုမရှိဘဲ... ထပ်မံတိုက်ခိုက်လာသည်ကို မြင်လိုက်ရသောအခါ... ထျန်းကျွင်းတစ်ပါးသည် မျှော်လင့်ချက်မဲ့စွာဖြင့်... နာကျင်စွာ အော်ဟစ်လိုက်လေသည်။
" အပြတ်ရှင်းပစ်မယ် "
ကုချန်သည် တည်ငြိမ်စွာဖြင့် တီးတိုး ရေရွတ်လိုက်၏။
" မင်းတို့လို ပုရွက်ဆိတ်တွေကို ရှင်းလင်းတာက... သာမန်ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံပါပဲ... အပြတ်ရှင်းထုတ်တယ်လို့ မသတ်မှတ်ပါဘူး "
" ချွင်! "
ဓားအလင်းတန်း ကျဆင်းလာရာ... ရှေးဟောင်းထျန်းကျွင်းတစ်ပါးအား... ဦးစွာ ထိမှန်သွားလေ၏။ ဤတစ်ကြိမ်တွင် ကာကွယ်ပေးမည့် ဧကရာဇ်လက်နက် မရှိတော့သဖြင့်... ထိုရှေးဟောင်းထျန်းကျွင်း၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ပြိုကွဲကြေမွသွားပြီး... ပြိုင်ဘက်ကင်း ဓားအလင်းတန်းအောက်တွင် လုံးဝဥဿုံ ပျက်စီးသွားလေတော့သည်။
အခန်း (၂၅၄) - ထျန်းကျွင်းတွေ သိုင်းကွက်ပြနေတာလား၊ အရှင်သခင် ၇ ပါးလုံး သေဆုံးသွားခြင်း
ထိုထျန်းကျွင်း၏ခန္ဓာကိုယ်... ပြိုကွဲပျက်စီးသွားသည်ကို မြင်လိုက်ရသောအခါ... ကျန်ရှိနေသော ထျန်းကျွင်းများမှာ... မျှော်လင့်ချက် ကုန်ဆုံးသွားကြသည်။
ကုချန်သည် သူတို့အား လွှတ်ပေးရန် ဆန္ဒမရှိကြောင်း... မည်သို့ပင်ပြောပါစေ အချည်းနှီးဖြစ်ကြောင်း... သူတို့ သိလိုက်ကြသည်။ တစ်ဖက်လူက သူတို့အားလုံးကို အပြတ်ရှင်းရန် လာခြင်းဖြစ်သည်။
" တာအိုရဲဘော် ရှောင်ယောက်ထျန်းကျွင်း ဘယ်ရောက်နေလဲ... သက်တမ်းရှည်နန်းတော်ကြီး ပျက်စီးတော့မယ်... သူ မထွက်လာသေးဘူးလား "
" သက်တမ်းရှည်နန်းတော်မှာ... ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှုကြီးဖြစ်နေတာကို သူ ဘယ်လိုလုပ် မသိဘဲနေမလဲ... ကြောက်လွန်းလို့ ပုန်းနေပြီး ထွက်မလာရဲတာ နေမှာပေါ့ "
ထျန်းကျွင်းအချို့သည် တုန်လှုပ်ဒေါသထွက်ကာ သဲကြီးမဲကြီး ထွက်ပြေးနေကြ၏။
ယခုအခါ... ထျန်းကျွင်းများသည် ကုချန်၏ပြိုင်ဘက်... မဟုတ်တော့ပေ။ ရှောင်ယောက်ထျန်းကျွင်းသည်သာ... သူတို့၏ တစ်ခုတည်းသော... မျှော်လင့်ချက်ဖြစ်သည်။
သို့သော် ယခုထိ ရှောင်ယောက်ထျန်းကျွင်း ပေါ်မလာသေးပေ။ ထို့ကြောင့် သူ ကုချန်ကို ကြောက်ပြီး မထွက်ရဲခြင်းဖြစ်မည်ဟု ထျန်းကျွင်းများ သံသယဝင်လာကြတော့သည်။
ရှေးဟောင်းထျန်းကျွင်းများ၏ စိတ်ထဲတွင်... ရှောင်ယောက်ထျန်းကျွင်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးသော်လည်း... သူတို့ကဲ့သို့ပင် ထျန်းကျွင်းအဆင့်သာ ရှိသေးသည်။
ကုချန်၏ စွမ်းအားကမူ ထျန်းကျွင်းအားလုံးကို တုန်လှုပ်စေ၏။
ရှောင်ယောက်ထျန်းကျွင်း ကိုယ်တိုင်လာလျှင်တောင် ပြိုင်ဘက် ဖြစ်လောက်မည် မဟုတ်ပေ။
... ... ... ...
သက်တမ်းရှည်နန်းတော် အနီးတစ်ဝိုက်တွင်.....
လုကျားနှင့် လုယီတို့သည် လျင်မြန်စွာ ရှေ့သို့ တိုးလာနေကြ၏။
" အစ်ကိုကြီး... သက်တမ်းရှည်နန်းတော် ရှိတဲ့နေရာကို... ရောက်တော့မယ်ထင်တယ် "
လုယီသည် အာရုံခံကြည့်လိုက်ကာ စိတ်လှုပ်ရှားစွာ ပြောဆို၏။
" အင်း "
လုကျားသည် ခေါင်းညိတ်ပြီး သတိပေးစကားဆိုသည်။
" တာဝန်မပြီးမချင်း မပေါ့ဆနဲ့ စိတ်မလျှော့နဲ့ဦး "
" သိပါတယ် "
လုယီသည် ခေါင်းညိတ်လိုက်သော်လည်း မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ပေ။
ရှောင်ယောက်ထျန်းကျွင်း ပြောစကားအရ... သက်တမ်းရှည်နန်းတော်ရောက်သည်နှင့် ထျန်းကျွင်းအဆင့် တက်လှမ်းနိုင်မည်ဖြစ်ပြီး... အင်မော်တယ်သက်တမ်းကို ရရှိမည်ဖြစ်သည်။
အင်မော်တယ်အိပ်မက်မှာ လက်တစ်ကမ်းမှာရှိနေရာ... လုယီ မည်သို့ စိတ်မလှုပ်ရှားဘဲ... နေနိုင်မည်နည်း။
သို့သော်... ညီအစ်ကိုနှစ်ဦး မျှော်လင့်ချက်ဖြင့် ခရီးနှင်နေစဉ်မှာပင်... ဟွမ်သွမ့်ချီ အဆုံးမှ ပေါက်ကွဲထွက်ပေါ်လာသကဲ့သို့... ပြိုင်ဘက်ကင်း ဓားအလင်းတန်းတစ်ခုမှာ သူတို့အား... လန့်ဖျပ်သွားစေခဲ့သည်။
" ဒီ ဓားအလင်းတန်းက..... "
လုယီသည် အရှေ့သို့ ကြောင်ငေးကြည့်နေမိသည်။ အဆုံးမဲ့ ဟွမ်သွမ့်ချီများကို ဖြတ်ကျော်ကာ... ကောင်းကင်သို့ ထိုးတက်နေသော ခမ်းနားကြီးကျယ်သည့် ဓားအလင်းတန်းကြီးမှ... အရပ်မျက်နှာအနှံ့ ဖျက်ဆီးပစ်နေသည်ကို... ဝေဝါးဝါး ခံစားနေရသည်။
သို့တိုင်အောင်... ထိုဓားအလင်းတန်းမှ ထွက်ပေါ်လာသော ပြိုင်ဘက်ကင်း အရှိန်အဝါကို... ခံစားမိကာ တုန်လှုပ်သွားရသည်။ သာမန်ဓားချက်တစ်ချက်ကပင်... သူ၏အသက်ကို နှုတ်ယူနိုင်ပြီး... ဝိညာဉ်ကွဲကြေသွားစေနိုင်သည်။
" ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား..... "
လုကျားလည်း တုန်လှုပ်နေလေ၏။
လုယီကဲ့သို့ပင်... သူလည်း ထိုဓားအလင်းတန်းမှ ကြီးမားသော စွမ်းအားကို... ခံစားမိ၏။
ထိုဓားအလင်းတန်းပင်လယ်ကြီး၏ ရှေ့မှောက်တွင်... သူတို့၏ ဂုဏ်ယူဝင့်ကြွားနေသော ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအဆင့်သည်... နဂါးစစ်နှင့် ရင်ဆိုင်နေရသော ပုရွက်ဆိတ်များကဲ့သို့... ရယ်စရာကောင်းနေသည်။
" ကြည့်ရတာ... အဲဒီနေရာက ရှောင်ယောက်ထျန်းကျွင်း ပြောတဲ့... သက်တမ်းရှည်နန်းတော် ရှိတဲ့နေရာ မဟုတ်လား "
လုယီမှာ တုန်လှုပ်နေလျက် မေးမြန်းလိုက်သည်။
ဓားအလင်းတန်း ပေါက်ကွဲထွက်ပေါ်နေသည့် နေရာသည်... ရှောင်ယောက်ထျန်းကျွင်း ပေးထားသော ဟွမ်သွမ့်ပင်လယ် တည်နေရာနှင့် ကိုက်ညီနေသည်ကို... သူ ခံစားမိသောကြောင့် ဖြစ်သည်။ ထိုနေရာသည် သက်တမ်းရှည်နန်းတော် တည်ရှိရာပင်။
" သက်တမ်းရှည်နန်းတော်ထဲက ထျန်းကျွင်းတွေ... အဆင့်မြင့် နက်နဲတဲ့ သိုင်းပညာတွေ... လေ့ကျင့်နေကြတာများလား "
လုကျားသည်လည်း ဝင်၍ ခန့်မှန်းလိုက်၏။
ဒီအချက်ကလွဲပြီး အခြားအကြောင်းပြချက် မစဉ်းစားတတ်တော့ပေ။
ထျန်းကျွင်းအဆင့်မှာ တကယ်ပင် ဤမျှ အစွမ်းထက်သလော။ သူတို့နှင့် တစ်ဆင့်သာ ကွာခြားသော်လည်း ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားနေသည်။
" နန်းတော်ထဲက ထျန်းကျွင်းတွေက ငါတို့ ရောက်တော့မယ်ဆိုတာ သိလို့ ထျန်းကျွင်းစွမ်းအား ဘယ်လောက်ရှိလဲဆိုတာ ပြချင်လို့ တမင် သိုင်းကွက် ထုတ်ပြနေကြတာများလား "
လုယီသည် စိတ်လှုပ်ရှားစွာဖြင့် ထပ်မံခန့်မှန်းလိုက်၏။
ထျန်းကျွင်းများ စွမ်းအားကြီးလေ သူ ဝမ်းသာလေဖြစ်သည်။ မကြာမီ သူလည်း ထိုကဲ့သို့ စွမ်းအားကို ပိုင်ဆိုင်ရတော့မည် မဟုတ်ပါလော။
" မြန်မြန်သွားကြစို့ "
ပုံမှန် တည်ငြိမ်နေတတ်သော လုကျားသည်လည်း... ဂဏှာမငြိမ်ဖြစ်လာပြီး ခြေလှမ်းကျဲများ လှမ်းကာ... သက်တမ်းရှည်နန်းတော်သို့ အမြန်ရောက်ချင်နေလေ၏။
ညီအစ်ကိုနှစ်ဦး အလျင်အမြန် သွားလိုက်ကြရာ... မကြာမီ သက်တမ်းရှည်နန်းတော် တည်ရှိရာသို့... ရောက်ရှိသွားကြတော့သည်။
သို့သော်... သူတို့မြင်လိုက်ရသည်မှာ ထျန်းကျွင်းများ သိုင်းကွက်ပြနေသည့် မြင်ကွင်းမဟုတ်ဘဲ.... နားမလည်နိုင်လောက်အောင် ကြောင်အသွားစေသော မြင်ကွင်းတစ်ခုဖြစ်နေခဲ့သည်။
ပင်လယ်ကဲ့သို့သော ဓားအလင်းတန်းများ ကောင်းကင်မှ ဖိချနေ၏။
အဆုံးမဲ့ ဓားပင်လယ်အောက်တွင်... လုကျားညီအစ်ကိုကို တုန်လှုပ်စေသော အရှိန်အဝါရှိသည့်... ရှေးဟောင်းအရှင်သခင် ခြောက်ပါးသည် သဲကြီးမဲကြီး ထွက်ပြေးနေကြ၏။
ကျယ်ပြောသော ကောင်းကင်ယံထက်တွင် ပုံရိပ်တစ်ခုသည် အင်မော်တယ်ဓားကို ကိုင်ဆောင်လျက် တိတ်ဆိတ်စွာ ရပ်နေလေသည်။
ဤအဆုံးမဲ့ ဓားပင်လယ်ကြီးကို ထိုပုဂ္ဂိုလ်က ထုတ်ဖော်လိုက်ပုံရ၏။
လုကျားညီအစ်ကိုကို ပို၍ အံ့အားသင့်စေသည်မှာ... ထိုဓားပင်လယ်ကို ထုတ်လွှတ်လိုက်သော သူကို... သူတို့ မြင်ဖူးနေခြင်းပင် ဖြစ်သည်။
ဟွမ်သွမ့်ပင်လယ်ကို ဖြတ်သန်းစဉ်က သူတို့နှင့် 'မတော်တဆ ဆုံတွေ့' ခဲ့သော သူ မဟုတ်ပါလော။
" ဒါ... ငါတို့ ခုနက တွေ့ခဲ့တဲ့လူ... သူက သက်တမ်းရှည်နန်းတော်က ထျန်းကျွင်းတစ်ပါးများလား "
လုယီသည် ကြောင်တောင်တောင်ဖြင့် ခန့်မှန်းလိုက်၏။
" သက်တမ်းရှည်နန်းတော်က ထျန်းကျွင်းတစ်ပါးလား..... "
လုကျားသည်လည်း တွေဝေစွာ ရေရွတ်လိုက်၏။ ထိုလူ ထုတ်လွှတ်လိုက်သော ဓားအလင်းတန်းသည်... အစွမ်းထက်သော ပုဂ္ဂိုလ်ခြောက်ဦးအပေါ်သာ ကျရောက်နေသည် မဟုတ်ဘဲ... အောက်ဘက်ရှိ ဟွမ်သွမ့်ရေကန်ကိုပါ လွှမ်းခြုံထားသည်ကို... သူမြင်လိုက်ရသည်။
ထို ဟွမ်သွမ့်ရေကန်သည် သက်တမ်းရှည်နန်းတော် တည်ရှိရာနေရာ မဟုတ်ပါလော။
အကယ်၍... ထိုလူသည် သက်တမ်းရှည်နန်းတော်မှ ထျန်းကျွင်းတစ်ပါးဆိုလျှင်... ဘာကြောင့် ကိုယ့်နေရာကို ဖျက်ဆီးမည့် ပုံစံ... ရှိနေရသနည်း။
ပြီးတော့ ထွက်ပြေးနေကြတဲ့ အစွမ်းထက်ပုဂ္ဂိုလ် ခြောက်ဦးကရော ဘယ်သူတွေလဲ။
လုကျားမှာ လုံးဝ နားမလည်နိုင် ဖြစ်သွားရသည်။
အခြားတစ်ဖက်တွင်မူ... လုကျားနှင့် လုယီ မရောက်လာမီကပင် ကုချန်သည်... သူတို့ ရောက်နေကြောင်း သိရှိထားပြီးဖြစ်သည်။
လမ်းခရီးတွင် တွေ့ခဲ့ဖူးသော လျှို့ဝှက်ဆန်းကြယ်သည့် လူနှစ်ယောက် မဟုတ်ပါလော။
ကုချန်သည် အနည်းငယ် အံ့သြသွားသော်လည်း ဂရုမစိုက်တော့ပေ။
သူ၏အမြင်တွင်... ဤလူနှစ်ယောက်သည် ဤနေရာမှ တုန်ခါမှုကြီးကြောင့်... မတော်တဆ ရောက်လာခြင်း ဖြစ်မည်ဟု ယူဆ၏။ အရှင်သခင် အဆင့် ပေါက်စ နှစ်ယောက်သာ ဖြစ်သဖြင့်... ပြဿနာ မရှာနိုင်သောကြောင့် ကုချန်မှာ... အရေးမလုပ်ခြင်း ဖြစ်သည်။
" အား... ကုချန်... ရှောင်ယောက်ထျန်းကျွင်းက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး "
နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး နောက်ထပ် ထျန်းကျွင်းတစ်ပါး ဓားပင်လယ်အောက်တွင် သေဆုံးသွားလေသည်။ မသေခင်တွင် ကျိန်ဆဲအော်ဟစ်သွားကာ အသံထဲတွင်လည်း အာဃာတများ ပြည့်နှက်နေ၏။
" သက်တမ်းရှည်နန်းတော်... ရှေးဟောင်းအရှင်သခင်တွေရဲ့ နေရာက ဒီနေ့တော့ အကုန် ပျက်စီးရတော့မယ်... ဟာသပဲ တကယ့် ဟာသပဲကွာ "
နောက်ထပ် ထျန်းကျွင်းတစ်ပါးမှာ နာကျင်စွာ အော်ဟစ်ရင်း သေဆုံးသွားပြန်သည်။
" ငါအရှင်က... သက်တမ်းရှည်နန်းတော်က ထျန်းကျွင်းကွ သက်တမ်းရှည်ထျန်းကျွင်း... ငါ မကျေနပ်ဘူး... ငါ လုံးဝ မကျေနပ်ဘူး "
တတိယမြောက် ထျန်းကျွင်းတစ်ပါးသည်လည်း ဓားပင်လယ်ထဲတွင် ပျက်စီးသွားပြန်၏။
မျက်စိတစ်မှိတ်အတွင်း ထျန်းကျွင်း သုံးပါးသာ အသက်ရှင် ကျန်ရစ်တော့သည်။
ဤအချိန်တွင် ကုချန်သည် လက်လှမ်းလိုက်ကာ... ဓားပင်လယ်ကြီးမှ ကျန်ရှိနေသော ထျန်းကျွင်းသုံးပါးကို လုံးဝ မဖျက်ဆီးမီ... သူတို့၏ လက်ကျန်ဝိညာဉ်များကို လက်ဝါးအတွင်းသို့ ဖမ်းယူလိုက်ပြီး... ချက်ချင်း သန့်စင်လိုက်၏။ ထို့နောက်... ဘေးလူမရှိသကဲ့သို့ပင် သူတို့၏ဝိညာဉ်များကို မွှေနှောက်ကာ... မှတ်ဉာဏ်များကို ဖတ်ရှုလိုက်လေသည်။
အနီးနားတွင် ရှိနေသော လုကျားနှင့် လုယီ ညီအစ်ကိုမှာမူ... မသေခင် အော်ဟစ်သွားသော ထျန်းကျွင်းများ၏ အသံများကြောင့်... ကြက်သေသေနေကြပြီ ဖြစ်သည်။
ခုနက အသတ်ခံလိုက်ရတဲ့ ပုဂ္ဂိုလ်ခြောက်ဦးက သက်တမ်းရှည်နန်းတော်က ထျန်းကျွင်းတွေလား။
သက်တမ်းရှည်နန်းတော်ကြီးက... ပျက်စီးသွားပြီလား!?