အခန်း (၂၅၅-၂၅၆)
Vol. 19 Ch. 255-256
အခန်း (၂၅၅) - အမှန်တရား၏ တစ်စိတ်တစ်ပိုင်း၊ ဖြတ်သွားဖြတ်လာ သက်သက်ပါ၊ ကံကောင်းခြင်း
လုညီအစ်ကိုနှစ်ယောက်သည် ကြောင်အသွားကြ၏။
တကယ်တမ်းပြောရလျှင်... ဤသို့သော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု... သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
ခုနလေးတင်ကမှ ညီအစ်ကိုနှစ်ယောက်သည် ဒဏ္ဍာရီလာ သက်တမ်းရှည်နန်းတော်သို့ ရောက်ရှိတော့မည်... သက်တမ်းရှည်ခြင်းတာအိုကို ခံစားစံစားပြီး ကျယ်ပြောလှသော ကမ္ဘာကြီးကို ငုံ့ကြည့်နိုင်တော့မည်ဟု ယုံကြည်ကာ... မျှော်လင့်ချက်များ၊ လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်... သူတို့၏ မျှော်လင့်ချက်နှင့် လေးစားမှုများ ထားရှိရာ ဤအထွတ်အထိပ်နေရာသည်... ယခုအခါ ရက်ရက်စက်စက် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
သူတို့၏စိတ်ထဲတွင်... နက်နဲခက်ခဲသည်ဟု ထင်မှတ်ထားခဲ့သော သက်တမ်းရှည်ထျန်းကျွင်းများသည်... အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ရှေ့တွင်... ကြက်ကလေး၊ ခွေးကလေးများသဖွယ် ကျိုးပဲ့လွယ်ပြီး... တိုက်ခိုက်မှု တစ်ကြိမ်၊ နှစ်ကြိမ်မျှဖြင့် အားလုံး အသတ်ခံလိုက်ရသည်။
အကန့်အသတ်မဲ့ဓားပင်လယ် ဆိုသည်မှာလည်း... ထျန်းကျွင်းတစ်ပါးပါး၏ သိုင်းကွက် မဟုတ်ဘဲ.... ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်က သက်တမ်းရှည်နန်းတော်ကို ဖျက်ဆီးရန် ထုတ်ဖော်လိုက်သည့်... ဓားအလင်းတန်းမျှသာ ဖြစ်နေခဲ့သည်။
" သက်တမ်းရှည်နန်းတော်တော့ သွားပြီ..... "
လုယီသည် မျှော်လင့်ချက်မဲ့ကာ... မယုံကြည်နိုင်သော မျက်နှာထားဖြင့်... တီးတိုးရေရွတ်လိုက်၏။
အကောင်းပကတိ ရှိနေခဲ့သော သက်တမ်းရှည်နန်းတော်သည် သူတို့ညီအစ်ကိုနှစ်ယောက် ဝင်ပင်မဝင်ရောက်ရသေးမီ ပျက်စီးသွားခဲ့လေပြီ။
သူတို့ မည်သူ့ကို သွား၍ တိုင်တောရပါမည်နည်း။
သို့သော်... ကနဦး ထိတ်လန့်တုန်လှုပ်မှုများ ပြီးသွားသောအခါ... အစ်ကိုကြီးဖြစ်သူ လုကျား၏ မျက်နှာတွင် စိတ်သက်သာရာရသည့် အရိပ်အယောင်တစ်ခု... ပေါ်လာလေသည်။
ကံကောင်းထောက်မစွာဖြင့်... သူတို့သည် ခရီးသိပ်မနှင်ခဲ့ကြသဖြင့် ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ထက်စောပြီး... သက်တမ်းရှည်နန်းတော်သို့ မရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။
သို့မဟုတ်ပါက... သူတို့ပါ ဤသက်တမ်းရှည်ထျန်းကျွင်းများနှင့်အတူ... ရက်ရက်စက်စက် အသတ်ခံလိုက်ရမည် မဟုတ်ပါလော။
ထိုသို့သာ ဖြစ်ခဲ့လျှင် တကယ်ကို နစ်နာလွန်းလှ၏။ မည်သူ့ကိုမျှ တိုင်တော၍ ရမည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် လုကျားသည် နောက်ဆုတ်ချင်စိတ်များ ပြင်းပြလာ၏။
သူသည် ဤနေရာတွင် ဆက်မနေလိုတော့ပေ။ အစိမ်းရောင်ဝတ်ရုံနှင့် ထိုပုဂ္ဂိုလ်သည် စိတ်ထဖောက်ပြီး သူတို့ညီအစ်ကိုနှစ်ယောက်ကိုပါ သတ်ပစ်လိုက်နိုင်သည်။
ဤလူသည်... ထျန်းကျွင်းများကို ကြက်ကလေးများသဖွယ် သတ်ဖြတ်ခဲ့သည်ဖြစ်ရာ... သူတို့နှစ်ယောက်ကို သတ်ဖြတ်ခြင်းမှာ... လမ်းဘေးမှ ပုရွက်ဆိတ်များကို ခြေမွှသတ်လိုက်သကဲ့သို့... လွယ်ကူနေပေလိမ့်မည်။
သို့သော်.....
ကုချန်သည် မျက်လုံးများကို အနည်းငယ်မှိတ်လျက်... ထျန်းကျွင်းသုံးပါး၏ မှတ်ဉာဏ်များကို ရှာဖွေနေသည်ကို... လှမ်းမြင်လိုက်ရသည်။ သူ၏ဘေးရှိ အရှိန်အဝါများ ထုတ်လွှတ်နေသော အကန့်အသတ်မဲ့ဓားသည်... ရည်ရွယ်ချက်ဖြင့်လား၊ တိုက်ဆိုင်ခြင်းလား မသိသော်လည်း... ဓားအဖျားမှာ သူတို့ရှိရာဘက်သို့ ဦးတည်နေသဖြင့်... လုကျား၏ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး မလှုပ်ရဲတော့ပေ။
ကျွတ်... ငါ ဘာလို့ ဒီကို လာခဲ့မိတာပါလိမ့်။
လုညီအစ်ကိုများမှာ ဗျာများနေရတော့သည်။
ဤသို့ ဖြစ်လာမည်မှန်းသာ ကြိုသိခဲ့လျှင်... သူတို့သည် အသတ်ခံရမည်ဆိုလျှင်တောင်... လာရောက် စပ်စုရဲကြမည် မဟုတ်ပေ။
...
လုညီအစ်ကိုများမှာ... နေရထိုင်ရ ခက်နေသော်လည်း... ကုချန်ကမူ သူတို့ကို အာရုံမစိုက်ပေ။ ပြောရလျှင်... သူသည် ဤ အရှင်သခင် အသေးစားလေး နှစ်ယောက်၏တုံ့ပြန်မှုကို... လုံးဝ ဂရုမစိုက်ခြင်းဖြစ်သည်။
ထိုအချိန်တွင် ကုချန်သည် ရှေးဟောင်းထျန်းကျွင်းသုံးပါး၏ မှတ်ဉာဏ်များကို ရှာဖွေနေခြင်းဖြစ်သည်။
သူတို့၏ မှတ်ဉာဏ်များမှတစ်ဆင့် အသုံးဝင်သော သတင်းအချက်အလက်များစွာကို ကုချန် သိရှိလိုက်ရသည်။
သူသည် ယခင်က မယ်ကူထျန်းကျွင်းထံမှ ရှောင်ယောက်ထျန်းကျွင်း ရှိနေကြောင်း သိခဲ့ရသည်။
ယခုအခါ... ဤထျန်းကျွင်းသုံးပါး၏ မှတ်ဉာဏ်များဖြင့် အတည်ပြုလိုက်နိုင်သည်မှာ... ရှောင်ယောက်ထျန်းကျွင်းသည် သက်တမ်းရှည်နန်းတော်ကို တည်ထောင်သူ အစစ်အမှန်ဖြစ်ပြီး... ရွှယ်ကျန်းနှင့် အစောဆုံး ပူးပေါင်းခဲ့သည့် အဆုံးမဲ့ကမ္ဘာ၏ ပထမဆုံး 'သစ္စာဖောက်' ဖြစ်ကြောင်းပင်။
နောက်ပိုင်းတွင်... သက်တမ်းရှည်နန်းတော်သို့ ဝင်ရောက်လာသူ အားလုံးနီးပါးကို သူကိုယ်တိုင် ရှာဖွေကာ... အကြံပြုရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းဝင်ရောက်လာသည့် သက်တမ်းရှည်ထျန်းကျွင်းများမှ... ရှောင်ယောက်ထျန်းကျွင်းကို အလွန်အမင်း လေးစားရသည့် အကြောင်းရင်းမှာ... သူသည် တည်ထောင်သူ ဖြစ်ခြင်းကြောင့်သာမက... အင်မော်တယ်ကမ္ဘာမှ ပေးသနားသော သက်တမ်းရှည်ပစ္စည်းများ အားလုံးသည် အခြားထျန်းကျွင်းများထံ မရောက်မီ... ရှောင်ယောက်ထျန်းကျွင်း၏ လက်သို့ ဦးစွာ ရောက်ရှိသောကြောင့် ဖြစ်သည်။
ဤသက်တမ်းရှည်ထျန်းကျွင်း အားလုံးသည် အသက်ဆက်ရှင်သန်နိုင်ရန် အင်မော်တယ်ကမ္ဘာမှ ပေးသနားသော သက်တမ်းရှည်ပစ္စည်းများကို မှီခိုနေရသည်။
ထိုပစ္စည်းများကို... ထိန်းချုပ်ထားသော လမ်းကြောင်းများအားလုံးမှာ... ရှောင်ယောက်ထျန်းကျွင်း၏ လက်ထဲတွင် ရှိနေသည်။ ရှောင်ယောက်ထျန်းကျွင်းသာ သဘောမကျပါက... သက်တမ်းရှည်ပစ္စည်းများကို မပေးဘဲ နေလိုက်ရုံဖြင့်... အခြားထျန်းကျွင်းများအား နာခံစေရန် လုံလောက်ပြီး... မည်သူမျှ သူ၏ဆန္ဒကို ဖီဆန်ရဲမည် မဟုတ်ပေ။
ဤသည်မှာ... သက်တမ်းရှည်နန်းတော်တစ်ခုလုံးတွင် ရှောင်ယောက်ထျန်းကျွင်း၏ အဆင့်အတန်း အလွန်မြင့်မားကာ... အထွတ်အထိပ် ရောက်နေရခြင်း၏ အကြောင်းရင်းမှန်ဖြစ်သည်။
ရှောင်ယောက်ထျန်းကျွင်း၏ အဆင့်အတန်းမှာ မြင့်မားသော်လည်း... သာမန်အချိန်များတွင် သက်တမ်းရှည်နန်းတော်၌ လူလုံးပြလေ့ မရှိဘဲ... အရေးကိစ္စကြီးများ ရှိမှသာ ဆင်းသက်လာတတ်သည်။
ထို့ကြောင့်... အခြားသူများမှာ နန်းတော်မှ ထျန်းကျွင်းများ ဖြစ်ကြသော်လည်း... ရှောင်ယောက်ထျန်းကျွင်း၏ တည်နေရာအတိအကျကို... မသိရှိကြပေ။
" နည်းနည်းတော့ ရှုပ်ထွေးသွားပြီ "
ဤနေရာအထိ မှတ်ဉာဏ်များကို ဖတ်ပြီးနောက် ကုချန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။
သူသည်... ထျန်းကျွင်း စုစုပေါင်း ခုနစ်ပါးကို သတ်ဖြတ်ခဲ့သော်လည်း... ရှောင်ယောက်ထျန်းကျွင်း ပါဝင်ခြင်း မရှိပေ။
သို့သော်... ဤနေရာတွင် ဖြစ်ပျက်သမျှကို ရှောင်ယောက်ထျန်းကျွင်း သိရှိမည်မှာ... သေချာကြောင်း ကုချန် သိသည်။ တစ်ဖက်လူ ပေါ်မလာခြင်းက... ကုချန်၏ပြိုင်ဘက် မဟုတ်မှန်း သိသဖြင့်... မထွက်ရဲကြောင်း သက်သေပြနေသည်။
ဤတစ်ကြိမ်တွင်... သတိပေးလိုက်သလို ဖြစ်သွားသဖြင့်... ရှောင်ယောက်ထျန်းကျွင်းကို ပြန်ရှာတွေ့ရန်... ခက်ခဲသွားပြီဖြစ်သည်။
ဟွမ်သွမ့်ပင်လယ်သည် အကန့်အသတ်မဲ့ ကျယ်ပြောလှရာ... ကုချန်၏ လက်ရှိ ဧကရာဇ်အဆင့် စွမ်းအားဖြင့်ပင် သက်ရှိတစ်ဦးကို လိုက်ရှာရန်မှာ... ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့ မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။
ခဏတာ တွေးတောပြီးနောက် ကုချန်၏မျက်နှာထားမှာ ပြန်လည် ပြေလျော့သွား၏။
လောလောဆယ်... ရှောင်ယောက်ထျန်းကျွင်းကို ရှာမတွေ့လျှင်လည်း... ကိစ္စမရှိပေ။ သူသည် သက်တမ်းရှည်နန်းတော်ကို ဖျက်ဆီးလိုက်ပြီဖြစ်ရာ... ရှောင်ယောက်ထျန်းကျွင်းသည် လမ်းဘေးခွေးတစ်ကောင်ထက်... မပိုတော့ပေ။ ဘာများ ကြောက်စရာ လိုသေးသနည်း။
" ရန်သူလာရင် ခုခံမယ်... အခြေအနေအရ ရင်ဆိုင်ဖြေရှင်းမယ် ဆိုတာထက်... မပိုပါဘူး "
ကုချန်သည် တည်ငြိမ်စွာ ရေရွတ်လိုက်ပြီး... လက်ချောင်းလေး တစ်ချက်ခါလိုက်ရာ... ထျန်းကျွင်းသုံးပါး၏ နောက်ဆုံးလက်ကျန် ဝိညာဉ်အစအနများမှာ... လုံးဝ ပျက်သုဉ်းသွားရတော့သည်။
ထိုကိစ္စများ ပြီးစီးသွားမှသာ... ကုချန်၏အကြည့်သည် မလှုပ်ရဲဘဲ ကျောက်ရုပ်သဖွယ် ဖြစ်နေသော... လုညီအစ်ကိုများထံ ရောက်ရှိလာကာ တည်ငြိမ်စွာ မေးမြန်းလိုက်လေသည်
" မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲ... ဒီမှာ ဘာလုပ်နေကြတာလဲ "
လာပါပြီ...နောက်ဆုံးတော့ ရောက်လာပါပြီ။
ကုချန်၏အကြည့် သူတို့အပေါ် ရောက်လာသည်နှင့် လုကျားနှင့် လုယီ၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွား၏။
ခဏအကြာတွင်... လုကျားသည် ကြောက်စိတ်ကို အတင်းမြိုသိပ်ကာ... မျက်နှာတွင် အပြုံးတစ်ခုကို အတင်းဖျစ်ညှစ်ဆင်မြန်းလိုက်ပြီး... အလွန် ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
" အရှင့်ကို သတင်းပို့အပ်ပါတယ်... ကျွန်တော်နဲ့ ကျွန်တော့်ညီက လုကမ္ဘာ ကနေ မွေးဖွားလာတဲ့ သက်ရှိတွေပါ... ဒီတစ်ခါ ဟွမ်သွမ့်ပင်လယ်ထဲကို စူးစမ်းလေ့လာဖို့ ထွက်လာရင်း... ဒီနေရာက ဓားအလင်းတန်းကို မြင်ပြီး လာရောက်ကြည့်ရှုမိတာပါ "
" လာကြည့်ရုံ သက်သက်လား "
ကုချန်သည် ဖျော့တော့စွာ ပြုံးလိုက်၏။
စောစောက ထျန်းကျွင်းသုံးပါး၏ မှတ်ဉာဏ်များအရ... ရှောင်ယောက်ထျန်းကျွင်း စီစဉ်ထားသော ထျန်းကျွင်းလောင်း အသစ်နှစ်ဦး... သက်တမ်းရှည်နန်းတော်သို့ မကြာမီ ရောက်လာမည်ဖြစ်ကြောင်း... သူ သိထားပြီးဖြစ်သည်။
ယခုကြည့်ရသည်မှာ... ရှောင်ယောက်ထျန်းကျွင်း ကိုယ်တိုင် ရွေးချယ်ထားသော ထိုထျန်းကျွင်းလောင်း နှစ်ဦးသည်... သူ၏ရှေ့မှ လူနှစ်ယောက် ဖြစ်နိုင်ခြေများသည်။
သို့သော် ကုချန်သည် ထိုအချက်ကို သိသော်လည်း ထုတ်မပြောပေ။
" ဟုတ်ပါတယ်... ကျွန်တော်တို့က လာကြည့်ရုံ သက်သက်ပါဗျာ "
လုညီအစ်ကိုများသည်... ကြက်ကလေးများ စပါးကောက်သကဲ့သို့... ခေါင်းကို တဆတ်ဆတ် ညိတ်ကာ ပြောလိုက်ကြ၏။
" ကျွန်တော်တို့က ဖြတ်သွားဖြတ်လာ လမ်းသွားလမ်းလာတွေပါ... အရှင်ရဲ့ ဘုန်းတန်ခိုးကို မြင်တွေ့ခွင့်ရတာ တကယ့်ကို ကံထူးတာပါပဲ "
လုကျားနှင့် လုယီတို့သည် အရူးများ မဟုတ်ကြပေ။ ကုချန်၏ရှေ့တွင် သူတို့၏ ရည်ရွယ်ချက်အမှန်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကို သေလျှင်တောင် ထုတ်ဖော်ပြောမည် မဟုတ်ပေ။
သူတို့၏ရှေ့မှ လူသည် သက်တမ်းရှည်နန်းတော်နှင့် ရန်ငြိုးရှိသည်မှာ ထင်ရှားသည်။
ညီအစ်ကိုနှစ်ယောက်သည် ဤကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်နှင့် တစ်ခါမျှ မတွေ့ဖူးကြသော်လည်း.....
အကယ်၍... အကုန်ထုတ်ပြောလိုက်ပြီးမှ တစ်ဖက်လူ၏ ဒေါသအိုးပေါက်ကွဲသွားလျှင်... မည်သို့ လုပ်မည်နည်း။
ပျက်စီးသွားပြီးဖြစ်သော သက်တမ်းရှည်နန်းတော်တစ်ခုအတွက်နှင့် သူတို့၏အသက်ကို အလကား မစတေးလိုကြပေ။
အခန်း (၂၅၆) - ထူးဆန်းနေသော တာအိုအသွင်ပြောင်း ကောင်းကင်ရေကန်နှင့် ထျန်းကျွင်းကို ငါးမျှားခြင်း
စကားပြောဆိုပြီးနောက် လုမိသားစုညီအစ်ကိုများသည် ကုချန်၏ စီရင်ဆုံးဖြတ်မှုကို စောင့်မျှော်ရင်း စိုးရိမ်တကြီး ရပ်နေကြလေသည်။
တုန်ရီနေသော လုညီအစ်ကိုများအား ကြည့်ရှုရင်း... ကုချန်၏ အကြည့်များမှာ... တည်ငြိမ်အေးဆေးနေ၏။ သူသည် လက်ကိုသာ ဝှေ့ယမ်းပြလိုက်ပြီး... ဂရုမစိုက်သောအသံဖြင့်... ပြောကြားလိုက်လေသည်။
" ဒီကိစ္စမှာ မင်းတို့မပါဝင်ဘူးဆိုတော့လဲ... ထွက်သွားကြတော့ "
ထွက်သွားရမည်?
သူသည် တကယ်ပင် သူတို့အား ထွက်သွားရန် ပြောလိုက်ခြင်းလော?
ပုံမှန်အချိန်များတွင်သာဆိုလျှင်... တစ်စုံတစ်ယောက်မှ သူတို့အား ထိုသို့ ထွက်သွားရန် ပြောဆိုရဲပါက... လုညီအစ်ကိုများသည် ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ... ထိုသူ၏ ဝိညာဉ်ကိုပင် ဖျက်ဆီးပစ်ကြမည်မှာ... မလွဲဧကန်ပင် ဖြစ်သည်။
သူတို့သည် လုနယ်မြေ၏ အရှင်သခင်များ ဖြစ်ကြသည်။ သူတို့ညီအစ်ကိုနှစ်ဦးအား လေးလေးစားစား မဆက်ဆံရဲသူ မည်သူရှိမည်နည်း။
သူတို့အား ထွက်သွားရန် မောင်းထုတ်ရဲခြင်းမှာ သေလမ်းရှာခြင်း သက်သက်သာ ဖြစ်ပေသည်။
သို့သော်... ယခုအချိန်တွင်မူ ကုချန်က သူတို့အား ထွက်သွားရန် ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ... ညီအစ်ကိုနှစ်ဦး၏ စိတ်နှလုံးထဲတွင် အဆုံးမဲ့ ဝမ်းမြောက်ခြင်းနှင့် စိတ်သက်သာရာရခြင်းများဖြင့်သာ... ပြည့်နှက်သွားခဲ့သည်။
ကံကောင်းလေစွ... ဤနတ်ဆိုးဘုရင်ကြီးသည် သူတို့အား ပစ်မှတ်ထားရန်... ရည်ရွယ်ချက်မရှိပုံရသည်။
" အရှင် စိတ်ချပါ။ ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားပေးပါ့မယ်..... "
ကုချန် စိတ်ပြောင်းသွားမည်ကို ကြောက်ရွံ့နေသကဲ့သို့... လုကျားနှင့် လုယီတို့သည် စကားပင်မဆုံးသေးမီ... သူတို့၏ခန္ဓာကိုယ်များသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ... ကျယ်ပြောလှသော ဟွမ်သွမ့်နယ်မြေ၏ နက်ရှိုင်းရာအရပ်ဆီသို့... ပျောက်ကွယ်သွားကြတော့သည်။
လုညီအစ်ကိုများ ထွက်ခွာသွားရာ အရပ်မျက်နှာသို့ ကြည့်ရင်း... ကုချန်၏ မျက်လုံးများထဲတွင် မှန်းဆရခက်သော အဓိပ္ပါယ်များ... ပါဝင်နေသည်။
အကြောင်းမှာ... လုညီအစ်ကိုများ သတိမထားမိလိုက်မီမှာပင်... ကုချန်သည် သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ဝိညာဉ်အမှတ်အသား တစ်ခုကို... တိတ်တဆိတ် ထည့်သွင်းပေးလိုက်သောကြောင့်ပင် ဖြစ်သည်။
ကုချန်သည် သူတို့၏လှုပ်ရှားမှုမှန်သမျှကို အပြည့်အဝ သိရှိနေသည်ဟု ဆိုနိုင်ပေသည်။
သူ ဤသို့ပြုလုပ်ရခြင်းမှာ... ထို 'လမ်းကြုံညီအစ်ကို' များအား ကိုင်တွယ်လိုသောကြောင့် မဟုတ်ဘဲ... ရှောင်ယောက်ထျန်းကျွင်းအား 'မျှားခေါ်' နိုင်ခြင်း ရှိမရှိ... စမ်းသပ်ရန်အတွက်သာ ဖြစ်သည်။
ဤလုမိသားစုညီအစ်ကိုများသည် ရှောင်ယောက်ထျန်းကျွင်း ကိုယ်တိုင်ရွေးချယ်ကာ သက်တမ်းရှည်နန်းတော်သို့ ဝင်ရောက်စေခဲ့သူများ ဖြစ်သောကြောင့်ပင်။
နောင်တွင်... ရှောင်ယောက်ထျန်းကျွင်းသည် ဤညီအစ်ကိုနှစ်ဦးအား... ပြန်လည်ရှာဖွေကောင်း ရှာဖွေလာနိုင်သည်။ ထိုအချိန်ရောက်လျှင်... ကုချန်သည် ညီအစ်ကိုနှစ်ဦးထံတွင် ကပ်ငြိနေသော ဝိညာဉ်အမှတ်အသားမှတဆင့်... ရှောင်ယောက်ထျန်းကျွင်း ပေါ်လာသည့် သတင်းကို ချက်ချင်းသိရှိနိုင်ပြီး... သူ၏တည်နေရာကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ယခု... လုညီအစ်ကိုများ၏ အမှတ်အသားကို မဖော်ထုတ်ခဲ့ရခြင်းမှာ ရန်သူကို အသိပေးသလို မဖြစ်စေလိုဘဲ... သူတို့နှစ်ဦးကို ထုံထိုင်းသွားစေရန် ရည်ရွယ်ချက်ဖြင့်သာ ဖြစ်သည်။
ယခုအခါ ငါးစာချထားပြီးဖြစ်ရာ... ရှောင်ယောက်ထျန်းကျွင်း ငါးစာဟပ်မဟပ်ကိုမူ... စောင့်ကြည့်ရပေဦးမည်။
လုညီအစ်ကိုများ ထွက်ခွာသွားရာလမ်းကို နက်နက်ရှိုင်းရှိုင်း ကြည့်ရှုပြီးနောက် ကုချန်၏ အကြည့်များသည် ဟွမ်သွမ့်ကောင်းကင်ရေကန်ဆီသို့ ရောက်ရှိသွားသည်။
ထိုထျန်းကျွင်းများ၏ မှတ်ဉာဏ်များအရ... ဤဟွမ်သွမ့်ကောင်းကင်ရေကန်သည်လည်း အထွတ်အထိပ် ရတနာတစ်ခုဖြစ်ကြောင်း... ကုချန် သိရှိထားပြီးဖြစ်သည်။
ယခုလေးတင် ကုချန်၏ဓားချက်ကို ထိခိုက်မှုမရှိဘဲ ခံနိုင်ရည်ရှိခဲ့သည်ကို ကြည့်လျှင် ဤအချက်မှာ ထင်ရှားနေပေသည်။
သက်တမ်းရှည်နန်းတော်မှ ထျန်းကျွင်းများပင်လျှင်... ကုချန်၏ ဓားချက်တစ်ချက်ကို မခံနိုင်ကြသော်လည်း... ဤရတနာသည် တေ့တေ့ဆိုင်ဆိုင် ခုခံနိုင်စွမ်းရှိသည်ကို ထောက်ရှုပါက... ၎င်း၏ ထူးခြားဆန်းကြယ်မှုကို သိမြင်နိုင်ပေသည်။
ဤရတနာ၏ အမည်မှာ 'တာအိုအသွင်ပြောင်း ကောင်းကင်ရေကန်' ဖြစ်ပြီး ရှောင်ယောက်ထျန်းကျွင်း ကိုယ်တိုင် ဤနေရာ၌ ထားခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ တိုက်ပွဲအတွက် အသုံးပြုသော ရတနာမဟုတ်ဘဲ အထောက်အကူပြုပစ္စည်း သဘောမျိုးသာ ဖြစ်သည်။
ဤရတနာသည် ဝိညာဉ်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းများအတွက် အသုံးပြုနိုင်ရုံသာမက... မြင့်မြတ်ဆေးပင်များကဲ့သို့သော ပစ္စည်းများကို ရေကန်အတွင်း ထည့်သွင်းပျိုးထောင်ကာ... 'အထွက်နှုန်း' ကို တိုးမြှင့်ပေးနိုင်ခြင်းပင် ဖြစ်သည်။
အင်မော်တယ်မြင့်မြတ်ဆေးပင်ကို ဤရေကန်အတွင်း အချိန်ကြာမြင့်စွာ ထားရှိပါက... ပြီးပြည့်စုံသော အင်မော်တယ်မြင့်မြတ်ဆေးပင် နှစ်ပင်အဖြစ်သို့ပင်... ကွဲထွက်သွားနိုင်သည်။
ထို့အပြင်... သက်တမ်းရှည်ပစ္စည်းများကိုပင် ဤရေကန်ထဲတွင် ထားရှိပါက... ဖြည်းဖြည်းချင်း ပျိုးထောင်နိုင်ပြီး... ပမာဏ တိုးပွားလာစေနိုင်သည်။
ဤအကြောင်းကြောင့်ပင်... ရှောင်ယောက်ထျန်းကျွင်းမှလွဲ၍ အခြား ရှေးဟောင်းထျန်းကျွင်းများသည် ဤရေကန်မှ ခွဲခွာလေ့မရှိကြဘဲ... ရေကန်အတွင်း၌ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အဆက်မပြတ် သန့်စင်လေ့ကျင့်ကာ... သက်တမ်းရှည်ပစ္စည်းများကို ပျိုးထောင်နေကြခြင်း ဖြစ်သည်။
ယခုလေးတင် ရှေးဟောင်းထျန်းကျွင်းသုံးဦး၏ မှတ်ဉာဏ်များမှတဆင့် ကုချန် သိရှိလိုက်ရသည်။
လွန်ခဲ့သော နှစ်ပေါင်း ငါးသောင်းခန့်က... ကုဝူရှန့်သည် ဤနေရာသို့ မှားယွင်းရောက်ရှိလာခဲ့ပြီး... ရေကန်အတွင်းမှ သက်တမ်းရှည်ပစ္စည်းတစ်စသည်... သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ဖူး၏။ မူလက ထိုထျန်းကျွင်းများသည် ကုဝူရှန့်အား သတ်ပစ်ရန် ရည်ရွယ်ခဲ့ကြသည်။
သို့သော်... သူသည် ကုမိသားစုဝင်တစ်ဦးဖြစ်ကြောင်း သိရှိသွားကြသဖြင့်... ကုဝူရှန့်ကို သတ်လိုက်ပါက ကုချန် အာရုံခံမိသွားပြီး ပြဿနာရှာမည်ကို စိုးရိမ်သောကြောင့်... သတိလစ်နေသော ကုဝူရှန့်ကို အပြင်သို့ လွှင့်ပစ်လိုက်ကာ... အသက်ချမ်းသာပေးခဲ့ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင်... ကုချန်၏ လွှမ်းမိုးမှုကြောင့်သာ လွန်ခဲ့သော နှစ်ငါးသောင်းက ကုဝူရှန့်သည်... အံ့ဖွယ်သဖွယ် အသက်ရှင်လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေသည်။
" တာအိုအသွင်ပြောင်း ကောင်းကင်ရေကန်... ဝိညာဉ်နဲ့ ခန္ဓာကို သန့်စင်ပေးတယ်... သက်တမ်းရှည်ပစ္စည်းတွေ..... "
ကုချန်သည် တိုးတိုးလေး ရေရွတ်လိုက်ရင်း သူ၏မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။
အကြောင်းတစ်စုံတစ်ရာကြောင့် သူသည် တစ်ခုခု မှားယွင်းနေသည်ဟု ဝိုးတဝါး ခံစားနေရသည်။
သေသေချာချာ စဉ်းစားကြည့်ပြီးနောက်... ရှောင်ယောက်ထျန်းကျွင်းသည် သက်တမ်းရှည်နန်းတော်မှ ထျန်းကျွင်းများအပေါ်... 'အလွန်အမင်း ကောင်းမွန်လွန်းနေခြင်း' ကြောင့် ဖြစ်တန်ရာသည်။
ဟုတ်ပေသည်... သူသည် ကောင်းလွန်းနေ၏။
ပထမဦးစွာ... သူသည် ထိုသူများကို သက်တမ်းရှည်နန်းတော်သို့ ခေါ်ဆောင်လာပြီး... ကျင့်ကြံရန်အတွက် သက်တမ်းရှည်ပစ္စည်းများကို ပေးသနားခဲ့သည်။ ထို့နောက်... ဤ တာအိုအသွင်ပြောင်း ကောင်းကင်ရေကန်ကိုပါ... ရက်ရက်ရောရော ပေးအပ်ကာ ကျင့်ကြံစေခဲ့သည်။
ရှောင်ယောက်ထျန်းကျွင်းသည် အဘယ်ကြောင့် ဤသို့ ပြုလုပ်ရသနည်း။
ကုချန်၏အမြင်အရ သူသည် သက်တမ်းရှည်နန်းတော်ကို တည်ထောင်ရန် မလိုအပ်ပေ။
နယ်မြေအသီးသီးကို ရိတ်သိမ်းပြီး... အင်မော်တယ်နယ်မြေမှ သက်တမ်းရှည်ပစ္စည်းများနှင့် လဲလှယ်ခြင်းကိစ္စကို သူကိုယ်တိုင် မလုပ်နိုင်လျှင်ပင်... ယွမ်ကျွင်းကဲ့သို့ ကိုယ်စားလှယ်အချို့ကို ရှာဖွေလိုက်လျှင်... လုံလောက်နေပြီ ဖြစ်သည်။ သက်တမ်းရှည်ထျန်းကျွင်းဟု ခေါ်သော လူများစွာကို... ပင်ပင်ပန်းပန်း ပျိုးထောင်နေရန် အဘယ်အကြောင်း ရှိမည်နည်း။
ကုချန်၏အမြင်တွင်မူ ရှောင်ယောက်ထျန်းကျွင်း လုပ်ဆောင်သမျှသည် ကျေးဇူးတင်မခံရသော အလုပ်များသာ ဖြစ်သည်။
သူသည် သက်တမ်းရှည်ပစ္စည်းအားလုံးကို ကိုယ်တိုင် သိမ်းဆည်းထားနိုင်ပါလျက် အဘယ်ကြောင့် ဤထျန်းကျွင်းဆိုသူများကို ပေးသနားနေရသနည်း။
ဤသို့ တွေးမိသောအခါ ကုချန်၏မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွား၏။
ပုံမှန်မဟုတ်သော အခြေအနေတစ်ခု၏ နောက်ကွယ်တွင် မကောင်းဆိုးဝါး တစ်စုံတစ်ရာ ရှိနေစမြဲပင်။
မရိုးရှင်းသော ကိစ္စတစ်ခု ရှိနေကြောင်း သူ၏အာရုံမှ ပြောပြနေသော်လည်း လောလောဆယ်တွင်မူ အတိအကျ မမြင်နိုင်သေးပေ။
" ဒီ တာအိုအသွင်ပြောင်း ကောင်းကင်ရေကန်က တကယ့် ရတနာတစ်ခုပဲ... ဒီတော့ ငါ့အနေနဲ့ ပြုံးပြုံးလေး လက်ခံလိုက်တာပေါ့ "
ကုချန်သည် ပေါ့ပါးစွာ ရယ်မောလိုက်ပြီး ရေကန်ကို ဖမ်းယူရန် လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။ တချိန်တည်းမှာပင် ရေကန်ကို သန့်စင်ရန်အတွက် ဝိညာဉ်မျှင်တစ်မျှင်ကို ထုတ်လွှတ်လိုက်သည်။
ကုချန်၏ဝိညာဉ်သည် ရေကန်အတွင်းသို့ လွယ်ကူစွာ ဝင်ရောက်သွားကာ သန့်စင်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင်... မူလက ဧရာမ ကျယ်ဝန်းလှသော ရေကန်ကြီးသည်... တစ်လက်မခန့်သာရှိသော ရေကန်ငယ်လေးအဖြစ်သို့ ပြောင်းလဲသွားပြီး... ကုချန်၏ လက်ဖဝါးပေါ်သို့ ရောက်ရှိလာခဲ့သည်။
လက်ဖဝါးပေါ်ရှိ ရေကန်ငယ်လေးကို ကြည့်ရင်း ကုချန်၏မျက်လုံးများမှာ အနည်းငယ် လှုပ်ရှားသွား၏။
ခုနက ရေကန်အတွင်းပိုင်းကို ဝိညာဉ်ဖြင့် စစ်ဆေးကြည့်လိုက်စဉ်... ရေကန်၏ နက်ရှိုင်းသော နေရာတစ်ခုတွင် အမှတ်အသားတစ်ခု ဖုံးကွယ်ထားသည်ကို... သူ သတိပြုမိလိုက်သည်။
သို့သော် ထိုအမှတ်အသား တည်ရှိနေမှုမှာ အလွန်နက်ရှိုင်းလှသဖြင့် ထျန်းကျွင်းအဆင့် ရှိသူများပင် အာရုံခံနိုင်မည် မဟုတ်ချေ။
ကုချန်သည် ထိုအမှတ်အသားကို ချက်ချင်း ရှာဖွေတွေ့ရှိခဲ့သော်လည်း ဖယ်ရှားခြင်း မပြုဘဲ ဘာမှမသိသကဲ့သို့သာ ဟန်ဆောင်နေလိုက်သည်။
အကြောင်းမှာ ဤသည်ကလည်း 'ငါးမျှား' ရန် အခွင့်ကောင်းတစ်ခု ဖြစ်နိုင်သည်ဟု သူ ခံစားမိသောကြောင့်ပင်။
သံသယဖြစ်စရာ မလိုဘဲ... ဟွမ်သွမ့်ကောင်းကင်ရေကန်အတွင်း ဝှက်ထားသော ထိုအမှတ်အသားသည်... ရှောင်ယောက်ထျန်းကျွင်း ချန်ထားခဲ့သော လက်ကွက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
အကယ်၍ သူသာ ထိုအမှတ်အသားကို ဖယ်ရှားလိုက်ပါက ရှောင်ယောက်ထျန်းကျွင်းကို 'မျှားခေါ်' ရမည့် အခွင့်အရေး ဆုံးရှုံးသွားနိုင်သည်။
ဤအမှတ်အသားကို ချန်ထားခြင်းဖြင့် အနာဂတ်တွင် ရှောင်ယောက်ထျန်းကျွင်းကို မျှားခေါ်နိုင်ကောင်း ခေါ်နိုင်ပေမည်။
ယခင် လုညီအစ်ကိုများကိုပါ ထည့်တွက်လိုက်လျှင် ဤသည်မှာ ကုချန် ချထားလိုက်သော ဒုတိယမြောက် 'ငါးစာ' ပင် ဖြစ်သည်။
ရေကန်ကို သိမ်းဆည်းပြီးနောက်... ကုချန်သည် ပေါ့ပေါ့ပါးပါးပင် လက်ချောင်းကို တောက်လိုက်ရာ... ရေကန်အတွင်း မူလက ပေါလောပေါ်နေသော ရှေးဟောင်း သက်တမ်းရှည်နန်းတော်သည်... ချက်ချင်း ပျက်စီးသွားပြီး ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲကာ... ပျောက်ကွယ်သွားတော့သည်။
ဤကိစ္စအဝဝ ပြီးဆုံးသွားပြီးနောက် ကုချန်သည် ဆက်လက် နေမနေတော့ဘဲ လှည့်ထွက်လာခဲ့လိုက်လေသည်။