အခန်း (၂၅၇-၂၅၈)
Vol. 19 Ch. 257-258
အခန်း (၂၅၇) - ရတနာကို မက်မောခြင်း၊ ရှောင်ယောက်၏ အစီအစဉ်၊ ဆန်းကြယ်သော စာရွက်
ကုချန် ထွက်ခွာသွားပြီးနောက် အချိန်မည်မျှ ကြာမြင့်သွားသည်ကို မသိနိုင်ချေ။
လေဟာနယ်သည် ဖြည်းညင်းစွာ လှုပ်ခတ်သွားပြီး... ရှေးဟောင်းတာအိုဝတ်စုံကို ဝတ်ဆင်ထားသော ဝါးတားတားပုံရိပ်တစ်ခုသည်... သက်တမ်းရှည်နန်းတော် တည်ရှိခဲ့ဖူးရာ နေရာ၌... တဖြည်းဖြည်း ပေါ်ထွက်လာခဲ့လေသည်။
" အားလုံး သေကုန်ကြပြီပဲ..... "
ရှေးဟောင်းတာအိုဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်ထံမှ ဝါးတားတားဖြစ်ကာ... နားလည်ရခက်သော လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာပြီး... မလိုလားမှုနှင့် နာကြည်းမှု အငွေ့အသက်များကို... ဖျော့တော့စွာ ထုတ်ဖော်ပြသနေသည်။
ဤပုံရိပ်မှာ... သက်တမ်းရှည်နန်းတော်ကို တည်ထောင်သူ... အရာအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူ... ရှောင်ယောက်ထျန်းကျွင်းမှလွဲ၍ အခြားသူ မဟုတ်ပေ။
" လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးသောင်းက... ပုရွက်ဆိတ်လေးက ဒီနေ့မှာ ဒီအဆင့်ထိ... ကြီးထွားလာလိမ့်မယ်လို့..... "
ရှောင်ယောက်ထျန်းကျွင်းသည် လုံးဝဥဿုံ ပျက်စီးသွားပြီဖြစ်သော သက်တမ်းရှည်နန်းတော်ကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းများထဲ၌ နက်ရှိုင်းသော အမုန်းတရားတို့ တဖျပ်ဖျပ် လက်နေခဲ့၏။
သူသည်... နှစ်ပေါင်းသန်းချီ ကြာမြင့်စွာ တောင့်တခဲ့သော ဆန္ဒကို ပြည့်ဝရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သော်လည်း... အရာအားလုံးသည် ကုချန်၏လက်ချက်ဖြင့် ပျက်စီးသွားရလိမ့်မည်ဟု... လုံးဝ မျှော်လင့်မထားခဲ့မိပေ။
" ဒီထျန်းကျွင်းတွေကို ပြုစုပျိုးထောင်ဖို့အတွက်... ငါကောင်းကင်အရှင်သခင်က ဘယ်လောက်တောင် အားထုတ်ခဲ့ရသလဲ... အခုတော့ တခဏအတွင်းမှာပဲ အားလုံး ပျက်စီးသွားခဲ့ပြီ "
ရှောင်ယောက်ထျန်းကျွင်းသည် တီးတိုးရေရွတ်လိုက်၏။
နှစ်ပေါင်းသန်းချီကာလအတွင်း... သူသည် သက်တမ်းရှည်နန်းတော်၏ ဩဇာအာဏာကို အဘယ်ကြောင့် ပင်ပန်းကြီးစွာ ချဲ့ထွင်ခဲ့ပြီး... ဤထျန်းကျွင်းများကို ပြုစုပျိုးထောင်ရန် သက်တမ်းရှည်အနှစ်သာရများကိုပင်... မည်မျှ ဝေမျှပေးခဲ့သနည်း။
ဤအရာအားလုံးသည်... ရှောင်ယောက်ထျန်းကျွင်း၏ စိတ်နှလုံး၌ ကြင်နာမှု ပေါ်ပေါက်လာခြင်းကြောင့် မဟုတ်ဘဲ... သူ့တွင် ကိုယ်ပိုင်အစီအစဉ်များ ရှိနေသောကြောင့်သာ ဖြစ်ပေသည်။
ယခုအခါ... နဂါးနွေအရှင်နှင့် အခြားသော ထျန်းကျွင်းများ သေဆုံးသွားခြင်းနှင့်အတူ... သူ၏ နှစ်ပေါင်းသောင်းချီကြာ စေ့စပ်သေချာသော အားထုတ်မှုများနှင့် အစီအစဉ်များအားလုံးသည်... သဲထဲရေသွန် ဖြစ်ခဲ့ရချေပြီ။
ဤအဖြစ်အပျက်မှာ ရှောင်ယောက်ထျန်းကျွင်း၏ နှလုံးသားကို နာကျင်နေစေခဲ့သည်။
သူ့ကို ပို၍ပင် ဒေါသထွက်စေပြီး မလိုလားအပ်မှု ဖြစ်စေသည်မှာ... ကုချန်သည် သက်တမ်းရှည်ထျန်းကျွင်းများ အားလုံးကို သတ်ဖြတ်လိုက်ရုံသာမက... တာအိုအသွင်ပြောင်းကောင်းကင်ရေကန်ကိုပါ ယူဆောင်သွားခြင်းပင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့်... သူသည် တာအိုအသွင်ပြောင်းကောင်းကင်ရေကန်၏ နက်ရှိုင်းသော နေရာ၌... လျှို့ဝှက်အမှတ်အသားတစ်ခု ချန်ထားခဲ့သဖြင့်... ၎င်း၏တည်ရှိမှုကို အချိန်မရွေး အာရုံခံနိုင်ပေသည်။
သို့သော်... တာအိုအသွင်ပြောင်းကောင်းကင်ရေကန်၏ လှုပ်ရှားမှုသည်... သူ့ထံမှ ပို၍ ဝေးကွာသွားသည်ကို အာရုံခံမိလိုက်သောအခါ... ရှောင်ယောက်ထျန်းကျွင်း၏ မျက်နှာထားသည် မီးခိုးရောင် သန်းသွားတော့၏။
ရှေးယခင်ကာလမှ ယခုအချိန်အထိ သူသည် အခြားသူများကို အမြဲတမ်း အကွက်ချကြံစည်သူ ဖြစ်ခဲ့သည်။
ယနေ့တွင်... ကုချန်၏ရှေ့မှောက်၌ စစ်သည်ရော မိသားစုပါ ဆုံးရှုံးရသကဲ့သို့ နှစ်ဖက်စလုံး နစ်နာရလိမ့်မည်ဟု... သူလုံးဝ မျှော်လင့်မထားခဲ့မိချေ။
" ကုချန်... ဒီအကြွေးကို ငါကောင်းကင်အရှင်သခင်က... မင်းနဲ့ ဧကန်မုချ ရှင်းရလိမ့်မယ် "
ရှောင်ယောက်ထျန်းကျွင်းသည် နာကျည်းစွာ ပြောဆိုလိုက်၏။
သို့သော် ဤသို့ ပြောဆိုနေသော်လည်း... စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခုသည် ရှောင်ယောက်ထျန်းကျွင်း၏ မျက်လုံးများထဲ၌... မသိစိတ်မှတဆင့် ဖြတ်သန်းသွားခဲ့သည်။
အမှန်စင်စစ်... ကုချန်သည် သက်တမ်းရှည်နန်းတော်သို့ ဆင်းသက်လာပြီး ထျန်းကျွင်းများကို တိုက်ခိုက်စဉ်ကတည်းက... ရှောင်ယောက်ထျန်းကျွင်းသည် အာရုံခံမိပြီး ဖြစ်သည်။
သို့သော်... သူဆင်းသက်မလာခဲ့ရခြင်း၏ အကြောင်းရင်းမှာ... ကုချန်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကြောင့်... ခြိမ်းခြောက်ခံခဲ့ရသောကြောင့် ဖြစ်ပေသည်။
ကြက်ကလေးများကို သတ်ဖြတ်သကဲ့သို့ ထျန်းကျွင်းများကို လွယ်ကူစွာ သတ်ဖြတ်ခြင်း.....
ဤအရာသည် သူ၏ လက်ရှိအခြေအနေဖြင့်ပင် အလွယ်တကူ မလုပ်ဆောင်နိုင်သော အရာဖြစ်သည်။
နှစ်ပေါင်းကိုးသောင်းအတွင်း... ကုချန်သည် မည်သို့သော ကံကောင်းခြင်းများနှင့် ကြုံတွေ့ခဲ့ရသဖြင့်... သူ၏ကျင့်ကြံခြင်းအဆင့်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင်... တိုးတက်လာရသနည်း။
ရှောင်ယောက်ထျန်းကျွင်းသည် နားလည်နိုင်စွမ်း မရှိတော့ချေ။
သူသည်... အင်မော်တယ်နယ်မြေမှ ပေးသနားသော သက်တမ်းရှည်အနှစ်သာရများကို မှီခိုကာ... နှစ်ပေါင်းသန်းချီ လောကကြီးထဲ၌ ကြိုးပမ်းကျင့်ကြံအားထုတ်မှုများနှင့် ပေါင်းစပ်၍... လက်ရှိ ထျန်းကျွင်းအဆင့် အထွတ်အထိပ် ကျင့်ကြံခြင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
ရှောင်ယောက်ထျန်းကျွင်း၏ အမြင်တွင် သူသည် ရှေ့ဆက်မတိုးနိုင်တော့သည့် အမှတ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူပိုမိုသန်မာချင်ပါက... ပိုမိုကျယ်ပြန့်သော အင်မော်တယ်နယ်မြေသို့ သွားရောက်ပြီး... စစ်မှန်သော အင်မော်တယ်အသီးအပွင့် အဆင့်အတန်းကို ရယူမှသာလျှင်... အောင်မြင်နိုင်မည် ဖြစ်သည်။
သို့သော် ဤကုချန်သည် နဂါးနွေအရှင်နှင့် အခြားသူများကို လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့ရာ သူ၏ အင်အားသည် မိမိထက် အဆင့်တစ်ခု သာလွန်နေကြောင်း ထင်ရှားနေသည်။
သူသည် အင်မော်တယ်အဆင့်သို့ တက်လှမ်းပြီးပြီလော။
မဟုတ်ဘူး... မဖြစ်နိုင်ဘူး.....
အင်မော်တယ်နယ်မြေသို့ မသွားဘဲ အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ရန် လုံးဝ မဖြစ်နိုင်ကြောင်း ရှောင်ယောက်ထျန်းကျွင်းသည် မည်သူ့ထက်မဆို ပိုမိုသိရှိထားပေသည်။
သို့ဆိုလျှင် ကုချန်၏ တိုက်ခိုက်နိုင်စွမ်းကို မည်သို့ ရှင်းပြမည်နည်း။
တွေးတောနေရင်း ရှောင်ယောက်ထျန်းကျွင်း၏ မျက်ခုံးများမှာ နက်ရှိုင်းစွာ တွန့်ချိုးသွားခဲ့သည်။
ကုချန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်နိုင်စွမ်း မည်သည့်နေရာမှ ရောက်လာသည်ကို သူအမှန်တကယ် နားမလည်နိုင်ပေ။
လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက သူ၏ မျက်လုံးထဲတွင် ကုချန်သည် အကောင်းဆုံးအားဖြင့် အနှောင့်အယှက်ပေးသော လူငယ်လေးတစ်ဦးသာဖြစ်ပြီး ခြိမ်းခြောက်မှုတစ်ခုတော့ မဟုတ်ခဲ့ပေ။
ယခု နှစ်ပေါင်းကိုးသောင်းမျှသာ ကြာမြင့်ပြီးနောက်... အဆုံးမဲ့ကမ္ဘာမှ ဤလူငယ်လေးသည် သူပင် နားမလည်နိုင်သော၊ နက်ရှိုင်းစွာ ကြောက်ရွံ့ရသော အဆင့်တစ်ခုသို့ ကြီးထွားလာခဲ့ခြင်းမှာ... လုံးဝ ယုတ္တိမရှိနိုင်သော အရာဖြစ်သည်။
သို့သော် ယခုတွင် ဤအရာအားလုံးသည် အမှန်တကယ် ဖြစ်ပျက်ခဲ့ချေပြီ။
" ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်... အဲ့ဒါကတော့ ဒီနှစ်ပေါင်းကိုးသောင်းအတွင်း ကုချန်ဟာ ဟွမ်သွမ့်ပင်လယ်ထဲမှာ... စိတ်ကူးလို့မရနိုင်တဲ့ မြင့်မြတ်လွန်းတဲ့ ဖန်တီးမှုတစ်ခုကို ရရှိခဲ့တာပဲ ဖြစ်ရမယ်..... "
ရှောင်ယောက်ထျန်းကျွင်း၏ မျက်လုံးများမှာ လှုပ်ရှားသွားခဲ့သည်။
အတော်ကြာ တွေးတောပြီးနောက် သူသည် ဤဖြစ်နိုင်ခြေ တစ်ခုကိုသာ စဉ်းစားမိတော့သည်။
ဟွမ်သွမ့်ပင်လယ်သည် အကန့်အသတ်မရှိ ကျယ်ပြောလှပြီး... မည်မျှကြာရှည်စွာ တည်ရှိခဲ့သည်ကို မသိနိုင်ချေ။ ၎င်းတွင် အဆုံးမဲ့အန္တရာယ်များ ရှိနေသော်လည်း... စိတ်ကူး၍မရနိုင်သော ကြီးမားသည့် ဖန်တီးမှုများလည်း... ကိန်းအောင်းလျက်ရှိသည်။
ဥပမာအားဖြင့်... ဤတာအိုအသွင်ပြောင်းကောင်းကင်ရေကန်သည် ထိုစဉ်က ဟွမ်သွမ့်ပင်လယ် နက်ရှိုင်းရာ၌... သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သော၊ ဧကရာဇ်လက်နက်ဟု ခေါ်ဆိုသော အရာများထက်... များစွာသာလွန်သည့် အလွန်မြင့်မြတ်သော ရတနာတစ်ခု ဖြစ်သည်။
ဤအချက်ကို ကြည့်လျှင် ကုချန်သည် ဖန်တီးမှုတစ်ခုခုကို မတော်တဆ တွေ့ရှိခဲ့ခြင်းမှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။
" တိုက်ခိုက်နိုင်စွမ်းကို ယာယီ မြှင့်တင်ပေးတဲ့ အလွန်မြင့်မြတ်တဲ့ ရတနာလား... ဒါမှမဟုတ် အလွန်မြင့်မြတ်တဲ့ ဖြစ်တည်မှုတစ်ခု ချန်ထားခဲ့တဲ့ အမွေအနှစ်လား..... "
ရှောင်ယောက်ထျန်းကျွင်းသည် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
မည်သို့သော ဖြစ်နိုင်ခြေပင်ဖြစ်ပါစေ... ကုချန် ရရှိခဲ့သော အရာသည် သာမန်မဟုတ်ဘဲ... သူ၏ ကောင်းကင်ရေကန်ထက်ပင်... ပိုမိုတန်ဖိုးရှိပေလိမ့်မည်။
တစ်ခဏချင်းတွင် ရှောင်ယောက်ထျန်းကျွင်း၏ မူလက မှိုင်းညို့နေသော စိတ်အခြေအနေသည် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
အကြောင်းမှာ... သူနှစ်ပေါင်းသန်းချီ ပင်ပန်းကြီးစွာ ပြုစုပျိုးထောင်ပြီး ကြံစည်ခဲ့သမျှ အရာအားလုံးသည်... ကုချန်၏လက်ချက်ဖြင့် လုံးဝဥဿုံ ပျက်စီးသွားခဲ့သော်လည်း.....
အကယ်၍... ကုချန်သည် သူ၏လက်ထဲသို့ ကျရောက်လာပြီး ကုချန်ရရှိထားသော ဖန်တီးမှုကို သူပိုင်ဆိုင်နိုင်ခဲ့လျှင်... သူသည် ပို၍ပင် အမြတ်ထွက်နိုင်သည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။
သို့သော် ကုချန်၏ တိုက်ခိုက်နိုင်စွမ်းသည် အမှန်တကယ်ပင် အနည်းငယ် ဆိုးရွားလှသည်။
ကုချန်၏ တိုက်ခိုက်နိုင်စွမ်း မြှင့်တင်နည်းလမ်းနှင့် ထျန်းကျွင်းများကို လွယ်ကူစွာ သတ်ဖြတ်နိုင်စွမ်းသည် လွယ်ကူစွာ အသုံးပြုနိုင်သော အရာမဟုတ်ဟု ရှောင်ယောက်ထျန်းကျွင်းက ခန့်မှန်းမိသော်လည်း.....
သူသည် စမ်းသပ်ရန်အတွက် သူ၏အသက်ကို စွန့်စားရဲခြင်း မရှိသေးပေ။
အကယ်၍ သူသာ ကြိုးစားကြည့်လိုက်လျှင် သူအမှန်တကယ် သေဆုံးသွားနိုင်ပေသည်။
" ကောင်းကင်တက်လှမ်းခြင်းကို အောင်မြင်ပြီး... စစ်မှန်တဲ့ အင်မော်တယ်အသီးအပွင့် အဆင့်အတန်းကို ရရှိမှသာ... ကုချန်ကို အမှန်တကယ် ဖိနှိပ်နိုင်လိမ့်မယ် "
ရှောင်ယောက်ထျန်းကျွင်းသည် စိတ်ထဲ၌ တွေးတောနေမိသည်။
အဆုံးမဲ့ကမ္ဘာ၏ အရှင်သခင်များကို... ရိတ်သိမ်းခြင်းကိစ္စ ပျက်ကွက်စေရန် ရွှယ်ကျန်းအား ကုချန်သတ်ဖြတ်လိုက်သည်ကို... ရှောင်ယောက်ထျန်းကျွင်း ကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း... ဘာဖြစ်ခဲ့သည်ကို သူအကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
ထိုစဉ်က... လူသားဧကရာဇ်၏ ပြင်းထန်စွာ ဒဏ်ရာရစေမှုကို ခံခဲ့ရသော ရွှယ်ကျန်းသည် သေလုမျောပါးဖြစ်နေပြီဖြစ်ရာ... အကောင်းဆုံးအားဖြင့် စစ်မှန်သော အင်မော်တယ်တစ်ပိုင်းဟုသာ... သတ်မှတ်နိုင်သည်။
ထို့ကြောင့် ရှောင်ယောက်ထျန်းကျွင်း၏ အမြင်တွင်... ကုချန်၏အင်အားသည် ရွှယ်ကျန်းအထက်တွင် ရှိသင့်သော်လည်း... စစ်မှန်သော အင်မော်တယ်အောက်တွင် ရှိပေလိမ့်မည်။
ထို့ကြောင့်... သူသည် စစ်မှန်သော အင်မော်တယ်အဆင့်သို့ ထိုးဖောက်နိုင်သရွေ့... ကုချန်အား လွယ်ကူစွာ ချေမှုန်းနိုင်မည်မှာ... သဘာဝပင် ဖြစ်သည်။
သို့ဆိုလျှင် ကျန်ရှိနေသော တစ်ခုတည်းသော ပြဿနာမှာ အင်မော်တယ်တက်လှမ်းခြင်းကို မည်သို့ ရယူရမည်နည်း ဟူသောအချက်ပင်ဖြစ်သည်။
ရှောင်ယောက်ထျန်းကျွင်းသည် တစ်စုံတစ်ခုကို တုံ့ဆိုင်းပြီး... ချိန်ဆနေသကဲ့သို့ တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့်... ငြိမ်သက်စွာ ရပ်နေခဲ့သည်။
အချိန်ကြာမြင့်စွာ ကုန်လွန်ပြီးနောက် သူ၏အကြည့်သည် တစ်ဖန်ပြန်လည်၍ စူးရှပြတ်သားလာခဲ့သည်။
" နဂါးနွေအရှင်နဲ့ အခြားသူတွေ သေကုန်ကြပြီဆိုတော့ ငါ့ရဲ့ ပထမအစီအစဉ်က ပျက်စီးသွားခဲ့ပြီ.....
အခု ငါ့အတွက် ကျန်ရှိတဲ့ တစ်ခုတည်းသော လမ်းကတော့ ဒီဒုတိယလမ်းပဲ "
ရှောင်ယောက်ထျန်းကျွင်း၏ စိတ်နှလုံး လှုပ်ရှားသွားသည်။ ရွှေရင့်ရောင် အမွှေးအတောင်ပါသော အင်မော်တယ်ပုံစံများဖြင့် ဖုံးအုပ်ထားသည့် ဗလာစာရွက်တစ်ရွက်သည် သူ၏ရှေ့မှောက်၌ တိတ်ဆိတ်စွာ ပေါ်လာခဲ့၏။
ဤစာရွက်သည် အလွန်ထူးဆန်းနေပြီး အဆုံးမဲ့ကမ္ဘာမှ ထုတ်ကုန်တစ်ခုနှင့် လုံးဝ မတူချေ။ ၎င်းအစား အင်မော်တယ်နယ်မြေမှ လာသကဲ့သို့ သာမန်မဟုတ်သော အငွေ့အသက်များကို သယ်ဆောင်ထားပေသည်။
လက်ဖဝါးထဲရှိ စာရွက်ကို ကြည့်ရင်း ရှောင်ယောက်ထျန်းကျွင်း၏ နတ်ဘုရားစိတ်အာရုံမှာ လှုပ်ရှားသွားခဲ့သည်။
နောက်တစ်ခဏတွင်... ရှောင်ယောက်ထျန်းကျွင်း၏ ဆန္ဒအတိုင်း ရှေးဟောင်းစာလုံးများသည်... ဤဆန်းကြယ်သော စာရွက်၏မျက်နှာပြင်ပေါ်၌... ဖြည်းညင်းစွာ ဖုံးလွှမ်းသွားတော့၏။
အခန်း (၂၅၈) - ချုံးဟွာအရှင်၊ ကျဆုံးခြင်းရဲ့ လျှို့ဝှက်ချက်နဲ့ မုန်တိုင်းဆင်တော့မည့်အခြေအနေ
ထူးဆန်းသော စာရွက်ပေါ်တွင် စာလုံးများ ပြည့်နှက်လာသည်နှင့်အမျှ ကြီးမားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။
" ဘုန်း! "
ထူးဆန်းမှုတစ်ခု ဖြစ်ပေါ်လာလေသည်။ လေဟာနယ်ထဲတွင်... ရပ်တန့်နေသော စာရွက်သည် အလိုအလျောက် လောင်ကျွမ်းသွားပြီး... အနားသတ်များမှ အနီရင့်ရောင် မီးတောက်များ ထွက်ပေါ်ကာ... စာရွက်တစ်ရွက်လုံးကို တဖြည်းဖြည်း ဝါးမြိုသွား၏။
စာရွက်လောင်ကျွမ်းသွားသည်နှင့် နက်နဲဆန်းကြယ်သော အရှိန်အဝါတစ်စွန်းတစ်စသည် မသိရှိရသော အဝေးတစ်နေရာသို့ ဦးတည်သွားလေသည်။
" ဝုန်း! "
စာရွက်လောင်ကျွမ်းပြီး... ခဏအကြာတွင် ရှောင်ယောက်ထျန်းကျွင်းရှေ့ရှိ လေဟာနယ်သည်... ရုတ်တရက် တွန့်လိမ်သွား၏။
နောက်တစ်ခဏ၌... အင်မော်တယ်အလင်းတန်းများ လွှမ်းခြုံထားသော ဝါးတားတားပုံရိပ်တစ်ခု... ပေါ်လာသည်။
" ဘာကိစ္စလဲ "
ထိုပုံရိပ် ပေါ်လာသည်နှင့်... ခံစားချက်ကင်းမဲ့နေသော ရွှေရောင်မျက်လုံးအစုံသည်.... ရှောင်ယောက်ထျန်းကျွင်းကို တည့်မတ်စွာ... စိုက်ကြည့်လိုက်သည်။ ထိုအကြည့်တစ်ခုတည်းနှင့်ပင်... ရှောင်ယောက်ထျန်းကျွင်းမှာ ဖော်ပြမရနိုင်သော ဖိအားများကို... ခံစားလိုက်ရသည်။
၎င်းသည်... သာမန်လူသားနယ်ပယ်ကို ကျော်လွန်နေသော အထက်ဘုံမှ... သက်ရှိအဆင့်အတန်းတစ်ခု၏ ကြိတ်ချေဖျက်ဆီးနိုင်သော... အရှိန်အဝါမျိုး ဖြစ်သည်။
" ချုံးဟွာထျန်းကျွင်းကို တင်ပြလိုတာက... အထက်ဘုံအတွက် ဆေးဝါးစားသုံးတဲ့ကိစ္စမှာ... အပြောင်းအလဲ အနည်းငယ် ရှိနေလို့ပါ "
ရှောင်ယောက်ထျန်းကျွင်းသည် ခေါင်းငုံ့ကာ လေးလေးစားစားနှင့် တိုးညင်းစွာ ပြောလိုက်သည်။
" အဆုံးမဲ့ကမ္ဘာမှာ... လူသားဧကရာဇ်လို နောက်ထပ်ဖြစ်တည်မှုတစ်ခု ပေါ်လာပြီး ရွှယ်ကျန်းကို သတ်လိုက်ပါပြီ... ကြီးမားတဲ့ စားသုံးခြင်းလုပ်ငန်းစဉ်ကိုလဲ နှောင့်ယှက်နေပါတယ် "
" ဒုတိယမြောက် လူသားဧကရာဇ် "
ချုံးဟွာထျန်းကျွင်းဟု ခေါ်သော ဖြစ်တည်မှုသည် မနှစ်မြို့ဖွယ် အတိတ်ကို ပြန်သတိရသွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
" အံ့သြစရာ မဟုတ်တော့ဘူး... အောက်ဘုံက ပူဇော်သက္ကာတွေ ဘာလို့ နောက်ကျနေလဲလို့ စဉ်းစားနေတာ... ဒီလို မထင်မှတ်ထားတဲ့ ကိစ္စမျိုး ဖြစ်ပျက်ခဲ့တာကိုး "
ထို့နောက် ချုံးဟွာထျန်းကျွင်းသည် လေသံပြောင်းကာ နှာခေါင်းရှုံ့လိုက်၏။
" ရွှယ်ကျန်းက အမှိုက်ကောင်ပဲ... မင်းလဲ အမှိုက်ပဲ... ငါမင်းကို သက်တမ်းရှည်ပစ္စည်းတွေ ပေးခဲ့တာ... ဒီလောကမှာ အချိန်ကြာကြာ နေနိုင်ခွင့်ပေးခဲ့တာက... အောက်ဘုံက အခြေအနေကို အပြည့်အဝ ထိန်းချုပ်ပြီး လူသားဧကရာဇ်လို ကိစ္စမျိုး ထပ်မဖြစ်အောင် တားဆီးဖို့ပဲ... အခု မင်းလုပ်ပုံက ဒီလိုလား "
ချုံးဟွာထျန်းကျွင်း၏ ဆူပူမှုကို နားထောင်ရင်း... ရှောင်ယောက်ထျန်းကျွင်း၏ မျက်ဝန်းထဲတွင် ရွံရှာမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း... သူ၏အမူအရာမှာ ရိုသေပြနေဆဲဖြစ်သည်။
" အရှင် သင်ပြတာ မှန်ပါတယ်... ဒါပေမယ့် အခု ကုချန် ရှိနေတဲ့အတွက် အောက်ဘုံက စားသုံးခြင်းလုပ်ငန်းစဉ် ဆက်လုပ်ဖို့ ခက်ခဲပါလိမ့်မယ်... အရှင့်အနေနဲ့ စစ်မှန်တဲ့ အင်မော်တယ် နှစ်ပါးလောက် စေလွှတ်ပြီး... ကုချန်ကို ရှင်းပစ်ပေးဖို့... အရာအားလုံးကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ပေးဖို့... မျှော်လင့်ပါတယ် "
ဒီစကားကို ကြားသောအခါ ချုံးဟွာထျန်းကျွင်းက ရှောင်ယောက်ထျန်းကျွင်းကို နက်နက်နဲနဲ ကြည့်ကာ လျစ်လျူရှုသော လေသံဖြင့် ပြောလိုက်သည်။
" အင်မော်တယ်တံခါး မပွင့်သေးဘူး...ကောင်းကင်နဲ့မြေကြီး ဆက်သွယ်မှု ပြတ်တောက်နေတယ်...စစ်မှန်တဲ့ အင်မော်တယ်နှစ်ပါးကို အောက်ဘုံလွှတ်ဖို့ဆိုတာ ငါ့ရဲ့ အင်မော်တယ်တစ်သောင်းမျှော်စင်အတွက်တောင် တော်တော်လေး တန်ကြေးကြီးတယ်.....
ဒီတစ်ကြိမ် မင်းတောင်းဆိုမှုကို လိုက်လျောပေးမယ်... ဒါပေမယ့် နောက်တစ်ကြိမ်သာဆိုရင်တော့ မင်းက အင်မော်တယ်တစ်သောင်းမျှော်စင်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အောက်ဘုံမှာ ဆက်ရှိနေသင့်လားဆိုတာ ငါပြန်စဉ်းစားရလိမ့်မယ် "
" ဟုတ်ကဲ့... ဟုတ်ကဲ့ အရှင် စိတ်ချပါ... နောက်တစ်ကြိမ် ထပ်မဖြစ်စေရပါဘူး "
ရှောင်ယောက်ထျန်းကျွင်းမှ အလျင်အမြန် ပြန်ဖြေလိုက်သည်။
" ဟွန့်! "
ချုံးဟွာထျန်းကျွင်းက နှာခေါင်းရှုံ့လိုက်ပြီး လေသံပြောင်းကာ ဆက်လက်ပြောကြား၏။
" စစ်မှန်တဲ့ အင်မော်တယ်နှစ်ပါးကို အောက်ဘုံလွှတ်မယ့်ကိစ္စကို ခဏဆိုင်းငံ့ထားရမယ်... အင်မော်တယ်တစ်သောင်းမျှော်စင်ထဲမှာ ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့တယ်... မယ်ကူအရှင် ကျဆုံးသွားပြီ... အကြောင်းရင်းကို မသိရဘူး.....
အဲ့ဒီသတင်းက နေရာအနှံ့ကို ရိုက်ခတ်သွားစေတယ်... မျှော်စင်ထဲက အရှင်တွေအကုန်လုံး မယ်ကူအရှင်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုအကြောင်းကို စုံစမ်းနေကြပြီ.....
ဒီကိစ္စ ရှင်းသွားမှပဲ အောက်ဘုံကို စစ်မှန်တဲ့ အင်မော်တယ်တွေ လွှတ်ပြီး... ငါ့ရဲ့ အင်မော်တယ်တစ်သောင်းမျှော်စင်ကို ဆန့်ကျင်ရဲတဲ့ ပုရွက်ဆိတ်ကောင်ကို... ကူညီရှင်းလင်းပေးမယ် "
အင်မော်တယ်တစ်သောင်းမျှော်စင်တွင် အင်မော်တယ်အရှင် အများအပြား ရှိသည်။
မယ်ကူအရှင်သည် အသစ်တက်လာသူဖြစ်ပြီး အခြားအရှင်များနှင့် ယှဉ်လျှင် အားနည်းသော်လည်း မျှော်စင်ထဲတွင် ဂုဏ်ရှိသော နေရာတစ်ခု ရထားသူဖြစ်သည်။
သို့သော် သိပ်မကြာခင်က... မယ်ကူအရှင်၏ ဝိညာဉ်တစ်စွန်းတစ်စ ပါဝင်သော ဝိညာဉ်ပြား ကွဲအက်သွားပြီး... မယ်ကူအရှင်သည် အင်မော်တယ်တစ်သောင်းမျှော်စင်၏ ဝိညာဉ်တစ်သောင်းခန်းမဆောင်ထဲတွင်... တိတ်တဆိတ် သေဆုံးသွားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ဤသတင်းသည် အင်မော်တယ်တစ်သောင်းမျှော်စင်တစ်ခုလုံးကို ချက်ချင်း ရိုက်ခတ်သွားစေခဲ့သည်။
ဂုဏ်ကျက်သရေရှိသော အင်မော်တယ်အရှင်အဆင့်တစ်ပါး... တိတ်တဆိတ် သေဆုံးသွားကာ... ဝိညာဉ်အပြီးတိုင် ချုပ်ငြိမ်းပြီး ရုပ်အလောင်းသာ ကျန်ရစ်ခဲ့ခြင်း... ထိုသို့သေဆုံးခြင်းမှာလည်း အင်မော်တယ်တစ်သောင်းမျှော်စင် အတွင်း၌ ဖြစ်ပျက်ခဲ့ခြင်းတို့ကြောင့်... အခြားအရှင်များကို စိုးရိမ်ထိတ်လန့်စေခဲ့သည်။
မယ်ကူအရှင် ဘယ်လိုအကြောင်းကြောင့် သေဆုံးသွားရသည်ကို သူတို့ မသိကြပေ။
ဤအဆင့်ရောက်မှတော့ ကျင့်ကြံခြင်းလမ်းကြောင်းလွဲ၍ သေဆုံးခြင်းမျိုး မဖြစ်နိုင်ပေ။ ထို့ကြောင့် မယ်ကူအရှင်သည် ကျင့်ကြံခြင်းပြဿနာကြောင့် သေဆုံးရခြင်း မဟုတ်သည်မှာ သေချာသည်။
ထို့အပြင် ဝိညာဉ်တစ်သောင်းခန်းမဆောင်သည် အင်မော်တယ်တစ်သောင်းမျှော်စင်၏ အဓိက လျှို့ဝှက်နေရာဖြစ်ပြီး အပြင်ဘက်တွင် အင်မော်တယ်တာအိုအကာအကွယ်များ ရှိသည်။ ပြင်ပမှ ချောင်းမြောင်းကြည့်ရှုခြင်းကို တားဆီးထားသလို ခန်းမဆောင်အတွင်းမှ အဆုံးမဲ့တာအို အတက်အကျများကိုလည်း သီးခြားခွဲထုတ်ထားသည်။
ထို့ကြောင့် မယ်ကူအရှင် မသေဆုံးမီ အခြေအနေကို ပြန်လည်ကြည့်ရှုရန် ကောင်းကင်နှင့်မြေကြီး၏ တာအိုအမှတ်အသားများကို ဖမ်းယူ၍ မရနိုင်ပေ။
သို့သော် မယ်ကူအရှင်၏ သေဆုံးမှုမှာ အခြားအရှင်များကို နေမထိထိုင်မသာ ဖြစ်စေသည်။
မယ်ကူအရှင်ကို တိတ်တဆိတ် သတ်နိုင်သူသည်... သူတို့ကိုလည်း တိတ်တဆိတ် သတ်နိုင်သည်ဟု... အဓိပ္ပာယ်ရသည်။
အခြေအနေကို ရှင်းလင်းစွာ မသိရဘဲ အင်မော်တယ်အရှင်များ မည်သို့ စိတ်အေးနိုင်မည်နည်း။
ထို့ကြောင့်... ဤကာလအတွင်း အင်မော်တယ်တစ်သောင်းမျှော်စင်၏ လေထုမှာ... လေးလံအုံ့မှိုင်းနေသည်။ ချုံးဟွာထျန်းကျွင်း အပါအဝင်... အခြားအရှင်များအားလုံး မယ်ကူအရှင်၏ လျှို့ဝှက်ဆန်းကြယ်သော သေဆုံးမှုကို စုံစမ်းစစ်ဆေးနေကြသဖြင့်... အောက်ဘုံကိစ္စကို ဂရုစိုက်ရန် အချိန်မရှိကြပေ။
သို့သော်... စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်တွင်လည်း... ချုံးဟွာထျန်းကျွင်းနှင့် အခြားသူများသည် လမ်းစပျောက်နေဆဲဖြစ်ပြီး... မယ်ကူအရှင် သေဆုံးရခြင်း၏ အကြောင်းရင်းမှန်ကို... ရှာမတွေ့သေးပေ။
ပို၍တိကျစွာ ပြောရလျှင်... သူတို့သည် အစကတည်းက မယ်ကူအရှင်၏ သေဆုံးမှုနှင့် ရွှယ်ကျန်းသေဆုံးမှုကို... လုံးဝ ဆက်စပ်မတွေးမိကြပေ။
အင်မော်တယ်အရှင်တစ်ပါးကို စစ်မှန်သော အင်မော်တယ်အဆင့်ပင် မရောက်သေးသည့်... အောက်ဘုံသားတစ်ယောက်မှ သတ်လိုက်သည်ဆိုခြင်းမှာ စိတ်ကူးယဉ်ဆန်လွန်းသည်ကြောင့်... မည်သူမျှ ထိုသို့မတွေးကြပေ။
ထို့ကြောင့် မယ်ကူအရှင်၏ သေဆုံးမှုနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှုမှာ ခေတ္တရပ်တန့်နေသည်။
မယ်ကူအရှင် ကျဆုံးသွားပြီလား။
ချုံးဟွာထျန်းကျွင်း၏ စကားကို ကြားသောအခါ ရှောင်ယောက်ထျန်းကျွင်း စိတ်ထဲတွင် တိတ်တဆိတ် ထိတ်လန့်သွား၏။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက... လူသားဧကရာဇ်ကို သစ္စာဖောက်ကာ ရွှယ်ကျန်းနှင့် ပူးပေါင်းစဉ်က... ဤအဆုံးမဲ့ကမ္ဘာကိစ္စကို ချုံးဟွာထျန်းကျွင်းက ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး... ထိုထူးဆန်းသော စာရွက်ကိုလည်း... ချုံးဟွာထျန်းကျွင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းမှသာ အင်မော်တယ်တစ်သောင်းမျှော်စင်၌ အဆုံးမဲ့ကမ္ဘာကို တာဝန်ယူသူမှာ ချုံးဟွာထျန်းကျွင်းမှ မယ်ကူအရှင်ထံ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ထိုမယ်ကူအရှင်သည် ရွှယ်ကျန်းနှင့်သာ ဆက်သွယ်ပြီး ရှောင်ယောက်ထျန်းကျွင်းကိုမူ တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။
ဆိုလိုသည်မှာ ရှောင်ယောက်ထျန်းကျွင်းသည် မယ်ကူအရှင်နှင့် မည်သည့်အဆက်အသွယ်မျှ မရှိခဲ့ပေ။
သို့သော် မယ်ကူအရှင်၏ သေဆုံးမှုမှာ ကုချန်နှင့် ပတ်သက်နေမည်ဟု ရှောင်ယောက်ထျန်းကျွင်း ကိုယ်တိုင်လည်း လုံးဝ ထင်မှတ်မထားပေ။
" အထက်ဘုံလည်း အေးချမ်းမနေပါလား... အင်မော်တယ်အရှင်တောင် ဒီလိုပဲ ကျဆုံးသွားနိုင်တာပဲ... ငါက အခု လူသားတာအိုနယ်ပယ်မှာပဲ ရှိသေးတာ... အင်မော်တယ်အဆင့်ကို အမြန်မတက်လှမ်းနိုင်ရင် ငါ့အလှည့်ကျရင် ပိုဆိုးမနေဘူးလား "
ရှောင်ယောက်ထျန်းကျွင်းသည် တွေးတောလျက် ရေရွတ်မိပြီး နှလုံးသားထဲတွင် ဖော်ပြလို့မရနိုင်သော လိုအပ်ချက်ကို ခံစားလိုက်ရသည်။
သူ အင်မော်တယ်အဆင့်ကို အမြန်ဆုံး တက်လှမ်းပြီး ပိုမိုသန်မာလာရန် လိုအပ်သည်။
သို့မဟုတ်ပါက တစ်နေ့တွင် သူသည်လည်း မယ်ကူအရှင်ကဲ့သို့ ဘာကြောင့်သေမှန်းမသိဘဲ သေဆုံးသွားရနိုင်သည်။
" ကောင်းပြီ... နောက်မှ စစ်မှန်တဲ့ အင်မော်တယ်နှစ်ပါးကို အောက်ဘုံလွှတ်မယ့်အချိန်ကျရင် ငါအသိပေးမယ်... မင်းက ကုချန်ရဲ့ တည်နေရာအတိအကျကိုသာ အမြဲမပြတ် စောင့်ကြည့်ထား "
ချုံးဟွာထျန်းကျွင်းသည် အေးစက်စွာ ပြောဆိုလိုက်၏။
" စိတ်ချပါ အရှင်... ကုချန်ရဲ့ လှုပ်ရှားမှုမှန်သမျှ ကျွန်ုပ်လက်ခုပ်ထဲမှာပါ "
ရှောင်ယောက်ထျန်းကျွင်းသည် အလျင်အမြန် အာမခံလိုက်၏။
ယခုအခါ... တာအိုအသွင်ပြောင်း ကောင်းကင်ရေကန်သည် ကုချန်လက်ထဲ ရောက်နေပြီဖြစ်ရာ... ထိုရေကန်ထဲတွင် ဝှက်ထားသော အမှတ်အသားမှတစ်ဆင့် ကုချန်၏ လှုပ်ရှားမှုများကို... အချိန်မရွေး စောင့်ကြည့်နိုင်ပေသည်။