← Chapters

အခန်း (၂၆၁-၂၆၂)

Vol. 19 Ch. 261-262

အခန်း (၂၆၁-၂၆၂)

Vol. 19 Ch. 261-262

‎အခန်း (၂၆၁) - ခြေရာခံရန် ခက်ခဲခြင်း၊ ဆန်းကြယ်သော ဆက်နွယ်မှုနှင့် ဟွမ်သွမ့်နယ်မြေ

‎

‎

‎

‎ကုချန်သည်... လူသားဧကရာဇ် ချန်ရစ်ထားခဲ့သော ဆန်းကြယ်သည့် သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်သည်နှင့် တပြိုင်နက်... သံလိုက်အိမ်မြှောင်ပေါ်ရှိ နဂါးပုံသဏ္ဍာန် လက်တံသည် ရူးမတတ် လည်ပတ်လာခဲ့သည်။

‎

‎

‎ယခုလက်ရှိအချိန်၌... လက်တံ၏ လည်ပတ်နှုန်းမှာ... အဆုံးမဲ့ကမ္ဘာတွင် ရှိခဲ့စဉ်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေပြီး... အစွန်းရောက်သည့် အခြေအနေသို့ပင်... ရောက်ရှိနေပြီဖြစ်သည်။

‎

‎

‎ကုချန်သည်... သံလိုက်အိမ်မြှောင်၏ လည်ပတ်မှုပုံစံထဲမှ... တစ်စုံတစ်ရာသော နိယာမကို ရှာဖွေရန် ကြိုးပမ်းရင်း... ဂရုတစိုက် လေ့လာကြည့်ရှုနေ၏။

‎

‎

‎အကြောင်းမှာ... သံလိုက်အိမ်မြှောင် ညွှန်ပြသည့် ဦးတည်ချက်အတိုင်း လိုက်လံရှာဖွေရန်မှာ... အလွန်ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။

‎

‎

‎ဟွမ်သွမ့်ပင်လယ်မှာ အကန့်အသတ်မရှိ ကျယ်ပြောလှပြီး... သံလိုက်အိမ်မြှောင်ညွှန်ပြသော နေရာမှာလည်း... အချိန်မရွေး ပြောင်းလဲနေ၏။ ကုချန်ကဲ့သို့သော အင်အားမျိုး ပိုင်ဆိုင်ထားလျှင်ပင်... တိုတောင်းလှသော အချိန်အတွင်း သံလိုက်အိမ်မြှောင်ညွှန်ပြသည့် တည်နေရာကို အပြည့်အဝ သတ်မှတ်နိုင်ရန်မှာ... ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့ ခက်ခဲလှပြီး... ကောင်းကင်ပေါ် တက်လှမ်းရသည်ထက်ပင် ခက်ခဲနေသေးသည်။

‎

‎

‎ထို့ကြောင့် ကုချန်သည် သံလိုက်အိမ်မြှောင်၏ လည်ပတ်မှုတွင် ပုံသေနိယာမတစ်ခုခု ရှိမရှိ ရှာဖွေကြည့်နေမိသည်။

‎

‎

‎ကုချန်၏အကြည့်တို့သည် လျှပ်စီးကဲ့သို့ စူးရှနေပြီး... လျင်မြန်စွာ လည်ပတ်နေသော နဂါးပုံသဏ္ဍာန်လက်တံသည်ပင်... သူ့မျက်လုံးထဲ၌ အလွန်နှေးကွေးသွားသကဲ့သို့ ရှိ၏။

‎

‎

‎သို့သော်... ကံမကောင်းစွာဖြင့် အမွှေးတိုင်တစ်တိုင်ထွန်းညှိချိန် ကုန်ဆုံးသွားပြီးနောက်... ကုချန်မှာ သက်ပြင်းရှည်ကြီးကိုသာ ချလိုက်ရတော့သည်။

‎

‎

‎ဤအခိုက်အတန့်တွင်... သူသည် အနည်းငယ် မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားလိုက်ရပြီး... ကိုင်တွယ်ရခက်ခဲကြောင်း တွေ့ရှိလိုက်ရသည်။

‎

‎

‎အကြောင်းမှာ... အမွှေးတိုင်တစ်တိုင်စာမျှ လေ့လာပြီးနောက်... ဆန်းကြယ်သော သံလိုက်အိမ်မြှောင် ညွှန်ပြနေသည့် နေရာ၌... မည်သည့် ပုံသေနိယာမမျှ မရှိနေကြောင်း... စိတ်ပျက်ဖွယ် တွေ့ရှိလိုက်ရခြင်းကြောင့်ပင်။

‎

‎

‎ပုံသေနိယာမမရှိခြင်းက... သံလိုက်အိမ်မြှောင်၏ ဦးတည်ရာကို လျင်မြန်စွာ မသတ်မှတ်နိုင်ကြောင်း ဆိုလိုနေပြီး... ကံတရားကိုသာ အားကိုးရမည့် သဘောပင်။ ဤအချက်မှာ ကုချန်ကို စိတ်အပျက်ရဆုံး ဖြစ်စေသည်။

‎

‎

‎အကယ်၍ ကံမကောင်းပါက... နှစ်ထောင်ချီ၊ သောင်းချီကြာအောင် ရှာဖွေလျှင်ပင်... မည်သည့်ရလဒ်မှ ရရှိလိမ့်မည် မဟုတ်ပေ။

‎

‎

‎ဟွမ်သွမ့်ပင်လယ်မှာ အဆုံးအစမဲ့ ကျယ်ပြောလှရာ သူမည်မျှကြာအောင် ရှာဖွေရမည်နည်း။

‎

‎

‎သို့သော် လက်ရှိတွင် ကုချန်၌ အခြားရွေးချယ်စရာ မရှိချေ။ 'ကံတရားကို လောင်းကြေးထပ်ခြင်း' ဖြစ်နေလျှင်ပင် စွန့်စားရုံသာ ရှိတော့သည်။

‎

‎

‎" ငါ့ကံတရားက လုံလောက်မယ်လို့ မျှော်လင့်ရတာပဲ "

‎

‎

‎ကုချန်သည် တီးတိုး ရေရွတ်လိုက်ပြီးနောက်... သံလိုက်အိမ်မြှောင် ညွှန်ပြသည့် ဦးတည်ချက်အတိုင်း... လျင်မြန်စွာ စတင်ရွေ့လျားလိုက်သည်။

‎

‎

‎ဤသို့ဖြင့် တစ်ရက်နီးပါး ကုန်ဆုံးသွားပြီးနောက် ကုချန်သည် ရပ်တန့်လိုက်၏။

‎

‎

‎သူ၏လက်ဖဝါးထဲတွင်... ရူးမတတ် လည်ပတ်နေဆဲဖြစ်သော သံလိုက်အိမ်မြှောင်ကို ကြည့်ရင်း... ကုချန်သည် မျက်ခုံးကျုံ့သွား၏။

‎

‎

‎သူ၏ တစ်ရက်လုံး ရှာဖွေမှုမှာ လုံးဝ အရာမထင်ခဲ့ချေ။

‎

‎

‎ဤရလဒ်မှာ... ကုချန်၏ မျှော်လင့်ထားမှု အတွင်း၌သာ ရှိသော်လည်း... သူ့အား အနည်းငယ် စိတ်ပျက်စေခဲ့သည်။

‎

‎

‎ဤနှုန်းထားအတိုင်းဆိုလျှင် မည်သည့်အချိန်ကျမှ သူရှာဖွေတွေ့ရှိနိုင်မည်နည်း။

‎

‎

‎" ကံတရားကို လောင်းကြေးထပ်တာကလဲ အလုပ်မဖြစ်ဘူးပဲ "

‎

‎

‎ကုချန်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူ၏ကံတရား ကောင်းမွန်လိမ့်မည်... သံလိုက်အိမ်မြှောင်ညွှန်ပြသည့် နေရာကို အားစိုက်ထုတ်စရာမလိုဘဲ ရှာတွေ့လိမ့်မည်ဟု... မူလက ထင်မှတ်ထားခဲ့သော်လည်း... ရလဒ်မှာ သူအလိုရှိသကဲ့သို့ ဖြစ်မလာခဲ့ပေ။

‎

‎

‎ဟွမ်ကျိုအာဆိုသော မိန်းကလေးကို ခေါ်လာခဲ့သင့်သလားဟု ကုချန် မသိစိတ်မှ တွေးလိုက်မိသည်။

‎

‎

‎သို့သော်... သူသည် သူ၏လက်ထဲရှိ ဆန်းကြယ်သော သံလိုက်အိမ်မြှောင်ကို... ဆက်လက် လေ့လာလိုက်သည်။

‎

‎

‎ဤဆန်းကြယ်သော သံလိုက်အိမ်မြှောင်သည် လူသားဧကရာဇ် ချန်ရစ်ခဲ့သော ပစ္စည်းဖြစ်သည်။

‎

‎

‎လူသားဧကရာဇ်က မထွက်ခွာမီ ဤပစ္စည်းကို လေးနက်စွာ အပ်နှင်းခဲ့ခြင်း၌ သဘာဝကျသော အကြောင်းရင်းတစ်ခု ရှိရပေမည်။

‎

‎

‎လူသားဧကရာဇ်အနေဖြင့်... သူ့အား ဤကဲ့သို့သော နောက်ပြောင်မှုကြီး ပြုလုပ်မည်မဟုတ်ဟု... ကုချန် ယုံကြည်သည်။ ဤသံလိုက်အိမ်မြှောင် ညွှန်ပြနေသည့် နေရာတွင်... စိတ်ကူးမယဉ်နိုင်လောက်သော ကံတရားအထောက်အပံ့ကြီး... ရှိနေပေလိမ့်မည်။

‎

‎

‎" ဒါပေမယ့်... အခု အဓိကပြဿနာက ငါဒီနေရာကို လုံးဝ ရှာမတွေ့နိုင်တာပဲ... တွေ့ရင်င်ကော ဘာထူးမှာလဲ... သူရဲ့တည်နေရာတွေ ပြောင်းလဲတဲ့နှုန်းက မြန်လွန်းနေတာ... ငါ အစွန်းအဖျားကိုတစ်ချက်ကလေး မြင်လိုက်ရရုံနဲ့တင် နေရာရွှေ့သွားပြန်ဉီးမယ် "

‎

‎

‎ကုချန်သည် ဖြေရှင်းနည်းတစ်ခုကို စဉ်းစားရင်း လေးနက်သော အကြည့်ဖြင့် ငေးမောနေမိသည်။

‎

‎

‎ရုတ်တရက် သူတစ်ခုခုကို သတိပြုမိသွား၏။

‎

‎

‎လူသားဧကရာဇ်သည် ကံတရားတာအိုကို ကျင့်ကြံခဲ့သူဖြစ်ရာ... ဤသံလိုက်အိမ်မြှောင်အတွင်းရှိ လျှို့ဝှက်ချက်များကို... ဖမ်းဆုပ်ကြည့်ရှုနိုင်ကောင်းသည်။ သူကိုယ်တိုင် ကံတရားတာအိုကို မကျင့်ကြံဖူးသော်လည်း... ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်တစ်ဖက်ကို တွေ့မြင်ခဲ့ရစဉ်က... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' နည်းလမ်းကို ထိုးထွင်းသိမြင်ခဲ့သည်။

‎

‎

‎'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' နည်းလမ်းသည် အရာအားလုံးကို လွှမ်းခြုံထားပြီး... ကောင်းကင်ဘုံ၏ တာအိုအားလုံး ၎င်းအတွင်း၌ ပါဝင်နေရာ... ကံတရားတာအိုသည်လည်း ချွင်းချက်မရှိ ပါဝင်ပေသည်။

‎

‎

‎သူသည် 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို အသုံးပြု၍... ဤဆန်းကြယ်သော သံလိုက်အိမ်မြှောင်ကို ဖြိုခွဲလေ့လာကြည့်လျှင်... မရနိုင်ပေဘူးလော။

‎

‎

‎ဤသို့ တွေးမိသည်နှင့် ကုချန်၏ စိတ်နှလုံး လှုပ်ရှားသွားလေသည်။

‎

‎

‎တုံ့ဆိုင်းနေခြင်း မရှိဘဲ... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို တိတ်တဆိတ် လည်ပတ်စေလိုက်ပြီး... ထိုစွမ်းအားများကို လက်ဖဝါးထဲရှိ သံလိုက်အိမ်မြှောင်ထဲသို့... ဂရုတစိုက် ထည့်သွင်းလိုက်လေသည်။

‎

‎

‎" ဝုန်း...! "

‎

‎

‎ကုချန်ကို အံ့အားသင့်စေပြီး ဝမ်းမြောက်စေသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏။

‎

‎

‎'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' စွမ်းအားကို လက်ခံရရှိပြီးနောက် သံလိုက်အိမ်မြှောင်၏ မျက်နှာပြင်သည် ဝိုးတဝါး အလင်းရောင်များဖြင့် တောက်ပလာလေသည်။

‎

‎

‎နဂါးပုံသဏ္ဍာန် လက်တံ၏ လည်ပတ်နှုန်းမှာလည်း... ချက်ချင်းဆိုသလို အဆပေါင်းများစွာ၊ ရာပေါင်းများစွာ... နှေးကွေးသွားတော့သည်။

‎

‎

‎" ဒါက..... "

‎

‎

‎ကုချန်သည်... ဤအပြောင်းအလဲကြောင့် ဝမ်းသာသလိုလို... နားမလည်သလိုလို ဖြစ်သွားရသည်။

‎

‎

‎သံလိုက်အိမ်မြှောင်လက်တံ၏ လည်ပတ်နှုန်း နှေးကွေးသွားခြင်းကြောင့်... ညွှန်ပြရာနေရာကို ရှာဖွေတွေ့ရှိနိုင်မည့် အခွင့်အလမ်း အဆမတန် တိုးပွားလာသဖြင့်... သူပျော်ရွှင်မိသည်။

‎

‎

‎သို့သော်... သူ၏ စွမ်းအားလည်ပတ်မှုသည် သံလိုက်အိမ်မြှောင်ကိုသာ... သက်ရောက်မှု ရှိစေသည်လော။ သို့မဟုတ်... သံလိုက်အိမ်မြှောင် ညွှန်ပြနေသည့် နေရာ၏ ရွေ့လျားနှုန်းကိုပါ... နှေးကွေးသွားစေခြင်းလော။

‎

‎

‎နှစ်ခုကြားတွင် မမြင်နိုင်သော ဆက်နွယ်မှု တစ်စုံတစ်ရာ ရှိနေသလော။

‎

‎

‎ကုချန်သည် နားမလည်နိုင် ဖြစ်နေပြီး... ခဏတာ အဖြေရှာမရ ဖြစ်နေသဖြင့်... သံလိုက်အိမ်မြှောင် ညွှန်ပြသည့် ဦးတည်ချက်အတိုင်း လုံ့လစိုက်ထုတ်၍... ဆက်လက်ရှာဖွေရန်သာ ဆုံးဖြတ်လိုက်သည်။

‎

‎

‎ဤတစ်ကြိမ် ရှာဖွေမှုသည် ယခင်ကထက် များစွာ ချောမွေ့လေသည်။

‎

‎

‎နဂါးပုံသဏ္ဍာန် လက်တံ လည်ပတ်မှု နှေးကွေးသွားခြင်းနှင့်အတူ... ကုချန်သည် လျင်မြန်စွာ ရွေ့လျားကာ အချိန်တိုအတွင်း... ဟွမ်သွမ့်ပင်လယ်၌ မိုင်သန်းပေါင်းများစွာ ခရီးနှင်ပြီးနောက်... နောက်ဆုံးတွင် သံလိုက်အိမ်မြှောင် ညွှန်ပြသောနေရာကို... အမှန်တကယ် ရှာတွေ့ခဲ့လေပြီ။

‎

‎

‎ရုတ်တရက်... နဂါးပုံစံလက်တံသည် ရူးမတတ် လည်ပတ်နေရာမှ ရပ်တန့်သွားပြီး... စိတ်ကူးမယဉ်နိုင်လောက်သော တောက်ပသည့် အရောင်အသွေးများ... ဖြာထွက်လာလေသည်။

‎

‎

‎ထိုတစ်ခဏ၌ ကုချန်သည် ဦးတည်ရာနေရာကို ဖျတ်ခနဲ မြင်တွေ့လိုက်ရသည်။

‎

‎

‎၎င်းသည်... အဆုံးမဲ့ ဟွမ်သွမ့်မြူခိုးများ လွှမ်းခြုံထားသော မိုင်တစ်ရာခန့်သာ ကျယ်ဝန်းသည့်... ဆန်းကြယ်သော နေရာတစ်ခုဖြစ်သည်။ ကျယ်ပြောလှသည့် ဟွမ်သွမ့်ပင်လယ်ကြီးနှင့် နှိုင်းယှဉ်လျှင်... ပြောပလောက်သည့် ပမာဏ မရှိချေ။

‎

‎

‎သို့သော်... ထိုနေရာမှ ထွက်ပေါ်နေသော အဆုံးမဲ့ ဟွမ်သွမ့်ချီများနှင့်... အထွတ်အထိပ် မြင့်မြတ်သည့် အငွေ့အသက်များက... ၎င်း၏ ထူးခြားမှုကို ချက်ချင်း သိရှိစေသည်။

‎

‎

‎ထိုဟွမ်သွမ့်နယ်မြေကို တွေ့ရှိလိုက်သည်နှင့်... ကုချန် စိတ်လှုပ်ရှားသွားပြီး ထိုနေရာသို့... အပြေးအလွှား သွားလိုက်လေသည်။

‎

‎

‎မျက်တောင်တစ်ခတ်စာ၏... သောင်းပုံတစ်ပုံမျှပင် မကြာလိုက်သော အချိန်အတွင်း... ကုချန်သည် ထိုဟွမ်သွမ့်နယ်မြေ၏ တည်နေရာသို့... ရောက်ရှိသွား၏။ သို့သော်... သူ့ကို ကြောင်အသွားစေသည်မှာ... သူရောက်ရှိသွားချိန်၌ ထိုမိုင်တစ်ရာကျယ်ဝန်းသော ဟွမ်သွမ့်နယ်မြေသည်... ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခြင်းပင်။

‎

‎

‎" ..... "

‎

‎

‎ကုချန် ဆဲရေးတိုင်းထွာချင်စိတ် ပေါက်သွားသော်လည်း... သံလိုက်အိမ်မြှောင် လမ်းညွှန်မှုအတိုင်း ဆက်လက် ရှာဖွေရုံမှတစ်ပါး... မတတ်နိုင်ချေ။

‎

‎

‎တစ်ကြိမ် ရှာတွေ့လျှင် ဒုတိယအကြိမ်လည်း ရှာတွေ့နိုင်ရမည်။

‎

‎

‎ထိုဟွမ်သွမ့်နယ်မြေသည် သူ၏ရှာဖွေမှုကို အမြဲတမ်း ရှောင်တိမ်းနေနိုင်မည်ဟု သူ မယုံကြည်ပေ။

‎

‎

‎ကုချန်သည် ဆိုးဝါးသောကံတရားကို မယုံကြည်ဘဲ ဟွမ်သွမ့်ပင်လယ်အတွင်း လျင်မြန်စွာ ဆက်လက် ရွေ့လျားနေသည်။

‎

‎

‎ရက်ဝက်ခန့် ကြာပြီးနောက် ထိုဟွမ်သွမ့်နယ်မြေကို ဒုတိယအကြိမ် ရှာဖွေတွေ့ရှိခဲ့သည်။

‎

‎

‎သို့သော် ထူးဆန်းသည်မှာ... ဤတစ်ကြိမ်တွင်လည်း သူနီးကပ်သွားသည်နှင့် တပြိုင်နက်... ထိုဟွမ်သွမ့်နယ်မြေသည် ချက်ချင်း ပျောက်ကွယ်သွားပြန်သည်။

‎

‎

‎၎င်းသည် အသက်ရှိနေသကဲ့သို့ ကုချန်ကို တမင် ရှောင်တိမ်းနေပုံရသည်။

‎

‎

‎ရှောင်တိမ်းနေတာလား။

‎

‎

‎လက်ဖဝါးထဲတွင်... လည်ပတ်နေဆဲဖြစ်သော သံလိုက်အိမ်မြှောင်ကို ကြည့်ရင်း... ကုချန်သည် အေးစက်စွာ ပြုံးလိုက်ပြီး... ဆက်လက် ရှာဖွေလိုက်သည်။

‎

‎

‎နောက်ထပ် ရက်ဝက်ခန့် ကြာသောအခါ ထိုဟွမ်သွမ့်နယ်မြေကို တတိယအကြိမ်မြောက် ရှာတွေ့ခဲ့သည်။

‎

‎

‎သို့သော်... ဤတစ်ကြိမ်တွင်မူ ထိုနယ်မြေ မထွက်ခွာနိုင်မီ... ကုချန်သည် 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို တိတ်တဆိတ် လည်ပတ်လိုက်ပြီး... ထိုဟွမ်သွမ့်နယ်မြေဆီသို့ လက်ဖဝါးတစ်ဖက် ဆန့်ထုတ်လိုက်တော့သည်။

‎

‎အခန်း (၂၆၂) - ကောင်းကင်ကျောက်တိုင်၊ လျှို့ဝှက်ချက်များနှင့် ကံတရား

‎

‎

‎

‎ဤတစ်ကြိမ်တွင်... ကုချန်သည် ဟွမ်သွမ့်နယ်မြေအတွင်းသို့... တစ်ကိုယ်တည်း အတင်းအဓမ္မ ဝင်ရောက်ရန်... မကြိုးစားတော့ပေ။ ထိုအစား... သူသည် ‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ စွမ်းအားကို ထုတ်ဖော်လိုက်ပြီး... ဟွမ်သွမ့်နယ်မြေကို နေရာတွင် ရပ်တန့်သွားစေရန် လက်ဝါးဖြင့် ဖိချကာ... ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

‎

‎

‎ဒါသည်လည်း စမ်းသပ်ချက်တစ်ခုပင်။

‎

‎

‎‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ စွမ်းအားသည်... ဆန်းကြယ်သော သံလိုက်အိမ်မြှောင်ကို သက်ရောက်မှု ရှိစေခဲ့သည့်အတွက်... ဤဟွမ်သွမ့်နယ်မြေကိုလည်း ခေတ္တထိန်းချုပ်နိုင်ကောင်းပါရဲ့ဟု ယူဆ၍... ချဉ်းကပ်ကြည့်ခြင်း ဖြစ်သည်။

‎

‎

‎" ဝုန်း...! "

‎

‎

‎ဧရာမလက်ဝါးကြီးသည် ချက်ချင်းပင် ဟွမ်သွမ့်နယ်မြေထက်သို့ ကျဆင်းသွား၏။

‎

‎

‎ထို့နောက် ဖြစ်ပေါ်လာသော ရလဒ်မှာ ကုချန်ကို ဝမ်းသာသွားစေခဲ့သည်။

‎

‎

‎လက်ဝါးကြီး ကျဆင်းလာသည်နှင့်အမျှ... ၎င်းတွင် ပါဝင်သော ‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ ၏ ကြီးမားသော စွမ်းအားသည်... ဟွမ်သွမ့်နယ်မြေနှင့် ပဲ့တင်ထပ်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်စေပြီး ၎င်းကို မရွေ့လျားနိုင်အောင်... ခေတ္တမျှ တည်ငြိမ်သွားစေခဲ့သည်။

‎

‎

‎ဤအရာကိုမြင်သည်နှင့် ကုချန်သည် တုံ့ဆိုင်းမနေတော့ပေ။ သူသည် ချက်ချင်း ပျံတက်သွားပြီး ဟွမ်သွမ့်နယ်မြေအတွင်းသို့ ဝင်ရောက်သွားတော့သည်။

‎

‎

‎အခွင့်အရေးဆိုသည်မှာ တစ်ခါသာ ရတတ်သည်။

‎

‎

‎ထို့ပြင်... ယခု လှုပ်ရှားနေသည်မှာ ‘ချီတစ်ခုမှ သန့်စင်ခြင်းသုံးပါး အသွင်ပြောင်းလဲခြင်း’ ပညာရပ်ဖြင့် ဖန်တီးထားသော... ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။ ဆုံးရှုံးသွားလျှင်ပင်... မူလခန္ဓာကိုယ်ကို ထိခိုက်မည် မဟုတ်သဖြင့်... ကုချန်သည် ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲခြင်း ဖြစ်သည်။

‎

‎

‎ခဏအတွင်းမှာပင် ကုချန်သည် ဤဟွမ်သွမ့်နယ်မြေထဲသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

‎

‎

‎သူ၏မျက်စိရှေ့မှ မြင်ကွင်းသည်လည်း အဆုံးအစမဲ့သော ဟွမ်သွမ့်နယ်မြေအဖြစ် ပြောင်းလဲသွား၏။

‎

‎

‎ကုချန်သည် သူ၏လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို မသိစိတ်မှ ကြည့်လိုက်မိသည်။

‎

‎

‎ယခင်က... အဆက်မပြတ် လည်ပတ်နေသော ဆန်းကြယ်သည့် သံလိုက်အိမ်မြှောင်သည် ယခုအခါ မလှုပ်ရှားတော့ဘဲ... ရှေ့တည့်တည့်ရှိ ဦးတည်ချက်တစ်ခုအား ညွှန်ပြနေသည်ကို... တွေ့လိုက်ရသည်။

‎

‎

‎ဤသည်ကိုမြင်လျှင်... ကုချန်သည် တိုးတိတ်စွာ ရယ်မောလိုက်ကာ... သံလိုက်အိမ်မြှောင် ညွှန်ပြသည့် ဦးတည်ချက်အတိုင်း... ဆက်လက် ချီတက်သွားလေသည်။

‎

‎

‎" မုန်ညင်းစေ့အထဲမှာ မြင်းမိုရ်တောင်ကို ထည့်သွင်းထားတဲ့ နည်းလမ်းများလား "

‎

‎

‎ခဏကြာ ရှေ့ဆက်သွားပြီးနောက် ကုချန်၏ မျက်နှာပေါ်တွင် အံ့သြသော အရိပ်အယောင်များ ပေါ်လာ၏။

‎

‎

‎သူသည် သတိကြီးစွာထားပြီး ဖြည်းဖြည်းချင်း ရွေ့လျားနေသော်လည်း... ဤအချိန်တိုအတွင်း သူဖြတ်သန်းခဲ့သော အကွာအဝေးသည် မိုင်တစ်ရာ အချင်းဝက်သာ ရှိသည့်... ဟွမ်သွမ့်နယ်မြေတစ်ခု၏ ပမာဏထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။

‎

‎

‎သို့သော်... ရလဒ်မှာ သူသည် ခရီးအဝေးကြီး နှင်ပြီးသည့်တိုင်... ဤဟွမ်သွမ့်နယ်မြေထဲတွင်သာ ရှိနေသေးပြီး... ထွက်ခွာသွားခြင်း မရှိသေးပေ။

‎

‎

‎ဤအချက်အတွက် ရှင်းပြနိုင်သော အကြောင်းပြချက် တစ်ခုသာ ရှိသည်။ အပြင်ဘက်မှ ကြည့်လျှင်... မိုင်တစ်ရာ အချင်းဝက်သာ ရှိသည်ဟု ထင်ရသော ဤဟွမ်သွမ့်နယ်မြေသည်... အတွင်းပိုင်းတွင်မူ အတိုင်းအဆမဲ့ ကျယ်ပြောလှခြင်း ဖြစ်ပေသည်။

‎

‎

‎ထိုအရာကို နားလည်ပြီးနောက် ကုချန်သည် ဆက်လက် ချီတက်ခဲ့၏။

‎

‎

‎ဤတစ်ကြိမ်တွင် တစ်နာရီနီးပါး ကြာမြင့်ပြီးနောက် ကုချန်၏မျက်စိရှေ့မှ မြင်ကွင်းမှာ နောက်ဆုံးတွင် ပြောင်းလဲသွားတော့သည်။

‎

‎

‎ကုချန်၏အမြင်အာရုံ တစ်ဆုံးတွင်... အဆုံးမဲ့ ဟွမ်သွမ့်ချီများ လှိုင်းထနေပြီး... ထိုဟွမ်သွမ့်ချီများ၏ အဆုံးတွင် မှုန်ဝါးဝါး ပုံရိပ်တစ်ခုသည်... တရိပ်ရိပ် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။

‎

‎

‎" အဲ့ဒါက..... "

‎

‎

‎ကုချန်သည် ထိုမှုန်ဝါးဝါး ပုံရိပ်ကို စူးစိုက်ကြည့်လိုက်ရာ တည်ငြိမ်နေကျ မျက်ဝန်းများပင် ရှားရှားပါးပါး တုန်လှုပ်သွားလေ၏။

‎

‎

‎သူဘာမြင်လိုက်ရသနည်း။

‎

‎

‎ထိုမှုန်ဝါးဝါး ပုံရိပ်သည် ခမ်းနားထည်ဝါသော ကောင်းကင်ကျောက်တိုင်ကြီး ဖြစ်နေသည်။

‎

‎

‎ရှေးဟောင်း ကောင်းကင်ကျောက်တိုင်ကြီးသည် ပြိုင်ဘက်ကင်းသော ခမ်းနားမှုဖြင့် ဟွမ်သွမ့်နယ်မြေ၏ အဆုံး၌ တည်ရှိနေလေသည်။

‎

‎

‎" ကောင်းကင်ကျောက်တိုင်? "

‎

‎

‎ကုချန်၏မျက်လုံးထဲမှ တုန်လှုပ်မှုများသည် ချက်ချင်းပင် ဇဝေဇဝါ ဖြစ်မှုအဖြစ် ပြောင်းလဲသွား၏။

‎

‎

‎အကြောင်းမှာ သူသည် ဤမြင်ကွင်းကို ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

‎

‎

‎ယခင်က ယွမ်ကျွင်းကို ဝိညာဉ်ရှာဖွေခဲ့စဉ်က ယွမ်ကျွင်း၏ မှတ်ဉာဏ်ထဲတွင် ဤမြင်ကွင်းကို မြင်တွေ့ခဲ့ဖူးသည်။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်း ကိုးသောင်းက... ယွမ်ကျွင်းသည် ကုချန်နှင့် တာအိုလမ်းစဉ် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့ပြီးနောက်... ဟွမ်သွမ့်ပင်လယ် နက်ရှိုင်းရာသို့ တစ်ကိုယ်တည်း ဝင်ရောက်သွားခဲ့သည်။ ထိုအချိန်တွင်... သူ၏ကံကြမ္မာကို ပြောင်းလဲပေးမည့် ဤကောင်းကင်ကျောက်တိုင်ကို... ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ထိုကောင်းကင်ကျောက်တိုင်မှနေ၍... သူသည် ‘ချီတစ်ခုမှ သန့်စင်ခြင်းသုံးပါး အသွင်ပြောင်းလဲခြင်း’ နည်းလမ်းတစ်ဝက်ကို နားလည်သဘောပေါက်ခဲ့ပြီးနောက်တွင်... ယွမ်ကျွင်းမဟာဧကရာဇ် အဆင့်အတန်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခု... ကုချန် မြင်တွေ့နေရသော ကောင်းကင်ကျောက်တိုင်သည်... ထိုစဉ်က ယွမ်ကျွင်း မြင်တွေ့ခဲ့ရသော... ကောင်းကင်ကျောက်တိုင်နှင့် တစ်ပုံစံတည်းပင်။

‎

‎

‎ပြောရလျှင်... ဤနေရာသည် ထိုစဉ်က ယွမ်ကျွင်း မတော်တဆ ရောက်ရှိသွားခဲ့သော... ဆန်းကြယ်သည့် နေရာပင် ဖြစ်သည်။

‎

‎

‎ထိုသို့ တွေးမိသောအခါ ကုချန်သည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။

‎

‎

‎ယွမ်ကျွင်း ပိုင်ဆိုင်ခဲ့သော... မပြည့်စုံသည့် ‘ချီတစ်ခုမှ သန့်စင်ခြင်းသုံးပါး အသွင်ပြောင်းလဲခြင်း’ နည်းလမ်းကို လေ့လာပြီးနောက်... ကျန်ရှိနေသော နည်းလမ်းများကို ဆက်လက် လေ့လာနိုင်ရန်အတွက်... ထိုကောင်းကင်ကျောက်တိုင်ကို မည်သည့်အချိန်မှ ရှာတွေ့နိုင်ပါ့မည်နည်းဟု... သူ ညည်းတွားခဲ့ဖူးသည်။

‎

‎

‎သူ အားစိုက်ခွန်စိုက်... ရှာဖွေခဲ့ရသော အရာသည် ဤမျှ လွယ်ကူစွာ တွေ့ရှိလိမ့်မည်ဟု... ထင်မှတ်မထားခဲ့မိပေ။

‎

‎

‎သူ မရှာဖွေရသေးခင်မှာပင်... ဤကောင်းကင်ကျောက်တိုင်က သူ၏ရှေ့မှောက်သို့... ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

‎

‎

‎ဤသည်ကို သဘောပေါက်လိုက်သည်နှင့်... ကုချန်သည် သူ၏လက်ဖဝါးထဲမှ ဆန်းကြယ်သော သံလိုက်အိမ်မြှောင်ကို... မသိစိတ်မှ ပြန်ကြည့်လိုက်မိပြီး စဉ်းစားသွားရ၏။

‎

‎

‎ဤဆန်းကြယ်သော သံလိုက်အိမ်မြှောင်ကို လူသားဧကရာဇ်မှ ပေးခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ဆိုလိုသည်မှာ... လူသားဧကရာဇ်သည်လည်း ဤနေရာသို့ ရောက်ဖူးပြီး... ဤနေရာ၏ ကံတရားအထောက်အပံ့ကို... ရရှိခဲ့ဖူးသည် မဟုတ်ပါလော။

‎

‎

‎ဟုတ်သည်။ ဒါဆိုလျှင် အဓိပ္ပာယ်ရှိသွားပြီ။

‎

‎

‎အဆုံးမဲ့ကမ္ဘာတွင် ရှေးယခင်ကတည်းက မွေးဖွားလာခဲ့သော အရှင်သခင်ပေါင်း ဒါဇင်နှင့်ချီ သို့မဟုတ် ရာနှင့်ချီ၍ ရှိခဲ့သည်။

‎

‎

‎သို့သော် အမှန်တကယ် ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့သူမှာ လူသားဧကရာဇ် တစ်ဦးတည်းသာ ရှိ၏။

‎

‎

‎လူသားဧကရာဇ်အနေဖြင့်... တာအိုလမ်းစဉ်ကို အောင်မြင်ပြီး ဧကရာဇ် ဖြစ်လာနိုင်ခြင်းမှာ... သူ၏ကိုယ်ပိုင် ကျင့်ကြံမှု နက်ရှိုင်းခြင်းအပြင်... ဤနေရာမှ ရရှိသော ကံတရားအထောက်အပံ့နှင့်လည်း... သက်ဆိုင်နေပေလိမ့်မည်။

‎

‎

‎နောက်ဆုံးတော့... လူတိုင်းသည် ယွမ်ကျွင်းကဲ့သို့ အသုံးမကျသူ... မဟုတ်ပေ။ ယွမ်ကျွင်းသည်... ကြီးမားသော ကံတရားအထောက်အပံ့ကို ရရှိခဲ့သော်လည်း... အဆုံးတွင် အရှင်သခင်အဆင့်သာ ဖြစ်လာခဲ့ပြီး... ကောင်းကင်ဘုံအရှင်သခင် အဆင့်သို့ပင်... မရောက်ရှိခဲ့ပေ။

‎

‎

‎လူသားမျိုးနွယ်၏ ထူးချွန်ပြောင်မြောက်ဆုံး ဖြစ်တည်မှု တစ်ခုအနေဖြင့်... လူသားဧကရာဇ်သည် ဤနေရာမှ ကံတရားအထောက်အပံ့ကို အမှီပြု၍... တာအိုလမ်းစဉ် အောင်မြင်ကာ ဧကရာဇ် ဖြစ်လာသည်မှာ... နားလည်၍ မရနိုင်သော ကိစ္စမဟုတ်ပေ။

‎

‎

‎သို့သော် ကုချန် နားမလည်နိုင်သော အချက်တစ်ချက် ရှိနေသေးသည်။ လူသားဧကရာဇ်သည် ဤနေရာကို ပထမဆုံးအကြိမ် မည်သို့ ရှာတွေ့ခဲ့သနည်း။

‎

‎

‎အကယ်၍... ယွမ်ကျွင်းကဲ့သို့ မတော်တဆ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါက... ဤနေရာ၏ တည်နေရာ အပြောင်းအလဲများကို... မှတ်တမ်းတင်ထားသော သံလိုက်အိမ်မြှောင်ကို... မည်သို့ ဖန်တီးခဲ့သနည်း။

‎

‎

‎လတ်တလော စူးစမ်းရှာဖွေမှုများအရ... ဤဆန်းကြယ်သော သံလိုက်အိမ်မြှောင်၏ လမ်းညွှန်မှု မပါဘဲ... ဟွမ်သွမ့်ပင်လယ်ထဲတွင် ဤဟွမ်သွမ့်နယ်မြေနှင့် မတော်တဆ တိုးမိလျှင်ပင်... သတိမထားမိဘဲ ကျော်သွားမိနိုင်ကြောင်း... ကုချန် အသေအချာ သိရှိထားသည်။

‎

‎

‎သို့မဟုတ်... ယွမ်ကျွင်းကဲ့သို့ ကံတရားအထောက်အပံ့ ရှာဖွေရန် ဝင်ရောက်သွားပြီး... ကောင်းကင်ကျောက်တိုင်ကို ခေတ္တမျှ နားလည်သဘောပေါက်ပြီးနောက်... ဤနေရာမှ နှင်ထုတ်ခံရကာ ဟွမ်သွမ့်နယ်မြေသည် ခြေရာလက်ရာမကျန်... ပျောက်ကွယ်သွားပေလိမ့်မည်။ ထပ်မံရှာဖွေရန်မှာ... ကောင်းကင်ပေါ် တက်လှမ်းရသကဲ့သို့... ခက်ခဲလှပေမည်။

‎

‎

‎သို့သော်... လူသားဧကရာဇ်သည် ဤနေရာကို ပထမအကြိမ် ရှာတွေ့နိုင်ခဲ့ရုံသာမက... ၎င်း၏ တည်နေရာများကို ရှာဖွေရန်... သံလိုက်အိမ်မြှောင်ကိုပါ ချန်ထားရစ်နိုင်ခဲ့သည်။ ဤစွမ်းရည်ကိုမူ... ကုချန် လေးစားအားကျရုံမှတစ်ပါး... မတတ်နိုင်ပေ။

‎

‎

‎ဒါ့အပြင် နောက် အချက်တစ်ချက် ရှိသေး၏။

‎

‎

‎သူ၏ ‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ စွမ်းအားသည်... အဘယ်ကြောင့် သံလိုက်အိမ်မြှောင်ကို သက်ရောက်မှု ရှိစေပြီး... ဤနေရာကိုပါ တစ်ပြိုင်နက် ထိန်းချုပ်နိုင်ရသနည်း။

‎

‎

‎‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ သာ မရှိပါက... သံလိုက်အိမ်မြှောင် တစ်ခုတည်းကို အားကိုး၍ ဤနေရာကို ရှာဖွေရန်မှာ... ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့ ခက်ခဲနေပေလိမ့်မည်။

‎

‎

‎‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ စွမ်းအားဖြင့်... ဤနေရာကို တည်ငြိမ်အောင် မထိန်းချုပ်နိုင်ပါက... ဤဟွမ်သွမ့်နယ်မြေထဲ ဝင်ရောက်ရန်... ပိုမို ကြိုးစားအားထုတ်ရပေလိမ့်မည်။

‎

‎

‎‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ ကိုယ်တိုင်သည်ပင် ဤနေရာနှင့် ရှင်းပြ၍ မရနိုင်သော ဆက်နွယ်မှု တစ်စုံတစ်ရာ ရှိနေသကဲ့သို့ပင်။

‎

‎

‎အရာအားလုံးကို ကံတရားက မသိမသာ စီစဉ်ထားသကဲ့သို့ ခံစားရသည်။

‎

‎

‎ပထမဦးစွာ သူသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော ဆန်းကြယ်သည့် လက်ဖဝါးမှနေ၍ ‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ နည်းလမ်းကို ရရှိခဲ့သည်။

‎

‎

‎ထို့နောက်... ယွမ်ကျွင်းထံမှ ‘ချီတစ်ခုမှ သန့်စင်ခြင်းသုံးပါး အသွင်ပြောင်းလဲခြင်း’ နည်းလမ်းကို ရရှိခဲ့ပြီး... ဤဟွမ်သွမ့်နယ်မြေ တည်ရှိကြောင်း သိရှိခဲ့ရသည်။

‎

‎

‎နောက်ဆုံးတွင်... လူသားဧကရာဇ်ထံမှ ဤဆန်းကြယ်သော သံလိုက်အိမ်မြှောင်ကို ရရှိခဲ့ပြီး... ‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ စွမ်းအားကို အသုံးပြု၍... ဤဟွမ်သွမ့်နယ်မြေထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

‎

‎

‎အဆင့်တိုင်းသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး တိုက်ဆိုင်မှု သက်သက်ဟု ရှင်းပြ၍ မရနိုင်ပေ။

‎

‎

‎ကုချန်၏စိတ်ထဲတွင် သံသယမျိုးစုံ ကိန်းအောင်းနေ၏။

‎

‎

‎သို့သော်... သူသည် ထိုသံသယအားလုံးကို ချက်ချင်း ဘေးဖယ်လိုက်ပြီး... ဟွမ်သွမ့်နယ်မြေ၏ အဆုံး၌ တည်ရှိနေသော ခမ်းနားထည်ဝါသည့်... ကောင်းကင်ကျောက်တိုင်ကြီးဆီသို့ စူးစိုက်ကြည့်လိုက်သည်။

‎

‎

‎သူ့တွင် ရှိနေသော မေးခွန်းများအားလုံး၏ အဖြေသည်... ဟွမ်သွမ့်နယ်မြေ အဆုံးရှိ ဤကောင်းကင်ကျောက်တိုင်ကြီးတွင်... ရှိနေပေလိမ့်မည်.....

All Chapters