အခန်း (၂၆၃-၂၆၄)
Vol. 19 Ch. 263-264
အခန်း (၂၆၃) - ကောင်းကင်ကျောက်တိုင် မှတ်တမ်းများ၊ အတိတ်မှ မြင်ကွင်းများနှင့် စစ်မှန်သော နားလည်ခြင်း
ကောင်းကင်ကျောက်တိုင်သည်... ခမ်းနားထည်ဝါစွာ တည်ရှိနေပြီး... နှစ်ပေါင်းမည်မျှကြာအောင် ရပ်တည်နေခဲ့သည်ကို... မသိနိုင်ချေ။ ၎င်းသည် ထာဝရကာလ၏ အစဦးကတည်းက တည်ရှိနေခဲ့သကဲ့သို့ပင် ဖြစ်သည်။
ထူထပ်သော ဟွမ်သွမ့်ချီများသည် ကျောက်တိုင်ပတ်လည်တွင် ဝဲပျံနေပြီး... မျက်နှာဖုံးတစ်ခုသဖွယ် ၎င်း၏ပုံသဏ္ဍာန်အမှန်ကို... ဖုံးကွယ်ထားသောကြောင့်... အတွင်းပိုင်းကို ထိုးဖောက်မြင်နိုင်ရန် ခက်ခဲစေသည်။
ကုချန်သည် ကောင်းကင်ကျောက်တိုင်အနီးသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားလေသည်။
ယွမ်ကျွင်း၏ မှတ်ဉာဏ်များအရ... ယွမ်ကျွင်းသည် ကျောက်တိုင်နားကပ်သွားစဉ် မည်သည့်အန္တရာယ်မှ... မကြုံတွေ့ခဲ့ရကြောင်း ကုချန်သိရှိထားသော်လည်း... သူသည် သတိကို မလျှော့ခဲ့ပေ။
ဤလျှို့ဝှက်ဆန်းကြယ်ပြီး... မသိနားမလည်နိုင်သော နေရာမျိုးတွင် မည်သည့်အရာမဆို ဖြစ်ပျက်နိုင်ပေရာ... မည်မျှပင် သတိထားစေကာမူ မလုံလောက်နိုင်ချေ။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ကုချန်သည် ကောင်းကင်ကျောက်တိုင်နှင့် ပိုမိုနီးကပ်လာခဲ့၏။
နောက်ဆုံးတွင်... သူသည် ကျောက်တိုင်ရှေ့သို့ ရောက်ရှိပြီး... ၎င်းပေါ်တွင် ရေးထွင်းထားသော အရာများကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ... ကုချန်၏မျက်နှာပေါ်တွင် ဖြစ်တောင့်ဖြစ်ခဲ အံ့အားသင့်သော အမူအရာတစ်ခု... ပေါ်လာလေသည်။
ဟုတ်ပါသည်... ထိုအရာမှာ အံ့အားသင့်မှုပင် ဖြစ်သည်။
" ဒါက..... "
ကုချန်သည် ကောင်းကင်ကျောက်တိုင်ပေါ်ရှိ မြင်ကွင်းကို စိုက်ကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။
သူဘာကို မြင်လိုက်ရသနည်း။
ကောင်းကင်ကျောက်တိုင်ပေါ်တွင် နက်နဲသော အမှန်တရားများ သို့မဟုတ် ပြိုင်ဘက်ကင်းသော အမွေအနှစ်များကို မှတ်တမ်းတင်ထားခြင်း မရှိဘဲ ပုံရိပ်တစ်ခုတည်းသာ ရှိနေခြင်းပင်။
ထိုပုံရိပ်သည် အလွန်ရိုးရှင်းပြီး သန့်စင်လှ၏။
ကောင်းကင်မှ ဆင်းသက်လာသော တောက်ပသည့် ကျောက်စိမ်းဖြူ လက်ဖဝါးတစ်ခုမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိပေ။
ကောင်းကင်မှ ဆင်းသက်လာသော တောက်ပသည့် ကျောက်စိမ်းဖြူ လက်ဖဝါး.....
ကုချန်အနေဖြင့်... ဤမြင်ကွင်းကို မည်သို့မမြင်ဖူးဘဲ... နေမည်နည်း။ အမှန်စင်စစ်... ဤသည်မှာ သူ၏ နတ်ဘုရားဝိညာဉ်ထဲတွင် စွဲထင်နေသော... ရင်းနှီးအကျွမ်းဝင်ဆုံး မြင်ကွင်းတစ်ခု ဖြစ်သည်။
အတိတ်ကာလက... လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားအတွင်း လဲလျောင်းပြီးနောက်... သူသည် မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းများကို... ဆက်တိုက်ဆိုသလို မြင်တွေ့ခဲ့ရဖူးသည်။
ထို့ပြင်... ကောင်းကင်မှ ဆင်းသက်လာသော ထိုတောက်ပသည့် ကျောက်စိမ်းဖြူ လက်ဖဝါးသည်... သူနောက်ဆုံးမြင်ခဲ့ရသော မြင်ကွင်းပင်ဖြစ်သည်။
ထိုအချိန်က... ကျောက်စိမ်းဖြူ လက်ဖဝါးသည် ကောင်းကင်မှ ဆင်းသက်လာပြီး... လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားဆီသို့... ဦးတည်လာခဲ့၏။ ကုချန်သည် ထိုလက်ဖဝါးကို ကြည့်ရှုရင်း... 'အဆုံးမဲ့ကောင်းကင်၏ စစ်မှန်သော နားလည်ခြင်း' တာအိုတရားကို... နားလည်သဘောပေါက်ခဲ့သည်။
ယခုအခါ... ဤလျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ကျောက်တိုင်ပေါ်တွင် ထွင်းထုထားသည့် ကျောက်စိမ်းဖြူလက်ဖဝါးမှာ... သူမြင်တွေ့ခဲ့ဖူးသော လက်ဖဝါးနှင့် ဆင်တူရုံသာမက... ထပ်တူကျနေခြင်းပင်တည်း။
ဤလျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ကျောက်တိုင်သည် သူမြင်တွေ့ခဲ့ဖူးသော မြင်ကွင်းတစ်ခုကို အမှန်တကယ် မှတ်တမ်းတင်ထားခြင်းလော။
ကုချန်သည် မျှော်လင့်မထားသော အခြေအနေကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
သူသည် ထိုမြင်ကွင်းကို လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလား၏ ကျေးဇူးကြောင့်သာ အတိတ်တွင် မြင်တွေ့ခွင့်ရခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်... ဤကျောက်တိုင်တွင် သူမြင်ဖူးသော အရာတစ်ခုကို... မှတ်တမ်းတင်ထားရသနည်း။
ဖြစ်နိုင်သည်မှာ... ဤကျောက်တိုင်ပေါ်ရှိ မြင်ကွင်းသည် အတိတ်က တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုဖြစ်ပြီး... အထွတ်အထိပ်ဖြစ်တည်မှုတစ်ခု သို့မဟုတ် အမည်မသိသော စွမ်းအားတစ်ခုမှ... ဤကျောက်တိုင်ပေါ်တွင် ထိုအခိုက်အတန့်ကို... မှတ်တမ်းတင် ရေးထွင်းခဲ့ခြင်း ဖြစ်မည်လော။
ထို့အပြင်... ခေါင်းတလားမှတစ်ဆင့် သူမြင်တွေ့ခဲ့ရသော မြင်ကွင်းသည်... ထိုအတိတ်ကာလ အဖြစ်အပျက်ကို ပြန်လည်ပြသခြင်းသာ... ဖြစ်နေမည်လော။
ကုချန်သည် ထပ်ခါတလဲလဲ စဉ်းစားကြည့်သော်လည်း ဤအချက်သည်သာ ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်နေသည်။
ဤဖြစ်နိုင်ချေတစ်ခုတည်းကသာ... ကုချန် ခေါင်းတလားထဲတွင် မြင်ခဲ့ရသည့် မြင်ကွင်းသည်... အဘယ်ကြောင့် ဤကောင်းကင်ကျောက်တိုင်ပေါ်တွင် ပြန်လည်ပေါ်လာရသနည်းဆိုသည်ကို... ရှင်းပြနိုင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ... လူသားဧကရာဇ်လက်ထက်ကတည်းက ရေတွက်လျှင်ပင်... ဤကျောက်တိုင်သည် အနည်းဆုံး... နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့ပြီဖြစ်သည်။
" ကောင်းကင်ကျောက်တိုင်က... ဒီလိုမြင်ကွင်းမျိုးကို မှတ်တမ်းတင်ထားတာဆိုတော့... မထူးဆန်းတော့ပါဘူး "
ကုချန်သည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်ရာ သူ၏စိတ်ထဲရှိ သံသယအချို့ ပျောက်ကွယ်သွားခဲ့သည်။
‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ စွမ်းအားသည်... ဤနေရာကို အဘယ်ကြောင့် သက်ရောက်မှုရှိနေသနည်းဟု သူစဉ်းစားခဲ့ဖူးသော်လည်း... ယခုအခါ သူနားလည်သွားပြီဖြစ်သည်။
‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ ဆိုသည်မှာ... မူလက ထိုကျောက်စိမ်းဖြူ လက်ဖဝါးကို ခွဲခြမ်းစိတ်ဖြာရာမှ... ကုချန် ရရှိခဲ့သော 'ကောင်းကင်ဘုံအလုံးစုံ၏ မူလအစ'... တာအိုတရားပင် ဖြစ်သည်။
ယခု... သူသည် ‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ စွမ်းအားကို အသုံးပြုနေချိန်တွင်... ၎င်းသည် ကျောက်တိုင်မှတ်တမ်းနှင့် အစကတည်းက တူညီခြင်းမရှိလျှင်ပင်... ထူးခြားသော ဆက်နွယ်မှုတစ်ခုခု ရှိနေသည်မှာ... သေချာ၏။ ထို့ကြောင့်... ၎င်းတို့အချင်းချင်း အာရုံခံနိုင်ပြီး တုံ့ပြန်မှုရှိခြင်းမှာ... နားလည်ရန် ခက်ခဲသော ကိစ္စမဟုတ်ပေ။
သို့သော် လူလူသားဧကရာဇ်ကိစ္စကို ထားလော့။
ထိုယွမ်ကျွင်းသည် ဤကျောက်တိုင်အနီးသို့ မည်သို့မည်ပုံ ချဉ်းကပ်နိုင်ခဲ့သနည်း။
သူကိုယ်တိုင်ပင် ‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ စွမ်းအားကို အားကိုးပြီး... အတော်လေး ကြိုးစားအားထုတ်ခဲ့ရမှ ကျောက်တိုင်အနီးသို့... ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်... ထိုအသုံးမကျသည့် ယွမ်ကျွင်းသည် မည်သည့်အရည်အချင်းနှင့်... ဤကျောက်တိုင်အနီးသို့ ချဉ်းကပ်ခွင့် ရခဲ့သနည်း။
ကုချန်သည် ဇဝေဇဝါဖြစ်နေပြီး တစ်ချိန်တည်းမှာပင် ရယ်စရာကောင်းသော အတွေးတစ်ခု သူ့စိတ်ထဲသို့ ဝင်လာ၏။
သူသည် ထိုအသုံးမကျသည့် ယွမ်ကျွင်းလောက်ပင် မစွမ်းဆောင်နိုင်ခြင်းလော။
သို့သော် ဤအဓိပ္ပါယ်မရှိသော အတွေးကို အလျင်အမြန်ပင် ဖယ်ရှားလိုက်၏။
အဘယ်ကြောင့်ဆိုသော်... ကုချန်အတွက် လက်ရှိအချိန်တွင် အရေးအကြီးဆုံးတာဝန်မှာ... ဤကျောက်တိုင်ပါ အကြောင်းအရာများကို အမြန်ဆုံး... နားလည်သဘောပေါက်ရန်ဖြစ်သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေ... ဤဟွမ်သွမ့်နယ်မြေသည် အချိန်မရွေး... ပျောက်ကွယ်သွားနိုင်၏။ သူသည် ‘ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း’ စွမ်းအားဖြင့်... ခေတ္တမျှ တည်ငြိမ်အောင် ထိန်းထားနိုင်သော်လည်း... မည်သည့်အရာကိုမျှ အာမခံနိုင်ခြင်းမရှိပေ။
အကယ်၍ သူအချိန်ဖြုန်းနေမိပြီး... ဤကျောက်တိုင်မှ လုံလောက်သော နားလည်သဘောပေါက်မှုကို မရရှိခဲ့လျှင်... ကုချန်သည် ပြောစရာစကားပင် ရှိတော့မည် မဟုတ်ချေ။
ထိုသို့တွေးမိသည်နှင့်... ကုချန်သည် အချိန်ဖြုန်းရန်... မဝံ့ရဲတော့ပေ။ သူ၏အကြည့်သည် ရွေ့လျားသွားပြီး... ကောင်းကင်ကျောက်တိုင်ပေါ်ရှိ တောက်ပသော ကျောက်စိမ်းဖြူ လက်ဖဝါးပေါ်သို့... ချက်ချင်း အာရုံစိုက်လိုက်၏။
" ဝုန်း! "
ကုချန်၏အကြည့်များ... ပုံရိပ်ထဲရှိ တောက်ပသော ကျောက်စိမ်းဖြူ လက်ဖဝါးပေါ်သို့ စူးစိုက်လိုက်သောအခါ... ယခင်ကမြင်ကွင်းများ ပြန်လည်ပေါ်လာ၏။
တစ်ခဏအတွင်းမှာပင်... ကုချန်၏ မျက်စိရှေ့၌... ထိုလက်ဖဝါး မရှိတော့ပေ။ ထိုအစား သူမြင်လိုက်ရသည်မှာ... အဆုံးမဲ့ တာအိုနည်းလမ်းများ၊ မရေမတွက်နိုင်သော မြင့်မြတ်စွမ်းရည်များ၊ အဆုံးမဲ့ကောင်းကင်၏ မူလအစနှင့်... စကြာဝဠာအပေါင်း၏ အထွတ်အထိပ်များပင် ဖြစ်သည်။
ထိုပြီးပြည့်စုံပြီး အပြစ်အနာအဆာကင်းကာ သန့်စင်လှသော လက်ဖဝါးသည်... အသွေးအသားဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်း မဟုတ်ဘဲ... အဆုံးမဲ့ ကောင်းကင်ဘုံများ၏ မူလအစ ဖြစ်နေသကဲ့သို့ပင်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့်... လူတစ်ဦးအား အဆုံးမဲ့ ကောင်းချီးများကို... ပေးစွမ်းနိုင်၏။
သူ အမြင်ချင်ဆုံးအရာက ဘာများလဲ။
သူ၏မျက်စိရှေ့တွင်... အရိပ်များသဖွယ် လက်ခနဲ ဖြတ်သန်းသွားသော အဆုံးမဲ့ မြင့်မြတ်စွမ်းရည်များနှင့် ကျင့်ကြံခြင်းနည်းစနစ်များကို ကြည့်ရင်း... သူ၏စိတ်နှလုံးထဲတွင် မျှော်လင့်ချက်နှင့် စိုးရိမ်စိတ်များ ရောထွေးကာ... လှိုင်းထန်လာခဲ့သည်။
သူ့အတွက် ယခုအချိန်တွင် အမြင်ချင်ဆုံးအရာမှာ... 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ၏... နောက်ဆက်တွဲ အခန်းကဏ္ဍများသာ ဖြစ်သည်။
အကယ်၍... ဤနည်းစနစ်ကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ပါက... ကုချန်၏ တိုက်ခိုက်နိုင်စွမ်းရည်သည် သံသယဖြစ်ဖွယ်မရှိ အဆမတန် တိုးတက်လာမည်ဖြစ်ပြီး... ထပ်ဆောင်းဝှက်ဖဲ တစ်ခုကိုပါ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
သို့သော်... အခြားသော အထွတ်အထိပ်နည်းလမ်းများ ဖြစ်နေလျှင်လည်း... လုံးဝလက်မခံနိုင်စရာတော့ မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ... လူသားဧကရာဇ်နှင့် ယွမ်ကျွင်းတို့၏ အတွေ့အကြုံများအရ... ဤလက်ဖဝါးမှ ဖော်ပြနိုင်သော မည်သည့် မြင့်မြတ်စွမ်းရည်နှင့် ကျင့်ကြံခြင်းနည်းစနစ်မဆို... ရတနာများထဲမှ ရတနာတစ်ပါး ဖြစ်ပေလိမ့်မည်... စကြာဝဠာအပေါင်းရှိ ကျင့်ကြံသူအားလုံး... အရူးအမူး လုယူကြမည့် အရာမျိုးပင် ဖြစ်သည်။
သို့သော် 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' မှာ ယွမ်ကျွင်း မြင်တွေ့ခဲ့ရသော အရာဖြစ်သည်။
ထို့ပြင်... ဤတောက်ပသော ကျောက်စိမ်းဖြူ လက်ဖဝါးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံချိန်တွင်... လူတစ်ဦးစီ မြင်တွေ့နိုင်သည့်အရာမှာ တူညီမှုမရှိနိုင်ဟု... သူထင်၏။
သူ့အနေဖြင့်... 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ကို မြင်တွေ့နိုင်မလားဆိုသည်မှာ... ကံတရားနှင့် ကံကောင်းခြင်းအပေါ်၌သာ... မူတည်နေသည်။
သူ၏အတွေးများ ရှုပ်ထွေးနေစဉ်မှာပင်... အရိပ်များသဖွယ် ဖြတ်သန်းသွားသော ကျင့်ကြံခြင်းနည်းစနစ်များနှင့် မြင့်မြတ်စွမ်းရည်များသည်... နောက်ဆုံးတွင် အပြီးသတ် တည်ငြိမ်သွားလေတော့၏။
သူ၏မျက်စိရှေ့တွင် ပေါ်လာသမျှအရာအားလုံးကို မြင်လိုက်ရသောအခါ ကုချန်သည် လုံးဝ တည်ငြိမ်သွားခဲ့၏။
အခြားအကြောင်းပြချက် မရှိပေ။ သူ၏ရှေ့တွင် ပေါ်လာသော တာအိုတရားသည်...'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' မဟုတ်သလို... အခြားသော အထွတ်အထိပ် မြင့်မြတ်စွမ်းရည်နည်းလမ်းလည်း... မဟုတ်ပေ။
၎င်းမှာ... အဆုံးမဲ့ကောင်းကင်၏ သာမန်အကြမ်းဖျင်းအစီအစဉ်... နည်းလမ်းပေါင်းစုံ၏ မူလအစဖြစ်သော ကုချန်မြင်တွေ့ဖူးသည့်... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ပင် ဖြစ်နေခြင်းကြောင့်ဖြစ်သည်။
မြင့်မြတ်စွမ်းရည်များ မရှိ... ကျင့်ကြံခြင်းနည်းစနစ်များ မရှိ... သူမြင်တွေ့ခဲ့ဖူးသော ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းသာ ဖြစ်နေဆဲပင်.....
ကုချန်၏အကြည့်သည် တည်ငြိမ်နေပြီး သူ၏စိတ်နှလုံးသည်လည်း ရေပြင်ကဲ့သို့ ငြိမ်သက်နေ၏။
သူ၏မျက်ဝန်းနက်နက်ထဲတွင်... အဆုံးမဲ့ အစီအရင်သင်္ကေတများနှင့် တာအိုနိယာမများဖြင့် ဖွဲ့စည်းထားသော... 'အဆုံးမဲ့တာအို' မီးဖိုနှစ်ခုသည် ဖြည်းညင်းစွာ... တည်ဆောက်ပုံဖော်လျက် ရှိသည်။
မီးဖိုထဲတွင်လည်း အဆုံးမဲ့တာအို မီးလျှံများက ပြင်းထန်စွာ လောင်ကျွမ်းနေလေသည်။
ယခုအချိန်တွင်... ကောင်းကင်ဧကရာဇ်ကျမ်းစာသည် အလိုအလျောက် လည်ပတ်နေပြီး... ကုချန်အား ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း စွမ်းအားကို... လုံ့လစိုက်ထုတ် ကျင့်ကြံနားလည်နိုင်ရန် ကူညီပေးနေသည်။
ဤသည်မှာ သံသယဖြစ်ဖွယ်မရှိ ရှည်လျားလွန်းသော ဖြစ်စဉ်တစ်ခု ဖြစ်ပေလိမ့်မည်။
လက်ရှိ ကုချန်အတွက်ပင်လျှင်... ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း၏ စစ်မှန်သော စွမ်းအားသည်... သူ မလှုပ်ခါနိုင်သော ဧရာမအရာကြီးတစ်ခု ဖြစ်နေဆဲဖြစ်ပြီး... အစွန်းအဖျားလောက်သာ ကြည့်ခွင့် ရနိုင်သေးသည်။
ယခု... သူသည် ဤ 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' နည်းလမ်းကို... နားလည်သဘောပေါက်ရန် ဒုတိယအကြိမ် အခွင့်အရေး ရရှိလာပြီဖြစ်ရာ... သူ့အနေဖြင့် ဤအခွင့်အရေးကို လွယ်လွယ်နှင့် လက်လွတ်ခံမည် မဟုတ်ချေ!
အခန်း (၂၆၄) - စနစ် ပြန်လည်အသက်ဝင်လာခြင်း၊ တစ်ရာခိုင်နှုန်းနှင့် ပုံရိပ်ခြောက်ခု
'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' နည်းလမ်းသည် ကျယ်ပြောလှပြီး အဆုံးအစမဲ့ပေသည်။ ၎င်းသည် နည်းလမ်းအပေါင်း၏ မူလအစဖြစ်သလို အဆုံးမဲ့တာအိုတို့၏ အမြစ်တွယ်ရာလည်း ဖြစ်ပေသည်။
ကုချန်၏ ခန့်မှန်းချက်အရဆိုလျှင်... ထို 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' သည်... တောက်ပသော ကျောက်စိမ်းဖြူလက်ဖဝါးအတွင်းရှိ အထွတ်အထိပ်စွမ်းအားများ ပါဝင်နေပြီး... အခြားမည်သည့် တာအိုတရားကမျှ ယှဉ်နိုင်ခြင်းမရှိပေ။
ဤသို့သော အခြေအနေတွင် ကုချန်အနေဖြင့် မည်သို့ စိတ်ပျက်အားငယ်မှု ဖြစ်မိပါမည်နည်း။
'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' နည်းလမ်းသည် အဖိုးတန်သော်လည်း... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို နားလည်သဘောပေါက်ခြင်းနှင့် ယှဉ်လိုက်လျှင်... သိသိသာသာ နိမ့်ကျနေသည်မှာ ထင်ရှားလှသည်။
ကုချန်၏မျက်လုံးများထဲတွင် 'အဆုံးမဲ့တာအို' မီးဖိုကြီးသည် ပြင်းထန်စွာ လောင်ကျွမ်းနေပြီး... ကောင်းကင်ဧကရာဇ်ကျမ်းစာကို 'လောင်စာ' အဖြစ် အသုံးပြုကာ... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ၏ အနှစ်သာရများကို နားလည်သဘောပေါက်နိုင်ရန်... ကူညီပေးနေသည်။
သို့သော်... ကံမကောင်းစွာဖြင့် ဤ 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' အတွင်းပါဝင်သော... တာအိုတရားသည် အလွန်ခမ်းနားကြီးကျယ်လွန်းလှသည်။
ကုချန်သည် အစွမ်းကုန် ကြိုးစားသော်လည်း ဆယ်ပုံတစ်ပုံ မဟုတ်လျှင် နှစ်ပုံခန့်ကိုသာ မှန်းဆနားလည်နိုင်ခဲ့သည်။
သူသည် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ ပိုမိုနားလည်သဘောပေါက်ရန် အစွမ်းကုန် ကြိုးစားရုံသာ တတ်နိုင်တော့သည်။
မည်သို့ပင်ဆိုစေကာမူ... ဤဟွမ်သွမ့်နယ်မြေသည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပြီး... ဤကောင်းကင်ကျောက်တိုင်ကို နောက်ထပ် မည်သည့်အချိန်မှ ပြန်လည်မြင်တွေ့ရမည်ကို... မသိနိုင်ချေ။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မည်သူသိနိုင်မည်နည်း။
မျက်စိတစ်မှိတ်အတွင်းသာ ကြာမြင့်သွားသော်ငြား နှစ်ပေါင်းထောင်ချီဟု ခံစားရ၏။
ကုချန်သည် တင်ပျဉ်ခွေထိုင်လျက် ငြိမ်သက်တိတ်ဆိတ်နေလေသည်။
သူ၏မျက်ဝန်းထဲရှိ 'အဆုံးမဲ့တာအို' မီးဖိုကြီးသည်... နောက်ဆုံးတွင် မီးတောက်မီးလျှံများ မရှိတော့ဘဲ... လုံးဝငြိမ်းသတ်သွားခဲ့ပြီ ဖြစ်သည်။
ကုချန်သည်လည်း ထိုနက်ရှိုင်းသော တာအိုနားလည်ခြင်း အခြေအနေမှ ပြန်လည်နိုးထလာခဲ့၏။
ဤတာအိုနားလည်သဘောပေါက်မှုသည် ဤအဆင့်ထိသာ ရောက်ရှိနိုင်တော့မည်။
ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ကုချန်၏စိတ်နှလုံးထဲတွင် ထိုအသိတရားများ ဝင်ရောက်လာခဲ့သည်။
အချိန်ကုန်သွားခြင်းကြောင့် မဟုတ်သလို... ကောင်းကင်ကျောက်တိုင် ပျောက်ကွယ်သွားခြင်းကြောင့်လည်း... မဟုတ်ပေ။ သူ၏လက်ရှိစွမ်းအားဖြင့်... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို... ဤအတိုင်းအတာထိသာ နားလည်နိုင်ခြင်းကြောင့် ဖြစ်သည်။
'အဆုံးမဲ့တာအို' မီးဖို ငြိမ်းသွားခြင်းသည်... ကုချန်တွင် အရာအားလုံးကို ကုန်ဆုံးသွားပြီဖြစ်ကြောင်း... ပြသနေသည်။ 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' စွမ်းအားကို... ဆက်လက်နားလည်ရန် သို့မဟုတ် ခွဲခြမ်းစိတ်ဖြာရန်... သူ့တွင် အင်အားမကျန်တော့ပေ။
ကုချန်သည် မျက်လုံးများကိုမှိတ်ကာ ဂရုတစိုက် အာရုံခံလိုက်၏။
ယခုအခါ... သူသည် 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ၏ အစိတ်အပိုင်းတစ်ခုကို နားလည်သဘောပေါက်ခဲ့ပြီ ဖြစ်သော်လည်း... သူ၏ လက်တွေ့တိုက်ခိုက်နိုင်စွမ်းရည်မှာ ယခင်ကနှင့် ယှဉ်လျှင်... များစွာတိုးတက်လာခြင်း မရှိလှပေ။
အဘယ်ကြောင့်ဆိုသော်... သူသည် ယခုအခါ ဧကရာဇ်အဆင့်ကို ကျော်လွန်နေသော ကောင်းကင်ဧကရာဇ်အဆင့်တွင် ရှိနေပြီး... လူသားတာအိုနယ်ပယ်၏ အထွတ်အထိပ်များထဲမှ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ... ရှေ့ဆက်တိုး၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။
သို့သော်... သူ၏ တိုက်ခိုက်နိုင်စွမ်းရည် သိသိသာသာ မတိုးတက်လာသော်လည်း... ကုချန်သည် သူ၏ 'အသက်ဓာတ်အနှစ်သာရ' မှာ ခုန်ပျံကျော်လွှား... အဆင့်မြင့်တင်ခြင်း ခံလိုက်ရသကဲ့သို့... ခံစားလိုက်ရသည်။
ဤသည်မှာ... မသိသာသော ခံစားမှုတစ်ခုဖြစ်ပြီး... သူ၏ အသက်ဓာတ်မြစ်ဖျားခံရာမှ ဖြစ်ပေါ်လာသော... ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုပင် ဖြစ်သည်။
အတိုချုပ်ပြောရလျှင်... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို နက်နက်ရှိုင်းရှိုင်း နားလည်လေလေ... ကုချန်၏ 'အသက်ဓာတ်အဆင့်အတန်း' မှာ မြင့်မားလာလေလေ ဖြစ်သည်။
အသက်ဓာတ်အဆင့်အတန်းဆိုသည်မှာ အဘယ်နည်း။
၎င်းသည် သက်ရှိတစ်ဦး၏ မွေးရာပါ အခြေခံအုတ်မြစ်ဖြစ်သလို နောက်ပိုင်းရရှိလာသော အခြေခံလည်း ဖြစ်သည်။
မြင့်မားသော အသက်ဓာတ်အဆင့်အတန်းရှိသည့် သက်ရှိများသည်... သဘာဝအလျောက် ပိုမိုသန်မာကြပြီး... အခြားသက်ရှိများထက် ပိုမိုမြင့်မားသော ကျင့်ကြံခြင်းအဆင့်များ ရှိကြသည်။
ကျင့်ကြံခြင်းအဆင့် တူညီနေလျှင်ပင်... မြင့်မားသော အသက်ဓာတ်အဆင့်အတန်းရှိသည့် သက်ရှိများသည်... နိမ့်ကျသော အသက်ဓာတ်အဆင့်အတန်းရှိသူများထက်... တာအိုတရားနှင့် ကျင့်ကြံခြင်းနည်းလမ်းများကို... နားလည်နိုင်စွမ်း များစွာသာလွန်ပေသည်။
ထို့ပြင်... နောက်ပိုင်းအဆင့်တက်လှမ်းခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းရည် တိုးတက်ခြင်းတို့အတွက်... မြင့်မားသော အသက်ဓာတ်အဆင့်အတန်းရှိသူများသည်... နိမ့်ကျသူများကို လုံးဝ ဖိနှိပ်ထားနိုင်၏။
ဤအချက်မှာ နားလည်ရန် အလွန်လွယ်ကူပေသည်။
သက်ရှိနှစ်ဦးကို ဥပမာထားကြည့်ကြပါစို့။ တစ်ဦးမှာ... အင်မော်တယ်ဘုရင်၏ တိုက်ရိုက်သွေးဆက်ဖြစ်ပြီး... မွေးဖွားလာကတည်းက သူတော်စင်အဆင့် ကျင့်ကြံသူဖြစ်သည်။
အခြားတစ်ဦးမှာ... အဆုံးမဲ့ကမ္ဘာမှ သာမန်သက်ရှိတစ်ဦးဖြစ်ပြီး... အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ... သူတော်စင်အဆင့်သို့ ရောက်ရှိလာသူဖြစ်သည်။
ဤနှစ်ဦးကို နှိုင်းယှဉ်ကြည့်လျှင်... မည်သူ၏ အနာဂတ်သည် အကန့်အသတ်မဲ့ဖြစ်မည်ဆိုသည်မှာ... သဘာဝကျကျပင် ထင်ရှားလှပေသည်။
ရှေးခေတ်မှ ယနေ့ထက်တိုင် ကံကြမ္မာကို ဆန့်ကျင်ခြင်းသည် အခက်ခဲဆုံးအရာဖြစ်သည်။
ကောင်းကင်ကို အန်တုရန် မည်မျှခက်ခဲသနည်း။ ကံကြမ္မာ ပြောင်းလဲခြင်းသည် သေလမ်းသာ ဧကန် ဖြစ်ပေသည်။
ယခုအခါ... ဤ 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို ကျင့်ကြံခြင်းဖြင့်... ကုချန်၏ အသက်ဓာတ်အဆင့်အတန်းသည် မသိမသာ မြင့်တက်လာခဲ့ရာ... ၎င်းသည် ကံကြမ္မာကို ဆန့်ကျင်ခြင်းနှင့် မခြားနားပေ။
" ဒီ... ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းက... ခေတ်အဆက်ဆက်ရဲ့ အကြီးမြတ်ဆုံး... နည်းလမ်း ဖြစ်လောက်တယ် "
ကုချန်သည် မနေနိုင်စွာ တီးတိုး ရေရွတ်လိုက်မိသည်။
ဤလောကတွင်... စွမ်းအားကြီးမားသော ကျင့်ကြံခြင်းနည်းစနစ်များနှင့် မြင့်မြတ်စွမ်းရည်များ ရှားပါးခြင်းမရှိသော်လည်း... ကျင့်ကြံသူတစ်ဦး၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည့်... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကဲ့သို့သော အရာမျိုးကို... ကုချန်တစ်ခါမျှ မကြားဖူးခဲ့ပေ။
အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေတို့၌ပင် ဤကဲ့သို့ ကောင်းကင်ကို အန်တုနိုင်သော နည်းလမ်းမျိုး ရှိမည်မဟုတ်ဟု သူခန့်မှန်းမိသည်။
ကုချန်သည်... သူ၏ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ဂရုတစိုက် ခံစားနေစဉ်မှာပင်... ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော သာယာနာပျော်ဖွယ် အသံတစ်ခု... သူ၏နားထဲတွင် တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့သည်။
[ ဒင်! အရှင့်အနေဖြင့် 'အဆုံးမဲ့ကောင်းကင်၏ စစ်မှန်သော နားလည်ခြင်း' ၏ ၁ ရာခိုင်နှုန်းကို နားလည်သဘောပေါက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ အရှင့်အား ဂုဏ်ပြုအပ်ပါသည်။ ]
[ အထူးဆုလာဘ် - အကြွင်းမဲ့အရိပ်ခြောက်ပါး တာအိုအဆောင်လက်ဖွဲ့၊ ကံတရားပြောင်းပြန်လှန်ခြင်း အမွှေးတိုင် တစ်တိုင်။ ]
စနစ်လား?
နားထဲမှ အသံကို ကြားလိုက်ရသောအခါ ကုချန်သည် အနည်းငယ် အံ့အားသင့်သွား၏။
သူ၏စနစ်သည် ဖြစ်တည်မှု မရှိသလောက်ဟု ပြောနိုင်သည်။
ဧကရာဇ်ဂိတ်တွင် စတင်အသက်ဝင်လာကတည်းက စနစ်သည် စုစုပေါင်း နှစ်ကြိမ်သာ ပေါ်လာခဲ့ဖူးသည်။ ပထမတစ်ကြိမ်မှာ... ဧကရာဇ်ဂိတ်၌ သူ့အား ဧကရာဇ်အဆင့်အထွတ်အထိပ် ကျင့်ကြံခြင်းစွမ်းအား ပေးအပ်ချိန်ဖြစ်ပြီး... ဒုတိယတစ်ကြိမ်မှာ ကောင်းကင်ဘုံကို ကာကွယ်ရန်... အစီအရင်ဖြင့် ဆုချချိန်ဖြစ်သည်။
ထိုမှလွဲ၍ စနစ်သည် တစ်ခါမျှ ပေါ်မလာခဲ့သဖြင့် ကုချန်သည် ၎င်းရှိနေကြောင်းကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့ပြီ။
ယခု စနစ်၏ ရုတ်တရက် ဆုချသည့်အသံကြောင့် ကုချန် အံ့ဩသွားသည်မှာ သဘာဝကျ၏။
ပထမအချက်မှာ... စနစ်၏ ယခင်ပေါ်လာချိန် နှစ်ကြိမ်စလုံးတွင် ဆုလာဘ်မပေးမီ... သူ့အား ရွေးချယ်မှုပြုလုပ်ခိုင်းခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော်... ဤတစ်ကြိမ်တွင်မူ မည်သည့်ရွေးချယ်မှုကိုမျှ ပြုလုပ်ရန် မတောင်းဆိုဘဲ... သူ့အား 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို အတိုင်းအတာတစ်ခုအထိ ကျင့်ကြံနိုင်ခဲ့ခြင်းကြောင့်... ဆုလာဘ် ပေးအပ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ... တကယ်ပင် မကြုံဖူးသော... ထူးခြားမှုပင်ဖြစ်သည်။
ဒုတိယအချက်မှာ... စနစ်သည် သူ၏ 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကျင့်ကြံမှု တိုးတက်သည်ကို... တိကျစွာ ဆုံးဖြတ်နိုင်ခြင်းကြောင့် ဖြစ်သည်။
ဤ 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' သည်... ကုချန်ကိုယ်တိုင်ပင် အံ့ဩရသည့်... အထွတ်အထိပ် နည်းလမ်းတစ်ခုဖြစ်၏။ သူကိုယ်တိုင်ပင်လျှင်... ဤတစ်ကြိမ်တွင် 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို... မည်မျှအတိုင်းအတာထိ နားလည်သဘောပေါက်ခဲ့သည်ကို မသိရှိခဲ့ပေ။
အမှန်စင်စစ်... သူ၏ သုံးသပ်ချက်အရဆိုလျှင် အင်မော်တယ်နယ်မြေမှ တန်ခိုးကြီးမားလှသော အင်မော်တယ်ဘုရင်များပင်လျှင်... ဤ 'အဆုံးမဲ့တာအို စစ်မှန်သော နားလည်ခြင်း' ကို အပြည့်အဝ ကျင့်ကြံနိုင်မည်မဟုတ်ဘဲ... အများဆုံး အပေါ်ယံ အစိတ်အပိုင်းအနည်းငယ်မျှသာ ကျင့်ကြံနိုင်ပေလိမ့်မည်။
သို့သော်... ယခုအခါ စနစ်သည် သူ၏ကျင့်ကြံခြင်း တိုးတက်မှုကို... တိကျစွာ ဆုံးဖြတ်နိုင်ခဲ့သည်။
ဤအချက်က စနစ်၏ အနှစ်သာရသည်... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ထက်ပင် ကျော်လွန်နေကြောင်း... သက်သေပြနေသည် မဟုတ်ပါလော။
ဤသည်မှာ ကုချန်အား အံ့အားအသင့်ဆုံး ဖြစ်စေခဲ့သည့် အချက်ပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကုချန်သည် သက်ပြင်းချလိုက်မိ၏။
သူသည်... ဤ 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို နှစ်ကြိမ်တိုင်တိုင် ကျင့်ကြံနားလည်ခဲ့သော်လည်း... နောက်ဆုံးရလဒ်မှာ ၁ ရာခိုင်နှုန်းမျှသာ ရှိသေး၏။
" မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူးလေ "
ခဏမျှ တွေးတောပြီးနောက်... ကုချန်သည် ခေါင်းခါကာ... ရယ်မောလိုက်၏။ သူသည်... စနစ်၏ မူလဇစ်မြစ်နှင့် လျှို့ဝှက်ချက်များကို ဆက်လက်စဉ်းစားမနေတော့ဘဲ... စနစ်မှ ပေးအပ်လိုက်သော ဆုလာဘ်များကို... စတင်စစ်ဆေးလိုက်သည်။
ပထမဆုံးဆုလာဘ်မှာ 'အကြွင်းမဲ့အရိပ်ခြောက်ပါး တာအိုအဆောင်လက်ဖွဲ့' ဖြစ်သည်။
စုစုပေါင်း တာအိုအဆောင်လက်ဖွဲ့ လေးခုသည် ကုချန်၏ လက်ဖဝါးပေါ်တွင် ငြိမ်သက်စွာ ရှိနေ၏။
အကြီးတစ်ခုနှင့် အငယ်သုံးခု ပါဝင်သော... ဤအဆောင်လက်ဖွဲ့ လေးခုစလုံးသည် ပုံပန်းသဏ္ဍာန် တူညီကြပြီး... ရှည်သွယ်သော မျက်လုံးပုံစံ ရှိကာ မျက်နှာပြင်ပေါ်တွင်... နက်ရှိုင်းသော အမှောင်ရိပ်များ ဖုံးလွှမ်းနေ၏။
ကုချန်၏ အကြည့်ကျရောက်သွားသည်နှင့်... တာအိုအဆောင်လက်ဖွဲ့များ၏ အသုံးပြုပုံအသေးစိတ်သည်... သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။
[ အကြွင်းမဲ့အရိပ်ခြောက်ပါး တာအိုအဆောင်လက်ဖွဲ့ - အရပ်မျက်နှာဆယ်ခုတွင် ခြေရာမထင်... သံသရာခြောက်ပါးတွင် ပုံရိပ်မဲ့သည်။ ဤအဆောင်လက်ဖွဲ့ကို ကိုင်ဆောင်ထားပါက... အဆုံးမဲ့ကမ္ဘာများတစ်လျှောက် ချက်ချင်း ခရီးနှင်နိုင်သည်။ ]
[ အဆောင်လက်ဖွဲ့ကို မိခင်အဆောင်လက်ဖွဲ့ တစ်ခုနှင့် အဆောင်လက်ဖွဲ့ငယ် သုံးခုဟူ၍ ခွဲခြားထားသည်။ ]
[ အဆောင်လက်ဖွဲ့ငယ် သုံးခုသည် မိခင်အဆောင်လက်ဖွဲ့ ရှိရာနေရာသို့သာ ဆက်သွယ်ပို့ဆောင်နိုင်သည်။ ]
[ မိခင်အဆောင်လက်ဖွဲ့ ကိုင်ဆောင်ထားသူသည် အဆုံးမဲ့ကမ္ဘာများအတွင်း သူရောက်ရှိဖူးသော မည်သည့်နေရာကိုမဆို လွတ်လပ်စွာ ဆက်သွယ်ကူးပြောင်းနိုင်သည်။ ]
[ အဆောင်လက်ဖွဲ့အားလုံးကို ပြန်လည်အသုံးပြုနိုင်သော်လည်း... အသုံးပြုပြီးတိုင်း ပို့ဆောင်ရသည့် အကွာအဝေးအပေါ် မူတည်၍... စွမ်းအားပမာဏ ကွဲပြားစွာ ကုန်ဆုံးမည်ဖြစ်သည်။ အဆောင်လက်ဖွဲ့၏ စွမ်းအား ကုန်ဆုံးသွားပါက... နောက်တစ်ကြိမ် ပြန်မသုံးမီ... အပြည့်အဝ ပြန်လည်ဖြည့်တင်းရမည်ဖြစ်သည်။ ]