အခန်း (၂၆၇-၂၆၈)
Vol. 20 Ch. 267-268
အခန်း ( ၂၆၇ ) - ခန့်မှန်းရခက်ခြင်း၊ ကုချန်၏ စီမံမှုနှင့် ကိုယ်ကိုပုံအပ်ခြင်း
ဆုံးဖြတ်ချက်ချပြီးနောက် ကုချန်သည် အဆုံးမဲ့ကမ္ဘာဆီသို့ ချက်ချင်း ထွက်ခွာလာခဲ့သည်။
တစ်ရက်အကြာတွင် သူသည် အထက်ဘုံသို့ တိတ်တဆိတ် ပြန်ရောက်လာပြီး " အကြွင်းမဲ့အရိပ်ခြောက်ပါးအဆောင် " နှင့် " တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန် " တို့ကို မူလခန္ဓာထံ လွှဲပြောင်းပေးလိုက်သည်။
ထို့နောက် သူသည် ဟွမ်သွမ့်ပင်လယ်အတွင်း ပြန်လည်ဝင်ရောက်ကာ နတ်ဆိုးနယ်မြေဆီသို့ ခရီးဆက်ခဲ့သည်။
ရေကန်ကို လက်ခံရရှိပြီးနောက် မူလခန္ဓာသည် အချိန်ဖြုန်းမနေဘဲ အထက်ဘုံ တားမြစ်နယ်မြေ၏ နက်ရှိုင်းသောနေရာတွင် "တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်" ကို နေရာချလိုက်သည်။
" ဝုန်း! "
ရေကန်ကြီး ကျဆင်းလာမှုနှင့်အတူ ကုမိသားစုဝင်အားလုံး လန့်ဖျပ်သွားကြပြီး ကောင်းကင်မှ ကျဆင်းလာသော ရှေးဟောင်းရေကန်ကြီးကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။
ထိုအထဲတွင် ကုဝူရှန့်၏ မျက်နှာအမူအရာမှာ အထူးခြားဆုံး ဖြစ်နေသည်။
လွန်ခဲ့သော နှစ်ပေါင်း ငါးသောင်းခန့်က ဟွမ်သွမ့်ပင်လယ်ထဲတွင် သူ မတော်တဆ ဝင်ရောက်ခဲ့ဖူးသော ရေကန်နှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသောကြောင့်ပင်။
ဤရေကန်ကြီး ကောင်းကင်မှ ကျဆင်းလာခြင်းမှာ ဘိုးဘေး၏ လက်ချက်ဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
သို့သော် ဤရေကန်သည် သူတွေ့ခဲ့ဖူးသော ရေကန်ဖြစ်နေမည်လော။
ဘိုးဘေးက ၎င်းကို ဘယ်နေရာကနေများ ရှာတွေ့ခဲ့ပါလိမ့်။
" ဒါ... ဘိုးဘေးက ဘာလုပ်ချင်တာလဲ "
ကုတောက်လင်းသည် ကောင်းကင်မှ ကျဆင်းလာသော ရေကန်ကြီးကို ကြည့်ရင်း အံ့ဩထိတ်လန့်သွား၏။
ရေကန်ထဲသို့ မဝင်ရောက်ရသေးခင်မှာပင် ထိုအရာမှ ထွက်ပေါ်နေသော အထွတ်အထိပ် ခမ်းနားထည်ဝါမှုကို သူခံစားမိနေသည်။
ဤရှေးဟောင်းရေကန်သည် အဆုံးမဲ့ကမ္ဘာရှိ အထွတ်အထိပ် ဧကရာဇ်လက်နက်များထက်ပင် ပိုမိုမြင့်မြတ်ကြောင်း ဝိုးတဝါး ခံစားမိလိုက်သည်။
" ဒါက... အရှင်သခင်ကို ငါအရင်က ပြောပြဖူးတဲ့ ဟွမ်သွမ့်ပင်လယ်ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာ မဟုတ်ဘူးလား...အရှင်သခင်က ဘယ်လိုလုပ်ပြီး ဒါကို ဒီနေရာထိ တိုက်ရိုက် ရွှေ့ပြောင်းလာနိုင်တာလဲ "
ဖီးနစ်ဧကရာဇ်သည် တုန်လှုပ်ချောက်ချားသွား၏။ အဘယ်ကြောင့်ဆိုသော်... ဤရှေးဟောင်းရေကန်ကြီးသည် ယခင်က... လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးနောက်သို့ လိုက်ရင်း... သူရှာတွေ့ခဲ့ဖူးသည့် နေရာဖြစ်ကြောင်း... ရုတ်တရက် သတိပြုမိလိုက်သောကြောင့်ပင်။
ထိုအချိန်က ရေကန်ရှိရာသို့ ရောက်ခဲ့သော်လည်း ဖီးနစ်ဧကရာဇ်သည် မဆင်မခြင် ဝင်ရောက်စူးစမ်းခြင်း မပြုရဲခဲ့ပေ။
အကယ်၍ ဝင်ရောက်မိပါက ချက်ချင်း သေဆုံးသွားနိုင်လောက်သည့် အဆုံးမဲ့ အန္တရာယ်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် အဆုံးမဲ့ကမ္ဘာသို့ တိတ်တဆိတ် ပြန်လှည့်လာခဲ့ပြီး... နောင်တစ်ချိန် ကောင်းကင်ချောက်နက်ကို စိန်ခေါ်ရာတွင် အင်မော်တယ်အဖြစ် မတက်လှမ်းနိုင်ပါက... ဤရေကန်သို့ ပြန်လာပြီး စွန့်စားဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်... အရှင်သခင်အား ထိုတည်နေရာကို ပြောပြပြီး နှစ်ရက်အကြာတွင်... အရှင်သခင်သည် ဤရေကန်ကြီးကို တားမြစ်နယ်မြေထဲသို့ တိုက်ရိုက် ရွှေ့ပြောင်းလာလိမ့်မည်ဟု... သူ မထင်ထားခဲ့ချေ။
ဤအရာက တကယ့်ကို.....
ဖီးနစ်ဧကရာဇ်မှာ ဘယ်လို ပြောရမှန်းပင် မသိတော့ချေ။
သူ အလွန်အန္တရာယ်များသည်ဟု ထင်မှတ်ထားသော နေရာသည်... ကောင်းကင်ဘုံ အရှင်သခင်၏ မျက်လုံးထဲတွင် အရေးမပါသည့်အရာ ဖြစ်နေပုံရပြီး... ဟွမ်သွမ့်ပင်လယ် နက်ရှိုင်းရာမှ အလွယ်တကူ ပြန်လည်သယ်ဆောင်လာနိုင်ခဲ့သည်။
ပို၍ အရေးကြီးသည်မှာ... အရှင်သခင်သည် လွန်ခဲ့သော နှစ်ရက်အတွင်း အထက်ဘုံတွင်သာ ရှိနေပြီး... ဘယ်ကိုမျှ မသွားခဲ့ခြင်းပေ။
ထိုသို့ဆိုလျှင် ဤရေကန်ကို မည်သူမှ ယူဆောင်လာသနည်း။
ဤအချက်ကို တွေးမိသောအခါ ဖီးနစ်ဧကရာဇ်သည် တုန်လှုပ်သွား၏။
ဖြစ်နိုင်ခြေတစ်ခုကို သူစဉ်းစားမိလိုက်သည်။ အရှင်သခင်၏ လက်အောက်တွင် သူနှင့် ကျန်းထျန်း ရှေးဟောင်းဧကရာဇ်အပြင် အခြားကျွမ်းကျင်သူများ ရှိနေသေးသည်ဟူသော အချက်ပင်။
ထိုလက်အောက်ငယ်သား၏ အင်အားမှာ သူတို့နှစ်ဦးထက် များစွာ သာလွန်နေကြောင်း ထင်ရှားသည်။
ခေတ္တမျှ ဖီးနစ်ဧကရာဇ်သည် ပို၍ ရိုသေလေးစားလာမိလေသည်။
သူ၏အရှင်သခင်သည် တကယ့်ကို ခန့်မှန်းရ ခက်ခဲလွန်းလှသည်။
ဖီးနစ်ဧကရာဇ် ကြောက်ရွံ့လေးစားနေစဉ်မှာပင် သူနှင့် ကျန်းထျန်းဧကရာဇ်တို့၏ နားထဲတွင် ကုချန်၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာ၏။
" ကုမိသားစု မျိုးဆက်တွေကို သင်ကြားပေးတဲ့အချိန်ကလွဲရင်... မင်းတို့အနေနဲ့ ဟွမ်သွမ့်ကောင်းကင်ရေကန်ထဲမှာ ဝင်ရောက်ကျင့်ကြံနိုင်တယ်... ဒါက မင်းတို့အတွက် အကျိုးရှိလိမ့်မယ် "
' တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန် ' ၏ အဓိကလုပ်ဆောင်ချက်မှာ... မြင့်မြတ်သော ပစ္စည်းများကို ပြုစုပျိုးထောင်ရန် ဖြစ်သော်လည်း... သက်ရှိများ ဝင်ရောက်ကျင့်ကြံပါကလည်း အကျိုးကျေးဇူး များစွာ ရရှိနိုင်သည်။
သက်တမ်းရှည်နန်းတော်မှ ရှေးဟောင်းထျန်းကျွင်းများသည်ပင် အားလပ်ချိန်၌ ရေကန်အနက်ပိုင်းတွင် ပုန်းအောင်းကျင့်ကြံလေ့ရှိသည်မှာ သက်သေပင်ဖြစ်သည်။
ထျန်းကျွင်းများအတွက် အကျိုးရှိလျှင် ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းဧကရာဇ်တို့ကဲ့သို့ အရှင်သခင်အဆင့်များအတွက်မူ အကျိုးကျေးဇူး ပိုများပေလိမ့်မည်။
သူတို့နှစ်ဦးသည်... ကုချန်အား သစ္စာရှိစွာ အလုပ်အကျွေးပြုနေကြပြီ ဖြစ်သောကြောင့်... ကုချန်ကလည်း ဆုလာဘ်ပေးရန် ဝန်လေးမည် မဟုတ်ပေ။ ရေကန်ထဲတွင် ကျင့်ကြံခွင့်ပြုလိုက်ခြင်းဖြင့်... သူတို့၏စွမ်းအားများ လျင်မြန်စွာ တိုးတက်လာမည်ဖြစ်ပြီး... ကုမိသားစု မျိုးဆက်များကို ပိုမိုကောင်းမွန်စွာ... သင်ကြားပေးနိုင်မည် ဖြစ်သည်။ ဤသည်မှာ ကုချန် မြင်တွေ့လိုသော ကောင်းမွန်သည့် သံသရာလည်ပတ်မှုပင် ဖြစ်သည်။
ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းဧကရာဇ်တို့အပြင် ကုဝူရှန့်ကိုလည်း ရေကန်အတွင်း ကျင့်ကြံခွင့် ပေးခဲ့၏။
သို့သော် အခြားသော ကုမိသားစုဝင်များကိုမူ ဝင်ရောက်ခွင့် မပြုခဲ့ပေ။
အဘယ်ကြောင့်ဆိုသော်... ဤရေကန်တွင် ဖန်ဆင်းခြင်း ကပ်ဘေးမိုးကြိုးစွမ်းအားများ... ပါဝင်နေသောကြောင့် ဖြစ်သည်။ ဧကရာဇ်တစ်ပိုင်းအဆင့် အထက်ရှိသူများအတွက်... ဤမိုးကြိုးသည် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သန့်စင်ပေးနိုင်သော... စွမ်းအားတစ်ရပ် ဖြစ်နိုင်သည်။
သို့သော်... အင်အားနည်းသူများအတွက်မူ ဤမိုးကြိုးစွမ်းအားသည်... အဆိပ်အတောက်နှင့် မခြားပေ။ မိုးကြိုးထိမှန်ပါက... ခန္ဓာကိုယ် ပျက်စီးပြီး ဝိညာဉ်ပါ... ကွယ်ပျောက်သွားနိုင်သည်။
ရေကန်အတွင်း ကျင့်ကြံလိုသော ကုမိသားစုဝင်များသည် သူတို့၏ အင်အားကို ထပ်မံ မြှင့်တင်ရန် လိုအပ်ပေသည်။
" ကျေးဇူးတော်ကြောင့်ပါ အရှင်သခင် "
ကုချန်ထံမှ ကြီးမားသော ဆုလာဘ်ကို ရရှိလိုက်သဖြင့် ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းဧကရာဇ်တို့မှာ အလွန်ဝမ်းမြောက်သွားကြသည်။
အထူးသဖြင့် ဖီးနစ်ဧကရာဇ်သည် ရွှမ်အရှင်နှင့် လင်းအရှင်တို့အကြောင်းကို တွေးမိလိုက်၏။
သူ ကုချန်ထံ သစ္စာခံလိုက်သည့်အတွက်... သက်တမ်း နှစ်သုံးသောင်း ဆွဲဆန့်နိုင်သော ပစ္စည်းများ ရရှိခဲ့ရုံသာမက... ဤအထွတ်အထိပ် ရေကန်အတွင်း၌ပါ ကျင့်ကြံခွင့်ရသည်ကိုသာ ထိုလူများ သိသွားပါက... အလွန်တရာ နောင်တရကြပေလိမ့်မည်။
နှမြောစရာ ကောင်းသည်မှာ အခွင့်အရေးသည် တစ်ကြိမ်သာ ရှိခြင်းဖြစ်သည်။
ထိုစဉ်က... လင်းအရှင်နှင့် အခြားသူများသည် တုံ့ဆိုင်းနေခဲ့သဖြင့်... သစ္စာခံမည့် နောက်ဆုံးအခွင့်အရေးကို လက်လွတ်ခဲ့ရသည်။ ယခုကဲ့သို့ အခြေအနေရောက်သွားရခြင်းမှာ... သူတို့၏ အပြစ်သာဖြစ်ပြီး မည်သူ့ကိုမျှ အပြစ်ပုံချ၍... မရနိုင်ပေ။
" ဆရာ...ဒါက..... "
ကောင်းကင်မှ ကျဆင်းလာသော ရေကန်ကို ကြည့်ရင်း... ကုချင်းရွဲ့သည် ဘေးနားရှိ ကောင်းကင်နတ်သမီး ရှောင်းယွဲ့ကို... အံ့ဩစွာ လှမ်းကြည့်လိုက်၏။
ကုချင်းရွဲ့၏အကြည့်ကို ရင်ဆိုင်ရင်း ရှောင်းယွဲ့သည် လေပူတစ်ချက် မှုတ်ထုတ်ကာ ပြောလိုက်၏။
" ဒါက အထွတ်အထိပ် ရတနာတစ်ခုပဲ "
သူသည်လည်း ရေကန်အတွင်း ကျင့်ကြံခွင့် ပြုကြောင်းနှင့် ရေကန်၏ အာနိသင်များကို ရှင်းပြထားသော ကုချန်၏ အသံပေးပို့မှုကို လက်ခံရရှိထားပြီး ဖြစ်သည်။
ရှောင်းယွဲ့၏ အသိပညာနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းဖြင့်... ဤရှေးဟောင်းရေကန်သည် မည်မျှ မြင့်မြတ်သော အရာဖြစ်ကြောင်း... အလွယ်တကူ သိရှိနိုင်သည်။
ယခုတွင်... ကောင်းကင်ဘုံ အရှင်သခင်သည် သူ၏ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းရန် ပစ္စည်းကို ရှာပေးခဲ့ရုံသာမက... ဤနေရာတွင်ပါ ကျင့်ကြံခွင့် ပြုလိုက်ပြန်သည်။
ရှောင်းယွဲ့၏ မျက်လုံးများတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာသည်။ ဤအတိုင်းသာ ဆက်သွားနေပါက... သူသည် ကုမိသားစုအပေါ် ကျေးဇူးကြွေး တင်နေရုံသာမက... ကုမိသားစု ဘိုးဘေး၏ ကြီးမားသော ကြင်နာမှုများကို... မည်သို့ ပြန်လည်ပေးဆပ်ရမှန်းပင် မသိတော့ပေ။
သို့သော်... သူ၏ အထွတ်အထိပ် အချိန်တွင်ပင်... စစ်မှန်သော အင်မော်တယ်အဆင့်သာ ရှိခဲ့ပြီး... လက်ရှိ ကုချန်၏ စွမ်းအားနှင့် ယှဉ်လျှင် များစွာ ကွာခြားနေသည်။ သူ ဘယ်လို ပေးဆပ်ရမည်နည်း။ သူ့ကိုယ်သူ ပုံအပ်ပြီး လက်ထပ်ရမည်လား။
ရှောင်းယွဲ့သည် အတွေးလွန်သွားကာ သူ၏ ဖြူဝင်းသော ပါးပြင်ပေါ်တွင်ပင် ပန်းရောင်သန်းလာခဲ့၏။
" ဆရာ... ဘာဖြစ်လို့လဲ... နေမကောင်းဘူးလား "
ရှောင်းယွဲ့၏ မျက်နှာ ရဲလာသည်ကို မြင်သောအခါ ကုချင်းရွဲ့ နားမလည် ဖြစ်သွား၏။ ဆရာ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် သဟဇာတ မဖြစ်သည်လားဟု တွေးမိကာ စိုးရိမ်တကြီး မေးလိုက်မိလေသည်။
" ဘာ... ဘာမှမဖြစ်ပါဘူး "
ရှောင်းယွဲ့သည် သူ၏ ရှုပ်ထွေးနေသော အတွေးများကို ရပ်တန့်လိုက်ပြီး တည်ငြိမ်ချင်ယောင်သာ ဆောင်လိုက်တော့သည်။
အခန်း ( ၂၆၈ ) - တိုးတက်လာမှု၊ စောင့်ဆိုင်းခြင်းနှင့် နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ခြင်း
'တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်' ထဲတွင် အထက်ဘုံမှ ကျွမ်းကျင်သူအားလုံးကို ကျင့်ကြံခွင့်ပြုလိုက်ခြင်းအပြင်... ကုချန်သည် အထက်ဘုံတွင် စိုက်ပျိုးထားသော အင်မော်တယ်မြင့်မြတ်ဆေးပင်များနှင့် နှစ်တစ်သောင်းဆေးပင်အားလုံးကိုပါ... ရေကန်ထဲသို့ ပစ်ထည့်လိုက်၏။
ထိုအထဲတွင်... သူ့ထံ ကိုယ်တိုင်ရောက်လာသော လိပ်ပုံ နှစ်တစ်သောင်းဆေးပင်သည်... စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည်။
နှင်းကဲ့သို့ ဖြူဖွေးသော လိပ်ပုံသဏ္ဍာန်ရှိသည့် ထိုဆေးပင်သည်... ငါးတစ်ကောင် ပင်လယ်ပြင်တွင် ကူးခတ်နေသကဲ့သို့... 'တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်' ထဲတွင်အေးအေးလူလူ ကူးခတ်နေလေသည်။
ကျန်ရှိနေသော အင်မော်တယ်မြင့်မြတ်ဆေးပင်များသည်ပင်... အထက်ဘုံ ပင်မနန်းတော်ဘက်သို့ ဦးတည်၍... သူတို့၏ အကိုင်းအခက်များကို လှုပ်ယမ်းကာ... ကုချန်အား ကျေးဇူးတင်ကြောင်း ဖော်ပြနေကြသည်။
ကုချန်သည်... အထက်ဘုံ ပင်မနန်းတော်တွင် ထိုင်ကာ... သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို ခံစားရင်း... မပြုံးဘဲ မနေနိုင်တော့ပေ။
ဧကရာဇ်ဂိတ်မှ ကုမိသားစုထံ သူပြန်ရောက်ခါစက... ကုမိသားစုတစ်ခုလုံးတွင် သူတော်စင်အဆင့် အထက်ရှိသူမှာ... ကုကျင်းရှန် တစ်ဦးတည်းသာ ရှိခဲ့သည်။
သူတော်စင်အဆင့်အောက်တွင်... ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦး၊ ကောင်းကင်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဆယ့်ငါးဦးနှင့် နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ... သုံးဆယ့်ခြောက်ဦးသာ ရှိသည်။ အင်အားနည်းသော သို့မဟုတ် ကျင့်ကြံခြင်း မစတင်ရသေးသော အခြားကုမိသားစုဝင် စုစုပေါင်းမှာ နှစ်ထောင့်လေးရာကျော်သာ ရှိခဲ့သည်။
လူအင်အားအပြင် ကုမိသားစုတစ်ခုလုံး၏ ဘဏ္ဍာတိုက်သည်လည်း ဟာလာဟင်းလင်း ဖြစ်နေခဲ့၏။ ကုကျင်းရှန်၏သက်တမ်းကို ဆွဲဆန့်ရန် နှစ်တစ်သောင်းဆေးပင် တစ်ပင်ပင် ရှာမတွေ့နိုင်ခဲ့ပေ။
သို့သော် ယခုအခါ... ကုမိသားစုထံ ကုချန် ပြန်ရောက်ပြီးနောက် ဆက်တိုက် လုပ်ဆောင်ခဲ့မှုများကြောင့်... လက်ရှိ ကုမိသားစုသည် ယခင်နှင့် နှိုင်းယှဉ်လျှင်... လုံးဝ ပြန်လည်မွေးဖွားလာခဲ့ပြီ ဖြစ်သည်။
မိသားစုခေါင်းဆောင် ကုတောက်လင်းသည် မကြာသေးမီက သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အယောက် ၃၀ ၊ ကောင်းကင်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ အယောက် ၁၀၀ နှင့် နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ အယောက် ၃၀၀ အထိ တိုးတက်လာခဲ့သည်။ ကျင့်ကြံခြင်း မစတင်ရသေးသော ကုမိသားစုဝင်ဟူ၍ မရှိတော့ဘဲ အားလုံးသည် ကျင့်ကြံခြင်းလမ်းစဉ်သို့ လျှောက်လှမ်းနေကြပြီ ဖြစ်သည်။
ကုမိသားစု လက်ရှိ ပိုင်ဆိုင်ထားသော... ပစ္စည်းများနှင့် ရတနာများမှာ ရေတွက်၍ပင်... မကုန်နိုင်တော့ပေ။ အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်မျိုးနွယ်စုများထံမှ... လုယူခဲ့သော ပစ္စည်းများနှင့် တားမြစ်နယ်မြေအသီးသီးမှ ဆက်သလာသော ပစ္စည်းများကို ပေါင်းလိုက်လျှင်... လက်ရှိ ကုမိသားစု ပိုင်ဆိုင်သော အရင်းအမြစ် ပမာဏသည် မိသားစုဝင်အားလုံးကို... သူတော်စင်အဆင့်သို့ မြှင့်တင်ပေးရန် လုံလောက်သည်ထက် ပိုနေပြီဟု ဆိုနိုင်သည်။
သို့သော်... ကုချန်သည် 'အပင်ပေါက်လေးများကို ကြီးထွားလာအောင် အတင်းဆွဲဆန့်ခြင်း' ကဲ့သို့သော အလုပ်မျိုးကို... လုပ်ရန် ဆန္ဒမရှိပေ။ ကုမိသားစု မျိုးဆက်များအနေဖြင့်... သူတို့၏ အခြေခံအုတ်မြစ်ကို ကောင်းစွာ ခိုင်မာစေပြီး... ပြင်ပအကူအညီများအပေါ် မှီခိုအားထားမှု လျှော့ချကာ... ကျင့်ကြံခြင်းလမ်းစဉ်တွင် ပိုမိုဝေးကွာသော ခရီးကို လျှောက်လှမ်းနိုင်ရန် မျှော်လင့်ထားသည်။
ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းသော နေရာတစ်နေရာတွင်.....
ရှေးဟောင်း တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော... ရှောင်ယောက်ထျန်းကျွင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး... အဆုံးမဲ့ကမ္ဘာရှိရာ ဦးတည်ချက်ဘက်သို့... မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
" အဆုံးမဲ့ကမ္ဘာ... ဟက်... ဒီထျန်းကျွင်း မျှော်လင့်ထားတဲ့အတိုင်းပဲ "
ရှောင်ယောက်ထျန်းကျွင်းသည် လှောင်ပြုံး ပြုံးလိုက်၏။
'တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်' ထဲတွင် သူထားခဲ့သော အမှတ်အသားသည် အချိန်အကြာကြီး မရွေ့လျားတော့ကြောင်း ယခုလေးတင် အာရုံခံမိလိုက်သည်။
ထိုအမှတ်အသား၏ လက်ရှိတည်နေရာမှာ အဆုံးမဲ့ကမ္ဘာ အတွင်း၌ ဖြစ်သည်။
သေချာသည်မှာ... သက်တမ်းရှည်နန်းတော်၏ ထျန်းကျွင်းများကို ချေမှုန်းပြီးနောက်... ကုချန်သည် 'တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်' ကို စစ်နိုင်ပစ္စည်းအဖြစ် သတ်မှတ်ကာ... အဆုံးမဲ့ကမ္ဘာသို့ သယ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
" ငါ့ရဲ့ အထွတ်အထိပ် ရတနာကိုတောင်... သူက စစ်နိုင်ပစ္စည်းအဖြစ် သဘောထားရဲတယ်... နောင်တစ်ချိန် စစ်မှန်တဲ့ အင်မော်တယ် ရောက်လာတဲ့အခါ... သူ့ကို အပြတ်ရှင်းရမယ် "
ရှောင်ယောက်ထျန်းကျွင်းက လျစ်လျူရှုထားသော လေသံဖြင့် ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ကုချန်အား သေဒဏ်ပေးပြီးသား ဖြစ်နေသည်။
'တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်' ကို ရရှိပြီးနောက် ကုချန်သာ ဟွမ်သွမ့်ပင်လယ်ထဲတွင် ဆက်လက် လှည့်လည်သွားလာနေပါက သူ့တည်နေရာကို အမြဲတမ်း ရှာဖွေနေရန် ရှောင်ယောက်ထျန်းကျွင်း အနေဖြင့် အားထုတ်မှုများစွာ စိုက်ထုတ်ရနိုင်သည်။
သို့သော်... ယခုအခါ ကုချန်သည် ရေကန်နှင့်အတူ အဆုံးမဲ့ကမ္ဘာသို့ ပြန်ရောက်နေပြီဖြစ်ရာ... အိုးထဲရောက်နေသော လိပ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ 'အင်မော်တယ်တစ်သောင်း မျှော်စင်' ၏ စစ်မှန်သော အင်မော်တယ် ရောက်လာသည်နှင့် သူ့ကို အချိန်မရွေး ဖမ်းဆီးနိုင်တော့မည် ဖြစ်သည်။
" အို... အင်မော်တယ်တစ်သောင်း မျှော်စင်ရဲ့ စစ်မှန်တဲ့ အင်မော်တယ်...ကျေးဇူးပြုပြီး မြန်မြန် ဆင်းသက်လာပါတော့...ငါထျန်းကျွင်း မစောင့်နိုင်တော့ဘူး..... "
ရှောင်ယောက်ထျန်းကျွင်းသည် တစ်ကိုယ်တည်း ရေရွတ်လိုက်ကာ သူ၏မျက်လုံးများတွင် လောဘရိပ်များ နက်နက်ရှိုင်းရှိုင်း လက်ခနဲ ဖြစ်သွားသည်။
ချုံးဟွာထျန်းကျွင်းအား စစ်မှန်သော အင်မော်တယ် စေလွှတ်ပေးရန် သူတောင်းဆိုခဲ့ခြင်းမှာ... 'အင်မော်တယ်တစ်သောင်း မျှော်စင်' ကို အသုံးပြုပြီး ကုချန်ကို ရှင်းပစ်ချင်ရုံသာမက... သူတစ်ဦးတည်းသာ သိသော အခြားရည်ရွယ်ချက်နှင့် အကြံအစည်များလည်း... ရှိနေသေးသည်။
...
နတ်ဆိုးနယ်မြေ၏ နယ်စပ်ဖြစ်သော ချောက်နက် နတ်ဆိုးနယ်မြေ.....
ရေတွက်၍မရနိုင်သော နတ်ဆိုးနယ်မြေ စစ်သည်များသည်... ဘုံနှစ်ခုကြားရှိ ချောက်နက်ရှေ့တွင် တပ်စွဲထားပြီး ဓားများကို သွေးကာ... အဆုံးမဲ့ကမ္ဘာကို အချိန်မရွေး ကျူးကျော်ရန် အသင့်ပြင်ထားကြသည်။
နတ်ဆိုးစစ်သည်တိုင်း၏ မျက်နှာပေါ်တွင်... အရှက်ရမှုနှင့် မျိုသိပ်ထားသော ဒေါသ အရိပ်အယောင်များကို... ဝိုးတဝါး တွေ့မြင်နေရသည်။
ပြီးခဲ့သည့် အကြိမ်က အဆုံးမဲ့ကမ္ဘာကို ကျူးကျော်မှု မအောင်မြင်ဘဲ... နတ်ဆိုးနယ်မြေသို့ အလျင်အမြန် ဆုတ်ခွာခဲ့ရပြီးကတည်းက... ချောက်နက် နတ်ဆိုးနယ်မြေမှ ဤနတ်ဆိုးစစ်သည်များသည်... တစ်နေ့တွင် အဆုံးမဲ့ကမ္ဘာသို့ ပြန်လာပြီး ယခင်က အရှက်ရခဲ့မှုများကို... သွေးဖြင့် ဆေးကြောရန် အမြဲတမ်း အိပ်မက်မက်ခဲ့ကြသည်။
သို့သော်... ရွှမ်ယိုနန်းတော်က အမိန့်မထုတ်ပြန်သေးသဖြင့်... ဤနတ်ဆိုးစစ်သည်များသည် သူတို့၏ဒေါသကို အတင်းအကျပ် မျိုးသိပ်ထားကာ... ငြိမ်သက်နေခဲ့ကြရသည်။
သန်းနှင့်ချီသော ဤနတ်ဆိုးစစ်သည်များ၏ တစ်ဖက်တွင်မူ... ရှေးကတည်းက တည်ရှိခဲ့ပုံရသော ရှေးဟောင်းဧကရာဇ်ဂိတ် တစ်ခုတည်းသာ... တစ်ကိုယ်တည်း ရပ်တည်နေဆဲ ဖြစ်သည်။
ဤနတ်ဆိုးစစ်သည်များသည်... အဆုံးမဲ့ကမ္ဘာအပေါ် အဆုံးမရှိသော ဒေါသများ ကိန်းအောင်းနေသော်လည်း... တစ်ကိုယ်တည်း ရပ်တည်နေသော ဤခမ်းနားထည်ဝါသည့် ဧကရာဇ်ဂိတ်ကို ကြည့်လိုက်တိုင်း... သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့လေးစားမှု အရိပ်အယောင်များ... မသိမသာ ဖြတ်ပြေးသွားလေ့ ရှိသည်။
ဤနတ်ဆိုးစစ်သည်များသည် အဆုံးမဲ့ကမ္ဘာကို အထင်သေးကောင်း အထင်သေးနိုင်သည်။
သို့သော် ကုကောင်းကင်ဧကရာဇ်ကို မကြောက်သောသူ တစ်ဦးမျှ မရှိပေ။
အဆုံးစွန်အားဖြင့်... ဤအရာသည် နှစ်ပေါင်း ကိုးသောင်းကျော်ကြာ နတ်ဆိုးနယ်မြေ သက်ရှိပေါင်းများစွာနှင့်... နတ်ဆိုးနယ်မြေ အရှင်သခင် တစ်ပါးမကသော အသက်များဖြင့် တည်ဆောက်ခဲ့သော... အထွတ်အထိပ် ဂုဏ်သတင်း ဖြစ်သည်။
ယခုအချိန်တွင်... ထိုအထီးကျန်နေသော ဧကရာဇ်မြို့တော်ထဲသို့... ပုံရိပ်တစ်ခု တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။
" အချိန်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပြီ..... "
အစိမ်းရောင် ဝတ်ရုံဝတ်ဆင်ထားသော ကုချန်သည်... ဧကရာဇ်ဂိတ် အတွင်း လမ်းလျှောက်နေရင်း... သူကိုယ်တိုင် တည်ဆောက်ခဲ့သော ဤဧကရာဇ်ဂိတ်နှင့်... ရင်းနှီးနေသော အုတ်ခဲများ၊ အုတ်ကြွပ်ပြားများကို ကြည့်ကာ... မျက်လုံးများတွင် ခံစားချက် အရိပ်အယောင်တစ်ချို့ ပေါ်လာခဲ့၏။
သူ့ဘဝ၏ အချိန်အကြာဆုံး ကာလကို ဤဧကရာဇ်ဂိတ်တွင် ကုန်ဆုံးခဲ့ရသည်။
ဤဧကရာဇ်ဂိတ်သည် သူ့ဘဝတစ်ခုလုံး၏ ကြိုးပမ်းအားထုတ်မှုနှင့် ဘုန်းတန်ခိုးတို့ကို ဆောင်ကျဉ်းထားသည်ဟု ဆိုနိုင်သည်။
သို့သော် ဤအရာအားလုံးသည် အဆုံးမဲ့ကမ္ဘာ သက်ရှိများ၏ သစ္စာဖောက်မှုနှင့်အတူ အချည်းနှီး ဖြစ်သွားခဲ့ပြီဖြစ်ကာ အရေးမပါတော့ပေ။
" နတ်ဆိုးနယ်မြေ ဟုတ်လား... တစ်နေ့ကျရင် ငါကိုယ်တိုင် နတ်ဆိုးနယ်မြေထဲ ဝင်လာရမယ်လို့... ထင်မထားခဲ့ဖူးဘူး "
တစ်ခုခုကို စဉ်းစားမိသွားသကဲ့သို့ ကုချန်သည် တိုးတိတ်စွာ ရယ်မောလိုက်၏။
ယခင်... ဧကရာဇ်ဂိတ်ကို နှစ်ပေါင်း ကိုးသောင်းကြာ စောင့်ကြပ်ခဲ့စဉ်က... တစ်နေ့တွင် နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်သတ်ဖြတ်ပြီး... ကျေနပ်သည်အထိ တိုက်ခိုက်မည်ဟု... တစ်ကြိမ်မက တွေးခဲ့ဖူးသည်။
သို့သော်... နှစ်ပေါင်း ကိုးသောင်းလုံးလုံး သူ၏နောက်မှ အဆုံးမဲ့ကမ္ဘာကြောင့် အမြဲတစေ ချုပ်နှောင်ခံခဲ့ရပြီး... ဧကရာဇ်ဂိတ်ကိုသာ လက်မှိုင်ချ စောင့်ကြပ်ခဲ့ရကာ... သူဆန္ဒရှိသလို လုံးဝ မလုပ်နိုင်ခဲ့ပေ။
ယခု... အဆုံးမဲ့ကမ္ဘာကို စွန့်လွှတ်လိုက်ပြီး နောက်တွင်မှ... နတ်ဆိုးနယ်မြေထဲသို့ လွတ်လပ်စွာ ဝင်ရောက်နိုင်လိမ့်မည်ဟု... သူလုံးဝ ထင်မထားခဲ့မိပေ။
ကံကြမ္မာ၏ ဆန်းကြယ်မှုသည် တကယ်ပင် ခန့်မှန်းရ ခက်ခဲလှသည်ဟုသာ ဆိုရပေမည်။
ခဏတာ ခံစားချက် ဖြစ်ပေါ်ပြီးနောက် ကုချန်သည် အချိန်ဖြုန်းမနေတော့ပေ။ သူသည် ဧကရာဇ်ဂိတ်ထဲမှ တိတ်တဆိတ် ထွက်ခွာလာပြီး သူ၏ချီစွမ်းအင်ကို ထိန်းချုပ်ကာ ဘုံနှစ်ခုကြားရှိ ချောက်နက်ဆီသို့ ဦးတည်သွားလိုက်လေသည်။
ဤလုပ်ငန်းစဉ်အတွင်း နတ်ဆိုးနယ်မြေ အရှင်သခင် တစ်ပါးကမျှ သူ့ကို ရှာမတွေ့ခဲ့ပေ။
မကြာမီ ကုချန်သည် ဘုံနှစ်ခုကြားရှိ ချောက်နက်ရှေ့သို့ ရောက်ရှိလာ၏။
ဤနေရာသည် ချောက်နက် နတ်ဆိုးနယ်မြေနှင့် ဟွမ်သွမ့်ပင်လယ်ကို လုံးဝ ပိုင်းခြားထားသည့် ကောင်းကင်ချောက်နက်ကဲ့သို့သော ဧရာမ ချောက်နက်ကြီး ဖြစ်သည်။
ကောင်းကင်ချောက်နက်အတွင်း၌... နတ်ဆိုးနယ်မြေနှင့် ဟွမ်သွမ့်ပင်လယ်ကြားရှိ ဆန့်ကျင်ဘက် အင်အားစုများ ပါဝင်နေပြီး... ဘုံနှစ်ခုကြား ဖြတ်သန်းလိုသော သက်ရှိအားလုံးကို တန်းတူညီမျှ ဖိနှိပ်ထားကာ... အဆင့်မြင့်သော နယ်မြေများမှ သူများ ဖြတ်သန်းသွားလာခြင်းကို ဟန့်တားထားသည်။
ကုချန်သည်... ဘုံနှစ်ခုကြားရှိ ချောက်နက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်... တုံ့ဆိုင်းမနေတော့ဘဲ ဝင်ရောက်သွားလေသည်။
ရလဒ်မှာ သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ လက်ရှိ ဘုံနှစ်ခုကြားရှိ ချောက်နက်သည် စစ်မှန်သော အင်မော်တယ်အဆင့်နှင့် အထက်ရှိသော သူများကိုသာ တားဆီးထားခြင်း ဖြစ်သည်။
ထို့ကြောင့်... သူသည် ကောင်းကင်ချောက်နက်ကို အားစိုက်ထုတ်စရာမလိုဘဲ တိတ်တဆိတ် ဖြတ်ကျော်ကာ... ချောက်နက် နတ်ဆိုးနယ်မြေထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ပြီး နတ်ဆိုးနယ်မြေ ပိုင်နက်ပေါ်သို့... ခြေချလိုက်လေသည်။