← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 20 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 20 Ch. 273-274

‎အခန်း ( ၂၇၃ ) - အဆင်သင့်ပြင်ထား၊ ချီလျန်နယ်မြေထဲ ဝင်ခြင်း၊ ချီမုန် လာကြိုပါလိမ့်မယ်

‎

‎

‎

‎ချီလျန်နတ်ဆိုးနယ်မြေနှင့် ရွှမ်ယိုနတ်ဆိုးနယ်မြေတို့သည်... နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိသော်လည်း... ၎င်းနယ်မြေနှစ်ခုကြားတွင် အပြန်အလှန် ဆက်သွယ်ထားသော... ပို့ဆောင်ရေးအစီအရင်များ ရှိလေသည်။

‎

‎

‎ချီမုန်၏ ယခင်သတင်းပို့ချက်အရ... ကုချန်သည် ဤပို့ဆောင်ရေးအစီအရင် တည်ရှိရာနေရာကို လျင်မြန်စွာ ရှာတွေ့ခဲ့ပြီး... ယင်းမှတဆင့် ရွှမ်ယိုနတ်ဆိုးနယ်မြေမှ ထွက်ခွာကာ... ချီလျန်နတ်ဆိုးနယ်မြေသို့ ရောက်ရှိလာခဲ့သည်။

‎

‎

‎ချီလျန်နတ်ဆိုးနယ်မြေသို့ ရောက်ရှိလာသည်နှင့်... ကုချန်သည် သူ၏နတ်ဘုရားအာရုံကို အနည်းငယ် ဖြန့်ကျက်လိုက်ရုံဖြင့်... ဤနယ်မြေ၏ အခြေအနေအသေးစိတ်ကို... အကြမ်းဖျင်း နားလည်သွားခဲ့သည်။

‎

‎

‎ဤနေရာသည် ရွှမ်ယိုနတ်ဆိုးနယ်မြေထက် ပိုမိုကျယ်ဝန်းသော နတ်ဆိုးနယ်မြေတစ်ခု ဖြစ်သည်။

‎

‎

‎ထို့အပြင်... ကမ္ဘာလောကအတွင်း ပျံ့နှံ့နေသော စိတ်ဝိညာဉ်ချီများသည်... ရွှမ်ယိုနတ်ဆိုးနယ်မြေထက် အဆင့်များစွာ မြင့်မားနေရာ... နတ်ဆိုးနယ်မြေတစ်ခုလုံး၏ အဆင့်အတန်းသည်... ရွှမ်ယိုနတ်ဆိုးနယ်မြေထက် များစွာသာလွန်ကြောင်း ညွှန်ပြနေပြီး... ရှားပါးသော မင်္ဂလာမြေတစ်ခု ဖြစ်ပေသည်။

‎

‎

‎ဤအချက်ကပင်... ချီလျန်မျိုးနွယ်၏ အခြေအနေမှာ... အဘယ်ကြောင့် ဤမျှ ခက်ခဲနေရသည်ကို... ကုချန်အား နားလည်သွားစေခဲ့သည်။

‎

‎

‎မိမိတို့မျိုးနွယ်တူ မဟုတ်လျှင် စိတ်သဘောထားလည်း ကွဲပြားမည်မှာ မလွဲဧကန်ပင်။

‎

‎

‎ဤသည်မှာ ထာဝရအမှန်တရားတစ်ခု ဖြစ်သည်။

‎

‎

‎ချီလျန်မျိုးနွယ်သည်... သစ္စာဖောက်ကာ နတ်ဆိုးနယ်မြေသို့ ဝင်ရောက်လာကြသော်လည်း... သူတို့သည် နတ်ဆိုးနယ်မြေ၏ မူလဒေသခံ သတ္တဝါများ မဟုတ်ကြပေ။

‎

‎

‎ပြင်ပမှ ဝင်ရောက်လာသော လက်နက်ချအညံ့ခံသည့် မျိုးနွယ်စုတစ်ခုသည်... အခြားနတ်ဆိုးနယ်မြေများအား မနာလိုဝန်တိုခြင်း မဖြစ်စေဘဲ... ဤမျှ မြေသြဇာကောင်းမွန်သော နယ်မြေကို... မည်သို့ သိမ်းပိုက်ထားနိုင်ပါမည်နည်း။

‎

‎

‎ယခင်က ချီလျန်မျိုးနွယ်၏ ဘိုးဘေးသည်... အင်မော်တယ်ဘုရင် အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် အမြဲတစေ ကြိုးပမ်းနေခဲ့ပြီး... ရှီမိုအရှင်သခင်အား ခြိမ်းခြောက်လုနီးပါး ဖြစ်ခဲ့ရာ... ရှီမိုကောင်းကင်အောက်ရှိ နတ်ဆိုးနယ်မြေ ရာပေါင်းများစွာသည်... ချီလျန်မျိုးနွယ်အပေါ် ကောင်းသောအမြင် မရှိကြသည်မှာ သဘာဝပင် ဖြစ်သည်။

‎

‎

‎ရွှမ်ယိုနတ်ဆိုးနယ်မြေကဲ့သို့သော နယ်မြေများစွာကပင်... ချီလျန်မျိုးနွယ်ကို တိတ်တဆိတ် ပစ်မှတ်ထားခဲ့ကြသဖြင့်... သူတို့၏ တိုးတက်မှုကို ခက်ခဲစေခဲ့သည်။

‎

‎

‎ဤအခြေအနေများအောက်တွင်... ချီလျန်မျိုးနွယ်၏ ဘိုးဘေး ကျဆုံးသွားပြီဖြစ်၍... ရှီမိုအရှင်သခင်အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိတော့သော်လည်း.....

‎

‎

‎ရှီမိုကောင်းကင်အောက်ရှိ နတ်ဆိုးနယ်မြေ ရာပေါင်းများစွာ၏ ချီလျန်မျိုးနွယ်အပေါ် ပစ်မှတ်ထားမှုသည် ရပ်တန့်သွားမည် မဟုတ်ပေ။

‎

‎

‎ရှီမိုအရှင်သခင်၏ မျက်လုံးထဲတွင်... ချီလျန်မျိုးနွယ်ဘိုးဘေး၏ ခြိမ်းခြောက်မှုကသာ... ကြောက်ရွံ့ကောင်း ကြောက်ရွံ့ထိုက်ပေလိမ့်မည်။ ကျန်သောအရာများသည် ထည့်သွင်းစဉ်းစားရန်ပင် မတန်ပေ။

‎

‎

‎သို့သော်... ရွှမ်ယိုနတ်ဆိုးနယ်မြေကဲ့သို့သော နတ်ဆိုးနယ်မြေအသီးသီး၏ မျက်လုံးထဲတွင်မူ... သူတို့ လိုချင်မက်မောနေသည်မှာ ချီလျန်မျိုးနွယ် သိမ်းပိုက်ထားသော... မြေသြဇာကောင်းမွန်သည့် နယ်မြေပင် ဖြစ်သည်။

‎

‎

‎ဤအချက်ကို နားလည်ပြီးနောက်... ချီလျန်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သူ... စစ်မှန်သော အင်မော်တယ် အဆင့်ရှိ ချီလျိုသည်... သူ့ကို မြင်လိုက်သည်နှင့် သစ္စာဆိုရန်... အဘယ်ကြောင့် ဤမျှ စိတ်အားထက်သန်နေရသည်ကို... ကုချန် သဘောပေါက်သွားခဲ့သည်။

‎

‎

‎ရိုးရိုးရှင်းရှင်း ပြောရလျှင်... ချီလျန်မျိုးနွယ်သည် လမ်းဆုံးသို့... ရောက်နေပြီ ဖြစ်သည်။ အကယ်၍... အခြေအနေကို ဖောက်ထွက်ရန် နည်းလမ်းမရှိပါက... သူတို့သည် မကြာမီ အခြားနတ်ဆိုးနယ်မြေများ၏ ဝါးမြိုခြင်းကို ခံရကာ... အရိုးတစ်စပင် ကျန်ရစ်မည် မဟုတ်ပေ။

‎

‎

‎ထို့ကြောင့်... ချီလျိုသည် သူ၏မျှော်လင့်ချက်အားလုံးကို ကုချန်အပေါ် ပုံအပ်ထားခြင်းဖြစ်ပြီး... သူသည် ချီလျန်မျိုးနွယ်တစ်ခုလုံးကို ဦးဆောင်လျက်... ဤကြပ်တည်းသော အခြေအနေမှ ဖောက်ထွက်ကာ... ဘဝသစ်တစ်ခု ရှာဖွေပေးနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။

‎

‎

‎ဤအရာကို တွေးမိသောအခါ ကုချန်၏ စိတ်နှလုံး လှုပ်ရှားသွားသည်။

‎

‎

‎အမှန်တကယ်တွင် ကောင်းကင်သတ္တု သုံးခုကို ရယူခြင်းအပြင် သူ ယခုတစ်ကြိမ် ချီလျန်မျိုးနွယ်ထံ လာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ချီလျန်မျိုးနွယ်တစ်ခုလုံး၏ သစ္စာရှိမှုကို အတည်ပြုရန်လည်း ဖြစ်သည်။

‎

‎

‎ချီလျိုနှင့် ချီမုန် သားအမိနှစ်ယောက်သည် သူတို့၏လုပ်ရပ်များဖြင့် သစ္စာရှိမှုကို သက်သေပြပြီး ဖြစ်သည်။

‎

‎

‎သို့သော် ချီလျန်မျိုးနွယ်ကမူ မပြရသေးပေ။

‎

‎

‎မျိုးနွယ်စုခေါင်းဆောင် ချီလျိုအနေဖြင့်... အကြွင်းမဲ့ အာဏာကို ကိုင်စွဲထားနိုင်သော်လည်း... မျိုးနွယ်စုအတွင်း သူ့ကို ဆန့်ကျင်သော သဘောထားကွဲလွဲမှုများ ရှိနေမည်ကို... ကုချန် ကောင်းစွာ သိရှိထားသည်။

‎

‎

‎ယခု... ကုချန် အတည်ပြုရန် လိုအပ်သည်မှာ... ချီလျန်မျိုးနွယ်သည် သူ့အပေါ်... အမှန်တကယ် သစ္စာရှိမရှိ ဆိုသည်ကိုပင်။

‎

‎

‎ဤအချက်ကို အတည်ပြုပြီးမှသာ ကုချန်သည် ချီလျန်မျိုးနွယ်မှ ပေးပို့သော သတင်းအချက်အလက်များကို သံသယမရှိ ယုံကြည်နိုင်မည် ဖြစ်သည်။

‎

‎

‎ဤအရာကို စစ်ဆေးရန် ကုချန်သည် စောစီးစွာကပင် စီစဉ်ထားပြီး ဖြစ်သည်။ ယခု သူလုပ်ရန် လိုအပ်သည်မှာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရန်သာ။

‎

‎

‎ဤသို့ တွေးတောရင်း ကုချန်၏နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေး ပေါ်လာ၏။

‎

‎

‎စိတ်အာရုံတစ်ခု လှုပ်ရှားလိုက်သည်နှင့် သူသည် သိမ်မွေ့သော ချိတ်ဆက်မှုကို အသုံးပြုကာ ချီမုန်ကို ဆင့်ခေါ်လိုက်လေသည်။

‎

‎

‎" ဝုန်း! "

‎

‎

‎လေဟာနယ်သည် လှိုင်းထသွားကာ ကျက်သရေရှိသော ပုံရိပ်တစ်ခုသည် ကုချန်၏ရှေ့တွင် ဖြည်းညှင်းစွာ ပေါ်လာ၏။

‎

‎

‎" သခင်! "

‎

‎

‎ကုချန်၏ဆင့်ခေါ်မှုကို လက်ခံရရှိသည်နှင့်... ချီမုန်သည် တစ်ခဏမျှ တုံ့ဆိုင်းမနေရဲဘဲ... သူ၏ နတ်ဘုရားအာရုံ တစ်စွန်းတစ်စကို အလျင်အမြန် ပုံဖော်ကာ... ကုချန်၏ရှေ့တွင် လေးစားစွာ ဒူးထောက်လိုက်၏။

‎

‎

‎သို့သော်... အကြောင်းရင်း တစ်စုံတစ်ရာကြောင့်... သူ့သခင်၏ လက်ရှိအခြေအနေသည် အနည်းငယ် ထူးခြားနေသည်ဟု... ချီမုန် ခံစားလိုက်ရသည်။

‎

‎

‎ယခင်က သူ၏သခင်သည်... အထွတ်အထိပ် အင်မော်တယ်ချီ အရိပ်အငွေ့များ ရောယှက်နေသော... အေးစက်သည့် ခံစားမှုကို ပေးစွမ်းခဲ့သော်လည်း... ယခုအခါ သူ၏သခင်ထံမှ သိမ်မွေ့သော်လည်း လွှမ်းမိုးနိုင်စွမ်းရှိသော နတ်ဆိုးအလိုဆန္ဒကို... ဖျော့တော့စွာ အာရုံခံမိနေသည်။

‎

‎

‎ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....

‎

‎

‎သူ၏သခင်သည် အဆုံးမဲ့ကမ္ဘာမှ ဖြစ်သည်။ အနာဂတ်တွင် အဆင့်တက်လှမ်းမည်ဆိုလျှင်ပင်... အင်မော်တယ်နယ်မြေသို့ တက်လှမ်းကာ... အင်မော်တယ်နယ်မြေ၏ တာအိုလမ်းစဉ်ကို ရေးထိုးရမည် ဖြစ်သည်။ သူသည် အဘယ်ကြောင့် နတ်ဆိုးနယ်မြေရှိ သတ္တဝါများကဲ့သို့... ကြောက်မက်ဖွယ် နတ်ဆိုးမီးတောက်များ ရှိနေရသနည်း.....

‎

‎

‎ချီမုန်သည်... တွေးတောလျက် စိတ်ရှုပ်ထွေးနေမိသော်လည်း... သူ၏ခေါင်းကို လေးစားစွာ ငုံ့ထားကာ... ကုချန်ကို မော့မကြည့်ရဲပေ။

‎

‎

‎သူ၏ရှေ့တွင် လေးစားစွာ ဒူးထောက်နေသော ချီမုန်ကိုကြည့်လျက် ကုချန်သည် အေးစက်စွာ ပြောကြားလိုက်သည်။

‎

‎

‎" ငါ မကြာခင် ချီလျန်မျိုးနွယ်ဆီ ရောက်တော့မယ်... ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး ထွက်ကြိုလိုက် "

‎

‎

‎ထိုစကားကို ကြားသောအခါ... အတွေးလွန်နေသော ချီမုန်သည် ချက်ချင်း ထိတ်လန့်သွားကာ... ကုချန်အား မော့ကြည့်မိလိုက်သည်။

‎

‎

‎သူ့သခင်က အခု ဘာပြောလိုက်တာလဲ.....

‎

‎

‎သူ မကြာခင် ချီလျန်မျိုးနွယ်ဆီ ရောက်တော့မယ်လို့ ပြောလိုက်တာလား.....

‎

‎

‎ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....

‎

‎

‎ချီမုန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

‎

‎

‎ယခင်က... ကုချန်သည် နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်ပြီး... ချီလျန်မျိုးနွယ်ထံမှ ကောင်းကင်သတ္တုသုံးခုကို... ကိုယ်တိုင် လာယူမည်ဟု ပြောစဉ်က... ချီမုန်သည် မဖြစ်နိုင်ဟု ထင်မှတ်ခဲ့သည်။

‎

‎

‎အင်မော်တယ်နယ်မြေနှင့် ဟွမ်သွမ့်ပင်လယ် ကြားတွင်... ဘုံနှစ်ခုကြား ချောက်နက်ရှိပြီး အင်မော်တယ်အဆင့်အောက်ရှိ... ဖြစ်တည်မှုများသာ ဖြတ်သန်းခွင့် ရှိသည်။ သူ၏ သခင်သည် ဘုံနှစ်ခုကြားမှ ချောက်နက်ကို ဖြတ်ကျော်ကာ... နတ်ဆိုးနယ်မြေထဲသို့ မည်သို့ ဝင်ရောက်လာနိုင်မည်နည်း။

‎

‎

‎သူ၏သခင်တွင်... နည်းလမ်းရှိ၍ ဝင်ရောက်လာနိုင်သည် ဆိုလျှင်ပင်... နတ်ဆိုးနယ်မြေအတွင်း လှုပ်ရှားသွားလာရန်... အလွန် ခက်ခဲပေလိမ့်မည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... နတ်ဆိုးနယ်မြေ၏ ကောင်းကင်အလိုဆန္ဒသည်... နတ်ဆိုးနယ်မြေနှင့် မသက်ဆိုင်သော သတ္တဝါအားလုံးကို... ဖိနှိပ်ထားမည် ဖြစ်သောကြောင့်ပင်။ အဆုံးမဲ့ကမ္ဘာမှ ဖြစ်သော သူ၏သခင်သည်... နတ်ဆိုးနယ်မြေ၏ ကောင်းကင်အလိုဆန္ဒ ဖိနှိပ်မှုကို မလွဲမသွေ ခံရမည်ဖြစ်ပြီး... သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ဆယ်ပုံ ပုံ တစ်ပုံ၊ နှစ်ပုံလောက်ပင် ထုတ်ဖော်နိုင်မည် မဟုတ်ချေ။

‎

‎

‎သူ့သခင်၏ ဉာဏ်ပညာဖြင့် ဤကဲ့သို့ စွန့်စားမှုကို မပြုလုပ်သင့်ဟု ချီမုန် ခံစားမိသည်။

‎

‎

‎ထို့ကြောင့်... ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် ကုချန်၏ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေပြီး... ကောင်းကင်သတ္တုသုံးခုကို ကုချန်ထံ ပေးအပ်ရန်အတွက်... နတ်ဆိုးနယ်မြေမှ အချိန်မရွေး ထွက်ခွာနိုင်ရန်... ပြင်ဆင်ထားခဲ့သည်။

‎

‎

‎သို့သော် ယခု သူ၏သခင်သည် ချီလျန်မျိုးနွယ်ထံ မကြာခင် ရောက်တော့မည်ဟု ပြောကြားနေသည်။

‎

‎

‎ဒါက.....

‎

‎

‎ချီမုန် ဇဝေဇဝါ ဖြစ်နေဆဲအချိန်တွင် ကုချန်သည် ပြုံးလျက် ပတ်ဝန်းကျင်ရှုခင်းကို ညွှန်ပြကာ တည်ငြိမ်စွာ ပြောကြားလိုက်သည်။

‎

‎

‎" ကြည့်စမ်း... ဒီနေရာက ဘယ်နေရာလဲ..... "

‎

‎

‎ချီမုန်သည် ကုချန် ညွှန်ပြရာသို့ အလိုအလျောက် ကြည့်လိုက်ရာ သူ၏ရှေ့ရှိ မြင်ကွင်းသည် ပို၍ ပို၍ ရင်းနှီးနေသည်ကို တွေ့လိုက်ရသည်။

‎

‎

‎ဒါ... ဒါ ချီလျန်နတ်ဆိုးနယ်မြေ မဟုတ်ပါလော။

‎

‎

‎ချီမုန်သည် အလွန်ပင် တုန်လှုပ်သွား၏။

‎

‎

‎ပတ်ဝန်းကျင် ရှုခင်းသည် အတုအယောင် မဟုတ်ပေ။ သူ၏သခင်သည် ချီလျန်နတ်ဆိုးနယ်မြေသို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။

‎

‎

‎ချီမုန်၏ စိတ်အာရုံများသည် ရှုပ်ထွေးသွား၏။ ဤအရာအားလုံးကို သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

‎

‎

‎သို့သော် ခေတ္တမျှ အံ့အားသင့်ပြီးနောက် သူသည် စိတ်ကို အလျင်အမြန် ပြန်လည် တည်ငြိမ်အောင် ထားလိုက်၏။

‎

‎

‎သူ၏သခင်သည် ချီလျန်နတ်ဆိုးနယ်မြေသို့ မည်သို့ ရောက်လာသည်ဖြစ်စေ... သူ၏ လက်ရှိဦးစားပေးမှာ သခင့်ကို ကာကွယ်ရန်အတွက်... ချီလျန်မျိုးနွယ်ထံ အမြန်ဆုံး ခေါ်ဆောင်သွားရန်ပင် ဖြစ်သည်။

‎

‎

‎ဟုတ်တယ်... ကာကွယ်ဖို့ပဲ.....

‎

‎

‎နတ်ဆိုးနယ်မြေ၏ အပြင်ဘက်တွင် ကုချန်၏ တိုက်ခိုက်နိုင်စွမ်းကို ချီမုန် မော့ကြည့်ရုံသာ တတ်နိုင်ပေသည်။

‎

‎

‎သို့သော် ဤနေရာသည် နတ်ဆိုးနယ်မြေ ဖြစ်သည်။

‎

‎

‎သူ့သခင်၏ စွမ်းအားသည် သူ့ထက်ပင် ပိုမို အားနည်းသွားသည်အထိ ဖိနှိပ်ခံထားရနိုင်သည်။

‎

‎

‎အကယ်၍... အန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့ရပါက... ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးပင်... ရရှိချင်မှ ရရှိပေလိမ့်မည်။ သူနှင့် သူ၏ မိခင်တို့သည်... ချီလျန်မျိုးနွယ်၏ အနာဂတ်တစ်ခုလုံးကို သခင့်အပေါ် ပုံအောထားပြီးဖြစ်ရာ... သခင့်၏ လုံခြုံရေးနှင့် ပတ်သက်၍ မည်သို့ ပေါ့ဆခံနိုင်ပါမည်နည်း။

‎

‎

‎" ချီမုန် အခုချက်ချင်း လာခဲ့ပါ့မယ်... ကျေးဇူးပြုပြီး စောင့်နေပေးပါ သခင် "

‎

‎

‎ဤစကားကို ကပျာကယာ ပြောပြီးနောက်... ချီမုန်၏ ပုံရိပ်သည် ချက်ချင်းပင်... ပျောက်ကွယ်သွားတော့သည်။

‎

‎အခန်း ( ၂၇၄ ) - ရေအောက်လှိုင်းစီးကြောင်းများ၊ အမျိုးသမီးသီးသန့်၊ အင်မော်တယ်ရွှေအား လက်ဝယ်ပိုင်ဆိုင်ခြင်း

‎

‎

‎

‎ချီမုန်၏ ကပျာကယာ ထွက်ခွာသွားမှုကို ကြည့်ရင်း... ကုချန်သည် အစပိုင်းတွင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း... မကြာမီပင် ချီမုန်၏အတွေးကို နားလည်သွားရသည်။

‎

‎

‎ချီမုန်သည် သူ့အား အထင်လွဲသွားပုံရသည်။

‎

‎

‎သို့သော်... သူသည် ရှင်းပြချက် တစ်စုံတစ်ရာ မပေးခဲ့ဘဲ... ဖြစ်ပျက်နေသည်များကို ပြုံး၍သာ ကြည့်နေလိုက်သည်။

‎

‎

‎ဒါလည်း ကောင်းပါတယ်.....

‎

‎

‎ဤသည်မှာ သူတို့အရှင်သခင်၏ စွမ်းအား အားနည်းနေချိန်တွင်... ချီလျန်မျိုးနွယ်သည် သစ္စာရှိရှိ ကာကွယ်ပေးဦးမည်လော ဆိုသည်ကို... စောင့်ကြည့်ရန် အခွင့်အရေးကောင်းပင်။

‎

‎

‎ကုချန်သည် တိတ်ဆိတ်စွာ ရပ်နေလိုက်၏။

‎

‎

‎ဆယ့်ငါးမိနစ်ပင် မပြည့်မီတွင်... မိုးကုပ်စက်ဝိုင်းဆီမှ အနီရောင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ... သူ၏ရှေ့သို့ ဆင်းသက်လာသည်။

‎

‎

‎" ချီမုန် သခင့်ကို ဂါရဝပြုပါတယ် "

‎

‎

‎ရောက်လာသူမှာ အမှန်ပင် ချီမုန် ဖြစ်သည်။ သူသည်... ကုချန်ကို သိမ်မွေ့စွာ ဂါရဝပြုလိုက်ပြီးနောက်... ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စူးစမ်းကြည့်ရှုလိုက်သည်။ စွမ်းအားကြီး ကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာကာ... ကုချန်၏ လုံခြုံရေးကို ခြိမ်းခြောက်မည်ကို စိုးရိမ်နေပုံရသည်။

‎

‎

‎" ဒီချီလျန်နတ်ဆိုးနယ်မြေက မင်းတို့ ချီလျန်မျိုးနွယ်ရဲ့ နယ်မြေ မဟုတ်လား... ဘာလို့ ဒီလောက်တောင် သတိထားနေရတာလဲ "

‎

‎

‎ကုချန်သည် အနည်းငယ် ရယ်မောလိုက်၏။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ချီလျန်နတ်ဆိုးနယ်မြေသည် ချီလျန်မျိုးနွယ်၏ အမာခံစခန်း ဖြစ်သည်။ ချီမုန်၏ လက်ရှိတုံ့ပြန်ပုံအရ ဤချီလျန်နတ်ဆိုးနယ်မြေသည်ပင် မလုံခြုံတော့သည့် ပုံစံ ပေါက်နေသည်။

‎

‎

‎" သခင် မသိလို့ပါ... ကျွန်မတို့ ချီလျန်မျိုးနွယ်ရဲ့ ချီရှောင်ဘိုးဘေးကျဆုံးသွားတဲ့ သတင်း ပျံ့နှံ့သွားကတည်းက... နတ်ဆိုးနယ်မြေများစွာက ကျွန်မတို့ရဲ့ နယ်မြေကို မျက်စိကျနေကြပြီး ဝါးမြိုချင်နေကြတာပါ.....

‎

‎ဒါကြောင့်... ဒီရက်ပိုင်း ချီလျန်နတ်ဆိုးနယ်မြေက သိပ်ပြီး အေးချမ်းမနေပါဘူး "

‎

‎

‎ချီမုန်သည် ရှက်ရွံ့သည့်လေသံဖြင့် ပြန်ဖြေလိုက်၏။

‎

‎

‎လက်ရှိ ချီလျန်မျိုးနွယ်၏ အခြေအနေမှာ အမှန်တကယ်ပင် ခက်ခဲနေသည်။

‎

‎

‎ချီရှောင်ဘိုးဘေး၏ အကာအကွယ် မရှိတော့သဖြင့်... စွမ်းအားကြီးသော နတ်ဆိုးနယ်မြေများ လှုပ်ရှားလာကြသည်သာမက... ရွှမ်ယိုနတ်ဆိုးနယ်မြေ ကဲ့သို့သော အားနည်းသည့် နယ်မြေများကပင်... မသင့်လျော်သော အတွေးများ ဝင်လာကာ အမြတ်အစွန်း ခွဲဝေယူချင်နေကြသည်။

‎

‎

‎ဤအခြေအနေများအောက်တွင်... ချီလျန်နတ်ဆိုးနယ်မြေသည် အပေါ်ယံတွင် တည်ငြိမ်နေပုံရသော်လည်း... လက်တွေ့တွင်မူ ရေအောက်လှိုင်းစီးကြောင်းများ ထန်နေပြီး... အန္တရာယ်များနှင့် ပြည့်နှက်နေသည်။

‎

‎

‎ထို့ကြောင့်... ချီမုန်သည် ကုချန်၏ လုံခြုံရေးကို စိုးရိမ်ကာ... သူ့အား စောင့်ရှောက်ရန်... အလျင်အမြန် ရောက်လာခြင်း ဖြစ်သည်။

‎

‎

‎" အော်... အဲ့ဒီလိုကိုး "

‎

‎

‎ကုချန်သည် ခေါင်းအနည်းငယ် ညိတ်လိုက်ကာ ဘာမှထပ်မပြောတော့ဘဲ လမ်းပြရန်သာ ချီမုန်ကို အချက်ပြလိုက်သည်။

‎

‎

‎" အရှင်...ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... အမေက အရှင့်အတွက်... စတုတ္ထမြောက် ကောင်းကင်သတ္တုကို ရယူဖို့ ကြိုးစားနေတာကြောင့်... ကိုယ်တိုင်လာပြီး မကြိုဆိုနိုင်တာပါ "

‎

‎

‎ချီမုန်သည် လမ်းပြရင်း တိုးညှင်းစွာ ရှင်းပြလိုက်သည်။

‎

‎

‎လက်ရှိ... ချီလျန်မျိုးနွယ် ပိုင်ဆိုင်ထားသော ကောင်းကင်သတ္တုသုံးခုအနက် တစ်ခုမှာ... ချီလျန်မျိုးနွယ်၏ မူလရတနာဖြစ်ပြီး တစ်ခုမှာ အခြားနတ်ဆိုးနယ်မြေများထံမှ... လဲလှယ်ရယူထားခြင်း ဖြစ်သည်။ ကျန်တစ်ခုကိုမူ... ချီလျို ကိုယ်တိုင် မျိုးနွယ်စု ကျွမ်းကျင်သူများကို ဦးဆောင်ကာ... အန္တရာယ်များသော နေရာမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ချီလျိုသည် မျိုးနွယ်စုခေါင်းဆောင် ဖြစ်သော်ငြားလည်း... ဤကောင်းကင်သတ္တုသုံးခုကို ရရှိရန် အလွန်ပင် ကြိုးစားအားထုတ်ခဲ့ရကာ... မျိုးနွယ်စုအတွင်း ခုခံမှုများနှင့် မနည်းပင် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုနိုင်သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... အမှန်တရားကို မသိကြသော ချီလျန်မျိုးနွယ် ကျွမ်းကျင်သူများသည်... ချီလျိုမှ အကျိုးသင့်အကြောင်းသင့် မရှိဘဲ လုပ်ဆောင်နေသည်ဟု... ခံစားနေကြရသောကြောင့်ပင်။

‎

‎

‎ချီလျန်မျိုးနွယ်၏ လက်ရှိအခြေအနေမှာ မည်သို့ရှိနေသလဲ... မျိုးနွယ်စုခေါင်းဆောင် ဖြစ်ပါလျက်နှင့် ချီလျိုသည်... ချီလျန်မျိုးနွယ်ကို ဤကြပ်တည်းမှုမှ မည်သို့ ဆွဲထုတ်ရမည်ကို မစဉ်းစားဘဲ... ကောင်းကင်သတ္တု ဆိုသည်များကိုသာ လိုက်ရှာနေသည်။

‎

‎

‎ကောင်းကင်သတ္တုတွေ ဘယ်လောက်ပဲ များများ... ချီလျန်မျိုးနွယ်ကို လက်ရှိအခြေအနေဆိုးကနေ လွတ်မြောက်အောင်... ကူညီပေးနိုင်မှာတဲ့လား။

‎

‎

‎ချီလျို၏ ဂုဏ်သတင်းသာ မြင့်မားခြင်း မရှိလျှင်... သူသည် မျိုးနွယ်စု ကျွမ်းကျင်သူများ၏ ဝိုင်းဝန်းဆန့်ကျင်မှုကို ခံရသည်မှာ... ကြာပေပြီ။

‎

‎

‎သို့သော် ချီမုန်သည် ဤအကြောင်းများကို ကုချန်အား ထုတ်မပြောခဲ့ပေ။

‎

‎

‎အရှင်သည် သူ့အမိန့်၏ရလဒ်ကိုသာ လိုချင်ကာ... မည်သို့ လုပ်ဆောင်ရမည် ဆိုသည်မှာ... ချီလျိုနှင့် ချီလျန်မျိုးနွယ်၏ ကိစ္စသာဖြစ်ကြောင်း... သူကောင်းစွာ သိသည်။

‎

‎

‎သူ၏မိခင်သည်... ချီလျန်မျိုးနွယ် တစ်ခုလုံးသည် အရှင့် စေခိုင်းရာ ဖြစ်စေရမည်ဟု... ကြွားလုံးထုတ်ထားပြီး ဖြစ်သည်။ ယခုမှ... တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်သွားပါက... အရှင်သည် ချီလျန်မျိုးနွယ်ကို မည်သို့ ယုံကြည်တော့မည်နည်း။

‎

‎

‎မကြာမီ ချီမုန်၏လမ်းပြမှုဖြင့် ကုချန်သည် ချီလျန်မျိုးနွယ်ဘိုးဘေးနယ်မြေသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

‎

‎

‎ချီလျန်မျိုးနွယ်ဘိုးဘေးနယ်မြေသည်... ရွှမ်ယိုနန်းတော်ထက် များစွာ ပိုမို ခမ်းနားထည်ဝါကြောင်း... ထင်ရှားလှသည်။

‎

‎

‎အစိမ်းရောင် စကပ်ဝတ်ဆင်ထားကာ... မျက်နှာတွင် ကြက်သွေးရောင် နတ်ဆိုးအမှတ်အသားများ ပါရှိသော... အမျိုးသမီးနှစ်ဦးသည် ပတ်ဝန်းကျင်ကို အာရုံစိုက်ကာ... ကင်းလှည့်နေကြသည်။ သူတို့နှစ်ဦးစလုံးသည် သူတော်စင်အဆင့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားကြ၏။

‎

‎

‎" သခင်မလေးကို ဂါရဝပြုပါတယ် "

‎

‎

‎ထိုနှစ်ဦးသည် ချီမုန်ကို မြင်လိုက်သည်နှင့် အလိုအလျောက် ဦးညွှတ်လိုက်ကြသည်။

‎

‎

‎သို့သော်... ချီမုန်၏နောက်မှ ကုချန်ကို မြင်လိုက်ရသောအခါ... သူတို့သည် အံ့အားသင့်သွားကြကာ... ချက်ချင်းပင် သတိဝင်လာကြသည်။

‎

‎

‎" သခင်မလေး... ဒါက..... "

‎

‎

‎ဘိုးဘေးနယ်မြေကို စောင့်ကြပ်နေသော... ဤသူတော်စင်အဆင့် ချီလျန်မျိုးနွယ်ဝင် နှစ်ဦးသည်... အလွန် ဇဝေဇဝါ ဖြစ်သွားကြ၏။ ဤမျှ ထိရှလွယ်သော အချိန်ကာလတွင်... ချီမုန်သည် ပြင်ပလူတစ်ဦးကို ဘိုးဘေးနယ်မြေထဲသို့ အဘယ်ကြောင့် ခေါ်ဆောင်လာသည်ကို... သူတို့ နားမလည်နိုင်ပေ။

‎

‎

‎ဒီလူက ဘယ်သူလဲ.....

‎

‎

‎" မသိသင့်တာကို မမေးနဲ့... ဒါက ငါတို့ ချီလျန်မျိုးနွယ်ရဲ့ ဧည့်သည်တော်ပဲ "

‎

‎

‎ချီမုန်သည်... ဘိုးဘေးနယ်မြေတွင် တာဝန်ကျနေသော ဤမျိုးနွယ်ဝင်နှစ်ဦးကို... ကုချန်၏ အခြေအနေမှန်အား ထုတ်မပြောဘဲ... ဝါးတားတားသာ ပြောဆိုလိုက်သည်။

‎

‎

‎မည်သို့ပင်ဆိုစေ... သူ၏မိခင်သည် ကုချန်၏တည်ရှိမှုကို ချီလျန်မျိုးနွယ်အား အသိပေးရန် အစီအစဉ် မရှိသေးသဖြင့်... ချီမုန်သည် 'ဧည့်သည်တော်' ဟူသော အသုံးအနှုန်းကိုသာ... အစားထိုး သုံးစွဲလိုက်ခြင်း ဖြစ်သည်။

‎

‎

‎ဧည့်သည်တော်.....

‎

‎

‎ချီမုန်၏ရှင်းပြချက်ကို ကြားသောအခါ... ထိုသူတော်စင်အဆင့် ချီလျန်မျိုးနွယ်ဝင် နှစ်ဦးသည်.. မကျေနပ်ချက် အနည်းငယ် ရှိနေသေးသော်လည်း ချီမုန်၏ အဆင့်အတန်းကြောင့်... ဆက်မမေးရဲတော့ပေ။ သူတို့သည် လေးစားစွာ လမ်းဖယ်ပေးလိုက်ပြီး... ချီမုန်နှင့် ကုချန်အား ဝင်ခွင့်ပြုလိုက်သည်။

‎

‎

‎ကုချန်သည်... ချီလျန်မျိုးနွယ်ဘိုးဘေးနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက်... ချီလျန်မျိုးနွယ်ဝင် အမျိုးသမီး အများအပြားကို... ဆက်တိုက် တွေ့မြင်လိုက်ရသည်။ အားလုံးသည် ကျော့ရှင်းသော ကိုယ်ခန္ဓာနှင့် လှပသော ရုပ်သွင်ပြင်များ ရှိကြ၏။

‎

‎

‎ဤအချက်သည် သူ့အား စိတ်ဝင်စားသွားစေကာ ချက်ချင်းပင် မေးမြန်းလိုက်မိသည်။

‎

‎

‎" ဘာလို့ ဒီချီလျန်မျိုးနွယ်မှာ အမျိုးသမီးတွေချည်းပဲ ရှိနေရတာလဲ..... "

‎

‎

‎လမ်းတစ်လျှောက်တွင်... သူသည် ချီလျန်မျိုးနွယ်ဝင် အမျိုးသမီး ဆယ်ဦးမက တွေ့ခဲ့ရသော်လည်း... အမျိုးသား တစ်ဦးတစ်လေမျှ မတွေ့ရခြင်းဖြစ်ရာ... ကုချန်ကို စူးစမ်းလိုစိတ်နှင့် ဇဝေဇဝါ ဖြစ်စေသည်မှာ သဘာဝပင်။

‎

‎

‎" သခင့်ကို ပြန်လည်တင်ပြရရင်... ချီလျန်မျိုးနွယ်ဝင် အားလုံးက အမျိုးသမီးတွေပါ... အမျိုးသား မရှိပါဘူး "

‎

‎

‎ချီမုန်သည် တိုးညှင်းစွာ ပြန်လည်ဖြေဆို၏။

‎

‎

‎အမျိုးသား မရှိဘူး.....

‎

‎

‎ကုချန်သည် အံ့အားသင့်သွားပြီးနောက်... သူတွေ့ခဲ့ရသော ချီလျန်မျိုးနွယ်ဝင် အားလုံးမှ သူ့အား... ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေခဲ့ကြသည်ကို... သတိရလိုက်သည်။

‎

‎

‎ထိုစဉ်က သူနားမလည်ခဲ့ဘဲ ချီမုန်နှင့်အတူ ပါလာသောကြောင့်ဟုသာ ထင်မှတ်ခဲ့သည်။

‎

‎

‎တကယ်တော့ ဒီချီလျန်မျိုးနွယ်မှာ အမျိုးသား လုံးဝ မရှိတာကိုး.....

‎

‎

‎" ကျွန်မတို့ ချီလျန်မျိုးနွယ်က သာမန်မျိုးနွယ်တွေနဲ့ မတူပါဘူး... ယောက်ျားတွေနဲ့ ပေါင်းစပ်စရာ မလိုဘဲ... မျိုးဆက်ပွားနိုင်ပါတယ် "

‎

‎

‎ချီမုန်၏မျက်နှာမှာ အနည်းငယ် ရဲသွားသော်လည်း ကုချန်ကို ဆက်လက် ရှင်းပြလိုက်သည်။

‎

‎

‎" ချီလျန်မျိုးနွယ်ရဲ့ မျိုးနွယ်စု ပါရမီတစ်ခုက... မျိုးနွယ်ဝင်တွေ အရွယ်ရောက်လာရင် သူတို့ရဲ့ နတ်ဘုရားဝိညာဉ်နဲ့ အသားစိုင်တချို့ကို ခွဲထုတ်ပြီး... ကိုယ်ခန္ဓာထဲမှာ သွေးသားရင်းချာ မျိုးဆက်ကို ပြုစုပျိုးထောင်နိုင်တာပါ.....

‎

‎အ‌မေက ကျွန်မကို မွေးဖွားဖို့ ဒီနည်းလမ်းကို သုံးခဲ့တာပါ "

‎

‎

‎ချီမုန်၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ကုချန်သည် နောက်ဆုံးတွင် နားလည်သွား၏။

‎

‎

‎ချီလျန်မျိုးနွယ်တစ်ခုလုံးတွင် အမျိုးသမီးများသာရှိပြီး အမျိုးသားမျိုးနွယ်ဝင် တစ်ဦးမျှ မရှိခြင်းမှာ မဆန်းတော့ပေ။

‎

‎

‎ဒီမျိုးနွယ်စုက သူတို့ဘာသာသူတို့ မျိုးဆက်ပွားနိုင်တာကိုး.....

‎

‎

‎ကုချန်၏အကြည့်များ သူ၏အပေါ် ရောက်ရှိလာသည်ကို မြင်သောအခါ... ချီမုန်၏စိတ်ထဲတွင် ရှက်ရွံ့မှုများ ပိုမို တိုးပွားလာကာ ထူးဆန်းသော စိတ်အလိုတစ်ခုကြောင့်... ထပ်မံပြောဆိုလိုက်မိသည်။

‎

‎

‎" ဒါပေမယ့် တစ်ခြားဖြစ်တည်မှုတွေနဲ့ ပေါင်းဖက်ရင်လဲ... ချီလျန်မျိုးနွယ်ဝင်တွေက မျိုးဆက်ပွားနိုင်ပါတယ်..... "

‎

‎

‎ထိုသို့ ပြောပြီးသည်နှင့်... မပြောသင့်သည်ကို ပြောမိလိုက်ကြောင်း... ချီမုန် သတိထားမိသွားပုံရသည်။ သူ၏နှုတ်ခမ်းကို တင်းတင်းစေ့လိုက်လျက်... ခေါင်းငုံ့ကာ ဆက်လက် လမ်းပြနေလိုက်သည်။

‎

‎

‎အရပ်မျက်နှာ အသီးသီးမှ လာသော.. အံ့ဩထိတ်လန့်နေသည့် အကြည့်များကို လျစ်လျူရှုရင်း.....

‎

‎

‎ချီမုန်သည် ကုချန်ကို ချီလျန်မျိုးနွယ်၏ နက်ရှိုင်းသော လျှို့ဝှက်နေရာတစ်ခုသို့ လျင်မြန်စွာ ခေါ်ဆောင်သွားခဲ့သည်။

‎

‎

‎ထို့နောက် သူသည် ကောင်းကင်သတ္တု သုံးခုလုံးကို လေးစားစွာ ထုတ်ယူကာ ကုချန်၏ရှေ့တွင် ဆက်သလိုက်၏။

‎

‎

‎" အရှင်... ကောင်းကင်သတ္တု သုံးခုလုံး ဒီမှာပါ... လက်ခံပေးပါ "

All Chapters