← Chapters

အခန်း (၂၇၅-၂၇၆)

Vol. 20 Ch. 275-276

အခန်း (၂၇၅-၂၇၆)

Vol. 20 Ch. 275-276

‎အခန်း ( ၂၇၅ ) - သစ္စာဖောက်ရခြင်းအကြောင်းရင်း၊ ကပ်ဘေးနှင့် ကိုယ်ကျိုးစီးပွါး

‎

‎

‎

‎ကုချန်သည် ချီမုန် ဆက်သလာသည့် ကောင်းကင်သတ္တုသုံးတုံးအား ငြင်းပယ်ခြင်းမရှိဘဲ သူ၏အိတ်ကပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။

‎

‎

‎ကုချန်မှ... ကောင်းကင်သတ္တုများအား ပြတ်သားစွာ လက်ခံလိုက်သည်ကို မြင်လိုက်ရသောအခါ... ချီမုန်သည် အကြောင်းပြချက်မရှိ စိတ်သက်သာရာရကာ... သက်ပြင်းချလိုက်မိသည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ... သခင်သည် ချီလျန်မျိုးနွယ်၏ ဆက်သမှုကို မည်သည့်သံသယမျှမရှိဘဲ... လက်ခံလိုက်ပြီဖြစ်သည်။ ဆိုလိုသည်မှာ... နောင်တွင် ချီလျန်မျိုးနွယ်၌ မည်သို့သောကိစ္စများ ဖြစ်ပျက်စေကာမူ... သခင့်ထံမှ ကာကွယ်စောင့်ရှောက်မှုကို ရရှိတော့မည်ပင် ဖြစ်သည်။

‎

‎

‎" စကားမစပ်... မင်းတို့ ချီလျန်မျိုးနွယ်က အင်မော်တယ်နယ်မြေကနေ... ဘာလို့ ပုန်ကန်ထွက်ပြေးလာရတာလဲဆိုတာ... ဒီအရှင် မသိသေးဘူး "

‎

‎

‎ကုချန်သည် ကောင်းကင်သတ္တုများကို လက်ခံပြီးနောက်... အကန့်အသတ်မဲ့ဓားအား ချက်ချင်း သန့်စင်ခြင်းမပြုသေးဘဲ... ချီလျန်မျိုးနွယ် အင်မော်တယ်နယ်မြေမှ ပုန်ကန်ထွက်ပြေးလာရသည့် အကြောင်းရင်းကို... ပေါ့ပါးစွာ မေးမြန်းလိုက်သည်။

‎

‎

‎ချီမုန်၏ ယခင်ပြောပြချက်အရ... လွန်ခဲ့သည့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကာလများက... ချီလျန်မျိုးနွယ်သည် အင်မော်တယ်နယ်မြေအတွင်းရှိ မျိုးနွယ်တစ်ခုဖြစ်ခဲ့သည်။

‎

‎

‎နောက်ပိုင်းတွင်... အကြောင်းအရာတစ်ခုခုကြောင့် အင်မော်တယ်နယ်မြေကို ပုန်ကန်ပြီး... နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။

‎

‎

‎ကုချန်သည်... ထိုစဉ်က အဖြစ်အပျက်နှင့် ပတ်သက်၍... အလွန်စူးစမ်းချင်နေမိသည်။ ချီလျန်မျိုးနွယ်တစ်ခုလုံး ကြီးမားသော ပေးဆပ်မှုဖြင့်... အင်မော်တယ်နယ်မြေအား ပုန်ကန်ခဲ့ရသည်အထိ... မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။

‎

‎

‎" သခင့်ကို ပြန်လျှောက်တင်ရရင်တော့... ဒီကိစ္စက ပြောမယ်ဆိုရင် ပုံပြင်ရှည်တစ်ပုဒ်လိုပါပဲ... ချီမုန်တောင်မှ အကြမ်းဖျင်းလောက်ပဲ သိထားတာပါ "

‎

‎

‎ကုချန်၏မေးခွန်းကို ကြားလိုက်ရသောအခါ ချီမုန်၏မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎" ကျွန်မတို့ ချီလျန်မျိုးနွယ်တစ်ခုလုံးက... အမျိုးသမီးတွေချည်းပဲ ဖွဲ့စည်းထားတာကို သခင် မြင်ပြီးသားဖြစ်မှာပါ... အဲ့ဒီတုန်းက အင်မော်တယ်နယ်မြေက... ကျွန်မတို့မျိုးနွယ်ကို လက်မခံနိုင်ခဲ့တာကလဲ ဒီအကြောင်းပြချက်ကြောင့်ပါပဲ..... "

‎

‎

‎ချီလျန်မျိုးနွယ်တွင် အမျိုးသမီးများသာ ရှိနေခြင်းနှင့်... အင်မော်တယ်နယ်မြေမှ လက်မခံနိုင်ခြင်းတို့မှာ... မည်သို့ ပတ်သက်ဆက်နွယ်နေသနည်း။

‎

‎

‎ကုချန်သည် မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။ ဒီအကြောင်းအရာနှစ်ခုကြား၌ ဆက်စပ်မှုရှိသည်ဟု သူ မခံစားမိပေ။

‎

‎

‎သို့သော်... ချီမုန်၏ တိုးညှင်းသော ရှင်းပြစကားများသည်... ကုချန်အား အကြောင်းရင်းကို နားလည်သွားစေ၏။

‎

‎

‎" ချီလျန်မျိုးနွယ်က အမျိုးသမီးပဲ ရှိနေရုံတင်မကပါဘူး... မျိုးနွယ်ရဲ့ ထူးခြားချက်ကြောင့် အဖွဲ့ဝင်တိုင်းက... အရမ်းကောင်းမွန်တဲ့ 'ဆေးဖို' တွေ ဖြစ်နေကြလို့ပါပဲ.....

‎

‎တကယ်လို့ အင်မော်တယ်နယ်မြေက ကျင့်ကြံသူတစ်ယောက်ကသာ ချီလျန်မျိုးနွယ်ဝင်တစ်ယောက်နဲ့ ပေါင်းဖက်မယ်ဆိုရင်... လက်တွဲ‌ဖော်ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ဖြစ်တဲ့... တာအိုစွမ်းအင်ကို စုပ်ယူနိုင်ပြီး သူတို့ကိုယ်သူတို့ အားဖြည့်နိုင်ပါတယ်... ဒါက သူတို့ရဲ့ ကျင့်ကြံခြင်းအတွက် အများကြီး အကျိုးရှိစေတာလေ..... "

‎

‎

‎" ဒါပေမယ့်... စုပ်ယူခြင်းခံလိုက်ရတဲ့ ချီလျန်မျိုးနွယ်ဝင်ကတော့ သူ့ရဲ့ မူလဇစ်မြစ် ပျက်စီးပြီး... ပြန်လည်မကုစားနိုင်တဲ့ ကြီးမားတဲ့ ထိခိုက်မှုကြီးကို ခံစားရမှာပါ..... "

‎

‎

‎ချီမုန်၏စကားသံသည် တိုးညှင်းနေသော်လည်း ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။

‎

‎

‎" ကျွန်မတို့ရဲ့ ဘိုးဘေးတွေက ဒီလို ဆေးဖိုအဖြစ် သတ်မှတ်ခံရတဲ့ အချက်ဟာ... ချီလျန်မျိုးနွယ်အတွက် ဘယ်လောက်အန္တရာယ်များလဲဆိုတာ ကြိုသိခဲ့ကြပါတယ်... ဒါကြောင့် ဘိုးဘေးတွေက ဒီကိစ္စကို လျှို့ဝှက်ထားဖို့အတွက်... မျိုးနွယ်ဝင်အားလုံးကို ပြင်ပက အမျိုးသားကျင့်ကြံသူတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံတာမျိုး မလုပ်ဖို့... တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့ဖူးပါတယ် "

‎

‎

‎" ဒါပေမယ့် နောက်ပိုင်းမှာ... မျိုးနွယ်ဝင်တစ်ယောက်က မတော်တဆ လျှို့ဝှက်ချက်ကို ပေါက်ကြားစေခဲ့မိရာကနေ... ချီလျန်မျိုးနွယ်တစ်ခုလုံး ထာဝရငရဲခန်းထဲ ကျရောက်သွားခဲ့ရတာပါပဲ..... "

‎

‎

‎ချီမုန်၏ ပြောပြချက်များကြောင့် ကုချန်သည် အကြောင်းစုံကို နားလည်သွားခဲ့သည်။

‎

‎

‎ဆိုလိုသည်မှာ... ဤချီလျန်မျိုးနွယ်မှ အမျိုးသမီးအားလုံးသည်... အလွန်ကောင်းမွန်သော 'ဆေးဖို' ခန္ဓာကိုယ်ကို... ပိုင်ဆိုင်ထားကြသည်ပင်။

‎

‎

‎သို့သော် စဉ်းစားကြည့်လျှင် မဖြစ်နိုင်စရာတော့ မရှိပေ။ ချီလျန်မျိုးနွယ်၏ ပင်ကိုစွမ်းရည်မှာ နက်ရှိုင်းလှသည်။ မျိုးပွားရန်အတွက် မိမိတို့၏ သွေးအဆီအနှစ်၊ တာအို စသည်တို့ကို ခွဲထုတ်နိုင်သည်။ ထိုသို့ဆိုလျှင် ဆေးဖိုအဖြစ် ပြောင်းလဲကာ မိမိ၏ တာအိုကျင့်ကြံခြင်းကို အခြားသူထံ လွှဲပြောင်းပေးနိုင်သည် ဆိုခြင်းမှာလည်း ဖြစ်နိုင်ပေသည်။

‎

‎

‎သို့သော် ကုချန်ကြားသိရသည်မှာ... ယခင်က ကျဆုံးသွားခဲ့သော ချီလျန်မျိုးနွယ်၏ ဘိုးဘေး ချီရှောင်သည်... အင်မော်တယ်ထျန်းကျွင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်သည်။ ထိုကဲ့သို့သော တည်ရှိမှုမျိုးသည် ချီလျန်မျိုးနွယ်ကို မကာကွယ်နိုင်ခဲ့ဘူးလော။

‎

‎

‎အင်မော်တယ်နယ်မြေတစ်ခုလုံးသို့ သတင်းပြန့်နှံ့သွားလျှင်ပင်... ထိုကဲ့သို့သော ကျင့်ကြံခြင်းအဆင့်ဖြင့် ချီလျန်မျိုးနွယ်ကို ကာကွယ်ရန်... လုံလောက်သင့်ပေသည်။ အမှန်တကယ်တွင်... ကုချန်အနေဖြင့် မြင့်မြတ်လှသော အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများသည်... ဆေးဖိုဟုခေါ်သည့် အရာများကို လိုအပ်လိမ့်မည်ဟု မယုံကြည်ပေ။

‎

‎

‎အင်မော်တယ်ဘုရင်များ ဝင်ရောက်စွက်ဖက်ခြင်း မရှိသရွေ့... အင်မော်တယ်ထျန်းကျွင်း အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းဖြင့်... ချီလျန်မျိုးနွယ်ကို အချိန်တစ်ခုအထိ ကာကွယ်ပေးထားနိုင်မည် မဟုတ်လော။

‎

‎

‎ကုချန်၏မျက်နှာထားကို မြင်သောအခါ... ချီမုန်သည် သူ၏အတွေးကို ခန့်မှန်းမိပုံရပြီး... ခါးသီးစွာ ပြုံးလျက် ပြောဆိုလေသည်။

‎

‎

‎" ကျွန်မတို့ ချီလျန်မျိုးနွယ်မှာ... အစက ဘိုးဘေးချီရှောင် တစ်ယောက်တည်း ရှိခဲ့တာ မဟုတ်ပါဘူး... အင်မော်တယ်ထျန်းကျွင်း အထွတ်အထိပ်အဆင့်ရှိတဲ့... ဘိုးဘေး လေးယောက်အထိ ရှိခဲ့ဖူးပါတယ် "

‎

‎

‎" ဒါပေမယ့် နောက်ပိုင်းမှာ... တခြားဘိုးဘေးသုံးယောက်လုံး မျိုးနွယ်ကို ကာကွယ်ရင်း ကျဆုံးခဲ့ရပြီး... ဘိုးဘေးချီရှောင် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တာပါ "

‎

‎

‎" ချီလျန်မျိုးနွယ်ရဲ့ ဆေးဖိုအာနိသင်က... ဘယ်လောက်ထိ စွမ်းအားကြီးသလဲဆိုတာ... သခင် မသိပါဘူး.....

‎

‎အရှင်သခင်အဆင့် တည်ရှိမှုတစ်ခုက စစ်မှန်တဲ့ အင်မော်တယ်အဆင့်ရှိတဲ့... ချီလျန်မျိုးနွယ်ဝင်တစ်ဦးကို ဆေးဖိုအဖြစ် အသုံးပြုပြီး... သူ့ရဲ့ ကျင့်ကြံခြင်းအားလုံးကို စုပ်ယူလိုက်မယ်ဆိုရင်.....

‎

‎အချိန်တိုအတွင်းမှာပဲ... စစ်မှန်သော အင်မော်တယ်အဆင့်အတန်းကို တက်လှမ်းနိုင်မှာပါ... ပြီးတော့ ဘေးထွက်ဆိုးကျိုးကလဲ မရှိသလောက်ပါပဲ! "

‎

‎

‎" အဲ့ဒီအချိန်တုန်းက အင်မော်တယ်နယ်မြေတစ်ခုလုံး ရူးသွပ်သွားခဲ့ကြတယ်... အပေါ်ယံမှာတော့ ထိန်းသိမ်းထားကြပေမယ့်... အားလုံးက တိတ်တဆိတ်နဲ့ ကျွန်မတို့ ချီလျန်မျိုးနွယ်ဝင်တွေကို... အကြီးအကျယ် ဖမ်းဆီးခဲ့ကြတာပါ "

‎

‎

‎" အစပိုင်းမှာတော့... မျိုးနွယ်ထဲက ဘိုးဘေးတွေက သတင်းပေါက်ကြားသွားမှန်းသိတော့... ချီလျန်မျိုးနွယ်ဝင် အားလုံးကို အပြင်မထွက်ခိုင်းတော့ဘဲ... မျိုးနွယ်ပိုင်နက်ထဲမှာပဲ နေစေပြီး ဒီကိစ္စတွေ ငြိမ်သွားတဲ့အထိ စောင့်ဖို့... ပြင်ဆင်ခဲ့ကြပါတယ် "

‎

‎

‎" အဲ့ဒီတုန်းက ဘိုးဘေးတွေ ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြတာက.....

‎

‎အင်မော်တယ်ဘုရင်တွေသာ ဝင်မပါရင်... ချီလျန်မျိုးနွယ်ရဲ့ အင်မော်တယ်ထျန်းကျွင်းအဆင့် ဘိုးဘေးလေးယောက်နဲ့တင်... ချီလျန်မျိုးနွယ်ပိုင်နက်ကို ကာကွယ်ဖို့ လုံလောက်တယ်လို့ ယူဆခဲ့ကြတာပါ...

‎

‎အင်မော်တယ်နယ်မြေက ဘယ်အင်အားစု၊ ဘယ်လိုအာဏာရှင်မှ ချီလျန်မျိုးနွယ်ကို ထိပါးရဲမှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတာပေါ့ "

‎

‎

‎" နှစ်ထောင်ချီ၊ သောင်းချီ ကြာပြီးလို့ အခြေအနေတွေ ငြိမ်သက်သွားတဲ့အခါ... ချီလျန်မျိုးနွယ်ဝင်တွေ သတိထားပြီး နေထိုင်ကြမယ်ဆိုရင်... နောင်တစ်ချိန်မှာ အင်မော်တယ်နယ်မြေထဲ ပြန်လည်ပြီး လွတ်လပ်စွာ သွားလာခွင့်ရမယ်လို့ မျှော်လင့်ခဲ့ကြတာ..... "

‎

‎

‎ချီမုန် ဒီအထိ ပြောလာသည်ကို ကြားရသောအခါ‌ ကုချန်သည် စကားပင်မပြောနိုင် ဖြစ်သွားရသည်။ ချီလျန်မျိုးနွယ်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ မည်မျှ 'ပုံမှန်မဟုတ်' ကြောင်းကို သူ သဘောပေါက်လိုက်ပြီဖြစ်သည်။

‎

‎

‎အရှင်သခင်အဆင့် ကျင့်ကြံသူတစ်ဦးသည်... စစ်မှန်သော အင်မော်တယ်အဆင့် ဆေးဖိုကို စုပ်ယူလိုက်ရုံဖြင့်... အချိန်တိုအတွင်း စစ်မှန်သော အင်မော်တယ်အဆင့်သို့ ရောက်ရှိနိုင်ကာ... ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက်ပင် ဖြစ်သည်တဲ့လော။

‎

‎

‎အင်မော်တယ်တစ်သောင်းမျှော်စင်မှ အောက်ဘုံတွင်... နှစ်သန်းပေါင်းများစွာ ကြိုးစားပမ်းစား သိမ်းယူခဲ့သည့်... အရှင်သခင်အဆင့် ဆေးလုံးများအားလုံး ပေါင်းစည်းလိုက်လျှင်ပင်... စစ်မှန်သော အင်မော်တယ်အဆင့် အနည်းငယ်ကို မွေးထုတ်ပေးနိုင်ရန်... မသေချာပေ။

‎

‎

‎ထိုအရာနှင့် ယှဉ်လိုက်လျှင် ချီလျန်မျိုးနွယ်၏ ဆွဲဆောင်မှုမှာ သိသာထင်ရှားလွန်းလှသည်။

‎

‎

‎သို့သော် ထိုအချိန်က ချီလျန်မျိုးနွယ်၌ အင်မော်တယ်ထျန်းကျွင်းအဆင့် ဘိုးဘေးလေးဦးအထိ ရှိနေခဲ့သည်။

‎

‎

‎အင်မော်တယ်ထျန်းကျွင်း လေးပါးက ချီလျန်မျိုးနွယ်လေးတစ်ခုကို မကာကွယ်နိုင်ခဲ့ဘူးလား.....

‎

‎

‎ကုချန်သည် အနည်းငယ် နားမလည်နိုင် ဖြစ်သွားရ၏။

‎

‎

‎ထိုအကြောင်းအရာသို့ ရောက်သောအခါ ချီမုန်၏အသံသည် ပိုမို၍ ခါးသီးလာခဲ့သည်။

‎

‎

‎" ဒါပေမယ့်... ဘိုးဘေးတွေက အရာရာကို တွက်ချက်ခဲ့ကြပေမယ့် အချက်တစ်ချက်ကို လွဲချော်ခဲ့ကြတယ်... အဲ့ဒါကတော့ အင်မော်တယ်နယ်မြေက မြင့်မြတ်လှတဲ့ အင်မော်တယ်ဘုရင်ကြီးတွေဟာ... ဆေးဖိုဆိုတာတွေကို မလိုအပ်ကြပေမယ့်... သူတို့ရဲ့ တပည့်တွေ၊ သူတို့ရဲ့ သွေးသား ဆက်ခံသူတွေကတော့ လိုအပ်နေကြတယ် ဆိုတာပဲ..... "

‎

‎

‎ချီမုန် ဤအထိ ပြောလိုက်ချိန်မှာတော့ ကုချန် အပြည့်အဝ သဘောပေါက်သွားပြီ ဖြစ်သည်။

‎

‎

‎ဆိုလိုသည်မှာ... ထိုနှစ်များက အရာရာကို တွက်ချက်ခဲ့ကြသော... ချီလျန်မျိုးနွယ်၏ ဘိုးဘေးများသည်... အချက်တစ်ချက်တည်းကိုသာ လွဲချော်ခဲ့ခြင်းဖြစ်သည်။ ထိုအရာမှာ... လူတိုင်းတွင် ကိုယ်ကျိုးကြည့်သော စိတ်ဓာတ်... ရှိသည်ဟူသော အချက်ပင်။

‎

‎

‎ထိုအင်မော်တယ်ဘုရင်များပင်လျှင် ချွင်းချက်မရှိပေ။

‎

‎

‎မှန်ပါသည်... ထိုအင်မော်တယ်ဘုရင်များ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင်... ဆေးဖိုဆိုသည့်အရာများကို မလိုအပ်ကြပေ။

‎

‎

‎သို့သော် အင်မော်တယ်ဘုရင်များ၏ တပည့်များ၊ အင်မော်တယ်ဘုရင်များ၏ မျိုးဆက်များကရော မလိုအပ်ကြဘူးလော။

‎

‎

‎အကယ်၍ လိုအပ်ခဲ့မည်ဆိုလျှင်... ထိုအင်မော်တယ်ဘုရင်များသည် ချီလျန်မျိုးနွယ်ဘက်မှ ရပ်တည်ပြီး... တရားမျှတမှုကို ဖော်ဆောင်ပေးမည်လော မဟုတ်လျှင်... သူတို့၏ တပည့်များ၊ မျိုးဆက်များဘက်မှ ရပ်တည်ပြီး ဤကိစ္စများကို ခွင့်ပြုပေးမည်လော... သို့တည်းမဟုတ် တိတ်တဆိတ်ပင် မီးလောင်ရာလေပင့် လုပ်ပေးကြမည်လော။

‎

‎

‎ထိုမြင့်မြတ်လှသော အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများသည် ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ရန်ပင် မလိုပေ။ အမှောင်ထဲမှနေ၍ အနည်းငယ် လှုံ့ဆော်ပေးလိုက်ရုံဖြင့်... ချီလျန်မျိုးနွယ်တို့ ခုခံနိုင်စွမ်းမရှိသော အခြေအနေသို့... ရောက်သွားစေနိုင်သည်။

‎

‎

‎လက်ရှိ ချီလျန်မျိုးနွယ် ကြုံတွေ့နေရသော အကြပ်အတည်းကဲ့သို့ပင်... ရှီမိုကောင်းကင်အရှင်သည် မျက်နှာပင် မပြဘဲ... ချီလျန်မျိုးနွယ်အပေါ် မကျေနပ်ကြောင်း ပြသလိုက်ရုံဖြင့်... နတ်ဆိုးနယ်မြေရှိ အင်အားကြီးပုဂ္ဂိုလ်များသည် သူ့အတွက် 'အမှုတော်ထမ်း' ရန်... အလုအယက် ထွက်ပေါ်လာကြကာ ချီလျန်မျိုးနွယ်ကို... ပူးပေါင်းပစ်မှတ်ထားလာကြခြင်း ဖြစ်သည်။

‎‎

‎အခန်း ( ၂၇၆ ) - အတိတ်ဟောင်း၊ မလိုအပ်သော ဆေးဖို၊ အင်မော်တယ်ဓားသန့်စင်ခြင်းနှင့် ပေးဆပ်မှု

‎

‎

‎

‎" အဲ့ဒီတုန်းက အင်မော်တယ်ဘုရင် လက်အောက်ခံ အင်အားစု တစ်ခုမကပါဘူး... ပေါ်ပေါ်ထင်ထင်ရော တိတ်တဆိတ်ပါ ကျွန်မတို့ ချီလျန်မျိုးနွယ်ကို ဖိအားပေးခဲ့ကြတာပါ... သူတို့ရဲ့ တပည့်တွေအတွက်... ကျွန်မတို့ ချီလျန်မျိုးနွယ်ဝင်တွေနဲ့ 'လက်ထပ်ထိမ်းမြား' ပေးဖို့ မျှော်လင့်ပါတယ် ဆိုပြီးတော့လေ..... "

‎

‎

‎ချီမုန်၏အပြုံးသည် အနည်းငယ် ခါးသက်နေကာ လှောင်ပြောင်မှုများပင် ပါဝင်နေသည်။

‎

‎

‎ထို 'လက်ထပ်ထိမ်းမြားခြင်း' ဆိုသည်မှာ... ချီလျန်မျိုးနွယ်ဝင်များကို 'ဆေးဖို' အဖြစ် ဆက်ဆံလိုခြင်းကို အလှဆင်ထားသော... စကားလုံးသက်သက်သာ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။

‎

‎

‎" အဲ့ဒီတုန်းက ချီလျန်မျိုးနွယ်ရဲ့ ဘိုးဘေးတွေကလဲ ဒါကို ရိပ်မိခဲ့ကြပါတယ်... ဒါပေမယ့် သူတို့မှာ ရွေးချယ်စရာမရှိဘဲ ခဏသည်းခံပြီး... အဲ့ဒီရွံစရာကောင်းတဲ့ လူတွေကို သဘောတူခဲ့ရပါတယ် "

‎

‎

‎" အဲ့ဒီအချိန်ကစပြီး... ဘိုးဘေးတွေဟာ ချီလျန်မျိုးနွယ်ကို ဒီလို အကျပ်အတည်းထဲကနေ လွတ်မြောက်နိုင်မယ့်... နည်းလမ်းကို အမြဲရှာဖွေခဲ့ကြတာပါပဲ "

‎

‎

‎" ဒါပေမယ့် ချီလျန်မျိုးနွယ်က အင်မော်တယ်နယ်မြေထဲမှာ ရှိနေသရွေ့... အင်မော်တယ်ဘုရင်တွေရဲ့ သြဇာလွှမ်းမိုးမှုအောက်ကနေ... ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ "

‎

‎

‎" မျိုးနွယ်ထဲက ဘိုးဘေးတစ်ယောက်ယောက်က... အင်မော်တယ်ဘုရင်အဆင့်ကို အောင်မြင်စွာ ချိုးဖျက်တက်လှမ်းနိုင်ရင်တော့ တစ်မျိုးပေါ့... ဒါပေမယ့် အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းဖို့ဆိုတာ... တကယ်ကို ခက်ခဲလွန်းပါတယ်..... "

‎

‎

‎ချီမုန်သည် ခါးသီးစွာ ပြောဆိုလိုက်၏။

‎

‎

‎" နောက်ပိုင်းမှာတော့ ဘိုးဘေးတွေက တိုင်ပင်ဆွေးနွေးပြီးတဲ့နောက်... နတ်ဆိုးနယ်မြေဘက်ကို ဘက်ပြောင်းခိုလှုံဖို့ ဆုံးဖြတ်လိုက်ကြတယ်... နတ်ဆိုးနယ်မြေမှာ ဘဝသစ်တစ်ခု စတင်နိုင်ဖို့ မျှော်လင့်ခဲ့ကြတာပေါ့ "

‎

‎

‎" အဲ့ဒီအချိန်တုန်းက... အင်မော်တယ်နယ်မြေနဲ့ နတ်ဆိုးနယ်မြေတို့ စစ်ဖြစ်နေကြပြီး... နယ်စပ်ဒေသတစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်နေတဲ့ အချိန်ပါပဲ "

‎

‎

‎" ဘိုးဘေးတွေက... အရင်ဆုံး နတ်ဆိုးနယ်မြေဘက်ကို လျှို့ဝှက်ဆက်သွယ်ပြီး... သဘောတူညီမှု ရယူခဲ့ကြတယ် "

‎

‎

‎" ပြီးတော့ သူတို့ရဲ့ အသက်ကိုရင်းပြီး... ချီလျန်မျိုးနွယ်တစ်ခုလုံးကို နတ်ဆိုးနယ်မြေဘက် ခေါ်ဆောင်သွားဖို့ ကြိုးစားခဲ့ကြတယ်... ဒါပေမယ့် လမ်းခုလတ်မှာ အင်မော်တယ်နယ်မြေဘက်က ရိပ်မိသွားခဲ့ပြီး..... "

‎

‎

‎" နောက်ဆုံးမှာတော့... အင်မော်တယ်ထျန်းကျွင်းအဆင့် ဘိုးဘေးသုံးယောက်ရဲ့ အသက်ကို ပေးဆပ်လိုက်ရပြီးမှ... ဘိုးဘေးချီရှောင်က ချီလျန်မျိုးနွယ်ကို နတ်ဆိုးနယ်မြေဘက် အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့တာပါ..... "

‎

‎

‎ချီမုန် ပြောပြလိုက်သည်နှင့် ချီလျန်မျိုးနွယ် အင်မော်တယ်နယ်မြေကို သစ္စာဖောက်ခဲ့ရသည့် အဖြစ်အပျက် အသေးစိတ်အားလုံးသည် ကုချန်၏ ရှေ့တွင် ပေါ်လွင်လာခဲ့သည်။

‎

‎

‎" သူတို့လဲ ကံဆိုးရှာတဲ့ လူတွေပါပဲလား "

‎

‎

‎ကုချန်သည် ဖြေးညင်းစွာ သက်ပြင်းချလိုက်မိသည်။

‎

‎

‎ချီလျန်မျိုးနွယ်သည် အမှန်တကယ်ပင် ကံဆိုးလှသည်။

‎

‎

‎ထိုကဲ့သို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားခြင်းကြောင့်... အင်မော်တယ်နယ်မြေရှိ အင်အားစုအသီးသီး၏ မျက်စိကျစရာ... 'သိုးမွေးထူ' များ ဖြစ်လာခဲ့ရသည်။ ရှောင်လွှဲချင်လျှင်ပင် ရှောင်လွှဲ၍ မရနိုင်တော့ပေ။

‎

‎

‎ချီလျန်မျိုးနွယ်တစ်ခုလုံးကို ဦးဆောင်ပြီး... နတ်ဆိုးနယ်မြေသို့ ဘက်ပြောင်းခိုလှုံရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ရသည့်... ဘိုးဘေးများအတွက် မည်မျှ ခက်ခဲခဲ့မည်ကို... တွေးကြည့်ရုံနှင့် သိနိုင်သည်။

‎

‎

‎သို့သော် ထိုအချိန်က ထိုလမ်းသည်သာ ချီလျန်မျိုးနွယ်အတွက် တစ်ခုတည်းသော လွတ်မြောက်ရာလမ်း ဖြစ်ခဲ့သည်။

‎

‎

‎အကယ်၍... နတ်ဆိုးနယ်မြေသို့ ဘက်ပြောင်းခိုလှုံခြင်း မပြုခဲ့လျှင်... ချီလျန်မျိုးနွယ်တစ်ခုလုံးသည် အင်မော်တယ်ဘုရင် အင်အားစုအသီးသီး၏... လှောင်အိမ်သွင်း မွေးမြူခြင်းကို ခံရမည်ဖြစ်ပြီး... တစ်သက်လုံး လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

‎

‎

‎ဆေးဖိုများကိုသာ အဆက်မပြတ် မွေးထုတ်ပေးနေရမည့် ဘဝမျိုး ရောက်သွားမည်ဖြစ်သည်။

‎

‎

‎နတ်ဆိုးနယ်မြေသို့ ဘက်ပြောင်းခိုလှုံခြင်းကမူ ချီလျန်မျိုးနွယ်အတွက် အသက်ရှူပေါက် တစ်ခု ရစေခဲ့သည်။

‎

‎

‎သို့သော်... ယခု ပြန်ကြည့်လျှင် ချီလျန်မျိုးနွယ်၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သည်... မှားယွင်းသည်ဟု ပြောရန် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော်... နတ်ဆိုးနယ်မြေသို့ ရောက်ရှိပြီးနောက်၌လည်း... ချီလျန်မျိုးနွယ်သည် ငြိမ်းချမ်းမှုကို မရရှိခဲ့ပေ။

‎

‎

‎အန္တရာယ်များသော အခြေအနေများကြောင့်... ချီလျန်မျိုးနွယ်၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သည့် ဘိုးဘေးချီရှောင်သည်... အင်မော်တယ်ဘုရင်အဆင့်သို့ အတင်းအကျပ် ချိုးဖျက်ဝင်ရောက်ရန်... ကြိုးစားခဲ့ရသည်။

‎

‎

‎ချီလျန်မျိုးနွယ်ကို ကာကွယ်ရန်နှင့် အန္တရာယ်ထဲမှ ဆွဲထုတ်ရန် မျှော်လင့်ခဲ့သော်လည်း... နောက်ဆုံးတွင် ကျင့်ကြံခြင်းအဆင့် ချိုးဖျက်မှု မအောင်မြင်ဘဲ... သေဆုံးခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

‎

‎

‎ကုချန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ... ချီမုန်သည် အထင်လွဲသွားပုံရပြီး အကြည့်များ နူးညံ့သွားကာ... ရှက်သွေးဖြာလာ၏။

‎

‎

‎သူသည်... ခေါင်းကို အနည်းငယ် ငုံ့လိုက်ကာ... တိုးညှင်းစွာ ပြောဆိုလိုက်သည်။ " တကယ်လို့... သခင်သာ ကျွန်မကို စွန့်ပစ်မသွားဘူးဆိုရင်... ချီမုန်က သခင့်ရဲ့ ဆေးဖို ဖြစ်ခွင့်ရဖို့ ဆန္ဒရှိပါတယ် "

‎

‎

‎ချီလျန်မျိုးနွယ်တစ်ခုလုံး၏ အနာဂတ်အတွက်... ချီမုန်သည် မည်သည့်အရာကိုမဆို ပေးဆပ်ရပါစေ... သူကိုယ်တိုင် ပေးဆပ်ရမည် ဆိုလျှင်ပင်... သူ လိုလိုလားလား ပြုလုပ်မည်ဖြစ်သည်။

‎

‎

‎ချီမုန်၏စကားကို ကြားလိုက်ရသောအခါ ကုချန် သတိပြန်ဝင်လာခဲ့၏။

‎

‎

‎ချီမုန် အထင်လွဲနေကြောင်း... ချက်ချင်း သိလိုက်ရပြီး လက်ကာပြကာ... လျင်မြန်စွာ ငြင်းပယ်လိုက်သည်။

‎

‎

‎"မလိုပါဘူး"

‎

‎

‎ဆေးဖို... ဟုတ်လား။

‎

‎

‎အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသော သူ့အနေဖြင့် ဆေးဖိုဆိုသည့် အရာကို ဘယ်နေရာမှာ အသုံးပြုရမည်နည်း။

‎

‎

‎ကုချန်သည် ထိုကဲ့သို့သော ယုတ်ညံ့သည့် နည်းလမ်းများကို မနှစ်သက်ပေ။

‎

‎

‎ကုချန်၏ ပြတ်သားသော အဖြေသည်... ချီမုန်ကို ကျေးဇူးတင်စိတ်များ ပြည့်နှက်သွားစေရုံသာမက... သူ၏စိတ်ထဲတွင် ထူးခြားသော ခံစားမှုတစ်ခုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

‎

‎

‎ကုချန် အလေးအနက်ထားပြောနေကြောင်း သူ သိသည်။ ချီလျန်မျိုးနွယ်၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သိရှိပြီးနောက်၌ပင် သူ၏ သခင်သည် စိတ်လှုပ်ရှားခြင်း အလျဉ်းမရှိပေ။

‎

‎

‎နှစ်များတစ်လျှောက်... ချီမုန်သည် ဟန်ဆောင်ကောင်းသူများကို အများအပြားကို... တွေ့မြင်ခဲ့ဖူးသည်။ နတ်ဆိုးနယ်မြေ၌ ရှိနေစဉ်တွင်လည်း... သူသည် အမြဲတမ်း သတိဝီရိယဖြင့် နေထိုင်ခဲ့ရပြီး... အခြားသူများကို မယုံရဲခဲ့ပေ။ အလစ်အငိုက် အတိုက်ခိုက်ခံရမည်ကို အမြဲ စိုးရိမ်နေခဲ့ရသည်။

‎

‎

‎ကုချန်၏ ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိသော လုပ်ရပ်များသည် ချီမုန်ကို မဖော်ပြတတ်နိုင်သော ငြိမ်းချမ်းမှုတစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်။

‎

‎

‎ဖြစ်နိုင်သည်မှာ... ချီလျန်မျိုးနွယ်အတွက် ဤသခင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းသည်... သူ၏ ဘဝတစ်လျှောက်လုံး ချမှတ်ခဲ့ဖူးသော ဆုံးဖြတ်များထဲတွင်... အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်နိုင်ပေသည်ဟု... ချီမုန် တွေးမိလိုက်သည်။

‎

‎

‎" ကဲပါ... ငါ့အတွက် သီးသန့်ကျင့်ကြံလို့ရမယ့် နေရာတစ်ခု ရှာပေးပါဦး... ငါ အရင်ဆုံး တံခါးပိတ်ကျင့်ကြံဖို့ လိုတယ် "

‎

‎

‎ချီလျန်မျိုးနွယ်၏ လျှို့ဝှက်ချက်များကို သိရှိပြီးနောက် ကုချန်သည် ဆက်လက် စုံစမ်းလိုစိတ် မရှိတော့ပေ။

‎

‎

‎ထိုအစား... အကန့်အသတ်မဲ့ဓားအတွင်းသို့ ကောင်းကင်သတ္တု သုံးမျိုးလုံး ပေါင်းစပ်ထည့်သွင်းရန်အတွက်... ချီမုန်အား တိတ်ဆိတ်သော ကျင့်ကြံရာနေရာတစ်ခု ရှာခိုင်းလိုက်သည်။

‎

‎

‎အကန့်အသတ်မဲ့ဓားသည် ဆင့်ကဲပြောင်းလဲရန် မစောင့်နိုင်တော့သကဲ့သို့ စိတ်လှုပ်ရှားစွာ တုန်ခါနေသည်ကို သူ ခံစားနေရပြီဖြစ်သည်။

‎

‎

‎" ဒါက လွယ်ပါတယ် သခင်... ကျွန်မနောက် လိုက်ခဲ့ပါ "

‎

‎

‎ကုချန်၏ညွှန်ကြားချက်ကို ကြားသောအခါ... ချီမုန်သည် တောက်ပစွာ ပြုံးလိုက်ပြီး... ချီလျန်မျိုးနွယ်၏ နက်ရှိုင်းသော နေရာရှိ သီးသန့်ကျင့်ကြံရာနေရာသို့... ကုချန်အား ခေါ်ဆောင်သွားလိုက်သည်။

‎

‎

‎" သခင်... ဒီနေရာမှာ ကျင့်ကြံနိုင်ပါတယ်... တကယ်လို့ တစ်ခုခု လိုအပ်ရင်... ချီမုန့်ကို ပြောပါ "

‎

‎

‎ချီမုန်သည် လေးစားစွာ ပြောဆိုပြီးနောက်... ပြန်ထွက်သွားရန် ပြင်လိုက်သော်လည်း... ကုချန်သည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့်... ချီမုန့်အား ပေါ့ပါးစွာ မှာကြားလိုက်သည်။

‎

‎

‎" လောလောဆယ် ရွှမ်ယိုနန်းတော်ကို ပြန်မသွားနဲ့ဦး "

‎

‎

‎ဟန်ယိုထျန်းကျွင်းကို သတ်ဖြတ်စဉ်ကဖြစ်စေ... သတ်ဖြတ်ပြီးနောက်ပိုင်းတွင်ဖြစ်စေ ကုချန်သည်... သူ၏ခြေရာလက်ရာများကို ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။

‎

‎

‎ထို့ကြောင့်... မကြာမီ အချိန်အတွင်း ရွှမ်ယိုနန်းတော်နှင့် ရှီမို ကောင်းကင်ဘုံမှ နတ်ဆိုးနယ်မြေ အားကြီးသူများသည်... သူ ချီလျန် နတ်ဆိုးနယ်မြေသို့ ရောက်ရှိနေကြောင်း... သိရှိသွားကြလိမ့်မည်ဟု ကုချန် သိနေသည်။

‎

‎

‎အကယ်၍... ထိုကဲ့သို့သော အချိန်တွင် ချီမုန် ရွှမ်ယိုနန်းတော်သို့ ပြန်သွားမည်ဆိုပါက... မလိုအပ်သော ပြဿနာများ ရှိလာနိုင်သည်။ ထို့ကြောင့် ကုချန်သည် ကြိုတင်သတိပေးလိုက်ခြင်း ဖြစ်သည်။

‎

‎

‎" ရွှမ်ယိုနန်းတော်ကို လောလောဆယ် ပြန်မသွားနဲ့ဦး... ဟုတ်လား... ဘာကြောင့်လဲဟင် "

‎

‎

‎ချီမုန်သည် အံ့အားသင့်သွားကာ... သူ၏မျက်နှာတွင်လည်း နားမလည်နိုင်သော အမူအရာများ... ပေါ်လာ၏။ ကုချန်သည် အဘယ်ကြောင့်... ထိုသို့ အမိန့်ပေးသည်ကို... သူ မသိပေ။

‎

‎

‎" ဒီအရှင် ချီလျန်နတ်ဆိုးနယ်မြေကို မလာခင်တုန်းက... ချောက်နက် နတ်ဆိုးနယ်မြေကို ဖြတ်လာရင်း... ရွှမ်ယိုနန်းတော်က ဟန်ယိုထျန်းကျွင်းကို သုတ်သင်ရှင်းလင်းခဲ့လို့ပဲ "

‎

‎

‎" တကယ်လို့ မင်း အခုချိန် ရွှမ်ယိုနန်းတော်ကို ပြန်သွားမယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ် "

‎

‎

‎ကုချန်သည် ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။

‎

‎

‎သခင်က ဟန်ယိုထျန်းကျွင်းကို သတ်လိုက်ပြီ ဟုတ်လား။

‎

‎

‎ကုချန်၏စကားကို ကြားလိုက်ရသောအခါ... ချီမုန်၏ မျက်နှာထားသည် ပြောင်းလဲသွားရကာ... အနည်းငယ် ကြောင်အသွားမိသည်။

‎

‎

‎သခင်၏ ပေါ့ပါးအေးဆေးသော လေသံကို နားထောင်ကြည့်ရသည်မှာ... ဟန်ယိုထျန်းကျွင်းကို သတ်ဖြတ်ခြင်းသည်... လမ်းဘေးရှိ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သကဲ့သို့... လွယ်ကူနေပုံရသည်။

‎

‎

‎သို့သော်... သခင်၏စွမ်းအားဖြင့် ဆိုလျှင် ဟန်ယိုထျန်းကျွင်းကို သတ်ဖြတ်ခြင်းမှာ... အမှန်တကယ်ပင် ရိုးရှင်းလွန်းလှသည်။ စစ်မှန်သော အင်မော်တယ်များကိုပင် သတ်ဖြတ်ဖူးသော သခင်အတွက်... သာမန် ထျန်းကျွင်းအဆင့်လောက်က... ဘာများ ပြောပလောက်စရာ ရှိမည်နည်း။

‎

‎

‎ဒါပေမယ့် တစ်ခုခု လွဲနေသလိုပဲ.....

‎

‎

‎ဒီနေရာက နတ်ဆိုးနယ်မြေလေ... အဆုံးမဲ့ကမ္ဘာ မဟုတ်ဘူး.....

‎

‎

‎သခင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဖိနှိပ်ချုပ်ချယ်မခံရဘူးလား.....

‎

‎

‎သူ စဉ်းစားလို့ မရပေ... တကယ်ကို စဉ်းစားလို့ မရပေ.....

‎

‎

‎ပြီးတော့... သခင်က ဘာလို့ ရုတ်တရက်ကြီး ဟန်ယိုထျန်းကျွင်းကို သတ်လိုက်ရတာလဲ... သူ့အတွက် လက်စားချေပေးတာများလား.....

‎

‎

‎ချီမုန်သည် အံ့သြသွားရကာ သူ၏စိတ်ကူးများမှာလည်း အရိုင်းဆန်စွာ ပြန့်လွင့်သွားတော့သည်။

‎

‎

‎သို့သော်... ကုချန် လက်ကာပြလိုက်သည်ကို မြင်သောအခါ... သူ ထွက်သွားသင့်ပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့်... သူ၏စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို အမြန် ဖိနှိပ်လိုက်ပြီး... ကုချန်အား လေးစားစွာ ဦးညွှတ်ကာ... တိတ်ဆိတ်စွာ ထွက်ခွာသွားလိုက်သည်။

‎

‎

‎ချီမုန် ထွက်သွားပြီးနောက်... အကန့်အသတ်မဲ့ဓားသည် စိတ်လှုပ်ရှားစွာ ခုန်ထွက်လာပြီး... ဂရုစိုက်တတ်သော ခွေးပေါက်လေးတစ်ကောင်ကဲ့သို့... ကုချန်၏ ဘေးပတ်လည်တွင် မရပ်မနား လှည့်ပတ်နေတော့သည်။

‎

‎

‎" သိပါပြီ... သိပါပြီကွာ... ဘာလို့ ဒီလောက်တောင် လောနေရတာလဲ "

‎

‎

‎အကန့်အသတ်မဲ့ဓား၏ အပြုအမူကို ကြည့်ရင်း... ကုချန်သည် အနည်းငယ် ရယ်ချင်သွားမိသည်။ သို့သော်... သူသည် ကောင်းကင်သတ္တု သုံးမျိုးလုံးကို ထုတ်ယူကာ... အကန့်အသတ်မဲ့ဓားထံသို့ ပစ်ပေးလိုက်လေသည်။

‎

All Chapters