← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 20 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 20 Ch. 279-280

‎အခန်း ( ၂၇၉ ) - ပြီးပြည့်စုံသော အစီအစဉ်၊ တစ်ခန်းလုံး ထိတ်လန့်သွားခြင်းနှင့် မျိုးနွယ်စု သုတ်သင်ရှင်းလင်းခံရမည့် ဘေးဒုက္ခ

‎

‎

‎

‎ကုချန်သည်... အရာအားလုံးကို အစမှအဆုံးတိုင်... ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ သူ့အပေါ် သစ္စာရှိခဲ့ကြသူများမှာ... ချီလျိုနှင့် ချီမုန် သားအမိနှစ်ဦးသာဖြစ်ပြီး... ချီလျန်မျိုးနွယ်စု တစ်ခုလုံး မဟုတ်ပေ။

‎

‎

‎ချီလျန်မျိုးနွယ်စု တစ်ခုလုံး သူ၏စမ်းသပ်မှုကို အောင်မြင်မှသာ သူ စိတ်အေးနိုင်မည် ဖြစ်သည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ... ကုချန်အနေဖြင့် ယခင်က ကြုံတွေ့ခဲ့ရသော သစ္စာဖောက်ခံရမှုမျိုးကို... အကြောင်းပြချက်မရှိဘဲ ဒုတိယအကြိမ်... ထပ်မံ မကြုံတွေ့လိုတော့ပေ။

‎

‎

‎ဤတစ်ကြိမ်တွင်မူ... သူသည် နက်ရှိုင်းသော ချောက်နက်နတ်ဆိုးနယ်မြေကို ဖြတ်သန်းလာခဲ့ပြီး... ဟန်ယိုထျန်းကျွင်းကို ပေါ့ပေါ့ပါးပါးပင် သတ်ဖြတ်ပြီးနောက်... ချီလျန်နတ်ဆိုးနယ်မြေသို့ ရောက်ရှိလာချိန်တွင်... သူ၏ လာရာလမ်းကြောင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်မထားခဲ့ပေ။

‎

‎

‎သူ၏ရည်ရွယ်ချက်မှာ... ချီလျန်မျိုးနွယ်စုသည် ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင်ပင်.. သူ၏ဘက်၌ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နိုင်မည်လား ဆိုသည်ကို... သိလိုခြင်းပင် ဖြစ်သည်။

‎

‎

‎ရှီမိုကောင်းကင်မှ လာနိုင်သော ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍မူ ကုချန်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။

‎

‎

‎သူ၏ လက်ရှိ ပြင်ပသို့ ပြသထားသော အစွမ်းမှာ... အင်မော်တယ်ဘုရင်အဆင့် တစ်ပိုင်းသာ ဖြစ်သော်လည်း... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' နှင့် 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ကဲ့သို့သော... နတ်ဘုရားစွမ်းအင်များကိုပါ ပေါင်းစပ်လိုက်လျှင်... သူ ထုတ်ဖော်နိုင်သည့် အစွမ်းမှာ... အင်မော်တယ်ဘုရင်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်ပေသည်။

‎

‎

‎ရှီမိုထျန်းကျွင်းကိုယ်တိုင် ရောက်လာခဲ့လျှင်ပင် ကုချန်သည် ကြောက်ရွံ့နေမည် မဟုတ်ပေ။

‎

‎

‎ထို့အပြင်... သူ၏ လက်ထဲတွင် 'ကံတရားပြောင်းပြန်လှန် အမွှေးတိုင်'လည်း ရှိနေသေးသည်။ ဤအ‌မွှေးတိုင်ကို ထွန်းညှိလိုက်သည်နှင့်... သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့်... အင်မော်တယ်ဘုရင်တစ်ပါးကိုပင် ချေမှုန်းနိုင်မည် ဖြစ်သည်။

‎

‎

‎နတ်ဆိုးနယ်မြေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ရန်မှာလည်း မဖြစ်နိုင်သည့် အရာမဟုတ်ပေ။

‎

‎

‎ဤကဲ့သို့သော ဖဲချပ်များစွာ ရှိနေပါလျက်နှင့် ချီလျန်မျိုးနွယ်စု တစ်ခုတည်းကို သူ မကာကွယ်နိုင်ဘဲ နေမည်လော။

‎

‎

‎ကုချန်သည်... ချီလျန်မျိုးနွယ်စု၏ ဘေးကင်းလုံခြုံရေးကို... နောက်ပြောင်ရမည့် ကိစ္စအဖြစ် သဘောမထားခဲ့ပေ။ သူသည်... ချီလျန်မျိုးနွယ်စုကို ကာကွယ်နိုင်မည်ဟု... အပြည့်အဝ ယုံကြည်မှု ရှိနေသောကြောင့်သာ... ဤကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎အကျိုးဆက်ကို မစဉ်းစားဘဲ ချီလျန်မျိုးနွယ်စုအား အန္တရာယ်ထဲသို့ သူ မိုက်မိုက်ကန်းကန်း တွန်းပို့မည် မဟုတ်ပေ။

‎

‎

‎ယခုမူ ချီလျန်မျိုးနွယ်စုမှ မည်သို့ ရွေးချယ်မည်ကို စောင့်ကြည့်ရမည်သာ.....

‎

‎

‎ကုချန်သည် မျက်လုံးများကို အသာအယာ မှိတ်လိုက်ကာ ချီလျန်မျိုးနွယ်စု၏ လှုပ်ရှားမှုများကို ဆက်လက် အာရုံမစိုက်တော့ပေ။

‎

‎

‎မကြာမီ အဖြေကို သိရလိမ့်မည်ဟု သူ သိနေခဲ့သည်။

‎

‎

‎.........

‎

‎

‎" ဘာတွေဖြစ်တာလဲ။ မိသားစုခေါင်းဆောင်က ငါတို့ကို အစည်းအဝေး ခေါ်တယ်တဲ့လား "

‎

‎

‎" ခေါင်းဆောင်က အပြင်ထွက်သွားတာ မဟုတ်ဘူးလား။ ငါတို့ကို အစည်းအဝေး ခေါ်ဖို့ ဘယ်လိုလုပ် အချိန်ရှိနေတာလဲ "

‎

‎

‎" ဘာဖြစ်တာလဲတော့ ငါလဲ မသိဘူး။ အရင်ဆုံး ခန်းမ‌ကို သွားကြစို့ "

‎

‎

‎သံသယဖြစ်ဖွယ် တိုးတိုးသာသာ ပြောဆိုသံများသည်... ချီလျန်မျိုးနွယ်စု ဘိုးဘေးမြေ၏ အနက်ရှိုင်းဆုံးနေရာမှ... ထွက်ပေါ်လာခဲ့သည်။ သင်းပျံ့သော ရနံ့များနှင့်အတူ... ဆွဲဆောင်မှုရှိသော ကိုယ်ဟန်များမှာ... တစ်ယောက်ပြီးတစ်ယောက် ချီလျန်မျိုးနွယ်စု၏... တိုင်ပင်ဆွေးနွေးရာခန်းမအတွင်းသို့ ပေါ်ထွက်လာကြသည်။

‎

‎

‎" ချီမုန်လေး... ဘာတွေဖြစ်နေတာလဲ။ အစ်မကြီး ချီလျိုမှာ... ကြေညာစရာ တစ်ခုခု ရှိနေလို့လား "

‎

‎

‎ခန်းမအတွင်းတွင်... စိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည်... ချီမုန်၏အနားသို့ လျှောက်လာရင်း... ရယ်မောကာ မေးလိုက်သည်။

‎

‎

‎" ဒေါ်လေးချင်း..... "

‎

‎

‎လာသူသည်... သူ့ကို 'ချီမုန်လေး' ဟု ခေါ်သည်ကို ကြားရသောအခါ... ချီမုန်သည် သဘောမကျသလိုဖြင့် တစ်ဖက်လူ၏ ရင်ဘတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်... သူ၏ ကိုယ်ပိုင်ရင်ဘတ်ကို မသိမသာ ပြန်ကြည့်ကာ... အရှုံးပေးသည့်အလား ခေါင်းငုံ့သွားတော့သည်။

‎

‎

‎" ဟီးဟီး... ငါ့မေးခွန်းကို မဖြေရသေးဘူးနော် "

‎

‎

‎ချီချင်း၏ လှပသော မျက်နှာတွင် စပ်စုလိုစိတ်များ ပြည့်နှက်နေသည်။

‎

‎

‎" ဪ... ဟုတ်သားပဲ... နင်က ဘိုးဘေးမြေထဲကို ယောင်္ကျားတစ်ယောက် ခေါ်လာတယ်လို့ ငါ ကြားလိုက်မိသေးတယ်... ချီမုန်လေး... အဲ့ဒါကြောင့် နင့်အမေက ငါတို့ကို အပြစ်ပေးဖို့... ဒီကို ခေါ်တာလား "

‎

‎

‎ထိုစကားကို ကြားလိုက်ရသည်နှင့်... ခန်းမအတွင်းရှိ အခြား ချီလျန်မျိုးနွယ်စု အကြီးအကဲများ၏ အကြည့်များမှာ... ချီမုန်ထံသို့ ကျရောက်သွားကြသည်။

‎

‎

‎ချီလျန်မျိုးနွယ်စုသည် အင်မော်တယ်နယ်မြေတွင်... နာကျင်ဖွယ် သင်ခန်းစာများကို ခံစားခဲ့ရသောကြောင့်... ထိုအချိန်မှစ၍ ဘိုးဘေးတို့သည်... စည်းကမ်းချက်တစ်ခုကို ချမှတ်ခဲ့ကြသည်။

‎

‎

‎ထိုအချက်မှာ... ချီလျန်မျိုးနွယ်စုဝင်များသည် ပြင်ပကမ္ဘာမှ အမျိုးသား ကျင့်ကြံသူများနှင့်... မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးမှ မလုပ်ရဟူသော... အချက်ပင် ဖြစ်သည်။ ဘိုးဘေးမြေအတွင်းသို့ ခေါ်ဆောင်လာရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်း သောင်းချီအတွင်း... မည်သည့် အမျိုးသားမျှ ချီလျန်မျိုးနွယ်စု၏ ဘိုးဘေးမြေသို့... မရောက်ဖူးခဲ့ချေ။ ကုချန်မှာ ပထမဆုံးသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။

‎

‎

‎" ဟွန်း... အခု ငါတို့ ချီလျန်မျိုးနွယ်စုက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာတောင်... တချို့လူတွေက စိတ်ကူးယဉ်နေတုန်းပဲ... ဘိုးဘေးတို့ရဲ့ စည်းကမ်းကိုတောင် ချိုးဖောက်နေကြသေးတယ်.....

‎

‎ဒါက အပြစ်ပေါ် အပြစ်ဆင့်တာပဲ... မိသားစုခေါင်းဆောင် ရောက်လာတဲ့အခါ ကျွန်မ သေချာ မေးရမယ်... ခေါင်းဆောင်ရဲ့ သမီးဖြစ်ရုံနဲ့... ဒီလောက်တောင် မိုက်မိုက်ကန်းကန်း လုပ်လို့ရသလားလို့ပေါ့ "

‎

‎

‎ထိုအချိန်တွင် အနည်းငယ် အသက်ကြီးပုံရသော်ငြား ဆွဲဆောင်မှုရှိသော အခြား ချီလျန်မျိုးနွယ်စု အကြီးအကဲ တစ်ဦးမှ မကျေမနပ် ပြောဆိုလိုက်သည်။

‎

‎

‎" ဟီးဟီး... တတိယအကြီးအကဲရဲ့ ဒေါသကတော့ ပြင်းနေတုန်းပဲနော်... အေးမြသွားအောင် တာအိုအဖော် တစ်ယောက်လောက် ရှာလိုက်ရင်... ကောင်းမယ်လို့ ထင်တယ် "

‎

‎

‎ချီချင်းနှင့် ချီလျိုမှာ အလွန် ရင်းနှီးကြသူများ ဖြစ်သည်။ ယခုအခါ... တတိယအကြီးအကဲမှ ရည်ရွယ်ချက်ရှိရှိ ပြောဆိုနေသည်ကို မြင်သောအခါ... သူသည်လည်း အလျှော့မပေးဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။

‎

‎

‎" နင်! "

‎

‎

‎တတိယအကြီးအကဲသည် မျက်လုံးများ ပြူးသွားကာ ဒေါသကြောင့် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။

‎

‎

‎" ဒေါ်လေးချင်းနဲ့ တတိယအကြီးအကဲတို့... ကျေးဇူးပြုပြီး ဆက်မပြောကြပါနဲ့တော့... အမေ ရောက်လာရင် ဒီကိစ္စတွေကို အားလုံးကို ပြောပြပြီး... သင့်တော်တဲ့ ရှင်းပြချက်တစ်ခု ပေးပါလိမ့်မယ် "

‎

‎

‎တတိယအကြီးအကဲနှင့် ချီချင်းတို့ ထိပ်တိုက်တွေ့နေသည်ကို မြင်သောအခါ ချီမုန်သည် အလျင်အမြန် ဝင်ရောက် ဖြန်ဖြေပေးလိုက်၏။

‎

‎

‎ချီမုန်၏ စကားကို ကြားသောအခါ... တတိယအကြီးအကဲသည် ချီချင်းကို မကျေမနပ် ကြည့်လိုက်ပြီးနောက်... ဘေးသို့ ဆုတ်ခွာသွားကာ ဘာမှ ထပ်မပြောတော့ပေ။

‎

‎

‎သို့သော် ခန်းမအတွင်းရှိ အငွေ့အသက်မှာ လျော့ပါးသွားခြင်း မရှိဘဲ ပိုမို လေးလံလာခဲ့၏။

‎

‎

‎ချီလျန်မျိုးနွယ်စု၏ ဘိုးဘေးကြီး ချီရှောင် ကျဆုံးသွားကတည်းက... မျိုးနွယ်စုသည် တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာခဲ့ကာ... ပြင်ပမှ ဖိအားများလည်း တိုးလာခဲ့သည်။ ဤအကြီးအကဲများသည်လည်း... ချီလျန်မျိုးနွယ်စုအတွက် အချိန် သိပ်မကျန်တော့သည်ကို... အလိုလို သိရှိနေကြသည်။

‎

‎

‎ဤဖိအားများပြည့်နှက်နေသော အငွေ့အသက်အတွင်း၌ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိနိုင်ပေ။

‎

‎

‎တိုင်ပင်ဆွေးနွေးရာ ခန်းမ၏ အရှေ့ဘက်ဆုံးရှိ ကျောက်စိမ်းထိုင်ခုံပေါ်တွင်... မီးခိုးရောင် ရောယှက်နေသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့်... ချီလျို၏ပုံရိပ်မှာ ရုတ်တရက် ပေါ်လာခဲ့သည်။

‎

‎

‎" မိသားစုခေါင်းဆောင် "

‎

‎

‎ချီလျို ပေါ်လာသောအခါ အကြီးအကဲများအားလုံးမှာ နှုတ်ဆက်လိုက်ကြသည်။

‎

‎

‎" ဒီနေ့... ငါ အားလုံးကို ဒီမှာ စုခိုင်းရတာက... ငါတို့ရဲ့ ချီလျန်မျိုးနွယ်စုဟာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက... အရေးကြီးတဲ့ အချိန်ကို ရောက်နေလို့ပဲ "

‎

‎

‎ချီလျိုသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူ စကားပြောလိုက်သည်နှင့် ရောက်ရှိနေသော အကြီးအကဲများအားလုံး၏ နှလုံးသားများမှာ ချက်ချင်းပင် တင်းကျပ်သွားကြလေသည်။

‎

‎

‎ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက အချိန်?

‎

‎

‎လောလောဆယ်တွင်... ချီလျန်မျိုးနွယ်စု၏ အခြေအနေမှာ မကောင်းသော်လည်း... မျိုးနွယ်စု ပျက်သုဉ်းရမည့် အခြေအနေမျိုးအထိတော့... မရောက်သေးဘူး မဟုတ်လော။

‎

‎

‎အကြီးအကဲများသည်... တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြကာ... ချီလျို၏ စကားမှာ အမှန်တရားလော သို့မဟုတ် ချဲ့ကားပြောဆိုခြင်းလောဟု... တွေးတောနေကြသည်။

‎

‎

‎" နင်တို့ ယုံချင်မှ ယုံလိမ့်မယ်... ငါတို့ မျိုးနွယ်စုက ဆုတ်ယုတ်နေတယ် ဆိုပေမယ့်... ပျက်သုဉ်းဖို့ကတော့ အဝေးကြီး လိုသေးတယ်လို့ ထင်နေကြလိမ့်မယ် "

‎

‎

‎ချီလျို၏အမူအရာမှာ တည်ကြည်နေကာ သူ၏ နောက်ဆက်တွဲ စကားများကြောင့် ခန်းမတစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

‎

‎

‎" ဒါပေမယ့်... ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ တာဝန်ခံပြီး ပြောနိုင်တာကတော့... ငါတို့ ချီလျန်မျိုးနွယ်စုရဲ့ ရှင်သန်မှုဟာ... စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီဆိုတာပဲ! "

‎

‎

‎" ခေါင်းဆောင်... တကယ်ပဲ ဘာဖြစ်တာလဲ... ရှီမိုကောင်းကင်က ငါတို့ မျိုးနွယ်စုကို တိုက်ခိုက်တော့မှာလား... ဒါပေမယ့် ဒီနှစ်တွေမှာ ငါတို့ ချီလျန်မျိုးနွယ်စုက... အမြဲတမ်း သတိထားပြီး အမှားအယွင်း မရှိအောင် နေခဲ့တာပဲ.....

‎

‎တကယ်လို့ ရှီမိုကောင်းကင်က ငါတို့ မျိုးနွယ်စုကို တိုက်ခိုက်မယ်ဆိုရင်... သူတို့က တခြား နတ်ဆိုးကောင်းကင်ဘုံတွေ သိသွားမှာကို မကြောက်ဘူးလား... နောင်အနာဂတ်မှာ နတ်ဆိုးနယ်မြေကို သစ္စာခံမယ့်သူတွေ... မရှိတော့မှာကို မစိုးရိမ်ဘူးလား "

‎

‎

‎အကြီးအကဲ တစ်ဦးမှာ မနေနိုင်စွာ ထရပ်လျက် ပြောဆိုလိုက်သည်။

‎

‎

‎ချီလျန်မျိုးနွယ်စု ပျက်သုဉ်းမည့် ဘေးဒုက္ခမှာ အမှန်တကယ်ပင် နီးကပ်နေပြီလော။

‎

‎

‎ဤအရာကို လုပ်ဆောင်နိုင်သူမှာ ရှီမိုကောင်းကင် တစ်ခုတည်းသာ ရှိသည်။

‎

‎

‎သို့သော်လည်း ရှီမိုကောင်းကင်သည် ဤနှစ်များအတွင်း ချီလျန်မျိုးနွယ်စု၏ အမှားကို ရှာမတွေ့ခဲ့သောကြောင့် ဘာမျှမလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎အဘယ်ကြောင့် ယခုမှ ဟန်ဆောင်မှုကို ဖျက်သိမ်းပြီး ချီလျန်မျိုးနွယ်စုကို တိုက်ခိုက်ရသနည်း။

‎

‎

‎ဤအချက်မှာ ခန်းမအတွင်းရှိ အကြီးအကဲများအတွက် နားမလည်နိုင်စရာ ဖြစ်နေသည်။

‎

‎

‎အားလုံး၏ သံသယရှိသော အကြည့်များ... သူ့ထံသို့ ကျရောက်လာသည်ကို မြင်သောအခါ... ချီလျိုသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ အရာအားလုံးကို ထုတ်ဖော်ပြောပြရမည့် အချိန်ရောက်ပြီဟု သူ သိလိုက်သည်။

‎

‎

‎သူ၏ ယခင် အစီအစဉ်အရ... မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်... ကုချန်၏တည်ရှိမှုကို ကြိုတင် ထုတ်ဖော်မပြောရန်... ဆုံးဖြတ်ထားခဲ့သည်။

‎

‎

‎သို့သော်... ယခုအခါ ကုချန်ကိုယ်တိုင် နတ်ဆိုးနယ်မြေသို့ ရောက်ရှိလာခဲ့ပြီး... ချီလျန်မျိုးနွယ်စု၏ ဘိုးဘေးမြေအတွင်းသို့ ဗြောင်ကျကျပင် ဆင်းသက်လာခဲ့သောကြောင့်... ဖုံးကွယ်ထားချင်လျှင်ပင် မဖြစ်နိုင်တော့သည်ကို... ချီလျို သိလိုက်ရလေသည်။

‎

‎အခန်း ( ၂၈၀ ) - ဧကရာဇ်မှ အင်မော်တယ်အရှင်အား သတ်ဖြတ်ခြင်း၊ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရခြင်းနှင့် လိုရင်းကို ပြောဆိုခြင်း

‎

‎

‎

‎သူသည် အရာအားလုံးကို ထုတ်ဖော်ပြောပြရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ချီလျိုသည် တွန့်ဆုတ်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

‎

‎

‎" အားလုံးကို ပြောပြပါရစေ... ကျွန်မနဲ့ ချီမုန်ဟာ မကြာခင်ကပဲ အရှင်သခင်တစ်ဦးကို သစ္စာခံခဲ့ကြပါတယ်... ကျွန်မတို့ သားအမိရဲ့ အရှင်သခင်ကတော့ ခုနက ရှင်တို့ပြောနေကြတဲ့... ကျွန်မတို့ ချီလျန်မျိုးနွယ်စုရဲ့ ဘိုးဘေးမြေကို ရောက်လာတဲ့ လူပါပဲ "

‎

‎

‎သူ စကားပြောပြီးသည်နှင့် ခန်းမတစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ မယုံကြည်နိုင်မှုနှင့် တုန်လှုပ်မှုများ ပြည့်နှက်နေသည့် မျက်လုံးများသည် ချီလျိုနှင့် ချီမုန်တို့ထံသို့ စုပြုံကျရောက်လာကြ၏။

‎

‎

‎ဤချီလျန်မျိုးနွယ်စု အကြီးအကဲများသည် သူတို့ကိုယ်သူတို့ စိတ်ကယောင်ချောက်ခြား ဖြစ်နေသည်ဟုပင် ထင်မှတ်လိုက်မိကြသည်။

‎

‎

‎မိသားစုခေါင်းဆောင်က... သူက... တကယ်ပဲ အရှင်သခင်တစ်ဦးကို လက်ခံလိုက်တာလား။

‎

‎

‎" အရှင်သခင်ကို သစ္စာခံလိုက်တယ် ဟုတ်လား "

‎

‎

‎တတိယအကြီးအကဲ၏ အမူအရာမှာ ပြောင်းလဲသွားသော်လည်း တစ်စုံတစ်ခုကို သတိရသွားသည့်အလား အလျင်အမြန် မေးမြန်းလိုက်သည်။

‎

‎

‎" အဲ့ဒီလူရဲ့ အစွမ်းက ဘယ်လောက်လဲ... ငါတို့ ချီလျန်မျိုးနွယ်စုကို ကာကွယ်ပေးနိုင်မှာလား "

‎

‎

‎ချီလျိုမှ အရှင်သခင်တစ်ဦးကို သစ္စာခံလိုက်သည့်ကိစ္စနှင့် ပတ်သက်၍... ချီလျန်မျိုးနွယ်စု အကြီးအကဲများသည် ခဏတာ တုန်လှုပ်သွားကြသော်လည်း... လုံးဝ နားမလည်နိုင်သည်တော့ မဟုတ်ပေ။

‎

‎

‎အကြောင်းမှာ... ဤအရာသည် ချီလျန်မျိုးနွယ်စု၏ လက်ရှိအခက်အခဲမှ လွတ်မြောက်ရန်... သူတို့ အစောပိုင်းကတည်းက ဆွေးနွေးထားခဲ့ဖူးသော... နည်းလမ်းတစ်ခု ဖြစ်သောကြောင့်ပင်။

‎

‎

‎အကယ်၍... သူတို့သည် နတ်ဆိုးနယ်မြေမှ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးကို အရှင်သခင်အဖြစ် သစ္စာခံနိုင်လျှင်... ချီလျန်မျိုးနွယ်စုအနေဖြင့် ရှီမိုကောင်းကင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည်ဖြစ်ပြီး... ရှီမိုကောင်းကင်၏ ခြိမ်းခြောက်မှုများကိုလည်း လျစ်လျူရှုနိုင်ကာ... ဘေးကင်းစွာ ရှင်သန်နိုင်မည် ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ချီလျို အရှင်သခင်တစ်ဦးကို သစ္စာခံလိုက်ကြောင်း သိရသောအခါ... တတိယအကြီးအကဲ၏ ပထမဆုံးအတွေးမှာ ကုချန် အစွမ်းမည်မျှရှိသည်ကို... အတည်ပြုရန်သာ ဖြစ်သည်။

‎

‎

‎" မဖြစ်နိုင်သေးဘူး "

‎

‎

‎ကုချန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို တွေးတောရင်း ချီလျိုက တွန့်ဆုတ်နေသော်လည်း အမှန်အတိုင်းပင် ပြောလိုက်သည်။

‎

‎

‎သူ၏ အရှင်သခင်၏ အစွမ်းမှာ... အင်မော်တယ်ထျန်းကျွင်းတစ်ပါးကို သတ်ဖြတ်နိုင်သော်လည်း... လက်ရှိအချိန်တွင် ချီလျန်မျိုးနွယ်စု တစ်ခုလုံးကို ကာကွယ်ရန်မှာမူ... လုံလောက်မှု မရှိသေးပေ။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ... ဤနေရာမှာ နတ်ဆိုးနယ်မြေဖြစ်ပြီး... သူ၏ အရှင်သခင်၏ အစွမ်းမှာလည်း ဖိနှိပ်ခံရမည်မှာ... သေချာလှပေသည်။ ရှီမိုကောင်းကင်နှင့် ရှီမိုအရှင်၏ တည်ရှိမှုတို့ကြောင့်... ချီလျန်မျိုးနွယ်စုကို ကာကွယ်ရန်မှာ မဖြစ်နိုင်သော ကိစ္စတစ်ခု ဖြစ်နေသဖြင့်... ချီလျိုအနေဖြင့် အမှန်အတိုင်းသာ ဖြေဆိုနိုင်ခဲ့သည်။

‎

‎

‎မဖြစ်နိုင်သေးဘူး ဟုတ်လား.....

‎

‎

‎တတိယအကြီးအကဲ၏ မျက်နှာတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ယှက်သန်းသွားသည်။

‎

‎

‎လက်ရှိတွင်... ချီလျန်မျိုးနွယ်စု ရင်ဆိုင်နေရသော အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ... ရှီမိုကောင်းကင်နှင့် ရှီမိုအရှင်တို့ ဖြစ်ကြသည်။ သူ၏အရှင်သခင်သည်... ချီလျန်မျိုးနွယ်စု တစ်ခုလုံးကို မကာကွယ်နိုင်သေးဟု ချီလျိုမှ ပြောဆိုလိုက်သောအခါ... တတိယအကြီးအကဲသည် ထိုစကား၏ ဆိုလိုရင်းကို အလိုလို နားလည်လိုက်၏။

‎

‎

‎၎င်းမှာ ချီလျို၏အရှင်သခင်သည် ရှီမိုကောင်းကင်အရှင်၏ ပြိုင်ဘက် မဟုတ်သေးဟု ဆိုလိုခြင်းပင် ဖြစ်သည်။

‎

‎

‎သူသည် အင်မော်တယ်ဘုရင် မဟုတ်လျှင် နတ်ဆိုးထျန်းကျွင်း တစ်ဦးတော့ ဖြစ်ရမည် မဟုတ်လော။

‎

‎

‎" ဒါဆိုရင် အစ်မကြီး ချီလျို သစ္စာခံလိုက်တဲ့ အရှင်သခင်က ဘိုးဘေးကြီးလိုပဲ အင်မော်တယ်ထျန်းကျွင်းအဆင့် ရှိတဲ့သူ ဖြစ်ရမယ် "

‎

‎

‎ချီချင်းသည် ချက်ချင်းပင် ဝင်ရောက်ပြောဆိုလိုက်၏။

‎

‎

‎" ကျွန်မရဲ့ အရှင်သခင်က... အင်မော်တယ်ထျန်းကျွင်းလဲ မဟုတ်ဘူး "

‎

‎

‎ချီလျိုမှ ပြန်လည် ဖြေကြားလိုက်သည်။

‎

‎

‎" အင်မော်တယ်ဘုရင်လည်း မဟုတ်ဘူး... အင်မော်တယ်ထျန်းကျွင်းလဲ... မဟုတ်ဘူးလား "

‎

‎

‎ချီလျိုမှ ခေါင်းယမ်းပြသည်ကို မြင်သောအခါ... တတိယအကြီးအကဲ၏ လှပသော မျက်လုံးများမှာ... ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။

‎

‎

‎" မိသားစုခေါင်းဆောင်... နင်... နင်က အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို... အရှင်သခင်အဖြစ် ဒီအတိုင်း သစ္စာခံလိုက်တာတော့ မဟုတ်ပါဘူးနော် "

‎

‎

‎တတိယအကြီးအကဲမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

‎

‎

‎ချီလျိုကိုယ်တိုင်ကပင်... အင်မော်တယ်အဆင့်သို့ ရောက်ရှိနေသူဖြစ်ရာ... သူနှင့် အဆင့်တူသော အင်မော်တယ်တစ်ဦးကို အဘယ်ကြောင့်... အရှင်သခင်အဖြစ် သစ္စာခံရမည်နည်း။

‎

‎

‎အင်မော်တယ်ဘုရင်တစ်ပါးကို မတွေ့နိုင်လျှင်ပင်... အနည်းဆုံး အင်မော်တယ်ထျန်းကျွင်း တစ်ပါးကိုတော့... သစ္စာခံသင့်သည် မဟုတ်လား။ အဆင့်တူ အင်မော်တယ်တစ်ဦးကို သစ္စာခံရသည်မှာ... မည်သို့သော အခြေအနေမျိုးနည်း။

‎

‎

‎အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦးမှ ချီလျန်မျိုးနွယ်စုကို မည်သို့ ကာကွယ်နိုင်မည်နည်း။

‎ဤသည်က ပြက်လုံးတစ်ခုပင် မဟုတ်ပါလော။

‎

‎

‎သို့သော်လည်း ချီလျို၏အဖြေမှာ တတိယအကြီးအကဲအား ချက်ချင်းပင် စကားမပြောနိုင်အောင် ဖြစ်သွားစေခဲ့သည်။

‎

‎

‎" ကျွန်မရဲ့ အရှင်သခင်က အင်မော်တယ်အဆင့်တောင် မဟုတ်ဘူး... ဧကရာဇ်အဆင့်ပဲ ရှိသေးတယ် "

‎

‎

‎ချီလျိုသည် ဤအကြီးအကဲများနှင့် ထပ်မံ၍ ထင်ကြေးပေး မကစားလိုတော့သဖြင့် တိုက်ရိုက်ပင် ပြောချလိုက်တော့သည်။

‎

‎

‎အင်မော်တယ်တောင် မဟုတ်ဘူး ဟုတ်လား.....

‎

‎

‎ခဏတာမျှ ခန်းမအတွင်းရှိ အကြီးအကဲအားလုံးမှာ အံ့အားသင့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

‎

‎

‎ချီလျိုသည်... ဤကဲ့သို့သော ကိစ္စမျိုးတွင် လိမ်ညာမည်မဟုတ်ဟု သူတို့ မယုံကြည်ခဲ့လျှင်... မိသားစုခေါင်းဆောင်မှာ သူတို့အား နောက်ပြောင်နေသည်ဟု... အားလုံးမှ ထင်မှတ်ကြလိမ့်မည် ဖြစ်သည်။

‎

‎

‎" ဧကရာဇ်အဆင့်လား... အရှင်အဆင့် အထွတ်အထိပ်ကို ကျော်လွန်ပြီး... အင်မော်တယ်ဘုရင်ရဲ့ တာအိုကို ရရှိဖို့ အလားအလာရှိတဲ့... ဒဏ္ဍာရီထဲက ဧကရာဇ်အဆင့်ကို ပြောတာလား "

‎

‎

‎ချီချင်းကမူ အဓိကအချက်ကို သိရှိသွားပြီး အလျင်အမြန်ပင် မေးမြန်းလိုက်သည်။

‎

‎

‎" အတိအကျပဲ "

‎

‎

‎ချီလျိုသည် ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

‎

‎

‎" အင်မော်တယ်ဘုရင်လောင်း... ဧကရာဇ်အဆင့်..... "

‎

‎

‎တတိယအကြီးအကဲမှာ... ဧကရာဇ်အဆင့်နှင့် ပတ်သက်၍ အချို့ကို သိရှိထားပုံရပြီး... သူ၏ အမူအရာမှာ... သိသိသာသာ ပြောင်းလဲသွား၏။ ချီလျို... အဘယ်ကြောင့် သစ္စာခံခဲ့သည်ကို... သူ အနည်းငယ် နားလည်သွားပုံရသည်။

‎

‎

‎ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသည်... အင်မော်တယ်များနှင့် ရင်ဆိုင်ယှဉ်ပြိုင်နိုင်ပြီး... အနာဂတ်တွင် အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားပါက... အင်မော်တယ်ဘုရင် ဖြစ်လာရန် ပိုမိုကြီးမားသော အလားအလာရှိပေသည်။

‎

‎

‎အကယ်၍... ထိုကဲ့သို့သော အရှင်သခင်ကို သစ္စာခံနိုင်ခဲ့လျှင်... သူ အားကောင်းလာသည်နှင့်အမျှ ချီလျန်မျိုးနွယ်စုကို... ကာကွယ်နိုင်စွမ်း ရှိလာနိုင်မည် ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ချီလျို သစ္စာခံခဲ့ခြင်းမှာ အဓိပ္ပာယ်ရှိပေသည်။

‎

‎

‎တတိယအကြီးအကဲနှင့် အခြားသူများမှာ အံ့အားသင့်မှုမှ မသက်သာသေးခင်မှာပင် ချီလျိုမှ နောက်ထပ် ကိစ္စကြီးတစ်ခုကို ထပ်မံပြောချလိုက်ပြန်သည်။

‎

‎

‎" ကျွန်မရဲ့ အရှင်သခင်က သာမန် ဧကရာဇ်အဆင့် မဟုတ်ဘူး... သူက အင်မော်တယ်ထျန်းကျွင်းတစ်ပါးကို သတ်ဖြတ်နိုင်စွမ်းရှိတဲ့... ဧကရာဇ်အဆင့်ပဲ "

‎

‎

‎ဧကရာဇ်အဆင့်က... အင်မော်တယ်ထျန်းကျွင်းကို သတ်နိုင်တယ် ဟုတ်လား.....

‎

‎

‎ချီလျို၏စကားမှာ... ငြိမ်သက်နေသော ရေကန်ထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်သည့်အလား... တိုင်ပင်ဆွေးနွေးရာခန်းမအတွင်း၌ ကြီးမားသော လှုပ်ခတ်မှုကို... ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။

‎

‎

‎ဧကရာဇ်အဆင့်နှင့် အင်မော်တယ်ထျန်းကျွင်းကို သတ်ဖြတ်ခြင်းမှာ မည်သို့မျှ ဆက်စပ်၍ မရနိုင်သော ကိစ္စ မဟုတ်ပါလော။

‎

‎

‎ခန်းမအတွင်းရှိ အကြီးအကဲများ၏... မယုံကြည်နိုင်သော အကြည့်များကို ကြည့်ရင်း... ချီလျိုမှာ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ ယခင်က... သူကိုယ်တိုင်၏ တုံ့ပြန်မှုမှာလည်း သူ၏ မျိုးနွယ်ဝင်များကဲ့သို့ပင် ဖြစ်ခဲ့သည်ကို... သူ ပြန်လည် သတိရမိသည်။

‎

‎

‎အကြောင်းမှာ... ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးမှ အင်မော်တယ်ထျန်းကျွင်းကို သတ်ဖြတ်နိုင်သည်ဟူသော ကိစ္စမှာ... ယုံကြည်ရန် အလွန်ပင် ခက်ခဲလွန်းလှသောကြောင့် ဖြစ်သည်။

‎

‎

‎" မိသားစုခေါင်းဆောင်... ဒါကို... နင် ကိုယ်တိုင် မြင်ခဲ့တာလား "

‎

‎

‎ချီချင်းသည် သူ၏ရင်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်ထားရင်း အလျင်အမြန် မေးမြန်းလိုက်သည်။

‎

‎

‎သူ စကားပြောပြီးသည်နှင့် အားလုံး၏ အကြည့်များမှာ ချီလျိုထံသို့ တစ်ဖန် ပြန်လည် စုပြုံကျရောက်လာပြန်သည်။

‎

‎

‎အမှန်တကယ်ပင်... ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရခြင်းနှင့် တစ်ဆင့်စကား ကြားရခြင်းမှာ... လုံးဝ ကွာခြားလှပေသည်။

‎

‎

‎သို့သော်လည်း... ချီလျို၏ နောက်ထပ် လုပ်ဆောင်ချက်မှာ... အကြီးအကဲများ၏ နှလုံးသားများကို ပြင်းထန်စွာ... တုန်လှုပ်သွားစေခဲ့ပြန်သည်။

‎

‎

‎" အရှင်သခင်က... အင်မော်တယ်ထျန်းကျွင်းကို သတ်ဖြတ်ချိန်မှာ ကျွန်မ အနားမှာ ရှိနေခဲ့သလို... ကိုယ်တိုင်ကိုယ်ကျလဲ မြင်တွေ့ခဲ့ရပါတယ် "

‎

‎

‎ချီလျိုသည် စကားလုံးတိုင်းကို ခိုင်မာစွာ ပြောဆိုလိုက်၏။

‎

‎

‎" ကျွန်မလဲ အဲ့ဒီမှာ ရှိနေခဲ့တာပါ... ကျွန်မလဲ သက်သေခံနိုင်ပါတယ် "

‎

‎

‎ဘေးနားရှိ ချီမုန်ကလည်း အလျင်အမြန်ပင် ထောက်ခံပြောဆိုလိုက်သည်။

‎

‎

‎ဟူး... ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရတာပဲ.....

‎

‎

‎ချီလျိုသည် ဤမျှအထိ အသေအချာ ပြောဆိုနေသည်ကို မြင်သောအခါ မည်သူမျှ သံသယ မဖြစ်ရဲတော့ပေ။

‎

‎

‎ချီလျိုသည် ချီလျန်မျိုးနွယ်စု၏ မိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် ဤကဲ့သို့သော ကိစ္စမျိုးတွင် နောက်ပြောင်မည် မဟုတ်သည်ကို လူတိုင်း သိကြသည်။

‎

‎

‎မထူးဆန်းတော့ပါဘူး... ချီလျိုရော ချီမုန်ပါ သူ့ကို အရှင်သခင်အဖြစ် သစ္စာခံခဲ့ကြတာ... မထူးဆန်းတော့ဘူး.....

‎

‎

‎ချီလျန်မျိုးနွယ်စုရဲ့ ဘိုးဘေးမြေထဲကို... အခုလေးတင် ဝင်လာခဲ့တဲ့ အဲ့ဒီလူဟာ... အင်မော်တယ်ထျန်းကျွင်းတစ်ပါးကိုတောင် သတ်နိုင်တဲ့... ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာကိုး.....

‎

‎

‎" မဟုတ်သေးဘူး... နင် ခုနက အင်မော်တယ်ထျန်းကျွင်းကို သတ်တယ်လို့ ပြောလိုက်တာလား... နတ်ဆိုးနယ်မြေမှာ ထျန်းကျွင်းပဲ ရှိတာ.....

‎

‎အင်မော်တယ်ထျန်းကျွင်း ဆိုတာက အင်မော်တယ်နယ်မြေရဲ့ ကျင့်ကြံသူပဲ... နင် သစ္စာခံလိုက်တဲ့ အရှင်သခင်က... နတ်ဆိုးနယ်မြေက မဟုတ်ဘူးလား "

‎

‎

‎ရုတ်တရက် တတိယအကြီးအကဲမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားကာ အလျင်အမြန် အတည်ပြုလိုက်သည်။

‎

‎

‎" ကျွန်မရဲ့ အရှင်သခင်က နတ်ဆိုးနယ်မြေက မဟုတ်တာ အမှန်ပဲ... သူက အင်မော်တယ်နယ်မြေရဲ့ လက်အောက်မှာရှိတဲ့... 'အဆုံးမဲ့ကမ္ဘာ' လို့ ခေါ်တဲ့ နေရာမှာ မွေးဖွားခဲ့တာပါ "

‎

‎

‎ချီလျိုသည် တည်ငြိမ်စွာပင် ဖြေကြားလိုက်လေသည်။

‎

‎

‎အင်မော်တယ်နယ်မြေရဲ့ လက်အောက်က ကမ္ဘာငယ်လေးတစ်ခုကလား.....

‎

‎

‎နတ်ဆိုးနယ်မြေက သတ္တဝါ မဟုတ်ဘူးတဲ့လား.....

‎

‎

‎တကယ်လို့ သူက နတ်ဆိုးနယ်မြေက မဟုတ်ရင်... နတ်ဆိုးနယ်မြေထဲကို ဘယ်လို ဝင်လာတာလဲ.....

‎

‎

‎တတိယအကြီးအကဲမှာ စိတ်ရှုပ်ထွေးသွားကာ နားမလည်နိုင် ဖြစ်နေတော့သည်။

‎

‎

‎သို့သော်လည်း ချီလျိုသည် လူတိုင်းကို အချိန်အကြာကြီး တွေးတောခွင့်မပေးဘဲ လိုရင်းကို တိုက်ရိုက်ပင် ပြောဆိုလိုက်တော့ ယသည်။

‎

‎

‎" ကျွန်မနဲ့ ချီမုန် အရှင်သခင်ကို သစ္စာခံခဲ့တဲ့ကိစ္စကတော့... ပြီးဆုံးသွားပြီဖြစ်လို့ ပြောင်းလဲလို့ မရတော့ဘူး.....

‎

‎ဒီကာလအတွင်းမှာ... မျိုးနွယ်စုတစ်ခုလုံးက ရရှိခဲ့တဲ့ နတ်ဘုရားသတ္တုသုံးမျိုးဟာလဲ... အရှင်သခင်အတွက် နတ်ဘုရားလက်နက်တစ်ခု သွန်းလုပ်ဖို့ ပြင်ဆင်ထားတာပါ... အရှင်သခင် ဒီကို ရောက်လာတာကလဲ... ဒီသတ္တုသုံးမျိုးကို ယူပြီး လက်နက်သွန်းလုပ်ဖို့ပဲ.....

‎

‎ဒါပေမယ့် အရှင်သခင် ဒီတစ်ခေါက် နတ်ဆိုးနယ်မြေကို လာတဲ့လမ်းမှာ... ချောက်နက်နတ်ဆိုးနယ်မြေကို ဖြတ်သန်းရင်း... ရွှမ်ယိုနန်းတော်ရဲ့ ဒုတိယနန်းတော်သခင် ဟန်ယိုထျန်းကျွင်းကို... သတ်ပစ်ခဲ့တယ်.....

‎

‎ဒါကြောင့်... မကြာခင်မှာ ရွှမ်ယိုနန်းတော်က ရှီမိုကောင်းကင်ကို လာရှာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ငါတို့ ချီလျန်မျိုးနွယ်စုရဲ့ ဒုက္ခတွေ... စတင်တော့မှာပဲ "

All Chapters