← Chapters

ခရမ်းရောင်အလင်းတန်း ပြန်လည်ပေါ်ထွန်းလာခြင်းနှင့် ပါးရိုက်ချက်တစ်ချက်

Vol. 16 Ch. 151

ခရမ်းရောင်အလင်းတန်း ပြန်လည်ပေါ်ထွန်းလာခြင်းနှင့် ပါးရိုက်ချက်တစ်ချက်

Vol. 16 Ch. 151

"ခရမ်းရောင်အလင်းတန်း... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

လုချင်းသည် အဘိုးအို၏ ဟောင်းနွမ်းနေသော ပိုက်ဆံအိတ်ကို စိုက်ကြည့်ရင်း မယုံနိုင်စွာ ရေရွတ်မိလေသည်။

သူ့မြင်ကွင်းထဲတွင် အဘိုးအို၏ ပိုက်ဆံအိတ်အစုတ်လေးသည် ဖျော့တော့သော ခရမ်းရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်။

အလင်းရောင်မှာ ဖျော့တော့သော်လည်း လုချင်း၏ မျက်လုံးထဲတွင်မူ စူးရှတောက်ပနေလေသည်။

ဤကမ္ဘာသို့ ရောက်ရှိလာပြီး သူ၏နတ်မျက်စိစွမ်းရည် နိုးထလာချိန်မှစ၍ ဤကဲ့သို့ ခရမ်းရောင်အလင်းတန်းမျိုးကို သုံးကြိမ်သာ မြင်ဖူးသေးသည်။

ပထမအကြိမ်မှာ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ အမွေအနှစ်ကို ရရှိစဉ်က ဖြစ်ပြီး၊ ဒုတိယအကြိမ်မှာ ယမန်နေ့က ဝေ့အိမ်တော် မြေအောက်ခန်းထဲရှိ လီဟော်ဒယ်အိုးကြီးကို မြင်တွေ့စဉ်က ဖြစ်သည်။

ယခု တတိယအကြိမ်အဖြစ် ဤပိုက်ဆံအိတ်အစုတ်လေးဆီမှ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

ဒီပိုက်ဆံအိတ်ကရော ဝိညာဉ်လက်နက်တစ်ခုခုများ ဖြစ်နေမလား။

လုချင်း စဉ်းစားနေစဉ်မှာပင် နှုတ်ခမ်းမွေးဂွနှင့်လူက ပိုက်ဆံအိတ်ကို လုယူလိုက်ပြီး ဖွင့်ဖောက်ကာ အလေးချိန်ကို ခန့်မှန်းကြည့်ပြီးနောက် ပိုက်ဆံအိတ်ရော ငွေများကိုပါ သူ့ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်လေသည်။

"ငွေဒင်္ဂါး ၃ကျပ်... ၃ ကျပ်တည်းပါလား။ ကံဆိုးလိုက်တာကွာ... ဟေ့လူကြီး၊ နောက်တစ်ခါ လမ်းသွားရင် သတိထားသွား၊ ကံကောင်းလို့ ငါ့ပစ္စည်းကို ဝင်တိုက်မိတာမို့လို့ပေါ့။ ငါက သဘောကောင်းလို့ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။ တခြားလူသာဆိုရင် ခင်ဗျား ထောင်ထဲ ရောက်နေလောက်ပြီ။"

နှုတ်ခမ်းမွေးဂွနှင့်လူက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

ဘေးမှ ကြည့်နေကြသူများအနက် ထိုလူ၏ စရိုက်ကို သိသူများကတော့ သူ၏ ဟန်ဆောင်ကောင်းမှုအပေါ် ရွံရှာမိကြသည်။

သို့သော် ဒီလူ့မှာ ဤဈေးကွက်ကို အုပ်ချုပ်သော ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ယောက်ဖတစ်ယောက် ရှိနေသည်။

သူတို့က ဈေးထဲတွင် လုပ်ကိုင်စားသောက်နေကြရသူများ ဖြစ်သဖြင့် သူ့ကို အလွယ်တကူ မပြစ်မှားရဲကြပေ။

အဘိုးအိုကို သနားကြသော်လည်း နောက်ဆုံးတွင် မည်သူမျှ ဝင်မပြောရဲဘဲ တိတ်တဆိတ်ဖြင့်သာ နေလိုက်ကြသည်။

အဘိုးအိုမှာမူ ဝမ်းနည်းပက်လက်ဖြင့် ရပ်လျက် ကျန်ရစ်ခဲ့ရှာသည်။

ထိုငွေလေးများသည် သူ မနက်က စပါးရောင်း၍ ရလာသော ငွေများဖြစ်သည်။

သူ့မိသားစုအတွက် ဝက်ဝက်ကွဲ စုဆောင်းထားရသော ခြောက်လစာ ပိုက်ဆံများလည်း ဖြစ်ပါ၏။

မြေးမလေးအတွက် လက်ဆောင်ဝယ်သွားရန် သူ စိတ်ကူးယဉ်ခဲ့ဖူးသည်။ မြေးမလေးက အပ်ချုပ်သင်နေသော်လည်း လက်အစွပ်မရှိသဖြင့် လက်ချောင်းလေးများ အပ်စူးမိသည်ကို မြင်တိုင်း သူ စိတ်မကောင်းဖြစ်ရသည်။

မြို့တက်ရင်း မြေးမလေးအတွက် လက်အစွပ်ကောင်းကောင်းလေး တစ်ခုလောက် ဝယ်သွားချင်ခဲ့မိသည်။

သို့သော် မထင်မှတ်ထားသော ဘေးဆိုးကြောင့် ငွေအားလုံး ပါသွားခဲ့ရလေပြီပင်။

သားနှင့် ချွေးမကို မည်သို့ ပြန်ပြောပြရမည်နည်းဟူ၍ တွေးမိသည်နှင့် အဘိုးအို၏ ဦးခေါင်းတစ်ခုလုံး ပူထူသွားပြီး သွေးများ ဆူဝေလာကာ ရုတ်တရက် အော်ဟစ်ငိုကြွေးလျက် နှုတ်ခမ်းမွေးဂွနှင့်လူ၏ ဆိုင်ရှေ့ရှိ နံရံဆီသို့ ပြေးဆောင့်ရန် ရည်ရွယ်လိုက်တော့သည်။

မမျှော်လင့်ထားသော အပြောင်းအလဲကြောင့် လူတိုင်း ကြောင်အမ်းသွားကြသည်။

ကြည့်ရှုနေသူ အများစုမှာ သာမန်ပြည်သူများ ဖြစ်ကြသဖြင့် အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိကြပေ။ အဘိုးအို နံရံဆီသို့ ပြေးဝင်သွားသည်ကို ထိတ်လန့်တကြား ကြည့်နေရုံသာ တတ်နိုင်ကြသည်။

နံရံနှင့် ဝင်တိုက်ခါနီး ဆဲဆဲတွင် ရုတ်တရက် လူရိပ်တစ်ခု ပေါ်လာပြီး အဘိုးအို၏ ပခုံးကို ညင်သာစွာ ဖမ်းထိန်းလိုက်လေသည်။

ထိုသူမှာ အဝတ်အစား ကောင်းကောင်း ဝတ်ဆင်ထားပြီး နတ်သမီးလေးကဲ့သို့ ကလေးမလေးတစ်ဦးကို ပွေ့ချီထားကာ ပခုံးပေါ်တွင် ထူးဆန်းသော အမဲရောင် သတ္တဝါလေးတစ်ကောင် တင်ထားသည့် လူငယ်လေးတစ်ဦး ဖြစ်နေပြီး သူက ပြုံး၍ ပြောလိုက်သည်။

"အဘိုး... မတရားခံရလို့ ဝမ်းနည်းနေရင်တောင် သေလမ်းကိုတော့ မရွေးလိုက်ပါနဲ့။ မဟုတ်ရင် ကိုယ့်ကိုချစ်တဲ့ မိသားစုဝင်တွေပဲ နာကျင်ရပြီး ရန်သူတွေကတော့ ပျော်နေကြမှာပေါ့။"

အဘိုးအိုကို တားဆီးမည့်သူ ရှိလာသည်ကို မြင်မှ လူတိုင်း သက်ပြင်းချနိုင်ကြတော့သည်။

နှုတ်ခမ်းမွေးဂွနှင့်လူလည်း လန့်ဖျပ်သွားပြီး ဆဲဆိုလိုက်သည်။

"ဟေ့လူကြီး... ခင်ဗျား ဘာလုပ်တာလဲ။"

အကယ်၍ အဘိုးအိုသာ သူ့ဆိုင်ရှေ့တွင် သေသွားပါက ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ဝင်ပါလာမည်ဖြစ်ပြီး သူ့ယောက်ဖပင် ကယ်နိုင်မည် မဟုတ်ကြောင်း တွေးမိကာ ကြောက်လန့်သွားလေ၏။

ထိုအတွေးကြောင့် သူက အဘိုးအိုကို စူးရဲစွာ စိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။

"ဟေ့လူကြီး... ခင်ဗျား သေချင်ရင် တခြားနေရာသွားသေ။ ငါ့ဆိုင်ရှေ့ လာပြီး သွေးစွန်းအောင် လုပ်ရဲလား။"

သူ့ပုံစံက ရက်စက်ကြမ်းကြုတ်လွန်းသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများကိုပင် ထိတ်လန့်သွားစေသည်။

"ပါးစပ်ပိတ်ထားစမ်း။"

ထိုလူက အဆိပ်ပြင်းသော စကားလုံးများ ဆက်လက် ပြောဆိုနေသည်ကို မြင်လိုက်ရသောအခါ လုချင်း၏ မျက်နှာထားမှာလည်း တင်းမာသွားတော့၏။ သူသည် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားလိုက်ပြီး ထိုလူ၏ မျက်နှာကို ပါးရိုက်လိုက်တော့လေသည်။

ဖြောင်း

ထို့နောက် ထိုလူ၏ ခန္ဓာကိုယ်သည် အရုပ်ကြိုးပြတ်သကဲ့သို့ လေထဲတွင် လည်ထွက်သွားပြီး မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျကာ သတိမေ့သွားတော့သည်။

သူ့မျက်နှာတစ်ခြမ်းမှာ ပုံပျက်ပန်းပျက် ရောင်ကိုင်းလာပြီး သွေးများနှင့်အတူ သွားအချို့ပါ ကျွတ်ထွက်ကာ ဘေးသို့ လွင့်စင်သွားလေ၏

လုချင်း၏ လက်ရှိ ခွန်အားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ့ခွန်အား၏ ၉၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားခဲ့သော်လည်း ထိုပါးရိုက်ချက်သည် သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်အတွက်တော့ ခံနိုင်ရည်ရှိသော အတိုင်းအတာထက်တောင် ကျော်လွန်နေသည်ပင်။

အသက်မသေဘဲ ရှိနေခြင်းကပင် လုချင်း၏ ကရုဏာသက်မှုကြောင့် ဖြစ်သည်။

သို့သော် ထိုလူ မသန်မစွမ်း ဖြစ်သွားမည်မှာတော့ သေချာသည်။

လုချင်း၏ ရိုက်ချက်သည် ပျော့ပြောင်းသော အင်အားပါဝင်သဖြင့် အပေါ်ယံ ဒဏ်ရာထက် အတွင်းဒဏ်ရာက ပိုမို ပြင်းထန်ပေလိမ့်မည်။

ထိုအခိုက်၌ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။

လူတိုင်း မှင်သက်သွားကြသည်။

အပြုံးချိုချိုနှင့် လူငယ်လေးက ရုတ်တရက် ဤမျှ ရက်စက်စွာ တုံ့ပြန်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

ထိုလူ၏ မျက်နှာကို ကြည့်ရုံဖြင့် ကုသ၍ ပျောက်ကင်းသွားလျှင်တောင် အစာစားရန် ခက်ခဲတော့မည်ဖြစ်ကြောင်း ခန့်မှန်းလို့ရပါ၏။

ထူးဆန်းသည်မှာ ထိုလူ၏ သနားစရာ အဖြစ်အပျက်ကို မြင်လိုက်ရသော်လည်း လူတိုင်း၏ ရင်ထဲတွင် ကျေနပ်အားရမှုများ ပြည့်နှက်လာကြသည်။

ဈေးသည် အများစုမှာ ထိုလူ၏ နှိပ်စက်မှုကို ခံခဲ့ရသည်မှာ ကြာလှပြီပင်။

ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ယောက်ဖ ရှိနေသည့် ကံကောင်းမှုသာ မရှိပါက သူသည် ဟိုးအရင်ကတည်းက ဈေးထဲမှ မောင်းထုတ်ခံရပြီး ဖြစ်ပေလိမ့်မည်။

ယခု သူ့ကို နှိမ်နင်းမည့်သူ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် အားလုံးက လက်ခုပ်တီး၍ အားပေးချင်စိတ်ပင် ပေါက်လာကြတော့၏။

ထိုစဉ် သူ့နောက်လိုက် နှစ်ယောက်မှာမူ အရိပ်အယောင်ပင် မတွေ့ရတော့ဘဲ ပျောက်ချင်းမလှ ပျောက်သွားကြလေပြီ။

နှုတ်ခမ်းမွေးဂွနှင့်လူကို ရိုက်၍ သတိမေ့စေပြီးနောက် လုချင်းသည် ထိုလူ၏ ရင်ဘတ်ထဲမှ အဘိုးအို၏ ပိုက်ဆံအိတ်ကို ပေါ့ပေါ့ပါးပါးပင် နှိုက်ယူလိုက်ပြီး အဘိုးအိုလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။

"အဘိုး... ဒါ အဘိုးပစ္စည်းပါ၊ ပြန်ယူထားလိုက်ပါ။"

အဘိုးအိုသည် လုချင်းကို ကြောင်ငေးကြည့်နေမိသည်။ ပိုက်ဆံအိတ်လေး သူ့လက်ထဲ ရောက်လာမှသာ အသိပြန်ဝင်လာတော့သည်။

သူက ကပျာကယာ ပြောလိုက်သည်။

"လူငယ်လေး... မင်း လူကို ရိုက်လိုက်မိပြီ။ မြန်မြန် ထွက်ပြေးတော့၊ မဟုတ်ရင် အာဏာပိုင်တွေ ရောက်လာရင် ဒုက္ခရောက်လိမ့်မယ်။"

"ဟုတ်တယ်... ဟုတ်တယ်... သူ့ယောက်ဖက ခရိုင်အုပ်ချုပ်ရေးမှူးရုံးက အရာရှိဗျ။ ပြဿနာ တက်တော့မယ်။ လူငယ်လေး...မင်း မြန်မြန် ရှောင်လိုက်တာ ကောင်းမယ်။"

ဘေးမှ ကြည့်နေသူများကလည်း ဝိုင်းဝန်း သတိပေးကြသည်။

လုချင်း၏ ဝတ်စားဆင်ယင်ပုံမှာ ထူးခြားပြီး သူကောင်းမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ပုံရသော်လည်း ခရိုင်အုပ်ချုပ်ရေးမှူး၏ အာဏာစက်မှာ ကြီးမားလွန်းသဖြင့် မြို့ထဲတွင် မည်သည့် အင်အားစုကမျှ ဗြောင်ကျကျ ဆန့်ကျင်ရဲခြင်း မရှိပေ။

လုချင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။

"စိတ်မပူကြပါနဲ့။ ဒီလူက ရှေးဟောင်းပစ္စည်း အတုတွေနဲ့ အဘိုးအိုဆီက ငွေညှစ်တယ်၊ ပြီးတော့ လူသေလုနီးပါး ဖြစ်အောင် ဖန်တီးခဲ့တယ်။ ဒီလို အပြုအမူမျိုးကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးက လူသိရှင်ကြား ကာကွယ်ပေးမယ်လို့ ကျွန်တော်တော့ မထင်ဘူး။"

လူအုပ်ကြီးမှာ ပြောစရာ စကားမဲ့သွားကြသည်။

ဒီလူငယ်လေးက သိပ်ကို ရိုးအလွန်းတယ်ဟု သူတို့ တွေးလိုက်ကြသည်။

ခရိုင်အုပ်ချုပ်ရေးမှူးရုံးသာ တရားမျှတမှု ရှိနေခဲ့လျှင် ဒီလို လူယုတ်မာက ဈေးထဲမှာ ဒီလောက်ကြာကြာ ဗိုလ်ကျစိုးမိုးနေနိုင်ပါ့မလား။

"အဘိုး... ဒီမှာ လူတွေ များလွန်းတယ်၊ ကျွန်တော် အဘိုးကို အပြင်လိုက်ပို့ပေးမယ်။"

လူအုပ်ကြီး တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချင်းက အဘိုးအိုဘက် လှည့်ပြောလိုက်သည်။

အဘိုးအိုမှာ ထွက်သွားချင်နေသည်မှာ ကြာပြီဖြစ်သည်။ ဒီလူတွေ၏ အေးစက်သော အကြည့်များကို သူ မမေ့နိုင်ပေ။

ယခု သူ့ပိုက်ဆံအိတ် ပြန်ရပြီဖြစ်သဖြင့် ဆက်မနေရဲတော့ချေ။

"ကျေးဇူးပါပဲ လူငယ်လေးရယ်" အဘိုးအိုက ကျေးဇူးတင်စွာ ပြောလိုက်သည်။

ထို့နောက် လုချင်းသည် အဘိုးအိုကို ခေါ်ထုတ်လာခဲ့သည်။

လမ်းမပေါ်မှ မထွက်ခွာမီ သူ ခေတ္တရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

"တကယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးက လူတွေ လာမေးရင် ဝေ့အိမ်တော်မှာ လုချင်းဆိုတဲ့လူကို လာရှာပါလို့ ပြောလိုက်ပါ။"

ထိုသို့ ပြောပြီးနောက် လုချင်းသည် အဘိုးအိုနှင့်အတူ ထွက်ခွာသွားတော့လေသည်။

ကျန်ရစ်သူ လူအုပ်ကြီးမှာမူ သူတို့၏ ကျောပြင်ကို ငေးကြည့်ရင်းဖြင့်သာ မှင်သက်ကျန်ရစ်ခဲ့ကြတော့၏။

…….

All Chapters