ကောင်းကင်ကြွေသံမဏိနှင့် နှလုံးသား ပန်းပဲဖို
Vol. 16 Ch. 156
"ဒါက ဥက္ကာခဲသံမဏိများလား။"
လုချင်း ဝမ်းသာအားရ ဖြစ်သွားလေသည်။
လီဟော်ဂိုဏ်း၏ အမွေအနှစ်ထဲတွင် ဤရှားပါးသော ဝိညာဉ်ပစ္စည်းကို အလွန် အလေးထားကြပြီး ဝိညာဉ်လက်နက် အမြုတေများ သန့်စင်ရန်အတွက် အကောင်းဆုံးပစ္စည်းများထဲမှ တစ်ခုအဖြစ် ချီးကျူးထားကြသည်။
အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ဖြစ်သော လီဟော်ဒယ်အိုးကြီးကို သန့်စင်စဉ်က လီဟော်ဂိုဏ်းသည် ကောင်းကင်ကြွေသံမဏိအများအပြားကို ထည့်သွင်းအသုံးပြုခဲ့ကြသည်။
လီဟော်ဂိုဏ်း၏ သခင်လေးသည် အမွေအနှစ် မှတ်တမ်းများထဲတွင် လီဟော်ဒယ်အိုးကြီးတစ်ခုလုံးသာ ကောင်းကင်ကြွေသံမဏိဖြင့် ပြုလုပ်ထားခဲ့လျှင် သူတို့အနေဖြင့် ထိုဂိုဏ်းစစ်ပွဲတွင် ရှုံးနိမ့်ခဲ့မည် မဟုတ်ကြောင်း နောင်တရစွာဖြင့် ညည်းတွားခဲ့ဖူးလေသည်။
ကံဆိုးစွာပင် ကောင်းကင်ကြွေသံမဏိသည် အလွန် ရှားပါးလှပေသည်။ လီဟော်ဂိုဏ်း၏ နှစ်ပေါင်း ထောင်ချီ စုဆောင်းမှုနှင့်ပင် သူတို့ များများစားစား မစုဆောင်းနိုင်ခဲ့ကြပေ။
လုချင်းသည် ဟင်းလင်းပြင်ချီအိတ်ထဲတွင် ကောင်းကင်ကြွေသံမဏိ အတုံးကြီး အများအပြားကို တွေ့ရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပါချေ။
"ကြည့်ရတာ ငါ့ရဲ့ တိုက်ပွဲဝင်ဓားကို သန့်စင်မယ့်ကိစ္စကို ဦးစားပေးလို့ ရပြီနဲ့တူတယ်။"
လုချင်း၏ တိုက်ပွဲဝင်ဓားသည် လူကောင်ကြီးနှင့် တိုက်ခိုက်စဉ်က ပျက်စီးသွားခဲ့ပြီး ထိုအချိန်မှစ၍ သူသည် သင့်တော်သော အစားထိုးစရာကို ရှာမတွေ့ခဲ့ပေ။
ဝေ့မိသားစုက သူ့ကို ရွေးချယ်ရန် အဖိုးတန်ဓားအချို့ ပေးခဲ့သော်လည်း ထိုဓားများသည် ကောင်းမွန်သည် ဆိုသော်ငြား သူ၏ မူလဓားထက် သိသိသာသာ သာလွန်ခြင်း မရှိဟု ခံစားရသဖြင့် သူ မရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
လီဟော်ဂိုဏ်း၏ အမွေအနှစ်ကို ရရှိပြီးနောက် သူကိုယ်တိုင် အဖိုးတန်ဓားတစ်လက်ကို ပုံသွင်းရန် ပို၍ ဆုံးဖြတ်ချက် ခိုင်မာလာခဲ့သည်။
မူလက သူသည် မာကူးနှင့် ကျိအန်းတို့၏ တပည့်ခံပွဲ အခမ်းအနား ပြီးမှသာ ကောင်းမွန်သော သံကျောက်တုံးအချို့ကို ရှာဖွေရန် စီစဉ်ထားခဲ့ပါ၏။
ယခု ဤကောင်းကင်ကြွေသံမဏိ ရှိနေပြီဖြစ်ရာ မည်သည့် သန့်စင်ခြင်း ပစ္စည်းထက်မဆို သာလွန်ကောင်းမွန်နေပြီ ဖြစ်လေသည်။
ကောင်းကင်ကြွေသံမဏိ အပိုင်းအစများကို ခဏတာ ကြည့်ရှုသဘောကျပြီးနောက် လုချင်းသည် ၎င်းတို့ကို ဟင်းလင်းပြင်ချီအိတ်ထဲသို့ ပြန်ထည့်လိုက်လေသည်။
သူသည် ခုနလေးကမှ ဝယ်ယူထားသော စာအုပ်များနှင့် အခြား သောင်းပြောင်းထွေလာ ပစ္စည်းများကိုလည်း အိတ်ထဲသို့ ထည့်လိုက်သည်။
ထိုသို့ လုပ်လိုက်ပြီးနောက် လုချင်း လန်းဆန်းပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူ၏ အဝတ်အစားနှင့် ဟင်းလင်းပြင်ချီအိတ်မှလွဲ၍ သူ့တွင် အခြား ဝန်ထုပ်ဝန်ပိုး မရှိတော့ပေ။
အမှန်တကယ်တော့ ဝိညာဉ်လက်နက်များကို ခန္ဓာကိုယ်အတွင်း သိမ်းဆည်းထားနိုင်သည်။
သို့သော် လုချင်းသည် ကျင့်ကြံသူတစ်ဦး မဟုတ်သေးချေ။ မွေးဖွားပြီးနယ်ပယ်သို့ပင် မရောက်ရှိသေးပေ။ သူ၏ ချီလမ်းကြောင်း အပေါက်များ မပွင့်သေးသဖြင့် ဟင်းလင်းပြင်ချီအိတ်ကို မွေးမြူပြုစုရန် ဒျန်ထျန်ထဲတွင် သိမ်းဆည်းထား၍ မရနိုင်ဘဲ ခန္ဓာကိုယ်ပေါ်တွင် ယာယီ ချိတ်ဆွဲထားရုံသာ တတ်နိုင်လေသည်။
ထိုအလုပ်များ ပြီးစီးပြီးနောက် လုချင်းသည် အပြင်ဘက်ရှိ ခြံဝင်းငယ်လေးဆီသို့ လျှောက်သွားပြီး သက်တောင့်သက်သာ ရှိသော နေရာတစ်နေရာကို ရှာကာ အတွေးတစ်ချက်ဖြင့် ဟင်းလင်းပြင်ချီအိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူ၍ အေးအေးလူလူ ဖတ်ရှုနေလိုက်တော့သည်။
ယခုတစ်ကြိမ်တွင် သူသည် စာအုပ်၏ အကြောင်းအရာများကို ဒေါင်းလုဒ်လုပ်ရန် သူ၏ နတ်မျက်စိစွမ်းရည်ကို တိုက်ရိုက်အသုံးမပြုတော့ဘဲ စာမျက်နှာများကို တစ်ရွက်ချင်းစီ လှန်ကာ စာဖတ်ခြင်း၏ အရသာကို ခံစားရင်း အချိန်ကုန်ဆုံးစေလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဘဝဆိုသည်မှာ ကျင့်ကြံခြင်း သက်သက် မဟုတ်ပေ။ စိတ်ကို အနားပေးရန် လိုအပ်သော အချိန်များလည်း ရှိတတ်စမြဲပင်။
ကျင့်ကြံခြင်း၏ နည်းလမ်းမှန်မှာ အလုပ်နှင့် အနားယူမှုကို မျှတအောင် ထိန်းညှိခြင်းပင် ဖြစ်ပေသည်။
ကံဆိုးသည်မှာ မြို့ထဲတွင် မြစ်ချောင်း မရှိခြင်းပင်။ သို့မဟုတ်ပါက လုချင်း ငါးသွားဖမ်းချင်မိမှာ ဧကန်ပင်။
ညစာ စားရန် အဆင်သင့်ဖြစ်ပြီဟု ဝေ့မိသားစု၏ အစေခံ လာရောက် အကြောင်းကြားသည်အထိ သူသည် ခြံဝင်းငယ်လေးထဲတွင် နာရီအနည်းငယ်ကြာအောင် ပျော်ရွှင်စွာ စာဖတ်နေခဲ့လေသည်။ ထိုအခါမှသာ လုချင်း စာအုပ်ကို ပြန်သိမ်းလိုက်တော့သည်။
သူသည် ကျေနပ်နေသော စိတ်နှလုံးဖြင့် အစေခံနောက်မှ လိုက်ပါကာ စားသောက်ဆောင်သို့ ထွက်ခွာလာခဲ့၏။
နေ့လယ်ခင်းတစ်ချိန်တည်းတွင်ပဲ သူ ဝယ်ထားသော စာအုပ်များ၏ အစိတ်အပိုင်းအနည်းငယ်ကို ဖတ်ရှုပြီးသွားခဲ့ရာ ဤကမ္ဘာကြီးအကြောင်း များစွာ နားလည်သဘောပေါက်လာခဲ့သည်။
ဗဟုသုတ ရှာဖွေခြင်းသည် လူတစ်ယောက်ကို ပြည့်စုံစေသည်ဟု ခံစားရစေနိုင်သည်။
ထို့ကြောင့် သူ အလွန် စိတ်လက်ကြည်လင်နေမိ၏။
စားသောက်ဆောင်သို့ ရောက်သောအခါ၌ သူ၏ ဆရာ၊ ရှောင်ယန်၊ ရှောင်လီနှင့် အိမ်တော်ထိန်းကြီး ဝေ့ တို့ပါ ရောက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ညစာ စားနေစဉ်အတွင်း အိမ်တော်ထိန်းဝေ့သည် မာမိသားစုနှင့် ဆွေးနွေးတိုင်ပင်ပြီးဖြစ်ကြောင်းနှင့် တပည့်ခံပွဲ အခမ်းအနားကို သုံးရက်အကြာတွင် ကျင်းပရန် သတ်မှတ်လိုက်ကြောင်း လုချင်း သိလိုက်ရသည်။
မနက်ဖြန်တွင် မြို့တွင်းရှိ မိသားစုများနှင့် အင်အားစု အသီးသီးကို ဖိတ်ကြားရန် ဖိတ်စာများ ပေးပို့ကြမည် ဖြစ်သည်။
သုံးရက်ဆိုသည်မှာ လုံလောက်သော အချိန်ပင်။
ထိုသတင်းကို သိပြီးနောက် လုချင်း ခေတ္တမျှ စဉ်းစားလိုက်ပြီး ညစာ စားပြီးသည်နှင့် အိမ်တော်ထိန်းကြီးကို သွားရှာလေသည်။
"အိမ်တော်ထိန်းဝေ့... ခင်ဗျားကို အကူအညီ တောင်းစရာလေး တစ်ခု ရှိလို့ပါ။"
"ဩော်... ဘာများလဲ။ ပြောပါ သခင်လေးလု။"
အိမ်တော်ထိန်းကြီးက ချက်ချင်းပင် တက်ကြွသွားပြီး အလျင်အမြန် ပြောလိုက်သည်။
လုချင်းက သူ့ကို အကူအညီ တောင်းသည်မှာ ရှားပါးလှပေသည်။ ဤသည်မှာ ပိုမို ရင်းနှီးလာစေရန် အခွင့်ကောင်းတစ်ခုပင်။
"ကျွန်တော့်ဆီမှာ ပစ္စည်းတချို့ ပါတဲ့ စာရင်းတစ်ခု ရှိတယ်။ အိမ်တော်ထိန်းဝေ့အနေနဲ့ အဲ့ဒါတွေကို စုဆောင်းပေးနိုင်မလားဆိုတာ သိချင်လို့ပါ။ ငွေကိုတော့ ကျွန်တော် ပေးပါ့မယ်။"
ထို့နောက်၌ လုချင်းက စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။
"သခင်လေးလုရယ်... ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ။ ပစ္စည်းတချို့ စုဆောင်းတာက ဒုက္ခမများပါဘူး။ ပြီးတော့ သခင်လေးဘက်က ငွေကုန်ကြေးကျခံစရာလည်း မလိုပါဘူး။"
အိမ်တော်ထိန်းကြီးသည် စာရွက်ကို ယူကာ ဖွင့်ကြည့်လိုက်ပြီးနောက်၌ အံ့သြသွားလေသည်။
အဘယ်ကြောင့်ဆိုသော် စာရင်းထဲရှိ ပစ္စည်းအချို့မှာ အတော်လေး ထူးဆန်းပြီး ရှာဖွေရန် မလွယ်ကူသောကြောင့်ပင်။
"သခင်လေးလု... ဒီပစ္စည်းတွေကို ဘာအတွက် လိုတာပါလဲ သိခွင့်ရှိနိုင်မလား။"
"ဆေးရည်တစ်မျိုး ဖော်စပ်ဖို့ လိုလို့ပါ။ ဘာဖြစ်လို့လဲ အိမ်တော်ထိန်းဝေ့။ ဒီပစ္စည်းတွေက ရှာရခက်လို့လားဗျ။"
လုချင်း အနည်းငယ် စိတ်ပူသွားသည်။ စာရင်းထဲရှိ ပစ္စည်းများကို လီဟော်ဂိုဏ်း၏ အမွေအနှစ် မှတ်တမ်းများအတိုင်း စီစဉ်ထားခြင်း ဖြစ်သည်။
ဝိညာဉ်ပစ္စည်းများ မပါဝင်သော်လည်း အားလုံးကို ရှာတွေ့နိုင်မလား ဆိုသည်ကိုတော့ သူ မသေချာပေ။
မည်သို့ပင်ဆိုစေ လီဟော်ဂိုဏ်း ဆိုသည်မှာ လွန်ခဲ့သော အချိန်ကာလ ကြာမြင့်စွာက ရှိခဲ့ခြင်း ဖြစ်ရာ ထိုပစ္စည်းအချို့က ယခုထိ ရှိနေသေးလား ဆိုသည်ကို မည်သူကများ သိနိုင်ပါမည်နည်း။
"သိပ်တော့ မခက်ပါဘူး။ ပစ္စည်းအများစုက အိမ်တော်ရဲ့ လျှို့ဝှက်တိုက်ခန်းထဲမှာ ရှိတယ်လေ။ ဒါပေမဲ့ တချို့ကတော့ နည်းနည်း ကြိုးစားပြီးတော့ ရှာရမှာ။ သတင်းရဖို့ ရက်နည်းနည်းလောက်တော့ ကြာနိုင်တယ်။" အိမ်တော်ထိန်းကြီးက ပြောလိုက်သည်။
"ရပါတယ်။ ကျွန်တော် မလောပါဘူးဗျ။" လုချင်း ပြုံးလိုက်သည်။ "အိမ်တော်ထိန်းဝေ့... ကျေးဇူးပြုပြီး စုဆောင်းဖို့ ကြိုးစားပေးပါဦးဗျ။ တကယ်လို့ ရှာမတွေ့ရင်လည်း ကိစ္စမရှိပါဘူး။"
ပစ္စည်းများ မစုံလင်လျှင် ဆေးရည်၏ အာနိသင် ပိုနည်းသွားရုံသာ ရှိမည်။ သူ ပိုပြီး ကြိုးစားအားထုတ်ရုံသာ ရှိသည်၊ ကိစ္စကြီးကြီးမားမား မဟုတ်ပေ။
"ဒါဆို ငါ အဲ့ဒါတွေကို ချက်ချင်း ရှာဖို့ လူ စီစဉ်လိုက်ပါ့မယ်။"
လုချင်း ထိုသို့ ပြောသည်ကို ကြားလိုက်ရသဖြင့် အိမ်တော်ထိန်းကြီးလည်း စိတ်သက်သာရာ ရသွားလေသည်။
သို့သော် သူသည် ဤကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်ရမည်ဟု စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။
လုချင်းက သူ့ကို အကူအညီ တောင်းသည်မှာ ရှားပါးလှ၏။ ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ ကြုံတွေ့ရဖို့ အခွင့်နည်းလှသည်ပင်။
"ဒါနဲ့ အိမ်တော်ထိန်းဝေ့ကို မေးစရာတစ်ခု ရှိသေးတယ်။"
"ဟုတ်ကဲ့... မေးပါ။"
"ဒီခရိုင်မှာ ဘယ်ပန်းပဲဖိုက အကောင်းဆုံးလဲ ဆိုတာ သိချင်လို့ဗျ။"
...
နောက်တစ်နေ့ မနက်စောစော။
"သခင်လေးလု... ဒီ 'နှလုံးသား ပန်းပဲဖို' က ဒီမှာ အကောင်းဆုံး ပန်းပဲဆိုင်ပါပဲ။ ပိုင်ရှင်ဖြစ်တဲ့ ဆရာလင်က မီးတောက်သံတူ နည်းပညာကို အတော်လေး ကျွမ်းကျင်ပိုင်နိုင်ထားတော့ မဟာသခင်အဆင့် လက်နက်ပညာရှင်တစ်ယောက်ရဲ့ စွမ်းရည်နီးပါး ရှိတယ်လေ။"
ပန်းပဲဆိုင်တစ်ဆိုင်၏ ရှေ့တွင် ရပ်နေရင်း အိမ်တော်ထိန်းကြီး ဝေ့က လုချင်းကို မိတ်ဆက်ပေးလိုက်သည်။
လုချင်းသည် အတွင်း၌ ချိတ်ဆွဲထားသော လက်နက်အမျိုးမျိုးနှင့် မသဲမကွဲ မြင်နေရသော ပူပြင်းသည့် လေထုအခြေအနေကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးပါပဲ အိမ်တော်ထိန်းကြီး။"
"အိမ်တော်ထိန်းကြီးဝေ့ ရောက်လာပြီပဲ။ ဆိုင်ရှင်က အထဲမှာ စောင့်နေပါတယ်ဗျ။ ကြွပါ... အထဲဝင်ကြတာပေါ့။"
ထိုအချိန်တွင် ဆိုင်ရှင်ဟု ထင်ရသော လူလတ်ပိုင်းအရွယ် ဝဝဖိုင့်ဖိုင့် လူတစ်ယောက်သည် အတွင်းမှ အလျင်အမြန် ထွက်လာပြီး ဦးညွှတ်ကာ အရိုအသေပေးလေသည်။
"ကျေးဇူးပါပဲ တာဝန်ခံဝမ်... လမ်းပြပေးပါဦး။"
လုချင်းက မြို့ထဲရှိ အကောင်းဆုံး ပန်းပဲဆိုင်သို့ သွားလိုကြောင်း သိလိုက်ရသဖြင့် ဝေ့ရှင်းဟယ်သည် မနေ့ညကတည်းက ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
"ဒုက္ခမရှာပါနဲ့ဗျာ... ရပါတယ်။ ကြွပါ... ဝင်ကြပါစို့။"
လုချင်းနှင့် အိမ်တော်ထိန်းကြီး ဝေ့တို့သည် ဆိုင်ရှင်၏ နောက်မှ လိုက်ပါသွားကြသည်။
ပန်းပဲဆိုင်သည် အပြင်ပန်းမှ ကြည့်လျှင် သေးငယ်သော်လည်း အတွင်း၌ အလွန် ကျယ်ဝန်းလှပေသည်။
သူတို့ နောက်ဖေးခြံဝင်းသို့ ရောက်သည်နှင့် လုချင်းသည် အပူလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
အလုပ်ရှုပ်နေသော မြင်ကွင်းတစ်ခုက သူ့ရှေ့တွင် ပေါ်လာ၏။
ပန်းပဲဖို အများအပြားသည် မီးတောက်များကို မှုတ်ထုတ်နေပြီး ပတ်လည်တွင် အင်္ကျီဗလာနှင့် ဗလတောင့်တောင့် အမျိုးသား ဆယ်ယောက်ကျော် ဝန်းရံနေကြသည်။ တချို့က ဖိုထိုးနေကြပြီး တချို့ကတော့ သံတုံးများကို ထုနှက်ပုံဖော်နေကြကာ တချို့ကမူ မာအောင် ပြုလုပ်နေကြသည်။ လူတိုင်းတွင် ကိုယ်ပိုင်အလုပ်များ ရှိကြပြီး ပစ္စည်းအမျိုးမျိုးကို အလုပ်ရှုပ်စွာဖြင့် ပုံသွင်းနေကြလေ၏။
ထိုလူများအကြားတွင် အရပ်ပုသော်လည်း အလွန် သန်မာတောင့်တင်းပြီး လက်မောင်းအိုးကြီးများ ရှိသော မျက်နှာနီနီနှင့် အဘိုးအိုတစ်ဦးသည် တည်ကြည်သော မျက်နှာထားဖြင့် လှည့်လည်သွားလာနေပြီး ရံဖန်ရံခါတွင် လူများ၏ လုပ်ဆောင်ချက်များကို ပြင်ဆင်ရန် အော်ဟစ်နေလေသည်။
လူလတ်ပိုင်း ဆိုင်ရှင်သည် ပြေးသွားပြီး အဘိုးအိုကို သတင်းပို့လိုက်၏။
အဘိုးအိုသည် ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် သူတို့ရှိရာသို့ လျှောက်လာလေသည်။
"အိမ်တော်ထိန်းကြီးဝေ့... ခင်ဗျား ရောက်လာတာ ကျွန်တော်တို့ရဲ့ နုံချာတဲ့ ပန်းပဲဖိုလေးကို အလင်းရောင် ပေးလိုက်သလိုပါပဲဗျာ။ စောစောစီးစီး မကြိုဆိုမိတာ ခွင့်လွှတ်ပေးပါ။"
အဘိုးအိုက လက်နှစ်ဖက်ကို ဆုပ်ကာ ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
"ဆရာလင်ကလည်း ယဉ်ကျေးလွန်းနေပါပြီဗျာ။ အလုပ်ရှုပ်နေတဲ့အချိန် လာနှောင့်ယှက်မိတဲ့ ကျွန်တော်ကသာ တောင်းပန်ရမှာပါ။" အိမ်တော်ထိန်းကြီး ဝေ့က ပြုံး၍ ပြောလိုက်သည်။
"ဟားဟား... ဒါက နှောင့်ယှက်တာ မဟုတ်ပါဘူး။ အိမ်တော်ထိန်းကြီးဝေ့က သိပ်အားနာတတ်တာပဲ။ ခင်ဗျား လာလည်တာက ကျွန်တော်တို့ နှလုံးသား ပန်းပဲဖိုအတွက် ဂုဏ်ယူစရာပါ။"
အဘိုးအိုက လက်ကာပြရင်း သဘောကျစွာ ရယ်မောလိုက်လေသည်။
ထို့နောက် သူသည် လုချင်းဘက်သို့ အကြည့်လွှဲလိုက်ပြီး "ဒီလူက စာထဲမှာ ခင်ဗျားပြောတဲ့ ကျွန်တော်တို့ နှလုံးသား ပန်းပဲဖိုကို လာလည်ချင်နေတဲ့ လူငယ်သူရဲကောင်း ဖြစ်မယ်ထင်တယ်..."
…..