အနည်းငယ် နားလည်ခြင်း
Vol. 16 Ch. 157
"ဒီသခင်လေးလုက ဝေ့မိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပါ။ သူက ပန်းပဲပညာကို စိတ်ဝင်စားပြီး ဒီခရိုင်မှာ အကောင်းဆုံး ပန်းပဲဖိုကို လာလည်ချင်နေတာလေ။ အဲ့ဒါကြောင့်မလို့ ဆရာလင့်ဆီ ခေါ်လာခဲ့တာပါ။" အိမ်တော်ထိန်းကြီးဝေ့က မိတ်ဆက်ပေးလိုက်သည်။
"ဆရာလင်... မင်္ဂလာပါဗျာ။"
လုချင်းက နှုတ်ဆက်ရင်း အနည်းငယ် ဦးညွှတ်လိုက်လေသည်။
ထိုအချိန်တွင် သူ၏ အမြင်အာရုံထဲ၌ ဤပန်းပဲဆရာအိုကြီးနှင့် ပတ်သက်သော အချက်အလက်များ ပေါ်လာ၏။
[လင်ထျဲချွေး - နှလုံးသား ပန်းပဲဖိုပိုင်ရှင်၊ ဖြောင့်မတ်ပွင့်လင်းသော စရိုက်ရှိပြီး ကျွမ်းကျင်မှုမြင့်မားသည့် ပန်းပဲဆရာကြီး။]
[ကျင့်ကြံမှုအဆင့် - မွေးရာပါနယ်ပယ် ကြွက်သားနှင့်အရိုးအဆင့်၊ သံတူနည်းပညာကို ကျွမ်းကျင်ပိုင်နိုင်၏။]
နာမည်နဲ့လူ လိုက်ပါပေတယ်
လုချင်း စိတ်ထဲတွင် တွေးလိုက်မိသည်။
"အိမ်တော်ထိန်းကြီးဝေ့ရယ်... အဲ့ဒီလောက်ကြီး မြှောက်မပြောပါနဲ့ဗျာ။ ဘေးအိမ်က အဘိုးကြီးဝမ် ကြားသွားရင် ကျွန်တော့်ကို လာစိန်ခေါ်နေပါဦးမယ်။"
ဆရာလင်က နှိမ့်ချစွာ ပြောလိုက်သော်လည်း သူ၏ မျက်နှာတွင်တော့ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ပေ။
အိမ်တော်ထိန်းကြီးဝေ့က ဘာမျှဆက်မပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။ နှလုံးသား ပန်းပဲဖိုမှ ဆရာလင်နှင့် သံလက်နက် ပန်းပဲဖိုမှ ဆရာဝမ်တို့၏ ပြိုင်ဆိုင်မှုကို ခရိုင်တစ်ခုလုံး သိကြလေသည်။ သူကတော့ ဝင်ပါရန် စိတ်ကူးမရှိချေ။
"သခင်လေးလုက ဘာများ ကြည့်ချင်ပါသလဲ။"
လုချင်းသည် ဝေ့မိသားစု၏ အရေးပါသော ဧည့်သည်တော်ဖြစ်ကြောင်း သိထားသဖြင့် ဆရာလင်သည် သူ့ကို လျစ်လျူရှုမထားရဲပေ။
အိမ်တော်ထိန်းကြီးဝေ့ ကိုယ်တိုင် အဖော်လိုက်ပါလာရသူဆိုလျှင် သူ၏ အဆင့်အတန်းမှာ သာမည မဖြစ်နိုင်ချေ။
ဆရာလင်သည် မနေ့က မြို့တံခါးဝသို့ မသွားခဲ့သော်လည်း မြို့ထဲတွင် ဖြစ်ပေါ်ခဲ့သော ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများကို ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် ကြွက်သားနှင့်အရိုးအဆင့် အထွတ်အထိပ်သို့ ရောက်နေသော လူငယ်တစ်ဦးသည် ကိုယ်တွင်းအင်္ဂါအဆင့် အထွတ်အထိပ်သို့ ရောက်နေသော မဟာသခင်တစ်ဦးကို အနိုင်ယူခဲ့ကြောင်း သတင်းကြားခဲ့ရသည်။
အိမ်တော်ထိန်းကြီးဝေ့၏ ဆက်ဆံပုံကို ကြည့်ရသည်မှာ ဤလူငယ်သည် ထိုလူများ ဖြစ်နေမလား။ ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ဆရာလင်၏ သဘောထားမှာ ပို၍ပင် လေးစားသမှု ရှိလာတော့သည်။
"ကျွန်တော့်ဘာသာ လက်နက်တစ်ခု လုပ်ချင်လို့ ဆရာလင့်ပန်းပဲဖိုက မီးဖိုတစ်ခုလောက် ငှားသုံးချင်ပါတယ်။ ရနိုင်မလားဗျ။" လုချင်းက တဲ့တိုးပင် မေးလိုက်သည်။
"သခင်လေးက ပန်းပဲပညာကို နားလည်လို့လား။"
ဆရာလင်မှာ အလွန်ပင် အံ့သြသွားမိသည်။
လုချင်း၏ အမူအရာက ပန်းပဲဆရာတစ်ယောက်နှင့် လုံးဝ မတူပေ။ သူ၏ လက်များမှာ ချောမွေ့နေပြီး အသားမာများပင် မရှိသဖြင့် ပန်းပဲပညာ ကျွမ်းကျင်သူတစ်ဦးနှင့် မတူချေ။
"နည်းနည်းတော့ နားလည်ပါတယ်။ ဒါပေမဲ့ မကျွမ်းကျင်သေးလို့ လေ့ကျင့်ဖို့ လိုပါသေးတယ်ဗျ။"
ဆရာလင်လည်း ချက်ချင်း သဘောပေါက်သွားသည်။ လုချင်းသည် ပန်းပဲပညာကို မကျွမ်းကျင်သော်လည်း စိတ်ဝင်စားမှုရှိပြီး အပျော်သဘောသာသာ လက်နက်လုပ်ကြည့်ချင်သည်ဟု သူ ယူဆလိုက်၏။ ယခင်ကလည်း ထိုကဲ့သို့သော သခင်လေးမျိုးကို ကြုံဖူးသဖြင့် သိပ်တော့ မထူးဆန်းပေ။
"ရတာပေါ့... ဘယ်မီးဖိုကို သုံးချင်လဲ။ ကျွန်တော် နေရာရှင်းပေးပါ့မယ်။" ဆရာလင်က ပြောလိုက်သည်။
အခြားသူတစ်ဦးသာ ဆိုလျှင် ဆရာလင် စိတ်ဆိုးမိမည် ဖြစ်သည်။ သို့သော် လုချင်းသည် ဝေ့မိသားစု၏ ဧည့်သည်တော်ဖြစ်ပြီး မဟာသခင်ကို အနိုင်ယူနိုင်သော အစွမ်းထက် သိုင်းပညာရှင် ဖြစ်နိုင်သဖြင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးရှေ့တွင် အရာရာ ညှိနှိုင်း၍ ရလေသည်။
"ဆရာလင်... ကျွန်တော့်အတွက် မီးဖိုတစ်ခုလောက် ရွေးပေးပါဦး။ မီးအားပြင်းတာ လိုချင်ပါတယ်။" လုချင်းက ပြောလိုက်သည်။
"ဒါဆိုရင် နံပါတ်တစ် မီးဖိုကို သုံးလိုက်ပါ။ သူ့ရဲ့ လေဝင်လေထွက်က အကောင်းဆုံးဖြစ်တဲ့အပြင် အပူချိန်ကလည်း အမြင့်ဆုံးပဲလေ။ မီးတောင်သံမဏိကိုတောင် အရည်ကျိုပြီး ပုံသွင်းနိုင်တော့ သခင်လေး လိုချင်တဲ့ အနေအထားနဲ့ ကိုက်ညီမှာပါ။" ဆရာလင်က စဉ်းစားပြီး ပြောလိုက်သည်။
"ဒါဆိုရင် ဆရာလင့်သဘောအတိုင်းပါပဲ။"
လုချင်းသည် မီးတောင်သံမဏိအကြောင်းကို သိထားသည်။ ၎င်းသည် အလွန်မြင့်မားသော အရည်ပျော်မှတ်ရှိပြီး မီးတောင်အနီးတွင်သာ တွေ့ရတတ်သည့် ဆန်းကြယ်သော သံမဏိမျိုး ဖြစ်သည်။ ထိုကဲ့သို့သော သံမဏိမျိုးကိုပင် ပုံသွင်းနိုင်သည်ဆိုပါက နံပါတ်တစ် မီးဖို၏ မီးအားမှာ အလွန် ပြင်းထန်မည်မှာ အသေအချာပင်။
မကြာမီ ဆရာလင်သည် နံပါတ်တစ် မီးဖိုနေရာကို ရှင်းလင်းပေးလိုက်၏။
"သခင်လေးလု... ကြွပါ။ ဘယ်လို လက်နက်မျိုး လုပ်ချင်တာလဲ။"
"မလောပါဘူး။ အရင်ဆုံး လက်ရာပါအောင် လေ့ကျင့်ပြီး အသားကျအောင် လုပ်လိုက်ပါဦးမယ်။"
ထိုစကားကို ကြားလိုက်ရသဖြင့် လုချင်းသည် အပျော်သဘော လာလုပ်ခြင်း ဖြစ်ကြောင်း ဆရာလင်လည်း ပို၍ သေချာသွားတော့၏။ ပန်းပဲလုပ်ငန်းစဉ်ကိုပင် ရင်းနှီးကျွမ်းဝင်မှု မရှိသေးလျှင် ကောင်းမွန်သော လက်နက်တစ်ခုကို မည်သို့ ပြုလုပ်နိုင်ပါမည်နည်း။
"ဆရာလင်... အလုပ်ရှုပ်နေရင် ကျွန်တော့်နားမှာ စောင့်နေစရာ မလိုပါဘူးဗျ။" လုချင်းက ပြုံး၍ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး။ ဒီရက်ပိုင်း အထူးမှာယူတာတွေလည်း မရှိတော့ ကျွန်တော်လည်း အားနေတာပါ။ သခင်လေးရဲ့ ပန်းပဲနည်းပညာကို လေ့လာခွင့်ရတာပေါ့။" ဆရာလင်က ပြောလိုက်သည်။ လုချင်း တစ်ယောက်တည်း လုပ်ကိုင်နေသည်ကို သူ မည်သို့ စိတ်ချလက်ချ ထားခဲ့နိုင်မည်နည်း။ မတော်တဆ ထိခိုက်ဒဏ်ရာ ရသွားလျှင် ဆရာလင် တာဝန်ယူနိုင်မည် မဟုတ်ပေ။
သို့သော် လုချင်း အနှောင့်အယှက် မဖြစ်စေရန် ဘေးမှ ကြည့်နေသူများနှင့် တပည့်များကိုမူ လူစုခွဲလိုက်လေသည်။
လုချင်းသည် ဆရာလင်၏ စေတနာကို နားလည်သဖြင့် ပြုံးလိုက်သည်။ သူသည် ဘာမှ ထုတ်မပြောတော့ဘဲ ရှေ့သို့ တိုးသွားကာ ရွေးချယ်မှုအချို့ ပြုလုပ်ပြီးနောက် အလယ်အလတ် အရွယ်အစားရှိ သံတူတစ်လက်ကို ရွေးလိုက်တော့၏။
"ဆရာလင်... ဆိုင်က ပစ္စည်းတချို့ ယူသုံးလို့ ရမလား။"
"စိတ်ကြိုက် သုံးပါဗျာ။" ဆရာလင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
မီးဖိုပေါ်ရှိ ပစ္စည်းများမှာ သာမန် သံချောင်းများသာ ဖြစ်သည်။ ပျက်စီးသွားလျှင်လည်း သူ ဂရုစိုက်မည် မဟုတ်ပေ။
လုချင်းသည် ပစ္စည်းများမှာ သာမန်သံချောင်းများ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် စိတ်ချလက်ချ အသုံးပြုလိုက်သည်။ သူသည် ညာလက်ဖြင့် သံတူကို ကိုင်လိုက်ပြီး ဘယ်လက်ဖြင့် ညှပ်ကို ကိုင်ကာ မီးဖိုထဲမှ ရဲရဲတောက်နေသော သံချောင်းတစ်ချောင်းကို ဆွဲထုတ်၍ ပေတုံးပေါ် တင်လိုက်လေသည်။
ထို့နောက် သူ၏ နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ သင်ယူမှုအခြေအနေသို့ ဝင်ရောက်လိုက်တော့၏။ ထိုအခါတွင်တော့ လီဟော်ဂိုဏ်း၏ အမွေအနှစ်မှ သံတူနည်းပညာများသည် သူ၏ စိတ်ထဲတွင် စီးဆင်းသွားပြီး နားလည်သဘောပေါက်မှု အမျိုးမျိုး ပေါ်ထွက်လာတော့လေသည်။
ဒင်း
လုချင်းသည် သံချောင်းကို ထုနှက်လိုက်ရာ ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဆရာလင်၏ နှလုံးသားမှာ အစပိုင်းတွင် တုန်လှုပ်သွားသော်လည်း သူ၏ မျက်နှာတွင် နားလည်သော အမူအရာ ပေါ်လာသည်။ ထင်ထားသည့် အတိုင်းပင်... သခင်လေးလုသည် ပန်းပဲပညာကို မကျွမ်းကျင်ပေ။ ဤထုနှက်ချက်၏ အားမှာ မဆိုးသော်လည်း နည်းစနစ် လိုအပ်ချက် ရှိနေပြီး အားစိုက်ထုတ်ပုံ မှားယွင်းနေသဖြင့် အလွန် စိမ်းနေပုံ ပေါက်သည်။
ဤကဲ့သို့သော ထုနှက်ချက်များဖြင့် သံချောင်းထဲမှ အညစ်အကြေးများကို ထုနှက်ထုတ်ပစ်ရန် ခက်ခဲပေလိမ့်မည်။ သို့သော် သူသည် မည်သည့် အကြံဉာဏ်မှ မပေးဘဲ တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။
အချက်အနည်းငယ် ထုနှက်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း လုချင်း သတိပြုမိလိုက်သည်။ သူ ရပ်တန့်လိုက်ပြီး ငြိမ်သက်စွာ စဉ်းစားလိုက်၏။ သူ ငြိမ်သက်နေသည်ကို မြင်သောအခါ ဆရာလင်သည် အကြံဉာဏ်အချို့ ပေးရန် စဉ်းစားလိုက်သော်လည်း လုချင်းသည် သံတူကို တစ်ဖန် ပြန်မြှောက်လိုက်သည်ကို တွေ့လိုက်ရလေသည်။
ဒင်း
လုချင်းလည်း ထပ်မံ ထုနှက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ဆရာလင်မှာ မျက်လုံးပင် ပြူးကျယ်သွားရပြီး အံ့အားသင့်သွားမိတော့၏။
အဘယ်ကြောင့်ဆိုသော် လုချင်း၏ ဤထုနှက်ချက်သည် ယခင်က ဖြစ်ကတတ်ဆန်း ထုနှက်ချက်များနှင့် လုံးဝ ကွဲပြားနေသောကြောင့်ပင်။ အားစိုက်ထုတ်မှုမှာ အလွန် မှန်ကန်နေပြီး ကျွမ်းကျင်ပိုင်နိုင်လှကာ သံချောင်းထဲမှ အညစ်အကြေးများကို ထုနှက်ထုတ်ပစ်ရန် လုံလောက်သော အနေအထား ဖြစ်သည်။ သူ၏ တပည့်များပင် ဤကဲ့သို့သော ထုနှက်ချက်မျိုးကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ကံကောင်းလို့များလား။
ဆရာလင် တွေးလိုက်မိသည်။
သို့သော် သူ့အတွေးက မှားကြောင်းကို လျင်မြန်စွာပဲ သိလိုက်ရသည်။
လုချင်းသည် ထုနှက်လိုက်ပြီးနောက် ကွာခြားမှုကို ခံစားမိလိုက်ပြီး လမ်းကြောင်းမှန်ကို ရှာတွေ့သွားကြောင်း သိလိုက်သဖြင့် ပြုံးလိုက်လေသည်။
သူသည် သံတူကို ဆက်လက်မြှောက်တင်ပြီး ထပ်မံ ထုနှက်လိုက်ပြန်သည်။
ထိုအချိန်မှစ၍ လုချင်းသည် သံချောင်းကို တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ထုနှက်နေတော့လေ၏။
ဤလုပ်ငန်းစဉ်အတွင်း ဆရာလင်၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်လာခဲ့ရပြီး နောက်ဆုံးတွင်တော့ အံ့သြမှင်သက်မှုဖြင့် ဝိုင်းစက်သွားတော့လေသည်။
...