တစ်ချက်ထုနှက်ခြင်း၊ တစ်ကြိမ်သန့်စင်ခြင်းနှင့် အလွှာတစ်ထောင် ဓားအမြုတေ
Vol. 16 Ch. 159
ဆရာလင်သည် လုချင်း၏ ကြီးမားသော အားအင်ဖြင့် ထုနှက်လိုက်သည်ကို မျက်တောင်တစ်ချက်ပင်မခတ်ဘဲ ကြည့်နေမိသည်။
ကြီးမားလှသော ဖိအားအောက်တွင် ရဲရဲတောက်နေသော သံချောင်းမှ မီးပွားများ လွင့်စင်ထွက်လာပြီး သံပြားဝိုင်းပုံစံ ဖြစ်သွားလေသည်။
ထို့နောက် လုချင်းသည် ၎င်းကို ခေါက်လိုက်ပြီး ပြင်းထန်စွာ ထပ်မံ ထုနှက်လိုက်ပြန်ရာ သံပြားဝိုင်းပုံစံ ပြန်ဖြစ်သွားပြန်သည်။
ထိုကဲ့သို့ပင် လုချင်းသည် တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ထုနှက်နေတော့သည်။
သံချောင်းမှာလည်း သူ၏ လက်ထဲတွင် ဂျုံနယ်ထားသကဲ့သို့နှယ် အလွယ်တကူ ပြားသွားလေ၏။
သို့သော် ဆရာလင်နှင့် သူ၏ တပည့်များကမူ သံချောင်းသည် ဂျုံနယ်ထားသကဲ့သို့ ပျော့ပြောင်းနေခြင်း မဟုတ်ဘဲ လုချင်း၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် ဖြစ်ကြောင်း ကောင်းစွာ သိရှိကြသည်။
ထုချက်တိုင်းသည် သံချောင်းကို အလွယ်တကူ ပြားသွားစေသည်။
အရေးကြီးဆုံးမှာ လုချင်းသည် ကြမ်းတမ်းသော ခွန်အားသက်သက်ကိုသာ အသုံးပြုနေခြင်း မဟုတ်ကြောင်း ဆရာလင် သတိထားမိလိုက်ခြင်းပင်။
သံတူထုချက်တိုင်းတွင် ရှုပ်ထွေးသော ပြောင်းလဲမှုများ ပါဝင်နေပြီး သံချောင်း၏ ခံနိုင်ရည် အကန့်အသတ်အထိ တိကျစွာ ရောက်ရှိသွားကာ မကျိုးပဲ့သွားစေဘဲ အညစ်အကြေးများကို ညှစ်ထုတ်ပစ်နေခြင်း ဖြစ်သည်။
"တစ်ချက်ထုနှက်လိုက်တိုင်း သန့်စင်မှုတစ်ကြိမ် ဖြစ်ပေါ်စေတာလား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
လေးလံသော သံတူကြီးကို အလွယ်တကူ လွှဲယမ်းပြီး ထပ်ခါတလဲလဲ ထုနှက်နေသော လုချင်းကို ကြည့်ရင်း ဆရာလင်တစ်ယောက် မှင်သက်နေမိပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။
သူ၏ ရင်ထဲတွင် ဖော်ပြမရနိုင်သော တုန်လှုပ်မှုများဖြင့်သာ ပြည့်နှက်နေတော့၏။
သံထည်ပစ္စည်းများကို ဤကဲ့သို့ ထုလုပ်နိုင်လိမ့်မည်ဟု သူ တစ်ခါမျှ စိတ်ကူးမယဉ်မိခဲ့ပေ။
သံတူထုချက်တိုင်းသည် သန့်စင်ခြင်းတတစ်ကြိမ် ဖြစ်သည်။ ထိုကဲ့သို့သော နတ်ဘုရားအလား ပန်းပဲနည်းပညာမျိုးကို သူ မြင်ဖူးသမျှ ပန်းပဲဆရာကြီးများပင် မလုပ်ဆောင်နိုင်ကြပေ။
သို့သော် ယခုတွင်တော့ ထိုအရာသည် သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေလေပြီ။
ဘုန်း ဘုန်း ဘုန်း
နှလုံးသား ပန်းပဲဖို၏ နောက်ဖေးခြံဝင်းထဲတွင် လုချင်းသည် လေးလံသော သံတူကြီးကို မရပ်မနား လွှဲယမ်းနေပြီး ထုနှက်လိုက်တိုင်းတွင် ခြံဝင်းတစ်ခုလုံးကိုပါ တုန်ခါသွားစေလေ၏။
အိမ်တော်ထိန်းကြီးဝေ့အပါအဝင် လူတိုင်းသည် ထို အားပါပြီး လှပသော မြင်ကွင်းကို ကြည့်ကာ ညှို့ယူဖမ်းစားခြင်းခံထားရသကဲ့သို့ ဖြစ်နေကြသည်။
မြင့်မားသော ကျင့်ကြံမှုအဆင့် ရှိသောကြောင့် အိမ်တော်ထိန်းကြီးဝေ့သည် လုချင်း ပြသနေသော ကြောက်မက်ဖွယ် သံတူနည်းပညာကို ပို၍ နားလည်ကာ ခံစားနိုင်လေသည်။
သူ၏ ကိုယ်တွင်းအင်္ဂါအဆင့် ကျင့်ကြံမှုဖြင့်ပင် လုချင်း၏ သံတူထုချက် အနည်းငယ်ကို ခံနိုင်ရည် ရှိမည် မဟုတ်ကြောင်း ခန့်မှန်းမိလိုက်သည်။
လုချင်းသည် မောပန်းခြင်း မရှိဘဲ တစ်နာရီကျော်ကြာအောင် ဆက်တိုက် ထုနှက်နေခဲ့လေ၏။
ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့နှယ် သူသည် ခေါက်ခြင်းနှင့် ထုနှက်ခြင်းကို ရပ်တန့်လိုက်ပြီး သံချောင်းကို ပုံဖော်ခြင်းအား စတင်လိုက်တော့သည်။
ထို့နောက်တွင်တော့ တဖြည်းဖြည်းနှင့် သူ၏ လက်ထဲရှိ သံချောင်းသည် ဓားတစ်လက်၏ ပုံသဏ္ဌာန် ပေါ်လာလေသည်။
ဘုန်း
နောက်ထပ် သံတူထုချက် တစ်ချက်နှင့်အတူ မီးပွားများ လွင့်စင်သွားပြီးနောက်တွင် လုချင်းသည် ထုနှက်ခြင်းကို အဆုံးသတ်လိုက်ကာ ပုံဖော်ထားသော ဓားအမြုတေကို ရေအေးထဲသို့ ထည့်လိုက်တော့၏။
ရှဲ...
ရေနွေးငွေ့များ ထွက်ပေါ်လာသည်နှင့် လုချင်းသည် ဓားအမြုတေကို ထုတ်ယူကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
ထိုအခါ၌ လင်းထိန်နေသော အနီရောင်အလင်းတန်းတစ်ခုက ဓားအမြုတေမှ ထွက်ပေါ်လာတော့၏။
[အလွှာတစ်ထောင် ဓားအမြုတေ - ထပ်ခါတလဲလဲ ခေါက်ပြီး ထုနှက်ထားသောကြောင့် အလွှာတစ်ထောင် အဆင့်သို့ ရောက်ရှိနေသော ဓားအမြုတေ ဖြစ်သည်။]
[မရေမတွက်နိုင်သော ထုနှက်မှုများ ပြုလုပ်ပြီးမှသာ စစ်မှန်သော လက်နက်တစ်ခု ဖြစ်လာနိုင်ပေသည်။ အလွှာတစ်ထောင် ဓားအမြုတေသည် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်လာနိုင်ရန် အလားအလာ ရှိနေပြီ ဖြစ်သည်။]
[ကုန်ကြမ်းပစ္စည်း ကန့်သတ်ချက်များကြောင့် ဤဓားအမြုတေသည် ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ထပ်မံ ထုနှက်သော်လည်း အရည်အသွေး တိုးတက်လာမည် မဟုတ်ပေ။]
တကယ်ပါလား။
ဓားအမြုတေ၏ သတင်းအချက်အလက်များကို မြင်လိုက်ရသောအခါ လုချင်း နားလည်လိုက်သည်။
သန့်စင်နေစဉ် လုပ်ငန်းစဉ်အတွင်း သူ ဤအချက်ကို အာရုံခံမိခဲ့သည်။
သံချောင်းသည် ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဆက်လက် ခေါက်ပြီး ထုနှက်နေခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။
သာမန်သံသည် သာမန်သံသာ ဖြစ်၏။ ခေါက်ပြီး ထုနှက်ခြင်းဖြင့် အဆုံးမရှိ တိုးတက်နေနိုင်မည် မဟုတ်ချေ။
အလွှာတစ်ထောင် အဆင့်သည် သံချောင်း၏ အမြင့်ဆုံး အရည်အသွေးပင် ဖြစ်သည်။
"သခင်လေးလု... ဒီလူအိုကြီးကို အဲ့ဒီဓားအမြုတေကို ကြည့်ခွင့်ပေးလို့ရမလား။" ဆရာလင်၏ အသံမှာ မျှော်လင့်ချက်ကြောင့် တုန်ရီနေရှာသည်။
"ရတာပေါ့။"
လုချင်းသည် ဓားအမြုတေကို ပန်းပဲဆရာအိုကြီးထံ ကမ်းပေးလိုက်သည်။
ဆရာလင်သည် ဓားအမြုတေကို ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်စဉ် သူ၏ တပည့်များမှာလည်း ထုံးစံအတိုင်း ယဉ်ကျေးမှုကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ဘေးမှ ဝိုင်းအုံကြည့်လာကြတော့၏။
ဤအခေါက်တွင်တော့ လုချင်း၏ ဓားအမြုတေသည် ယခင်တစ်ခုထက် အနည်းငယ် သေးငယ်နေသည်။ အကြောင်းမှာ သူသည် အညစ်အကြေးများကို လုံးဝ ဖယ်ရှားပစ်လိုက်သောကြောင့်ပင်။
သို့သော် ဆရာလင်နှင့် သူ၏ တပည့်များမှာ ဤအချက်ကို အာရုံစိုက်နေခြင်း မဟုတ်ပေ။
သူတို့သည် ဓားအမြုတေပေါ်ရှိ အကွက်အဆင်များကို ချက်ချင်း စစ်ဆေးလိုက်ကြသည်။
ရှုပ်ထွေးသိမ်မွေ့သော အကွက်အဆင်များကို မြင်လိုက်ရသောအခါ၌ ဆရာလင်၏ ခန္ဓာကိုယ်ပင် တုန်လှုပ်သွားရလေသည်။ "ဒီအကွက်တွေ... ဒါ တကယ်ပဲ အလွှာတစ်ထောင် ရတနာအမြုတေပါလား။ ဒီဓားအမြုတေက အလွှာတစ်ထောင် အဆင့်ကိုတောင် ရောက်နေပြီပဲ။"
"ဆရာ... တကယ်ပဲ အလွှာတစ်ထောင် အဆင့် ရောက်သွားတာလားဗျ။"
အလွှာတစ်ထောင် သန့်စင်ထားသော သံမဏိကို တစ်ခါမျှ မမြင်ဖူးသော တပည့်များမှာလည်း ထပ်တူထပ်မျှ တုန်လှုပ်သွားကြသည်။
"မမှားနိုင်ဘူး... ဒီလို သိမ်မွေ့တဲ့ အကြေးခွံအကွက်တွေက အလွှာတစ်ထောင် ရတနာအမြုတေရဲ့ အမှတ်အသားပဲ။"
သူတို့ဆရာ၏ ယုံကြည်မှုရှိသော လေသံကို ကြားလိုက်ရသဖြင့် တပည့်များအားလုံးမှာလည်း စိတ်လှုပ်ရှားသွားကြတော့သည်။
သူတို့သည် ဓားအမြုတေကို ဝိုင်းအုံကြည့်လိုက်ကြပြီး ထိုအပေါ်မှ မျက်လုံးများကို ခွာပင်မခွာနိုင်တော့ပေ။
ပန်းပဲဆရာတစ်ဦးအတွက် အလွှာတစ်ထောင် အဆင့်ရှိသော သံထည်ပစ္စည်းကို မြင်တွေ့ရခြင်းသည် ကြီးမားသော ဂုဏ်ယူစရာတစ်ခုပင်။
ဆရာလင်သည် ဓားအမြုတေကို ကိုင်ထားရင်း လုချင်းကို တုန်ရီသော နှုတ်ခမ်းများဖြင့် ကြည့်လိုက်မိသည်။
လုချင်း ထုနှက်ပုံဖော်နေသည်ကို အစမှ အဆုံးထိ ကြည့်ရှုခဲ့ပြီး ခေါက်ခြင်းနှင့် ထုနှက်ခြင်း အရေအတွက်ကို အကြမ်းဖျင်း ရေတွက်ထားသဖြင့် ဓားအမြုတေ၏ အရည်အသွေးကို သူ မျှော်လင့်ထားပြီး ဖြစ်သည်။
သို့သော် ဓားအမြုတေပေါ်ရှိ အလွှာတစ်ထောင် အကွက်အဆင်များကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ၌ အလွန်အမင်း တုန်လှုပ်မိနေဆဲပင်။
လုချင်း၏ ပန်းပဲနည်းပညာသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် အံ့သြဖွယ်ကောင်းလှသည်။
တစ်ချက်ထုနှက်ခြင်း၊ တစ်ကြိမ်သန့်စင်ခြင်း...
ထိုကဲ့သို့သော နတ်ဘုရားစွမ်းရည်မျိုးက တကယ် ရှိနေပါလား။
ဆရာလင်သည် မဟာသခင်အဆင့် ပန်းပဲဆရာတစ်ဦးနှင့် တစ်ခါမျှ မဆုံဖူးသဖြင့် သူတို့၏ စွမ်းရည် မည်မျှရှိသည်ကို မသိပါချေ။
သို့သော် လုချင်း၏ ပန်းပဲနည်းပညာ၊ အထူးသဖြင့် သူ၏ သံတူကိုင်တွယ်ပုံသည် ပြိုင်ဘက်ကင်းကြောင်း သူ သေချာနေသည်။
"အလွှာတစ်ထောင် ရတနာအမြုတေ ဟုတ်လား။"
အိမ်တော်ထိန်းကြီးဝေ့မှာလည်း အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
လုချင်းသည် အလွှာတစ်ထောင် ဓားအမြုတေကို ထုလုပ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပါချေ။
သူတို့ ဝေ့မိသားစု အိမ်တော်၌ပင် ထိုကဲ့သို့သော အဖိုးတန်ဓားမျိုး အနည်းငယ်သာ ရှိသည်။
"သခင်လေးလု... ဒီရတနာကို လေ့လာခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။"
ဆရာလင်သည် ဓားအမြုတေကို လုချင်းထံ လေးစားစွာ ပြန်ပေးလိုက်သည်။
သူသည် မဟာသခင်တစ်ဦးနှင့် ရင်ဆိုင်နေရသော တပည့်တစ်ဦးကဲ့သို့ ပြုမူနေပါ၏။
"ဓားအမြုတေတစ်ခုပါပဲဗျာ... ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။" လုချင်းက ပြုံးရင်း ဓားကို ပြန်မယူဘဲ ပြောလိုက်သည်။ "ပန်းပဲဆရာကြီးကို အကူအညီတောင်းစရာတစ်ခု ရှိလို့ပါ။"
"ပြောပါ သခင်လေးလု... ကျွန်တော် လုပ်ပေးနိုင်တာမှန်သမျှ အကုန် လုပ်ပေးပါ့မယ်။" ဆရာလင်က စိတ်အားထက်သန်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ဒီဓားအမြုတေကို ဓားရှည်တစ်လက်ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုချင်လို့ပါ။ ရက်နည်းနည်းနေရင် ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့ ဂုဏ်ပြုပွဲ ရှိတယ်လေ။ အဲ့ဒါ လက်ဆောင်ပေးချင်လို့ပါ။ ကူညီပေးနိုင်မလားဗျ။"
"ရတာပေါ့... ဒါပေမဲ့ သခင်လေးဘာသာ ဘာလို့ မလုပ်တာလဲဗျ။" ဆရာလင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"အမှန်အတိုင်း ပြောရရင် ကျွန်တော်က ထုနှက်တာပဲ ကျွမ်းကျင်တာပါ။ တခြား ပန်းပဲနည်းပညာတွေဖြစ်တဲ့ မွမ်းမံစီချယ်တာတို့၊ အရောင်တင်တာနဲ့ ဓားသွားသွေးတာတွေကိုတော့ မကျွမ်းကျင်ပါဘူး။ အဲ့ဒီအပိုင်းမှာ ဆရာ့ရဲ့ အတွေ့အကြုံက ကျွန်တော့်ထက် သာပါတယ်။"
ပြီးပြည့်စုံသော ဓားတစ်လက် ဖန်တီးရာတွင် ဓားအမြုတေကို ထုနှက်ရုံထက်မက ပါဝင်လေသည်။
မွမ်းမံစီချယ်ခြင်း၊ အရောင်တင်ခြင်းနှင့် ဓားသွားသွေးခြင်းတို့လည်း လိုအပ်ပြီး ထိုအရာများကို လုချင်း မရင်းနှီးချေ။
"သဘောပေါက်ပါပြီ။ စိတ်ချပါ သခင်လေးလု... ဒီဓားရတနာကို ကောင်းကောင်းမွန်မွန် ဖြစ်အောင် လုပ်ပေးပါ့မယ်။"
ဆရာလင်မှာ စိတ်လှုပ်ရှားနေသည်။ အလွှာတစ်ထောင် ရတနာဓားတစ်လက်ကို ဖန်တီးခွင့်ရခြင်းသည် သူ့အတွက် တစ်ခါမျှ မကြုံဖူးသော အတွေ့အကြုံပင်။
သို့သော် သူ တစ်စုံတစ်ခုကို သတိရသွား၏။
"သခင်လေးလု... သခင်လေးကိုယ်တိုင်အတွက် လက်နက်လာလုပ်တာလို့ ပြောခဲ့တယ် မဟုတ်လား။ ဒီဓားအမြုတေက သခင်လေးအတွက် မဟုတ်ဘူးလား။"
"ကျွန်တော့်လက်နက်က စောင့်လို့ ရပါတယ်။" လုချင်း ခေါင်းခါလိုက်သည်။
"ကျွန်တော် ဒီကို လာတာက သံတူထုတဲ့ စွမ်းရည်ကို လေ့ကျင့်ဖို့ လာတာပါ။ ပစ္စည်းတွေ စုံပြီဆိုရင် အကူအညီတောင်းဖို့ ဆရာ့ဆီ ပြန်လာပါဦးမယ်။"