← Chapters

ချင်းယွင်ဓားနန်းတော်

Vol. 17 Ch. 161

ချင်းယွင်ဓားနန်းတော်

Vol. 17 Ch. 161

"ဟောက်အာ ပြန်ရောက်လာပြီလား။"

သတင်းကြားလျှင်ကြားချင်း ဝေ့ရှန်ဟိုင်သည် ဝမ်းသာအားရ ဖြစ်သွားလေသည်။

"သူတစ်ယောက်တည်း မဟုတ်ပါဘူး သခင်ကြီး။ သခင်လေးနဲ့အတူ ဂိုဏ်းတူတွေလည်း ပါလာကြပါတယ်။ သခင်မလေး ယွီယန်လည်း သခင်လေးနဲ့အတူ ပါလာပါတယ်ဗျ။"

"ယွီယန်လည်း ပါလာတယ်ဟုတ်လား။" ဝေ့ရှန်ဟိုင် ပို၍ပင် အံ့အားသင့်သွားရပြီး "မြန်မြန်... သခင်မကို သွားပြောချေ။ သူတို့ အခု ဘယ်ရောက်နေကြပြီလဲ”

"အိမ်တော်ထဲကို ဝင်လာကြပါပြီ။ သခင်ငယ်လေးက အပြင်ထွက်ပြီး ကြိုဆိုနေပါတယ်။"

ထိုစကားကို ကြားသည်နှင့် ဝေ့ရှန်ဟိုင်သည် အလျင်အမြန်ပင် ထွက်လာခဲ့လေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ကျီကျိုးပြည်နယ်ရှိ ချင်းယွင်ဓားနန်းတော်သို့ ပညာသင်လွှတ်လိုက်သော သားကြီး အိမ်မပြန်ရောက်သည်မှာ ကြာခဲ့ချေပြီ။

ယခု ကျိအန်းလေး၏ တပည့်ခံပွဲ အခမ်းအနား ကျင်းပခါနီးအချိန်တွင်မှ ရုတ်တရက် ပြန်ရောက်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။ ဤသည်မှာ ဝေ့မိသားစုအတွက် ကံကောင်းခြင်းနှစ်ထပ်ကွမ်း ဖြစ်လေသည်။

ရှေ့ခြံဝန်းသို့ ရောက်သောအခါ အရပ်ရှည်ရှည်နှင့် ဖြောင့်မတ်တည်ကြည်သော လူငယ်တစ်ဦး၏ ဘေးပတ်လည်တွင် ပျော်ရွှင်စွာ လှည့်ပတ်သွားလာနေသော သားငယ်ကို သူ တွေ့လိုက်ရသည်။

ထိုလူငယ်၏ ဘေးတွင် သက်တူရွယ်တူခန့်ရှိသော အခြားလူငယ် အမျိုးသား၊ အမျိုးသမီးအချို့လည်း ရှိနေကြပြီး သူတို့အားလုံးမှာ သာမန်မဟုတ်သော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။

ထိုအထဲမှ နူးညံ့သိမ်မွေ့သော မျက်နှာထားနှင့် လူငယ်မှာ သူ၏ သားအကြီးဆုံး ဝေ့ကျိဟောက်ပင် ဖြစ်ချေသည်။

"ကောင်းတယ်... ကောင်းတယ်... မင်း ပိုသန်မာလာတာပဲ။"

ဝေ့ကျိဟောက်သည် သူ၏ ညီငယ်ကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်နေလေသည်။

ယခင်က သူ၏ ညီငယ်သည် အလွန်နုနယ်ပြီး စိတ်ဓာတ်ကျလွယ်သော သဘာဝရှိသည်ဟု သူ မှတ်မိနေခဲ့သည်။ ယခုမူကား ယခင်ကထက် များစွာ သန်မာလာပြီး ရွှင်လန်းတက်ကြွနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

"ကိုကြီး... ဘာလို့ ပြန်လာမယ်ဆိုတာကို ကြိုမပြောတာလဲ။ အိမ်ကလူတွေ ဘယ်သူမှ မသိလိုက်ရဘူး။" ဝေ့ကျိအန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဂိုဏ်းက တာဝန်တစ်ခုရှိလို့ ခရီးထွက်လာရင်း ချန်းခရိုင်ကို ဖြတ်သွားရမှာမို့ အိမ်ကို ဝင်ကြည့်တာပါ။ ဒါနဲ့ ညီလေး... ကိုကြီး လမ်းမှာ ကိုကြီးတို့မိသားစုအကြောင်း သတင်းတချို့ ကြားခဲ့ရတယ်။ အဲ့ဒါ မင်းကို မေးချင်လို့..."

"အဟမ်း..."

ညီအစ်ကိုနှစ်ယောက် စကားပြောနေစဉ် ဝေ့ရှန်ဟိုင်က ချောင်းဟန့်လျက် လျှောက်လာခဲ့သည်။

"အဖေ..."

ဝေ့ကျိဟောက်သည် ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး အမူအရာကို ပြင်ကာ လေးစားစွာ ဦးညွှတ်လိုက်လေသည်။

"ဝေ့မိသားစုခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ်။"

သူ့ဘေးနားရှိ လူငယ် အမျိုးသား၊ အမျိုးသမီးများကလည်း အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်ကြသည်။

"လူစိမ်းတွေလို သဘောထားပြီး ယဉ်ကျေးနေစရာ မလိုပါဘူးကွာ။ ခရီးပန်းလာကြရောပေါ့။ အားဟိုင်... လူငယ်သူရဲကောင်းတွေအတွက် စားသောက်ပွဲ ပြင်ဆင်လိုက်ပါဦး။"

"ဟုတ်ကဲ့ပါ သခင်ကြီး။"

အိမ်တော်ထိန်းကြီး ဝေ့က ပြန်ကြားပြောဆိုပြီး ပြင်ဆင်ရန် ထွက်ခွာသွားလေသည်။

"ဦးလေး... ဒေါ်ဒေါ်ကော ဟင်။"

ထိုအချိန်တွင် လူငယ်အမျိုးသမီးတစ်ဦးက ပြုံးရွှင်စွာ ရှေ့တိုးလာပြီး မေးလိုက်သည်။

သူမကို မြင်လိုက်ရသဖြင့် ဝေ့ရှန်ဟိုင်ကလည်း ပြုံးလိုက်ပြီး "ယွီယန်... တူမလေးပါ ပါလာတာကိုး။ မင်းဒေါ်ဒေါ်က နောက်ဖေးခြံဝန်းထဲမှာ ရှိတယ်။ သွားတွေ့လိုက်ပါဦး"

"အဖေ... သား အမေ့ကို အရင်သွားပြီး ဂါရဝပြုလိုက်ပါဦးမယ်။" ဝေ့ကျိဟောက်ကလည်း ပြောလိုက်သည်။

"သွားပါ... သွားပါ... မင်းအမေ မင်းကို မတွေ့ရတာ နှစ်တွေကြာပြီဆိုတော့ လွမ်းနေရှာမှာ။" ဝေ့ရှန်ဟိုင်က ခေါင်းညိတ်ခွင့်ပြုလိုက်သည်။

ဝေ့ကျိဟောက်သည် မိခင်ဖြစ်သူကို သွားရောက်နှုတ်ဆက်ပြီး မိသားစု ပြန်လည်ဆုံစည်းခြင်း အခမ်းအနား ပြီးဆုံးသောအခါ ဖခင်ဖြစ်သူ၏ စာကြည့်ခန်းသို့ ရောက်လာခဲ့လေသည်။

"အဖေ... သားပြန်လာတဲ့လမ်းမှာ ဝေ့မိသားစုနဲ့ပတ်သက်တဲ့ သတင်းတွေ အများကြီး ကြားခဲ့ရတယ်။ မကြာသေးမီက မြောက်ပိုင်းနယ်စပ်က ထျန်းချန်းဂိုဏ်းက လူတွေလွှတ်ပြီး သားတို့မိသားစုကို ဝိုင်းပြီးတိုက်ခိုက်ခဲ့တယ်ဆို။ မွေးရာပါနယ်ပယ် မဟာသခင်အဆင့်တောင် ပါသေးတယ်လို့ ကြားတယ်။ အဲ့ဒါ တကယ်ပဲလားဟင်။"

စာကြည့်ခန်းထဲသို့ ဝင်သည်နှင့် ဝေ့ကျိဟောက်က ဒဲ့တိုးပင် မေးမြန်းလိုက်သည်။

"အေး... ဟုတ်တယ်။ တကယ်ပဲ။" ဝေ့ရှန်ဟိုင်က ခေါင်းညိတ်ဝန်ခံလိုက်သည်။

"ဒါဆို ဘာလို့ သားဆီ လူလွှတ်ပြီး အကြောင်းမကြားရတာလဲ။ သား ပြန်လာပြီး ကူညီပေးလို့ ရတာပေါ့။" ဝေ့ကျိဟောက်က စိုးရိမ်တကြီး မေးလိုက်သည်။

ဤသတင်းကို စကြားလိုက်ရချိန်က သူ အမှန်တကယ်ပင် စိုးရိမ်ပူပန်ခဲ့ရသည်။ မြောက်ပိုင်းနယ်စပ်မှ ထျန်းချန်းဂိုဏ်းသည် အလွန်အင်အားကြီးမားသော ဂိုဏ်းတစ်ခုဖြစ်ပြီး သူတို့၏ ချင်းယွင်ဓားနန်းတော်ထက် မနိမ့်ကျပေ။

ထိုမျှ အင်အားကြီးသော ဂိုဏ်းက ပြည်နယ်ပေါင်းများစွာကို ကျော်ဖြတ်ပြီး ဝေ့မိသားစုကို လာရောက်တိုက်ခိုက်သည်ဆိုခြင်းမှာ ရူးသွပ်လွန်းရာကျနေသည်။

အိမ်တော်ရှိ အကျပ်အတည်းမှာ ဖြေရှင်းပြီးသွားပြီဖြစ်ကြောင်း နောက်မှ ကြားလိုက်ရ၍သာ ၊ မဟုတ်လျှင် သူသည် တစ်ညလုံး မနားဘဲ ပြေးလာခဲ့မိမည် ဖြစ်သည်။

"အဲ့ဒီအချိန်တုန်းက အခြေအနေတွေက အရမ်းကို စိုးရိမ်ရတဲ့အနေအထားပဲ။ အိမ်တော်ထဲက လူအားလုံး ရန်သူ့လက်အောက် ရောက်နေတော့ သတင်းပို့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘူး။" ဝေ့ရှန်ဟိုင်က ရှင်းပြလိုက်သည်။

သူ မပြောပြသော အခြားအကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။ ထိုအချိန်က ဘိုးဘေးကြီး၏ အသက်အန္တရာယ်မှာ မရေရာဖြစ်နေပြီး တစ်ဖက်တွင်လည်း ဝမ်ချန်းယီကဲ့သို့ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရှိနေသည်။

ဝေ့ကျိဟောက် ပြန်ရောက်လာလျှင်ပင် အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ဝေ့မိသားစု မျိုးသုဉ်းသွားခဲ့လျှင်ပင် မျိုးဆက်ကျန်ရစ်စေရန်အတွက် သူ့ကို ချင်းယွင်ဓားနန်းတော်တွင် ဆက်နေစေခြင်းကသာ ပိုကောင်းပေလိမ့်မည်။

"ပြီးခဲ့တာတွေ ထားလိုက်ပါတော့ကွာ။ ကံကောင်းလို့ အဖေတို့မိသားစုမှာ ကူညီပေးမယ့် သူတော်ကောင်းတွေ ရှိနေခဲ့လို့ အကျပ်အတည်းတွေ ပြေလည်သွားခဲ့တာလေ။ ဘိုးဘေးကြီးလည်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီ။ ဒီထက်ကောင်းတဲ့ရလဒ် မရှိနိုင်တော့ပါဘူး။"

သားကြီးဖြစ်သူက တစ်စုံတစ်ခု ပြောချင်နေသေးသည်ကို မြင်သဖြင့် ဝေ့ရှန်ဟိုင်က ဦးအောင် ပြောလိုက်ခြင်း ဖြစ်သည်။

ဝေ့ကျိဟောက်သည် ပြောချင်သော စကားများကို မျိုချလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"အဖေ... သားတို့ ဝေ့မိသားစုရဲ့ အကျပ်အတည်းကို ဘယ်သူကများ ကူညီဖြေရှင်းပေးခဲ့တာလဲဟင်။ သား အပြင်မှာ ကောလာဟလတွေ အများကြီး ကြားခဲ့ရပေမဲ့ အားလုံးက ယုတ္တိမရှိသလို ဖြစ်နေလို့ မယုံနိုင်ဘူး ဖြစ်နေတာ။"

အပြန်လမ်းတွင် ကြားခဲ့ရသော သတင်းများကို ပြန်စဉ်းစားရင်း ဝေ့ကျိဟောက်က ထိုသတင်းများမှာ ချဲ့ကားလွန်းသည်ဟု ထင်မြင်နေမိသည်။

"အကျပ်အတည်းကို ကူညီဖြေရှင်းပေးခဲ့တာက သမားတော်ကြီးချန်နဲ့ သခင်လေးလုတို့ပဲ။ မင်းအမေနဲ့ ကျိအန်းတောင် သူတို့ ကယ်လိုက်လို့ အသက်ချမ်းသာရာ ရခဲ့တာ..."

ဝေ့ရှန်ဟိုင်သည် ဖြစ်ပျက်ခဲ့ပုံများကို အတိုချုံး ပြောပြလိုက်ရာ ဝေ့ကျိဟောက်မှာ တဖြည်းဖြည်းနှင့် ပို၍ အံ့သြမှင်သက်လာရလေသည်။

"အဖေ... အဖေ ဆိုလိုတာက... သားတို့ဘိုးဘေးကြီးကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တဲ့ မွေးရာပါနယ်ပယ် သိုင်းပညာရှင် ဝမ်ချန်းယီကို အနိုင်ယူခဲ့တာက သမားတော်ကြီးချန်ပေါ့။ ပြီးတော့ သူ့တပည့် သခင်လေးလုကလည်း ကြွက်သားနဲ့အရိုးအဆင့်ပဲ ရှိသေးပေမဲ့ ကိုယ်တွင်းအင်္ဂါအဆင့် အထွတ်အထိပ် ရောက်နေတဲ့ မဟာသခင်တစ်ယောက်ကို အနိုင်ယူခဲ့တယ်ပေါ့... အဲ့ဒီလိုလား။"

"ဒါပေါ့... သမားတော်ကြီးချန်နဲ့ သူ့တပည့်သာ မကူညီခဲ့ရင် အဖေတို့ဝေ့မိသားစုတော့ ထျန်းချန်းဂိုဏ်းလက်ချက်နဲ့ မြေလှန်ခံလိုက်ရပြီ။"

"ဒါပေမဲ့... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။" ဝေ့ကျိဟောက်က မယုံနိုင်စွာဖြင့် ပြောလိုက်သည်။ "ကြွက်သားနဲ့အရိုးအဆင့် ရှိတဲ့သူက ဘယ်လိုလုပ်ပြီး ကိုယ်တွင်းအင်္ဂါအဆင့် အထွတ်အထိပ် မဟာသခင်တစ်ယောက်ကို ယှဉ်နိုင်မှာလဲ။ အဖေ မြင်တာ မှားနေတာများလား။"

"ငါ မြင်တာ မှားရင်တောင် တစ်ခရိုင်လုံးက သိုင်းပညာရှင်တွေ အကုန်လုံး မှားနိုင်ပါ့မလား။ ဒါ့အပြင် အဲ့ဒီအချိန်မှာ ဘိုးဘေးကြီး ကိုယ်တိုင် ရှိနေခဲ့သလို ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ထျန်းကျီမျှော်စင်က သခင်လေး ကျိယွဲ့တို့လည်း ရှိနေခဲ့ကြတာပဲ။ သခင်လေးလုက ဝမ်ချန်းယီရဲ့ တပည့်ကြီးကို အနိုင်ယူလိုက်တာက သူတို့အားလုံး မျက်မြင်ကိုယ်တွေ့ပဲလေ။"

လုချင်းနှင့် လူကောင်ကြီးတို့၏ တိုက်ပွဲကို ပြန်စဉ်းစားမိရင်း ဝေ့ရှန်ဟိုင်၏ ရင်ထဲတွင် တုန်လှုပ်နေဆဲပင် ဖြစ်သည်။ သူကိုယ်တိုင် မဟာသခင်တစ်ဦး ဖြစ်သည့်အားလျော်စွာ လုချင်း ထုတ်ဖော်ပြသခဲ့သော စွမ်းအားက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ကောင်းစွာ နားလည်လေသည်။

ဝေ့ကျိဟောက်မှာ အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်သွားရသည်။

ဘိုးဘေးကြီး ကိုယ်တိုင် ရှိနေခဲ့သည်ဆိုလျှင်တော့ အမှားယွင်း မရှိနိုင်ပေ။

သို့သော် ထိုအချက်ကပင် ဤကိစ္စကို ပို၍ မယုံနိုင်စရာ ဖြစ်စေသည်။

ကြွက်သားနှင့်အရိုးအဆင့်သာ ရှိသေးသူတစ်ယောက်က မဟာသခင်တစ်ဦးကို မျက်နှာချင်းဆိုင် တိုက်ခိုက် အနိုင်ယူနိုင်သည်ဆိုခြင်းမှာ သူ ဘယ်လိုမှ စဉ်းစား၍ မရနိုင်သောအရာ ဖြစ်နေသည်။

"အရမ်း တွေးမနေပါနဲ့ကွာ။ သခင်လေးလုက သာမန်လူမှ မဟုတ်တာ။ သူ့ရဲ့ ပါရမီက မှန်းဆလို့မရနိုင်လောက်အောင် ကောင်းလွန်းတယ်။ သူ့ကို သာမန် သိုင်းပညာရှင်တွေနဲ့ သွားမနှိုင်းနဲ့။"

သားကြီးဖြစ်သူ ကြောင်အမ်းနေသည်ကို မြင်သဖြင့် သူ၏ သိုင်းစိတ်ဓာတ် ကျဆင်းမသွားစေရန် ဝေ့ရှန်ဟိုင်က ရှင်းပြလိုက်သည်။

ခဏကြာမှ ဝေ့ကျိဟောက်သည် သတိပြန်ဝင်လာပြီး ခါးသီးစွာ ပြုံးလိုက်လေသည်။ "တချို့ ဉာဏ်ကြီးရှင်တွေက ထူးခြားတယ်ဆိုတာ သား နားလည်ပါတယ်။ သားတို့ ချန်းခရိုင်လို နေရာမျိုးကနေ ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ ထင်မထားမိလို့ပါ။"

ချင်းယွင်ဓားနန်းတော်သို့ ပညာသွားသင်ကာစက ဂိုဏ်းရှိ ပါရမီရှင်များ၏ အကြိမ်ကြိမ် အနိုင်ယူခြင်း ခံခဲ့ရဖူးသည့် သူ၏ အတွေ့အကြုံများကို ပြန်သတိရလိုက်မိသည်။

သို့သော် ယခု သခင်လေးလုနှင့် ယှဉ်လိုက်လျှင် သူ၏ ဂိုဏ်းမှ ပါရမီရှင်များမှာ ပြောပလောက်စရာ မရှိတော့ပေ။

"သခင်လေးလုက ပါရမီရှိပြီး စွမ်းအားကြီးပေမဲ့ အရမ်း ဖော်ရွေတဲ့သူပါ။ သူက အခု အဖေတို့အိမ်တော်မှာပဲ တည်းခိုနေတာလေ။ မင်း စိတ်ဝင်စားရင် အားလပ်တဲ့အချိန် မင်းညီလေးကိုခေါ်ပြီး သွားလည်လို့ ရတယ်။"

ဝေ့ရှန်ဟိုင်သည် သူ၏ သားနှစ်ယောက်စလုံး လုချင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ရန် မျှော်လင့်လေသည်။

"ဪ... သခင်လေးလုက သားတို့အိမ်မှာ တည်းနေတာလား။" ဝေ့ကျိဟောက် စိတ်ဝင်စားသွားသည်။

"ဟုတ်တယ်။ သူနဲ့ သူ့ဆရာက ဝါးတောခြံဝန်းထဲမှာ တည်းနေကြတာ။ သခင်မလေးတစ်ယောက်လည်း ပါသေးတယ်။ သူတို့ကို စိတ်အနှောင့်အယှက် မဖြစ်စေနဲ့နော်။"

"မွေးရာပါနယ်ပယ် ဆရာသမားကြီးလည်း ဒီမှာ ရှိနေတာပေါ့။" ဝေ့ကျိဟောက် ပို၍ စိတ်လှုပ်ရှားသွားသည်။

"သမားတော်ကြီးချန်ကို သွားမနှောင့်ယှက်နဲ့ဦး။ ဘိုးဘေးကြီးက မွေးရာပါနယ်ပယ် သိုင်းပညာအကြောင်း ဆွေးနွေးဖို့ သူ့ကို မကြာခဏ ဖိတ်ခေါ်လေ့ရှိတယ်။ ဘိုးဘေးကြီး စိတ်ဆိုးအောင် လုပ်မိရင်တော့ မင်းကို ငါ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးနော်။" ဝေ့ရှန်ဟိုင်က ပြတ်ပြတ်သားသား သတိပေးလိုက်သည်။

ဝေ့ကျိဟောက်တစ်ယောက် တစ်ကိုယ်လုံး တုန်သွားလေသည်။

သူ ဘိုးဘေးကြီးကိုတော့ မပြစ်မှားရဲပေ။

…

All Chapters