သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်တော်၊ လှိုင်းတံပိုးများ စတင်လာခြင်း
Vol. 17 Ch. 169
သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်မှ ဖြစ်ပေါ်လာနိုင်သည့် လုပ်ကြံသတ်ဖြတ်မှုများကို လုချင်းက အနည်းငယ်မျှတောင် ကြောက်ရွံ့ခြင်းမရှိသည်ကို မြင်လိုက်ရသောအခါ၌ ဝတ်ရုံဖြူလူငယ် ကျိယွဲ့ပင်လျှင် လေးစားသွားမိလေသည်။
ဤအခိုက်အတန့်တွင် "ထျန်းကူ" မသေဆုံးမီ ပြောခဲ့သော စကားများတွင် အမှန်တရားအချို့ ပါဝင်နေကြောင်း သူ ဝန်ခံလိုက်ရသည်။
လာမည့် အားပြိုင်မှုခေတ်ကြီးကို မျှော်ကိုး၍ မွေးဖွားလာသော ကံကောင်းခြင်းများနှင့် ပြည့်စုံသည့် ပြိုင်ဘက်ကင်း ပါရမီရှင်ဆိုသည်မှာ လုချင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
လုချင်း၏ တည်ငြိမ်သော အမူအရာကို သတိပြုမိလိုက်ပြီး ဝတ်ရုံဖြူလူငယ်က အရွှန်းဖောက်ကာ ပြောလိုက်သည်။
"သခင်လေးလု... ဒါက ခင်ဗျားအတွက် အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဗျ။"
လုချင်းက အနည်းငယ် နားမလည်စွာဖြင့် မေးလိုက်သည်။
"ဗျာ.. ဘယ်လိုမျိုးလဲဗျ။"
ဝတ်ရုံဖြူလူငယ်က ရှင်းပြလေသည်။
"သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က ဆန်းကြယ်တဲ့ ရိုးရာဓလေ့တွေရှိတဲ့ ရှေးဟောင်းဂိုဏ်းတစ်ခုဆိုတော့ ရှေးဟောင်းစည်းမျဉ်းတချို့ကိုလည်း လိုက်နာကြတယ်။ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က ထုတ်ပြန်တဲ့ လုပ်ကြံသတ်ဖြတ်ခြင်း အမိန့်ကို 'သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်တော်' လို့ ခေါ်တယ်လေ။"
"သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်တော်ကို အသက်သွင်းလိုက်တာနဲ့ ခင်ဗျားက သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်တစ်ခုလုံးရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်။ ဒါပေမဲ့ ဒီလုပ်ကြံမှုတွေက အဆုံးသတ်မရှိတာတော့ မဟုတ်ဘူး။"
"သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်တော်ရဲ့ စည်းမျဉ်းအရ သူတို့က ခင်ဗျားကို ခုနစ်ကြိမ်ပဲ လုပ်ကြံလိမ့်မယ်။ ခုနစ်ကြိမ်မြောက်ပြီးလို့ ခင်ဗျား အသက်ရှင်နေသေးရင်တော့ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က ခင်ဗျားအသက်ကို ယူဖို့ ကြိုးစားတာကို ရပ်လိုက်တော့မှာလေ။ ပြီးတာနဲ့ ခင်ဗျားကို အမြင့်ဆုံးသော လေးစားမှုနဲ့ ဂုဏ်ပြုပါလိမ့်မယ်။"
"ခင်ဗျားကို ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် ဆက်ဆံမှာဖြစ်သလို ခင်ဗျားနဲ့ပတ်သက်တဲ့ ဘယ်လုပ်ကြံမှု တာဝန်ကိုမှ နောက်ထပ် လက်မခံတော့ဘူးလို့ ကတိပေးပါလိမ့်မယ်။ ဒါ့အပြင် တခြားလုပ်ကြံရေးအဖွဲ့အစည်းက ခင်ဗျားကို ပစ်မှတ်ထားလာခဲ့ရင်လည်း အဲ့ဒါက သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ကို စိန်ခေါ်တာလို့ သတ်မှတ်ပြီး သူတို့ဘက်က လက်တုံ့ပြန်ပါလိမ့်မယ်လို့ လုပ်ကြံသတ်ဖြတ်သူလောကတစ်ခုလုံးကို ကြေညာပေးပါလိမ့်မယ်။"
"ဒါ့အပြင်ကိုမှ ကောလာဟလတွေအရတော့ ဒီဂုဏ်ထူးတွေအပြင် သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးဦးမယ်လို့လည်း ပြောကြတယ်။ အဲ့ဒီအခွင့်အရေးက ဘာလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။"
ဝတ်ရုံဖြူလူငယ်၏ ရှင်းပြချက်က လူတိုင်းကို မှင်သက်သွားစေခဲ့လေသည်။
သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်၏ လုပ်ကြံသတ်ဖြတ်မှုများတွင် ဤမျှများပြားသော ရှုပ်ထွေးမှုများ ရှိနေလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြပေ။
ဝေ့ရှင်းဟယ်က မေးလိုက်သည်။
"သခင်လေးကျိယွဲ့... ခင်ဗျား ပြောပုံအရဆိုရင် သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်တော်ကနေ အသက်ရှင်လွတ်မြောက်တဲ့ ဘယ်သူမဆို သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ရဲ့ ကာကွယ်မှုကို ရမယ်ဆိုတဲ့ သဘောလား။"
ဝတ်ရုံဖြူလူငယ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်။"
ထိုအခါ လုချင်းက မေးလိုက်၏။
"မေးပါရစေ သခင်လေးကျိယွဲ့... သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်တော်ကနေ အသက်ရှင်လွတ်မြောက်ခဲ့ဖူးသူ ရှိခဲ့လားဗျ။"
"ရှိပါတယ်" ဝတ်ရုံဖြူလူငယ်က အတည်ပြု ပြောကြားလိုက်သည်။
"သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ရဲ့ အမိန့်တော်က လွယ်လွယ်နဲ့ ထုတ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါတို့ ထျန်းကျီမျှော်စင်ရဲ့ မှတ်တမ်းတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းအတွင်းမှာ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က အမိန့်တော် ရာနဲ့ချီ ထုတ်ပြန်ခဲ့ဖူးတယ်လေ။"
"အချိန်ကာလ ကြာမြင့်မှုကြောင့် အများစုကို အတည်ပြုဖို့ ခက်ပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာတော့ သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်တော်ကနေ အသက်ရှင်လွတ်မြောက်ခဲ့သူ သုံးယောက် ရှိခဲ့တယ်။ နောက်ဆုံးတစ်ယောက်ကတော့ လွန်ခဲ့တဲ့ နှစ်သုံးရာက လူတစ်ယောက်ပေါ့။"
"ပြီးတော့ အဲ့ဒီလူ သုံးယောက်စလုံးက တကယ်ပဲ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ရဲ့ ကာကွယ်မှုကို ရရှိခဲ့ပြီး သူတို့ဘဝတစ်လျှောက်လုံး ဘယ်လုပ်ကြံမှုကိုမှ မကြုံတွေ့ခဲ့ရတော့ဘူးလေယ"
"ပြောစကားတွေအရာတော့ အဲ့ဒီထဲက တစ်ယောက်ကို လုပ်ကြံရေးအဖွဲ့အစည်းအသစ်တစ်ခုက ပစ်မှတ်ထားခဲ့ဖူးတယ်တဲ့။ ဒါပေမဲ့ ဘယ်သူမှ တာဝန်မယူရသေးခင်မှာပဲ အဲ့ဒီအဖွဲ့အစည်းက ညတွင်းချင်း အမြစ်ပြတ် သုတ်သင်ခံလိုက်ရတယ်လေ။ ဒီအဖြစ်အပျက်တွေကြောင့်ပဲ လူတွေက သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က သူတို့ရဲ့ စည်းမျဉ်းတွေကို ရိုးသားစွာ လိုက်နာတယ်လို့ ယုံကြည်ကြတာပေါ့။"
နှစ်တစ်ထောင်အတွင်းမှာ သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်တော်မှ အသက်ရှင်လွတ်မြောက်သူ သုံးဦးသာ ရှိခဲ့လေ၏။
ထိုစကားကို ကြားလိုက်ရသောအခါ၌ ဤအရာသည် မည်မျှ ခက်ခဲကြောင်း လူတိုင်း နားလည်သွားကြတော့သည်။
သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က ထိုကဲ့သို့ ကတိမျိုး ပေးရဲသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူတို့အတွက် ဤအမိန့်တော်မှ လွတ်မြောက်နိုင်သူကို တွေ့ရခြင်းသည် ရာစုနှစ်များစွာကြာမှ တစ်ကြိမ်သာ ကြုံရတတ်သော ဖြစ်ရပ်မျိုး ဖြစ်သည်။
သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်၏ လုပ်ကြံမှု ခုနစ်ကြိမ်ကို ရှောင်တိမ်းနိုင်သူ မည်သူမဆိုသည် ကြီးမားသော ကံတရားနှင့် ပြည့်စုံသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးအတွက် ခေတ္တ ဆုတ်ခွာပေးလိုက်ခြင်းက ပညာရှိရာ ရောက်ပေသည်။
အမြင်စူးရှသော ဧည့်သည်အချို့သည် ထပ်မံ တွေးတောကြည့်ပြီးနောက် ဤအရာ၏ သဘောသဘာဝကို ချက်ချင်း နားလည်သွားကြလေသည်။
ကန့်သတ်ချက်ဟု ထင်ရသော သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်၏ စည်းမျဉ်းသည် တကယ်တမ်းတွင် သူတို့အတွက် လွတ်လမ်းချန်ထားသော နည်းလမ်းတစ်ခုသာ ဖြစ်သည်။
ဝတ်ရုံဖြူလူငယ်က နိဂုံးချုပ် ပြောလိုက်သည်။
"အဲ့ဒါကြောင့် သခင်လေးလု... ခင်ဗျားသာ အမိန့်တော်ကနေ အသက်ရှင်လွတ်မြောက်ခဲ့ရင် သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က ကတိမတည်မှာကို ပူစရာ မလိုဘူး။ ဒါက သူတို့ နှစ်ထောင်ပေါင်းများစွာ လိုက်နာခဲ့တဲ့ ရှေးဟောင်းစည်းမျဉ်းတစ်ခုမို့ သူတို့ ချိုးဖောက်မှာ မဟုတ်ပါဘူး။"
လုချင်းက ဂရုမစိုက်သော လေသံဖြင့် တုံ့ပြန်လိုက်သည်။
"ကျွန်တော့်အသက်ကို တခြားသူတွေရဲ့ ကတိစကားတွေအပေါ်မှာ ဘယ်တော့မှ ပုံအောမထားပါဘူးဗျ။"
"သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်တော်ရဲ့ စည်းမျဉ်းတွေက အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် ကျွန်တော့်အတွက် အရေးမပါပါဘူး။ အကယ်၍ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က ကျွန်တော့်ကို တကယ် လုပ်ကြံချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ရန်သူဖြစ်လာဖို့ ပြင်ဆင်ထားသင့်ပါတယ်။ အဲ့ဒီအချိန်ကျရင် ဘယ်အချိန် ရပ်တန့်မလဲ ဆိုတာကို သူတို့ ဆုံးဖြတ်လို့ ရချင်မှ ရတော့မှာမလို့လေ။"
လုချင်းသည် အထိအခိုက်ခံပြီး ငြိမ်နေမည့်သူ မဟုတ်ပေ။
အကယ်၍ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က သူ့ကို တကယ် လုပ်ကြံရန် ကြိုးစားလာပါက ဘယ်သူက သားကောင်ဖြစ်ပြီး ဘယ်သူက မုဆိုးဖြစ်သွားမည်ကို မပြောနိုင်ပေ။
လုချင်း၏ စကားများထဲမှ အေးစက်မှုကို အာရုံခံမိပြီး ဝတ်ရုံဖြူလူငယ်မှာ ကြက်သီးထသွားမိတော့၏။
ထိုအခါမှ သူ့ရှေ့မှ လူငယ်သည် အပေါ်ယံ မြင်ရသလောက် ဖော်ရွေသူ မဟုတ်ကြောင်း သူ ရုတ်တရက် ပြန်သတိရသွားသည်။
အခြားဧည့်သည်များသည်လည်း ရုတ်ချည်းပင် ကျောချမ်းသွားကြလေသည်။
အထူးသဖြင့် မာကူးသည် ယစ်မူးပျော်မွေ့ ခံတပ်တွင် လုချင်းက မီးရောင်များကြား၌ ဓားရှည်ကို ကိုင်လျက် ရပ်နေပုံ၊ ခေါင်းများ လိမ့်ဆင်းနေပုံ၊ အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေပြီး သွေးများ မြစ်ချောင်းသဖွယ် စီးဆင်းနေပုံများကို မအောက်မေ့ဘဲ မနေနိုင်တော့ပေ။
"ထျန်းကူ" ၏ လုပ်ကြံမှုကြောင့် ဝေ့မိသားစု၏ တပည့်ခံယူပွဲ အခမ်းအနားသည်လည်း ကမန်းကတန်း ပြီးဆုံးသွားခဲ့ရသည်။
သို့သော် ချန်မိသားစုမှလွဲ၍ အခြားဧည့်သည်များသည် လုံးဝ စိတ်ပျက်ခြင်း မရှိကြပေ။
ယခုတစ်ကြိမ် ဝေ့မိသားစု၏ တပည့်ခံယူပွဲသို့ တက်ရောက်ခြင်းသည် သူတို့အတွက် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေခဲ့သည်။
သိုင်းပညာရှင်များ၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရရုံသာမက သာမန်အချိန်တွင် သူတို့ ဘယ်တော့မှ သိခွင့်ရမည် မဟုတ်သော လျှို့ဝှက်ချက်များစွာကိုလည်း သိရှိခဲ့ရပါ၏။
ဉာဏ်ကောင်းသော သူအချို့ဆိုလျှင် ဝတ်ရုံဖြူလူငယ်နှင့် လုပ်ကြံသတ်ဖြတ်သူတို့၏ စကားဝိုင်းမှ အလွန်အရေးကြီးသော သတင်းအချက်အလက်များကို ရယူနိုင်ခဲ့ကြသည်။
ဥပမာအားဖြင့်ဆိုရသော် ချင်းယွင်ဓားဂိုဏ်းမှ တပည့်များပင်။
ခြံဝန်းငယ်တစ်ခုထဲတွင် ချင်းယွင်ဓားဂိုဏ်းမှ တပည့်အချို့ တီးတိုး တိုင်ပင်နေကြလေ၏။
" 'နှစ်ပေါင်းတစ်သောင်းအတွင်း မကြုံဖူးတဲ့ အပြောင်းအလဲ' ဆိုတာ ဘာလဲ။"
"မသိဘူး... ဒါပေမဲ့ ထျန်းကျီမျှော်စင်က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြီး လျှို့ဝှက်ချက်ပေါင်းများစွာကို သိထားတတ်တယ်။ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ကလည်း ရှည်လျားတဲ့ သမိုင်းကြောင်းရှိတဲ့ ရှေးဟောင်းဂိုဏ်းတစ်ခုပဲ။ သူတို့တောင် ဒီလောက် အလေးထားနေမှတော့ ဒါက တော်တော်လေး အရေးကြီးတဲ့ကိစ္စ ဖြစ်မှာပဲ။"
"ငါတို့ ဒီကိစ္စကို ဂိုဏ်းဆီ အစီရင်ခံရမယ်။ အဲ့ဒီနှစ်ယောက် ပြောတာသာ မှန်ပြီး ကမ္ဘာကြီးမှာ အပြောင်းအလဲတွေ ဖြစ်လာတော့မယ်ဆိုရင် ငါတို့ ချင်းယွင်ဓားဂိုဏ်းကလည်း ကြိုတင် ပြင်ဆင်ထားမှရမယ်။"
"ဆရာတူညီလေး ၇... ငါ စာတစ်စောင် ရေးလိုက်မယ်၊ မင်း ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဂိုဏ်းဆီ အစီရင်ခံဖို့ ချက်ချင်း ထွက်သွားလိုက်တော့။"
"ဟုတ်ကဲ့ပါ အစ်ကို။"
ခဏတာ ဆွေးနွေးပြီးနောက် သူတို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အခြားကိစ္စများကို ပြောဆိုကြလေသည်။
"ပြောရရင် အဲ့ဒီ သခင်လေးလုက တကယ်ပဲ ကြောက်စရာကောင်းတယ်နော်။ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ရဲ့ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူတောင် သူ့ရဲ့ တိုက်ခိုက်တဲ့အကွက်တစ်ကွက်ကိုတောင် မခံနိုင်ဘဲ ထွက်တောင် မပြေးနိုင်ခဲ့ဘူးလေ။"
ချင်းယွင်ဓားဂိုဏ်းမှ တပည့်တစ်ဦးသည် မနက်က အဖြစ်အပျက်ကို ပြန်တွေးမိပြီး အံ့သြနေဆဲ ဖြစ်သည်။
သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်၏ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူများကို ဂိုဏ်း၏ မှတ်တမ်းများတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော သူများအဖြစ် ဖော်ပြထားသည်။
သူတို့သည် မဟာသိုင်းသခင်များကိုပင် လုပ်ကြံနိုင်စွမ်း ရှိသည်ဟု ဆိုကြပါ၏။
လက်တွေ့တွင်လည်း ထိုကောလာဟလများ မှန်ကန်ကြောင်း သက်သေပြခဲ့သည်။
"ထျန်းကူ" ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ကြောက်စရာကောင်းရုံသာမက စိတ်ကို တုန်လှုပ်စေပြီး အတွေးများကို ဟန့်တားနိုင်သော ထူးဆန်းသည့် အာနိသင်လည်း ရှိသည်။
မဟာသိုင်းသခင်ဖြစ်သော ဝေ့မိသားစုခေါင်းဆောင်ပင်လျှင် ထိခိုက်မှုရှိခဲ့ပြီး လှုပ်ရှားမှု နှေးကွေးသွားခဲ့သည်။
သို့သော် ထိုမျှ ကြောက်စရာကောင်းသော လုပ်ကြံသတ်ဖြတ်သူသည် သခင်လေးလု ရှေ့တွင် လုံးဝ ရှုံးနိမ့်သွားပြီး ထွက်ပင် မပြေးနိုင်ခဲ့သည်မှာ ယုံကြည်နိုင်စရာပင် မရှိပေ။
အခြားတပည့်တစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။
"တကယ်ပါပဲ... ချန်းခရိုင်လို နေရာသေးသေးလေးမှာ ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင်မျိုး ရှိနေတယ်ဆိုတာ တွေးကြည့်ဖို့တောင် ခက်တယ်။ ငါတို့ဂိုဏ်းက ထိပ်တန်းတပည့်တွေတောင် သခင်လေးလုရဲ့ ပါရမီကို ယှဉ်နိုင်ပါ့မလားလို့ ငါ စိုးရိမ်မိတယ်။"
"အကြီးအကဲတွေ ပြောတာ မှန်တယ်။ ငါတို့ထက် ပိုတော်တဲ့လူတွေ အမြဲ ရှိနေတတ်တယ်။ ဒီလောကကြီးက ငါတို့ ထင်မှတ်မထားနိုင်လောက်တဲ့ ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ။"
"ချန်းခရိုင်က လူတွေက ဗဟုသုတ နည်းပါးပြီး သိုင်းပညာရှင် အစစ်အမှန်တွေကို မမြင်ဖူးလို့ သခင်လေးလုကို အလွန်အကျွံ လေးစားနေကြတာလို့ ငါတို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ တကယ့် ရေတွင်းထဲက ဖားသူငယ်ဖြစ်နေတာက ငါတို့ ဖြစ်နေတာကိုး။"
ကျန်ရှိနေသော တပည့်များမှာ နှုတ်ဆိတ်နေကြလေ၏။
လုချင်းကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်မှုက ကြီးမားလွန်းသဖြင့် သူတို့ ဘာမှ မတတ်နိုင်ကြပေ။
ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်က ဤကဲ့သို့ သိုင်းပညာ စွမ်းရည်မျိုး ရရှိထားသည်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်အောင် ဖြစ်နေသည်။
သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်၏ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူကို လွယ်ကူစွာ အနိုင်ယူလိုက်နိုင်ခြင်းက ယုံကြည်ရန် ခက်ခဲလှသည်။
ထို့အပြင် သူ၏ သိုင်းပညာ ထူးချွန်ရုံသာမက ဆေးပညာတွင်လည်း ကျွမ်းကျင်ပြီး သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က ကြောက်ရွံ့ရသော အဆိပ်ပြင်းကို လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့သည်။
သူ၏ ဆေးပညာစွမ်းရည်သည် သိုင်းပညာစွမ်းရည်ထက် မလျော့နည်းပေ။
သိုင်းပညာနှင့် ဆေးပညာ နှစ်မျိုးစလုံးတွင် ထူးချွန်သော ဆယ်ကျော်သက်တစ်ဦး။
ဤအချက်က ချင်းယွင်ဓားဂိုဏ်းမှ တပည့်များကို အံ့အားသင့်စေပြီး တွေဝေသွားစေသည်။
အမှန်တကယ်တော့ သူတို့အားလုံး ကံကောင်းသည်ဟု ခံစားနေရသည်။
ကံကောင်းထောက်မစွာဖြင့် စားသောက်ပွဲအတွင်း ဒေသခံ သူကောင်းမျိုးရိုးများက သခင်လေးလုကို ချီးကျူးကြသည်ကို ကြားရစဉ်က သူတို့ မယုံကြည်ခဲ့ကြသော်လည်း ပြောင်ပြောင်တင်းတင်း မလှောင်ပြောင်ခဲ့မိကြပေ။
သို့မဟုတ်ပါက သူတို့သည် လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။
အကြီးအကဲများ၏ ဆုံးမစကားကို နာခံခြင်းက တကယ်ပင် ပညာရှိရာ ရောက်ပေသည်။
ဘယ်နေရာပဲရောက်ရောက် အမြဲတမ်း နှိမ့်ချစွာ နေသင့်ပြီး မာန်မာနကို အနိုင်မယူစေသင့်ပေ။
ယခုအခါ ချင်းယွင်ဓားဂိုဏ်းမှ တပည့်များသည် သူတို့ အကြီးအကဲများ၏ ဆုံးမစကားများတွင် ပါဝင်သော ဉာဏ်ပညာကို နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားကြလေသည်။
ဤအရာသည် ဂိုဏ်းက သူတို့ကို လေ့ကျင့်ရန် စေလွှတ်လိုက်ခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်ကောင်းဖြစ်နိုင်သည်။
ချင်းယွင်ဓားဂိုဏ်းမှ တပည့်များက သူတို့၏ လေ့ကျင့်ရေးခရီးစဉ် အဓိပ္ပာယ်ကို စဉ်းစားနေကြစဉ်...
..
ခရိုင်အုပ်ချုပ်ရေးမှူး၏ အိမ်တော်ရှိ အဆောက်အအုံငယ်တစ်ခုတွင်...
ဝတ်ရုံဖြူလူငယ်သည် စားပွဲတစ်လုံးတွင် ထိုင်ကာ ကျောက်စိမ်းကလောင်တံကို ကိုင်လျက် တန်ရှူးကျောက်စိမ်းလိပ် ဟုခေါ်သော ကျောက်စိမ်းစာလိပ်ပေါ်တွင် စာရေးနေလေ၏။
သူ စာရေးလိုက်သည်နှင့် ကျောက်စိမ်းကလောင်တံ၏ ထိပ်ဖျားမှ အလင်းရောင်များ ထွက်ပေါ်လာပြီး စာလုံးများ ဖြစ်ပေါ်လာကာ သိပ်မကြာခင်မှာပဲ စာလိပ်အတွင်း၌ ပျောက်ကွယ်သွားခဲ့လေသည်။
နာရီဝက်ခန့် ကြာအောင် ရေးသားပြီးနောက် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အားလုံးကို တန်ရှူးကျောက်စိမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ကာ ဂိုဏ်းသို့ ပေးပို့လိုက်ပြီးနောက်၌ ဝတ်ရုံဖြူလူငယ်သည် ကလောင်တံကို ချ၍ မတ်တတ်ထရပ်လိုက်ကာ စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ဝေးလံသော ကောင်းကင်ကြီးကို လှမ်းမျှော်ကြည့်လိုက်လေ၏။
"နှစ်ပေါင်းတစ်သောင်းအတွင်း မကြုံဖူးတဲ့ အပြောင်းအလဲကြီးလည်း နီးကပ်လာပြီ၊ ကမ္ဘာကြီးရဲ့ အခြေအနေက ကြီးမားတဲ့ အသွင်ကူးပြောင်းမှုတွေ ဖြစ်လာတော့မယ်၊ မိစ္ဆာနဲ့ မကောင်းဆိုးဝါး အင်အားစုတွေကလည်း လှုပ်ရှားနေကြပြီ။ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက ဘယ်ကို ဦးတည်သွားမှာလဲ။"
"ထျန်းကူ" နှင့် ပြောဆိုမှုက နီးကပ်လာသော အပြောင်းအလဲသည် ထိပ်တန်း အင်အားစုများကြားတွင် လျှို့ဝှက်ချက် မဟုတ်တော့ကြောင်း ဝတ်ရုံဖြူလူငယ်ကို သတိပြုမိစေခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ထျန်းကျီမျှော်စင်က ရှာဖွေတွေ့ရှိခဲ့သော အရာများကို တွေးမိပြီး သူ ပို၍ စိုးရိမ်လာမိသည်။
ကြီးမားသော အပြောင်းအလဲများ ဆိုက်ရောက်တော့မည် ဖြစ်ပြီး ကမ္ဘာကြီး၏ အခြေအနေသည် မကြာမီ ဖရိုဖရဲ ဖြစ်လာကာ မရေမတွက်နိုင်သော သေဆုံးမှုများနှင့် ဒုက္ခဆင်းရဲခြင်းများကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ အာရုံခံမိနေသည်။
ထိုကဲ့သို့ ကြီးမားသော အပြောင်းအလဲကြီးထဲတွင် ထျန်းကျီမျှော်စင်အနေဖြင့် လိုက်လျောညီထွေ နေထိုင်ပြီး ရှင်သန်နိုင်ပါ့မလားဟု သူ တွေးမိသည်။
သူ လုချင်းအကြောင်းကို တွေးမိလိုက်သည်။
သူသည် ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်ကို အပြည့်အဝ နားမလည်နိုင်သေးပေ။
ဂိုဏ်း၏ အဖိုးတန် ရတနာများကို အသုံးပြု၍ပင် လုချင်း၏ သဘောသဘာဝအမှန်ကို သူ မမြင်နိုင်ခဲ့ပေ။
လုချင်းသည် မြူနှင်းလွှာတစ်ခုဖြင့် လွှမ်းခြုံထားသကဲ့သို့ ရှိနေပြီး သူ၏ ပုံစံအမှန်ကို မည်သည့် စုံစမ်းစစ်ဆေးမှု သို့မဟုတ် တွက်ချက်မှုမှ မသိရှိနိုင်အောင် ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည်။
လုချင်းကို ထွင်းဖောက်မမြင်နိုင်သော်လည်း သူ့စိတ်နှလုံးထဲတွင် သတိပေးချက်တစ်ခုကို ခံစားနေရပြီး လုချင်း၏ အင်အားသည် မယုံကြည်နိုင်လောက်အောင် ကြီးမားကြောင်း၊ သူနှင့် ယှဉ်ပြိုင်ဘက်ပင် မဟုတ်လောက်ကြောင်း ခံစားနေရသည်။
လုချင်း၏ အသက်အရွယ်နှင့် "ထျန်းကူ" ၏ နောက်ဆုံးစကားများကို ပြန်ပြောင်းသတိရပြီး ဝတ်ရုံဖြူလူငယ်သည် "ထျန်းကူ" ၏ အမြင်ကို သဘောတူမိလေသည်။
ဖြစ်ပေါ်လာတော့မည့် ကြီးမားသော အပြောင်းအလဲများကို တုံ့ပြန်ရန် မွေးဖွားလာသည့် ပြိုင်ဘက်ကင်း ပါရမီရှင်ဆိုသည်မှာ လုချင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုကဲ့သို့ ကောင်းကင်ဘုံမှ ကောင်းချီးပေးထားသော ပါရမီရှင်မျိုးကသာ ထျန်းကျီမျှော်စင်၏ တွက်ချက်မှုများကို ရှောင်တိမ်းနိုင်ပြီး သူ၏ ကံကြမ္မာကို ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။
ဒါပေမဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်က တကယ်ပဲ အဲ့ဒီလောက် ကြောက်စရာကောင်းလား။
ဝတ်ရုံဖြူလူငယ်သည် ဂိုဏ်းရှိ ရှေးဟောင်းမှတ်တမ်းအချို့ကို သတိရလိုက်မိသည်။
ထိုမှတ်တမ်းများအရ ကြီးမားသော အပြောင်းအလဲများ နီးကပ်လာသောအခါ သူရဲကောင်းများစွာ ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော ပါရမီရှင်များ မွေးဖွားလာကာ ကံတရားကို ယှဉ်ပြိုင်ကြလိမ့်မည်ဟု ဆိုသည်။
အကယ်၍ ထိုပါရမီရှင်အားလုံးသာ လုချင်းကဲ့သို့ ကြောက်စရာကောင်းနေပါက သူတို့၏ ယှဉ်ပြိုင်မှုသည် မည်မျှ ပြင်းထန်မည်ကို သူ စိတ်ကူးပင် မကြည့်ရဲတော့ပေ။
ထိုကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်များကို ရင်ဆိုင်ရာတွင် ထျန်းကျီမျှော်စင်သည် ကမ္ဘာကြီး၏ လမ်းကြောင်းကို မည်သို့ ဦးဆောင်နိုင်မည်နည်း။
ဂိုဏ်း၏ ဘိုးဘေးအစဉ်အဆက် ဆုံးမစာများကို တွေးမိပြီး ဝတ်ရုံဖြူလူငယ်သည် ကျောချမ်းသွားမိသည်။
ဂိုဏ်းကို တည်ထောင်ခဲ့သော ဘိုးဘေးသည် ရည်မှန်းချက် အနည်းငယ် ကြီးလွန်းခဲ့သည်ဟု သူ မတွေးဘဲ မနေနိုင်တော့ပေ။
"ကျိယွဲ့... ရှိလား။"
ဝတ်ရုံဖြူလူငယ် အတွေးများ နစ်မျောနေစဉ် သူ၏ သူငယ်ချင်းအသံကို အပြင်ဘက်မှ ရုတ်တရက် ကြားလိုက်ရလေသည်။
"ရှိတယ်... ဝင်လာခဲ့လေ။"
ဝတ်ရုံဖြူလူငယ်သည် ကျောက်စိမ်းကလောင်တံနှင့် တန်ရှူးကျောက်စိမ်းစာလိပ်ကို ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်ပြီး ပြန်ဖြေလိုက်၏။
တံခါးပွင့်လာပြီး ခရိုင်အုပ်ချုပ်ရေးမှူး ယန်ချန်းဟိုင်သည် ဝိုင်အချို့နှင့် စစ်တုရင်ခုံတစ်ခုကို ကိုင်လျက် ဝင်ရောက်လာလေသည်။
"ဘာကိစ္စလဲ။" ဝတ်ရုံဖြူလူငယ်က မေးလိုက်သည်။
"မင်းနဲ့ သောက်ရင်း စစ်တုရင် ကစားမလို့လေ။"
ယန်ချန်းဟိုင်က လက်ထဲမှ ပစ္စည်းများကို မြှောက်ပြလိုက်သည်။
"ဒီမနက် ဝေ့မိသားစုမှာတုန်းက မင်း အများကြီး သောက်ခဲ့တယ် မဟုတ်ဘူးလား။ ထပ်သောက်ဦးမလို့လား။"
သူ့သူငယ်ချင်းသည် အရက်ကို ပိုမို နှစ်သက်လာပုံရသည်ကို သတိပြုမိပြီး ဝတ်ရုံဖြူလူငယ်မှာ ပြောစရာ စကားမရှိ ဖြစ်သွားရ၏။
"အဲ့ဒီဝိုင်နည်းနည်းလေးက ဘာမှ မဟုတ်ပါဘူးကွာ။ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က လုပ်ကြံသတ်ဖြတ်သူကြောင့် လန့်ပြီး ပြယ်တောင်ပြယ်သွားပြီလေ။"
ယန်ချန်းဟိုင်က ဝိုင်နှင့် စစ်တုရင်ခုံကို စားပွဲပေါ် တင်လိုက်သည်။
"လာပါကွာ... မင်းမှာ စိတ်ပူစရာတွေ အများကြီး ရှိနေတာ ငါမြင်ပါတယ်။ ငါနဲ့အတူ ဝိုင်နည်းနည်းလောက် မသောက်ချင်ဘူးလား။"
ဝတ်ရုံဖြူလူငယ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။
သူ့သူငယ်ချင်းက သူ့အတွက် ဝိုင်တစ်ခွက် ငှဲ့ပေးလေသည်။
ဝိုင်အနည်းငယ် သောက်ပြီး စစ်တုရင် ရွှေ့ကွက်အနည်းငယ် ရွှေ့ပြီးနောက် ယန်ချန်းဟိုင်က နောက်ဆုံးတွင် မေးလိုက်သည်။
"ဒီနေ့ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က လုပ်ကြံသတ်ဖြတ်သူ ပြောသွားတဲ့ နှစ်ပေါင်းတစ်သောင်းအတွင်း မကြုံဖူးတဲ့ အပြောင်းအလဲ ဆိုတဲ့အကြောင်းကို မင်း စိတ်ပူနေတာလား။"
ဝတ်ရုံဖြူလူငယ် ရပ်တန့်သွားပြီး ခံစားချက်မပါသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
"အဲ့ဒါက မင်းသိသင့်တဲ့ကိစ္စ မဟုတ်ဘူး။ မမေးနဲ့။ အရင်တုန်းက သင်ခန်းစာကို မေ့သွားပြီလား။"
ဤတစ်ကြိမ်တွင် ယန်ချန်းဟိုင်သည် နောက်မဆုတ်ဘဲ ပြုံး၍ ပြောလိုက်သည်။
"ကြည့်ရတာ 'ထျန်းကူ' ပြောသွားတာ မှန်ပုံရတယ်... ကမ္ဘာကြီးက တကယ်ပဲ ပြောင်းလဲတော့မှာပဲ။"
ဝတ်ရုံဖြူလူငယ်ကတော့ တိတ်ဆိတ်နေလေသည်။
ခဏကြာပြီးနောက် သူ ပြောလိုက်သည်။
"အမှန်ပဲ... ကမ္ဘာကြီးက ပြောင်းလဲတော့မှာ။ ဒါပေမဲ့ မင်း ထင်သလိုမျိုး မဟုတ်ဘူး။ ယန်ချန်းဟိုင်... မင်းရဲ့ အတွေးပေါက်စတွေကို ဖယ်လိုက်စမ်းပါ။ ဒါက မင်း ထိတွေ့လို့ရတဲ့ အရာ မဟုတ်ဘူး။"
"မင်းသာ မဆင်မခြင် ဝင်ပါရင် မင်းတစ်ယောက်တည်း မဟုတ်ဘဲ ငါ့ရဲ့ ထျန်းကျီမျှော်စင်နဲ့ မြင့်မြတ်သောတောင်ပါ ပျက်စီးသွားနိုင်တယ်။ ဘယ်တော့မှ ပြန်မကောင်းနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားလိမ့်မယ်။ မင်းရဲ့ ယန်မိသားစုကိုပါ ပျက်စီးခြင်းလမ်းကြောင်းထဲ ဆွဲထည့်ချင်နေတာလား။"
ထိုစကားကို ကြားသောအခါ ယန်ချန်းဟိုင်၏ မျက်နှာသည် နောက်ဆုံးတွင် သိသိသာသာ ပြောင်းလဲသွားတော့၏။
..