မီးလျှံအရည်၊ နှလုံးသားပန်းပဲဖိုသို့ ပြန်သွားခြင်း
Vol. 17 Ch. 170
"သခင်လေးလု... မင်း ရှာခိုင်းထားတဲ့ ပစ္စည်းတွေ အကုန်ရပြီဗျ။"
တပည့်ခံယူပွဲ ပြီးဆုံးပြီး သုံးရက်အကြာတွင် ဝေ့ရှင်းဟယ်သည် လုချင်း နေထိုင်ရာ ခြံဝန်းသို့ ရောက်လာပြီး ပျော်ရွှင်စွာ ပြုံးလျက် ပြောလိုက်သည်။
"နောက်ဆုံးတော့ စုံသွားပြီလား။" လုချင်းလည်း အံ့သြသွားလေသည်။ "ပစ္စည်းတွေ ဘယ်မှာလဲဗျ။"
"ငါ ဒီကို သယ်လာခိုင်းလိုက်ပြီးပြီ"
"ရပါတယ်ဗျာ... ကျွန်တော်က ဒီပစ္စည်းတွေကို ပြုပြင်ရဦးမှာ။ ဝေ့မိသားစုခေါင်းဆောင်... အိမ်တော်ထဲမှာ ဆေးဖော်တဲ့အခန်း ရှိတယ်မလား။ ကျွန်တော် ခဏလောက် ငှားချင်လို့ပါ။"
"ရှိတာပေါ့... ကျွန်တော် ပစ္စည်းတွေကို ဆေးဖော်တဲ့အခန်းဆီ ပို့ခိုင်းလိုက်ရမလား။"
"အဲ့ဒါဆို အဆင်ပြေပါတယ်... ကျေးဇူးတင်ပါတယ်။"
ဝေ့ရှင်းဟယ် ထွက်သွားပြီးနောက် သမားတော်ကြီးချန်က မေးလိုက်သည်။
"အားချင်း... မင်း ဝေ့မိသားစုခေါင်းဆောင်ကို ဘာပစ္စည်းတွေ ရှာခိုင်းလိုက်တာလဲ။"
"ဆေးရည်ဖော်စပ်ဖို့ ပစ္စည်းတချို့ပါ... လက်နက်သွန်းလုပ်တာနဲ့ဆိုင်တယ် ဆရာ" လုချင်းက ပြန်ဖြေလိုက်သည်။
သမားတော်ကြီးသည် ခေါင်းညိတ်လိုက်ပြီး ဆက်မမေးတော့ပေ။ လုချင်းသည် ဆန်းကြယ်သော အမွေအနှစ်တစ်ခုကို ရရှိထားကြောင်း သူ သိထားပြီး ရံဖန်ရံခါ ထူးဆန်းသော အရာများကို လုပ်တတ်သည်မှာ သူနှင့် ရင်းနှီးနေပြီ ဖြစ်သည်။
"ဆရာ... ကျွန်တော် ဆေးရည် ဖော်စပ်ပြီးရင် သံပန်းပဲဖိုဘက် သွားရဦးမယ်။ အဲ့ဒါကြောင့် ပြန်လာတာ နောက်ကျချင် နောက်ကျလိမ့်မယ်။" လုချင်းက ပြောလိုက်သည်။
"ကောင်းပြီ... အပြင်သွားရင် သတိထားသွား၊ ဘေးကင်းအောင် နေ။" သမားတော်ကြီးက သတိပေးလိုက်သည်။
လွန်ခဲ့သည့် နှစ်ရက်က သမားတော်ကြီးနှင့် ဝေ့ရှန်ဟိုင်တို့သည် ဆေးဖက်ဝင်အပင်များ ရှာဖွေရန် အပြင်ထွက်ခဲ့ကြပြီး ပြန်ရောက်မှသာ အိမ်တော်တွင် လုပ်ကြံမှု ဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရသည်။
ဝေ့ရှန်ဟိုင်သည် ဒေါသထွက်ပြီး ဖြေရှင်းချက်တောင်းရန် သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်သို့ သွားရောက်လုနီးပါး ဖြစ်ခဲ့လေ၏။
သမားတော်ကြီးသည်လည်း ဝတ်ရုံဖြူလူငယ် ပြောခဲ့သော လုပ်ကြံသတ်ဖြတ်ခြင်း အမိန့်တော်အကြောင်းကို ကြားသိရပြီး လုချင်း၏ အခြေအနေအတွက် စိုးရိမ်နေခဲ့သည်။
သို့သော် ထမင်းနင်မှာ ကြောက်လို့ အစာမစားဘဲ နေ၍မရကြောင်း သူ သိသည်။ ဖြစ်လာနိုင်သော လုပ်ကြံမှုတစ်ခုကြောင့် ဝေ့အိမ်တော်ထဲတွင် ပုန်းနေ၍လည်း မဖြစ်ပေ။
ထို့အပြင် သမားတော်ကြီးသည် လုချင်း၏ စရိုက်ကို သိသည်။ သူက အပြင်ထွက်ရန် စိတ်ချရသည်ဟု ယူဆလျှင် သူ့ကိုယ်သူ ဘေးကင်းအောင် ကာကွယ်နိုင်မည့် ယုံကြည်ချက် ရှိ၍သာ ဖြစ်ပေလိမ့်မည်။
"နားလည်ပါပြီ ဆရာ... ကျွန်တော် ပြန်ရောက်ရင် ဆရာ့အတွက် အံ့သြစရာလေးတစ်ခု ပါလာစေရပါမယ်ဗျ။"
လုချင်းသည် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးနောက်၌ ဝေ့အိမ်တော်ရှိ ဆေးဖော်သည့်အခန်းသို့ ဦးတည်သွားလိုက်သည်။
ရောက်သည်နှင့် ဝေ့ရှင်းဟယ် ပို့ထားသော ပစ္စည်းများကို တွေ့လိုက်ရပြီး စစ်ဆေးကြည့်လိုက်ရာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤပစ္စည်းများသည် သူ လိုအပ်သည်နှင့် ကွက်တိနီးပါး တူညီနေပါ၏။ အနည်းငယ် ကွဲလွဲမှု ရှိသော်လည်း ဆေးရည် ဖော်စပ်ခြင်းကိုတော့ ထိခိုက်စေမည် မဟုတ်ပေ။
ဤသည်မှာ သူ ဝေ့ရှင်းဟယ်ကို ပေးခဲ့သော အသေးစိတ် ပစ္စည်းစာရင်းကြောင့်လည်း ပါဝင်သည်။ ထိုစာရင်းတွင် နာမည်များသာမက ပစ္စည်းများ၏ သွင်ပြင်လက္ခဏာများကိုပါ ထည့်သွင်း ဖော်ပြထားပါ၏။
သို့မဟုတ်ပါက နာမည်တစ်ခုတည်းဖြင့် ဤမျှ လွယ်ကူစွာ စုဆောင်းနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လုချင်း၏ အမွေအနှစ်ထဲမှ ပစ္စည်းများစွာသည် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက နာမည်များကို အသုံးပြုထားသောကြောင့်ပင်။
ဤမျှ ကြာမြင့်သော အချိန်ကာလအတွင်း နာမည်များ ပြောင်းလဲသွားခြင်း ရှိ ၊ မရှိ မည်သူ သိနိုင်မည်နည်း။ သို့သော် နာမည်များ ပြောင်းလဲသွားနိုင်သော်လည်း ပစ္စည်းများ၏ သွင်ပြင်လက္ခဏာများကတော့ ပြောင်းလဲမည် မဟုတ်ပေ။
ထို့ကြောင့် လုချင်းသည် ပစ္စည်းများကို အဆင်ပြေချောမွေ့စွာ စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဝေ့မိသားစုခေါင်းဆောင်... ကျွန်တော် ဒီပစ္စည်းတွေနဲ့ အထူးဆေးရည်တစ်မျိုး ဖော်စပ်မလို့ပါဗျ။ ကျွန်တော့်ကို ဘယ်သူမှ မနှောင့်ယှက်အောင် ကြည့်ပေးပါဦး။" လုချင်းက ပြောလိုက်သည်။
"စိတ်ချပါ သခင်လေးလု... မင်းကို ဘယ်သူမှ မနှောင့်ယှက်စေရပါဘူး။ ငါကိုယ်တိုင် ကြည့်ကြပ်ပေးပါ့မယ်။" ဝေ့ရှင်းဟယ်က လေးနက်စွာ ပြောလိုက်သည်။
လုချင်းက ဝေ့ကျိအန်း၏ အသက်ကို ထပ်မံ ကယ်တင်ခဲ့ပြီးနောက်ပိုင်းနှင့် ဝတ်ရုံဖြူလူငယ်နှင့် "ထျန်းကူ" တို့၏ စကားဝိုင်းကို နားထောင်ပြီးနောက်၌ ဝေ့ရှင်းဟယ်၏ လုချင်းအပေါ် လေးစားမှုမှာ သိသိသာသာပင် တိုးပွားလာခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဝေ့မိသားစုခေါင်းဆောင်။"
ထို့နောက်၌ လုချင်းသည် ဆေးဖော်သည့်အခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်ပြီး ဆေးရည် ဖော်စပ်ခြင်းကို အာရုံစိုက် စတင်လိုက်လေသည်။
နာရီဝက်ခန့် ကြာသောအခါ လုချင်းသည် သူ့ရှေ့တွင် အပူငွေ့များ ထွက်နေသော မီးတောက်အလားနှယ် အနီရောင် ဆေးရည်ကို ကြည့်ပြီး ကျေနပ်မှု အရိပ်အယောင် ပြသလိုက်သည်။
သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးပြု၍ "မီးလျှံအရည်" ဖော်စပ်ခြင်းကို စိတ်ထဲတွင် အကြိမ်ကြိမ် ပုံဖော်လေ့ကျင့်ခဲ့သော်လည်း လက်တွေ့တွင်တော့ ဤသည်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်သည်။
မထင်မှတ်ဘဲ ပထမဆုံးအကြိမ်မှာပင် အောင်မြင်သွားခြင်းက ဝမ်းသာစရာပင် ဖြစ်သည်။
မူလက သူသည် လေ့ကျင့်ရန်အတွက် ဝေ့ရှင်းဟယ်ကို ပစ္စည်းတွေ ပိုတောင် ရှာခိုင်းထားခဲ့သည်။
သို့သော် ကျန်ရှိသော ပစ္စည်းများကို အလဟဿ မဖြစ်စေလိုသဖြင့် လုချင်းသည် ဆက်လက် ဖော်စပ်နေလိုက်သည်။
နောက်ထပ် နာရီဝက်ခန့် ကြာသောအခါ၌ လုချင်းသည် ဆေးဖော်သည့်အခန်း တံခါးကို ဖွင့်ပြီး ထွက်လာခဲ့သည်။
"သခင်လေးလု... အဆင်ပြေရဲ့လား။" ဝေ့ရှင်းဟယ် ချက်ချင်း ရောက်လာ၏။
"ဆေးရည် ဖော်စပ်တာ အောင်မြင်ပါတယ်... ဝေ့မိသားစုခေါင်းဆောင်၊ ကျွန်တော် နောက်ထပ် နှလုံးသားပန်းပဲဖိုဘက် သွားစရာ ရှိတယ်ဗျ။ နေ့လယ်စာ ပြန်မစားဖြစ်လောက်ဘူး၊ အဲ့ဒါကြောင့် ကျွန်တော့်အတွက် ပြင်ဆင်စရာ မလိုပါဘူး။"
"သခင်လေးလုက နှလုံးသားပန်းပဲဖိုကို လက်နက် သွားလုပ်မလို့လား။"
ဝေ့ရှင်းဟယ်သည် အိမ်တော်ထိန်းကြီး ပြောပြဖူးသည်ကို သတိရပြီး မမေးဘဲ မနေနိုင်တော့ပေ။
"ဟုတ်တယ်... ကျွန်တော် ဆရာလင်နဲ့ ချိန်းထားတာ ရှိတယ်၊ နောက်ရက်နည်းနည်းလောက်အထိ သူ့မီးဖိုကို ငှားသုံးမလို့လေ။"
ဝေ့ရှင်းဟယ် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
"သခင်လေးလု... ငါလည်း လိုက်ကြည့်လို့ ရမလား။"
"ရတာပေါ့... ဝေ့မိသားစုခေါင်းဆောင်က လက်နက်သွန်းလုပ်တာကိုလည်း စိတ်ဝင်စားလို့လား။" လုချင်း အနည်းငယ် အံ့သြသွားသည်။
"အမှန်အတိုင်း ပြောရရင် အိမ်တော်ထိန်းကြီးက မင်းရဲ့ သွန်းလုပ်ခြင်းပညာက ကျွမ်းကျင်အဆင့် ရှိတဲ့အပြင် ဆရာသခင်တစ်ယောက်ရဲ့ အမူအရာမျိုး ရှိတယ်လို့ ပြောဖူးတယ်။ ဆရာသခင်တစ်ယောက် လက်နက်သွန်းလုပ်တာကို ငါ တစ်ခါမှ မမြင်ဖူးလို့ စိတ်ဝင်စားနေမိတာလေ" ဝေ့ရှင်းဟယ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"အိမ်တော်ထိန်းကြီးကတော့ ကျွန်တော့်ကို အမွှန်းတင်လွန်းနေပါပြီဗျာ။ ကျွန်တော်က သွန်းလုပ်ခြင်းပညာကို အနည်းအကျဉ်းလောက်ပဲ သိရုံပါ၊ ဆရာသခင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူးဗျ။ ဒါပေမဲ့ ဝေ့မိသားစုခေါင်းဆောင် စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါဗျာ။" လုချင်းက ပြန်ပြောလိုက်သည်။
လုချင်း၏ ခွင့်ပြုချက် ရသည်နှင့် ဝေ့ရှင်းဟယ်မှာ အတော်လေး စိတ်လှုပ်ရှားသွားပြီး အစီအစဉ်များကို ချက်ချင်း ပြုလုပ်လိုက်တော့၏။
လုချင်းသည်လည်း ဝါးရုံတောခြံဝန်းသို့ ပြန်သွားပြီး သစ်သားသေတ္တာတစ်လုံးကို ယူကာ သူ့လေဟင်းလင်းပြင်အိတ်ထဲမှ အသေးဆုံး ကောင်းကင်ကြွေသံမဏိတစ်တုံးကို ထုတ်ပြီး အတွင်းသို့ ထည့်လိုက်သည်။
ထို့နောက် သူသည် သစ်သားသေတ္တာကို ယူဆောင်လျက် ခြံဝန်းမှ ထွက်ခွာလာပြီး ဝေ့ရှင်းဟယ်နှင့်အတူ နှလုံးသားပန်းပဲဖိုသို့ ဦးတည်သွားကြလေသည်။
"သခင်လေးလု... ရောက်လာပြီပဲ။"
နှလုံးသားပန်းပဲဖိုတွင် ဆရာလင်နှင့် သူ့တပည့်များသည် လုချင်းကို လေးစားစွာ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
လုချင်း ပစ္စည်းပြန်ယူနေစဉ် ဝေ့ရှင်းဟယ်က လူလွှတ်ပြီး နှလုံးသားပန်းပဲဖိုကို ကြိုတင် အကြောင်းကြားထားခြင်း ဖြစ်၏။
လုချင်းက သူ့လက်နက်ကို သွန်းလုပ်ရန် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဆရာလင်မှာ အလွန်ပင် ဝမ်းသာနေလေသည်။
သူသည် ပန်းပဲဖိုတစ်ခုလုံးကို ယာယီ ပိတ်ထားလိုက်ပြီး သူ့တပည့်များကို ဦးဆောင်ကာ လုချင်း ရောက်လာမည်ကို လေးစားစွာ စောင့်ဆိုင်းနေခဲ့လေ၏။
"ဆရာလင်... ဒီတစ်ခေါက် ခင်ဗျားရဲ့ မီးဖိုကို ငှားဖို့ ထပ်ပြီး ဒုက္ခပေးရဦးမယ်။" လုချင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။
"ဒုက္ခမရောက်ပါဘူးကွာ" ဆရာလင်က အလျင်အမြန် ပြန်ပြောလိုက်သည်။ "သခင်လေးလု ရှိနေတာက ငါတို့ ပန်းပဲဖိုအတွက် ဂုဏ်ယူစရာပါ။"
ဆရာလင်သည် ယခုအခါ လုချင်းကို အလွန်အမင်း လေးစားနေပြီ ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က လုချင်း သွန်းလုပ်ခဲ့သော "အလွှာတစ်ထောင် ဓားအမြုတေ " ကို ကူညီပြီး အရောင်တင်ပေးစဉ် သူ ပို၍ အံ့သြခဲ့ရသည်။
ထိုဓားအမြုတေကို လုချင်းက ပြီးပြည့်စုံအောင် သွန်းလုပ်ထားပြီး အညစ်အကြေး တစ်စက်မျှ မပါဝင်ဘဲ အပြစ်အနာအဆာ ကင်းမဲ့ကာ တကယ့် လက်ရာမြောက်သည့် ပစ္စည်းတစ်ခု ဖြစ်သည်။
ယင်းကို မြင်တွေ့ရခြင်းက ဆရာလင်ကို နက်ရှိုင်းစွာ အထင်ကြီးစေပြီး စွဲလမ်းသွားစေခဲ့သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ဝေ့ရှင်းဟယ် လိုက်ပါလာသော်လည်း ဆရာလင် လုံးဝ မအံ့သြခဲ့ပေ။
ဆရာလင်၏ အမြင်တွင် လုချင်း၏ ဆရာသခင်အဆင့်သို့ ရောက်ရှိနေသော သွန်းလုပ်ခြင်း စွမ်းရည်သည်သာ ထိုကဲ့သို့သော အလေးထားမှုကို အပြည့်အဝ ခံထိုက်ပေသည်။
လူအုပ်ကြီးသည် နှလုံးသားပန်းပဲဖိုအတွင်းသို့ ဝင်ရောက်သွားကြသည်။
"သခင်လေးလု... နံပါတ် ၁ မီးဖိုကိုပဲ ပြန်သုံးမှာလား။" ဆရာလင်က စိတ်အားထက်သန်စွာ မေးလိုက်သည်။
"ဟုတ်ဗျ... အရင်တစ်ခေါက် သုံးဖူးထားတာဆိုတော့ အသားကျနေပြီလေ။ အဲ့ဒါပဲ ပြန်သုံးမယ်ဗျ။" လုချင်းက ခေါင်းညိတ်လိုက်သည်။
"ငါ မီးမွှေးပေးပါ့မယ်။"
ဆရာလင်သည် မီးဖိုဆီသို့ စိတ်အားထက်သန်စွာ သွားပြီး အားကုန် မီးမွေးလိုက်ရာ မီးတောက်များ ဟိန်းထွက်လာပြီး အပူလှိုင်းများ လိမ့်တက်လာလေသည်။
"သခင်လေးလု... ကြွပါ။"
ဆရာလင်၏ လေးစားသော အမူအရာသည် နှိမ့်ချသော အလုပ်သင်တစ်ယောက်နှင့်တောင် တူနေလေ၏။
"ကျေးဇူးပါဗျာ။"
လုချင်း ငြင်းဆန်ခြင်း မပြုခဲ့ပေ။ ဆရာလင်၏ ရည်ရွယ်ချက်မှာ သူ၏ သွန်းလုပ်ခြင်း နည်းစနစ်များကို အနီးကပ် လေ့လာလိုခြင်းဖြစ်ကြောင်း သူ နားလည်သည်။
သူ ဂရုမစိုက်ပါ၊ အကယ်၍ ဆရာလင်အနေဖြင့် တစ်စုံတစ်ခုသော ဉာဏ်အလင်းကို ရရှိသွားပါက ၎င်းသည် သူ့ကံတရားပင် ဖြစ်ပေလိမ့်မည်။
လုချင်းသည် သစ်သားသေတ္တာကို ချလိုက်ပြီး ဖွင့်ကာ "ကောင်းကင်ကြွေသံမဏိ" ကို ထုတ်ယူလိုက်၏။
ဆရာလင်သည် ကောင်းကင်ကြွေသံမဏိကို မြင်လိုက်ရသောအခါ၌ ပထမတော့ ကြောင်အမ်းသွားပြီးနောက် သူ၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်သွားတော့လေသည်။