← Chapters

ထွက်ခွာခြင်းနှင့် နှုတ်ဆက်ချိန်မှ သံယောဇဉ်များ

Vol. 18 Ch. 173

ထွက်ခွာခြင်းနှင့် နှုတ်ဆက်ချိန်မှ သံယောဇဉ်များ

Vol. 18 Ch. 173

"သခင်လေးလု... သမားတော်ကြီးချန်... တကယ်ပဲ ပြန်တော့မလို့လား။"

ဝေ့အိမ်တော်အတွင်း လုချင်းတို့တွေ ပြန်ရန် ပြင်ဆင်နေကြောင်း ကြားသိလိုက်ရသည်နှင့် ဝေ့ကျိအန်းသည် ဝါးတောခြံဝင်းဆီသို့ အပြေးအလွှား ရောက်ရှိလာလေသည်။

ထိုနေရာသို့ ရောက်သောအခါ သူ့မိဘများလည်း ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

လုချင်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ဟုတ်တယ်ဗျ... ကျွန်တော်တို့လည်း ခင်ဗျားတို့ရဲ့ အိမ်တော်မှာ တည်းခိုခဲ့တာ ကြာလှပြီလေ။ အခု ပြန်ဖို့အချိန်တန်ပါပြီ... မဟုတ်ရင် ရွာကလူတွေ စိတ်ပူနေကြတော့မှာ။"

သူတို့တွေ ခရိုင်မြို့တွင် နေထိုင်ခဲ့သည်မှာ လဝက်နီးပါး ရှိခဲ့ချေပြီပင်။

ဝေ့အိမ်တော်မှတစ်ဆင့် ကျိုးလီရွာသို့ သတင်းစကား ပါးခဲ့သော်လည်း ဤမျှ ကြာမြင့်စွာ ပျောက်ကွယ်နေခြင်းကြောင့် ရွာသားများ စိတ်ပူနေကြမည်မှာ အသေအချာပင်။

ယခုအခါ ခရိုင်မြို့မှ ကိစ္စရပ်များလည်း ကျေနပ်လောက်ဖွယ် ပြီးစီးသွားပြီဖြစ်၍ ဆက်နေရန် အကြောင်းပြချက် မရှိတော့ပေ။

ထို့အပြင် ခရိုင်မြို့သည် နေချင်စဖွယ်ကောင်းသော်လည်း စည်းကမ်းသတ်မှတ်ချက်များ များပြားလှပြီး အရာရာတွင် အဆင်မပြေမှုများ ရှိနေလေ၏။

ဤကာလအတွင်း လုချင်းသည် သိုင်းပညာ လေ့ကျင့်ရာတွင်ပင် သူတစ်ပါးကို အနှောင့်အယှက် ဖြစ်မည်စိုး၍ အထူး သတိထားနေခဲ့ရသည်။

ထို့ကြောင့် အိမ်သည်သာ အကောင်းဆုံး ဖြစ်ပေသည်။ တောင်ပေါ်တွင် မည်သူ့ကိုမျှ ဂရုစိုက်စရာမလိုဘဲ လွတ်လပ်စွာ လေ့ကျင့်နိုင်သည် မဟုတ်ပါလော။

ထို့ပြင် သမားတော်ကြီးချန်ကိုယ်တိုင်လည်း ပြန်ချင်စိတ် ပြင်းပြနေရှာသည်။

ကျိုးလီရွာတွင် ရောဂါမပျောက်ကင်းသေးသော လူနာအချို့ ကျန်ရှိနေသေးသောကြောင့် ဖြစ်၏။

မထွက်ခွာမီက သူ ဆေးများ စီစဉ်ပေးခဲ့သော်လည်း ယခုအချိန်လောက်ဆိုလျှင် ကုန်လုနီးပါး ဖြစ်နေလောက်ပြီ ဖြစ်ရာ နောက်ဆက်တွဲ ကုသမှုအတွက် ပြန်သွားရန် လိုအပ်နေပေသည်။

ဝေ့ရှင်းဟယ်က အလျင်အမြန် ပြောလိုက်သည်။

"သခင်လေးလုကလည်းဗျာ... ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ။ သခင်လေးတို့ ဆရာတပည့် ဒီမှာ နေတာက ဝေ့အိမ်တော်အတွက် ဂုဏ်ယူစရာပါ... ဘယ်လိုလုပ် အနှောင့်အယှက် ဖြစ်ရမှာလဲ။"

သူ့စိတ်ထဲတွင် လုချင်းတို့အဖွဲ့ကို အိမ်တော်တွင် အမြဲတမ်း နေစေချင်မိသည်။

ဝေ့သခင်မကလည်း ဝင်ပြောလိုက်၏။

"ဟုတ်ပါတယ် သခင်လေးလုရယ်... ကြိုက်သလောက် နေလို့ရပါတယ်။ ဘယ်လိုလုပ် အနှောင့်အယှက် ဖြစ်မှာလဲ။"

သူမသည် လုချင်းတို့အဖွဲ့ကို ပြန်မလွှတ်ချင်ပေ။ အထူးသဖြင့် ရှောင်ယန်နှင့် ခွဲခွာရမည်ကို တွန့်ဆုတ်နေမိသည်။

ဤရက်ပိုင်းအတွင်း သူမသည် ရှောင်ယန်ကို စာဖတ်ခြင်း၊ စာရေးခြင်းများ သင်ပေးခဲ့ပြီး သားအမိရင်းသဖွယ် သံယောဇဉ် တွယ်ခဲ့ကြလေပြီပင်။

"ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ... ဒါပေမဲ့ ကျွန်တော်တို့လည်း အိမ်နဲ့ ဝေးနေတာ ကြာပြီဆိုတော့ အခြေအနေကို ပြန်ကြည့်သင့်ပြီမလို့ပါ။"

နောက်ဆုံးတွင် ဝေ့ရှင်းဟယ်တို့ ဇနီးမောင်နှံ မည်မျှပင် တားဆီးစေကာမူ လုချင်းနှင့် သမားတော်ကြီးတို့က ပြန်ရန် ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ပြောကြားခဲ့ကြသည်။

မတတ်သာသည့်အဆုံး ဝေ့ရှင်းဟယ်သည် လိုအပ်သည်များ ပြင်ဆင်ပေးရန်အတွက်သာ အမိန့်ပေးလိုက်ရတော့၏။

ဝေ့ရှန်ဟိုင်မှာမူ လုံးဝ ပေါ်မလာခဲ့ပေ။ အိမ်တော်တွင် မရှိသည်လော၊ သို့တည်းမဟုတ် သူတို့ ထွက်ခွာခြင်းကို ဂရုမစိုက်သည်လော မသေချာချေ။

မကြာမီ ဝေ့ရှင်းဟယ်နှင့် အခြားသူများသည် လုချင်းတို့အဖွဲ့ကို မြို့တံခါးဝအထိ လိုက်ပါ ပို့ဆောင်ပေးကြလေသည်။

လှည်းရှေ့တွင် သိသိသာသာ ဝဖြိုးလာသော ဦးချိုဖြူနွားကြီးကို ကြည့်ရင်း လုချင်း ရယ်မောကာ ဆူပူလိုက်သည်။

"မင်းတော့ တော်တော် စည်းစိမ်ယစ်နေပါလား။"

"မူးးးးးးးးး..."

နွားကြီးသည် လုချင်းကို မြင်လိုက်ရသဖြင့် အလွန်ပျော်ရွှင်နေပုံရပြီး လုချင်း၏ လက်ကို ခေါင်းဖြင့် ဖွဖွလေး တိုးဝှေ့လိုက်သည်။

ထို့နောက်၌ လုချင်းသည် ဝေ့မိသားစု အစေခံများ ယူလာသော သေတ္တာအချို့ကို လှည်းပေါ်သို့ စတင် တင်ဆောင်လိုက်သည်။

အများစုမှာ ရွာသားများအတွက် သူ ဝယ်လာသော ဒေသထွက်ကုန် လက်ဆောင်များ ဖြစ်ကြသည်။

ဝေ့အိမ်တော်မှ ပေးသော လက်ဆောင်များပြားများကိုမူ သူတို့ အနည်းငယ်သာ ယူဆောင်ပြီး ကျန်သည်များကိုတော့ ယဉ်ကျေးစွာဖြင့် ငြင်းပယ်ခဲ့ကြသည်။

လက်ရှိ သူတို့၏ အဆင့်အတန်းအရ ရွှေငွေများကို အလွန်အမင်း မလိုအပ်တော့ပေ။

အိမ်တွင်ပင် ဘယ်နေရာ သုံးရမှန်း မသိအောင် များပြားသော ရွှေငွေသေတ္တာကြီးများ ရှိနေပြီးသား ဖြစ်သည်။

ပစ္စည်းများ အားလုံးကို တင်ဆောင်ပြီးနောက် လုချင်း လှမ်းခေါ်လိုက်သည်။

"ညီမလေး... သွားကြစို့..."

ရှောင်ယန်သည် ရှောင်လီကို ပိုက်ထားရင်း ဝေ့သခင်မကို တွန့်ဆုတ်စွာ နှုတ်ဆက်လိုက်၏။

"ဒေါ်ဒေါ်... သမီး ပြန်တော့မယ်နော်... သမီး အိမ်ပြန်တော့မယ်။"

ဤရက်ပိုင်းအတွင်း သူမသည် ဝေ့သခင်မနှင့် နေ့တိုင်း အတူရှိနေခဲ့ပြီး နက်ရှိုင်းသော သံယောဇဉ် ဖြစ်ပေါ်ခဲ့သည်။

ဝေ့သခင်မသည်လည်း ပို၍ပင် ဝမ်းနည်းလာပြီး မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နေလေ၏။

"ရှောင်ယန်လေး... လိမ်လိမ်မာမာနေနော်။ ဒေါ်ဒေါ် အားရင် ကျိုးလီရွာကို လာလည်ပါ့မယ်။"

ထိုအခါ ရှောင်ယန်၏ မျက်လုံးများ တောက်ပသွားသည်။

"တကယ်လား... ဒါဆို သမီး အိမ်ကနေ ဒေါ်ဒေါ်ကို စောင့်နေမယ်နော်။"

ဝေ့သခင်မသည် ရင်ထဲတွင် စူးအောင့်သွားပြီး သူတို့နောက် လိုက်သွားချင်စိတ်ပင် ပေါက်လာတော့၏။

ကံကောင်းထောက်မစွာ သူမ၏ အသိစိတ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး မျက်ရည်များကြားမှ ခေါင်းညိတ်ပြလိုက်သည်။

"တကယ်ပေါ့ကွယ်။"

ကလေးမလေးသည် ချက်ချင်း ပျော်ရွှင်သွားပြီး လုချင်းဆီသို့ ခုန်ပေါက်သွားလိုက်ရာ လုချင်းက လှည်းပေါ်သို့ ပွေ့တင်ပေးလိုက်သည်။

သမားတော်ကြီးသည် ခမောက်ကို ဆောင်းထားဆဲဖြစ်ပြီး လှည်းရှေ့တွင် ဝင်ထိုင်လိုက်သည်။

သူသည် သိုသိုသိပ်သိပ် နေထိုင်လေ့ရှိပြီး အရှိန်အဝါကို ဖုံးကွယ်ထားသဖြင့် ဤကာလအတွင်း ဝေ့အိမ်တော်မှ လူများမှလွဲ၍ ရုတ်တရက် ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် မွေးဖွားပြီးနယ်ပယ် ပညာရှင်မှာ နာမည်ကျော် သမားတော်ကြီးချန် ဖြစ်ကြောင်း မည်သူမျှ မသိကြပေ။

ထို့နောက် လုချင်းက ဂါရဝပြုရင်း ယဉ်ကျေးစွာ ပြောလိုက်သည်။

"သခင်ကြီးဝေ့... ကျွန်တော်တို့ကို ဒီထက်ပိုပြီး လိုက်ပို့စရာ မလိုပါဘူးဗျ။ မိုင်တစ်ထောင် ခရီးနှင်လည်း ခွဲခွာချိန် တန်ရင် ခွဲရတာပါပဲဗျ။ ဒီနေရာမှာပဲ နှုတ်ဆက်ကြတာပေါ့ဗျာ။"

မာကူးက မြို့တံခါးဝသို့ ရောက်သည်နှင့် လှမ်းအော်ပြောလိုက်သည်။

"ညီလေးလု... ငါ့အိမ်ကိစ္စတွေ ပြီးရင် ဈေးပွဲတော်ရက်ကျမှ မင်းဆီ လာပြီး ထမင်းလက်ဆုံစား၊ အရက်သောက်ကြတာပေါ့ကွာ။"

လုချင်းကလည်း ရယ်မောလိုက်သည်။

"ဟားဟား... သိပ်ကောင်းတာပေါ့ဗျာ။ ကျွန်တော် ဟင်းကောင်းကောင်း ချက်ကျွေးပါ့မယ်။"

ရယ်မောသံများကြားတွင် သမားတော်ကြီးသည် ကြာပွတ်ကို ဝှေ့လိုက်ရာ ပြတ်သားသော အသံတစ်ချက်နှင့်အတူ လှည်းသည် စတင် ရွေ့လျားပြီး မြို့ပြင်သို့ ဖြည်းညှင်းစွာ ဦးတည်သွားတော့သည်။

အဝေးမှ ရောက်ရှိလာစဉ်ကကဲ့သို့ပင် ဖြစ်၏။

ကွာခြားချက်မှာ လှည်းပေါ်တွင် လူ နှစ်ယောက်၊ သုံးယောက် လျော့နည်းသွားခြင်းသာ ဖြစ်သည်။

ဝေ့သခင်မနှင့် ဝေ့ကျိအန်းတို့သည် လှည်း တဖြည်းဖြည်း ထွက်ခွာသွားသည်ကို ကြည့်ရင်း မျက်ရည်ဝဲလာကြသည်။

မူလက သူတို့သည် စိုးရိမ်ပူပန်မှုများစွာဖြင့် ပြန်လာခဲ့ကြရသည်။

ယခုအခါတွင်တော့ သူတို့ကို လိုက်ပါစောင့်ရှောက်ပေးခဲ့သော လှည်းလေးမှာ ပြန်လည် ထွက်ခွာသွားချေပြီ။

ခဏတာမျှ သူတို့၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေလေသည်။

"ဒေါ်ဒေါ်... တာ့တာ..."

လှည်းသည် အဝေးသို့ ရောက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေချိန်တွင် ရှောင်ယန် မတ်တတ်ထရပ်ကာ လက်ကို အားပါးတရ ဝှေ့ယမ်းလိုက်သည်။

ထိုအခါ၌ သူမ၏ ကလေးသံလေးသည် အဝေးမှ ပဲ့တင်ထပ်လာ၏။

ဝေ့သခင်မမှာတော့ မျက်ရည်များကို ဆက်လက် ထိန်းထားနိုင်စွမ်း မရှိတော့ဘဲ ပါးပြင်ပေါ်သို့ အတားအဆီးမရှိ စီးကျလာတော့သည်။

လုချင်းတို့တွေသည် ဖုံးကွယ်ခြင်းမရှိဘဲ မြို့မှ ထင်ပေါ်စွာဖြင့် ထွက်ခွာသွားကြသည်။

ထို့ကြောင့် မကြာမီ သူတို့ ထွက်ခွာသွားသော သတင်းသည် မြို့တွင်းရှိ အင်အားစု အသီးသီးသို့ ပျံ့နှံ့သွားလေ၏။

"သူတို့ တကယ် ပြန်သွားကြပြီလား။"

ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ယန်ချန်းဟိုင်သည် သတင်းလာပို့သော သူ့လူယုံကို ကြည့်ရင်း လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။

လူယုံက အတည်ပြု ပြောကြားလိုက်၏။

"ဟုတ်ပါတယ်... ကျွန်တော့်မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတာပါ။ သခင်လေးလုက လှည်းနဲ့ ထွက်သွားတာပါ... မိန်းကလေးငယ်လေးလည်း ပါတယ်။ လှည်းမောင်းတဲ့သူကတော့ အဘိုးအိုတစ်ယောက်လို့ ထင်ရပါတယ်... မြို့ထဲက လူတော်တော်များများလည်း မြင်လိုက်ကြပါတယ်။"

ယန်ချန်းဟိုင်က အလျင်အမြန် မေးလိုက်သည်။

"အဲ့ဒီ အဘိုးအိုရဲ့ မျက်နှာကို မြင်လိုက်ရလား။"

"မမြင်ရပါဘူး... အဘိုးအိုက ခမောက်ဆောင်းထားတော့ မျက်နှာကို ကွယ်ထားပါတယ်။ အသံကတော့ တော်တော် အိုစာတဲ့ပုံပါပဲ... ဒါပေမဲ့ ရုပ်ကိုတော့ မမြင်ရပါဘူး။"

"အခုထိ သူဘယ်သူလဲဆိုတာ ဖုံးကွယ်ထားတုန်းပဲလား..."

ယန်ချန်းဟိုင် စိတ်ပျက်သွားပြီး လက်ကာပြလိုက်သည်။

"ကောင်းပြီ... မင်း သွားလို့ရပြီ။"

လူယုံ ထွက်သွားပြီးနောက် ယန်ချန်းဟိုင်သည် ခေတ္တမျှ စဉ်းစားခန်း ဝင်နေပြီးမှ ရုတ်တရက် ထရပ်ကာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်လေး တည်းခိုသည့် အဆောက်အအုံငယ်ဆီသို့ သွားလိုက်တော့သည်။

တံခါးခေါက်ရန် ပြင်လိုက်စဉ်မှာပင် ဘေးနားမှ တိုးညင်းသော အသံတစ်သံကို ကြားလိုက်ရသည်။

"ဘာကိစ္စလဲ။"

ခေါင်းလှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ ဇရပ်တွင် စာအုပ်ကိုင်ကာ ရပ်နေသော သူ့သူငယ်ချင်းကို တွေ့လိုက်ရတော့၏။

ယန်ချန်းဟိုင်က ပြုံးလိုက်ပြီး လျှောက်သွားလိုက်သည်။

"သခင်လေးလုနဲ့ သူ့ဆရာတို့‌ေ ခရိုင်မြို့ကနေ ထွက်သွားပြီဆိုတဲ့ သတင်း အခုပဲ ရောက်လေလို့။"

"အင်း..."

ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်က ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာထက်တွင် အံ့သြရိပ် မပြပေ။

"ကျိယွဲ... သူတို့လည်း ထွက်သွားပြီဆိုတော့ သခင်လေးလုရဲ့ ဆရာ၊ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ မွေးဖွားပြီးနယ်ပယ် ပညာရှင်က ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြလို့ ရပြီလား။"

ရုတ်တရက် ပေါ်လာသော မွေးဖွားပြီးနယ်ပယ် ပညာရှင်သည် သူသိသော လူတစ်ယောက်ဖြစ်ကြောင်း ကျိယွဲ ပြောခဲ့ကတည်းက ယန်ချန်းဟိုင်သည် ချက်ချင်း စုံစမ်းစစ်ဆေးခဲ့သည်။

သို့သော် သူသိသမျှ သိုင်းပညာရှင်များကို စစ်ဆေးကြည့်သော်လည်း သဲလွန်စ မရခဲ့ပေ။

ထိုပညာရှင်နှင့် ကိုက်ညီသောသူ တစ်ဦးတစ်ယောက်မျှလည်း မရှိချေ။

နောက်ပိုင်းတွင် လုချင်းကို စုံစမ်းကြည့်သော်လည်း ဘာမှ မထူးခြားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤလူငယ်သည် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေသောကြောင့် ဖြစ်သည်။

လုချင်း၏ နောက်ခံကို မည်သူမျှ မသိကြပေ။

လေထဲကနေ ရုတ်တရက် ပေါ်လာသည့်အလားပင်။ ခရိုင်မြို့သို့ မရောက်လာခင်က ဤလူငယ်နှင့် ပတ်သက်သော ကောလာဟလ တစ်စုံတစ်ရာမျှ လောကတွင် မရှိခဲ့ပေ။

ထို့ကြောင့် ယန်ချန်းဟိုင်သည် သူတို့၏ အထောက်အထားကို အလွန် သိချင်နေမိသည်။

ကျိယွဲကတော့ စကားမပြောဘဲ သူ့ကို ငြိမ်သက်စွာ ကြည့်နေသည်။

ယန်ချန်းဟိုင် ရင်ထဲတွင် ထိတ်လန့်သွားသော်လည်း အတင်းဟန်လုပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"အရင်တုန်းက မင်းပြောခဲ့တဲ့ နှစ်တစ်ထောင် ကပ်ဘေးဆိုတာကြီးက ကြောက်စရာကောင်းလွန်းလို့ ငါ မမေးရဲခဲ့ဘူး... ဒါပေမဲ့ ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ရဲ့ အထောက်အထားကိုတော့ ငါ သိသင့်တယ် မဟုတ်လား။ ငါ သိတဲ့လူလို့တောင် မင်း ပြောခဲ့သေးတာပဲဟာကို။"

ကျိယွဲသည် ယန်ချန်းဟိုင်ကို ခေတ္တမျှ ကြည့်နေပြီး ဤကိစ္စ ရှင်းလင်းသွားမှသာ သူ့သူငယ်ချင်း ကျေနပ်တော့မည်ကို သိလိုက်သည်။

ထို့ကြောင့် သူ သက်ပြင်းချကာ ပြောလိုက်သည်။

"ပြောပြလိုက်လို့လည်း ဘာမှ မဖြစ်ပါဘူးလေ။ အဲ့ဒီ မွေးဖွားပြီးနယ်ပယ် ပညာရှင်က တကယ်ပဲ မင်းသိတဲ့လူပါ။ သူက မင်း တစ်ခါက ဖိတ်ခေါ်ဖူးတဲ့ သမားတော်ကြီး ချန်စုန့်ချင် ပဲ။"

"ဘာ..."

ယန်ချန်းဟိုင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဤဖော်ထုတ်ချက်ကြောင့် လုံးဝ ကြောင်အမ်းသွားတော့သည်။

သူ ပုံမှန် ပြန်ဖြစ်ရန် အချိန်တော်တော်ကြာသည်အထိ အချိန်ယူလိုက်ရပါ၏။

"ကျိယွဲ... မင်း သေချာလို့လား... အဲ့ဒီ သိုင်းပညာရှင်က သမားတော်ကြီး ချန်စုန့်ချင် ဟုတ်လို့လား။"

ကျိယွဲက သူ့ကို ဘေးတိုက်ကြည့်လိုက်ပြီး ဖြေကြားရန်ပင် မတန်သကဲ့သို့ ပုံစံပြနေသည်။

ယန်ချန်းဟိုင် တံတွေးမြိုချလိုက်ပြီး မယုံနိုင်စွာ ပြောလိုက်သည်။

"ဒါပေမဲ့... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သမားတော်ကြီးချန်ရဲ့ သိုင်းပညာက မဆိုးဘူးဆိုပေမဲ့ ကိုယ်တွင်းအင်္ဂါနယ်ပယ် အထွတ်အထိပ်လောက်ပဲ ရှိတာလေ... ပြီးတော့ သူ့အသက်အရွယ်ကလည်း အိုမင်းနေပြီဟာ။ သူ့အဆင့် မကျသွားအောင် ထိန်းထားနိုင်ရင်တောင် တော်လှပြီလို့ ပြောရမယ်။ ဘယ်လိုလုပ် ဒီလောက်အချိန်တိုလေးအတွင်းမှာ မွေးဖွားပြီးနယ်ပယ်ကို ‌ေဖောက်ထွက်နိုင်မှာလဲ။"

ထို့အပြင် သူသည် အလွန် အစွမ်းထက်လွန်းသဖြင့် ဝါရင့် မွေးဖွားပြီးနယ်ပယ် ပညာရှင် ဝမ်ချန်းယီပင် သူ့ကို မပြစ်မှားရဲခဲ့ပေ။

ယန်ချန်းဟိုင် တွေးလေလေ ယုံရခက်လေလေ ဖြစ်လေ၏။

ကျိယွဲက သက်ပြင်းချလိုက်သည်။

"ရိုးရိုးသားသား ပြောရရင် ငါလည်း အံ့သြခဲ့ရတယ်။ သမားတော်ကြီးချန်က တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်ပဲ။ ငါ စုံစမ်းကြည့်ရသလောက်တော့ သူက တစ်သက်လုံး ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး လူတွေကို ကယ်တင်ခဲ့တယ်လေ... စစ်မှန်တဲ့ မေတ္တာရှင် သမားတော်တစ်ယောက်၊ ကြီးမြတ်တဲ့ ပရဟိတသမား တစ်ယောက်ပဲ။ နှစ်ပေါင်းများစွာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့လို့ သူ့ဆီမှာ ကုသိုလ်ကံ အလင်းရောင်တွေ စုဝေးနေခဲ့တယ်။"

"ငါ မမှားဘူးဆိုရင် သူ့အသက်အရွယ်ကြီးရင့်ပြီး အသက်စွမ်းအား ကျဆင်းနေတာကို တွန်းလှန်ပြီး သိုင်းပညာရှင် အများစု အိပ်မက်မက်ကြတဲ့ မွေးဖွားပြီးနယ်ပယ်ကို ဆက်တိုက် ဖောက်ထွက်နိုင်ခဲ့တာက အဲ့ဒီ ကုသိုလ်ကံ အလင်းရောင်ကြောင့်ပဲ ဖြစ်ရမယ်။ အနှစ်ချုပ်ပြောရရင် ဒါက သူ့ရဲ့ နှစ်ရှည်လများ စုဆောင်းမှု ရလဒ်ပေါ့... ဒါပေမဲ့ သူ့လမ်းစဉ်က သာမန် သိုင်းပညာရှင်တွေနဲ့တော့ မတူဘူး။"

"ကုသိုလ်ကံ အလင်းရောင် ဟုတ်လား..."

ယန်ချန်းဟိုင် လုံးဝ နားမလည်တော့ပေ။

ဤအရာက ဘာကိုဆိုလိုမှန်း သူ လုံးဝ သဘောမပေါက်။

ကံဆိုးစွာပင် ဤတစ်ကြိမ်၌ ကျိယွဲက ဆက်လက် ရှင်းပြခြင်း မပြုတော့ပေ။

သူသည် အဝတ်အစားကို ခါလိုက်ပြီး ကိုင်ထားသော စာအုပ်ကို ဇရပ်ရှိ ကျောက်စားပွဲပေါ် တင်လိုက်သည်။

"ကဲ... သခင်လေးလုတို့လည်း ပြန်ပြီဆိုတော့ ငါလည်း သွားသင့်ပြီ။ ချန်းဟိုင်... ဒီရက်ပိုင်း ဧည့်ခံကျွေးမွေးပေးတာ ကျေးဇူးတင်ပါတယ်။"

"မင်းလည်း ပြန်တော့မလို့လား။"

ယန်ချန်းဟိုင် အငိုက်မိသွားပြီး အလွန် အံ့သြသွားသည်။

"ဟုတ်တယ်... ငါ ချန်းခရိုင်မှာ နေတာ ကြာလှပြီလေ။ သွားဖို့ အချိန်တန်ပြီ။ ဒါပေမဲ့ မသွားခင် မင်းကို စကားနည်းနည်းလောက် မှာခဲ့ချင်တယ်။"

ထိုအခါ ကျိယွဲ၏ မျက်နှာထား လေးနက်သွားသည်။

ထိုအမူအရာကြောင့် ယန်ချန်းဟိုင်၏ တားဆီးချင်သော စကားလုံးများ လည်ချောင်းဝတွင် တစ်ဆို့သွားပြီး ငြိမ်သက်စွာ နားထောင်နေလိုက်သည်။

"ချန်းဟိုင်... ရိုးရိုးသားသား ပြောရရင် ဒီတစ်ခေါက် ငါ စိတ်ပျက်မိတယ်။ အစကတော့ မင်း ချန်းခရိုင်မှာ ပုန်းအောင်းပြီး ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်သွေးနေတယ်လို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ ငါ မြင်ရတာကတော့ မင်းက အချိန်ဖြုန်းနေရုံမကဘူး... အရင်ကထက်တောင် ပိုပြီး ဆုတ်ယုတ်သွားတယ်လေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုလက်ရှိ မင်းအခြေအနေနဲ့ဆို မင်းရဲ့ ညီအစ်ကိုတွေကို ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်း မရှိတော့ဘူး။"

"အဲ့ဒါကြောင့် အဲ့ဒီ အတွေးကို စွန့်လွှတ်ပြီး ဒီနေရာမှာပဲ ခရိုင်အုပ်ချုပ်ရေးမှူး ကောင်းကောင်း လုပ်ဖို့ ငါ အကြံပေးချင်တယ်။ မင်း ရိုးရိုးသားသားနေနေသရွေ့ မြို့တော်ကလည်း ဒီနေရာကို အာရုံစိုက်မှာ မဟုတ်ဘူး။ ဒါဆိုရင် မင်းအမေလည်း မင်း လမ်းမှားရောက်မှာကို နေ့တိုင်း ပူပန်နေစရာ မလိုတော့ဘူးပေါ့။"

ကျိယွဲ၏ စကားများကြောင့် ယန်ချန်းဟိုင်မှာ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

"ကဲ... စဉ်းစားကြည့်ပေါ့ကွာ။ ငါ သွားတော့မယ်။"

ကျိယွဲသည် သူ့တုံ့ပြန်မှုကို မစောင့်တော့ဘဲ ခန္ဓာကိုယ် လှုပ်ရှားလိုက်ရာ ဇရပ်ပေါ်မှ ပျောက်ကွယ်သွားတော့သည်။

"ကျိယွဲ..."

ယန်ချန်းဟိုင် လန့်ဖျပ်သွားသည်။

"နောက်ဆုံးတစ်ခု မှာချင်တာက... မှတ်ထားပါ... သခင်လေးလုကို သွားမပြစ်မှားမိစေနဲ့။"

အသံသည် တဖြည်းဖြည်း တိုးသွားပြီး ယန်ချန်းဟိုင်တစ်ယောက်တည်း ဇရပ်ပေါ်တွင် တွင်ကျန်ရစ်ခဲ့ကာ လမ်းပျောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

…

"ကိုကို... ကိုကို... ဟိုပန်းပွင့်လေးက လှလိုက်တာ... ဟိုဘက်က ဟာလေးလည်း လှတယ်နော်။"

လှည်းသည် ရှေ့သို့ ဆက်လက် ရွေ့လျားနေပြီး ပတ်ဝန်းကျင် ရှုခင်းများမှာလည်း ပြောင်းလဲနေသည်။

အစက ဝေ့သခင်မနှင့် ခွဲခွာရ၍ ဝမ်းနည်းနေသော ရှောင်ယန်သည် ထိုဝမ်းနည်းမှုကို လျင်မြန်စွာ မေ့ပျောက်သွားလေပြီပင်။

သူမသည် လမ်းဘေးရှိ တောပန်းလေးများနှင့် မြက်ပင်များကို လက်ညှိုးထိုးပြကာ လုချင်းကို မပြတ်တမ်း လှမ်းခေါ်နေလေသည်။

လာလမ်းတုန်းက မြင်ဖူးခဲ့သော်လည်း သူမအတွက် ဆန်းသစ်ပြီး စိတ်ဝင်စားစရာ ကောင်းနေဆဲပင်။

"အင်း... တကယ် လှတာပဲ။"

သူမ ရွှင်လန်းနေသည်ကို မြင်ရသဖြင့် လုချင်း စိတ်သက်သာရာ ရသွားသည်။

ကလေးဆိုသည်မှာ ဝမ်းနည်းလွယ်၊ ပျော်ရွှင်လွယ်သည် မဟုတ်ပါလော။

ရှောင်လီမှာမူ လှည်းပတ်လည်တွင် ပျော်ရွှင်စွာ ခုန်ပေါက်နေပြီး လေထဲတွင် ကိုယ်ရောင်ဖျောက်လိုက်၊ ပြန်ပေါ်လာလိုက်ဖြင့် မြူးထူးနေလေ၏။

ဝေ့အိမ်တော်တွင် ရှိနေစဉ်က ရှောင်လီသည် မိမိ၏ အရည်အချင်းများကို မဆင်မခြင် ထုတ်မပြရန် လုချင်း၏ မှာကြားချက်ကို အမြဲ မှတ်သားထားခဲ့သည်။

ထို့ကြောင့် ဤကာလတစ်လျှောက်လုံးတွင် ထူးကဲသော ဉာဏ်ရည်ကို ပြသခြင်းမှလွဲ၍ ပုံမှန်မဟုတ်သော အပြုအမူ ဘာမှ မလုပ်ခဲ့ပေ။

အမြဲတမ်း အန္တရာယ်ကင်းသော ပုံစံဖြင့် ရှောင်ယန်၏ ပွေ့ဖက်မှုကို ခံယူကာ စာဖတ်ခြင်း၊ စာရေးခြင်း၊ စားသောက်ခြင်းနှင့် ကစားခြင်းတို့တွင် အဖော်ပြုပေးခဲ့သည်။

ဉာဏ်ကောင်းလွန်းသည်မှလွဲ၍ ဝေ့မိသားစုအမြင်တွင် သာမန် အိမ်မွေးတိရစ္ဆာန်နှင့် မခြားပေ။

ဝေ့သခင်မသည် ရှောင်လီ၏ ထူးခြားမှုကို သံသယရှိသော်လည်း ၎င်း၏ စစ်မှန်သော စွမ်းရည်များကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ထို့ကြောင့် ရှောင်လီ့ခင်မျာ အတော်လေး မွန်းကျပ်နေခဲ့ရှာသည်။

ယခု ဝေ့အိမ်တော်မှ ထွက်ခွာလာရပြီဖြစ်၍ လွတ်လပ်မှုကို အပြည့်အဝ ခံစားနေတော့သည်။

သူတို့ စောစီးစွာ ထွက်လာခဲ့ပြီး လမ်းတွင် အချိန်မဖြုန်းခဲ့သောကြောင့် ယခုတစ်ကြိမ်တွင် လမ်း၌ ညအိပ်ရပ်နားခြင်း မပြုတော့ပေ။

ခရီးကို တွင်တွင်နှင်ခဲ့သဖြင့် နေမဝင်မီမှာပဲ ကျိုးလီရွာသို့ ရောက်ရှိလာခဲ့ကြသည်။

"အိမ်ရောက်တော့မယ်..."

ရင်းနှီးသော ပတ်ဝန်းကျင်ကို မြင်လိုက်ရသဖြင့် ရှောင်ယန် စိတ်လှုပ်ရှားနေသည်။

အိမ်နှင့် ဝေးနေတာ ကြာပြီဖြစ်၍ ရွာထဲက လူတိုင်းကို သူမ သတိရနေမိသည်။

ရှောင်လီသည်လည်း လုချင်း၏ ပခုံးပေါ်တွင် ရပ်ကာ မျက်လုံးများ တောက်ပလျက် ကျိုးလီရွာဘက်သို့ လှမ်းကြည့်နေလေ၏။

ဝေ့အိမ်တော်တွင် အရာရာ ကောင်းမွန်ပြီး နေ့တိုင်း ငါးအများကြီး စားရသော်လည်း အကြောင်းတစ်ခုခုကြောင့် ကျိုးလီရွာမှ နေ့ရက်များကို ပို၍ သဘောကျနေမိသည်။

"နောက်ဆုံးတော့ ပြန်ရောက်ပြီပေါ့။"

သမားတော်ကြီးသည် ခမောက်ကို ချွတ်လိုက်ပြီး ရှေ့ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

ကျိုးလီရွာတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သဖြင့် ဤနေရာအပေါ် သံယောဇဉ်ကြီးမားလှသည်။

"ဆရာ...ကျွန်တော် ကြိုးနီကို သွားဖြုတ်လိုက်ဦးမယ်နော်။"

လှည်းက ရွာအဝင်ဝသို့ ရောက်သောအခါ၌ လုချင်းက ခုန်ဆင်းလိုက်သည်။

သစ်ပင်ပေါ်မှ ကြိုးနီကို ဖြုတ်ပြီး ကျောက်ပြားအောက်သို့ ပြန်ထားလိုက်ပြီးနောက် ရွာသားများသည် လှည်းကို သတိထားမိသွားကြသည်။

မကြာမီမှာပဲ ရွာတစ်ရွာလုံး စည်ကား အသက်ဝင်သွားတော့သည်။

……

All Chapters