အိမ်အပြင်မထွက်ဘဲ လောကတစ်ခွင် နာမည်ကြီးခြင်း
Vol. 18 Ch. 175
လုချင်းသည် စိတ်အာရုံထဲတွင် မိမိကိုယ်ကို ဒယ်အိုးကြီးတစ်ခုအတွင်း၌ ရောက်ရှိနေသည်ဟု ခံစားလိုက်ရသည်။
သူ၏ စိတ်ဝိညာဉ်သည် ဒယ်အိုးထဲတွင် မရပ်မနား သန့်စင်ခံနေရပြီး နောက်တစ်ခဏ၌ပင် သူ၏ ဝိညာဉ်များ လွင့်ပျယ်ကာ ခန္ဓာကိုယ် ပျက်စီးသွားတော့မည့်အလား ခံစားနေရ၏။
သို့သော် ဤအရာအားလုံးသည် ပုံရိပ်ယောင်များသာဖြစ်ကြောင်း သူကောင်းစွာ သိရှိထားသည်။
ထို့ကြောင့် သူသည် လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာနေလျက် ကျင့်စဉ်ဂါထာကိုသာ စိတ်ထဲ၌ တိတ်တဆိတ် ရွတ်ဆိုနေကာ သည်းခံရင်းကျော်ဖြတ်နေလိုက်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ သူ့ပတ်လည်ရှိ မီးတောက်များ တဖြည်းဖြည်း ငြိမ်းသွားပြီးနောက်၌ ဒယ်အိုးကြီးလည်း ပျောက်ကွယ်သွားလေသည်။ စိတ်စွမ်းအား အမျှင်တန်းလေး တစ်ခုသည် သူ၏ ကိုယ်တွင်းအာရုံခံစားမှုနယ်ပယ်သို့ ပြန်လည် ဝင်ရောက်လာ၏။
လုချင်းသည် ကွာခြားမှုကို ချက်ချင်း သတိထားမိလိုက်သည်။
သူ၏ စိတ်စွမ်းအားသည် ယခင်ကထက် သိသိသာသာ တိုးတက်လာကြောင်း ခံစားလိုက်ရသည်။
သူ့မျက်လုံးများတွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
"ဒီ ဒယ်အိုးပုံရိပ်ဖော်နည်းလမ်းက မသေမျိုးခေတ်က ကျင့်စဉ်တစ်ခု ဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ် လိုက်ဖက်တာပဲ။ ပထမဆုံးအကြိမ် စမ်းပြီးလေ့ကျင့်ရုံနဲ့တင် ငါ့ရဲ့ စိတ်စွမ်းအားက သိသိသာသာ တိုးတက်လာတယ်လေ။"
"ဒီလောက် နက်နဲတဲ့ ကျင့်စဉ်မျိုး ရှိနေမှတော့ မွေးဖွားပြီးနယ်ပယ်ကို မရောက်ခင် 'သိုင်းအသိ' နယ်ပယ်ကို အပြည့်အဝ နားလည်သဘောပေါက်ဖို့ ဆိုတာက အိပ်မက်သက်သက် မဟုတ်တော့ဘူး။"
"ငါ 'စိတ်ဝိညာဉ်အဆောင်ဖွဲ့စည်းဖို့ကိုတောင် စဉ်းစားလို့ ရနေပြီပဲ။"
မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ အမွေအနှစ်များထဲတွင် ဖော်ပြထားသော စိတ်ဝိညာဉ်အဆောင်နှင့် ပတ်သက်သည့် နက်နဲသော ဖော်ပြချက်များကို တွေးမိပြီး လုချင်း စိတ်လှုပ်ရှားမနေဘဲ မနေနိုင်တော့ပေ။
ဤကမ္ဘာသို့ ရောက်ရှိလာပြီး သူ၏ နတ်မျက်စိစွမ်းရည် နိုးထလာချိန်မှစ၍ သူသည် အမွေအနှစ်များစွာကို ရရှိခဲ့ဖူးသည်။
ထိုအထဲတွင် တန်ဖိုးအရှိဆုံးမှာ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းနှင့် လီဟော်ဂိုဏ်းတို့၏ အမွေအနှစ်များ ဖြစ်ကြသည်။
လီဟော်ဂိုဏ်း၏ အမွေအနှစ်သည် မသေမျိုးခေတ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
သို့သော် မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ ဇာစ်မြစ်မှာမူ လျှို့ဝှက်ဆန်းကြယ်နေဆဲ ဖြစ်သည်။
လုချင်းသည် အမွေအနှစ်များထဲမှ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ အတိတ်သမိုင်းကြောင်းကို ရှာဖွေ၍ မရခဲ့ပေ။
လီဟော်ဂိုဏ်း၏ မှတ်တမ်းများတွင်ပင် မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းနှင့် ပတ်သက်သော အကြောင်းအရာ တစ်စုံတစ်ရာမျှ မပါရှိချေ။
လုချင်းသည် ဤဂိုဏ်းနှစ်ခုတွင် မည်သည့်ဂိုဏ်းက ပို၍ အစွမ်းထက်သည်ကို မသိနိုင်ပေ။
သို့သော် သူ့စိတ်ထဲတွင် မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းသည် လီဟော်ဂိုဏ်းထက် ပို၍ လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားရသည်။
ထို့အပြင် ဂါထာမန္တန်ပညာရပ်သည် လီဟော်ဂိုဏ်း၏ နည်းပညာများထက် ပို၍ နက်နဲခက်ခဲလှသည်။
သို့သော် လုချင်းကလည်း ထူးခြားသောနတ်မျက်စိစွမ်းရည်ကို ပိုင်ဆိုင်ထားသူဆိုတာ မေ့ထားလို့မရပေ။
သူသည် မည်သည့်အရာကို လေ့ကျင့်သည်ဖြစ်စေ အလွန် လျင်မြန်သော နှုန်းဖြင့် တတ်မြောက်နိုင်သည်။
သို့သော် ထိုကဲ့သို့သော စွမ်းရည် ရှိလျက်နှင့်ပင် ဂါထာမန္တန်ပညာရပ်ကို အစပြုနိုင်ရန် အချိန်အတော်ကြာ ကြိုးစားခဲ့ရသည်။
ယနေ့အချိန်ထိ သူသည် စိတ်ဝိညာဉ်အဆောင်တစ်ခုကိုမျှ အောင်မြင်စွာ မဖွဲ့စည်းနိုင်သေးပေ။
ထို့ကြောင့် ဂါထာမန္တန်ပညာရပ် လေ့ကျင့်ရခြင်းမှာ မည်မျှ ခက်ခဲကြောင်း စဉ်းစားကြည့်နိုင်ပေသည်။
ဂါထာမန္တန်ပညာရပ်သည် သာမန် ကျင့်ကြံခြင်း နည်းလမ်းများနှင့်လည်း ကွာခြားသည်။
၎င်းသည် ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံးမှ သင်ယူခြင်းနှင့် ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံးကို အသုံးပြုခြင်းအပေါ် အလေးပေး၏။
၎င်းသည် ဝိညာဉ်စွမ်းအင်အပေါ်တွင် အကန့်အသတ် မရှိပေ။ ဝိညာဉ်စွမ်းအင် ရှားပါးသော အချိန်ကာလများတွင်ပင် ၎င်းကို အသုံးပြုနိုင်သည်။
တစ်ခုရှိသည်မှာ ၎င်း၏ စွမ်းအားသည် ထင်သလောက် ပြင်းထန်မည် မဟုတ်ခြင်းသာ။
ဤမျှ အစွမ်းထက်လှသော အမွေအနှစ်မျိုးကို လုချင်းကလည်း သဘာဝကျစွာပင် လက်လွှတ်မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် စိတ်ဝိညာဉ်အဆောင် ဖွဲ့စည်းရန် ကြိုးပမ်းအားထုတ်မှုများကို ဘယ်သောအခါမှ လျှော့ချခြင်း မရှိခဲ့ပေ။
သို့သော် သူ၏ စိတ်စွမ်းအား အကန့်အသတ်ကြောင့် ဖွဲ့စည်းနိုင်မှု အရှိန်အဟုန်သည် အမြဲတမ်း နှေးကွေးနေခဲ့သည်။
ယခုအခါ စိတ်စွမ်းအားကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သော ဒယ်အိုးပုံရိပ်ဖော်နည်းလမ်း၏ ထိရောက်မှုကြောင့်...
စိတ်ဝိညာဉ်အဆောင်ကို အပြည့်အဝ ဖွဲ့စည်းနိုင်ရန် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပြီပင်။ လုချင်းတစ်ယောက် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
အနာဂတ်ကို ခဏတာ စိတ်ကူးယဉ်ပြီးနောက် အချိန်လွန်နေပြီဖြစ်ကြောင်း သတိပြုမိသဖြင့် လုချင်းသည် စိတ်ကို ငြိမ်သက်အောင် ထားလိုက်သည်။ သူ၏ တိုက်ပွဲဝင်ဓားကို ချီအိတ်ထဲသို့ ထည့်ပြီးနောက်၌ အိမ်ပြန်ခဲ့လေသည်။
အိမ်ရောက်သောအခါ ရှောင်ယန်နှင့် ရှောင်လီကို အိပ်ရာမှ နှိုးပြီး မျက်နှာသစ်ခိုင်းလိုက်သည်။ မနက်စာ စားပြီးနောက်၊ လုချင်းသည် ကလေးနှစ်ယောက်ကို ခေါ်၍ ဆရာ့အိမ်သို့ ထွက်လာခဲ့လိုက်တော့၏။
"အားချင်း... ရှောင်ယန်... သမားတော်ကြီးချန်ဆီ သွားကြမလို့လား။"
လမ်းတွင် ရွာသားများက သူတို့ကို လှိုက်လှဲစွာ နှုတ်ဆက်ကြသည်။
ထိုနည်းတူစွာပင် လုချင်း၏ ပခုံးပေါ်ရှိ ရှောင်လီကိုလည်း မကြည့်ဘဲ မနေနိုင်ကြပေ။
ခရိုင်မြို့မှ ပြန်ရောက်ကတည်းက လုချင်းသည် ရှောင်လီကို ဖုံးကွယ်မထားတော့ပေ။
ခရိုင်မြို့တွင်တောင် နေ့တိုင်း အကောင်လိုက် ပြသနေခဲ့သည် မဟုတ်ပါလော။
ထို့အပြင် သူ၏ လက်ရှိ အစွမ်းအစဖြင့်ဆိုလျှင် ရှောင်လီကို မည်သူကမျှ အန္တရာယ်ပြုမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ထို့ကြောင့် ယမန်နေ့ညက ရွာသားအများအပြားသည် ရှောင်လီကို တွေ့မြင်ခဲ့ကြပြီး ၎င်းသည် လုချင်း၏ အိမ်မွေးတိရစ္ဆာန်ဖြစ်ကြောင်း သိရှိခဲ့ကြသည်။
သို့သော် ရှောင်လီ၏ ရုပ်သွင်မှာ အလွန် ထူးခြားပြီး ဝိညာဉ်ဓာတ် ကွန့်မြူးနေသဖြင့်...
၎င်းရှိနေကြောင်း သိထားသော်လည်း ရွာသားများသည် အံ့သြနေကြဆဲ ဖြစ်သည်။
လုချင်းက ပြုံး၍ ပြောလိုက်သည်။
"ဟုတ်တယ်ဗျ... ဆရာ နိုးပြီလား မသိဘူးဗျ။"
"နိုးနေလောက်ပါပြီ... ခုနကပဲ တောင်ခြေက ဖြတ်လာတော့ သမားတော်ကြီး သူ့ခြံဝင်းထဲမှာ သိုင်းကျင့်နေတာကို တွေ့ခဲ့တယ်လေ။"
ရွာသားများနှင့် ခဏတာ စကားစမြည် ပြောဆိုပြီးနောက် လုချင်းသည် ကလေးနှစ်ယောက်ကို ဦးဆောင်၍ တောင်ပေါ်သို့ တက်လာခဲ့လိုက်၏။ ဆရာ့အိမ်သို့ ရောက်သောအခါ၌ ဆရာသည် ခြံဝင်းထဲတွင် ရှိနေသည်ကို သူတို့ တွေ့လိုက်ရသည်။
သူ့ကို အံ့သြသွားစေသည်မှာ အခြားဧည့်သည်တစ်ယောက်ပါ ရောက်ရှိနေခြင်းပင်။
"သခင်လေး ကျိယွဲ ပါလား..."
ဆီးသီးပင်အောက်တွင် ဆရာနှင့်အတူ လက်ဖက်ရည် သောက်နေသော ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် လူငယ်ကို မြင်လိုက်ရသဖြင့် လုချင်း အလွန် အံ့သြသွားသည်။
သူ့ကို ဤနေရာတွင် တွေ့ရမည်ဟု ထင်မှတ်မထားခဲ့ပေ။
“သခင်လေးလု..."
ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်က အနည်းငယ် ပြုံးပြပြီး လုချင်းကို ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။
လုချင်းကလည်း မမေးဘဲ မနေနိုင်တော့ပေ။
"သခင်လေး ကျိယွဲ... ဘာကိစ္စများ ရှိလို့ပါလဲဗျ။ ခရိုင်မြို့မှာ တစ်ခုခု ဖြစ်လို့လား။"
သူ့အမြင်တွင် ဤလူ၏ သွားလာလှုပ်ရှားမှုသည် အမြဲတမ်း ဖမ်းဆုပ်ရခက်ခဲပြီး အကြောင်းမဲ့ သက်သက် လာလေ့မရှိပေ။
ထို့အပြင် မကြာသေးမီက ဝေ့မိသားစု ဘိုးဘေးကြီးထံမှ "ထျန်းကျီမျှော်စင်”အကြောင်း သတင်းအချက်အလက်အချို့ကို သူ သိရှိခဲ့ရသဖြင့် ဤလူကို အတော်လေး သတိထားနေမိပါ၏။
ဤလူသည် မသိရသေးသော လျှို့ဝှက်ချက် အချက်အလက်များစွာကို ပိုင်ဆိုင်ထားရုံသာမက အထူးစွမ်းရည်များနှင့် စူးရှသော ထိုးထွင်းသိမြင်မှုကိုပါ ပိုင်ဆိုင်ထားကြောင်း သူ သိထားသည်။
ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်က ရှင်းပြလိုက်သည်။
"ခရိုင်မြို့က အေးချမ်းပါတယ်... ထျန်းကျီမျှော်စင်က ရတဲ့ သတင်းအရ ဝမ်ချန်းယီက သူ့တပည့်တွေကို ဦးဆောင်ပြီး ထျန်းချန်းဂိုဏ်းကို ပြန်သွားပြီလေ။ သခင်လေးလု စိတ်ပူစရာ မလိုပါဘူးဗျ။ ကျွန်တော်ကတော့ ခရိုင်မြို့ကနေ ထွက်လာပြီး တခြားနေရာတွေကို ခရီးထွက်ဖို့ စီစဉ်ထားတာပါ။"
"ဒါဆို သခင်လေး ကျိယွဲက ဘာကိစ္စနဲ့ ဒီကို ရောက်နေတာလဲဗျ။"
"ဒါကတော့ သမားတော်ကြီး ဖျော်ပေးတဲ့ ပန်းလက်ဖက်ရည်ကို လွမ်းလို့ပေါ့ဗျာ။"
ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်က ပြုံး၍ ပြောလိုက်သည်။
"ပြီးခဲ့တဲ့ တစ်ခေါက်က သမားတော်ကြီးဆီက ရတဲ့ ပန်းလက်ဖက်ရည်တွေက ကုန်သွားပြီလေ။ အဲ့တာကြောင့်မလို့ မထွက်သွားခင် နောက်ထပ် လာတောင်းဖို့ မျက်နှာပြောင်တိုက်ပြီး ရောက်လာတာပါဗျာ။"
သမားတော်ကြီးက ရယ်မောလိုက်သည်။
"ဟားဟား... ဒါက ရိုးရှင်းပါတယ်။ သခင်လေး ကျိယွဲက ဒါကို ဒီလောက် ကြိုက်မှတော့ ဒီအဘိုးကြီးက ခွဲခွာခြင်း လက်ဆောင်အဖြစ် နောက်ထပ် နည်းနည်း ပေးလိုက်ပါ့မယ်။"
"ဒါဆိုရင် သမားတော်ကြီးကို ကျေးဇူးတင်ရမှာပေါ့။"
ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်က ဝမ်းသာအားရ ပြောလိုက်သည်။
ပန်းလက်ဖက်ရည် ရရှိပြီးနောက် လူငယ်၏ မျက်နှာထားသည် တည်ငြိမ် လေးနက်သွားသည်။
"ဒါပေမဲ့ လက်ဖက်ရည် လာတောင်းတာအပြင် ခင်ဗျားတို့နဲ့ ဆွေးနွေးစရာ ကိစ္စတချို့ ရှိနေသေးတယ်။"
လုချင်း - "..."
ဒီလူ ပန်းလက်ဖက်ရည် သက်သက်အတွက် လာတာ မဖြစ်နိုင်မှန်း သူ သိနေသည်။
သမားတော်ကြီးကလည်း မျှော်လင့်ထားပြီးသား ဖြစ်ပုံရသဖြင့် အံ့သြခြင်းမရှိဘဲ ပြောလိုက်၏။
"ပြောပါ... သခင်လေး ကျိယွဲ။"
"ပထမကိစ္စကတော့ သခင်လေးလုနဲ့ ဆိုင်ပါတယ်။"
"ကျွန်တော်လား..." လုချင်း အံ့သြသွားသည်။
"ဟုတ်တယ်... မနေ့ကပဲ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က ခင်ဗျားကို ပစ်မှတ်ထားတဲ့ 'သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်'ကို တရားဝင် ထုတ်ပြန်လိုက်တယ်ဆိုတဲ့ သတင်းရတယ်။"
"သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်..."
လုချင်း၏ မျက်နှာမှာ တဖြည်းဖြည်း လေးနက်သွားတော့၏။
"ဟုတ်ပါတယ်... အဲ့ဒါကြောင့် သခင်လေးလု... အခုဆိုရင် ခင်ဗျားက လုပ်ကြံသတ်ဖြတ်သူ လောကမှာ တော်တော် နာမည်ကြီးနေပြီလေ။"
"သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က ဒီလို အမိန့်မျိုး ထုတ်ပြန်ခဲတယ်ဆိုတာ ခင်ဗျား သိထားရမယ်။ တခါတလေ ဆယ်စုနှစ်တွေနဲ့ချီပြီး ကြာတတ်တယ်။ လူတော်တော်များများက ခင်ဗျား ဘယ်သူလဲ၊ ဘာကြောင့် သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က ဒီလို အမိန့်ထုတ်ရသလဲ ဆိုတာ သိချင်နေကြတယ်လေ။"
လုချင်းက ခါးသီးစွာ ပြောလိုက်သည်။
"ရွေးချယ်ခွင့်သာ ရှိရင်တော့ ဒီလို ကျော်ကြားမှုကို ကျွန်တော် မလိုချင်ပါဘူးဗျာ။"
လုပ်ကြံသတ်ဖြတ်သူ လောကတစ်ခုလုံး၏ ပစ်မှတ်ထားခြင်းကို ခံရသည်မှာ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားအချို့သာ ရရှိစေပါ၏။
ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်က ခေါင်းခါလိုက်သည်။
"သခင်လေးလု... ခင်ဗျားရဲ့ သိုင်းစွမ်းရည်နဲ့ဆိုရင် ဝေ့မိသားစုကို ကယ်ဖို့ ခရိုင်မြို့ကို သွားမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကစပြီး ခင်ဗျားရဲ့ နာမည်က အရပ်လေးမျက်နှာလုံးမှာ ကျော်ကြားပြီး လူတိုင်းကို တုန်လှုပ်စေဖို့ ဖန်တီးပြီးသား ဖြစ်နေပြီလေ။"
"ကျွန်တော် ဆွေးနွေးချင်တဲ့ ဒုတိယ ကိစ္စကလည်း ခင်ဗျားနဲ့ ဆိုင်တယ်။"
"ဗျာ..." လုချင်း မျက်ခုံးပင့်လိုက်သည်။ "လုပ်ကြံသတ်ဖြတ်ခံရမယ့် ပစ်မှတ်ဖြစ်တာထက် ပိုဆိုးတဲ့ ကိစ္စ ရှိသေးလို့လား။"
"ဒီတစ်ခါတော့ ကောင်းတဲ့ကိစ္စ ဖြစ်လောက်ပါတယ်။"
ထို့နောက်တွင်တော့ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်သည် သူ့ရင်ဘတ်ထဲမှ စာလိပ်တစ်ခုကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်၏။
"ဒါကတော့ ကျွန်တော့်ရဲ့ ထျန်းကျီမျှော်စင်က ပြုစုထားတဲ့ 'လျှို့ဝှက်နဂါးစာရင်း' လို့ ခေါ်တဲ့ စာရင်းပါ။ ကမ္ဘာအနှံ့က မရေမတွက်နိုင်တဲ့ လူငယ် ဉာဏ်ကြီးရှင်တွေနဲ့ ပါရမီရှင် သိုင်းပညာရှင်တွေကို စုစည်းထားတာပါ။"
"ဒါက မရေမတွက်နိုင်တဲ့ လူငယ် သိုင်းပညာရှင်တွေ ဝင်ရောက်ဖို့ အိပ်မက်မက်နေကြတဲ့ စာရင်းတစ်ခုပေါ့။"
"ပြီးတော့ သခင်လေးလု... ခင်ဗျားက အဲ့ဒီစာရင်းထဲမှာ ပါနေတယ်။"
…..